ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၅ ၈/၁ စာ. ၂၁-၂၅
  • “သင်တို့ဆံပင်” ကိုယေဟောဝါ ရေတွက်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “သင်တို့ဆံပင်” ကိုယေဟောဝါ ရေတွက်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • “မကြောက်ကြနှင့်”—အဘယ်ကြောင့်နည်း
  • စာငှက်တစ်ကောင်၏တန်ဖိုး
  • “အကျွန်ုပ်မျက်ရည်တို့ကို ဘူးတော်ထဲမှာ ထည့်တော်မူပါ”
  • ဘုရားသခင်၏ရင်းနှီးသောမိတ်ဆွေ ဖြစ်လာခြင်း
  • ကျွန်ုပ်တို့ကို တန်ဖိုးထားတော်မူသောအရှင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • သင်သည် ဘုရားသခင့်အမြင်တွင် တန်ဖိုးရှိ!
    နိုးလော့!—၂၀၀၁
  • အဘယ်အရာကမျှ “ဘုရားသခင်၏ မေတ္တာတော်နှင့် ငါတို့ကိုမကွာစေနိုင်”
    ယေဟောဝါထံ ချဉ်းကပ်လော့
  • “ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူ၏”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
က၀၅ ၈/၁ စာ. ၂၁-၂၅

“သင်တို့ဆံပင်” ကိုယေဟောဝါ ရေတွက်

“သင်တို့အဘအခွင့်မရှိလျှင် ထိုစာငှက်တစ်ကောင်မျှ မြေသို့မကျရ။ သင်တို့ဆံပင်သည်လည်း အကုန်အစင်ရေတွက်လျက်ရှိ၏။”—မဿဲ ၁၀:၂၉၊ ၃၀။

၁၊ ၂။ (က) မိမိကို ဘုရားသခင် စွန့်ပစ်ထားသည်ဟု အဘယ်ကြောင့် ယောဘခံစားခဲ့ရသနည်း။ (ခ) ယောဘ၏စကားများက ယေဟောဝါအား ဆန့်ကျင်နေခြင်းလော။ ရှင်းပြပါ။

“ကိုယ်တော်အား အကျွန်ုပ်အော်ဟစ်သော်လည်း ကြားတော်မမူ။ အကျွန်ုပ်သည် မတ်တတ်နေသော်လည်း မှတ်တော်မမူ။ အကျွန်ုပ်ကို ကြမ်းတမ်းစွာပြု၍ အားကြီးသောလက်တော်နှင့် ညှဉ်းဆဲတော်မူ၏။” ဤသို့ပြောဆိုသူသည် ကိုယ်စိတ်နှစ်ဖြာ မချိမဆံ့ဝေဒနာခံစားနေရသည်မှာ အံ့အားသင့်စရာမဟုတ်ပေ! သူ၏ဝမ်းစာရှာအလုပ် ဆုံးရှုံးသွားသည်၊ မထင်မမှတ်သောဘေးဒဏ်က သားသမီးများ၏အသက်ကို ခြွေယူသွားသည်၊ ယခု သူသည် အားအင်ကုန်ခန်းစေသောရောဂါ ခံစားနေရရှာသည်။ ထိုသူ၏အမည်မှာ ယောဘဖြစ်သည်၊ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသည့် သူ၏အဖြစ်ကို ကျွန်ုပ်တို့အကျိုးအတွက် သမ္မာကျမ်းစာတွင် မှတ်တမ်းတင်ထား၏။—ယောဘ ၃၀:၂၀၊ ၂၁။

၂ ယောဘ၏အထက်ပါစကားများက ဘုရားသခင်အား ဆန့်ကျင်နေပုံရသော်လည်း အမှန်မှာ ထိုသို့မဟုတ်ပါ။ သူသောကအလွန်ရောက်နေ၍ ထိုသို့ပြောဆိုနေခြင်းသာဖြစ်သည်။ (ယောဘ ၆:၂၊ ၃) မိမိသည် စာတန်ကြောင့် ဆင်းရဲခက်ခဲနေရသည်ကို မသိရှိရာ မိမိကို ဘုရားသခင်စွန့်ပစ်ထားပြီဟု လွဲမှားစွာကောက်ချက်ချခဲ့၏။ တစ်ချိန်တွင် ယေဟောဝါအား ယောဘ ဤသို့ပင်ပြောဆိုခဲ့သည်– “ကိုယ်တော်သည် မျက်နှာတော်ကိုလွှဲ၍ အဘယ်ကြောင့် အကျွန်ုပ်ကို ရန်သူကဲ့သို့ မှတ်တော်မူသနည်း။”a—ယောဘ ၁၃:၂၄။

၃။ ဆင်းရဲခက်ခဲမှုများ ခံစားရသည့်အခါ ကျွန်ုပ်တို့စိတ်တွင် အဘယ်အရာဖြစ်ပေါ်လာနိုင်သနည်း။

၃ ယနေ့ ယေဟောဝါ၏လူများစွာသည် စစ်ပွဲများ၊ နိုင်ငံရေး သို့မဟုတ် လူမှုရေးအပြောင်းအလဲများ၊ သဘာဝဘေးဒဏ်များ၊ အသက်ကြီးရင့်မှု၊ ဖျားနာမှု၊ ဆင်းရဲတွင်းနက်မှုနှင့် အစိုးရပိတ်ပင်မှုများကြောင့် ဆင်းရဲခက်ခဲမှုများကို ခံစားနေရရှာ၏။ အသင်လည်း ဆင်းရဲခက်ခဲမှု တစ်မျိုးမဟုတ်တစ်မျိုး ခံစားနေရပေမည်။ တစ်ခါတစ်ရံ ယေဟောဝါ မျက်နှာတော်လွှဲထားသည်ဟု သင်ယူမှတ်ပေမည်။ ယောဟန် ၃:၁၆ ပါ ဤစကားများကို အသင် ကောင်းစွာသိထား၏– ‘ဘုရားသခင်သည် မိမိ၌တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကသားတို့ကို ချစ်တော်မူ၏။’ သို့တိုင် သင်သည် သက်သာမှုရှိပုံမရ ဆင်းရဲခက်ခဲမှုကြုံနေရသောအခါ ဤသို့မေးလိုပေမည်– ‘ဘုရားသခင် အကျွန်ုပ်ကို အမှန်ပင် ချစ်သလော။ အကျွန်ုပ် ခံစားနေရသည့်အရာကို ကိုယ်တော် သတိပြုသလော။ ကျွန်ုပ်တို့ တစ်ဦးစီကို ကိုယ်တော် ဂရုစိုက်သလော။’

၄။ မပြီးဆုံးနိုင်သည့် အဘယ်အခြေအနေမျိုးကို ပေါလု ခံရပ်ခဲ့ရသနည်း၊ ဤအခြေအနေမျိုးက ကျွန်ုပ်တို့ကို မည်သို့ဖြစ်စေနိုင်သနည်း။

၄ တမန်တော်ပေါလု၏အဖြစ်ကို သုံးသပ်ကြည့်ပါ။ သူက “ငါ့ကိုဒဏ်ခတ်သော စာတန်၏တမန်တည်းဟူသော ငါ့ကိုယ်၌စူးသောဆူးကို ပေးတော်မူ၏။ ထိုဆင်းရဲခြင်းနှင့်ကင်းလွတ်မည်အကြောင်း သုံးကြိမ်မြောက်အောင် သခင်ဘုရားကို ငါဆုတောင်း၍ အသနားတော်ခံ” ၏ဟုရေးသားခဲ့သည်။ သူ၏အသနားခံချက်ကို ယေဟောဝါ ကြားတော်မူ၏။ မည်သို့ပင်ဖြစ်စေ၊ အံ့ဖွယ်နည်းဖြင့် ဖြေရှင်းပေးမည်မဟုတ်ကြောင်း ပေါလုကို သိရှိစေခဲ့သည်။ ယင်းအစား၊ ပေါလုသည် “ကိုယ်၌စူးသောဆူး” နှင့်နပန်းလုံးနိုင်ရန် ဘုရားသခင်၏တန်ခိုးတော်ကို မှီခိုအားထားရလိမ့်မည်။b (၂ ကောရိန္သု ၁၂:၇-၉) ပေါလုနည်းတူ၊ အသင်လည်း မပြီးဆုံးနိုင်သော ဆင်းရဲခက်ခဲမှုတစ်မျိုးမျိုးကို ကြုံတွေ့နေရပေမည်။ ‘အကျွန်ုပ်၏ဆင်းရဲခက်ခဲမှုကို ယေဟောဝါ မဖြေရှင်းပေးနိုင်ခြင်းမှာ ကိုယ်တော်သည် ကျွန်ုပ်၏အခြေအနေကို မသိ၍လော၊ အကျွန်ုပ်ကို ဂရုမစိုက်၍လော’ ဟူ၍ သင်,သိချင်ပေမည်။ အဖြေမှာ လုံးဝမဟုတ်ပါ! သစ္စာရှိကျေးကျွန်တစ်ဦးစီကို ယေဟောဝါ အလွန်ဂရုစိုက်ကြောင်း တမန်တော်များကို ရွေးချယ်ပြီးမကြာမီ ယေရှုမိန့်ဆိုသောစကားက သိသာထင်ရှားစေ၏။ ကိုယ်တော်၏မိန့်ဆိုချက်က ယနေ့ ကျွန်ုပ်တို့အတွက် အားရှိစေနိုင်ပုံကို ကြည့်ကြစို့။

“မကြောက်ကြနှင့်”—အဘယ်ကြောင့်နည်း

၅၊ ၆။ (က) ရှေ့တွင်ကြုံတွေ့ရမည့်အမှုအတွက် ကြောက်ရွံ့ခြင်းမရှိရန် တမန်တော်များကို ယေရှု မည်သို့ကူညီပေးခဲ့သနည်း။ (ခ) ပေါလုသည် မိမိအား ယေဟောဝါဂရုစိုက်သည်ကို ယုံကြည်စိတ်ချကြောင်း မည်သို့ဖော်ပြခဲ့သနည်း။

၅ တမန်တော်များသည် ‘ညစ်ညူးသောနတ်တို့ကို နှင်ထုတ်ခွင့်၊ အနာရောဂါအမျိုးမျိုးတို့ကို ငြိမ်းစေခွင့်’ အပါအဝင် အံ့ဖွယ်တန်ခိုးတော်ကို ယေရှုထံမှ ရရှိခဲ့ကြသည်။ သို့တိုင် ယင်းက သူတို့သည် စမ်းသပ်မှုနှင့်ခက်ခဲမှုများ ဘယ်တော့မှ ကြုံရမည်မဟုတ်ဟု မဆိုလိုပါ။ သို့အစား၊ ယေရှုက သူတို့ကြုံတွေ့ရမည့် အမှုတချို့ကို အသေးစိတ်ဖော်ပြခဲ့သည်။ သို့သော် ကိုယ်တော်သည် သူတို့ကို ဤသို့တိုက်တွန်းခဲ့သည်– “ကိုယ်ခန္ဓာကိုသာသတ်၍ အသက်ဝိညာဉ်ကို မသတ်နိုင်သောသူတို့ကို မကြောက်ကြနှင့်။ ကိုယ်ခန္ဓာနှင့် အသက်ဝိညာဉ်ကို ဂေဟင်္နာ၌ ဖျက်ဆီးနိုင်သူကို သာ၍ကြောက်ကြလော့။”—မဿဲ ၁၀:၁၊ ၁၆-၂၂၊ ၂၈၊ ကဘ။

၆ ကြောက်စရာမလိုသည့်အကြောင်းကို တမန်တော်များ နားလည်သဘောပေါက်နိုင်ရန် ပုံဥပမာနှစ်ခုကို ယေရှုဖော်ပြခဲ့သည်။ ကိုယ်တော်က သူတို့ကို ဤသို့မိန့်ဆိုခဲ့သည်– “စာငှက်နှစ်ကောင်ကို အဿရိတစ်ပြားဖိုးနှင့် ဝယ်ရသည်မဟုတ်လော။ သင်တို့အဘ အခွင့်မရှိလျှင် ထိုစာငှက်တစ်ကောင်မျှ မြေသို့မကျရ။ သင်တို့ဆံပင်သည်လည်း အကုန်အစင်ရေတွက်လျက်ရှိ၏။ ထို့ကြောင့် မကြောက်ကြနှင့်။ သင်တို့သည် စာငှက်အများတို့ထက် သာ၍မြတ်ကြ၏။” (မဿဲ ၁၀:၂၉-၃၁) ကျွန်ုပ်တို့တစ်ဦးစီကို ယေဟောဝါ ဂရုစိုက်ကြောင်း ယုံကြည်စိတ်ချခြင်းနှင့် ဆင်းရဲခက်ခဲမှုကြုံရချိန်တွင် ကြောက်ရွံ့မှုမရှိခြင်းကို ယေရှု ဆက်စပ်ဖော်ပြထားကြောင်း သတိပြုပါ။ တမန်တော်ပေါလုတွင် ထိုသို့သောယုံကြည်စိတ်ချမှုမျိုးရှိမည်မှာ သေချာ၏။ သူက ဤသို့ရေးသားခဲ့သည်– “ဘုရားသခင်သည် ငါတို့ဘက်၌ရှိတော်မှုလျှင် အဘယ်သူသည် ငါတို့တစ်ဖက်၌ နေနိုင်မည်နည်း။ မိမိသားတော်ရင်းကို မနှမြောဘဲ၊ ငါတို့ရှိသမျှအဖို့အလို့ငှာ စွန့်တော်မူသောသူသည် သားတော်နှင့်တကွ ခပ်သိမ်းသောအရာတို့ကို ငါတို့အားမပေးဘဲ အဘယ်သို့နေတော်မူမည်နည်း။” (ရောမ ၈:၃၁၊ ၃၂) အသင်လည်း အဘယ်စိန်ခေါ်ချက်ကိုမဆို ကြုံရပါစေ ယေဟောဝါအပေါ် တည်ကြည်နေသရွေ့ ကိုယ်တော် ဂရုစိုက်မည်ဖြစ်ကြောင်း စိတ်ချနိုင်၏။ တမန်တော်များအား ယေရှုဆုံးမခဲ့သည့်စကားကို အသေးစိတ်ဆန်းစစ်ကြည့်သည့်အခါ ကိုယ်တော်၏ဂရုစိုက်မှု ပို၍ပင်ထင်ရှားပေါ်လွင်လာလိမ့်မည်။

စာငှက်တစ်ကောင်၏တန်ဖိုး

၇၊ ၈။ (က) ယေရှုခေတ်တွင် စာငှက်များကို မည်သို့ရှုမြင်ကြသနည်း။ (ခ) မဿဲ ၁၀:၂၉ တွင် “စာငှက်” နှင့်ပတ်သက်၍ အလွန်သေးနုပ်သည်ဟူသော ဂရိစကားလုံးကို အဘယ်ကြောင့် အသုံးပြုထားသနည်း။

၇ ယေဟောဝါသည် မိမိ၏ကျေးကျွန်တစ်ဦးစီကို ဂရုစိုက်တော်မူကြောင်း ယေရှု၏စကားများက ကွင်းကွင်းကွက်ကွက် ရုပ်လုံးဖော်ပြ၏။ ဦးစွာ စာငှက်များအကြောင်း သုံးသပ်ကြည့်ပါ။ ယေရှုခေတ်တွင် စာငှက်များကို စားကြသည်၊ သို့သော် စာငှက်များသည် ကောက်ပဲသီးနှံများကို ဖျက်ဆီးတတ်ကြရာ ၎င်းတို့ကို အဖျက်ကောင်များဟု ရှုမြင်ကြသည်။ စာငှက်နှစ်ကောင်ဝယ်လျှင် ခေတ်သစ်တန်ဖိုးနှင့် ငွေငါးဆင့်ပင် မရှိသည်အထိ ပေါများလှ၏။ တစ်ဆယ်ဆင့်ဖိုးဝယ်လျှင် စာငှက်လေးကောင်မဟုတ်ဘဲ ငါးကောင်ရနိုင်သည်၊ တန်ဖိုးမရှိသည့်အလား အဆစ်တစ်ကောင် ပိုထည့်ပေးလိုက်ခြင်းဖြစ်သည်!—လုကာ ၁၂:၆။

၈ ထို့ပြင် ဤစာငှက်၏အရွယ်အစားကိုလည်း စဉ်းစားကြည့်ပါ။ တခြားငှက်များစွာနှင့် နှိုင်းယှဉ်ကြည့်သော် အရွယ်ရောက်စာငှက်ပင် အတော့်ကိုသေးငယ်၏။ သို့တိုင် မဿဲ ၁၀:၂၉ ပါ “စာငှက်” ကိုပြန်ဆိုထားသော ဂရိစကားလုံးသည် စာငှက်ငယ်လေးများကို အထူးရည်ညွှန်းနေခြင်းဖြစ်သည်။ ယေရှုသည် အလွန်သေးငယ်ပြီး တန်ဖိုးမရှိသောငှက်တစ်ကောင်ကို တမန်တော်များအား စိတ်ကူးကြည့်စေလိုသည်မှာ ထင်ရှား၏။ ကိုးကားဖော်ပြချက်တစ်ခုအရ “ယေရှုသည် ငှက်အသေးစားတို့တွင်ပင် အလွန်သေးနုပ်သောငှက်ကို အသုံးပြုဖော်ပြသွား၏!”

၉။ ယေရှု၏စာငှက်ပုံဥပမာက အဘယ်လေးနက်သည့်အချက်ကို ဖော်ပြသနည်း။

၉ လူတို့အတွက် တန်ဖိုးမရှိပုံရသောအရာသည် ယေဟောဝါဘုရားသခင်အတွက် အရေးပါကြောင်း ယေရှု၏စာငှက်ပုံဥပမာက အလေးအနက်ဖော်ပြ၏။ ဤအချက်ကို ပိုမိုလေးနက်စေရန် ယေဟောဝါ မသိဘဲ စာငှက်ငယ်လေးတစ်ကောင်သည် ‘မြေသို့ကျ’ မည်မဟုတ်ဟု ယေရှု ထပ်ဆင့်မိန့်ဆိုခဲ့သည်။c နှလုံးသွင်းစရာအချက်မှာ ရှင်းနေပါသည်။ ယေဟောဝါဘုရားသခင်သည် အသေးငယ်ဆုံး၊ တန်ဖိုးအနည်းဆုံးငှက်ကိုပင် အလေးထားလျှင် မိမိ၏အမှုတော် ထမ်းလိုသူတစ်ဦးကို ထိုထက်မက အလေးထားလိမ့်မည်ဖြစ်သည်!

၁၀။ “သင်တို့ဆံပင်သည်လည်း အကုန်အစင်ရေတွက်လျက်ရှိ၏” ဟူသော ဆိုလိုချက်ကား အဘယ်နည်း။

၁၀ ယေရှုသည် စာငှက်ပုံဥပမာအပြင် ဤသို့မိန့်ဆိုသေးသည်– “သင်တို့ဆံပင်သည်လည်း အကုန်အစင်ရေတွက်လျက်ရှိ၏။” (မဿဲ ၁၀:၃၀) တိုတုတ်သော်လည်း လေးနက်သော ဤဖော်ပြချက်သည် ယေရှု၏စာငှက်ပုံဥပမာ ဆိုလိုချက်ကို အကျယ်ချဲ့ဖော်ပြ၏။ ဤသို့သုံးသပ်ကြည့်ပါ– လူတစ်ဦး၏ဆံပင်သည် ပျမ်းမျှအားဖြင့် ၁၀၀,၀၀၀ ခန့်ရှိ၏။ အများအားဖြင့် ဆံချည်တစ်မျှင်နှင့်တစ်မျှင် တူပုံရှိကြရာ ဆံချည်တစ်မျှင်တည်းကို ကျွန်ုပ်တို့ အထူးသတိပြုစရာမလိုချေ။ သို့တိုင် ယေဟောဝါသည် ဆံချည်တစ်မျှင်စီကို သတိပြုပြီး ရေတွက်လျက်ရှိ၏။ သို့ဖြစ်၍ ကျွန်ုပ်တို့အသက်တာနှင့်ပတ်သက်သော အသေးစိတ်အချက်အလက်တစ်ခုခုကို ယေဟောဝါ မသိနိုင်စရာအကြောင်းရှိပါမည်လော။ ကိုယ်တော်သည် ကျေးကျွန်တစ်ဦးစီ၏ပင်ကိုစရိုက်ကို ကောင်းစွာသိရှိ၏။ မှန်ပါသည်၊ “နှလုံးကို” ကိုယ်တော် “ကြည့်ရှု” တော်မူ၏။—၁ ဓမ္မရာဇဝင် ၁၆:၇။

၁၁။ ဒါဝိဒ်သည် မိမိအား ယေဟောဝါဂရုစိုက်သည်ကို ယုံကြည်စိတ်ချကြောင်း မည်သို့ဖော်ပြခဲ့သနည်း။

၁၁ ဆင်းရဲခက်ခဲမှုကြုံခဲ့ရသော ဒါဝိဒ်သည် မိမိကို ယေဟောဝါ ဂရုစိုက်ကြောင်း ယုံကြည်စိတ်ချသည်။ သူဤသို့ရေးသားခဲ့၏– ‘အိုထာဝရဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်ကို စစ်ကြော၍ သိတော်မူ၏။ အကျွန်ုပ်ထိုင်ခြင်း၊ ထခြင်းအရာတို့ကို သိတော်မူ၏။ အကျွန်ုပ်အကြံအစည်တို့ကို အဝေးကပင် နားလည်တော်မူ၏။’ (ဆာလံ ၁၃၉:၁၊ ၂) သင့်ကိုလည်း ယေဟောဝါသိရှိတော်မူကြောင်း စိတ်ချနိုင်ပါသည်။ (ယေရမိ ၁၇:၁၀) အရာခပ်သိမ်းကို သိမြင်နိုင်သော ယေဟောဝါက သင့်ကို သိမှတ်ရန် သင်သည် ပါမွှားမျှသာဖြစ်သည်ဟု အဆောတလျင် မယူမှတ်လိုက်ပါနှင့်!

“အကျွန်ုပ်မျက်ရည်တို့ကို ဘူးတော်ထဲမှာ ထည့်တော်မူပါ”

၁၂။ ယေဟောဝါသည် မိမိ၏လူမျိုး ခံစားနေရသော ဆင်းရဲခက်ခဲမှုများကို ကောင်းစွာသိရှိတော်မူကြောင်း မည်သို့သိနိုင်သနည်း။

၁၂ ယေဟောဝါသည် မိမိ၏ကျေးကျွန်တစ်ဦးစီကို သိရှိရုံမက သူတို့တစ်ဦးချင်း ခံစားနေရသည့် ဆင်းရဲခက်ခဲမှုများကိုပါ ကောင်းစွာသိရှိတော်မူ၏။ ဥပမာ၊ ကျွန်သပေါက်များအဖြစ် ဣသရေလလူတို့ နှိပ်စက်ခံရသည့်အခါ ယေဟောဝါက မောရှေကို ဤသို့မိန့်ဆိုခဲ့သည်– “အဲဂုတ္တုပြည်၌ရှိသော ငါ၏လူတို့ခံရသော ညှဉ်းဆဲခြင်းကို ငါစေ့စေ့မြင်ခဲ့ပြီ။ သူတို့ကို စေခိုင်းသောသခင်တို့ကြောင့် သူတို့မြည်တမ်းသောအသံကိုလည်း ငါကြားခဲ့ပြီ။ သူတို့နာကြည်းခြင်းဝေဒနာကို ငါသိ၏။” (ထွက်မြောက်ရာ ၃:၇) ကျွန်ုပ်တို့ စမ်းသပ်ခံရသည့်အခါ ဖြစ်ပျက်သမျှကို ယေဟောဝါ တွေ့မြင်ပြီး ကျွန်ုပ်တို့အော်ဟစ်သံကို ကြားတော်မူကြောင်း သိရှိရခြင်းသည် အားရှိစရာပင်! ကျွန်ုပ်တို့ခံစားနေရသည့် ဆင်းရဲခက်ခဲမှုကို ကိုယ်တော် လုံးဝဥပေက္ခာမပြုပါ။

၁၃။ ယေဟောဝါသည် မိမိ၏ကျေးကျွန်များခံစားရသကဲ့သို့ အမှန်ပင်ခံစားရကြောင်း အဘယ်အရာက ဖော်ပြသနည်း။

၁၃ ယေဟောဝါနှင့်ဆက်ဆံရေးရှိသူများကို ဂရုစိုက်တော်မူကြောင်း ဣသရေလလူမျိုးအပေါ် ကိုယ်တော် ထားရှိသောသဘောထားတွင် ထပ်မံတွေ့ရှိရ၏။ သူတို့၏မနာခံမှုကြောင့် ဆင်းရဲခက်ခဲမှုခံရသော်လည်း ယေဟောဝါနှင့်ပတ်သက်၍ ဟေရှာယက ဤသို့ရေးသားခဲ့သည်– “သူတို့ခံရသမျှ . . . ဆင်းရဲခြင်းကို ကိုယ်တိုင်ခံရာ ရောက်တော်မူ” ၏။ (ဟေရှာယ ၆၃:၉၊ သမ) ယေဟောဝါ၏သစ္စာရှိကျေးကျွန်တစ်ဦးအနေနှင့် သင်သည် ကိုယ်စိတ်နှစ်ဖြာ နာကျင်သည့်အခါ ယေဟောဝါလည်း နာကျင်ကြောင်း စိတ်ချနိုင်သည်။ ယင်းကြောင့် သင်သည် ဆင်းရဲခက်ခဲမှုကို မကြောက်မရွံ့ ရင်ဆိုင်ပြီး ကိုယ်တော်၏အမှုတော်ကို အတတ်နိုင်ဆုံး ဆက်လုပ်ဆောင်သွားရန် လှုံ့ဆော်ခံရသည်မဟုတ်လော။—၁ ပေတရု ၅:၆၊ ၇။

၁၄။ အဘယ်အခြေအနေများကြောင့် ဆာလံ ၅၆ ကိုသီကုံးရေးဖွဲ့ခဲ့သနည်း။

၁၄ မိမိကို ယေဟောဝါ ဂရုစိုက်ပြီး သနားတော်မူသည်ကို ရှင်ဘုရင်ဒါဝိဒ် ယုံကြည်စိတ်ချခဲ့ကြောင်း ဆာလံ ၅၆ ကဖော်ပြ၏၊ မိမိအား သတ်လိုသူ ရှင်ဘုရင်ရှောလုထံမှ ထွက်ပြေးတိမ်းရှောင်နေစဉ် ယင်းကို သူသီကုံးရေးဖွဲ့ခဲ့၏။ ဂါသမြို့သို့ ဒါဝိဒ် ထွက်ပြေးခဲ့၏၊ သို့သော် ဖိလိတ္တိလူတို့က မိမိကိုမှတ်မိပြီး ဖမ်းဆီးမည်ကို ကြောက်လန့်ခဲ့သည်။ သူဤသို့ရေးသားခဲ့၏– “ရန်သူတို့သည် နေ့တိုင်း ကိုက်စားအံ့သောဒေါသရှိ၍ မြင့်သောစိတ်နှင့် အကျွန်ုပ်ကိုတိုက်သောသူအများ ရှိကြပါ၏။” ဒါဝိဒ်သည် ထိတ်လန့်ဖွယ်အခြေအနေကြောင့် ယေဟောဝါ၌ခိုလှုံခဲ့သည်။ “သူတို့သည် နေ့တိုင်း ငါ့စကားကို အလွဲယူကြ၏။ ငါ၌မကောင်းသောအကြံကိုသာ ကြံစည်ကြ၏” ဟုဒါဝိဒ်ပြောဆိုခဲ့သည်။—ဆာလံ ၅၆:၂၊ ၅။

၁၅။ (က) ဒါဝိဒ်သည် မိမိ၏မျက်ရည်များကို ဘူးတော်ထဲ ထည့်ပေးရန်၊ စာရင်းတော်တွင် ရေးမှတ်ပေးရန် ယေဟောဝါအား တောင်းဆိုသည့်အခါ အဘယ်အရာကို ဆိုလိုခဲ့သနည်း။ (ခ) ကျွန်ုပ်တို့သည် ယုံကြည်ခြင်းစိန်ခေါ်ချက်ကို ရင်ဆိုင်ရသည့်အခါ အဘယ်အရာကို စိတ်ချနိုင်သနည်း။

၁၅ ထို့နောက် ဆာလံ ၅၆:၈ တွင်မှတ်တမ်းတင်ထားသည့်အတိုင်း ဒါဝိဒ်သည် စွဲမက်ဖွယ်ဤစကားများကို ဖော်ပြ၏– “အကျွန်ုပ်သည် အရပ်ရပ်လည်ရသော အခြင်းအရာတို့ကို ကိုယ်တော်မှတ်၍ အကျွန်ုပ်မျက်ရည်တို့ကို ဘူးတော်ထဲမှာ ထည့်တော်မူပါ။ စာရင်းတော်၌ ရှိပါသည်မဟုတ်လော။” ယေဟောဝါ၏ဂရုစိုက်မှုကို ထိမိစွာဖော်ပြလိုက်ခြင်းပင်! ကျွန်ုပ်တို့ ဖိစီးမှုခံရသည့်အခါ မျက်ရည်စက်လက်ဖြင့် ယေဟောဝါထံ အကူအညီတောင်းခံကြပေမည်။ စုံလင်သူ ယေရှုပင် ထိုသို့တောင်းလျှောက်ခဲ့၏။ (ဟေဗြဲ ၅:၇) မိမိကို ဂရုစိုက်ပြီး မိမိ၏မျက်ရည်များကို ဘူးတော်တွင် သိမ်းထားသကဲ့သို့ သို့မဟုတ် စာရင်းတော်တွင် ရေးမှတ်ထားသကဲ့သို့ မိမိ၏ပူပင်သောကကို ယေဟောဝါ အမှတ်ရမည်ဖြစ်ကြောင်း ဒါဝိဒ် ယုံကြည်စိတ်ချခဲ့သည်။ သင်၏မျက်ရည်များသည် ထိုဘူးတော်တွင် အပြည့်နီးပါးရှိမည် သို့မဟုတ် စာရင်းတော်၏စာမျက်နှာပေါင်းများစွာတွင် ရေးမှတ်ထားခံရမည်ဟု သင်ယူမှတ်ပေမည်။ ထိုသို့ဆိုလျှင် နှစ်သိမ့်မှုရနိုင်၏။ သမ္မာကျမ်းစာက ‘ထာဝရဘုရားသခင်သည် ကျိုးပဲ့သောစိတ်ရှိသောသူ၊ နှလုံးကြေကွဲသောသူတို့နှင့် နီးတော်မူ၏။ နောင်တရှိ၍ စိတ်နှိမ့်ချသောသူတို့ကိုလည်း ကယ်တင်တော်မူ၏’ ဟုအာမခံသည်။—ဆာလံ ၃၄:၁၈။

ဘုရားသခင်၏ရင်းနှီးသောမိတ်ဆွေ ဖြစ်လာခြင်း

၁၆၊ ၁၇။ (က) ယေဟောဝါသည် မိမိ၏လူတို့ တွေ့ကြုံနေရသည့် အခက်အခဲများကို ဥပေက္ခာမပြုကြောင်း မည်သို့သိရှိရသနည်း။ (ခ) လူတို့ကို မိမိနှင့်မိတ်သဟာယဖွဲ့ခွင့်ရရှိစေရန် ယေဟောဝါ အဘယ်အရာ ပြုလုပ်တော်မူခဲ့သနည်း။

၁၆ ‘ကျွန်ုပ်တို့၏ဆံပင်ကို’ ယေဟောဝါ ရေတွက်သည်ဟူသောအချက်က ကျွန်ုပ်တို့ဝတ်ပြုကိုးကွယ်ခွင့်ရသည့် ဂရုစိုက်ကြည့်ရှုစောင့်ရှောက်တတ်သော ဘုရားသခင်အား တိုး၍သိရှိစေသည်။ ကိုယ်စိတ်နှစ်ဖြာ ဆင်းရဲဝေဒနာရှိသမျှ ပျောက်ဆုံးသွားစေမည့် ကတိထားရာကမ္ဘာသစ်တိုင်အောင် ကျွန်ုပ်တို့ စောင့်မျှော်နေရကြသော်လည်း ယေဟောဝါသည် မိမိလူမျိုးအတွက် ယခုပင် အံ့ဖွယ်အမှုပြုလုပ်လျက်ရှိသည်။ ဒါဝိဒ်က ဤသို့ရေးသားခဲ့သည်– ‘ထာဝရဘုရားသခင်ကို ကြောက်ရွံ့သောသူတို့သည် ကိုယ်တော်မြတ်နှင့် မိတ်သဟာယဖွဲ့ရသောအခွင့်နှင့် ပဋိညာဉ်တရားတော်ကို သိရသောအခွင့်ရှိကြ၏။’—ဆာလံ ၂၅:၁၄။

၁၇ ‘ထာဝရဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ခြင်း။’ အမှန်မှာ၊ မစုံလင်သောလူသားများအနေနှင့် ယင်းကို စိတ်ကူး၍ပင်မရနိုင်ချေ! သို့တိုင် ယေဟောဝါသည် မိမိအားကြောက်ရွံ့သူများကို မိမိ၏တဲတော်တွင် တည်းခိုကြရန် ဖိတ်ခေါ်တော်မူ၏။ (ဆာလံ ၁၅:၁-၅) ထိုတွင် တည်းခိုသူများကို ယေဟောဝါ မည်သို့ဧည့်ခံသနည်း။ ဒါဝိဒ်၏အဆိုအရ၊ ကိုယ်တော်သည် မိမိ၏ပဋိညာဉ်တရားတော်ကို သူတို့အား သိရှိစေသည်။ ယေဟောဝါသည် ပရောဖက်များအားဖြင့် မိမိ၏ရည်ရွယ်ချက်များကို တည်းခိုသူများအား သိရှိစေပြီး ယင်းနှင့်အညီ အသက်ရှင်နေထိုင်နိုင်ရန် ‘လျှို့ဝှက်ရာ’ ကိုဖော်ပြခဲ့သည်။—အာမုတ် ၃:၇၊ ကဘ။

၁၈။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ကိုယ်တော်နှင့်ရင်းနှီးသောဆက်ဆံရေးရှိစေလိုကြောင်း မည်သို့သိရသနည်း။

၁၈ မစုံလင်သောကျွန်ုပ်တို့လူသားများသည် အမြင့်မြတ်ဆုံး ယေဟောဝါဘုရားသခင်၏ ရင်းနှီးသောမိတ်ဆွေများဖြစ်နိုင်သည်ဟု သိရှိရခြင်းသည် ဝမ်းသာဂုဏ်ယူစရာပင်။ အမှန်ဆိုသော် ကျွန်ုပ်တို့ကို ကိုယ်တော် ထိုသို့ပင်ဖြစ်စေလို၏။ သမ္မာကျမ်းစာက “ဘုရားသခင်၌ ချဉ်းကပ်ကြလော့။ သို့ပြုလျှင် သင်တို့၌ ချဉ်းကပ်တော်မူလိမ့်မည်” ဟုဆို၏။ (ယာကုပ် ၄:၈) ယေဟောဝါသည် ကျွန်ုပ်တို့ကို မိမိနှင့်ရင်းနှီးသောဆက်ဆံရေးရှိစေလိုသည်။ အမှန်စင်စစ် ကိုယ်တော်သည် ဤသို့သောဆက်ဆံရေးမျိုးရှိစေနိုင်ရန် လုပ်ဆောင်ခဲ့ပြီဖြစ်သည်။ ယေရှု၏ရွေးနုတ်ဖိုးပူဇော်ရာယဇ်သည် အတိုင်းအဆမဲ့တန်ခိုးရှင် ဘုရားသခင်နှင့် မိတ်ဆွေဖွဲ့နိုင်ရန် လမ်းဖွင့်ပေးခဲ့ပြီ။ “ဘုရားသခင်သည် ငါတို့ကို ရှေးဦးစွာချစ်တော်မူသောကြောင့် ငါတို့သည် ဘုရားသခင်ကိုချစ်ကြ၏” ဟုသမ္မာကျမ်းစာက ဆိုသည်။—၁ ယောဟန် ၄:၁၉။

၁၉။ ခံနိုင်ရည်သည် ယေဟောဝါနှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးကို မည်သို့ခိုင်မြဲစေနိုင်သနည်း။

၁၉ ခက်ခဲကျပ်တည်းသော အခြေအနေများတွင် ကျွန်ုပ်တို့ ခံနိုင်ရည်ရှိမည်ဆိုလျှင် အဆိုပါရင်းနှီးသောဆက်ဆံရေး ပိုခိုင်မြဲလာ၏။ တပည့်ဖြစ်သူ ယာကုပ်က ဤသို့ရေးသားခဲ့သည်– “သင်တို့သည် ယုတ်လျော့ခြင်းမရှိ၊ ပြည့်ဝစုံလင်စေခြင်းငှာ တည်ကြည်ခြင်းအကျိုးကို စုံလင်ကြစေ။” (ယာကုပ် ၁:၄၊ သမ) ဆင်းရဲခက်ခဲမှုကို ခံရပ်ခြင်းဖြင့် အဘယ် “အကျိုး” ရရှိစေသနည်း။ ပေါလု၏ “ကိုယ်၌စူးသောဆူး” ကိုပြန်သုံးသပ်ကြည့်ပါ။ သူ၏အဖြစ်တွင် ခံနိုင်ရည်က အဘယ်အကျိုးရရှိစေခဲ့သနည်း။ ခံခဲ့ရသောစမ်းသပ်မှုများနှင့်ပတ်သက်၍ ပေါလုက ဤသို့ဆိုသည်– ‘ထိုကြောင့် ခရစ်တော်၏တန်ခိုးသည် ငါ့အပေါ်၌ကျိန်းဝပ်မည်အကြောင်း ငါ့ကိုယ်၌ အားနည်းခြင်းအဖြစ်ကို ဝမ်းမြောက်သောစိတ်နှင့် ဝါကြွားခြင်းငှာ သာ၍ငါအလိုရှိ၏။ သို့ဖြစ်၍ ခရစ်တော်ကြောင့်ခံရသော အားနည်းခြင်း၊ ကဲ့ရဲ့ခြင်း၊ ဆင်းရဲခြင်း၊ ညှဉ်းဆဲနှိပ်စက်ခြင်း၊ ကျပ်တည်းစွာသော ဆင်းရဲဝေဒနာခံခြင်းတို့ကို ငါနှစ်သက်၏။ အကြောင်းမူကား၊ ငါသည် အားနည်းသောအခါ တန်ခိုးနှင့်ပြည့်စုံလျက်ရှိ၏။’ (၂ ကောရိန္သု ၁၂:၉၊ ၁၀) ခံနိုင်ရည်ရှိရန် လိုအပ်မည်ဆိုလျှင် “သာမန်ထက်ထူးကဲသောတန်ခိုး” ကိုယေဟောဝါ ပေးမည်ဖြစ်ကြောင်း ပေါလုသိရှိခဲ့သည်။ ၎င်းက သူ့အား ခရစ်တော်နှင့် ယေဟောဝါဘုရားသခင်တို့ထံ သာ၍ချဉ်းကပ်စေမည်ဖြစ်သည်။—၂ ကောရိန္သု ၄:၇၊ ကဘ; ဖိလိပ္ပိ ၄:၁၁-၁၃။

၂၀။ ဆင်းရဲခက်ခဲမှုခံရစဉ် ကျွန်ုပ်တို့ကို ယေဟောဝါ ထောက်ပံ့ကူညီပြီး နှစ်သိမ့်ပေးမည်ဖြစ်ကြောင်း မည်သို့စိတ်ချနိုင်သနည်း။

၂၀ ယေဟောဝါသည် သင့်အပေါ် စမ်းသပ်မှုများ ကျရောက်နေစေပေမည်။ သို့ဆိုလျှင် ကိုယ်တော်အား ကြောက်ရွံ့သူများကိုပေးသည့် ဤကတိတော်ကို စိတ်ထဲစွဲမှတ်ထားပါ– “ငါသည် သင့်ကိုမစွန့်၊ သင့်ကို အလျှင်းပစ်၍မထား။” (ဟေဗြဲ ၁၃:၅) ဤသို့သောထောက်ပံ့မှုနှင့် နှစ်သိမ့်မှုကို သင်တို့ရနိုင်သည်။ ယေဟောဝါသည် “သင်တို့ဆံပင်” ကိုရေတွက်ထားသည်။ ကိုယ်တော်သည် သင်တို့၏ခံနိုင်ရည်ကို တွေ့မြင်တော်မူ၏။ သင်တို့၏နာကျင်မှုကို ခံစားရ၏။ သင်တို့ကို အမှန်ပင် ဂရုစိုက်တော်မူ၏။ ထို့ပြင် “သင်တို့၏အလုပ်မှစ၍ နာမတော်ကိုထောက်၍ပြသော သင်တို့၏မေတ္တာကို” ဘယ်တော့မျှ မေ့လျော့တော်မူမည်မဟုတ်ချေ။—ဟေဗြဲ ၆:၁၀၊ ကဘ။

[အောက်ခြေမှတ်ချက်များ]

a ဖြောင့်မတ်သောဒါဝိဒ်နှင့် ကောရ၏သစ္စာရှိသားများသည်လည်း ထိုသို့ပင်ပြောဆိုခဲ့ဖူးသည်။—ဆာလံ ၁၀:၁; ၄၄:၂၄။

b ပေါလု၏ “ကိုယ်၌စူးသောဆူး” ကိုသမ္မာကျမ်းစာက အတိအကျ မဖော်ပြထားချေ။ ယင်းက မျက်စိမှုန်ခြင်းဖြစ်နိုင်သည်။ သို့မဟုတ် “ကိုယ်၌စူးသောဆူး” ဟူသော အသုံးအနှုန်းသည် ပေါလု၏တမန်တော်ဖြစ်မှု၊ ဓမ္မအမှုတို့ကို လက်မခံခဲ့ကြသည့် တမန်တော်အတုအယောင်များနှင့် တခြားသူများကို ရည်ညွှန်းနိုင်၏။—၂ ကောရိန္သု ၁၁:၆၊ ၁၃-၁၅; ဂလာတိ ၄:၁၅; ၆:၁၁။

c မြေပေါ်သို့ စာငှက်ကျသွားခြင်းသည် သေဆုံး၍ ကျခြင်းကိုသာမဆိုလိုဟု ကျမ်းပညာရှင်အချို့ကဆိုသည်။ မူရင်းဘာသာစကားအရ ငှက်သည် အစာရှာရန် မြေပေါ်သို့ ထိုးဆင်းခြင်းကို ရည်ညွှန်းနိုင်သည်ဟု ဆိုကြသည်။ ဤသို့ဖြစ်မည်ဆိုလျှင် စာငှက်သေဆုံးချိန်ကိုသာမက ၎င်း၏နေ့စဉ်လှုပ်ရှားမှုများကိုပါ ဘုရားသခင် သတိပြုပြီး ဂရုစိုက်တော်မူသည်ဟု ဆိုလိုရာရောက်၏။—မဿဲ ၆:၂၆။

သင်မှတ်မိသလော

• ဘုရားသခင်၏စွန့်ပစ်ခြင်းကိုခံရသည်ဟု အဘယ်အချက်များက လူတစ်ဦးအား ယူမှတ်စေနိုင်သနည်း။

• ယေရှု၏စာငှက်ပုံဥပမာနှင့် ကျွန်ုပ်တို့ဆံပင်ကိုရေတွက်ခြင်းပုံဥပမာတို့မှ အဘယ်သင်ခန်းစာရရှိသနည်း။

• လူတစ်ဦး၏မျက်ရည်များကို ယေဟောဝါ၏ “ဘူးတော်” တွင်ထည့်ခြင်း သို့မဟုတ် “စာရင်းတော်” တွင်မှတ်သားထားခြင်းဟူသည် အဘယ်အရာကို ဆိုလိုသနည်း။

• ကျွန်ုပ်တို့သည် မည်သို့ ‘ထာဝရဘုရားသခင်နှင့် မိတ်သဟာယဖွဲ့’ နိုင်ကြသနည်း။

[စာမျက်နှာ ၂၂ ပါ ရုပ်ပုံ]

ယေဟောဝါသည် ပေါလု၏ “ကိုယ်၌စူးသောဆူး” ကိုအဘယ်ကြောင့် ဖယ်ရှားမပေးခဲ့သနည်း

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

ယေရှု၏စာငှက်ပုံဥပမာမှ အဘယ်သင်ခန်းစာ ရရှိနိုင်သနည်း

[Credit Line]

© J. Heidecker/VIREO

[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]

သမ္မာကျမ်းစာကို မှန်မှန်ဖတ်ခြင်းအားဖြင့် ကျွန်ုပ်တို့တစ်ဦးစီကို ဘုရားသခင် ဂရုစိုက်ကြောင်း ယုံကြည်စိတ်ချနိုင်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ