သမ္မာကျမ်းစာရှုထောင့်
သင်သည် ဘုရားသခင့်အမြင်တွင် တန်ဖိုးရှိ!
“ကျွန်မဘဝရဲ့အချိန်အတော်များများမှာ တန်ဖိုးမရှိတဲ့ခံစားချက်တွေနဲ့ ဖိစီးခံလာခဲ့ရတယ်” ဟု ခရစ်ယာန်အမျိုးသမီးတစ်ဦးက ရေးသားခဲ့သည်။ “ယေဟောဝါကို ဘယ်လောက်ပဲချစ်ချစ် ကိုယ်တော့်အမှုတော်ထမ်းဖို့ ဘယ်လောက်ပဲကြိုးပမ်းအားထုတ်ကြည့်ကြည့်၊ ကျွန်မအမြဲခံစားနေရတာကတော့ ဒီလောက်နဲ့မရသေးဘူး ဆိုတာပါပဲ။”
မပြည့်ဝ သို့မဟုတ် တန်ဖိုးမရှိဟု နက်ရှိုင်းသောခံစားချက်များနှင့် ရုန်းကန်နေသူတစ်စုံတစ်ယောက်ကို သင်သိပါသလော။ သို့မဟုတ် ယခုအချိန်များ၌ သင်ကိုယ်တိုင်ကော ထိုကဲ့သို့သောခံစားမှုများ ရှိပါသလော။ ထိုသို့သောခံစားမှုများသည် ဘုရားသခင်ကို သစ္စာရှိစွာဖြင့် ဝတ်ပြုနေသူများ၌ပင် ထူးမခြားနားပါ။ ဤ “ခဲယဉ်းသောကာလ” တွင် အသက်ရှင်နေထိုင်ခြင်း၏ အကျိုးဆက်များမှ လွတ်ကင်းနိုင်သူ မည်သူမျှမရှိပါ။ အများသောသူတို့သည် “နောက်ဆုံးအချိန်” ၌ နေရာအနှံ့အပြား ခေတ်စားနေသောဉာဉ်များ—“ချုပ်တည်းခြင်းမရှိသောသူ၊ ပြင်းထန်သောသူ၊ ကောင်းမှုကိုမချစ်သောသူ” များ၏ လျစ်လျူရှု မတရားပြုခြင်းကို တွေ့ကြုံခံစားရကြသည်။ (၂ တိမောသေ ၃:၁-၅၊ ကဘ) ယင်းသို့နာကျင်စေသည့် တွေ့ကြုံမှုများက စိတ်ပိုင်းဆိုင်ရာအမာရွတ်များကို စွဲကျန်ခဲ့စေနိုင်ပြီး လုံးဝတန်ဖိုးမရှိဟူသည့် ခံစားချက်များကိုဖြစ်ပေါ်စေသည်။
အခြားဖြစ်ရပ်များတွင်မူ အပြုသဘောမဆောင်သည့် ခံစားချက်များသည် မိမိတို့အတွက် အလွန်မြင့်မားသောစံနှုန်းများကို ချမှတ်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည်။ ဤစံနှုန်းများကို လိုက်မမီနိုင်ခြင်းက သူတို့ဘယ်တော့မှ ကောင်းမည်မဟုတ် ဟူသည့် ခံစားချက်များကို တိုး၍ခံစားလာစေသည်။ မည်သည့်အကြောင်းကြောင့်မဆို တန်ဖိုးမရှိ ဟူသည့်ခံစားမှုမျိုးနှင့် ရုန်းကန်နေရသူများသည် ဘုရားသခင် သို့မဟုတ် အခြားတစ်ဦးဦးသည် သူတို့အပေါ် အလားတူမေတ္တာထားရသည့်အကြောင်းကို သိမြင်ဖို့ခက်ကြောင်းတွေ့ရပေမည်။ အမှန်မှာ၊ သူတို့သည် မေတ္တာမခံစားထိုက်သူများပင်ဖြစ်သည်ဟု ယူဆထားပေမည်။
သို့သော် ယေဟောဝါဘုရားသခင်ယူဆပုံမှာ ထိုသို့မဟုတ်ပေ! ကိုယ်တော့်နှုတ်မြွက်စကားတော်တွင် မိမိ၏ရန်သူစာတန်၏ “စဉ်းလဲသည့်လုပ်ရပ်များ” ကိုသတိပြုကြရန် ယေဟောဝါက ကျွန်ုပ်တို့အားသတိပေးထားသည်။ (ဧဖက် ၆:၁၁၊ ကဘ) စာတန်သည် ကျွန်ုပ်တို့ ဘုရားသခင်အားဝတ်ပြုနေခြင်းကို ရပ်ပစ်ဖို့ကြိုးစားရန် သူ၏စဉ်းလဲသည့်လုပ်ရပ်များကို အသုံးပြုသည်။ ဤရည်ရွယ်ချက်အထမြောက်စေရန် ကျွန်ုပ်တို့တန်ဖိုးမရှိ၊ ကျွန်ုပ်တို့အပေါ် ယေဟောဝါ မေတ္တာထားစရာတစ်ကွက်မျှမရှိ ဟူသည့်ခံစားချက်ဖြစ်ပေါ်စေရန် စာတန် တွန်းအားပေးသည်။ သို့သော် စာတန်သည် “မုသာစကား၌ကျင်လည်သောသူ”—အမှန်မှာ၊ “မုသာ၏အဘဖြစ်သည်။” (ယောဟန် ၈:၄၄) ထို့ကြောင့်၊ ကျွန်ုပ်တို့သည် သူ၏စဉ်းလဲသောလုပ်ရပ်များဖြင့် အလှည့်ဖြားမခံကြနှင့်! သမ္မာကျမ်းစာတွင် မိမိကိုယ်တော်တိုင်အကြောင်း ယေဟောဝါမြွက်ကြားရာတွင် ကိုယ်တော့်အမြင်၌ ကျွန်ုပ်တို့တန်ဖိုးရှိကြောင်း စိတ်ချစေသည်။
ကျွန်ုပ်တို့တန်ဖိုးအပေါ် မျှတသောအမြင်
စိတ်ပျက်အားလျော့မှုကြောင့် ကျွန်ုပ်တို့အပေါ်တွင် အပြုသဘောမဆောင်သည့်အကျိုးဆက် သက်ရောက်နိုင်ကြောင်း သမ္မာကျမ်းစာက သတိပေးထားသည်။ နယပုံပြင် ၂၄:၁၀ ကဤသို့ထုတ်ဖော်ပြောဆိုသည်– “သင်သည်အမှုရောက်သောကာလ၌ စိတ်ပျက်လျှင် အားနည်း၏။” ကျွန်ုပ်တို့သည် အပြုသဘောမဆောင်သည့်ခံစားချက်များကို ကြာရှည်စွာခံစားနေရပါက ကျွန်ုပ်တို့၌ အားယုတ်သွားစေနိုင်သည်၊ အားနည်းကာ အကာအကွယ်မဲ့နေသည်ဟု ခံစားရစေသည်။ ဤအချက်ကို စာတန်ကောင်းစွာသိကြောင်း သင်သေချာဆိုနိုင်သည်။ သင့်စိတ်ထဲတွင် တန်ဖိုးမရှိဟူသည့်ခံစားချက်များနှင့် ဖိစီးခံနေရပါက အလွန်အခံရခက်ပေမည်။ သို့သော် ထိုသို့သောခံစားချက်များကို စာတန်အသုံးချသောအခါ ပို၍ပင် အခံရခက်သောအခြေအနေ ဖြစ်စေသည်။
သို့ဖြစ်၍၊ ကျွန်ုပ်တို့၏တန်ဖိုးကို ပင်ကိုအရှိအတိုင်း မျှတသည့်အမြင်ရှိရန် အရေးကြီးသည်။ တမန်တော်ပေါလုက ဤသို့တိုက်တွန်းခဲ့သည်– “သင်တို့သည် ကိုယ်ကိုထင်သင့်သည်အတိုင်းထက်လွန်၍မထင်ဘဲ၊ . . . ကိုယ်ကိုလျောက်ပတ်စွာ ထင်ရမည်အကြောင်း ငါသည် . . . သင်တို့တွင် ရှိသမျှသောသူတို့ကိုမှာထား၏။” (ရောမ ၁၂:၃) ဘာသာပြန်ကျမ်းနောက်တစ်ခုက ဤစာသားများကို ပြန်ဆိုသည်မှာ– “သင်တို့သည် ကိုယ့်တန်ဖိုးအမှန်ထက် ပိုပြီးမသတ်မှတ်ဘဲ၊ အလယ်အလတ်တန်းတွင်ထားရန် သင်တို့အားလုံးကို ငါမှာလိုသည်။” (ချားလ်စ် ဘီ. ဝီလျံစ်ကျမ်း) ထို့ကြောင့် ကျမ်းစာက ကျွန်ုပ်တို့တွင် မိမိတို့ကိုယ်ကိုမျှတသည့်အမြင်ရှိရန် အားပေးထားသည်။ တစ်ဖက်တွင်၊ ကျွန်ုပ်တို့သည် မိမိကိုယ်ကို အထင်ကြီးလွန်းခြင်းကို သတိပြုရမည်; အခြားတစ်ဖက်တွင်မူ အစွန်းရောက်မသွားရန် ကြိုးစားသင့်သည်၊ လျောက်ပတ်စွာထင်ရန် ပေါလုကဆိုထားသောကြောင့် မိမိတို့တွင်ရှိသည့် တစ်စုံတစ်ရာ ကို စဉ်းစားကြည့်ရန်လိုအပ်သည်။ မှန်ပါသည်၊ ယေဟောဝါ၏အမြင်တွင် ကျွန်ုပ်တို့တစ်ဦးစီသည် တန်ဖိုးရှိကြောင်းကို ဘုရားသခင်၏မှုတ်သွင်းမှုအရ ပေါလုကရည်ညွှန်းဖော်ပြသည်။
ကိုယ့်ကိုယ်ကိုတန်ဖိုးထားခြင်းဆိုင်ရာ မျှတသည့်သဘောထားကို “ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့” ဟူသည့် ယေရှုပြောခဲ့သည့်စကားများတွင် အထင်အရှားတွေ့ရသည်။ (မဿဲ ၂၂:၃၉) “ကိုယ်နှင့်အမျှ” ဟူသည့်စကားလုံးများက ကျွန်ုပ်တို့သည် ကိုယ့်ကိုယ်ကိုတန်ဖိုးရှိသည်ဟု ခံစားစေသည့်အရာ သို့မဟုတ် ကိုယ့်ကိုယ်ကိုလေးစားမှုဖြစ်စေသည့်အရာ တစ်ခုခုရှိထားရမည်ကို ရည်ညွှန်းသည်။ မှန်ပါသည်၊ ကျွန်ုပ်တို့တွင် ချွတ်ယွင်းချက်များရှိပြီး၊ အမှားများပြုလုပ်တတ်ကြသည်။ သို့သော် ဘုရားသခင့်စိတ်တော်နှင့်တွေ့ရန်ကြိုးပမ်းစဉ် မိမိတို့၏အားနည်းချက်များအတွက်ဝမ်းနည်းပြီး ကိုယ်တော့်ခွင့်လွှတ်မှုကိုရှာပါက ကိုယ့်ကိုယ်ကိုတန်ဖိုးထားလေးစားမှု အတော်အတန်ရှိနိုင်ဆဲပင်။ ကျွန်ုပ်တို့၏ အပြစ်မြင်တတ်သောနှလုံးသားများက တစ်နည်းနည်းဖြင့် ဇွတ်တရွတ်နိုင်လှပေမည်၊ သို့သော်သတိရပါ၊ “ဘုရားသခင်သည် ငါတို့၏စိတ်နှလုံးထက် သာ၍ကြီးမြတ်သည်။” (၁ ယောဟန် ၃:၂၀) တစ်နည်းဆိုရလျှင် ယေဟောဝါသည် ကျွန်ုပ်တို့ရှုမြင်ပုံနှင့်လုံးဝခြားနားစွာ ကျွန်ုပ်တို့အားရှုမြင်နိုင်သည်။
ကြေကွဲသောနှလုံး၊ ကြေမွသောစိတ်
ဆာလံဆရာဒါဝိဒ်က ဤသို့ရေးသားခဲ့သည်– “ထာဝရဘုရားသည် ကြေကွဲသောနှလုံးရှိသူတို့အနီးရှိနေ၍ ကြေမွသောစိတ်ရှိသူတို့ကို ကယ်တော်မူ၏။” (ဆာလံ ၃၄:၁၈၊ သမ) ဤအခန်းငယ်နှင့်ပတ်သက်၍၊ မက်သယူ ဟင်နရီ၏ တစ်ကျမ်းလုံးအကျယ်ဖွင့်ချက် ကဤသို့မှတ်ချက်ပေးသည်– “၎င်းသည် ဖြောင့်မတ်သူ၏ စရိုက်လက္ခဏာဖြစ်သည် . . . သူတို့သည် ကြေကွဲသောနှလုံးနှင့် နောင်တရသောစိတ်ရှိသူများ ဖြစ်ကြသည်၊ ဆိုလိုသည်မှာ၊ အပြစ်ကြောင့်နှိမ့်ချပြီး တစ်ပြားမှမတန်ဟု ကိုယ်ကိုယ်ကိုယူမှတ်နေသူများဖြစ်သည်။ သူတို့၏အမြင်တွင် သိမ်ငယ်လျက်ရှိပြီး မိမိတို့၏အစွမ်းအစတွင် ယုံကြည်စိတ်ချမှု မရှိပါ။”
“နှလုံး၌ကြေကွဲနေသော” သို့မဟုတ် “စိတ်တွင်ကြေမွနေသော” သူတို့က ယေဟောဝါသည် သူတို့နှင့်ဝေးနေပြီး သူတို့ကို ဂရုစိုက်ရန် ယေဟောဝါအတွက် အရေးမပါဟု ခံစားရပေမည်။ သို့သော် ထိုသို့မဟုတ်ပေ။ ဒါဝိဒ်၏စကားများက ယေဟောဝါသည် “မိမိတို့အမြင်တွင်နှိမ့်ချ” နေသူများအား စွန့်ပစ်မည်မဟုတ်ကြောင်း ကျွန်ုပ်တို့အားသေချာစေသည်။ ကျွန်ုပ်တို့၏ ကြင်နာမှုအရှင် ဘုရားသခင်သည် ထိုသို့သောအချိန်များ၌ မည်သည့်အချိန်ထက်မဆို ကိုယ်တော်ကို ကျွန်ုပ်တို့လိုအပ်ကြောင်းသိတော်မူပြီး အနီး၌ရှိတော်မူ၏။
ဥပမာတစ်ခုကို သုံးသပ်ကြည့်ပါ။ လွန်ခဲ့သောနှစ်အနည်းငယ်က မိခင်တစ်ဦးသည် သူ၏နှစ်နှစ်အရွယ်သားလေး၏ ဆိုးရွားသော သူငယ်နာချောင်းဆိုးရောဂါကြောင့် ဆေးရုံသို့ အပြေးအလွှားသွားသည်။ ကလေးအား စမ်းသပ်စစ်ဆေးပြီးနောက်၊ ဆရာဝန်များက ကလေးအား ဆေးရုံတွင် တစ်ညထားရလိမ့်မည်ဟု မိခင်အားအသိပေးပြောကြားသည်။ ထိုမိခင်သည် အဘယ်နေရာတွင်နေပြီး ထိုညကို လွန်မြောက်စေခဲ့သနည်း။ ဆေးရုံအခန်းရှိ သူ၏သားငယ်အိပ်ရာဘေး ကုလားထိုင်တွင်ဖြစ်သည်။ သူ၏သားငယ်သည် ဖျားနေပြီး သူ့အနားတွင်ရှိဖို့လိုသည်။ ကိုယ်တော့်ပုံသဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းထားခံရသော ကျွန်ုပ်တို့သည် မေတ္တာရှင်ကောင်းကင်အဖထံမှ ထိုထက်ပို၍ပင် မျှော်လင့်နိုင်သည်မှာ အသေအချာပင်! (ကမ္ဘာဦး ၁:၂၆; ဟေရှာယ ၄၉:၁၅) ဆာလံ ၃၄:၁၈ ၏ထိမိသည့်စကားများက ကျွန်ုပ်တို့အားသေချာစေသည်မှာ ကျွန်ုပ်တို့သည် “နှလုံး၌ကြေကွဲနေ” ချိန်တွင် ယေဟောဝါသည် မေတ္တာရှင်မိဘတစ်ဦးကဲ့သို့ “အနီး၌ရှိတော်မူ” ပြီး အမြဲသတိနှင့်စောင့်ကြည့်ကာ ဂရုစိုက်၍ ကူညီရန်အသင့်ရှိတော်မူသည်။—ဆာလံ ၁၄၇:၁၊ ၃။
“သင်တို့သည် စာငှက်အများတို့ထက် သာ၍မြတ်”
ကိုယ်တော့်မြေကြီးဓမ္မအမှုဆောင်ချိန်အတွင်း ယေရှုသည် ယေဟောဝါနှင့်ပတ်သက်၍ ကိုယ်တော့်မြေကြီးကျေးကျွန်များအပေါ် ခံစားပုံအပါအဝင် ယေဟောဝါ၏သဘောထားများနှင့် ခံစားချက်များကို များစွာထုတ်ဖော်ပြောဆိုခဲ့သည်။ ယေဟောဝါ၏အမြင်တွင် သူတို့တန်ဖိုးရှိကြကြောင်းကို တစ်ကြိမ်ထက်မကပို၍ တပည့်တော်များအား ယေရှု စိတ်ချစေခဲ့သည်။—မဿဲ ၆:၂၆; ၁၂:၁၂။
ဥပမာ၊ ကိုယ်တော့်တပည့်တော်များ တစ်ဦးစီ၏တန်ဖိုးကို နမူနာပေး၍ ယေရှုဤသို့မိန့်ဆိုခဲ့သည်– “စာငှက်နှစ်ကောင်ကို အဿရိတစ်ပြားအဖိုးနှင့် ဝယ်ရသည်မဟုတ်လော။ သင်တို့အဘအခွင့်မရှိလျှင် ထိုစာငှက်တစ်ကောင်မျှ မြေသို့မကျရ။ သင်တို့ဆံပင်သည်လည်း အကုန်အစင်ရေတွက်လျက်ရှိ၏။ ထို့ကြောင့် မကြောက်ကြနှင့်။ သင်တို့သည် စာငှက်အများတို့ထက် သာ၍မြတ်ကြ၏။” (မဿဲ ၁၀:၂၉-၃၁) ယင်းစကားများသည် ယေရှု၏ ပထမရာစုနားထောင်သူများအဖို့ အဘယ်မျှလောက်အဓိပ္ပာယ်ရှိမည်ကို စဉ်းစားကြည့်ပါ။
စာငှက်များသည် အစားအစာအတွက် အသုံးပြုသည့်ငှက်များတွင် ဈေးအပေါဆုံးဖြစ်သည်မှာ သိသာလှသည်။ ဤငှက်များကို များသောအားဖြင့် အမွေးနုတ်ထားပြီး သစ်သားတံစို့ဖြင့်ထိုးထားကာ အသားကင်ကဲ့သို့ ကင်ထားသည်။ ဈေး၌ ဆင်းရဲသောအမျိုးသမီးများ စာငှက်မည်မျှဝယ်နိုင်မည်ကိုကြည့်ရန် သူတို့၏ငွေများရေတွက်နေခြင်းကို ယေရှုတွေ့ခဲ့မည်မှာ သံသယမရှိပေ။ ငှက်ကလေးများသည် အသပြာတစ်ပြားတန်သောကြောင့် တန်ဖိုးအနည်းငယ်မျှသာရှိသည်ဟု မှတ်ယူခံရသည်၊ (စာသားအရ၊ ငါးဆင့်ပင်မပြည့်သောတန်ဖိုး) မည်သူမဆို စာငှက်နှစ်ကောင်လောက်ကို ဝယ်ယူနိုင်သည်။
ယေရှုသည် ဤပုံဥပမာကို နောက်ပိုင်းတစ်ချိန်တွင် ထုတ်ဖော်ပြောဆိုပြန်သည်—သို့သော်အနည်းငယ်ကွာသည်။ လုကာ ၁၂:၆ အရ၊ ယေရှုက ဤသို့ဆိုသည်– “စာငှက်ငါးကောင်ကို အဿရိနှစ်ပြားအဖိုးနှင့် ဝယ်ရသည်မဟုတ်လော။” စဉ်းစားကြည့်ပါ။ တန်ဖိုးအနည်းငယ်သော ငွေတစ်ပြားရှိလျှင် ဈေးဝယ်သူသည် စာငှက်နှစ်ကောင်ရရှိသည်။ သို့သော် သူသည် အဿရိနှစ်ပြားသုံးဖို့ရည်ရွယ်ပါက စာငှက်လေးကောင်မဟုတ်ဘဲ ငါးကောင် ရရှိမည်ဖြစ်သည်။ နောက်ထပ်တစ်ကောင်သည် တန်ဖိုးလုံးလုံးမရှိသည့်အလား အဆစ်ထည့်ပေးသည်။ “သို့တိုင်၊ မည်သူမျှ [အဆစ်ထည့်ပေးခြင်းခံရမည်မဟုတ်] ဘုရားသခင်ရှေ့တွင် မေ့လျော့ခံရမည်မဟုတ်” ဟုယေရှုဆိုသည်။ ဤပုံဥပမာကို အသုံးပြုခြင်းအားဖြင့်၊ ယေရှုဤသို့နိဂုံးချုပ်သည်– “သင်တို့သည် စာငှက်အများတို့ထက် သာ၍မြတ်ကြ၏။” (လုကာ ၁၂:၇) ထိုစကားများသည် ကိုယ်တော်အားနားထောင်နေသူများအတွက် အလွန်အားတက်စရာဖြစ်ခဲ့မည်တည်း!
ယေရှု၏အားရှိစရာပုံဥပမာ၏ အဓိကအချက်ကို သင်သဘောပေါက်သလော။ ယေဟောဝါသည် ငှက်ငယ်လေးများကိုပင်တန်ဖိုးရှိသည်ဟု ယူမှတ်လျှင် ကိုယ်တော့်မြေကြီးကျေးကျွန်များသည် ကိုယ်တော်အတွက် ပို၍ မည်မျှတန်ဖိုးရှိလိုက်မည်နည်း! ယေဟောဝါအမြင်တွင် ကျွန်ုပ်တို့မည်သူမျှ လူအုပ်ကြီးတွင် ပျောက်မနေပါ။ ကျွန်ုပ်တို့သည် ယေဟောဝါအတွက် မည်မျှတန်ဖိုးရှိသနည်းဟူမူ ကျွန်ုပ်တို့၏ အငယ်ဆုံးအသေးစိတ်ကိုပင် မှတ်သားထားသည်—ကျွန်ုပ်တို့ဦးခေါင်းရှိဆံပင်များကို တစ်ပင်ချင်းစီရေတွက်ထားသည်။
မှန်ပါသည်၊ ယေဟောဝါအား အမှုဆောင်ခြင်းကိုရပ်တန့်ရန် စာတန်သည် သူ၏ “စဉ်းလဲသည့်ပရိယာယ်များ” ဖြစ်သော—တန်ဖိုးမရှိဟူသည့်ခံစားချက်များကို အမြတ်ထုတ်ခြင်းစသည်တို့—ကိုဆက်၍ အသုံးပြုမည်ဖြစ်သည်။ သို့သော် စာတန်ကိုအနိုင်မပေးလိုက်လေနှင့်! အစပထမတွင် ကိုးကားဖော်ပြထားသော ခရစ်ယာန်အမျိုးသမီးကို ပြန်၍သတိရပါ။ သူသည် ကျွန်ုပ်တို့ခံစားချက်များကို အမြတ်ထုတ်ရန် စာတန့်ကြိုးပမ်းမှုများအကြောင်း သတိပေးထားသည့် ကင်းမျှော်စင်မဂ္ဂဇင်းရှိ ဆောင်းပါးတစ်ပုဒ်ဖြင့် အကူအညီရခဲ့သည်။a သူဤသို့ဆိုသည်– “စာတန်ဟာ ကျွန်မစိတ်ပျက်သွားအောင် ကျွန်မရဲ့ခံစားချက်တွေကို အသုံးချဖို့ကြိုးစားမယ်ဆိုတာ ဘယ်တုန်းကမှမသိခဲ့ဘူး။ ဒီအချက်ကိုသိရှိခြင်းက ဒီခံစားချက်တွေကိုတိုက်ထုတ်ဖို့ လှုံ့ဆော်ပေးပါတယ်။ အခုကျွန်မဟာ ယုံကြည်စိတ်ချမှုနဲ့ စာတန်ရဲ့တိုက်ခိုက်မှုတွေကို ခံရပ်နိုင်ပါပြီ။”
ယေဟောဝါသည် “အလုံးစုံတို့ကိုသိတော်မူသည်။” (၁ ယောဟန် ၃:၂၀) မှန်ပါသည်၊ ကျွန်ုပ်တို့ ယခုခံရပ်နေရသည့်အရာကို ကိုယ်တော်သိတော်မူသည်။ ကျွန်ုပ်တို့၏ ကိုယ့်ကိုယ်ကိုလေးစားမှုကို ကြေမွပျက်စီးစေခဲ့သည့် အတိတ်ကာလတွင် တွေ့ကြုံခဲ့ရသောအရာကိုလည်း ကိုယ်တော်သိတော်မူသည်။ အရေးကြီးသည်မှာ ကျွန်ုပ်တို့နှင့်ပတ်သက်၍ ယေဟောဝါ၏ အမြင်ဖြစ်ကြောင်း သတိရပါ! ကျွန်ုပ်တို့သည် မေတ္တာထားဖို့မကောင်းသူများ သို့မဟုတ် တန်ဖိုးမရှိသူများဟု ကိုယ့်ကိုယ်ကို မည်သို့ပင်ထင်မြင်ပါစေ၊ ကိုယ်တော့်ကျေးကျွန်များတစ်ဦးစီသည် တန်ဖိုးရှိကြောင်းကို ယေဟောဝါ ကျွန်ုပ်တို့အားစိတ်ချစေသည်။ ကိုယ်တော့်ရန်သူနှင့်မတူဘဲ၊ ဘုရားသခင်သည် “မုသာနှင့်ကင်းစင်တော်မူ” သောကြောင့် ယေဟောဝါ၏စကားတော်၌ ကျွန်ုပ်တို့ ယုံကြည်စိတ်ချနိုင်ပေသည်။—တိတု ၁:၂။
[အောက်ခြေမှတ်ချက်]
a ဧပြီ ၁၊ ၁၉၉၅ ထုတ် ကင်းမျှော်စင်၊ စာမျက်နှာ ၁၀-၁၅ ရှိ “သင်သည် ဘုရားသခင့်ရှေ့တော်၌ အဖိုးထိုက်လှပေစွ!” ဆောင်းပါးကိုရှု။
[စာမျက်နှာ ၁၂ ပါ အကျဉ်းဖော်ပြချက်]
မေတ္တာပြည့်ဝသော ဖခင်တစ်ဦးကဲ့သို့ ယေဟောဝါသည် ဝမ်းနည်းနေသူများ၏ အနီးတွင် ရှိတော်မူ
[စာမျက်နှာ ၁၃ ပါ ရုပ်ပုံများ]
စာငှက်လေးကိုပင် ယေဟောဝါမမေ့ဘဲနေလျှင် သင့်ကို ကိုယ်တော် မည်သို့မေ့နိုင်မည်နည်း
[Credit Lines]
Lydekker
Illustrated Natural History