ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၁ ၁၁/၁ စာ. ၈-၁၄
  • ထာဝရချီးမွမ်းခြင်းကို ယေဟောဝါရှင်ခံထိုက်တော်မူသည်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ထာဝရချီးမွမ်းခြင်းကို ယေဟောဝါရှင်ခံထိုက်တော်မူသည်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဟောဝါ၏ကြီးမြတ်တော်မူခြင်းသည် စစ်၍မကုန်နိုင်
  • ယေဟောဝါ၏လုပ်ငန်းတော်များကိုချီးမွမ်းပါ
  • ယေဟောဝါ၏ကောင်းမြတ်ခြင်းကြောင့် ကိုယ်တော်ကိုချီးမွမ်းလေ
  • ယေဟောဝါသည်သနားကြင်နာတော်မူ၏
  • သစ္စာတည်ကြည်သူများ ယေဟောဝါကိုကောင်းချီးပေး
  • ယေဟောဝါ၏ ကြီးမြတ်မှုကို စစ်၍မကုန်နိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
  • ယေဟောဝါ၏သန့်ရှင်းသော နာမတော်ကိုကောင်းချီးပေးလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ငါတို့ဘုရား ယေဟောဝါအားချီးမွမ်းကြ
    ယေဟောဝါအား တေးသီကျူးကြ
  • “ထာဝရဘုရားသည် ကြီးမြတ်တော်မူ၍ အလွန်ချီးမွမ်းဖွယ်ဖြစ်တော်မူ၏”
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၆
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
က၉၁ ၁၁/၁ စာ. ၈-၁၄

ထာဝရချီးမွမ်းခြင်းကို ယေဟောဝါရှင်ခံထိုက်တော်မူသည်

“ကိုယ်တော်ကိုနေ့တိုင်းအစဉ်ကောင်းချီးပေးပါမည်။ နာမတော်ကို ကမ္ဘာအဆက်ဆက်ချီးမွမ်းပါမည်။”—ဆာလံ ၁၄၅:၂။

၁။ ယေဟောဝါကိုချီးမွမ်းရန် ဒါဝိဒ်၌အကြောင်းကောင်းများစွာ အဘယ်ကြောင့်ရှိသနည်း။

ဘု ရားသခင်ကိုချီးမွမ်းရန် ယေဟောဝါ၏သစ္စာရှိကျေးကျွန်ဒါဝိဒ်၌ အကြောင်းကောင်းများစွာရှိသည်။ ရှေးဣသရေလလူမျိုး၏ နာမည်ကျော်ကြားသောဤမင်းကြီးသည် ယေဟောဝါ၏ကြီးမြတ်တော်မူခြင်းနှင့်ကိုယ်တော်၏ကောင်းမြတ်ခြင်းအကြောင်း သိရှိတော်မူ၍ ကိုယ်တော်၏မင်းရိုက်ရာသည် ထာဝစဉ်တည်တော်မူကြောင်းအသိအမှတ်ပြုပါသည်။ သက်ရှိအပေါင်းတို့၏ဆန္ဒကိုရောင့်ရဲစေပြီး သစ္စာရှိကျေးကျွန်များအားကရုဏာပြတော်မူသဖြင့် အမြင့်မြတ်ဆုံးဘုရားသခင်ကို ချီးမွမ်းထိုက်သည်။

၂။ (က) ဆာလံ ၁၄၅ ကိုမည်သို့စီစဉ်ထားသနည်း။ (ခ) အဘယ်မေးခွန်းများကို ကျွန်ုပ်တို့သုံးသပ်မည်နည်း။

၂ ဆာလံ ၁၄၅ တွင်ဘုရားသခင်အား ဒါဝိဒ်ဤသို့ချီးမွမ်းထောမနာပြုထားသည်။ ဤပဟေဠိဆန်သောဆာလံကျမ်း၏အခန်းငယ်တစ်ခုစီ၏ပထမစာလုံးသည် အက္ခရာတစ်ခု (နန်း ) မှအပဟေဗြဲအက္ခရာစဉ်အတိုင်းစတင်သည်။ ပဟေဠိအစီအစဉ်အားဖြင့် မှတ်မိရန်လွယ်ကူစေမည်။ ဆာလံ ၁၄၅ ပါ “ကိုယ်တော်ကိုနေ့တိုင်းအစဉ် ကောင်းချီးပေးပါမည်။ နာမတော်ကို ကမ္ဘာအဆက်ဆက်ချီးမွမ်းပါမည်” ဟူသောစကားအားဖြင့် ယေဟောဝါကိုထောမနာပြုထားသည်။ (ဆာ၊ ၁၄၅:၂) သို့သော် ဤဆာလံသီချင်းသည် ကျွန်ုပ်တို့အားမည်သို့ဖြစ်စေသနည်း။ ဘုရားသခင်နှင့်ဆက်ဆံရေးအတွက် မည်သို့အကျိုးပြုနိုင်မည်နည်း။ သိရှိနိုင်ရန် အခန်းငယ် ၁ မှ ၁၀ ကိုဦးဆုံးသုံးသပ်ကြည့်ကြစို့။

ယေဟောဝါ၏ကြီးမြတ်တော်မူခြင်းသည် စစ်၍မကုန်နိုင်

၃။ ဒါဝိဒ်နည်းတူ ‘ကျွန်ုပ်၏ရှင်ဘုရင်ဘုရားသခင်’ အားအဘယ်အရာကြွေးမြီတင်နေသနည်း။ အဘယ့်ကြောင့်နည်း။

၃ ဒါဝိဒ်သည်ဘုရင်တစ်ပါးဖြစ်သော်လည်း မိမိထက်ယေဟောဝါရှင်သည်အချုပ်အခြာအာဏာတော်ရှင်ဖြစ်ကြောင်းကို သူဤသို့အသိအမှတ်ပြုသည်။ “အကျွန်ုပ်၏ရှင်ဘုရင်၊ အကျွန်ုပ်၏ဘုရားသခင်၊ ကိုယ်တော်ကိုချီးမြှောက်ပါမည်။ ကမ္ဘာအဆက်ဆက် နာမတော်ကိုကောင်းချီးပေးပါမည်။” (ဆာလံ ၁၄၅:၁) ထပ်တူကြည်ညိုမြတ်နိုးမှုဖြင့် ယေဟောဝါသက်သေများသည် ဘုရားသခင့်နာမတော်ကိုချီးမြှင့်၍ မြေကြီးတစ်ခွင်လုံးချီးမွမ်းကြ၏။ ဤလုပ်ငန်းတွင်ကျွန်ုပ်တို့ပါဝင်ရာ ကျွန်ုပ်တို့ဘဝစိုပြေလာသည်။ ဒါဝိဒ်နည်းတူ ‘ကျွန်ုပ်တို့၏ရှင်ဘုရင်ဘုရားသခင်’ ယေဟောဝါအားနာခံမှုပြ၍ လက်အောက်ခံရမည်။ ကိုယ်တော်သည် “ထာဝရအရှင်ဘုရားသခင်” ဖြစ်တော်မူ၍ ထိုသို့ပြုခြင်းကိုခံထိုက်ပေသည်။ (ဗျာဒိတ် ၁၅:၃) ထို့ပြင် ၁၉၁၄ ခုနှစ်ကတည်းက ကောင်းကင်ဇိအုန်တောင်အရပ်၌ စိုးစံနေတော်မူသည့် သာ၍ကြီးမြတ်တော်မူသောယေရှုခရစ်သည် ထာဝရဘုရားသခင်ယေဟောဝါအား လက်အောက်ခံရမည့်ပုံသက်သေကောင်းကို ကျွန်ုပ်တို့အတွက်ချမှတ်ထားတော်မူ၏။

၄။ ‘ဘုရားသခင်၏နာမတော်ကို’ မည်သို့ ‘ကောင်းချီးပေး’ နိုင်မည်နည်း။

၄ ‘ဘုရားသခင်၏နာမတော်ကိုကောင်းချီးပေးမည်’ ဟုဒါဝိဒ်ဆိုသည်။ လူသားမျှဖြစ်သူတစ်ဦးသည် ယင်းသို့အဘယ်နည်းဖြင့်ပြုနိုင်မည်နည်း။ တစ်ဦးဦးကိုချီးမြှောက်သည်ဟုဆိုရာ၌ ထိုသူကိုချီးမွမ်းပြောဆိုခြင်းပါဝင်၏။ ဘုရားသခင့်နာမတော်ကိုချီးမြှောက်သူသည် ကိုယ်တော်နှင့်ကိုယ်တော့်နာမတော်ယေဟောဝါကိုချစ်မြတ်နိုးသည်။ ဘုရားနှင့်ပတ်သက်၍ ညည်းညူခြင်း၊ ကိုယ်တော်ကိုအပြစ်ဆိုခြင်း၊ ကိုယ်တော်၏ကောင်းမြတ်ခြင်းကို သံသယဝင်ခြင်း ဘယ်သောအခါမျှရှိမည်မဟုတ်ချေ။ ထိုသဘောထားရှိ၍ ယေဟောဝါထံမိမိကိုယ်ကိုဆက်ကပ်အပ်နှံပြီး၊ နှစ်ခြင်းယူပြီးသော ကိုယ်တော်၏သက်သေများဖြစ်မှသာလျှင် ဒါဝိဒ်နည်းတူ ‘ဘုရားသခင်၏နာမတော်ကို ထာဝစဉ်ကောင်းချီးပေးမည်’ ဟုကျွန်ုပ်တို့ဆိုနိုင်ပါလိမ့်မည်။ ဘုရားသခင့်မေတ္တာတော်ခံစားရသူများဆက်ဖြစ်နေကြမည်ဆိုလျှင် ထာဝရအသက်ဆုကျေးဇူးကိုရရှိပြီး ယေဟောဝါအားထာဝစဉ်ကောင်းချီးပေးနိုင်ကြပါမည်။—ယုဒ ၂၀၊ ၂၁။

၅။ ယေဟောဝါကို “နေ့တိုင်းအစဉ်” ကောင်းချီးပေးလိုစိတ်သည် ကျွန်ုပ်တို့အားမည်သို့ဖြစ်စေသင့်သနည်း။

၅ ကျွန်ုပ်တို့၏အသက်ပေးပိုင်ရှင်ကို အမှန်တကယ်ချစ်မြတ်နိုးပါက ဒါဝိဒ်နည်းတူ “ကိုယ်တော်ကိုနေ့တိုင်းအစဉ်ကောင်းချီးပေးပါမည်။ နာမတော်ကို ကမ္ဘာအဆက်ဆက်ချီးမွမ်းပါမည်” ဟုဆိုကြမည်။ (ဆာလံ ၁၄၅:၂) ဘုရားသခင်ကိုမချီးမွမ်းဘဲနေသည့်တစ်နေ့တာသည် မည်မျှအချည်းနှီးသက်သက်ဖြစ်မည်တကား။ ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်ကိုမချီးမွမ်း၊ ဆုမတောင်းပဲနေသည်တိုင်အောင် အလုပ်များလွန်းခြင်း၊ စည်းစိမ်ဥစ္စာအတွက်စိုးရိမ်ပူပန်ခြင်း မများလွန်းပါစေနှင့်။ စံပြဆုပတ္ထနာတွင် “အသက်မွေးလောက်သောအစာကို အကျွန်ုပ်တို့အားနေ့ရက်အစဉ်အတိုင်းပေးသနားတော်မူပါ” ဟုဆိုစဉ် နေ့စဉ်ဆုတောင်းသင့်ကြောင်းယေရှုတင်ပြသည်။ (လုကာ ၁၁:၃) ခရစ်ယာန်ဓမ္မအမှုတွင်ပါဝင်စဉ် အချိန်ပြည့်လုပ်ငန်းတော်ထမ်းဆောင်သူအများသည် ဘုရားသခင်ကိုနေ့စဉ်ချီးမွမ်းကြသည်။ သို့သော်ကျွန်ုပ်တို့အခြေအနေမည်သို့ရှိစေကာမူ ဘုရားသခင်ကိုနေ့စဉ်ချီးမွမ်းရန် ကျွန်ုပ်တို့နှလုံးကလှုံ့ဆော်သင့်သည်။ စဉ်းစားကြည့်ပါလေ။ ထာဝရအသက်ရရန်မျှော်လင့်သူဆက်ကပ်အပ်နှံသက်သေခံများအနေနှင့် နာမတော်ကိုထာဝစဉ်ချီးမွမ်းရန် ကြီးမြတ်သောအလားအလာရှိကြသည်။—ယောဟန် ၁၇:၃။

၆။ ယေဟောဝါသည် အဘယ်ကြောင့် “အလွန်ချီးမွမ်းဖွယ်ဖြစ်တော်မူ” သနည်း။

၆ တစ်နေ့လုံးဘုရားသခင်ကိုချီးမွမ်းနေရန်အကြောင်းရှိကြောင်း ဒါဝိဒ်ဤသို့ဆက်တင်ပြ၏။ “ထာဝရဘုရား [ယေဟောဝါ၊ ကဘ]သည်ကြီးမြတ်၍ အလွန်ချီးမွမ်းဖွယ်ဖြစ်တော်မူ၏။ ကြီးမြတ်တော်မူခြင်းကိုစစ်၍မကုန်နိုင်။ (ဆာလံ ၁၄၅:၃) ယေဟောဝါသည်ကြီးမြတ်တော်မူလွန်းသဖြင့် ပြိုင်ဘက်ကင်းတော်မူ၏။ ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာ ဤသို့ဝန်ခံရသည်။ ဘုရားသခင်၏ “လက်တော်ကို အဘယ်သူမျှမဆီးတားနိုင်။ ‘အဘယ်သို့ပြုသနည်း’ ဟုကိုယ်တော်ကိုဆိုနိုင်သောသူမရှိ။” (ဒံယေလေ ၄:၃၄၊ ၃၅) ယေဟောဝါသည် “ဘုရားတကာတို့ထက်ကြောက်ရွံ့ဖွယ်ဖြစ်တော်မူ၏။” (ဆာလံ ၉၆:၄) ယင်းကြောင့် “အလွန်ချီးမွမ်းဖွယ်” ဖြစ်ရခြင်းမှာအဆန်းမဟုတ်။ ယေဟောဝါကိုထောမနာပြုရာတွင် ချီးမွမ်းခန်းဖွင့်လွန်းသည်ဟုဆိုဖွယ်မရှိ။ ကိုယ်တော်သည် အကန့်အသတ်မရှိထာဝစဉ်ချီးမွမ်းခံထိုက်တော်မူသည်။

၇။ ဘုရားသခင်၏ “ကြီးမြတ်တော်မူခြင်းကိုစစ်၍မကုန်နိုင်” ကြောင်းအဘယ်သက်သေရှိသနည်း။

၇ ယေဟောဝါ၏ “ကြီးမြတ်တော်မူခြင်းသည် စစ်၍မကုန်နိုင်” ပါ။ ခန္ဓာတော်မည်မျှကြီးမားစေကာမူ ကိုယ်တော်၏အရည်အချင်းတို့က ကိုယ်တော်အားကြီးမြတ်စေတော်မူသည်။ မှန်၏။ ကိုယ်တော်ဖန်ဆင်းထားတော်မူရာများသည် ကျွန်ုပ်တို့နားမလည်နိုင်သည်ထိ အံ့ချီးဖွယ်ဖြစ်ပေသည်။ ကျွန်ုပ်တို့ကိုယ်တိုင်ပင် “ထူးဆန်းသောလက္ခဏာ” ဖြင့်ဖန်ဆင်းခံရပေပြီ။ (ဆာလံ ၁၃၉:၁၄။ ယောဘ ၉:၁၀။ ၃၇:၅) ထို့ပြင်ယေဟောဝါဘုရားသခင်သည် အလွန်မြင့်မြတ်စွာကျင့်ကြံတော်မူသည်။ ကတိတော်များအတိုင်း သစ္စာရှိရှိပြုတော်မူ၍ ရည်ရွယ်တော်မူချက်တို့ကိုလည်း ချစ်ခြင်းမေတ္တာတော်ဖြင့်ဖော်ပြပေးသည်။ သို့ဖြစ်လျက်ပင် ဘုရားသခင်အကြောင်း ကျွန်ုပ်တို့အကုန်အစင်သိနိုင်မည်မဟုတ်ပါ။ ကိုယ်တော်အကြောင်း၊ ကိုယ်တော်၏ဖန်ဆင်းခြင်း၊ ကိုယ်တော်၏ရည်ရွယ်တော်မူချက်များကို ထာဝစဉ်တိုး၍သိနားလည်သွားနိုင်မည်။—ရောမ ၁၁:၃၃-၃၆။

ယေဟောဝါ၏လုပ်ငန်းတော်များကိုချီးမွမ်းပါ

၈။ (က) ယေဟောဝါ၏အမှုတော်များကို “လူမျိုးအဆက်ဆက်” မည်သို့ချီးမွမ်းသနည်း။ (ခ) ယေဟောဝါ၏အမှုတော်နှင့်စီရင်တော်မူချက်များအကြောင်း သားသမီးများကိုသွန်သင်ပေးမည်ဆိုလျှင် ကိုယ်တော်အားဝတ်ပြုခြင်းကို သူတို့မည်သို့သဘောထားကြမည်နည်း။ (ဂ) ရွှင်လန်းသော “လူမျိုးဆက်” အနေနှင့်ဘိသိက်ခံအကြွင်းအကျန်သည် အဘယ်အမှုပြုခဲ့ပြီနည်း။

၈ စိစစ်၍မကုန်နိုင်သောကြီးမြတ်တော်မူသည့်ဘုရားသခင်အကြောင်း ချီးမွမ်းစရာများစွာရှိသဖြင့် ဒါဝိဒ်က “အမှုတော်တို့ကိုလူမျိုးအဆက်ဆက်တို့သည်ချီးမွမ်း၍ တန်ခိုးတော်များကိုဟောပြောကြပါလိမ့်မည်” ဟုပြောဆိုရန်လှုံ့ဆော်ခံခဲ့ရသည်။ (ဆာလံ ၁၄၅:၄) သူ့နောက်တွင်ရှိလူမျိုးဆက်တို့လည်း ယေဟောဝါ၏အမှုတော်များကိုချီးမွမ်းထောမနာပြုကာ တန်ခိုးကြီးလုပ်ရပ်တော်တို့ကိုရေတွက်ကြလေပြီ။ ဤအကြောင်းအရာများကို ကျွန်ုပ်တို့၏အိမ်တွင်းကျမ်းစာသင်အံမှုများအားပြောပြရန် အခွင့်ထူးလှပါသည်တကား။ ဥပမာ၊ အရာခပ်သိမ်းကိုဘုရားသခင်ဖန်ဆင်းကြောင်း ကျွန်ုပ်တို့ပြောပြနိုင်သည်။ (ကမ္ဘာဦး ၁:၁–၂:၂၅။ ဗျာဒိတ် ၄:၁၁) အီဂျစ်ပြည်တွင်ကျွန်ခံရသည့်အဖြစ်မှ ဣသရေလလူမျိုးကိုရွေးနှုတ်တော်မူချိန်က ကိုယ်တော်၏စီရင်တော်မူချက်များအကြောင်း၊ ခါနာန်ပြည်ရှိရန်သူတို့ကိုချေမှုန်းပစ်ရန် ကိုယ်တော်၏ကူညီမစမှုများအကြောင်း၊ ရှေးပါးရှားနိုင်ငံတွင် လူမျိုးတုံးရမည့်အဖြစ်မှ အသက်ကယ်တင်ခံခဲ့ရခြင်းနှင့်အခြားအကြောင်းများစွာကို ပြောပြနိုင်ပါသည်။ (ထွက်မြောက်ရာ ၁၃:၈-၁၀။ တရားသူကြီး၊ ၄:၁၅။ ဧသတာ ၉:၁၅-၁၇) ယေဟောဝါ၏လုပ်ရပ်များနှင့်စီရင်တော်မူချက်များအကြောင်း သားသမီးများအားပြောပြချင်စိတ်ပြင်းပြသည်မဟုတ်လော။ ဤသို့သွန်သင်ပေးပြီး ဘုရားသခင့်အမှုတော်ကို ကျွန်ုပ်တို့ဝမ်းသာအားရထမ်းဆောင်နေသည်ကို သူတို့မြင်ရလျှင် ကိုယ်တော့်ဝတ်ပြုရေးကိုရွှင်လန်းစရာအဖြစ်သူတို့သဘောထားကာ ‘ယေဟောဝါကြောင့် ရွှင်လန်းမှုသည် သူတို့အဖို့ခံတပ်’ ဖြစ်ပေလိမ့်မည်။ (နေဟမိ ၈:၁၀။ ဆာလံ ၇၈:၁-၄) ဘိသိက်ခံအကြွင်းအကျန်သည် မြေကြီးပရဒိသုတွင်နေထိုင်မည့်လူမျိုးဆက်အဝင်ဖြစ်သော “လူအုပ်ကြီး” အားဘုရားသခင်၏လုပ်ရပ်များကိုချီးမွမ်းပြောဆိုရန် ထိုရွှင်လန်းသောယေဟောဝါသက်သေ “လူမျိုးဆက်” တစ်ဆက်အဖြစ်ဖွဲ့စည်းထားသည်။—ဗျာဒိတ် ၇:၉။

၉။ ဘုရားသခင်၏အမှုနှင့်ကြီးမားသောစီရင်ချက်များကို သုံးသပ်ကြည့်ရာတွင် အဘယ်အရာကိုစိတ်ချနိုင်သနည်း။

၉ ဘုရားသခင်၏စီရင်တော်မူရာ၊ တန်ခိုးကြီးလုပ်ရပ်များကို ပြန်သုံးသပ်ကြည့်သည့်အခါ ယေဟောဝါသည် “မဟာနာမတော်ကိုထောက်၍ မိမိလူတို့ကိုစွန့်တော်မမူ” ကြောင်းသာ၍စိတ်ချနိုင်ပါသည်။ (၁ ဓမ္မရာဇဝင် ၁၂:၂၂။ ဆာလံ ၉၄:၁၄) စုံစမ်းခြင်း၊ အခက်အခဲများနှင့်ညှဉ်းပန်းနှိပ်စက်ခြင်းကိုကြုံရသည့်အခါ “ဘုရားသခင်ထံတော်မှငြိမ်သက်ခြင်း” သည် ကျွန်ုပ်တို့စိတ်နှလုံးကိုစောင့်မသဖြင့် တည်ငြိမ်စိတ်ချနေနိုင်ပါမည်။ (ဖိလိပ္ပိ ၄:၆၊ ၇) ယင်းကြောင့် ကျွန်ုပ်တို့၏မေတ္တာရှင်၊ ကာကွယ်စောင့်မတော်မူသော ကောင်းကင်ခမည်းတော်အကြောင်း သူတစ်ပါးအားပြောပြခြင်းသည် အလွန်လျောက်ပတ်ပေသည်။

၁၀။ ယေဟောဝါ၏ “အံ့ဖွယ်သောအမှုတော်” များ၌အဘယ်အရာများပါဝင်သနည်း။ ယင်းတို့ကိုဆင်ခြင်ခြင်းမှ အဘယ်အကျိုးကျေးဇူးရရှိသနည်း။

၁၀ ယေဟောဝါ၏ဘုန်းအာဏာနှင့်လုပ်ရပ်များကို အချိန်ယူဆင်ခြင်သုံးသပ်သင့်ကြောင်းဒါဝိဒ်ဤသို့ထပ်ဆင့်ဆိုသည်။ “အကျွန်ုပ်သည်လည်း ဘုန်းတန်ခိုးအာနုဘော်တော်ကိုလည်းကောင်း၊ အံ့ဖွယ်သောအမှုတော်တို့ကိုလည်းကောင်းမြွက်ဆိုပါမည်။ (ဆာလံ ၁၄၅:၅) ဘုရားသခင့်ဂုဏ်ကျက်သရေတော်သည် ကြောက်မက်ဖွယ်ဖြစ်၍ ပြိုင်ဘက်ကင်းတော်မူ၏။ (ယောဘ ၃၇:၂၂။ ဆာလံ ၁၄၈:၁၃) ဤသို့အားဖြင့် ယေဟောဝါ၏ဂုဏ်ကျက်သရေဘုန်းထင်ရှားရေးကို ဒါဝိဒ်သည် မိမိ၏အရေးကိစ္စဖြစ်စေခဲ့သည်။ ဆာလံဆရာသည် ဘုရားသခင်၏ “အံ့ဖွယ်သောအမှုတော်တို့” ကိုလည်းထင်ရှားစေသည်။ ထိုအမှုများတွင် ရေလွှမ်းမိုးဘေးဖြစ်စဉ်ကကဲ့သို့ အပြစ်သားများကိုတရားစီရင်ခြင်းနှင့် ဘုရားတရားကြည်ညိုသူတို့ကိုကယ်တင်ခြင်းကိစ္စလည်းပါဝင်၏။ (ကမ္ဘာဦး ၇:၂၀-၂၄။ ၂ ပေတရု ၂:၉) ဤကိစ္စများကိုဆင်ခြင်သုံးသပ်ခြင်းက ယေဟောဝါနှင့်ကျွန်ုပ်တို့၏ဆက်ဆံရေးကို ခိုင်ခံ့မြဲမြံစေပြီး ကိုယ်တော်၏ဂုဏ်ကျက်သရေနှင့်အံ့ဖွယ်အမှုများအကြောင်း သူတစ်ပါးအားပြောဆိုရန်ခွန်အားပေးသည်။ တောအရပ်၌ အရက် ၄၀ ရှိစဉ်ပွင့်လှစ်သောကောင်းကင်မှ ကိုယ်တော်သိရှိသည့်အရာများကို ဆင်ခြင်သုံးသပ်ခြင်းကြောင့် သွေးဆောင်ခြင်းကိုခံရပ်ရန်ခွန်အားရှိတော်မူခဲ့သည်။ (မဿဲ ၃:၁၃–၄:၁၁) ထိုနောက်ယေဟောဝါ၏ဂုဏ်ကျက်သရေနှင့်အံ့ချီးဖွယ်လုပ်ရပ်များအကြောင်း သူတစ်ပါးအားဟောပြောသွန်သင်ပေးတော်မူသည်။

၁၁။ (က) ယေရိခေါမြို့သားတို့သည် အဘယ်ကြောင့်ထိတ်လန့်နေကြသနည်း။ (ခ) ယေဟောဝါသက်သေများသည် အဘယ်သဘောထားမျိုးဖြင့် ဘုရားသခင်၏ “ကြောက်မက်ဖွယ်သောအမှုတော်” နှင့်ကိုယ်တော်၏ “ကြီးမြတ်တော်မူခြင်း” အကြောင်းပြောဆိုနေကြသနည်း။

၁၁ ဘုရားသခင်၏ဂုဏ်အသရေနှင့်လုပ်ငန်းတော်များအကြောင်းပြောဆိုခြင်းသည် အခြားသူတို့အားလည်း ယင်းအကြောင်းတစ်ဖန်ပြောဆိုရန်တိုက်တွန်းပေးရာရောက်သည်။ ဒါဝိဒ်ဤသို့ဆိုသည်။ “သူတို့သည် ကြောက်မက်ဖွယ်သောအမှုတော်တို့၌ပါသောတန်ခိုးကိုမြွက်ဆို၍ အကျွန်ုပ်သည်လည်းကြီးမြတ်တော်မူခြင်းအကြောင်းကိုကြားပြောပါမည်။” (ဆာလံ၊ ၁၄၅:၆) ပင်လယ်နီအရပ်တွင် ဣသရေလလူမျိုးကိုယေဟောဝါကယ်နှုတ်ပြီး အာမောရိဘုရင်နှစ်ဦးကို အနိုင်ရစေတော်မူသည့်အကြောင်း ယေရိခေါမြို့သားများကြားသောအခါ ထိတ်လန့်ခဲ့သည်ဟုရာခပ်ပြောပြသည်။ ဤ “ကြောက်မက်ဖွယ်သောအမှုတော်တို့” ကိုယေရိခေါမြို့၌ပြောဆိုနေကြမည်အမှန်။ (ယောရှု ၂:၉-၁၁) ကျရောက်လုဆဲဆဲရှိ “ကြီးစွာသောဒုက္ခ” သည်လည်း အမှန်ကြောက်မက်ဖွယ်ဖြစ်ပါလိမ့်မည်။ (မဿဲ ၂၄:၂၁) သို့သော်ဘုရားသခင်နှင့်ဝေးကွာသော ဖြောင့်မတ်သူတို့၏နှလုံးများတွင် ကြောက်မက်ဖွယ်ရာများသည် ထိုက်သင့်လျော်ကန်စွာ “ယေဟောဝါကိုကြောက်ရွံ့” ရိုသေသည့်သဘောရှိစေသည်။ (သု၊ ၁:၇) ဤကဲ့သို့သောလေးစားမှုမျိုးဖြင့် ယေဟောဝါသက်သေများသည် ဘုရားသခင့်တန်ခိုးတော်ထင်ရှားမှုများအကြောင်းပြောဆိုကြသည်။ ဘိသိက်ခံနှင့်သူတို့၏မြေကြီးဆိုင်ရာအပေါင်းအသင်းတို့စပ်ကြား ပြောဆိုနေကျအကြောင်းသည် ကြီးမြတ်တော်မူသောအံ့ချီးဖွယ်အမှုများစီရင်တော်မူရှင်အကြောင်းတည်း။ ညှဉ်းပန်းနှိပ်စက်ခြင်းပင် သူတို့၏နှုတ်ကိုမပိတ်နိုင်။ ယေဟောဝါ၏ “ကြီးမြတ်တော်မူခြင်း” အကြောင်းကို သူတို့မပြောဘဲမနေနိုင်ကြပါ။—တမန်တော် ၄:၁၈-၃၁၊ ၅:၂၉။

ယေဟောဝါ၏ကောင်းမြတ်ခြင်းကြောင့် ကိုယ်တော်ကိုချီးမွမ်းလေ

၁၂။ ယေဟောဝါ၏ကောင်းမြတ်ခြင်းသည် ကျွန်ုပ်တို့အားမည်သို့ပွက်ထ “မြွက်ဆို” စေသနည်း။

၁၂ ကြီးမြတ်တော်မူသည့်အတွက်သာမက ကိုယ်တော်၏ကောင်းမြတ်ခြင်းနှင့်ဖြောင့်မတ်တော်မူခြင်းအတွက်ပါ ဘုရားသခင်အားချီးမွမ်းသင့်သည်။ ယင်းကြောင့်ဒါဝိဒ်ဤသို့ဆိုသည်။ “သူတို့သည် အလွန်ကောင်းမြတ်တော်မူခြင်းကိုအောက်မေ့ဖို့ရာမြွက်ဆို၍ ဖြောင့်မတ်တော်မူခြင်းအရာကို ရွှင်လန်းစွာသီချင်းဆိုကြပါလိမ့်မည်။” (ဆာလံ ၁၄၅:၇) ယေဟောဝါ၏ကောင်းမြတ်တော်မူခြင်းသည် ကြီးမားလှသဖြင့် ယင်းအကြောင်းကိုအားရရွှင်လန်းစွာပွက်ထ “မြွက်ဆို” စရာအများအပြားရှိသည်။ ဟေဗြဲစကားအရ စမ်းရေမှပန်းထွက်သည့်ရေပမာဖြစ်သည်။ ယင်းကြောင့်ဘုရားသခင်ကိုကျေးဇူးတင်ချီးမွမ်းစကားများ တဖွဖွပြောဆိုကြစို့လေ။ (သု၊ ၁၈:၄) ယေဟောဝါ၏ကောင်းမြတ်ခြင်းကိုဣသရေလလူမျိုးများမေ့လျော့ခဲ့သည့်အတွက် ဝိညာဏဆုံးရှုံးမှုကြီးဖြစ်ခဲ့သည်။ (ဆာလံ ၁၀၆:၁၃-၄၃) ဆက်ကပ်အပ်နှံသက်သေခံများအပေါ် ယေဟောဝါရှင်မည်မျှကောင်းမြတ်တော်မူကြောင်းကိုသိရှိလာ၍ နောင်တရလာစေရန် ကျွန်ုပ်တို့၏နှလုံးများမူ ကျေးဇူးတင်စိတ်ဖြင့်ပြည့်လျှံနေသင့်သည်။—ရောမ ၂:၄။

၁၃။ မြင့်မြတ်သောတရားမျှတမှုနှင့်ဖြောင့်မတ်ခြင်းတရားထင်ရှားချက်တို့သည် ကျွန်ုပ်တို့အားမည်သို့ဖြစ်စေသင့်သနည်း။

၁၃ ဘုရားသခင့်တရားမျှတမှုနှင့်ဖြောင့်မတ်ခြင်းတရားထင်ရှားရေးသည် ကျွန်ုပ်တို့အားရွှင်လန်းအားရစွာကြွေးကြော်ရန် တိုက်တွန်းမှုဖြစ်ပါလေစေ။ ဤသို့ခံစားရပါက ဘုရားသခင့်နိုင်ငံတော်ကိုသာမက ကိုယ်တော်၏ဖြောင့်မတ်ခြင်းတရားကိုပါ ရှေ့ဦးထားကြပါလိမ့်မည်။ ကျွန်ုပ်တို့၏အကျင့်အကြံအားဖြင့် ယေဟောဝါကိုချီးမွမ်းစရာအမြဲဖြစ်စေလိုမည်။ ထိုအခါ ဘုရားသခင့်လုပ်ငန်းတော်၌ အလုပ်များနေသော နိုင်ငံတော်သတင်းကိုမှန်မှန်ကြွေးကြော်သူများဖြစ်လာကြမည်။ ထိုအခါယေဟောဝါအားချီးမွမ်းခြင်းသည် ဆိတ်ငြိမ်ရာသင်္ချိုင်းတွင်း၌ မြှုပ်နှံထားသည့်အရာကဲ့သို့ ဘယ်သောအခါမျှဖြစ်မည်မဟုတ်ပါ။—မဿဲ ၆:၃၃။ ၁ ကောရိန္သု ၁၅:၅၈။ ဟေဗြဲ ၁၀:၂၃။

ယေဟောဝါသည်သနားကြင်နာတော်မူ၏

၁၄။ ယေဟောဝါသည် “ကျေးဇူးပြုတတ်သောသဘော၊ သနားစုံမက်တတ်သောသဘော” ရှိတော်မူကြောင်း အဘယ်သာဓကရှိသနည်း။

၁၄ ချီးမွမ်းထိုက်သောဘုရားသခင်၏ထပ်ဆင့်အရည်အချင်းများကို ဒါဝိဒ်ဤသို့ညွှန်းခဲ့သည်။ “ယေဟောဝါသည် ကျေးဇူးပြုတတ်သောသဘော၊ သနားစုံမက်တတ်သောသဘောနှင့်ပြည့်စုံ၍ ခန္တီတော်နှင့်ကရုဏာတော်သည် အလွန်ကြွယ်ဝပါ၏။” (ဆာလံ ၁၄၅:၈) ဘုရားသခင်သည် လုံးဝဥဿုံကောင်းမြတ်ပြီးရက်ရောတော်မူသဖြင့် ကျေးဇူးပြုတတ်သောသဘောရှိ၏။ (မဿဲ ၁၉:၁၇။ ယာကုပ် ၁:၅) ကိုယ်တော့်အမှုမထမ်းသူတို့ကိုပင် ကောင်းမှုပြုပေးတော်မူသည်။ (တမန်တော် ၁၄:၁၄-၁၇) ကျွန်ုပ်တို့သည် “မြေမှုန့်ဖြစ်ကြောင်းကိုအောက်မေ့တော်မူ” ပြီးသနားကြင်နာသက်ညှာတော်မူ၏။ ကြေကွဲသောနှလုံးကို ကိုယ်တော်မရွံမုန်း၊ ကျွန်ုပ်တို့အပြစ်များနှင့်အညီကြည့်မြင်တတ်သည်မဟုတ်ဘဲ မေတ္တာအရှိဆုံးလူ့ဖခင်တစ်ဦးထက် များစွာသနားကြင်နာတော်မူသည်။ (ဆာလံ ၅၁:၁၇။ ၁၀၃:၁၀-၁၄) ကိုယ်တော်၏သနားကြင်နာမှုအများဆုံးထင်ရှားသည့်လုပ်ရပ်မှာ ဘုရားသခင်နှင့်ကျွန်ုပ်တို့မိတ်သဟာယဖွဲ့နိုင်ပြီး ကိုယ်တော်၏ကရုဏာတော်ကို မြည်းစမ်းနိုင်မည်အကြောင်း ကျွန်ုပ်တို့အတွက်အသေခံစေမည့် ချစ်မြတ်နိုးရာသားတော်ကိုစေလွှတ်တော်မူခြင်းပင်ဖြစ်သည်။—ရောမ ၅:၆-၁၁။

၁၅။ ယေဟောဝါဘုရားသခင်၏ “ခန္တီတော်နှင့်ကရုဏာတော်သည်အလွန်ကြွယ်ဝ” ကြောင်းအဘယ်ကြောင့်ဆိုနိုင်သနည်း။

၁၅ ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်သည် အမျက်ထွက်နှေးတော်မူသည်။ သိမ်းကြုံးအမျက်ထွက်တော်မမူ။ ယေဟောဝါ၏ ‘ချစ်သနားခြင်းသဘောလည်းကြီးမားတော်မူ၏။” ဤတွင်ဟေဗြဲစကားလုံးက ချစ်ခြင်းမေတ္တာမှဆက်နွယ်နေသောသနားတတ်ခြင်းကိုဆိုလိုနေပြီး အရာတစ်ခုကိုတွယ်တာခြင်းဖြစ်သည်။ ထိုအရာနှင့်စပ်လျဉ်းသောရည်ရွယ်ချက်မပြည့်စုံမချင်း ထိုသို့တွယ်တာနေ၏။ တစ်နည်းအားဖြင့် “သမာဓိရှိမေတ္တာ” ဟူ၍ပြန်ဆိုနိုင်သည်။ ရွေးနှုတ်ဖိုးအားဖြင့်ကယ်တင်ခြင်း၊ ကယ်ဆယ်ပေးခြင်း၊ ကာကွယ်ပေးခြင်း၊ ဒုက္ခများမှလွတ်မြောက်စေခြင်း၊ အပြစ်ပြုရာမှပြန်လှည့်လာခြင်းအမှုတို့တွင် ဘုရားသခင်၏ချစ်သနားခြင်း သို့မဟုတ် သမာဓိရှိမေတ္တာထင်ရှားတော်မူသည်။ (ဆာလံ ၆:၄။ ၂၅:၇။ ၃၁:၁၆၊ ၂၁။ ၄၀:၁၁။ ၆၁:၇။ ၁၁၉:၈၈၊ ၁၅၉။ ၁၄၃:၁၂။ ယောဟန်၃:၁၆) ‘ကောင်းကင်စစ်ပွဲ’ ပြီးပြီးချင်းအာမဂေဒုန်ကိုယေဟောဝါမဖြစ်စေဘဲ လူများစွာတို့အားကယ်တင်ခြင်းရစေခြင်းသည် ဘုရားသခင့်ချစ်သနားခြင်းသဘောတင်ပြခြင်းပင်ဖြစ်သည်တကား။—ဗျာဒိတ် ၁၂:၇-၁၂။ ၂ ပေတရု ၃:၁၅။

၁၆။ ယေဟောဝါသည် “ခပ်သိမ်းသောသူတို့အားကျေးဇူးပြု” တော်မူကြောင်းမည်သို့ထင်ရှားသနည်း။

၁၆ ဘုရားသခင်၏ကရုဏာကိုထောက်၍ ကိုယ်တော်၏သဘောထားကြီးမားတော်မူသည်ဟု ဆိုနိုင်ပါသည်။ ဒါဝိဒ်က “ယေဟောဝါသည် ခပ်သိမ်းသောသူတို့အား ကျေးဇူးပြုချင်သောသဘောရှိ၍ ဖန်ဆင်းတော်မူသမျှတို့ကို သနားစုံမက်တော်မူ၏” ဟုဆိုသည်။ (ဆာလံ ၁၄၅:၉) မှန်ပေသည်။ ဣသရေလလူမျိုးအပေါ် ဘုရားသခင်အလွန်ကောင်းခဲ့သည်။ ထိုမျှမက “ကောင်းသောသူ၊ မကောင်းသောသူတို့အပေါ်၌ ကိုယ်တော်၏နေကိုထွက်စေတော်မူ၏။ ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူတို့အပေါ်၌ မိုးကိုရွာစေတော်မူ၏။” (မဿဲ ၅:၄၃-၄၅) ထို့အပြင်ကောင်းချီးဖြစ်စေမည့် “မျိုးနွယ်တော်” လာမည့်အကြောင်း ဧဒင်အရပ်တွင်ယေဟောဝါကတိထားတော်မူခဲ့သည်။ နောင်တွင်အာဗြဟံအားဤသို့ဆိုသည်။ “သင်၏အမျိုးအနွယ်အားဖြင့် လူမျိုးအပေါင်းတို့သည် ကောင်းချီးမင်္ဂလာကိုခံရကြလိမ့်မည်” ဟုအာဗြဟံအားမိန့်တော်မူသည်။ (ကမ္ဘဦး ၃:၁၅။ ၂၂:၁၈) ဘုရားသခင်၏ကောင်းမြတ်တော်မူခြင်းသည် ဤ “နောက်ဆုံးကာလ” တွင်ကြီးမားတော်မူသောကြောင့် မည်သူမဆို ‘အဖိုးအခမပေးဘဲအသက်ရေကိုလာသောက်သုံး’ နိုင်ပါသည်။ (ဒံယေလ ၁၂:၄။ ဗျာဒိတ် ၂၂:၁၇) အသိဉာဏ်ရှိသောသတ္တဝါအပေါင်းတို့အား ယေဟောဝါကောင်းကျိုးပြုလိုတော်မူသည်။ ကိုယ်တော်၏ကောင်းမြတ်ခြင်းသည် ကိုယ်တော်နှင့်ကျွန်ုပ်တို့အားတရင်းတနှီးဖြစ်စေသည်။

၁၇။ ယေဟောဝါ၏ ‘သနားစုံမက်ခြင်းသည် ဖန်ဆင်းတော်မူသမျှတို့’ အပေါ် အဘယ်နည်းဖြင့်ရှိသနည်း။

၁၇ လူနှင့်တိရစ္ဆာန်အတွက်ပါ ကြွယ်ဝစွာစီမံပေးထားသည့်အတွက် ယေဟောဝါသည် “ဖန်ဆင်းတော်မူသမျှတို့ကို သနားစုံမက်တော်မူ၏။” ကိုယ်တော်သည် “ခပ်သိမ်းသောသတ္တဝါတို့ကိုကျွေးမွေးတော်မူသော” အရှင်ဖြစ်တော်မူ၏။ (ဆာလံ ၁၃၆:၂၅။ ၁၄၇:၉) ဘုရားသခင်သည် စည်းစိမ်ရှိသူကိုချီးမြှင့်ပြီး နိမ့်ကျသူများကိုမူကားစွန့်ပယ်သည်မဟုတ်။ မာနထောင်လွှားသူအားမြှင့်တင်ကာ ဆင်းရဲသူကိုကားရွံရှာသည်မဟုတ်။ လူမိုက်ကိုမြှောက်စားကာ ပညာရှိအားနှိပ်ကွပ်သည်လည်းမဟုတ်ပါ။ အပြစ်သားများသည်ထိုသို့ပြုကြမည်ဖြစ်သော်လည်း ကျွန်ုပ်တို့၏ကရုဏာရှင်ကောင်းကင်ခမည်းတော်သည် ထိုသို့ပြုတော်မမူ။ (ဆာလံ ၁၀၂:၁၇။ ဇေဖနိ ၃:၁၁၊ ၁၂ ဒေသနာ ၁၀:၅-၇) ချစ်မြတ်နိုးရာသားတော်၏ရွေးဖိုးပူဇော်သက္ကာအားဖြင့် ကယ်တင်ခြင်းရရှိစေခြင်းက ဘုရားသခင်၏ကရုဏာ၊ ကောင်းမြတ်ခြင်းနှင့်ချစ်ခင်ကြင်နာမှု မည်မျှကြီးမားကြောင်း ထင်ရှားသည်တကား။—၁ ယောဟန် ၄:၉၊ ၁၀။

သစ္စာတည်ကြည်သူများ ယေဟောဝါကိုကောင်းချီးပေး

၁၈။ (က) ဘုရားသခင်၏အမှုတော်များသည် ကိုယ်တော်အားမည်သို့ ‘ချီးမွမ်းသနည်း’။ (ခ) အဘယ်အချိန်တွင် ယေဟောဝါအားဂုဏ်တင်ချီးမွမ်းချင်စိတ်ပေါ်သင့်သနည်း။

၁၈ ဘုရားသခင်သည် အဘက်ဘက်မှချီးမွမ်းထောမနာပြုခံထိုက်သည်။ ဒါဝိဒ်တင်ပြသည်ကားဤသို့။ “အိုထာဝရဘုရား [ယေဟောဝါ၊ ကဘ] ဖန်ဆင်းတော်မူသမျှတို့သည် ဂုဏ်တော်ကိုပြ၍ ကိုယ်တော်၏သန့်ရှင်းသူတို့သည် ကောင်းချီးပေးကြပါ၏။” (ဆာလံ ၁၄၅:၁၀) ကောင်းစွာဆောက်လုပ်ထားသောအိမ်သည် ဗိသုကာဆရာချီးမွမ်းခံရစရာ၊ လှပသောပန်းအိုးသည် ကျွမ်းကျင်သောအိုးသမားဂုဏ်ထင်ရှားရာဖြစ်သကဲ့သို့ ဘုရားသခင်၏ဖန်ဆင်းခြင်းလက်ရာများသည် ကိုယ်တော်၏ “ဂုဏ်တော်ကိုပြ” သည်။ (ဟေဗြဲ ၃:၄။ ဟေရှာယ ၂၉:၁၆။ ၆၄:၈ တို့နှင့်နှိုင်းယှဉ်ပါ။) ယေဟောဝါ၏ဖန်ဆင်းရာတို့သည် အံ့ချီးဖွယ်ကောင်းလှသဖြင့် ကောင်းကင်တမန်များနှင့်လူတို့ မချီးမွမ်းဘဲမနေနိုင်ခဲ့ပါ။ ကမ္ဘာမြေကြီး၏အုတ်မြစ်ကိုကိုယ်တော်ချချိန်တွင် ဘုရားသခင့်ကောင်းကင်သားများ ဩဘာပေးခဲ့သည်။ (ယောဘ ၃၈:၄-၇) “ကောင်းကင်သည် ဘုရားသခင်၏ဘုန်းအသရေတော်ကိုကြားပြော၍ မိုးမျက်နှာကြက်သည် လက်တော်နှင့်လုပ်သောအရာများကိုပြသ၏” ဟုဒါဝိဒ်ပြောသည်။ (ဆာလံ ၁၉:၁-၆) သိမ်းငှက်ပျံသန်းနေခြင်း၊ စိမ်းလန်းသောတောင်ကုန်းပေါ် သမင်ဒရယ်ခုန်လွှားသွားခြင်းတို့ကိုမြင်သည့်အခါ ယေဟောဝါကိုထောမနာပြုကြလိမ့်မည်။ (ယောဘ ၃၉:၂၆။ ရှောလမုန်သီချင်း ၂:၁၇) ရိတ်သိမ်းချိန်၌၊ သို့မဟုတ် မိတ်ဆွေများနှင့်စားသောက်ချိန်၌ ချီးမွမ်းစကားပြောရန်လျောက်ပတ်သည်။ (ဆာလံ ၇၂:၁၆။ သု၊ ၁၅:၁၇) အံ့သြစွာတည်ဆောက်ထားသောကျွန်ုပ်တို့၏ခန္ဓာကိုယ်သည်လည်း ဘုရားသခင်အားကျေးဇူးတော်ချီးမွမ်းစကားပြောဆိုရန် လှုံ့ဆော်ထိုက်သည်။—ဆာလံ ၁၃၉:၁၄-၁၆။

၁၉။ “သမာဓိရှိသူများ” ကားအဘယ်သူများနည်း။ သူတို့အဘယ်အမှုကိုပြုသနည်း။

၁၉ ယနေ့ယေဟောဝါ၏ဝိညာဉ်တော်ဖြင့်ဘိသိက်ခံ “သမာဓိရှိသူများ” သည် ကိုယ်တော်ကိုချီးမွမ်းကြသည်။ ကိုယ်တော်ကိုထောမနာပြုကာ အလိုတော်သည်ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာပြည့်စုံဖို့ရန် တွေ့မြင်လိုကြသည်။ (မဿဲ ၆:၉၊ ၁၀) ဘိသိက်ခံများသည် သူတစ်ပါးအားဘုရားသခင်၏အံ့ဖွယ်လက်ရာတော်များအကြောင်းပြောကြားစဉ် လူအုပ်ကြီးသည် အမြဲတိုးများလာနေသည့်အရေအတွက်ဖြင့် လက်ခံနာယူကြောင်းတင်ပြကြသည်။ ဘိသိက်ခံသမာဓိစောင့်သိသူတို့နှင့်အတူ သူတို့သည် နိုင်ငံတော်ကြွေးကြော်သူများအဖြစ် ဇွဲလုံ့လရှိရှိအမှုတော်ထမ်းဆောင်ကြသည်။ ဘုရားသခင့်ဘုန်းထင်ရှားရန် ကျေးဇူးတင်စိတ်က သင့်အားဤလုပ်ငန်းတွင် မှန်မှန်ပါဝင်ဖို့တိုက်တွန်းပေးနေပါသလော။

၂၀။ (က) ယေဟောဝါ၏နာမတော်သည် မည်သို့သင်္ကာယနကင်းရှင်းမည်နည်း။ (ခ) ဆာလံ ၁၄၅ နှင့်ပတ်သက်၍ အဘယ်မေးခွန်းများကိုသုံးသပ်ရန်ကျန်ကြွင်းသေးသနည်း။

၂၀ ယေဟောဝါသက်သေများအနေနှင့် ဘုရားသခင်ကိုချီးမွမ်းရာတွင် ဒါဝိဒ်နည်းတူပြုနေကြပါသည်။ ကျွန်ုပ်တို့အတွက် ယေဟောဝါ၏သန့်ရှင်းသောနာမတော်ထင်ရှားခြင်းနှင့် ၄င်းကိုချီးမွမ်းထောမနာပြုခြင်းသည် အရေးကြီးလှပေသည်။ နာမတော်မြတ်သည် ဘုရားသခင့်နိုင်ငံတော်အားဖြင့်သင်္ကာယနကင်းစင်မည်ဖြစ်သောကြောင့် ဘုရားသခင့်နိုင်ငံတော်နှင့်ဆိုင်သော သမ္မာကျမ်းစာပါဤသွန်သင်ချက်သည် ကျွန်ုပ်တို့ကြေညာနေသောသတင်းကောင်း၏ ထင်ရှားသောလက္ခဏာတစ်ရပ်ဖြစ်သည်။ ယင်းနှင့်ပတ်သက်၍ ဆာလံ ၁၄၅ ကဝိညာဏဉာဏ်အလင်းကိုပေးနေပါသလော။ ဤဆာလံသီချင်း၏ ကျန်အပိုင်းကိုဆွေးနွေးခြင်းမှ အဘယ်အရာများသိရှိရဦးမည်နည်း။ ယေဟောဝါရှင်သည် ထာဝရချီးမွမ်းခံထိုက်တော်မူကြောင်း အခြားအဘယ်နည်းများဖြင့် ယင်းကတင်ပြပါသနည်း။

သင့်မှတ်ချက်များကားအဘယ်နည်း

▫ ယေဟောဝါ၏နာမတော်ကို ကျွန်ုပ်တို့မည်သို့ချီးမွမ်းနိုင်မည်နည်း။

▫ ချီးမွမ်းထိုက်သော ဘုရားသခင်၏လက်ရာတော်အချို့ကား အဘယ်နည်း။

▫ ယေဟောဝါ၏ကောင်းမြတ်ခြင်းကို ကျေးဇူးတင်ပါက မည်သို့ပြုမူကြမည်နည်း။

▫ ဘုရားသခင်၏ကရုဏာသည် အဘယ်နည်းမျိုးဖြင့်ထင်ရှားနေသနည်း။

[စာမျက်နှာ ၁၄ ပါ ရုပ်ပုံ]

ကောင်းစွာဆောက်လုပ်ထားသော အိမ်တစ်လုံးသည် ဗိသုကာဆရာအတွက်ချီးမွမ်းရာဖြစ်သကဲ့သို့ ယေဟောဝါ၏ဖန်ဆင်းရာများသည် ကိုယ်တော်အားချီးမွမ်းပါ၏

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ