လူငယ်များ—သင်သည်ခရစ်ယာန်သစ္စာစောင့်သိမှု စမ်းသပ်ချက်ကိုအောင်မြင်မည်လော
“သင့်အနေနှင့်အကျင့်ယိုယွင်းမှုကို သစ္စာပျက်တယ်လို့ မယူမှတ်ဘူး။ အပျော်သက်သက်သဘောပါပဲ။ မှန်ပါတယ်၊ ကိုယ့်မိဘတွေ ဒါမှမဟုတ် အကြီးအကဲတွေက အဲ့ဒါကိုသိရှိသွားရင် နှလုံးကြေကွဲမှုနဲ့ ပြဿနာအများကြီးပေါ်လာနိုင်တယ်ဆိုတာသိပါတယ်။ ဒါပေမယ့်သင်ပျော်ပါးနေတဲ့အချိန်မှာ အဲ့ဒီအတွေးတွေအားလုံးကို ပိတ်ဆို့လိုက်တယ်။”
ဖော်ပြပါလူငယ်သည် တိတ်တဆိတ်မတရားမေထုန် ပြုလုပ်လျက်ရှိသည်။ သူသည်နှစ်ဘဝစံဖြစ်ပြီး သူ၏မိဘများနှင့် ခရစ်ယာန်အသင်းတော်ကို လှည့်စားနေသည်။ သူသည်ခရစ်ယာန်သစ္စာစောင့်သိမှု စမ်းသပ်ချက်ကို ရှုံးနိမ့်နေကြောင်း ထိုအချိန်တွင် စိုးစဉ်းမျှသူမသိရှိချေ။
ထောင်ပေါင်းများစွာသော ခရစ်ယာန်လူငယ်များသည် အလားတူသစ္စာစောင့်သိခြင်း စမ်းသပ်မှုကို ရှုံးနိမ့်နေကြသည်။ အံ့သြဖွယ်လော။ စာတန်မာရ်နတ်သည် ဘုရားလူမျိုးနှင့် ‘စစ်တိုက်’ နေ၍ သူတို့၏တည်ကြည်မှုကို ချိုးဖျက်ရန်အတတ်နိုင်ဆုံး သူကြိုးပမ်းနေသည်မဟုတ်ပါလော။ (ဗျာဒိတ် ၁၂:၁၇) အထူးသဖြင့် လူငယ်များကိုသူ “ပရိယာယ်” ၏ပစ်မှတ်အဖြစ် ထားရှိသည်။ (ဧဖက် ၆:၁၁) ထို့ကြောင့်သစ္စာရှိရှိရပ်တည်ရန် တကယ့်အားထုတ်မှုနှင့် စိတ်ခိုင်မာမှုလိုအပ်သည်။
သစ္စာစောင့်သိမှုကားအဘယ်နည်း။ ဟေဗြဲကျမ်းစောင်များတွင် “သစ္စာစောင့်သိခြင်း” အတွက်မူရင်းစကားလုံးသည် ရည်ရွယ်ချက်တစ်ခုဖြင့် သူတစ်ဦးအပေါ်မေတ္တာနှင့်စွဲကပ်ခြင်းဟု ဖော်ပြထားသည်။ (ဆာလံ ၁၈:၂၅) ယင်းသည်လွယ်လွယ်နှင့်ကျိုးပြတ်နိုင်သော အားနည်းသောနှောင်ကြိုးမဟုတ်ပဲ ထိုသူနှင့်စပ်လျဉ်း၍ ရည်ရွယ်ချက်သည် ပြီးမြောက်သွားသည့်အထိ စွဲကပ်နေခြင်းကိုရည်ညွှန်းသည်။ ဂရိကျမ်းစောင်များတွင် “သစ္စာစောင့်သိခြင်း” စကားလုံးအတွက် မူရင်းစကားလုံးမှာ သန့်ရှင်းခြင်း၊ ဖြောင့်မတ်ခြင်း သို့မဟုတ် ကိုင်းရှိုင်းခြင်းဟူသည့်အဓိပ္ပာယ်ဆောင်သည်။
ထို့ကြောင့်သစ္စာစောင့်သိခြင်းသည် ဘုရားရှင်နှင့်မှန်ကန်သော ဆက်ဆံရေးပါဝင်သည်။ ဧဖက် ၄:၂၄ ကကျွန်ုပ်တို့အား “မှန်သောဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်းပါရမီအားဖြင့် . . . ဖန်ဆင်းသောလူသစ်ကို ယူတင်ဝတ်ဆောင်” လော့ဟုဆိုထားသည်။ သင်သည်ယေဟောဝါအား သစ္စာစောင့်သိလိုပါသလော။ သို့ဖြစ်လျှင်သင်သည် ကိုယ်တော်ထံသစ္စာရှိရှိစွဲကပ်ခြင်း၊ မပြတ်နိုင်သောနှောင်ကြိုးနှင့် သင်၏လမ်းစဉ်အားလုံးတွင် ကိုယ်တော်၏စိတ်တော်နှင့်တွေ့စေရန် ပိုင်းဖြတ်ထားရမည်။ သင်သည်ထိုသို့မပြုရန် မည်သို့သွေးဆောင်ခံရစေကာမူ ယေဟောဝါ၏ဖြောင့်မတ်သောမူများကို စွဲကိုင်ရမည်။
သစ္စာမဲ့ရန်ဖိအား
ချီးမွမ်းဖွယ်မှာ ယေဟောဝါသက်သေအတွင်းရှိ လူငယ်အများသည် သစ္စာစောင့်သိရန် ကြိုးပမ်းကြပြီး ရလဒ်အဖြစ်ကြည်လင်သောသြတ္တပ္ပစိတ်ကိုသူတို့ရရှိကြသည်။ သို့ပင်ငြားလည်းပေါလုက “နောက်ဆုံးကာလ” တွင် သစ္စာမဲ့ခြင်းသည်လူအများ၏လက္ခဏာဖြစ်မည့်အကြောင်း ပရောဖက်ပြုခဲ့သည်။ (၂တိမောသေ ၃:၁၊ ၂) ကြေကွဲဖွယ်ကား၊ အချို့ခရစ်ယာန်လူငယ်များသည် ဤသစ္စာမဲ့လောက၏ ‘ပုံသွင်းခြင်းကို’ ကိုခွင့်ပြုခဲ့ကြသည်။ (ရောမ ၁၂:၂၊ Phillips) ယင်းကိုစာတန်မည်သို့ စွမ်းဆောင်နိုင်ခဲ့သနည်း။
အပေါင်းအသင်းများ၏ဖိအားပေးမှုသည် စာတန်၏ထိရောက်သောလက်နက်တစ်ခုဖြစ်သည်။ လူအများသည် အခြားသူများ၏အကောင်းထင်မြင်ခံရခြင်းကို လိုလားကြပြီး၊ ဤဓမ္မတာဆန္ဒအပေါ် မည်သို့လုပ်ဆောင်ရမည်ကို စာတန်သိလေသည်။ သာမန်အဖြစ်ရှုမြင်ခံလို၍ အချို့ခရစ်ယာန်လူငယ်များသည် မလျော်ကန်သောစကားဝိုင်းဖွဲ့ခြင်း၊ အကျင့်ပျက်ပြားခြင်း၊ ဆေးလိပ်သောက်ခြင်း၊ သောက်ကြူးခြင်းနှင့်မူးယစ်ဆေးဝါးများကိုပင် သုံးစွဲကြသည်။ သူတို့အပေါင်းအသင်းများ၏ လက်ခံမှုရရှိရန်အတွက် ထိုသို့ပြုလုပ်ကြသည်။
စာတန်သည်ကျွန်ုပ်တို့အား ‘ကိုယ်ကာယ၏အလိုသို့လည်းကောင်း၊ စိတ်၏အလိုသို့လည်းကောင်းလိုက်’ စေလိုသည်။ (ဧဖက် ၂:၃) လူငယ်တစ်ဦးသည် ‘အရွယ်ရောက်’ သည့်အခါ လိင်ဆိုင်ရာအာသီသသည် မည်မျှဆွဲအားပြင်းထန်ကြောင်းကို သူသိသည်။ (၁ ကောရိန္သု ၇:၃၆) သူသည်သင့်အား ထိုဆန္ဒများအောက်အညံ့ခံစေလိုသည်။ အချို့ခရစ်ယာန်လူငယ်များသည် အပြာစာအုပ်များ၊ ရုပ်ရှင်များနှင့်ဗွီဒီယို သို့မဟုတ် တစ်ကိုယ်ရေကာမစိတ်ဖြေခြင်းအကျင့်များကြောင့် အမှတ်မဲ့သူ့လက်ထဲရောက်သွားခဲ့သည်။ ယင်းတို့သည်အများအားဖြင့် ကြီးလေးသောသစ္စာမဲ့လုပ်ရပ်များသို့ ဦးတည်စေသည်။ ဤကိစ္စရပ်အချို့ကြောင့် စာတန်၏လောကသည်သင့်အားယင်း၏ပုံသဏ္ဌာန်အတိုင်း ‘ပုံသွင်း’ ခဲ့ပြီလော။
နှစ်ဘဝစံအသက်တာ
မတရားမေထုန်ကဲ့သို့သော အပြစ်ကြီးကျူးလွန်ခြင်းသည် အလွန်ကြီးလေးသော်လည်း အချို့လူငယ်များသည် သူတို့၏အခက်အခဲများကို ဖုံးကွယ်ထားကြသည်။ သူတို့သည်ဆာလံ ၂၆:၄ တွင်ဖော်ပြသည့်အတိုင်း “လျှို့ဝှက်” သော “လိမ်လည်သူ” များနှင့်တူသည်။ (သမ္မာကျမ်း) ထိုသို့သောလူငယ်များသည် နှစ်ဘဝစံဖြစ်ပြီး၊ သူတို့၏မိဘများ သို့မဟုတ် အခြားဝါရင့်သူများ အသိုင်းအဝိုင်းတွင်တစ်မျိုး၊ သူတို့၏အပေါင်းအသင်းများရှေ့တွင်တစ်မျိုး ပြုမူသည်။
သို့သော်နှစ်ဘဝစံသည် ကိုယ့်ကိုယ်ကိုရှုံးနိမ့်စေ၍ အန္တရာယ်ဖြစ်သည်။ မှားယွင်းသောလုပ်ရပ်ကိုမတားဆီးလျှင် အခြားအမှားများကို အမြဲဦးတည်လေ့ရှိသည်။ ပထမပိုင်းတွင် မိမိ၏သြတ္တပ္ပစိတ်သည် နှောင့်ယှက်ခံရမည်ဖြစ်သော်လည်း အမှားကိုဆက်လုပ်လေလေ၊ မိမိ၏သြတ္တပ္ပစိတ်သည် တုံ့ပြန်မှုနည်းလာလေလေဖြစ်သည်။ မှားယွင်းမှုများလုပ်သောအခါ မိမိသည်စာသားအရ ‘နာကျင်ခြင်းခံစားရမှုရပ်ဆိုင်း’ သွားမည်။—ဧဖက် ၄:၁၉၊ Kingdom Interlinear.
ဤအဆင့်တွင် မိမိ၏အပြစ်ကိုဝန်ချရန်နှင့် အကူအညီရယူရန် အလွန်ခက်လာသည်။ အထူးသဖြင့်အခြားခရစ်ယာန်လူငယ်များသည် မှားယွင်းမှုတွင်ပတ်သက်နေသောအခါတွင်ဖြစ်သည်။ အများအားဖြင့် လွဲမှားနေသောသစ္စာစောင့်သိမှုကို တင်ပြကြသည်။ အစပိုင်းတွင်ကိုးကားခဲ့သောလူငယ်က “ကိုယ်ဘာလုပ်နေတယ်ဆိုတာကိုယ်သိပြီး အဲ့ဒါမှားတယ်ဆိုတာလည်းသိတယ်။ တစ်ခြားပတ်သက်နေတဲ့သူတွေ ဒုက္ခမရောက်ရအောင်ဆိုပြီး ဘယ်သူ့ကိုမှမပြောပြဘူးလို့ ကိုယ်သဘောတူထားတယ်” ဟုရှင်းပြသည်။
သို့သော်တစ်ဦးသည် မိဘများ သို့မဟုတ် အသင်းတော်မှ ‘မိမိဘာဖြစ်သည်ကိုလျှို့ဝှက်’ ထားနိုင်သော်လည်း ယေဟောဝါထံမှမူ ဖုံးကွယ်၍မရချေ။ “ငါ့ကိုစစ်ကြောစီရင်တော်မူသောသူရှေ့၌ မထင်ရှားသောအရာ တစ်စုံတစ်ခုမျှမရှိ။ ခပ်သိမ်းသောအရာတို့သည် အကွယ်အကာမရှိဘဲ မျက်မှောက်တော်၌ လှန်ထားလျက်ရှိကြ၏။” (ဟေဗြဲ ၄:၁၃) သမ္မာကျမ်းစာက “မိမိအပြစ်ကိုဝှက်ထားသောသူသည် ချမ်းသာမရ” ဟုအခိုင်အမာတင်ပြထားသည်။ (သု၊ ၂၈:၁၃) အချိန်တန်လျှင် မှားယွင်းမှုပေါ်လာမည်။ လူတစ်ဦးသည် ယေဟောဝါထက်ပို၍မတော်နိုင်ချေ။ သု၊ ၃:၇ က “ငါသည်ပညာရှိ၏ဟု ကိုယ်ကိုမထင်နှင့်။ [ယေဟောဝါ] ကိုကြောက်ရွံ့၍ ဒုစရိုက်ကိုရှောင်လော့” ဟုဆိုထားသည်။ “[ယေဟောဝါ] ၏မျက်စိတော်သည် ခပ်သိမ်းသောအရပ်၌ရှိ၍ ကောင်းမကောင်းကိုကြည့်ရှုတော်မူ၏” ဟုဆိုထားကြောင်းကိုလည်းသတိရပါ။—သု၊ ၁၅:၃။
အစပိုင်းကဖော်ပြခဲ့သောလူငယ်နှင့် လျှို့ဝှက်အမှားတွင်ပတ်သက်ခဲ့သော အခြားသူများကိုတွေ့ရှိပြီးနောက် ခရစ်ယာန်အသင်းတော်မှ နှင်ထုတ်ခဲ့ရသည်။ နောက်ပိုင်းတွင်သူတို့သည် ဝိညာဉ်ရေးအရပြန်လည်ကောင်းလာပြီး ပြန်လက်ခံခဲ့သည်။ သို့ပင်ငြားလည်း သစ္စာစောင့်သိမှုအဓိပ္ပာယ်ကို မည်မျှနာကျည်းစွာသင်ယူခဲ့ရပါသည်တကား။
ဘုရားရှင်နှင့် “ကောက်သောအရာကို ဖြောင့်စေလော့”
လူတစ်ဦးသည်မှားယွင်းမှုကိုကျူးလွန်မိ၍ သစ္စာပျက်ခဲ့ပြီးဖြစ်လျှင်ကောမည်သို့နည်း။ ပြုပြင်ရန်ငြင်းဆန်ပြီး ကိုယ့်ကိုကိုယ်လှည့်စားရန် လွယ်ကူလေသည်။ မတရားမေထုန်ကိုတိတ်တဆိတ်ကျူးလွန်ခဲ့သော လူငယ်တစ်ဦးက “ကျွန်တော်ဟာလယ်ကွင်းအမှုဆောင်ခြင်းကိုတိုးမြှင့်လိုက်တယ်။ အဲ့ဒီလိုလုပ်ရင် မှားယွင်းခဲ့တာကိုဖုံးအုပ်လိမ့်မယ်လို့ ယူမှတ်ခဲ့မိတယ်” ဟုဆိုလေသည်။ ထင်ရာစိုင်းသောဣသရေလလူမျိုးသည် အလားတူပင် ယေဟောဝါအား ပူဇော်သက္ကာများအားဖြင့် ကျေအေးစေရန်ကြိုးစားခဲ့သည်။ သို့သော်ယေဟောဝါသည် ထိုသို့သောဟန်ဆောင်ဝတ်ပြုမှုကို ငြင်းပယ်ခဲ့သည်။ ကိုယ်တော်ကသူတို့အား “ကိုယ်ကိုကိုယ်ဆေးကြောကြလော့။ ကိုယ်ကိုကိုယ်စင်ကြယ်စေကြလော့။ သင်တို့ဒုစရိုက်များကို ငါ့မျက်မှောက်မှပယ်ရှားကြလော့။ မကောင်းသောအကျင့်ကို ဖြတ်ကြလော့” ဟုတိုက်တွန်းလေသည်။ ‘သူတို့သည်ကောက်သောအရာကို ဖြောင့်စေ’ ပြီးနောက်မှသာ ယေဟောဝါသည်သူတို့၏ ပူဇော်သက္ကာကိုလက်ခံတော်မူမည်။ မှားယွင်းမှုတွင် ပတ်သက်သူမည်သူမဆိုသည် ယနေ့တွင်လည်းအလားတူပင်ဖြစ်သည်။—ဟေရှာယ ၁:၁၁၊ ၁၅-၁၈။
လူတစ်ဦးသည် အပေါင်းအသင်းထံရင်ဖွင့်ရုံနှင့် ဖြစ်ရပ်များကိုယေဟောဝါ တည့်မတ်စေမည်မဟုတ်ချေ။ တစ်ခုအနေနှင့် အပေါင်းအသင်းများသည် အကောင်းဆုံးအကူအညီကို အစဉ်ပေးသည်မဟုတ်။ သူတို့သည်ထပ်တူပင် ဘဝတွင်အတွေ့အကြုံနည်းသောကြောင့်ဖြစ်သည်။ ပို၍အရေးကြီးသည်မှာ၊ သူတို့သည်သင်၏အပြစ်ကို ခွင့်မလွှတ်နိုင်ချေ။ ဘုရားရှင်သာထို့သို့ပြုနိုင်သည်။ ထို့ကြောင့်ကိုယ်တော်ထံသင်၏ “နှလုံးကိုဖွင့်” ၍ဝန်ချပါလေ။ (ဆာလံ ၆၂:၈) သင်သည်သင်၏အပြုအမူကို လွန်စွာရှက်မည်ဖြစ်သော်လည်း ယေဟောဝါသည် ‘အထူးသဖြင့်အပြစ်ကိုလွှတ်တော်မူ” ကြောင်းစိတ်ချပါ။—ဟေရှာယ ၅၅:၇။
သင်သည်ထပ်ဆင့်အကူအညီလိုပေမည်။ “သင့်မိဘများ၊ အကြီးအကဲများကို အစကတည်းမှပေးသိပါ” ဟုထိုသို့ကူညီမှုမှအကျိုးခံစားရသူ ခရစ်ယာန်လူငယ်တစ်ဦးက တိုက်တွန်းခဲ့သည်။ မှန်ပါသည်၊ သင့်မိဘများသည် သင့်အားကူညီပေးရန် အကောင်းဆုံးအနေအထားတွင် ရှိနိုင်ဖွယ်ရှိသည်။ “သင့်နှလုံး” ကိုသူတို့အားပေး၍ သင့်ပြဿနာအပြည့်အစုံကို သူတို့အားပေးသိပါ။ (သု၊ ၂၃:၂၆) လိုအပ်လျှင် အသင်းတော်အကြီးအကဲများထံမှ ထပ်ဆင့်အကူအညီများရရန် သူတို့စီစဉ်ပေးနိုင်ပါသည်။—ယာကုပ် ၅:၁၄၊ ၁၅။
စစ်မှန်သောသစ္စာစောင့်သိမှုကိုတင်ပြခြင်း—မည်သို့နည်း
မှန်ပါသည်၊ အစကတည်းမှ သစ္စာမဲ့ပြုမူခြင်းထဲ ဘယ်တော့မှမကျဆင်းခြင်းသည် အကောင်းဆုံးဖြစ်သည်။ ဆာလံ ၁၈:၂၅ ကဆိုထားသည်။ “သနားတတ်သောသူအားကိုယ်တော် [ယေဟောဝါ] သည်သနားခြင်း . . . ဖြောင့်မတ်သောသူအား ဖြောင့်မတ်ခြင်း” နှင့်ဆက်ဆံလေသည်။ ယေဟောဝါသည် မြင့်မားသောအကျင့်စံချိန်ကို ထိန်းသိမ်းထားသူများအား ကြွယ်ဝစွာကောင်းချီးပေးတော်မူ၏။
သို့သော်သင့်သစ္စာစောင့်သိမှုကိုစမ်းသပ်သော အခြားနည်းလမ်းများရှိပါသည်။ ဥပမာ၊ သင့်မိတ်ဆွေတစ်ဦးသည် ထင်ရာစိုင်းသည့်လမ်းစဉ် စတင်လိုက်လျှောက်ပေမည်။ သင်သည် ထိုမိတ်ဆွေအပေါ်သင်၏လွဲမှားနေသော သစ္စာစောင့်သိမှုကို ယေဟောဝါအားသစ္စာစောင့်သိခြင်းအပေါ် ဖုံးလွှမ်းစေမည်လော။ မေတ္တာပါသောလုပ်ရပ်မှာ ထိုမိတ်ဆွေအားချဉ်းကပ်၍ သူ၏မိဘ သို့မဟုတ် အကြီးအကဲများထံ အကြောင်းကြားရန် တိုက်တွန်းခြင်းပင်ဖြစ်သည်။ သူ သို့မဟုတ် သူမသည် အချိန်အတော်အသင့်အတွင်း အကြောင်းမကြားလျှင် သင်ကိုယ်တိုင်သွားပြောရလိမ့်မည်ဖြစ်ကြောင်း သင့်မိတ်ဆွေအားပြောပြပါ။ သု၊ ၂၇:၅ က “ထင်ရှားစွာဆုံးမပြစ်တင်ခြင်းသည် တိတ်ဆိတ်စွာချစ်ခြင်းထက် သာ၍ကောင်း၏” ဟုဆိုထားသည်။ ဤကဲ့သို့သင့်မိတ်ဆွေကိုထောက်မခြင်းဖြင့် သင်၏မိတ်ဆွေပီသမှုကိုသာမကဘဲ ယေဟောဝါထံသင်၏နက်ရှိုင်းသော သစ္စာစောင့်သိမှုကိုလည်း သင်တင်ပြလေသည်။
စမ်းသပ်မှုသည်မည်သို့ပင်ဖြစ်စေ သစ္စာစောင့်သိရန်ခွန်အားသည် ယေဟောဝါနှင့်ခိုင်မာသောနှစ်ကိုယ်ကြားဆက်ဆံရေးမှ ပေါက်ဖွားလာသည်။ ကျွန်ုပ်တို့သည်ထိုသို့သော ဆက်ဆံရေးကို ခံစားရဖို့ဆိုလျှင် အဓိပ္ပာယ်ပါသောဆုတောင်းချက်၊ ကြိုးကြိုးစားစားနှင့် ကိုယ်ပိုင်လေ့လာမှုလိုအပ်သည်။ စိတ်ဝင်စားဖွယ်ကား၊ စောစောပိုင်းကဖော်ပြခဲ့သည့် မှားယွင်းခဲ့သော လူငယ်အားလုံးက သူတို့၏ဆုတောင်းခြင်းနှင့်ကိုယ်ပိုင်လေ့လာမှုသည် ထုံးစံသဘောဖြစ်လာပြီး၊ နောက်ဆုံးတွင်မရှိတော့ချေ။ ယေဟောဝါသည်သူတို့အတွက် တကယ့်ပုဂ္ဂိုလ်မဟုတ်တော့ဘဲ မကြာမီမသန့်ရှင်းသောအကျင့်များ လိုက်ပါလေသည်။ သင်သည်ဆုတောင်းခြင်း၊ ကိုယ်ပိုင်လေ့လာခြင်းဖြင့် သစ္စာစောင့်သိနေရန် ယေဟောဝါနှင့်သင်၏ဆက်ဆံရေးကို ခိုင်မြဲနေစေပါသလော။
မှန်ပါသည်၊ တစ်ခါတစ်ရံသင့်အနေနှင့် တကယ့်အချိန်တွေဆုံးရှုံးနေပြီဟုယူမှတ်မိပေမည်။ “တစ်ခါတလေ လောကသားတွေဟာ တကယ်ပျော်နေကြပုံရတယ်” ဟု မိန်းမငယ်တစ်ဦးကဆိုသည်။ “ဒါပေမယ့်သင်ဟာ ပြဿနာတက်တော့မှဘဲ အဲ့ဒါပျော်ရွှင်မှုလုံးဝမဟုတ်ပါလားဆိုပြီး မြင်လာတယ်။” သူမသည်လိင်မှုယိုယွင်းခဲ့ပြီး ကိုယ်ဝန်ရသွားကာ ကလေးဖျက်ချလိုက်ရသောကြောင့် သူမ၏အတွေ့အကြုံကိုပြောနေခြင်းဖြစ်လေသည်။ “သမ္မာတရားမှာရှိခြင်းဟာ ကာကွယ်မှုပါဘဲ” ဟု ယခုသူမဆိုလေသည်။ သူမသည်နာကျည်းစွာဖြင့် ဤသင်ခန်းစာကို ရရှိခဲ့လေသည်။ ဆာလံ ၁၁၉:၁၆၅ က “[ဘုရားရှင်၏] တရားတော်ကိုနှစ်သက်သောသူတို့၌ ကြီးစွာသောငြိမ်ဝပ်ခြင်းရှိပါ၏” ဟုကျွန်ုပ်တို့အားနှိုးဆော်ထားသည်။
ထို့ကြောင့်၊ သစ္စာစောင့်သိရန် သင်အတတ်နိုင်ဆုံးလုပ်ဆောင်ပါလေ။ ယေဟောဝါနှင့်ခိုင်မြဲသောဆက်ဆံရေးကို တည်ဆောက်ပါလေ။ ဆိုးယုတ်မှုကိုမုန်းပြီး ကောင်းမှုကိုစွဲကိုင်ထားပါလေ။ (ရောမ ၁၂:၉) ဆာလံ ၉၇:၁၀ ကကျွန်ုပ်တို့အား “[ယေဟောဝါ] ကိုချစ်သောသူတို့ မကောင်းသောအမှုကို ရွံရှာကြလော့။ ကိုယ်တော်၏သန့်ရှင်း [သစ္စာစောင့်သိ၊ NW] သူတို့၏အသက်ဝိညာဉ်ကို စောင့်မတော်မူ၍ မတရားသောသူတို့၏လက်မှလည်း ကယ်နှုတ်တော်မူ၏။” မှန်ပါသည်၊ ခရစ်ယာန်လူငယ်တစ်ဦးအနေနှင့်သင်သည် ခရစ်ယာန်သစ္စာစောင့်သိမှု စမ်းသပ်ချက်ကို အောင်မြင်လျှင် ယေဟောဝါ၏ကာကွယ်မှုကို သင်ခံစားရမည်ဖြစ်ပြီး ထာဝရအသက်ကိုရရှိမည်။