ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၄ ၁/၁၅ စာ. ၁၅-၂၀
  • ယေဟောဝါသည် တည်ကြည်သောမေတ္တာ အလွန်ကြွယ်ဝ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါသည် တည်ကြည်သောမေတ္တာ အလွန်ကြွယ်ဝ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားသခင်အားတည်ကြည်သူတို့ကို ခွဲခြားသိမြင်ခြင်း
  • ယေဟောဝါ၏ပိုင်သအုပ်စိုးမှုမှ အကျိုးခံစားရခြင်း
  • ကျေနပ်ရောင့်ရဲမှုရှိစေသော အချိန်တန်အစာ
  • ယေဟောဝါထံချဉ်းကပ်ရမည့်အချိန်
  • ယေဟောဝါရဲ့ ခိုင်မြဲတဲ့ မေတ္တာကို ကျေးဇူးတင် လေးမြတ်ပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
  • ယေဟောဝါ၏သန့်ရှင်းသော နာမတော်ကိုကောင်းချီးပေးလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ထာဝရချီးမွမ်းခြင်းကို ယေဟောဝါရှင်ခံထိုက်တော်မူသည်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ယေဟောဝါရဲ့ သစ္စာရှိကျေးကျွန်တွေဆီကနေ သင်ယူပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
က၀၄ ၁/၁၅ စာ. ၁၅-၂၀

ယေဟောဝါသည် တည်ကြည်သောမေတ္တာ အလွန်ကြွယ်ဝ

“ယေဟောဝါသည် ... ချစ်ခင်ကြင်နာမှုနှင့် အလွန်ကြွယ်ဝတော်မူ၏။”—ဆာလံ ၁၄၅:၈၊ ကဘ။

၁။ ဘုရားသခင်၏မေတ္တာတော်သည် မည်မျှတာသွားသနည်း။

“ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏။” (၁ ယောဟန် ၄:၈) ယေဟောဝါသည် မေတ္တာဖြင့်အုပ်ချုပ်ကြောင်း အဆိုပါကြည်နူးအားရဖွယ်စကားများက ထောက်ခံသည်။ ကိုယ်တော်၏စကားကို နားမထောင်သူတို့ပင် မေတ္တာဖြင့် ကိုယ်တော်ထွက်စေသောနေ၊ ရွာစေသောမိုးမှ အကျိုးကျေးဇူးခံစားနေရကြသည်! (မဿဲ ၅:၄၄၊ ၄၅) လူအပေါင်းကို ဘုရားသခင်ချစ်တော်မူသောကြောင့် ကိုယ်တော်၏ရန်သူများပင် နောင်တယူကာ ကိုယ်တော့်ထံလှည့်လာပြီး အသက်ရနိုင်ကြ၏။ (ယောဟန် ၃:၁၆) သို့ရာတွင်၊ ယေဟောဝါသည် ဖြောင့်မတ်သောကမ္ဘာသစ်၌ ကိုယ်တော်အားချစ်မြတ်နိုးသူတို့ ထာဝရအသက်ပျော်မွေ့ခံစားနိုင်ကြရန် ပဲ့ပြင်ဆုံးမ၍မရသော လူဆိုးတို့ကို မကြာမီ ဖျက်ဆီးတော့မည်ဖြစ်သည်။—ဆာလံ ၃၇:၉-၁၁၊ ၂၉; ၂ ပေတရု ၃:၁၃။

၂။ ယေဟောဝါသည် မိမိထံဆက်ကပ်အပ်နှံထားသူတို့အား မေတ္တာတော်ဆိုင်ရာ အဘယ်အထူးအသွင်အပြင်ကို ဖော်ပြတော်မူသနည်း။

၂ ယေဟောဝါသည် မိမိ၏စစ်မှန်သောဝတ်ပြုသူများအား မြတ်နိုးစွာဖြင့် မေတ္တာအမြဲပြတော်မူ၏။ ဤသို့သောမေတ္တာကို “ချစ်ခင်ကြင်နာမှု၊” သို့မဟုတ် “တည်ကြည်သောမေတ္တာ” ဟုဘာသာပြန်ဆိုထားသည့် ဟေဗြဲစကားလုံးဖြင့် ဖော်ပြနိုင်သည်။ ရှေးဣသရေလနိုင်ငံ၏ဘုရင် ဒါဝိဒ်သည် ဘုရားသခင်၏ချစ်ခင်ကြင်နာမှုကို အလွန်ပင်တန်ဖိုးထားခဲ့သည်။ သူသည် ကိုယ်တွေ့ကြောင့်လည်းကောင်း၊ အခြားသူများနှင့် ဘုရားသခင်ဆက်ဆံပုံကို ဆင်ခြင်တွေးတောခြင်းကြောင့်လည်းကောင်းယုံကြည်စိတ်ချစွာ ဤသို့သီဆိုနိုင်လေသည်– “ယေဟောဝါသည် ... ချစ်ခင်ကြင်နာမှု [သို့မဟုတ်၊ “တည်ကြည်သောမေတ္တာ”] နှင့် အလွန်ကြွယ်ဝတော်မူ၏။”—ဆာလံ ၁၄၅:၈၊ ကဘ။

ဘုရားသခင်အားတည်ကြည်သူတို့ကို ခွဲခြားသိမြင်ခြင်း

၃၊ ၄။ (က) ယေဟောဝါအားတည်ကြည်သူတို့ကို ဆာလံ ၁၄၅ က မည်သို့ခွဲခြားသိမြင်စေသနည်း။ (ခ) ဘုရားသခင်အားတည်ကြည်သူတို့သည် ကိုယ်တော့်ကို မည်သို့ “ကောင်းချီးပေးကြ” သနည်း။

၃ ယေဟောဝါဘုရားသခင်နှင့်စပ်လျဉ်း၍ ပရောဖက်ရှမွေလ၏မိခင် ဟန္နက “မိမိသန့်ရှင်းသူ [“တည်ကြည်သူ၊” ကဘ] တို့၏ခြေကို စောင့်မတော်မူလိမ့်မည်” ဟု ဆိုခဲ့သည်။ (၁ ဓမ္မရာဇဝင် ၂:၉) ဤ “တည်ကြည်သူများ” ကား အဘယ်သူများနည်း။ ထိုမေးခွန်းကို ဘုရင်ဒါဝိဒ် ဖြေဆိုသည်။ ယေဟောဝါ၏အံ့ဖွယ်အရည်အသွေးများကို ချီးမွမ်းထောမနာပြုပြီးနောက် သူက “ကိုယ်တော်၏သန့်ရှင်းသူ [“တည်ကြည်သူ၊” ကဘ] တို့သည် ကောင်းချီးပေးကြပါ၏” ဟုဆိုသည်။ (ဆာလံ ၁၄၅:၁၀) လူတစ်ဦးအနေနှင့် ဘုရားသခင်ကို မည်သို့ကောင်းချီးပေးနိုင်မည်နည်းဟု သင်သိလိုပေမည်။ ကိုယ်တော်အား ချီးမွမ်းထောမနာပြုခြင်း၊ ကိုယ်တော်အားချီးကျူးခြင်းဖြင့်ဖြစ်သည်။

၄ ယေဟောဝါအကြောင်း အမြဲချီးကျူးပြောဆိုနေသူတို့သည် ယေဟောဝါ၏တည်ကြည်သူများဖြစ်၏ဟု ခွဲခြားသိမြင်နိုင်သည်။ ဤသူတို့သည် လူမှုရေးပေါင်းသင်းမှုများနှင့် ခရစ်ယာန်အစည်းအဝေးများတွင် အဘယ်အကြောင်းအရာကို ပြောဆိုလေ့ရှိကြသနည်း။ ယေဟောဝါ၏နိုင်ငံတော်အကြောင်းသာ ပြောဆိုလေ့ရှိသည်! ဘုရားသခင်အားတည်ကြည်သော ကျေးကျွန်တို့သည် ဤသို့သီဆိုခဲ့သူ ဒါဝိဒ်၏ သဘောထားမျိုး ထပ်တူရှိကြသည်– “[ယေဟောဝါ၏] နိုင်ငံတော်၏ဘုန်းကိုလည်းကောင်း၊ တန်ခိုးတော်ကိုလည်းကောင်း မြွက်ဆိုကြားပြော [ကြပါလိမ့်မည်။]”—ဆာလံ ၁၄၅:၁၁၊ သမ္မာ။

၅။ ယေဟောဝါသည် မိမိအပေါ်တည်ကြည်သူတို့ မိမိအားချီးမွမ်းကြသည်ကို ကိုယ်တော်သတိပြုကြောင်း မည်သို့သိရသနည်း။

၅ ယေဟောဝါအားတည်ကြည်သူတို့သည် ကိုယ်တော်ကိုချီးမွမ်းကြသောအခါ ကိုယ်တော်သတိပြုမိပါသလော။ သူတို့ပြောဆိုသမျှကို ကိုယ်တော်ဂရုစိုက်တော်မူ၏။ ကျွန်ုပ်တို့ခေတ်ရှိ စစ်မှန်သောဝတ်ပြုရေးနှင့်စပ်လျဉ်း၍ မာလခိက ဤသို့ပရောဖက်ပြုရေးသားခဲ့သည်– “ထိုအခါ ထာဝရဘုရား[သခင်]ကိုကြောက်ရွံ့သောသူတို့သည် တစ်ယောက်ကိုတစ်ယောက်နှုတ်ဆက်၍ ပြောဆိုကြ၏။ ထာဝရဘုရား[သခင်]သည်လည်းနားထောင်၍ ကြားတော်မူ၏။ ထာဝရဘုရား[သခင်]ကိုကြောက်ရွံ့၍ နာမတော်ကိုအောက်မေ့သောသူတို့အဖို့ ရှေ့တော်တွင် စာရင်း၌မှတ်သားလျက်ရှိ၏။” (မာလခိ ၃:၁၆) ယေဟောဝါသည် မိမိအပေါ်တည်ကြည်သူတို့ မိမိအားချီးမွမ်းကြသည်ကို အလွန်နှစ်သက်တော်မူပြီး သူတို့ကိုလည်း ကိုယ်တော်သတိရတော်မူ၏။

၆။ အဘယ်လှုပ်ရှားမှုက ဘုရားသခင်အားတည်ကြည်သူများကို ခွဲခြားသိမြင်စေသနည်း။

၆ ယေဟောဝါ၏တည်ကြည်သော ကျေးကျွန်များသည် စစ်မှန်သောဘုရားသခင်ကို ဝတ်မပြုသူတို့အား ရဲစွမ်းသတ္တိရှိရှိ၊ အခွင့်အရေးရှာယူ ဟောပြောကြသည့်အတွက် သူတို့ကို ခွဲခြားသိမြင်နိုင်ပေသည်။ ဘုရားသခင်အားတည်ကြည်သူတို့သည် “တန်ခိုးပါသောအမှုတော်များနှင့် [ဘုရားသခင့်]နိုင်ငံတော်၏ဘုန်းအသရေများကို လူသားတို့အားဖော်ပြကြပါ၏။” (ဆာလံ ၁၄၅:၁၂) သင်သည် သူစိမ်းများကို ယေဟောဝါ၏မင်းရိုက်ရာအကြောင်းပြောပြဖို့ အခွင့်အရေးများရှာယူပါသလော။ မကြာမီပျောက်လွင့်သွားကြတော့မည့် လူ့အုပ်စိုးရှင်များနှင့်မတူဘဲ ကိုယ်တော်၏မင်းရိုက်ရာမှာ အမြဲထာဝရတည်၏။ (၁ တိမောသေ ၁:၁၇) လူတို့သည် ယေဟောဝါ၏ ထာဝရမင်းရိုက်ရာအကြောင်းသင်ယူပြီး ၎င်းကိုထောက်ခံသူများအဖြစ် ရပ်တည်ကြရန် အရေးကြီးလှပေသည်။ ဒါဝိဒ်က “ကိုယ်တော်၏နိုင်ငံတော်သည် ... ထာဝရနိုင်ငံဖြစ်၍ အာဏာတော်သည် ကာလအစဉ်အဆက်တည်ရပါ၏” ဟုသီဆိုခဲ့သည်။—ဆာလံ ၁၄၅:၁၃။

၇၊ ၈။ ၁၉၁၄ ခုနှစ်တွင် အဘယ်အရာဖြစ်ပျက်ခဲ့သနည်း၊ ဘုရားသခင်သည် မိမိသားတော်၏နိုင်ငံတော်မှတစ်ဆင့် ယခုအုပ်စိုးနေတော်မူကြောင်း အဘယ်အထောက်အထားရှိသနည်း။

၇ ၁၉၁၄ ခုနှစ်ကတည်းက ယေဟောဝါ၏မင်းရိုက်ရာအကြောင်း ပြောဆိုစရာများစွာ ထပ်တိုးလာခဲ့ပြီ။ ထိုနှစ်တွင် ဘုရားသခင်သည် ဒါဝိဒ်၏သားတော် ယေရှုခရစ်ကို ကောင်းကင်နိုင်ငံတော်၏ မေရှိယရှင်ဘုရင်အဖြစ် နန်းတင်တော်မူခဲ့၏။ သို့ဖြင့် ယေဟောဝါသည် ဒါဝိဒ်၏မင်းရိုက်ရာကို ထာဝစဉ်တည်တံ့စေမည်ဟူသော ကတိတော်ကို ပြည့်စုံစေတော်မူခဲ့သည်။—၂ ဓမ္မရာဇဝင် ၇:၁၂၊ ၁၃; လုကာ ၁:၃၂၊ ၃၃။

၈ ယေဟောဝါသည် မိမိ၏သားတော် ယေရှုခရစ်၏နိုင်ငံတော်အားဖြင့် ယခု အုပ်ချုပ်နေတော်မူပြီဖြစ်ကြောင်း ကိုယ်တော်ရောက်ရှိနေခြင်းနိမိတ် ဆက်လက်ပြည့်စုံနေခြင်းက သက်သေထူသည်။ ထိုနိမိတ်တွင် အထူးခြားဆုံးမှာ ဘုရားသခင်၏တည်ကြည်သူအားလုံး လုပ်ဆောင်ကြလိမ့်မည်ဟု ယေရှုပရောဖက်ပြုမိန့်တော်မူခဲ့သော ဤလုပ်ငန်းဖြစ်သည်– “လူမျိုးအပေါင်းတို့အား သက်သေဖြစ်မည်အကြောင်း [ဘုရားသခင့်]နိုင်ငံတော်နှင့်ယှဉ်သော [သတင်းကောင်း]ကို လော[က]နိုင်ငံအရပ်ရပ်ရှိသမျှတို့၌ ဟောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည်ဖြစ်လတ္တံ့။” (မဿဲ ၂၄:၃-၁၄) ဘုရားသခင်အားတည်ကြည်သူတို့သည် အဆိုပါပရောဖက်ပြုချက်ပြည့်စုံစေရန် စိတ်အားထက်သန်စွာ လုပ်ဆောင်လျက်ရှိကြရာ ယခု ခြောက်သန်းကျော်သော အမျိုးသားများ၊ အမျိုးသမီးများနှင့် ကလေးသူငယ်တို့သည် ဤကြီးကျယ်သည့်လုပ်ငန်းတွင် ပါဝင်နေကြ၏၊ ၎င်းကို နောက်နောင် ဘယ်သောခါမျှ ပြန်လုပ်ဆောင်တော့မည်မဟုတ်ချေ။ ယေဟောဝါ၏နိုင်ငံတော်ကိုဆန့်ကျင်သူအားလုံး များမကြာမီ အဆုံးစီရင်ခံရကြတော့မည်။—ဗျာ. ၁၁:၁၅၊ ၁၈။

ယေဟောဝါ၏ပိုင်သအုပ်စိုးမှုမှ အကျိုးခံစားရခြင်း

၉၊ ၁၀။ ယေဟောဝါနှင့် လူ့အုပ်စိုးရှင်များစပ်ကြား အဘယ်ကွာခြားချက်ရှိသနည်း။

၉ ကျွန်ုပ်တို့သည် ဆက်ကပ်အပ်နှံထားသူ ခရစ်ယာန်များဖြစ်ကြမည်ဆိုလျှင် အကြွင်းမဲ့ပိုင်သအုပ်စိုးရှင်ယေဟောဝါနှင့် ကျွန်ုပ်တို့ဆက်ဆံရေးရှိခြင်းက အကျိုးများစွာဖြစ်ထွန်းစေသည်။ (ဆာလံ ၇၁:၅; ၁၁၆:၁၂) ဥပမာ၊ ကျွန်ုပ်တို့သည် ဘုရားသခင်ကိုကြောက်ရွံ့ပြီး ဖြောင့်မတ်ကြသောကြောင့် ကျွန်ုပ်တို့ကို ကိုယ်တော်နှစ်သက်တော်မူ၏၊ ဝိညာဉ်ရေးသဘောအရလည်း ကိုယ်တော်နှင့် နီးနီးကပ်ကပ်နေခွင့်ရကြ၏။ (တမန်တော် ၁၀:၃၄၊ ၃၅; ယာကုပ် ၄:၈) ယင်းနှင့်ခြားနားစွာ လူ့အုပ်စိုးရှင်များသည် စစ်ဘက်ခေါင်းဆောင်များ၊ ချမ်းသာကြွယ်ဝသော စီးပွားရေးလုပ်ငန်းရှင်များ၊ သို့မဟုတ် အားကစားနှင့် ဖျော်ဖြေရေးလောကမှ အကျော်အမော်များအစရှိသော ထင်ပေါ်ကျော်ကြားသူများနှင့် ပူးပေါင်းသွားလာလေ့ရှိကြသည်ကို တွေ့မြင်ကြရ၏။ အာဖရိကသတင်းစာ စိုဝှီတန်အရ၊ အထင်ကရ အရာရှိတစ်ဦးက သူ၏နိုင်ငံရှိ ဆင်းရဲမွဲတေနေသည့် ဒေသများအကြောင်း အောက်ပါအတိုင်းပြောဆိုခဲ့သည်ဟုဆို၏– “ထိုဆင်းရဲသားရပ်ကွက်များကို ကျွန်ုပ်တို့အများစု မသွားလိုကြကြောင်း ကျွန်ုပ်နားလည်သဘောပေါက်ပါသည်။ ထိုသို့သောရပ်ကွက်များကို ကျွန်ုပ်တို့မေ့ပစ်လိုကြ၍သာဖြစ်၏။ ကျွန်ုပ်တို့စီးနေသည့် တန်ဖိုးကြီးသော [မော်တော်ကားများ] ကြောင့် ယင်းသို့သောနေရာများရှိခြင်းက ကျွန်ုပ်တို့၏သိစိတ်ကို အနှောင့်အယှက်ပေးသဖြင့် အနေရခက်စေသည်။”

၁၀ လူ့အုပ်စိုးရှင်တချို့သည် မိမိတို့လက်အောက်ငယ်သားများ၏ ကောင်းကျိုးကို စိတ်ရင်းမှန်ဖြင့် စိတ်ဝင်စားကြသည်မှန်၏။ သို့သော် ထိုသူတို့အထဲမှ သဘောထားအမြင့်မြတ်ဆုံးသူပင်လျှင် မိမိတို့၏လက်အောက်ငယ်သားများနှင့် အကျွမ်းတဝင်မရှိကြချေ။ ယင်းကြောင့် ကျွန်ုပ်တို့မေးလိုမည်မှာ လက်အောက်ငယ်သားတစ်ဦးတစ်ယောက် အခက်အခဲကြုံသည့်အခါ ချက်ချင်းအကူအညီပေးလိုသည်အထိ မိမိ၏လက်အောက်ငယ်သားအားလုံးကို ဂရုစိုက်သော အုပ်စိုးရှင်တစ်ပါးပါးရှိပါသလောဟူ၍ဖြစ်သည်။ ရှိပါသည်။ ဒါဝိဒ်က ဤသို့ရေးသားခဲ့၏– “[ယေဟောဝါ] သည် လဲကျသူရှိသမျှကို ထောက်မ၍ နှိမ့်ချခံရသူအပေါင်းတို့ကို ထူပင့်တော်မူ၏။”—ဆာလံ ၁၄၅:၁၄၊ သမ္မာ။

၁၁။ ဘုရားသခင်အားတည်ကြည်သူတို့သည် အဘယ်စမ်းသပ်မှုများကို ကြုံတွေ့ကြရပြီး သူတို့ အဘယ်အကူအညီရရှိနေသနည်း။

၁၁ ဘုရားသခင်အားတည်ကြည်သူတို့သည် မိမိတို့၏မစုံလင်မှုနှင့် ‘စာတန်’ လက်တွင်ရှိ ဤလောက၌ အသက်ရှင်နေထိုင်ကြရသောကြောင့် စမ်းသပ်မှုအမျိုးမျိုးနှင့် ဘေးဆိုးများစွာ ကြုံတွေ့နေကြရ၏။ (၁ ယောဟန် ၅:၁၉; ဆာလံ ၃၄:၁၉) ခရစ်ယာန်များသည် နှိပ်စက်ညှဉ်းပန်းခံကြရ၏။ တချို့မှာ နာတာရှည်ဖျားနာမှု၊ ဝမ်းနည်းပူဆွေးမှုကြောင့် ဝေဒနာခံကြရသည်။ ရံဖန်ရံခါ ယေဟောဝါအားတည်ကြည်သူတို့၏ အမှားများကြောင့် စိတ်ပျက်အားလျော့ပြီး ‘ညှိုးငယ်’ သွားကြပေမည်။ သို့ရာတွင် အဘယ်စမ်းသပ်မှုမျိုးပင် ခံရပါလေစေ ယေဟောဝါသည် ကျွန်ုပ်တို့တစ်ဦးချင်းစီကို ဝိညာဉ်ခွန်အားပေး၍ နှစ်သိမ့်ပေးဖို့ အမြဲအသင့်ရှိတော်မူ၏။ ဘုရင်ယေရှုခရစ်သည်လည်း မိမိအားတည်ကြည်သောလက်အောက်ခံများကို ထပ်တူပင်စိတ်ဝင်စား၍ မေတ္တာပြတော်မူ၏။—ဆာလံ ၇၂:၁၂-၁၄။

ကျေနပ်ရောင့်ရဲမှုရှိစေသော အချိန်တန်အစာ

၁၂၊ ၁၃။ ယေဟောဝါသည် “အသက်ရှင်သောသတ္တဝါအပေါင်းတို့” ၏လိုအပ်ရာများကို မည်သို့ကောင်းစွာဖြည့်ဆည်းပေးတော်မူသနည်း။

၁၂ ယေဟောဝါသည် ချစ်ခင်ကြင်နာမှု အလွန်ကြွယ်ဝတော်မူသောကြောင့် မိမိကျေးကျွန်များ၏ လိုအပ်ရာမှန်သမျှကို ဖြည့်စွက်ပေးတော်မူ၏။ ဤတွင် အာဟာရပြည့်ဝသောအစာ ကျွေးမွေးခြင်းပါဝင်သည်။ ဘုရင်ဒါဝိဒ်ဤသို့ရေးသားခဲ့၏– “ခပ်သိမ်းသောသတ္တဝါတို့သည် [ယေဟောဝါ] ကိုမျှော်ကြည့်ကြ၍ အချိန်တန်မှ သူတို့ကိုကျွေးမွေးတော်မူ၏။ လက်တော်ကိုဖွင့်၍ အသက်ရှင်သောသတ္တဝါအပေါင်းတို့ကို ရောင့်ရဲစေတော်မူ၏။” (ဆာလံ ၁၄၅:၁၅၊ ၁၆) ဘေးဆိုးကျရောက်ချိန်၌ပင် ကိုယ်တော်အားတည်ကြည်သောသူတို့သည် “အသက်မွေးလောက်သောအစာ” ရရှိရန် ယေဟောဝါ စီစဉ်ပေးနိုင်တော်မူ၏။—လုကာ ၁၁:၃; ၁၂:၂၉၊ ၃၀။

၁၃ “အသက်ရှင်သောသတ္တဝါအပေါင်း” တို့သည် ကျေနပ်ရောင့်ရဲရလိမ့်မည်ဟု ဒါဝိဒ်ဖော်ပြခဲ့၏။ ထိုတွင် တိရစ္ဆာန်များလည်း ပါဝင်ပေသည်။ ကမ္ဘာမြေကြီး၏ စားသုံးသီးနှံများနှင့် ပင်လယ်ရေအောက် အပင်များသာ ပေါများစွာ မပေါက်ရောက်နေလျှင် ပင်လယ်ရေသတ္တဝါများ၊ ငှက်များနှင့် ကုန်းသတ္တဝါများ အသက်ရှူစရာ အောက်စီဂျင်နှင့် စားစရာအစာ ရှိပေလိမ့်မည်မဟုတ်ချေ။ (ဆာလံ ၁၀၄:၁၄) သို့ရာတွင်၊ သတ္တဝါအပေါင်းသည် ရှိရှိသမျှလိုအပ်ရာများ ဖြည့်ဆည်းခံရစေရန် ယေဟောဝါစီမံပေးတော်မူ၏။

၁၄၊ ၁၅။ ယနေ့ ဝိညာဉ်အစာကို မည်သို့စီမံပေးနေသနည်း။

၁၄ တိရစ္ဆာန်များနှင့်မတူဘဲ၊ လူတို့သည် ဝိညာဉ်ရေးလိုအပ်ရာရှိ၏။ (မဿဲ ၅:၃) ယေဟောဝါသည် မိမိအပေါ်တည်ကြည်သူတို့၏ ဝိညာဉ်ရေးလိုအပ်ရာများကို အလွန်ကောင်းမွန်စွာ ဖြည့်ဆည်းပေးတော်မူသည်! ယေရှုမသေဆုံးမီ မိမိ၏နောက်လိုက်များကို “သစ္စာနှင့်သတိပညာရှိသောကျွန်” အားဖြင့် ဝိညာဉ်ရေးရာ ‘အချိန်တန်အစာ’ ကျွေးမွေးမည်ဟု ကတိပြုခဲ့၏။ (မဿဲ ၂၄:၄၅၊ သမ) ယနေ့ အဆိုပါကျွန်အတန်းအစားတွင် ဝိညာဉ်တော်ဖွား၁၄၄,၀၀၀မှအကြွင်းအကျန်တို့ ပါဝင်သည်။ ယေဟောဝါသည် သူတို့မှတစ်ဆင့် ဝိညာဉ်အစာကို အလျှံပယ်ကျွေးမွေးနေတော်မူ၏။

၁၅ ဥပမာအနေနှင့်၊ ယေဟောဝါ၏လူမျိုးတော်အများစုသည် မိမိတို့၏ကိုယ်ပိုင်ဘာသာစကားဖြင့် ပြန်ဆိုထားသည့် သစ်လွင်တိကျသော ဘာသာပြန်ကျမ်းစာ ရရှိထား၍ ယခု အကျိုးများစွာခံစားနေကြရပြီ။ ကမ္ဘာသစ်ဘာသာပြန် သမ္မာကျမ်းစာသည် ထူးမြတ်သော ကောင်းချီးတစ်ရပ်ဖြစ်သည်! ထို့ပြင်၊ ကျမ်းစာလေ့လာရန် အထောက်အကူပြု စာအုပ်စာတမ်း သန်းနှင့်ချီတို့ကို ဘာသာစကားပေါင်း ၃၀၀ ကျော်ဖြင့် ဆက်လက်ထုတ်ဝေလျက်ရှိ၏။ ဤဝိညာဉ်အစာအားလုံးသည် ကမ္ဘာအနှံ့အပြားရှိ စစ်မှန်သောဝတ်ပြုသူတို့အတွက် ကောင်းချီးတစ်ရပ်ဖြစ်ခဲ့ပြီ။ ဤအရာအားလုံးအတွက် မည်သူ့ကို ဂုဏ်ပြုထိုက်သနည်း။ ယေဟောဝါဘုရားသခင်သာတည်း။ ကိုယ်တော်၏ အလွန်ကြွယ်ဝသော ချစ်ခင်ကြင်နာမှုဖြင့် ကိုယ်တော်သည် ကျေးကျွန်အတန်းအစားကို ‘အချိန်တန်အစာ’ ကျွေးမွေးရန် စီမံနေစေတော်မူ၏။ ထိုသို့သောစီမံပေးမှုတို့ဖြင့် မျက်မှောက်ခေတ် ဝိညာဉ်ရေးပရဒိသုတွင်ရှိ “အသက်ရှင်သောသတ္တဝါအပေါင်း” ကိုရောင့်ရဲစေတော်မူခဲ့ပြီ။ ဤကမ္ဘာမြေကြီး ပကတိပရဒိသုဖြစ်သွားသည်ကို မကြာမီတွေ့မြင်ရတော့မည်ဖြစ်၍ ယေဟောဝါ၏ကျေးကျွန်များ အလွန်ဝမ်းမြောက်နေကြသည်တကား!—လုကာ ၂၃:၄၂၊ ၄၃။

၁၆၊ ၁၇။ (က) အချိန်တန်ဝိညာဉ်အစာနှင့်ပတ်သက်၍ အဘယ်နမူနာများရှိသနည်း။ (ခ) စာတန်ဖြစ်ပေါ်စေခဲ့သည့် အဓိကအကျဆုံး အရေးကိစ္စနှင့်စပ်လျဉ်း၍ ဘုရားသခင်အပေါ်တည်ကြည်သူတို့၏ ခံစားချက်များကို ဆာလံ ၁၄၅ က မည်သို့ဖော်ပြသနည်း။

၁၆ အချိန်တန်ရရှိခဲ့သည့် ဝိညာဉ်အစာနှင့်ပတ်သက်၍ ထူးခြားသောနမူနာတစ်ခုကို သုံးသပ်ကြည့်ပါ။ ၁၉၃၉ ခုနှစ်တွင် ဥရောပ၌ ဒုတိယကမ္ဘာစစ် စတင်ဖြစ်ပွားခဲ့သည်။ အဆိုပါနှစ်တွင်ပင် နိုဝင်ဘာ ၁ ရက်နေ့ထုတ် ကင်းမျှော်စင်၌ “ကြားနေခြင်း” ဟု ခေါင်းစဉ်တပ်ထားသော ဆောင်းပါးတစ်ပုဒ်ပါလာသည်။ ရှင်းလင်းပြတ်သားစွာ ရေးသားဖော်ပြထားသောကြောင့် ကမ္ဘာတစ်ဝန်းရှိ ယေဟောဝါသက်သေများသည် စစ်မက်ဖြစ်ပွားနေသည့်နိုင်ငံများ၏ လှုပ်ရှားမှုများတွင်မပါဝင်ဘဲ လုံးလုံးကြားနေကြဖို့လိုကြောင်း သဘောပေါက်လာကြ၏။ ယင်းကြောင့် ထိုခြောက်နှစ်ကြာစစ်ပွဲတွင် ပါဝင်တိုက်ခိုက်ခဲ့ကြသည့် နှစ်ဖက်စလုံးမှ အစိုးရများ၏အမျက်ကို သူတို့ခံခဲ့ကြရသည်။ ဘုရားသခင်အပေါ် တည်ကြည်သောသူတို့သည် ပိတ်ပင်ခံရ၊ နှိပ်စက်ညှဉ်းပန်းခံရကြငြား ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ဆက်၍ဟောပြောနေကြသည်။ ၁၉၃၉ ခုနှစ်မှ ၁၉၄၆ ခုနှစ်အထိ သူတို့သည် အံ့သြလောက်အောင် ၁၅၇ ရာခိုင်နှုန်း တိုးတက်လာသည့်ကောင်းချီးကို ခံစားခဲ့ကြရသည်။ ထို့ပြင်၊ အဆိုပါစစ်ပွဲအတွင်း သူတို့သည် ထူးခြားစွာ တည်ကြည်ဖြောင့်မတ်ခဲ့ကြသောကြောင့် စစ်မှန်သောဘာသာကို လူတို့ ခွဲခြားသိမြင်လာနိုင်ခဲ့ကြသည်။—ဟေရှာယ ၂:၂-၄။

၁၇ ယေဟောဝါစီမံပေးတော်မူသည့် ဝိညာဉ်အစာသည် အချိန်တန်အစာဖြစ်ရုံမက အလွန်ကျေနပ်ဖွယ်ကောင်းလှပေသည်။ ဒုတိယကမ္ဘာစစ်အတွင်း နိုင်ငံအများက အကြီးအကျယ်စစ်တိုက်နေကြစဉ် ယေဟောဝါ၏လူမျိုးတော်သည် မိမိတို့ဘေးလွတ်ရေးထက် ပို၍အရေးကြီးသည့်ကိစ္စကို အဓိကထားအာရုံစိုက်ရန် ကူညီပေးခံခဲ့ရသည်။ စကြဝဠာတစ်ခွင် အဓိကအကျဆုံးအရေးကိစ္စမှာ ယေဟောဝါ၏တော်မှန်သော အကြွင်းမဲ့ပိုင်သအုပ်စိုးခွင့်ဖြစ်ကြောင်း သူတို့ကို ယေဟောဝါနားလည်စေတော်မူခဲ့၏။ ယေဟောဝါသက်သေတစ်ဦးချင်းစီသည် မိမိတို့၏တည်ကြည်မှုဖြင့် ယေဟောဝါ၏အကြွင်းမဲ့ပိုင်သအုပ်စိုးခွင့်ကို သံသယကင်းရှင်းစေရေးနှင့် စာတန်သည် မုသာကောင်ဖြစ်ကြောင်း သက်သေထူခွင့်ရရေးတွင် အနည်းအကျဉ်းပါဝင်နိုင်သဖြင့် အလွန် စိတ်ကျေနပ်ကြရသည်တကား! (သု. ၂၇:၁၁) ယေဟောဝါအားသာမက ကိုယ်တော်၏အုပ်ချုပ်နည်းကိုပါ အပုပ်ချသူ စာတန်နှင့်မတူဘဲ ယေဟောဝါအပေါ်တည်ကြည်သူတို့က “[ယေဟောဝါ] သည် နည်းလမ်းတော်ရှိသမျှ၌ ဖြောင့်မတ် ... တော်မူ၏” ဟူ၍ လူအများရှေ့ ဆက်လက်ကြွေးကြော်နေကြပေသည်။—ဆာလံ ၁၄၅:၁၇၊ သမ္မာ။

၁၈။ မကြာသေးမီကပင် အလွန်ကျေနပ်ရောင့်ရဲစေသည့် အချိန်တန်ဝိညာဉ်အစာရခဲ့ခြင်းနှင့်ပတ်သက်၍ အဘယ်နမူနာရှိသနည်း။

၁၈ ကျေနပ်ရောင့်ရဲစေသည့် အချိန်တန်ဝိညာဉ်အစာ၏ အခြားနမူနာတစ်ခုမှာ ၂၀၀၂/၀၃ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း ကျင်းပခဲ့သည့် “ထက်သန်သော [ဘုရားသခင့်]နိုင်ငံတော်ကြွေးကြော်သူများ” ခရိုင်စည်းဝေးကြီး ရာနှင့်ချီတွင် ထုတ်ဝေခဲ့သည့် ယေဟောဝါထံချဉ်းကပ်လော့စာအုပ်ဖြစ်သည်။ “သစ္စာနှင့်သတိပညာရှိသောကျွန်” စီရင်ရေးသားပြီး ယေဟောဝါသက်သေများ ထုတ်ဝေခဲ့သည့် ဤစာအုပ်သည် ဆာလံ ၁၄၅ တွင်ဖော်ပြထားသည့် အရည်အသွေးများအပါအဝင် ယေဟောဝါဘုရားသခင်၏ အံ့ချီးဖွယ်အရည်အသွေးတော်များကို အထူးအာရုံစိုက်စေသည်။ ဤထူးခြားကောင်းမွန်လှသောစာအုပ်သည် ဘုရားသခင်အားတည်ကြည်သူတို့ကို ကိုယ်တော့်ထံ ပို၍နီးကပ်စွာချဉ်းကပ်နိုင်စေဖို့ အရေးကြီးကဏ္ဍမှ ကူညီပေးပါလိမ့်မည်။

ယေဟောဝါထံချဉ်းကပ်ရမည့်အချိန်

၁၉။ အပြီးအပြတ်ပြုလုပ်ရမည့် အဘယ်အချိန် နီးကပ်လာပြီနည်း၊ ယင်းကို ကျွန်ုပ်တို့မည်သို့ ကိုင်တွယ်ဖြေရှင်းနိုင်မည်နည်း။

၁၉ ယေဟောဝါ၏အကြွင်းမဲ့ပိုင်သအုပ်စိုးခွင့်နှင့်ပတ်သက်သည့် အရေးကိစ္စကို အပြီးအပြတ်ဖြေရှင်းရမည့်အဆင့် နီးကပ်လျက်လာနေပြီ။ ယေဇကျေလ အခန်းကြီး ၃၈ တွင် ကြိုဟောထားသည့်အတိုင်း စာတန်သည် “မာဂေါဂပြည်သား ဂေါဂမင်း” အဖြစ် သူ၏အခန်းကဏ္ဍကို မကြာမီ အပြီးဆောင်ရွက်တော့မည်။ ထိုတွင် ယေဟောဝါ၏လူမျိုးတော်ကို ကမ္ဘာချီတိုက်ခိုက်ခြင်း ပါဝင်လိမ့်မည်။ ဘုရားသခင်အားတည်ကြည်သူတို့သည် သူတို့၏ သစ္စာစောင့်သိခြင်းကို ဆက်မထိန်းတော့ဘဲ ချိုးဖျက်လိုက်စေရန် စာတန်မီးကုန်ယမ်းကုန်ကြိုးပမ်းပေလိမ့်မည်။ ထိုအခါ ယေဟောဝါအားဝတ်ပြုသူတို့သည် တစ်ခါနှင့်မျှမတူအောင် ကိုယ်တော့်ထံ အားတက်သရောအကူအညီတောင်းခံဖို့လိုသည်။ ဘုရားသခင်ကို သူတို့ရိုသေခန့်ညားခြင်း၊ ကိုယ်တော်ကို သူတို့ချစ်မြတ်နိုးခြင်းသည် အချည်းနှီးဖြစ်သွားမည်လော။ လုံးဝဖြစ်မည်မဟုတ်၊ အကြောင်းမှာ ဆာလံ ၁၄၅ က ဤသို့ဆိုသည်– “[ယေဟောဝါ] သည် ဟစ်ခေါ်သူအပေါင်း၊ [စစ်မှန်မှု] နှင့်ဟစ်ခေါ်သူအပေါင်းတို့ အနီးအပါး၌ရှိတော်မူ၏။ ကြောက်ရွံ့ရိုသေသောသူတို့၏ အလိုကိုပြည့်စုံစေလျက် မစခြင်းခံရန် သူတို့၏အော်ဟစ်ခြင်းကိုကြား၍ ကယ်လွှတ်တော်မူ၏။ [ယေဟောဝါ] သည် ကိုယ်တော်ကိုချစ်သောသူအပေါင်းတို့အား ကြည့်ရှုစောင်မတော်မူ၏။ ဆိုးသောသူအပေါင်းတို့ကိုမူကား ဖျက်ဆီးတော်မူ၏။”—ဆာလံ ၁၄၅:၁၈-၂၀၊ သမ္မာ။

၂၀။ ဆာလံ ၁၄၅:၁၈-၂၀ ပါစကားများ စစ်မှန်ကြောင်း မည်သို့ထင်ရှားလာသနည်း။

၂၀ ဆိုးယုတ်သောသူရှိရှိသမျှကို ယေဟောဝါဖျက်ဆီးတော်မူသောအခါ ကျွန်ုပ်တို့အနီးတွင်ကိုယ်တော်ရှိကြောင်းသိရပြီး ကိုယ်တော်၏ကယ်တင်နိုင်စွမ်းကို တွေ့မြင်ရသည့်အခါ မည်မျှပီတိဖြာစရာကောင်းလိုက်မည်ဖြစ်ခြင်း! အဆိုပါအရေးကြုံသည့်အခါ ယေဟောဝါသည် “စစ်မှန်မှုနှင့်ဟစ်ခေါ်သူ” တို့၏အော်ဟစ်ခြင်းကိုသာ အမှန်ကြားပေလိမ့်မည်။ သူတော်ကောင်း ယောင်ဆောင်သူတို့၏ ဟစ်ခေါ်သံကို ကိုယ်တော်ဂရုပြုလိမ့်မည်မဟုတ်။ ကိုယ်တော်၏နာမတော်ကို ဆိုးယုတ်သူ အချိန်ကပ်မှဟစ်ခေါ်ခြင်းသည် အချည်းနှီးသာဖြစ်ကြောင်း ကျမ်းစာက ရှင်းရှင်းလင်းလင်းဖော်ပြထားသည်။—သု. ၁:၂၈၊ ၂၉; မိက္ခာ ၃:၄; လုကာ ၁၃:၂၄၊ ၂၅။

၂၁။ ယေဟောဝါအားတည်ကြည်သူတို့သည် မြင့်မြတ်သောနာမတော်ကို နှစ်ထောင်းအားရအသုံးပြုကြကြောင်း မည်သို့ဖော်ပြကြသနည်း။

၂၁ ယေဟောဝါအားကြောက်ရွံ့သူတို့သည် ယခု တစ်ကြိမ်တစ်ခါနှင့်မျှမတူအောင် “စစ်မှန်မှုနှင့် ဟစ်ခေါ်” ရမည့်အချိန်ဖြစ်၏။ ကိုယ်တော်အားတည်ကြည်သူတို့သည် ဆုတောင်းရာတွင်လည်းကောင်း၊ အစည်းအဝေးများ၌ မှတ်ချက်များပေးရာတွင်လည်းကောင်း ကိုယ်တော်၏နာမတော်ကို အသုံးပြုရန် နှစ်ထောင်းအားရဖြစ်ခဲ့ကြသည်။ အချင်းချင်းစကားဝိုင်းဖွဲ့ ပြောဆိုကြသည့်အခါလည်း မြင့်မြတ်သောနာမတော်ကို သူတို့ထည့်ပြောဆိုကြ၏။ ထို့ပြင် လူအများရှေ့ ဓမ္မအမှုဆောင်ချိန်တွင်လည်း ယေဟောဝါ၏နာမတော်ကို သူတို့ရဲရင့်စွာကြေညာကြသည်။—ရောမ ၁၀:၁၀၊ ၁၃-၁၅။

၂၂။ လောကစိတ်သဘောထားများနှင့် လိုအင်ဆန္ဒများကို ဆက်၍ခုခံတွန်းလှန်နေဖို့ အဘယ်ကြောင့်အရေးကြီးသနည်း။

၂၂ ယေဟောဝါဘုရားသခင်နှင့် ရင်းနှီးသောဆက်ဆံရေးရှိခြင်းမှ ကျွန်ုပ်တို့ဆက်လက်အကျိုးခံစားရရန် ဝိညာဉ်ရေးကိုထိခိုက်သည့် ရုပ်ပစ္စည်းလိုက်စားမှု၊ အကျိုးမပေးသည့်ဖျော်ဖြေမှု၊ ခွင့်မလွှတ်တတ်သည့်စိတ်ထား၊ သို့မဟုတ် လိုအပ်နေသူများကို လျစ်လျူရှုခြင်းအစရှိသည်တို့ကို ဆက်၍ခုခံတွန်းလှန်နေရန်လည်း အလွန်အရေးကြီးလှပေသည်။ (၁ ယောဟန် ၂:၁၅-၁၇; ၃:၁၃-၁၇) အကယ်၍ ထိုသို့သောစရိုက်များနှင့် လိုက်စားမှုများကို မပြုပြင်ပါက ယင်းတို့သည် ကြီးလေးသောအပြစ် ကျူးလွန်သောအကျင့်ဖြစ်စေနိုင်ပြီး နောက်ဆုံးတွင် ယေဟောဝါ၏မျက်နှာသာတော် ဆုံးရှုံးရပေလိမ့်မည်။ (၁ ယောဟန် ၂:၁၊ ၂; ၃:၆) ယေဟောဝါအပေါ် ကျွန်ုပ်တို့ဆက်တည်ကြည်နေမှသာ ကျွန်ုပ်တို့ကို ချစ်ခင်ကြင်နာမှု၊ သို့မဟုတ် တည်ကြည်သောမေတ္တာ ဆက်၍ပြတော်မူမည်ဟု စိတ်စွဲမှတ်ထားခြင်းက ပညာရှိလမ်းစဉ်ဖြစ်သည်။—၂ ဓမ္မရာဇဝင် ၂၂:၂၆။

၂၃။ ဘုရားသခင်အပေါ်တည်ကြည်သူအားလုံး အဘယ်ထူးမြတ်သည့်အနာဂတ်ကို စောင့်စားနေကြသနည်း။

၂၃ ထို့ကြောင့်ယေဟောဝါအပေါ်တည်ကြည်သူအားလုံး မျှော်လင့်စောင့်စားနေကြသည့် ထူးမြတ်သောအနာဂတ်ကို အဓိကအာရုံစိုက်ကြပါစို့။ ထိုသို့ပြုခြင်းဖြင့် ယေဟောဝါအား “နေ့တိုင်းအစဉ်” နှင့် “ကာလအစဉ်အဆက်” ကောင်းချီးပေး၍ထောမနာပြုကာ ချီးမြှောက်ကြမည့်သူတို့တွင် ပါဝင်ခွင့်ရသည့် ဝမ်းသာစရာအလားအလာ ရှိပေလိမ့်မည်။ (ဆာလံ ၁၄၅:၁၊ ၂၊ သမ္မာ) ထို့ကြောင့် ကျွန်ုပ်တို့သည် ‘ထာဝရအသက်ရရန် ... ဘုရားသခင်၏ချစ်ခြင်းမေတ္တာ၌ ကိုယ်ကိုစောင့်ရှောက်၍’ နေကြစို့။ (ယုဒ ၂၀၊ ၂၁၊ သမ္မာ) ကိုယ်တော်အားချစ်မြတ်နိုးသူတို့ကို ကိုယ်တော်ပြသသည့် ကြီးမားသောချစ်ခင်ကြင်နာမှုအပါအဝင် ကောင်းကင်ခမည်းတော်၏ ထူးမြတ်သောအရည်အသွေးတော်အကျိုးကို ကျွန်ုပ်တို့ဆက်ခံစားနေကြရစဉ် ကျွန်ုပ်တို့၏သဘောထားသည် ဆာလံ ၁၄၅ ပါ နောက်ဆုံးစကားများတွင် ဒါဝိဒ်ဖော်ပြခဲ့သည့် သဘောထားအတိုင်း အမြဲဖြစ်နေပါလေစေ။ “[ယေဟောဝါ] ကိုချီးမွမ်းလျက် ငါမြွက်ဆိုမည်။ ခပ်သိမ်းသောလူတို့သည် သန့်ရှင်းသောနာမတော်ကို ကမ္ဘာအဆက်ဆက်ကောင်းချီးပေးကြစေ။”—ဆာလံ ၁၄၅:၂၁။

သင်မည်သို့ဖြေဆိုမည်နည်း

• ဆာလံ ၁၄၅ က ဘုရားသခင်အားတည်ကြည်သူတို့ကို မည်သို့ ခွဲခြားသိမြင်စေသနည်း။

• ‘အသက်ရှင်သောသတ္တဝါအပေါင်း’ ကို ယေဟောဝါမည်သို့ ‘ကျေနပ်ရောင့်ရဲ’ စေတော်မူသနည်း။

• ယေဟောဝါထံ ကျွန်ုပ်တို့အဘယ်ကြောင့် ချဉ်းကပ်ဖို့လိုသနည်း။

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

ဘုရားသခင်အားတည်ကြည်သူတို့သည် ကိုယ်တော်၏တန်ခိုးပါသော လုပ်ရပ်များကို အားရဝမ်းသာ ဆွေးနွေးပြောဆိုကြ

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

ယေဟောဝါ၏ကျေးကျွန်များသည် သူစိမ်းများကို ကိုယ်တော်၏မင်းရိုက်ရာ ဘုန်းကျက်သရေအကြောင်းသိရှိစေရန် ရဲရင့်စွာကူညီပေးကြ

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ယေဟောဝါသည် “အသက်ရှင်သောသတ္တဝါအပေါင်း” အတွက် အစားအစာစီမံပေး

[Credit Line]

Animals: Parque de la Naturaleza de Cabárceno

[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]

ယေဟောဝါသည် မိမိထံဆုတောင်း၍ အကူအညီတောင်းခံသော တည်ကြည်သူတို့ကို ခွန်အားနှင့် လမ်းညွှန်မှုပေး

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ