အကောင်းမြင်ဝါဒီအတွက် ယနေ့ခိုင်လုံသောအခြေအမြစ်
၁၈၆၆ ခုနှစ်တွင် မွေးဖွားခဲ့သော သမိုင်းပညာရှင်နှင့် လူမှုရေးသိပ္ပံပညာရှင် အိပ်ချ်. ဂျီ. ဝဲလ်စ်သည် ၂၀ ရာစုအတွေးအခေါ်အပေါ် ကြီးမားသောသြဇာသက်ရောက်စေခဲ့ပါသည်။ အနှစ်တစ်ထောင်ကာလသည် သိပ္ပံပညာတိုးတက်မှုနှင့် ထပ်တူထပ်မျှကျမည်ဟူသော သူ၏ခံယူချက်ကို မိမိ၏အရေးအသားများတွင် ဖော်ပြခဲ့သည်။ ထို့ကြောင့် သူ၏ခံယူချက်တိုးတက်အောင်မြင်ရေးအတွက် မရပ်မနားကြိုးပမ်းနေစဉ် ဝဲလ်စ်၏ “အကန့်အသတ်မရှိအကောင်းမြင်ဝါဒ” ကိုကော်လီယာ၏စွယ်စုံကျမ်းက အမှတ်ရစေသည်။ သို့ရာတွင် ဒုတိယကမ္ဘာစစ်ဖြစ်ပွားလာသောအခါ သူ၏အကောင်းမြင်ဝါဒ ပြိုကွဲပျက်စီးသွားကြောင်းကိုလည်း ဖော်ပြထားပါသည်။
“သိပ္ပံပညာသည် ဆိုးကျိုးကော ကောင်းကျိုးပါဖြစ်စေနိုင်ကြောင်း” ဝဲလ်စ်သဘောပေါက်လာသောအခါ “သူ၏ယုံကြည်မှု ကွယ်ပျောက်သွားပြီး အဆိုးမြင်ဝါဒသို့ ကျဆင်းခဲ့သည်” ဟုချိမ်းဘားစ်၏အတ္ထုပ္ပတ္တိဝင်အဘိဓာန် ကဖော်ပြထားသည်။ ယင်းသို့ အဘယ်ကြောင့်ဖြစ်သွားရသနည်း။
ဝဲလ်စ်၏ ယုံကြည်သက်ဝင်မှုနှင့် အကောင်းမြင်ဝါဒမှာ လူ့အောင်မြင်မှုများ၌သာ အခြေပြုထားပါသည်။ မိမိ၏စိတ်ကူးယဉ်မှုများ အကောင်အထည်ပေါ်လာအောင် လူသားများမစွမ်းဆောင်နိုင်ကြောင်း သူသိမြင်လာသောအခါ သူ့မှာ မျှော်ကိုးစရာမရှိတော့ပေ။ စိတ်ဓာတ်ကျဆင်းခြင်းမှ အဆိုးမြင်ဝါဒသို့ အလျင်အမြန်ပြောင်းလဲသွားလေတော့သည်။
ယနေ့ လူများစွာတို့သည် ထပ်တူအကြောင်းရင်းအတွက်ကြောင့် ထပ်တူတွေ့ကြုံမှုကို ကြုံတွေ့နေရကြပါသည်။ သူတို့သည် အသက်ငယ်ရွယ်စဉ်က အကောင်းမြင်ဝါဒဖြင့် ပျော်ရွှင်မှုအတိပြီးခဲ့ကြသော်လည်း အသက်ကြီးလာသည်နှင့်အမျှ အဆိုးမြင်ဝါဒဖြင့် သုန်သုန်မှုန်မှုန်ဖြစ်လာလေတော့သည်။ အများက သာမန်ဟုဆိုကြသောဘဝပုံစံကိုစွန့်ကာ မူးယစ်ဆေးအလွဲသုံးခြင်း၊ တွေ့ကရာလူနှင့်လိင်ဆက်ဆံခြင်းနှင့် ပျက်စီးစေသော အခြားဘဝပုံစံများလိုက်စားခြင်းကို ပြုကျင့်ကြသောလူငယ်များပင်ရှိသည်။ ဖြေရှင်းချက်ကား အဘယ်နည်း။ ကျမ်းစာခေတ်မှ အောက်ပါဥပမာများကိုသုံးသပ်ပြီး အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်တွင် အကောင်းမြင်ဝါဒရှိနိုင်ဖို့အတွက် အဘယ်အခြေအမြစ်ရှိကြောင်း လေ့လာကြည့်ပါ။
အာဗြဟံ၏အကောင်းမြင်သဘောထားဆုချခံရ
ဘီ.စီ.အီး. ၁၉၄၃ ခုနှစ်တွင် အာဗြဟံသည် ခါရန်မြို့မှ ယူဖရေးတီးမြစ်ကိုဖြတ်၍ ခါနာန်ပြည်၌သွားရောက်နေထိုင်ခဲ့သည်။ အာဗြဟံသည် “ယုံကြည်ခြင်းလမ်းသို့လိုက်သောသူတို့၏အဘ” အဖြစ်ဖော်ပြခံခဲ့ရကာ ကျွန်ုပ်တို့အတွက် မည်မျှကောင်းမြတ်လှသော ပုံနမူနာကို သူတင်ပြခဲ့ပါသည်တကား!—ရောမ ၄:၁၁၊ ၁၂။
အာဗြဟံနှင့်အတူ သူ့အစ်ကို၏ မိဘမဲ့သားလောတနှင့် ၎င်း၏မိသားစုလည်းလိုက်ပါလာကြသည်။ နောက်ပိုင်း ထိုပြည်၌အစာခေါင်းပါးသောအခါ ထိုအိမ်ထောင်စုနှစ်စုစလုံးသည် အီဂျစ်ပြည်သို့ ပြောင်းရွှေ့သွားခဲ့ကြပြီး အတန်ကြာလေသော် အတူတူပြန်လာကြသည်။ ဤအချိန်တွင် အာဗြဟံနှင့် လောတတို့သည် စည်းစိမ်ဥစ္စာအပြင် သိုးအုပ်၊ နွားအုပ်အတော်အတန် စုဆောင်းခဲ့ကြပေပြီ။ သူတို့၏နွားကျောင်းသားအချင်းချင်း ခိုက်ရန်ဖြစ်ခဲ့ကြသောအခါ အာဗြဟံက ဤသို့အစပြုပြောဆိုခဲ့သည်– “ငါတို့သည်ညီအစ်ကိုချင်းဖြစ်လျက်၊ ငါနှင့်သင်၌လည်းကောင်း၊ ငါ့နွားကျောင်းသားတို့နှင့် သင့်နွားကျောင်းသားတို့၌လည်းကောင်း ခိုက်ရန်မရှိပါစေနှင့်။ မြေတစ်ပြင်လုံးသည် သင့်ရှေ့မှာရှိသည်မဟုတ်လော။ ငါနှင့်ခွာ၍နေပါလော့။ သင်သည် လက်ဝဲဘက်သို့သွားလျှင်၊ ငါသည်လက်ယာဘက်သို့သွားမည်။ သင်သည်လက်ယာဘက်သို့သွားလျှင်၊ ငါသည်လက်ဝဲဘက်သို့သွားမည်။”—ကမ္ဘာဦး ၁၃:၈၊ ၉။
အသက်ကြီးသူတစ်ဦးအနေနှင့် အာဗြဟံသည် ကိစ္စရပ်များကို မိမိနှစ်သက်သလိုညွှန်ကြားနိုင်ပြီး လောတမှာမူ မိမိဦးလေးကို ရိုသေလေးစားသည့်အနေနှင့် အာဗြဟံအား ရွေးချယ်ခွင့်ပေးနိုင်ပါသည်။ သို့ဖြစ်မည့်အစား “သောဒုံမြို့နှင့်ဂေါမောရမြို့ကို ထာဝရဘုရားဖျက်ဆီးတော်မမူမီ၊ ဇောရမြို့သို့သွားသောလမ်း၊ ယော်ဒန်မြစ်ပတ်ဝန်းကျင်အရပ်ရပ်၌ ရေများ၍၊ ထာဝရဘုရား၏ဥယျာဉ်တော်ကဲ့သို့လည်းကောင်း၊ အဲဂုတ္တုပြည်ကဲ့သို့လည်းကောင်းဖြစ်သည်ကို၊ လောတမျှော်ကြည့်၍မြင်လျှင် ယော်ဒန်ချိုင့်တစ်လျှောက်လုံးကိုရွေးချယ်” ခဲ့လေသည်။ ဤသို့ရွေးချယ်လိုက်ခြင်းဖြင့် လောတ၌ အကောင်းမြင်လောက်သော အကြောင်းကောင်းများရှိနေပါသည်။ သို့သော် အာဗြဟံကော မည်သို့နည်း။—ကမ္ဘာဦး ၁၃:၁၀၊ ၁၁။
အာဗြဟံသည် သူ့မိသားစု၏ကောင်းကျိုးကို အထိခိုက်ခံလိုက်သည့်အတွက် မိုက်တွင်းနက်ရာကျသွားပါသလော။ မကျပါ၊ အာဗြဟံ၏အပြုသဘောဆောင်သော သဘောထားနှင့် ရက်ရောသောစိတ်ထားကြောင့် အကျိုးများစွာဖြစ်ထွန်းခဲ့ပါသည်။ အာဗြဟံကို ယေဟောဝါက ဤသို့မိန့်တော်မူခဲ့သည်– “သင်ရှိရာအရပ်က၊ တောင်၊ မြောက်၊ အရှေ့၊ အနောက်သို့မျှော်ကြည့်လော့။ သင်မြင်သောမြေတစ်ပြင်လုံးကို သင်နှင့်သင်၏အမျိုးအနွယ်အား ငါသည်ကာလအစဉ်အမြဲပေးမည်။”—ကမ္ဘာဦး ၁၃:၁၄၊ ၁၅။
အာဗြဟံ၏အကောင်းမြင်သဘောထား၌ ခိုင်လုံသောအခြေအမြစ်ရှိပါသည်။ ယင်းကို “သင့် [အာဗြဟံ] အားဖြင့်လည်း လူမျိုးအပေါင်းတို့သည် ကောင်းချီးမင်္ဂလာကိုခံရကြ” ရန်အာဗြဟံမှ လူမျိုးကြီးတစ်မျိုးဆင်းသက်စေမည်ဟူသော ဘုရားသခင့်ကတိတော်အပေါ် အခြေပြုထားပါသည်။ (ကမ္ဘာဦး ၁၂:၂-၄၊ ၇) ဘုရားသခင်သည် ကိုယ်တော့်အား “ချစ်ကြည်မြတ်နိုးသူတို့ ကောင်းကျိုးအလို့ငှာ။ အရာခပ်သိမ်း ဝိုင်းညီပြုစုလျက်ရှိ” တော်မူကြောင်းကို ကျွန်ုပ်တို့သိထားကြရာ ယုံကြည်စိတ်ချဖို့အကြောင်းရှိပါသည်။—ရောမ ၈:၂၈၊ သမ။
အကောင်းမြင်တတ်သော သူလျှိုနှစ်ဦး
နှစ်ပေါင်း ၄၀၀ ကျော်ကုန်လွန်ပြီးသည့်နောက် ဣသရေလလူမျိုးသည် “နို့နှင့်ပျားရည်စီးတတ်သောပြည်” ဖြစ်သည့် ခါနာန်ပြည်ထဲသို့ဝင်ရန် အသင့်ပြင်ဆင်နေကြပါသည်။ (ထွက်မြောက်ရာ ၃:၈; တရားဟောရာ ၆:၃) မောရှေသည် ‘ထိုပြည်ကိုစူးစမ်းပြီးမှ၊ အဘယ်လမ်းသို့သွားလျှင် အဘယ်မြို့သို့ရောက်ကြမည်ကို ကြားပြောကြ’ ရန်အဆွေအမျိုးသူကြီး ၁၂ ဦးကို တာဝန်ပေးအပ်ခဲ့သည်။ (တရားဟောရာ ၁:၂၂; တောလည်ရာ ၁၃:၂) သူလျှို ၁၂ ဦးစလုံးသည် တိုင်းပြည်၏စည်ပင်ပေါကြွယ်မှုကို တညီတညွတ်တည်းဖော်ပြကြသော်လည်း သူတို့ထဲမှ ၁၀ ဦးက လူများကိုကြောက်စိတ်ဝင်အောင် အပျက်သဘောပါသောသတင်းများကို တင်ပြခဲ့ကြသည်။—တောလည်ရာ ၁၃:၃၁-၃၃။
အခြားတစ်ဖက်တွင်မူ ယောရှုနှင့်ကာလက်တို့သည် အပြုသဘောဆောင်သောသတင်းကို တင်ပြကြပြီး သူတို့၏ကြောက်ရွံ့မှုလျော့ပါးစေရန် တတ်နိုင်သမျှအားပေးခဲ့ကြသည်။ သူတို့၏သဘောထားနှင့် သတင်းစကားက ကတိထားရာပြည်သို့ ပြန်ပို့ပေးမည်ဟူသော ယေဟောဝါ၏ကတိတော်ပြည့်စုံစေရန် ကိုယ်တော်တတ်နိုင်တော်မူသည်ကို သူတို့အပြည့်အဝယုံကြည်ကြောင်း တင်ပြကြသော်လည်း—အချည်းနှီးပင်ဖြစ်သည်။ လက်ခံကြမည့်အစား “ပရိသတ်အပေါင်းတို့သည်၊ ထိုသူနှစ်ယောက်ကို ကျောက်ခဲနှင့်ပစ်စေခြင်းငှာ စီရင်ကြ၏။”—တောလည်ရာ ၁၃:၃၀; ၁၄:၆-၁၀။
ယေဟောဝါအား ယုံကြည်ကိုးစားရန် မောရှေတိုက်တွန်းသော်လည်း သူတို့နားမထောင်ကြပါ။ သူတို့၏အဆိုးမြင်သဘောထားကို မစွန့်လွှတ်ကြသောကြောင့် လူမျိုးတစ်မျိုးလုံးသည် တောထဲတွင်အနှစ် ၄၀ ပတ်လုံး လှည့်လည်ခဲ့ကြရသည်။ သူလျှို ၁၂ ဦးထဲမှ ယောရှုနှင့်ကာလက်တို့သာလျှင် အကောင်းမြင်သဘောထား၏ အကျိုးရလဒ်ကို ခံစားခဲ့ရကြသည်။ ပြဿနာ၏အခြေခံအကြောင်းရင်းကား အဘယ်နည်း။ လူတို့သည် မိမိတို့၏အသိဉာဏ်ကိုသာ အားထားကြစဉ် ယုံကြည်ခြင်းကင်းမဲ့ကြသောကြောင့်ဖြစ်သည်။—တောလည်ရာ ၁၄:၂၆-၃၀; ဟေဗြဲ ၃:၇-၁၂။
ယောန၏စိတ်တွေဝေမှု
ယောနသည် ဘီ.စီ.အီး. ကိုးရာစုတွင် အသက်ရှင်ခဲ့သည်။ သူသည် ဣသရေလဆယ်နွယ်နိုင်ငံမှ ယေဟောဝါ၏သစ္စာရှိပရောဖက်တစ်ဦးဖြစ်ပြီး ဒုတိယယေရောဗောင်မင်း အုပ်ချုပ်စဉ်အတွင်း တစ်ချိန်ချိန်တွင်အသက်ရှင်ခဲ့ကြောင်း သမ္မာကျမ်းစာကဖော်ပြပါသည်။ သို့တိုင် နိနေဝေမြို့မှလူများကို သွား၍သတိပေးရမည့်တာဝန်ကို သူငြင်းပယ်ခဲ့သည်။ သမိုင်းပညာရှင် ဂျိုစီဖတ်စ်က ယောနသည် “ထွက်ပြေးလျှင်သာ၍ကောင်းမည်ဟုယူဆ” ကာထိုမြို့သို့သွားမည့်အစား ယုပ္ပေမြို့သို့သွားခဲ့သည်ဟုဆိုသည်။ ထိုတွင် မျက်မှောက်ခေတ်စပိန်နိုင်ငံဖြစ်ပုံရသည့် တာရှုမြို့သို့သွားရန် သင်္ဘောစီးလေသည်။ (ယောန ၁:၁-၃) ဤတာဝန်ကို ယောနအဘယ်ကြောင့် အပျက်သဘောမြင်ခဲ့ကြောင်းကို ယောန ၄:၂ တွင်ရှင်းပြထားပါသည်။
နောက်ဆုံး၌ မိမိ၏တာဝန်ကို ပြီးမြောက်အောင်ဆောင်ရွက်ရန် ယောနသဘောတူခဲ့သော်လည်း နိနေဝေမြို့သားများက နောင်တယူကြသောအခါ သူစိတ်ဆိုးလေသည်။ ထို့ကြောင့် ယေဟောဝါသည် ယောနအရိပ်ခိုနေသော ဘူးပင်ကိုညှိုးနွမ်း၍သေစေခြင်းဖြင့် ထောက်ထားစာနာမှုနှင့်ပတ်သက်သော သင်ခန်းစာကောင်းတစ်ခုကို သင်ပေးတော်မူခဲ့သည်။ (ယောန ၄:၁-၈) အမှန်ဆိုလျှင် ယောနသည် အပင်သေသွားသည့်အတွက် ဝမ်းနည်းခဲ့သကဲ့သို့ နိနေဝေမြို့မှ “ကိုယ်လက်ယာလက်နှင့် လက်ဝဲလက်ကိုမျှ ပိုင်းခြား၍မသိသောသူ” ၁၂၀,၀၀၀ အတွက်ပို၍ဝမ်းနည်းသင့်ပေသည်။—ယောန ၄:၁၁။
ယောန၏တွေ့ကြုံမှုမှ ကျွန်ုပ်တို့အဘယ်သင်ခန်းစာ ရနိုင်ပါသနည်း။ မြင့်မြတ်သောလုပ်ငန်းတော်တွင် အဆိုးမြင်ဝါဒမရှိသင့်ပါ။ ကျွန်ုပ်တို့သည် ယေဟောဝါ၏လမ်းညွှန်မှုကို ပိုင်းခြားသိမြင်ပြီး ယုံကြည်စိတ်ချမှုအပြည့်နှင့် လိုက်နာကြပါက အောင်မြင်နိုင်ပါသည်။—သု. ၃:၅၊ ၆။
ခက်ခဲမှုများကြား အကောင်းမြင်ဝါဒ
“လူဆိုးတို့အကြောင်းကြောင့် စိတ်မပူနှင့်။ မတရားသဖြင့်ပြုသောသူတို့ကို မငြူစူနှင့်” ဟုဘုရင်ဒါဝိဒ်ကြွေးကြော်ခဲ့သည်။ (ဆာလံ ၃၇:၁) ယင်းသည် အမှန်ပင် ပညာရှိအကြံဉာဏ်ဖြစ်သည်၊ အကြောင်းမှာ ယနေ့မတရားမှု၊ ကောက်ကျစ်မှုများသည် ကျွန်ုပ်တို့ဝန်းကျင်တွင် ပြည့်နှက်နေသောကြောင့်ဖြစ်သည်။—ဒေသနာ ၈:၁၁။
သို့သော် မတရားသူများကို ကျွန်ုပ်တို့အားမကျသည့်တိုင် ဆိုးယုတ်သူများလက်တွင် အပြစ်မဲ့သူများက ဆင်းရဲခံနေရသည်ကိုလည်းကောင်း၊ ကိုယ်ကိုယ်တိုင် မတရားမှုခံနေရသည့်အခါ၌လည်းကောင်း စိတ်ပျက်ဖို့လွယ်ကူပါသည်။ ယင်းသို့သောအတွေ့အကြုံများက ကျွန်ုပ်တို့ကို စိတ်ပျက်အားလျော့စေသည်၊ သို့မဟုတ် အဆိုးမြင်သဘောရှိစေနိုင်သည်။ ထိုသို့ဖြစ်ပါက ကျွန်ုပ်တို့ မည်သို့ပြုသင့်သနည်း။ ပထမဆုံး၊ ထိုက်တန်သောအပြစ်ဒဏ်ကို လူဆိုးတို့သည် မည်သည့်အခါမျှခံရမည်မဟုတ်ဟု ဆိုးသွမ်းသူများက ကျေနပ်စွာမယူမှတ်နိုင်ကြောင်း ကျွန်ုပ်တို့စိတ်တွင်စွဲမှတ်ထားနိုင်သည်။ ဆာလံ ၃၇ အခန်းငယ် ၂ ကကျွန်ုပ်တို့ကို ဤသို့သေချာစေပါသည်– “သူတို့ [လူဆိုးတို့] သည် မကြာမမြင့်မီ မြက်ပင်ကဲ့သို့ရိတ်ခြင်းကိုခံရ၍၊ စိမ်းသောပျိုးပင်ညှိုးနွမ်းသကဲ့သို့ဖြစ်ရလိမ့်မည်။”
ထို့အပြင် ကျွန်ုပ်တို့သည် ကောင်းမွန်ရာကိုဆက်ပြုလုပ်ပြီး ဆက်အကောင်းမြင်ကာ ယေဟောဝါအားစောင့်ဆိုင်းနေနိုင်ပါသည်။ ဆာလံဆရာက ဤသို့ဆက်လက်ဖော်ပြသည်– “ဒုစရိုက်[မကောင်းသောအကျင့်] ကိုလွှဲရှောင်၍ သုစရိုက်[ကောင်းသောအကျင့်] ကိုပြုလော့။ သို့ပြုလျှင် အစဉ်အမြဲနေရလိမ့်မည်။ ထာဝရဘုရားသည် တရားကိုနှစ်သက်တော်မူ၏။ မိမိသန့်ရှင်းသူတို့ကိုလည်း စွန့်တော်မမူ။”—ဆာလံ ၃၇:၂၇၊ ၂၈။
အကောင်းမြင်သဘောထားမှန် လွှမ်းမိုး
သို့ဖြစ်လျှင် ကျွန်ုပ်တို့၏အနာဂတ်ကော မည်သို့နည်း။ သမ္မာကျမ်းစာမှ ဗျာဒိတ်ကျမ်းစာစောင်တွင် “ကာလမကြာမမြင့်မီ ဖြစ်ရမည့်အမှုအရာများ” ကိုဖော်ပြထားပါသည်။ ထိုအမှုအရာများထဲတွင် စစ်ကိုသရုပ်ဖော်သည့်မြင်းနီစီးသူသည် “ငြိမ်ဝပ်ခြင်းကိုမြေကြီးကရုပ်သိမ်း” ခြင်းကိုလည်း ဖော်ပြထားပါသည်။—ဗျာဒိတ် ၁:၁; ၆:၄။
ပထမကမ္ဘာစစ်အတွင်း ဗြိတိန်နိုင်ငံတွင်ဖြစ်ပေါ်ခဲ့သော လူကြိုက်များပြီး—အကောင်းမြင်—သောအယူအဆတစ်ခုမှာ ယင်းသည်နောက်ဆုံးစစ်ပွဲကြီးဖြစ်မည်ဟူ၍ဖြစ်သည်။ ၁၉၁၆ ခုနှစ်တွင် ဗြိတိသျှနိုင်ငံရေးခေါင်းဆောင် ဒေးဗစ် လွိုက်ဂျော့ဂ်ျသည် အရှိကိုအရှိအတိုင်း ပိုတွေ့မြင်ခဲ့သည်။ သူကဤသို့ဆိုသည်– “ဤစစ်ပွဲသည် နောက်စစ်ပွဲကဲ့သို့ စစ်ကိုအဆုံးသတ်မည့် စစ်ပွဲတစ်ခုဖြစ်သည်။ (ကျွန်ုပ်တို့စာလုံးစောင်းထား။) သူ့အဆိုမှန်ကန်ခဲ့သည်။ ဒုတိယကမ္ဘာစစ်သည် အလုံးအရင်းလိုက်ဖျက်ဆီးရန် ပို၍ရက်စက်ကြမ်းကြုတ်သောနည်းများကိုသာ တိုးပွားများပြားလာစေသည်။ နောက်အနှစ် ၅၀ ကြာပြီးသည့်အထိ စစ်ပွဲအဆုံးသတ်မည့်ပုံကို မမြင်ရသေးပါ။
ထိုဗျာဒိတ်ကျမ်းစာစောင်၌ပင် ငတ်မွတ်ခေါင်းပါးခြင်း၊ ကပ်ရောဂါနှင့် သေခြင်းကိုအမှတ်အသားပြုသော အခြားမြင်းစီးသူရဲများအကြောင်း ကျွန်ုပ်တို့ဖတ်ကြရသည်။ (ဗျာဒိတ် ၆:၅-၈) ယင်းတို့သည် အချိန်ကာလနိမိတ်၏ နောက်ထပ်အသွင်အပြင်များဖြစ်ပါသည်။—မဿဲ ၂၄:၃-၈။
ယင်းတို့သည် အဆိုးမြင်ဝါဒကို ဖြစ်ပေါ်စေသည့် အကြောင်းရင်းများလော။ လုံးဝမဟုတ်ပါ၊ အကြောင်းမှာ ရူပါရုံက “မြင်းဖြူတစ်စီးရှိ၏။ မြင်းစီးသောသူသည် လေးကိုကိုင်၏။ သူ၌သရဖူကိုပေးတော်မူ၏။ အောင်မြင်လျက်လည်းကောင်း၊ အောင်မြင်ခြင်းငှာလည်းကောင်း ထွက်သွား၏” ဟူ၍လည်းဖော်ပြထားသည်။ (ဗျာဒိတ် ၆:၂) ဤတွင် ဆိုးသွမ်းမှုအားလုံးကို ဖယ်ရှားပစ်မည့် ကောင်းကင်ဆိုင်ရာဘုရင်တစ်ပါးအဖြစ် ယေရှုခရစ်ကိုတွေ့မြင်ရပြီး ကိုယ်တော်သည် ကမ္ဘာတစ်ခွင်စည်းလုံးငြိမ်သက်မှုရှိစေရန် မြင်းစီးသွားနေတော်မူသည်။a
မင်းလောင်းမင်းလျာအနေနှင့် ယေရှုခရစ်သည် မြေကြီးပေါ်ရှိစဉ်အခါက ထိုနိုင်ငံတော်အတွက်ဆုတောင်းရန် မိမိ၏တပည့်တော်များကို သင်ပေးတော်မူခဲ့သည်။ အသင်လည်း “အကျွန်ုပ်တို့အဘ” သို့မဟုတ် သခင်အရှင်၏ဆုတောင်းချက်ကို တောင်းလျှောက်ရန် သင်ကြားခံရကောင်းခံရဖူးပေမည်။ ထိုတွင် ဘုရားသခင့်နိုင်ငံတော်တည်ထောင်ရန်၊ ကိုယ်တော်၏အလိုတော်သည် ကောင်းကင်၌ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာပြည့်စုံရန် ကျွန်ုပ်တို့တောင်းလျှောက်ကြပါသည်။—မဿဲ ၆:၉-၁၃။
ယေဟောဝါသည် လက်ရှိအစီအစဉ်စနစ်ကို ပြန်လည်ပြုပြင်ရန်ကြိုးစားမည့်အစား ကိုယ်တော်၏မေရှိယဘုရင် ယေရှုခရစ်တော်အားဖြင့် ယင်းကိုလုံးလုံးဖယ်ရှားပစ်တော်မူမည်။ ထိုနေရာတွင် “မိုးကောင်းကင်သစ်နှင့် မြေကြီးသစ်ကိုငါဖန်ဆင်းမည်။ အရင်မိုးကောင်းကင်နှင့်မြေကြီးကိုမအောက်မေ့ရ။ နှလုံးမမှတ်မိရ” ဟုယေဟောဝါမိန့်တော်မူ၏။ ကောင်းကင်နိုင်ငံတော်အစိုးရအောက်တွင် မြေကြီးသည် လူသားများအတွက် ငြိမ်သက်ပျော်ရွှင်ဖွယ်စံအိမ်ဖြစ်လာကာ အသက်တာနှင့်အလုပ်အကိုင်သည် အစဉ်မပြတ်ရွှင်လန်းဖွယ်ဖြစ်လာမည်။ “ငါဖန်ဆင်းလတ္တံ့သောအရာကြောင့်၊ သင်တို့သည် အစဉ်အမြဲရွှင်လန်းဝမ်းမြောက်ကြလိမ့်မည်။ သူတို့သည် ကိုယ်ပြုစုသောအရာကို ကြာမြင့်စွာသုံးဆောင်ရကြလိမ့်မည်” ဟုယေဟောဝါမိန့်တော်မူ၏။ (ဟေရှာယ ၆၅:၁၇-၂၂) အနာဂတ်အတွက်သင့်မျှော်လင့်ချက်ကို ထိုမပျက်မကွက်ပြည့်စုံမည့် ကတိတော်အပေါ်အခြေပြုပါက အကောင်းမြင်တတ်ရန် ခိုင်လုံသောအကြောင်းရှိပါသည်—ယခုနှင့် ထာဝစဉ်ဖြစ်သည်!
[အောက်ခြေမှတ်ချက်များ]
a ဤရူပါရုံနှင့်ပတ်သက်သည့် အသေးစိတ်ဆွေးနွေးချက်အတွက် ကင်းမျှော်စင် သမ္မာကျမ်းစာနှင့်ဝေစာအသင်းမှ ထုတ်ဝေသော ဗျာဒိတ်ကျမ်း—ယင်း၏မဟာအထွတ်အထိပ်နီးပြီ! [လိပ်] ဟူသောစာအုပ်၏ အခန်း ၁၆ ကိုကျေးဇူးပြု၍ကြည့်ပါ။
[စာမျက်နှာ ၄ ပါ ရုပ်ပုံ]
အိပ်ချ်. ဂျီ. ဝဲလ်စ်
[Credit Line]
Corbis-Bettmann