“ယေဟောဝါသည် မိမိလူတို့ကိုမပယ်”
“ဖြောင့်မတ်သောသူသည် များစွာသောဒုက္ခဆင်းရဲခြင်း ဆင်းရဲခံရသော်လည်း၊ ထာဝရဘုရားသည် ခပ်သိမ်းသောဒုက္ခဆင်းရဲခြင်းထဲက ကယ်လွှတ်တော်မူ၏။”—ဆာလံ ၃၄:၁၉။
၁၊ ၂။ (က) ယနေ့ ယေဟောဝါသည် မိမိ၏လူများကို မည်သို့ကောင်းချီးပေးနေတော်မူသနည်း။ (ခ) ခရစ်ယာန်များစွာတို့သည် အဘယ်အခြေအနေမျိုးကို ရင်ဆိုင်နေကြရသနည်း။ အဘယ်မေးခွန်းများ ပေါ်ပေါက်လာသနည်း။
သမ္မာကျမ်းစာပရောဖက်ပြုချက် ပြည့်စုံခြင်းအရ ယေဟောဝါအားဝတ်ပြုသူများသည် ဝိညာဉ်ရေးပရဒိသုတွင် နေထိုင်ကြသည်။ (၂ ကောရိန္သု ၁၂:၁-၄) ယေဟောဝါသက်သေများသည် ချစ်ခြင်းမေတ္တာနှင့် စည်းလုံးညီညွတ်မှုအမှတ်တံဆိပ်ရှိ အပြည်ပြည်ဆိုင်ရာအသင်းအပင်းဝင်များဖြစ်ကြသည်။ (ယောဟန် ၁၃:၃၅) သူတို့သည် နက်နဲကျယ်ပြောသော ကျမ်းစာအသိပညာရရှိထားကြ၏။ (ဟေရှာယ ၅၄:၁၃) ယေဟောဝါ၏ဝိညာဉ်ရေးတဲတော်တွင် ဧည့်သည်ဖြစ်ခွင့်ရသည့်အတွက် ကိုယ်တော့်အား သူတို့အလွန်ကျေးဇူးတင်ကြသည်တကား!—ဆာလံ ၁၅:၁။
၂ ယေဟောဝါ၏အဖွဲ့အစည်းရှိသူအားလုံးတို့သည် ဝိညာဉ်ရေးဘက် ကြွယ်ဝချမ်းသာကြသည်မှန်သော်လည်း အချို့သူများ၏ဘဝသည် ငြိမ်းအေးနေပုံရှိစဉ် အခြားသူတို့မှာမူ ဒုက္ခဆင်းရဲခြင်း တစ်မျိုးမဟုတ်တစ်မျိုး ခံနေရကြပုံရှိသည်။ သက်သာရာရမည့်ပုံမရှိဘဲ သနားစဖွယ်အခြေအနေမျိုးတွင် ကြာမြင့်စွာ ဒုက္ခဆင်းရဲခြင်းခံနေရကြသော ခရစ်ယာန်များစွာရှိပါသည်။ ဤသို့သောအခြေအနေမျိုးသည် အမှန်စိတ်ဓာတ်ကျစရာပင်ဖြစ်သည်။ (သု. ၁၃:၁၂) ဘေးဒုက္ခဆင်းရဲခြင်းရောက်ခြင်းသည် ဘုရားသခင့်မျက်နှာသာမရခြင်း၏ သာဓကဖြစ်ပါသလော။ ယေဟောဝါသည် ခရစ်ယာန်အချို့ကို အထူးကာကွယ်ပေးပြီး အခြားသူတို့ကိုမူကား စွန့်ပယ်ထားတော်မူပါသလော။
၃။ (က) ယေဟောဝါ၏လူများ ခံစားနေရသည့် အခက်အခဲများသည် ကိုယ်တော်ကြောင့်ဖြစ်သလော။ (ခ) ယေဟောဝါအား သစ္စာရှိရှိဝတ်ပြုသူများပင်လျှင် အဘယ်ကြောင့်ဒုက္ခဆင်းရဲခြင်းခံရကြသနည်း။
၃ သမ္မာကျမ်းစာက ဤသို့ဖြေဆိုသည်– “အပြစ်သွေးဆောင်ခြင်းကို ခံရသောသူမည်သည်ကား၊ ‘ဘုရားသခင်သည် ငါ့ကိုသွေးဆောင်တော်မူသည်’ ဟုမပြောစေနှင့်။ မကောင်းသောအရာသည် ဘုရားသခင်ကိုမသွေးဆောင်နိုင်ရာ။ ကိုယ်တော်သည်လည်း အဘယ်သူကိုမျှ အပြစ်သို့သွေးဆောင်တော်မမူ။” (ယာကုပ် ၁:၁၃) ယေဟောဝါသည် မိမိ၏လူမျိုးတော်ကို ထောက်ပံ့ကာကွယ်ပေးသည့်အရှင်ဖြစ်တော်မူသည်။ (ဆာလံ ၉၁:၂-၆) “ထာဝရဘုရားသခင်သည် မိမိလူတို့ကိုမပယ်။” (ဆာလံ ၉၄:၁၄) ထို့ကြောင့် သစ္စာရှိဝတ်ပြုသူများသည် ဒုက္ခဆင်းရဲခြင်းမရောက်တော့ဟု မဆိုလိုပါ။ မစုံလင်မှုကို အမွေခံထားရသူများသည် လက်ရှိလောကအစီအစဉ်စနစ်ကို အုပ်ချုပ်နေကြသည်။ အများစုမှာ အဂတိလိုက်စားသူများဖြစ်ကြပြီး အချို့သူတို့မှာမူ လုံးလုံးလျားလျားဆိုးယုတ်သူများဖြစ်ကြသည်။ သူတို့တစ်ဦးတစ်ယောက်မျှ ယေဟောဝါ၏ဉာဏ်ပညာတော်ကို မမျှော်ကိုးကြချေ။ ယင်းကြောင့် လူတို့သည် ဒုက္ခဆင်းရဲခြင်းဝေဒနာအလွန်အမင်းခံနေရကြခြင်းဖြစ်သည်။ ယေဟောဝါ၏လူများသည် လူ့မစုံလင်မှုနှင့် ဆိုးသွမ်းမိုက်မဲမှုကြောင့်ဖြစ်ရသော ဝမ်းနည်းကြေကွဲဖွယ်ရာများကို အစဉ်ရှောင်ကြဉ်၍မရကြောင်း သမ္မာကျမ်းစာက အတိအလင်းဖော်ပြထားပါသည်။—တမန်တော် ၁၄:၂၂။
သစ္စာရှိခရစ်ယာန်များ ဒုက္ခခံရရန် မျှော်လင့်ကြ
၄။ ဤဆိုးသွမ်းသောအစီအစဉ်စနစ်တွင် အသက်ရှင်နေသရွေ့ ခရစ်ယာန်အားလုံး အဘယ်အရာကိုမျှော်လင့်နိုင်သနည်း။ အဘယ်ကြောင့်နည်း။
၄ ယေရှု၏တပည့်နောက်လိုက်တော်များသည် ဤလောကနှင့်မဆက်ဆံကြသော်လည်း ဤအစီအစဉ်စနစ်တွင် နေထိုင်ကြရ၏။ (ယောဟန် ၁၇:၁၅၊ ၁၆) စာတန်သည် ဤလောကကိုသြဇာလွှမ်းမိုးထားသူဖြစ်ကြောင်း သမ္မာကျမ်းစာကဖော်ပြထားသည်။ (၁ ယောဟန် ၅:၁၉) ယင်းကြောင့် ကြီးလေးသော အခက်အခဲပြဿနာများကို တစ်နေ့မဟုတ်တစ်နေ့ ရင်ဆိုင်ရရန် ခရစ်ယာန်တိုင်း မျှော်လင့်ရ၏။ ယင်းကိုစွဲမှတ်ကာ တမန်တော်ပေတရုက ဤသို့ဆိုသည်– “သမာသတိရှိလျက် မအိပ်ဘဲစောင့်နေကြလော့။ သင်တို့၏ရန်သူတည်းဟူသော မာရ်နတ် [စာတန်] သည်၊ ဟောက်သောခြင်္သေ့ကဲ့သို့ အဘယ်သူကိုမျိုရမည်နည်းဟူ၍ လှည့်လည်ရှာဖွေလျက်ရှိ၏။ သို့ဖြစ်၍၊ လူပြည်အရပ်ရပ်တို့၌ရှိသောသင်တို့ညီအစ်ကိုများတို့သည် ထိုသို့သောဆင်းရဲကိုခံရကြသည်ဟုသိမှတ်လျက်၊ ယုံကြည်ခြင်း၌တည်၍ မာရ်နတ်ကို ဆီးတားကြလော့။” (၁ ပေတရု ၅:၈၊ ၉) မှန်ပါ၏၊ ခရစ်ယာန်အသင်းအပင်းတစ်ခုလုံးသည် ဒုက္ခခံရဖို့ မျှော်လင့်နိုင်သည်။
၅။ သစ္စာရှိခရစ်ယာန်များသည် ဝမ်းနည်းဖွယ်ရာများ ကြုံတွေ့ကြရလိမ့်မည်ဟု ယေရှုမည်သို့ရှင်းပြထားသနည်း။
၅ ယေဟောဝါကို ကျွန်ုပ်တို့နှစ်နှစ်ကာကာချစ်မြတ်နိုးပြီး ကိုယ်တော်၏မူများကို သစ္စာရှိရှိလိုက်နာကြဦးတော့ ဝမ်းနည်းစရာအတွေ့အကြုံများ ကြုံတွေ့ရကြလိမ့်မည်။ ယေရှု၏စကား နားထောင်သူ၊ နားမထောင်သူများကို နှိုင်းယှဉ်ဖော်ပြထားသည့် မဿဲ ၇:၂၄-၂၇ တွင်ပါသော ကိုယ်တော်၏ပုံဥပမာ၌ ယင်းကိစ္စကိုရှင်းပြထားသည်။ နာခံမှုရှိသော တပည့်တော်များကို ကျောက်ဆောင်ပေါ်မှာ အိမ်ဆောက်သော ပညာရှိနှင့် ကိုယ်တော်နှိုင်းယှဉ်ပြတော်မူသည်။ စကားနားမထောင်သူများမူကား သဲပေါ်မှာအိမ်ဆောက်သူ လူမိုက်နှင့်တူသည်ဟု ကိုယ်တော်နှိုင်းယှဉ်ပြတော်မူ၏။ ပြင်းထန်သောမုန်တိုင်းပြီးနောက် ကျောက်ပေါ်မှာတည်သောအိမ်သာလျှင် မပြိုမလဲတည်တံ့ကျန်နေသည်။ ပညာရှိသောသူ၏အိမ်သည် “မိုးရွာ၍ရေစီးသည်နှင့် လေလာ၍ ထိုအိမ်ကိုတိုက်သည်ရှိသော်၊ ကျောက်ပေါ်မှာတည်သောကြောင့် မပြိုမလဲနေ” ခဲ့သည်ကိုသတိပြုပါ။ ပညာရှိသူသည် အမြဲငြိမ်းအေးစွာနေရလိမ့်မည်ဟု ယေရှုကတိပေးတော်မမူပါ။ ယင်းအစား ထိုသူ၏ဉာဏ်ပညာက မုန်တိုင်းဒဏ်ကိုခံနိုင်ဖို့ သူ့အားအသင့်ရှိစေမည်ဖြစ်သည်။ မျိုးစေ့ကြဲသူပုံဥပမာတွင် ထပ်တူသဘောထားမျိုးကို ဖော်ပြထားပါသည်။ ထိုတွင်ယေရှုက “ရိုးဖြောင့်ကောင်းမွန်သောစိတ်နှလုံးနှင့်” နာခံမှုရှိရှိ ဝတ်ပြုသူများပင်လျှင် “တည်ကြည်စွာအသီးသီး” ကြမည်ဟု ရှင်းပြတော်မူ၏။—လုကာ ၈:၄-၁၅၊ သမ။
၆။ ပေါလု၏ မီးခံပစ္စည်းများပုံဥပမာတွင် မည်သူတို့သည် မီးအားဖြင့် စမ်းသပ်မှုခံရမည်နည်း။
၆ တမန်တော်ပေါလုသည် ကောရိန္သုအသင်းသားများထံ စာရေးခဲ့စဉ် ပုံဆောင်စကားများကို အသုံးပြုပြီး ဥပမာပေးကာ စမ်းသပ်မှုများကို ကျွန်ုပ်တို့ရင်ဆိုင်နိုင်ရန် အကူအညီဖြစ်စေမည့် မြဲမြံတည်ကြည်နိုင်သောအရည်အချင်းများရှိဖို့လိုကြောင်း တင်ပြခဲ့သည်။ မီးခံပစ္စည်းများဖြစ်သည့် ရွှေ၊ ငွေ၊ နှင့်ကျောက်မျက်ရတနာများ ကဲ့သို့သောအရာတို့သည် ဘုရားရေးရာအရည်အချင်းများနှင့်တူသည်။ (သု. ၃:၁၃-၁၅; ၁ ပေတရု ၁:၆၊ ၇ နှိုင်းယှဉ်။) တစ်ဖက်မှကြည့်ပြန်လျှင် ဇာတိဉာဉ်များကို မီးလောင်လွယ်သောပစ္စည်းများနှင့် နှိုင်းယှဉ်ထားသည်။ ထို့နောက် ပေါလုက ဤသို့ဆိုသည်– “အသီးသီးလုပ်သောအလုပ်သည် ထင်ရှားလိမ့်မည်။ အဘယ်သို့နည်းဟူမူကား၊ ဖော်ပြချိန်နေ့ရက်သည် မီးအားဖြင့်ထင်ရှားစေလိမ့်မည်။ လူတိုင်းလုပ်သောအလုပ်သည် အဘယ်သို့သောအလုပ်ဖြစ်သည်ကို မီးသည် စစ်ကြောစုံစမ်းလိမ့်မည်။ ထိုတိုက်မြစ်အပေါ်၌ ထပ်ဆင့်၍တည်ဆောက်သော အကြင်သူ၏အလုပ်သည် မြဲ၏။ ထိုသူသည် အကျိုးကိုခံရလိမ့်မည်။” (၁ ကောရိန္သု ၃:၁၀-၁၄) ဤတွင်တစ်ဖန် ကျွန်ုပ်တို့အားလုံးသည် မီးနှင့်တူသော စမ်းသပ်မှုတစ်မျိုးမျိုးကို မြေကြီးလက်ခတ်မလွဲ ခံရလိမ့်မည်ဟု သမ္မာကျမ်းစာက ရှင်းပြပါသည်။
၇။ ရောမ ၁၅:၄ အရ ဒုက္ခဆင်းရဲခံနိုင်ရန် ကျမ်းစာသည် ကျွန်ုပ်တို့ကို မည်သို့ကူညီပေးနိုင်သနည်း။
၇ ဘေးဒဏ်အမျိုးမျိုးကို တစ်ခါတစ်ရံကြာမြင့်စွာခံရကြသော ဘုရားသခင့်သစ္စာရှိကျေးကျွန်များ၏ မှတ်တမ်းမြောက်မြားစွာကို သမ္မာကျမ်းစာတွင် တွေ့ရှိရသည်။ သို့တိုင် သူတို့ကို ယေဟောဝါစွန့်ပယ်ထားတော်မမူပေ။ ဤပုံနမူနာများကို စွဲမှတ်ထားကာ တမန်တော်ပေါလုက ဤသို့ရေးသားခဲ့ခြင်းဖြစ်ပေမည်– “ငါတို့သည် ကျမ်းစာ၌ပါသောသည်းခံခြင်း၊ သက်သာခြင်းအကြောင်းကိုအမှီပြု၍ မျှော်လင့်ရသောအခွင့်ရှိစေခြင်းငှာ၊ ကျမ်းစာ၌ အထက်ကရေးထားသမျှသည် ငါတို့ကို ဆုံးမသြဝါဒပေး၍ ရေးထားသတည်း။” (ရောမ ၁၅:၄) ဘုရားသခင်နှင့်ရင်းနှီးသောဆက်ဆံရေးရှိနေကြစဉ် ဒုက္ခဆင်းရဲခြင်းအမျိုးမျိုးကြုံတွေ့ခဲ့ရသူသုံးဦးအကြောင်းကို သုံးသပ်ကြည့်ပါ။
ကျမ်းစာမှတ်တမ်းများမှ သင်ယူရရှိသည့်အရာ
၈။ ယေဟောဝါသည် ယောသပ်၏အဖြစ်အပျက်တွင် အဘယ်အရာကိုခွင့်ပြုတော်မူသနည်း။ မည်မျှကြာမြင့်စွာ ခွင့်ပြုသနည်း။
၈ ယာကုပ်၏သားယောသပ်သည် ငယ်ရွယ်ချိန်မှစ၍ ယေဟောဝါ၏မျက်နှာသာတော်ရခဲ့သည်။ သို့တိုင် သူ့မှာအမှားမရှိဘဲလျက် ဒုက္ခဆင်းရဲခြင်းအမျိုးမျိုးကို ကြုံတွေ့ခဲ့ရရှာသည်။ သူ၏အစ်ကိုအရင်းတို့က သူ့ကိုခိုးယူဖမ်းဆီးပြီး သူ့အပေါ်ရက်စက်ကြသည်။ တိုင်းတစ်ပါးတွင် ကျွန်အဖြစ် ရောင်းစားခံခဲ့ရပြီး မတရားစွပ်စွဲခံရလျက် “ထောင်ထဲမှာလှောင်ထား” ခံခဲ့ရ၏။ (ကမ္ဘာဦး ၄၀:၁၅) ထိုတွင် “သူ့ကိုခြေချင်းခတ်၍ သံနှင့်ညှဉ်းဆဲကြ၏။” (ဆာလံ ၁၀၅:၁၇၊ ၁၈) ယောသပ်သည် ကျွန်ခံရ၍ ထောင်ထဲလှောင်ထားခံရစဉ် လွတ်မြောက်မှုရဖို့ ယေဟောဝါထံ ထပ်တလဲလဲ ဆုတောင်းခဲ့မည်မှာအမှန်။ သို့တိုင် နည်းအမျိုးမျိုးဖြင့် ယေဟောဝါ၏ကူညီမစမှုကို ခံခဲ့ရသော်လည်း ၁၃ နှစ်ခန့်ပင် နေ့စဉ်နှင့်အမျှ ကျွန်၊ သို့မဟုတ် အကျဉ်းသားတစ်ဦးအဖြစ်သာ အိပ်ရာနိုးထခဲ့ရသည်။—ကမ္ဘာဦး ၃၇:၂; ၄၁:၄၆။
၉။ ဒါဝိဒ်သည် အဘယ်အရာကို နှစ်ပေါင်းများစွာ သည်းခံခဲ့ရသနည်း။
၉ ဒါဝိဒ်၏အဖြစ်အပျက်သည်လည်း ထပ်တူဖြစ်သည်။ ဣသရေလနိုင်ငံတွင်အုပ်စိုးရန် အရည်အချင်းရှိသူတစ်ဦးကို ယေဟောဝါရွေးချယ်တော်မူပြီးနောက် ဤသို့မိန့်မြွက်လေသည်– “ငါ့စိတ်နှလုံးနှင့်ညီညွတ် . . . သူ၊ ယေရှဲ၏သားဒါဝိဒ်ကို ငါတွေ့ရပြီ။” (တမန်တော် ၁၃:၂၂၊ သမ္မာ) ဒါဝိဒ်သည် ယေဟောဝါ၏မျက်နှာသာတော်ရလျက်ပင် ဒုက္ခဆင်းရဲခြင်းများစွာခံခဲ့ရ၏။ အသက်အန္တရာယ်ကြုံနေရသောကြောင့် တောတောင်အရပ်တွင်လည်းကောင်း၊ ဂူများတွင်လည်းကောင်း၊ ကျောက်ဆောင်များကြားတွင်လည်းကောင်း၊ တိုင်းတစ်ပါးမြေတွင်လည်းကောင်း နှစ်ချီ၍ ပုန်းရှောင်နေခဲ့ရပါသည်။ သားရဲပမာလိုက်လံရှာဖွေခံရသဖြင့် စိတ်ဓာတ်ကျပြီး ထိတ်လန့်နေခဲ့ရပါသည်။ သို့တိုင် ယေဟောဝါပေးသောခွန်အားဖြင့် ခံနိုင်ရည်ရှိခဲ့သည်။ ဒါဝိဒ်သည် ကိုယ်ပိုင်တွေ့ကြုံမှုမှ ဤသို့မှန်ကန်စွာ ပြောဆိုနိုင်ပါသည်– “ဖြောင့်မတ်သောသူသည် များစွာသောဒုက္ခဆင်းရဲခြင်းခံရသော်လည်း၊ ထာဝရဘုရားသည် ခပ်သိမ်းသောဒုက္ခဆင်းရဲခြင်းထဲက ကယ်လွတ်တော်မူ၏။”—ဆာလံ ၃၄:၁၉။
၁၀။ နာဗုတ်နှင့် သူ၏အိမ်ထောင်သည် အဘယ်ပြင်းထန်သောဘေးဒုက္ခကို ခံခဲ့ရသနည်း။
၁၀ ပရောဖက်ဧလိယခေတ်တွင် ဣသရေလနိုင်ငံ၌ မှောက်မှားသောဘုရား ဗာလရှေ့ ဒူးမထောက်သောသူ ၇,၀၀၀ သာရှိသည်။ (၃ ဓမ္မရာဇဝင် ၁၉:၁၈; ရောမ ၁၁:၄) သူတို့တွင် တစ်ဦးအပါအဝင်ဖြစ်နိုင်သူ နာဗုတ်သည် မတရားသဖြင့်အသတ်ခံခဲ့ရ၏။ သူသည် ဘုရားသခင်ကိုစော်ကားသည်ဟု စွပ်စွဲခံရခြင်းဖြင့် အရှက်ခွဲခံခဲ့ရသည်။ အပြစ်ရှိသည်ဟုစီရင်ခံရပြီးနောက် မင်းမိန့်ဖြင့် ကျောက်ခဲနှင့်ပစ်သတ်ကြပြီး ခွေးတို့သည် နာဗုတ်အသွေးကို လျက်လေသည်။ သူ၏သားမြေးတို့ပင် အသတ်ခံခဲ့ရ၏! သို့တိုင် သူသည် အပြစ်မဲ့သူဖြစ်ပါသည်။ သူ၏တစ်ဖက် သက်သေလိုက်သူတို့သည် မုသားသုံးသူများဖြစ်ကြသည်။ ထိုအဖြစ်အပျက်တစ်ခုလုံးသည် နာဗုတ်၏စပျစ်ဥယျာဉ်ကို ရှင်ဘုရင်သိမ်းယူနိုင်ရန် မိဖုရားယေဇဗေလ၏ ကြံစည်မှုဖြစ်သည်။—၃ ဓမ္မရာဇဝင် ၂၁:၁-၁၉; ၄ ဓမ္မရာဇဝင် ၉:၂၆။
၁၁။ တမန်တော်ပေါလုသည် ကျမ်းစာသမိုင်းဝင် သစ္စာရှိယောက်ျားမိန်းမများစွာတို့၏အကြောင်း အဘယ်အရာဖော်ပြသနည်း။
၁၁ ယောသပ်၊ ဒါဝိဒ်နှင့် နာဗုတ်တို့သည် ဒုက္ခဆင်းရဲခြင်းခံခဲ့ရသော သမ္မာကျမ်းစာပါ သစ္စာရှိယောက်ျားမိန်းမများစွာတို့အနက် သုံးဦးမျှသာဖြစ်ပါသည်။ ခေတ်ကာလများတစ်လျှောက် ယေဟောဝါကျေးကျွန်များ၏ သမိုင်းဝင်အကြောင်းကို တမန်တော်ပေါလု ပြန်လည်သုံးသပ် ရေးသားဖော်ပြရာတွင် သူက ‘ကဲ့ရဲ့ရိုက်ပုတ်ခြင်း၊ ချည်နှောင်ခြင်းကိုခံ၍ ထောင်ထဲမှာနေရသဖြင့်၊ စုံစမ်းခြင်းကိုခံရသူများ၊ ကျောက်ခဲနှင့်ပစ်ခြင်း၊ လွှနှင့်အပိုင်းပိုင်းဖြတ်တိုက်ခြင်း၊ စုံစမ်းနှောင့်ယှက်ခြင်း၊ ဓားလက်နက်နှင့်ကွပ်မျက်ခြင်းကိုခံရသူများ၊ အလွန်ဆင်းရဲလျက် ညှဉ်းဆဲနှိပ်စက်ခြင်းကိုခံလျက် သိုးရေ၊ ဆိတ်ရေကိုဝတ်၍ လှည့်လည်ရကြသည့် ဤလောကသည် ထိုသူတို့နှင့်မထိုက်မတန်သောသူ၊ တောကြိုတောင်ကြား၊ ဥမင်မြေတွင်းမှာ အပြောင်းပြောင်းအလည်လည်နေရကြ’ သောသူတို့အကြောင်း ပြောပြပါသည်။ (ဟေဗြဲ ၁၁:၃၆-၃၈) သို့သော် ယေဟောဝါသည် သူတို့ကိုပယ်တော်မမူချေ။
ဒုက္ခခံရသူများကို ယေဟောဝါစောင့်ရှောက်
၁၂။ ယနေ့ ယေဟောဝါသက်သေများ တွေ့ကြုံနေရသောဒုက္ခဆင်းရဲအချို့ကား အဘယ်နည်း။
၁၂ ယနေ့ ယေဟောဝါ၏လူများကော အသို့နည်း။ ဤနောက်ဆုံးကာလ၌သာမက ကြီးစွာသောဆင်းရဲခြင်းဒုက္ခဆင်းရဲခြင်းအတွင်း ဘုရားသခင့်ကာကွယ်စောင့်ရှောက်မှုကိုခံရပြီး အဖွဲ့အစည်းလိုက် ကပ်ကျော်ရမည်ကို ကျွန်ုပ်တို့ယုံကြည်စိတ်ချနိုင်ပါသည်။ (ဟေရှာယ ၅၄:၁၇; ဗျာဒိတ် ၇:၉-၁၇) သို့ရာတွင် ကျွန်ုပ်တို့တစ်ဦးချင်းစီအနေနှင့် “ကာလအချိန်စေ့ခြင်း၊ အဆင်သင့်ခြင်းရှိသည်အတိုင်းဖြစ်တတ်သည်ကို” အားလုံးအသိအမှတ်ပြုကြရမည်။ (ဒေသနာ ၉:၁၁) ယနေ့ ဘေးဒုက္ခများစွာ ကြုံတွေ့နေရသည့် သစ္စာရှိခရစ်ယာန်မြောက်မြားစွာရှိသည်။ အချို့တို့သည် ဆင်းရဲတွင်းနက်နေကြ၏။ သမ္မာကျမ်းစာက ခရစ်ယာန်များထဲတွင် ဒုက္ခဆင်းရဲခြင်းခံနေရသည့် “မိဘမရှိသောသူငယ်တို့နှင့် မုဆိုးမတို့” အကြောင်းဖော်ပြထား၏။ (ယာကုပ် ၁:၂၇) အခြားသူတို့မှာမူ သဘာဝဘေးဒဏ်၊ စစ်မှု၊ ရာဇဝတ်မှု၊ အခွင့်အာဏာ အလွဲသုံးစားပြုမှု၊ ဖျားနာမှုနှင့် သေခြင်းတို့ကြောင့် ဒုက္ခဆင်းရဲခြင်းရောက်နေကြရသည်။
၁၃။ မကြာမီက အဘယ်ခံရခက်သော တွေ့ကြုံမှုများအကြောင်း ကြားသိခဲ့ရသနည်း။
၁၃ ဥပမာ၊ ယေဟောဝါသက်သေများ၏ အုပ်ချုပ်ရေးအဖွဲ့ထံ ကင်းမျှော်စင်ဌာနခွဲရုံးများက ၁၉၉၆ ခုနှစ်မှတ်တမ်းများကို တင်ပို့ရာတွင် ညီအစ်ကိုညီအစ်မအချို့သည် ကျမ်းစာမူများကို လိုက်နာကျင့်သုံးခြင်းကြောင့် အလွန်ဆိုးရွားသောအခြေအနေမျိုးရှိ အကျဉ်းထောင်များတွင် ဒုက္ခဆင်းရဲခြင်းခံခဲ့ရကြောင်း သတင်းပို့ပါသည်။ တောင်အမေရိကနိုင်ငံတစ်နိုင်ငံတွင် ပြောက်ကျားအုပ်စုများက ရာနှင့်ချီသောသက်သေခံတို့ကို ဒေသတစ်ခုမှ နှင်ထုတ်ခဲ့သောအခါ အသင်းတော်သုံးခုကို ရုပ်သိမ်းခဲ့ရသည်။ အနောက်အာဖရိကနိုင်ငံတစ်နိုင်ငံတွင် ပြည်တွင်းစစ်တိုက်ခိုက်နေစဉ် ပိတ်မိခံရသော သက်သေခံအချို့သည် အသတ်ခံခဲ့ရ၏။ အလယ်ပိုင်းအမေရိကနိုင်ငံတစ်နိုင်ငံတွင် စီးပွားရေးကျပ်တည်းနေသော ညီအစ်ကိုအချို့၏အခြေအနေသည် မုန်တိုင်းဒဏ်ကြောင့် ပိုမိုဆိုးရွားသွားပါသည်။ ဆင်းရဲနွမ်းပါးခြင်းနှင့် အစားအစာရှားပါးမှုတို့သည် ကြီးကျယ်သောပြဿနာများ ဖြစ်မည်မဟုတ်သောဒေသများတွင်မူ အကျိုးမပြုသော ဩဇာလွှမ်းမိုးမှုများကြောင့် အချို့သူများ ပျော်ရွှင်မှုလျော့နည်းနေကြပေမည်။ ယခုခေတ်အသက်ရှင်နေထိုင်ပုံ၏ ဖိစီးမှုဝန် ပိနေသူများစွာလည်းရှိသည်။ ထို့ပြင် အခြားသူများမှာမူ လူအများစု၏ လျစ်လျူရှုမှုကြောင့် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ဟောပြောချိန်တွင် စိတ်ဓာတ်ကျကြပေမည်။
၁၄။ (က) ယောဘ၏ပုံသက်သေမှ အဘယ်အရာ သိရှိခဲ့ရသနည်း။ (ခ) စိတ်ဆင်းရဲသည့်အခါ အပျက်သဘောဖြင့်တွေးတောမည့်အစား အဘယ်သို့ပြုလုပ်သင့်သနည်း။
၁၄ ဤအခြေအနေမျိုးတို့သည် ဘုရားသခင့်မျက်နှာသာမရခြင်း၏ သာဓကဖြစ်သည်ဟု အဓိပ္ပာယ်မကောက်သင့်ပါ။ ယောဘ၏အဖြစ်နှင့်တွေ့ကြုံခဲ့ရသောဒုက္ခဆင်းရဲခြင်းများကို သတိရပါ။ သူသည် “စုံလင်ဖြောင့်မတ်ပေ၏။” (ယောဘ ၁:၈) ဧလိဖတ်က ယောဘအား အပြစ်လွန်ကျူးသူဟုစွပ်စွဲခဲ့သောအခါ သူမည်မျှစိတ်ဓာတ်ကျလိုက်မည်ဖြစ်ခြင်း! (ယောဘ၊ အခန်းကြီး ၄၊ ၅၊ ၂၂) တစ်နည်းနည်းဖြင့် ယေဟောဝါအပေါ် တာဝန်ပျက်ကွက်ခဲ့ခြင်း၊ သို့မဟုတ် ယေဟောဝါ၏ကောင်းချီးရုပ်သိမ်းခံရသောကြောင့် ဒုက္ခဆင်းရဲခြင်းရောက်ရသည်ဟု အလျင်စလိုကောက်ချက်မချသင့်ပါ။ ဆင်းရဲခြင်းဒုက္ခရောက်နေစဉ် အပျက်သဘောဖြင့် တွေးတောခြင်းက ယုံကြည်ခြင်းအားနည်းစေနိုင်သည်။ (၁ သက်သာလောနိတ် ၃:၁-၃၊ ၅) မည်သည့်စိတ်ဆင်းရဲမှုကိုပင် ခံရစေကာမူ ယေဟောဝါနှင့် ယေရှုတို့သည် ဖြောင့်မတ်သောသူ၏အနီးအပါးတွင်ရှိနေသည်ဟူသောအချက်ကို ဆင်ခြင်သုံးသပ်ခြင်းသည် အကောင်းဆုံးဖြစ်သည်။
၁၅။ ယေဟောဝါသည် ကိုယ်တော်၏လူမျိုးခံရသောဒုက္ခများကြောင့် အလွန်စိုးရိမ်စိတ် ရှိတော်မူသည်ဟု မည်သို့သိရသနည်း။
၁၅ တမန်တော်ပေါလုက ကျွန်ုပ်တို့ကို ဤသို့အားယူစေသည်– “ဆင်းရဲငြိုငြင်ခြင်း၊ ညှဉ်းဆဲနှိပ်စက်ခြင်း၊ မွတ်သိပ်ခြင်း၊ အဝတ်အချည်းစည်းရှိခြင်း၊ ဘေးနှင့်တွေ့ကြုံခြင်း၊ ကွပ်မျက်ခြင်းကိုခံရသော်လည်း၊ ထိုအမှုတို့တွင် အဘယ်အမှုသည် ခရစ်တော်၏ချစ်ခြင်းမေတ္တာတော်နှင့် ငါတို့ကိုကွာစေမည်နည်း။ . . . သေခြင်းဖြစ်စေ၊ အသက်ရှင်ခြင်းဖြစ်စေ၊ ကောင်းကင်တမန်ဖြစ်စေ၊ အထွတ်အမြတ်ဖြစ်စေ၊ အာဏာတန်ခိုးဖြစ်စေ၊ မျက်မှောက်အရာဖြစ်စေ၊ နောင်လာလတ္တံ့သောအရာဖြစ်စေ၊ အမြင့်ဖြစ်စေ၊ အနိမ့်ဖြစ်စေ၊ ဤအရာမှစ၍ အဘယ်နိမ္မိတအရာမျှသည်၊ ငါတို့သခင်ယေရှုခရစ်အားဖြင့်ခံရသော ဘုရားသခင်၏မေတ္တာတော်နှင့် ငါတို့ကို မကွာစေနိုင်ဟု ငါသည် သဘောကျလျက်ရှိ၏။” (ရောမ ၈:၃၅၊ ၃၈၊ ၃၉) ယေဟောဝါသည် ကျွန်ုပ်တို့အတွက် အလွန်စိုးရိမ်တော်မူ၍ ကျွန်ုပ်တို့၏ဝေဒနာကိုလည်း သိတော်မူသည်။ ထွက်ပြေးတိမ်းရှောင်နေရစဉ်ပင် ဒါဝိဒ်က ဤသို့ရေးသားခဲ့သည်– “ထာဝရဘုရားသည် ဖြောင့်မတ်သောသူတို့ကို ကြည့်ရှုတော်မူ၏။ သူတို့အော်ဟစ်သံကိုလည်း နားထောင်တော်မူ၏။ ထာဝရဘုရားသည် ကျိုးပဲ့သောစိတ် ရှိသောသူတို့နှင့် နှလုံးကြေကွဲသောသူတို့ကို နီးတော်မူ၏။” (ဆာလံ ၃၄:၁၅၊ ၁၈; မဿဲ ၁၈:၆၊ ၁၄) ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်သည် ကျွန်ုပ်တို့ကို သတိနှင့်ကြည့်ရှုတော်မူ၍ ဝေဒနာခံနေရသူများကို သနားတော်မူသည်။ (၁ ပေတရု ၅:၆၊ ၇) အဘယ်ဝေဒနာမျိုးကိုမဆို ခံရစေကာမူ ခံနိုင်ရည်ရှိစေရန် ကိုယ်တော်ကယ်မသနားတော်မူသည်။
ယေဟောဝါ၏ဆုလာဘ်တော်များက ကျွန်ုပ်တို့ကိုထောက်ပင့်
၁၆။ ယေဟောဝါထံတော်မှ အဘယ်ပြင်ဆင်ပေးချက်သည် ခံနိုင်ရည်ရှိစေရန် အထောက်အမပြုသနည်း။ မည်သို့အားဖြင့်နည်း။
၁၆ ဤအစီအစဉ်စနစ်ဟောင်းတွင် အခက်အခဲကင်းရှင်းသည့် ဘဝအသက်တာမျိုးရရှိရန် မမျှော်လင့်နိုင်သော်လည်း ကျွန်ုပ်တို့သည် “စွန့်ပစ်ခြင်းကို ခံရသည်မဟုတ်။” (၂ ကောရိန္သု ၄:၈၊ ၉၊ သမ္မာ) တပည့်နောက်လိုက်တော်များအတွက် အထောက်အမပို့ပေးမည်ဟု ယေရှုကတိပြုတော်မူခဲ့သည်။ ကိုယ်တော်က “ငါသည် ခမည်းတော်ကိုတောင်း၍ ခမည်းတော်သည် သမ္မာတရား၏ဝိညာဉ်တည်းဟူသော အခြားသောထောက်မသူကို သင်တို့နှင့်အတူ အစဉ်မပြတ်တည်နေစေခြင်းငှာ သင်တို့အား ပေးတော်မူမည်” ဟုမိန့်တော်မူခဲ့သည်။ (ယောဟန် ၁၄:၁၆၊ ၁၇၊ ကဘ) စီ.အီး. ၃၃ ပင်တေကုတ္တေပွဲနေ့တွင် တမန်တော်ပေတရုက ‘သန့်ရှင်းသောဝိညာဉ်တော်တည်းဟူသော အခမဲ့ဆုကျေးဇူးတော်ကိုခံရလိမ့်မည်’ ဟုနားထောင်သူတို့အား ပြောဆိုခဲ့သည်။ (တမန်တော် ၂:၃၈) သန့်ရှင်းသောဝိညာဉ်တော်သည် ယနေ့ ကျွန်ုပ်တို့ကို ကူညီပေးနေပါသလော။ အမှန်ကူညီပေသည်! ယေဟောဝါ၏လှုပ်ရှားသောစွမ်းအားသည် “ချစ်ခြင်း၊ ရွှင်လန်းခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကရုဏာပြခြင်း၊ ကောင်းမြတ်ခြင်း၊ ယုံကြည်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ချုပ်တည်းခြင်း” တည်းဟူသော အလွန်ကောင်းမြတ်သည့်အသီးများကို သီးပွင့်စေသည်။” (ဂလာတိ ၅:၂၂၊ ၂၃၊ ကဘ) ထိုတန်ဖိုးဖြတ်မရသော အရည်အချင်းအားလုံးတို့သည် ကျွန်ုပ်တို့ကို ခံနိုင်ရည်ရှိဖို့ အထောက်အမပေးသည်။
၁၇။ ဘုရားသခင်ကိုမျှော်လင့်လျက်နေရန် ကျွန်ုပ်တို့၏စိတ်ဆုံးဖြတ်ချက်နှင့် ယုံကြည်ခြင်းကို မြဲမြံစေသည့် ကျမ်းစာသမ္မာတရားအချို့ကား အဘယ်နည်း။
၁၇ ထာဝရအသက်ဆုကျေးဇူးနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် ယခုခံရသော ဆင်းရဲခြင်းဒုက္ခများသည် “ခဏခံရ၍ ပေါ့ပါး” ကြောင်းကိုနားလည်စေရန်လည်း သန့်ရှင်းသောဝိညာဉ်တော်က အကူအညီပေးပါသည်။ (၂ ကောရိန္သု ၄:၁၆-၁၈) ဘုရားသခင်သည် ကျွန်ုပ်တို့ပြုသော အမှုများကိုလည်းကောင်း၊ ကိုယ်တော့်အားပြသော မေတ္တာကိုလည်းကောင်း မေ့လျော့မည်မဟုတ်ကြောင်း ယုံကြည်စိတ်ချနိုင်ပါသည်။ (ဟေဗြဲ ၆:၉-၁၂) သမ္မာကျမ်းစာ၏ မှုတ်သွင်းခံစကားများကို ဖတ်ရှုကြရာတွင် ဒုက္ခဆင်းရဲခြင်းများစွာခံကြရသော်လည်း ဝမ်းမြောက်သောသူဟု အခေါ်ခံရသော သစ္စာရှိကျေးကျွန်များ၏ပုံသက်သေကြောင့် ကျွန်ုပ်တို့နှစ်သိမ့်မှုရရှိနိုင်ကြပါသည်။ ယာကုပ်က “ငါ့ညီအစ်ကိုတို့၊ ယေဟောဝါ၏နာမတော်ကို အမှီပြု၍ ဟောပြောသော ပရောဖက်တို့သည် ဆင်းရဲဒုက္ခတွေ့ခြင်း၊ သည်းခံခြင်း၏ပုံသက်သေကို ပြကြပြီဟု မှတ်ကြလော့။ တည်ကြည်သောသူတို့သည် ဝမ်းမြောက်သောသူဟူ၍ ငါတို့ခေါ်ကြ၏။” (ယာကုပ် ၅:၁၀၊ ၁၁၊ ကဘ) “သာမန်ထက်ထူးကဲသော တန်ခိုးတော်” ကဒုက္ခဆင်းရဲခြင်းများကို သည်းခံနိုင်ရန် အကူအညီပေးမည်ဟု သမ္မာကျမ်းစာက ကတိပေးသည်။ ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်ဖြင့်လည်း ကျွန်ုပ်တို့ကို ယေဟောဝါ ကောင်းချီးပေးတော်မူသည်။ (၂ ကောရိန္သု ၁:၈-၁၀; ၄:၇၊ ကဘ) သမ္မာကျမ်းစာကို နေ့စဉ်ဖတ်ခြင်း၊ ဤကတိတော်များကို ဆင်ခြင်သုံးသပ်ခြင်းက ဘုရားသခင်ကို စိတ်ရှည်စွာစောင့်စားနိုင်ရန် ကျွန်ုပ်တို့၏စိတ်ဆုံးဖြတ်ချက်နှင့် ယုံကြည်ခြင်းကို မြဲမြံစေပါလိမ့်မည်။—ဆာလံ ၄၂:၅။
၁၈။ (က) ၂ ကောရိန္သု ၁:၃၊ ၄ တွင် အဘယ်အမှုကိုပြုရန် ကျွန်ုပ်တို့အား တိုက်တွန်းထားသနည်း။ (ခ) ခရစ်ယာန်အကြီးအကဲများသည် မည်သည့်နည်းဖြင့် နှစ်သိမ့်မှုနှင့် စိတ်လန်းဆန်းမှုပေးသူများ ဖြစ်နိုင်ကြသနည်း။
၁၈ ထို့ပြင် ယေဟောဝါသည် ကျွန်ုပ်တို့၏ခရစ်ယာန်ညီအစ်ကို၊ ညီအစ်မများ၏ စစ်မှန်သောချစ်ခြင်းမေတ္တာကို ခံစားရရန် ဝိညာဉ်ရေးပရဒိသုကို ပေးသနားထားတော်မူပြီ။ အချင်းချင်းတစ်ဦးကိုတစ်ဦး နှစ်သိမ့်ပေးရန် ကျွန်ုပ်တို့မှာ တာဝန်ရှိသည်။ (၂ ကောရိန္သု ၁:၃၊ ၄) အထူးသဖြင့် ခရစ်ယာန်အကြီးအကဲများသည် နှစ်သိမ့်မှုနှင့် စိတ်လန်းဆန်းမှုကို အဓိကပေးသူများ ဖြစ်နိုင်ကြပါသည်။ (ဟေရှာယ ၃၂:၂) “လူတို့တွင် ဆုလာဘ်များ” အနေနှင့် ဒုက္ခဆင်းရဲရောက်သူများကို တည်ဆောက်ပေးရန်၊ “စိတ်ငယ်သောသူတို့ကို အားပေးကြ” ရန်နှင့် “အားနည်းသောသူတို့ကို ထောက်မ” ရန်တာဝန်ရှိကြသည်။ (ဧဖက် ၄:၈၊ ၁၁၊ ၁၂၊ ကဘ; ၁ သက်သာလောနိတ် ၅:၁၄) အကြီးအကဲများသည် ကင်းမျှော်စင် နှင့် နိုးလော့! မဂ္ဂဇင်းများအပြင် “သစ္စာနှင့်သတိပညာရှိသောကျွန်” ထုတ်ဝေထားသည့် အခြားစာအုပ်စာတမ်းများကိုပါ ကောင်းစွာအသုံးပြုဖို့ အားပေးခံရကြသည်။ (မဿဲ ၂၄:၄၅-၄၇) ၎င်းတို့တွင် ကျွန်ုပ်တို့စိုးရိမ်ပူပင်နေရသော ပြဿနာအချို့ကို ဖြေရှင်းပေးရန်နှင့် ယင်းတို့မဖြစ်ပေါ်စေရန်ပင် ကျမ်းစာအခြေခံ အကူအညီပေး ဆုံးမစကား မြောက်မြားစွာပါဝင်သည်။ အခက်အခဲကာလအတွင်း တစ်ဦးကိုတစ်ဦး နှစ်သိမ့်အားပေးခြင်းဖြင့် ယေဟောဝါအား တုပနိုင်ကြပါစေ!
၁၉။ (က) ဘေးဒုက္ခအချို့ကို ရှောင်ကြဉ်ရန် အဘယ်အရာက အကူအညီပေးသနည်း။ (ခ) မူလအားဖြင့် မည်သူ့အား ကိုးစားရမည်နည်း။ဒုက္ခဆင်းရဲများကို ရင်ဆိုင်နိုင်ရန် အဘယ်အရာက အကူအညီပေးမည်နည်း။
၁၉ နောက်ဆုံးကာလကုန်ဆုံးလုနီးလာကာ လက်ရှိအစီအစဉ်စနစ်၏အခြေအနေ ပိုဆိုးရွားလာသည်နှင့်အမျှ ခရစ်ယာန်များသည် ဘေးဒုက္ခမရောက်ရန် အတတ်နိုင်ဆုံး ရှောင်ကြဉ်ကြသည်။ (သု. ၂၂:၃) ချင့်ချင့်ချိန်ချိန် ဆုံးဖြတ်ခြင်း၊ မြဲမြံတည်ကြည်သောစိတ်နှင့် ကျမ်းစာမူများကို သိသောပညာက အမြော်အမြင်ရှိဆုံးဖြတ်ချက်များချရန် အကူအညီပေးနိုင်ပါလိမ့်မည်။ (သု. ၃:၂၁၊ ၂၂) ကျွန်ုပ်တို့သည် မလိုလားအပ်သောအမှားများကို မပြုမိရန် ယေဟောဝါ၏နှုတ်ကပါဌ်တော်ကို လိုက်လျှောက်နာခံကြပါသည်။ (ဆာလံ ၃၈:၄) မည်သို့ပင်ရှိစေ ကျွန်ုပ်တို့ဘက်မှ မည်မျှကြိုးစားစေကာမူ ဒုက္ခဆင်းရဲခြင်းမှလုံးဝမလွတ်ကင်းနိုင်ကြောင်း အသိအမှတ်ပြုကြသည်။ ဤအစီအစဉ်စနစ်တွင် ဖြောင့်မတ်သောသူများစွာတို့သည် ခဲယဉ်းကျပ်တည်းမှု အပြင်းအထန်ခံနေကြရ၏။ သို့ရာတွင် “ယေဟောဝါသည် မိမိလူတို့ကိုမပယ်” ကြောင်းယုံကြည်စိတ်ချစွာဖြင့် ဒုက္ခဆင်းရဲခြင်းကိုရင်ဆိုင်နိုင်ကြပါသည်။ (ဆာလံ ၉၄:၁၄) ဤအစီအစဉ်စနစ်နှင့် ယင်း၏ဒုက္ခများ မကြာမီ ပပျောက်တော့မည်ဖြစ်ကြောင်း ကျွန်ုပ်တို့သိရှိကြ၏။ သို့ဖြစ်၍ “ပန်းလျနွမ်းနယ်မှုမရှိပါက ရာသီချိန်ရောက်လျှင် အသီးအနှံကိုရိတ်သိမ်းရမည်ဖြစ်သောကြောင့် ကောင်းမှုပြုရာတွင် လက်မလျှော့ကြ” ရန်ကျွန်ုပ်တို့သန္နိဋ္ဌာန်ချထားကြစို့လေ။—ဂလာတိ ၆:၉၊ ကဘ။
ကျွန်ုပ်တို့ အဘယ်အရာများသင်ယူခဲ့ကြရပြီနည်း
◻ ခရစ်ယာန်အသင်းအပင်းတစ်ခုလုံးသည် အဘယ်ဒုက္ခဆင်းရဲခြင်းများကို ခံကြရသနည်း။
◻ ဘေးဒုက္ခများခံရခြင်းသည် ယေဟောဝါ၏မျက်နှာသာမရခြင်း၏သာဓကဖြစ်သည်ဟု မယူမှတ်ရန် အဘယ်ကျမ်းစာပုံနမူနာများက အထောက်အကူပြုသနည်း။
◻ ယေဟောဝါ၏လူများ ဒုက္ခဆင်းရဲခြင်း ရောက်သည့်အခါ ကိုယ်တော်မည်သို့ခံစားရသနည်း။
◻ ဆင်းရဲဒုက္ခကိုခံရပ်နိုင်စေသည့် ယေဟောဝါထံတော်မှရသော ဆုလာဘ်အချို့ကား အဘယ်နည်း။
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
ဒုက္ခခံရသူများတွင် ဒါဝိဒ်၊ နာဗုတ်နှင့် ယောသပ်တို့ သုံးဦးပါဝင်