“မုန်တိုင်းထန်ချိန်ပင်လယ်ခရီးသွားခြင်း”
ယင်းသို့သောစွန့်စားမှုကို အချိန်အခါမသင့်၊ မိုက်မဲ၍ ဘေးကြုံနိုင်စရာအဖြစ် သင်မယူမှတ်ပေလော။ သို့သော် အချို့သည် ပုံဆောင်စကားအားဖြင့် ထိုသို့သောအခြေအနေမျိုးသို့ မိမိတို့ကိုယ်ကိုရောက်စေကြ၏။ မည်သို့အားဖြင့်နည်း။ ၁၇ ရာစုမှ အင်္ဂလိပ်စာရေးဆရာ သောမတ်စ် ဖူလ်လာက “ဒေါသထွက်နေချိန်၌ ဘာမျှမလုပ်ပါနှင့်။ မုန်တိုင်းထန်နေချိန် ပင်လယ်ခရီးသွားခြင်းနှင့်တူ၏” ဟုဆိုခဲ့သည်။
ဒေါသမထိန်းချုပ်နိုင်သည့်အခိုက် စိတ်လိုက်မာန်ပါပြုမူခြင်းသည် ဝမ်းနည်းဖွယ်ဆိုးကျိုးများကိုဖြစ်စေနိုင်၏။ ယင်းကို သမ္မာကျမ်းစာပါဖြစ်ရပ်တစ်ခုက ထောက်ခံသည်။ ရှေးခေတ်မှဘိုးဘေးယာကုပ်၏သားများဖြစ်သော ရှိမောင်နှင့်လေဝိတို့သည် မိမိတို့ညီမဒိန စော်ကားခံရခြင်းကို လက်စားချေလို၍ ဒေါသတကြီး လက်တုံ့ပြန်ခဲ့ကြသည်။ ယင်းကြောင့် သိမ်းရုံးသတ်ဖြတ်ခြင်းနှင့် လုယက်ဖျက်ဆီးခြင်းဖြစ်ခဲ့သည်။ “သင်တို့သည် ငါ့ကိုညှဉ်းဆဲကြပြီတကား။ . . . ဤပြည်သားတို့သည် ငါ့ကိုရွံရှာအောင်ပြုကြပြီတကား” ဟုဆိုလျက် သူတို့၏ဆိုးသွမ်းမှုကို ယာကုပ်ရှုတ်ချခဲ့ခြင်းမှာ အံ့ဩစရာမဟုတ်ပေ။—ကမ္ဘာဦး ၃၄:၂၅-၃၀။
ပညာရှိစွာဖြင့် ဘုရားသခင့်နှုတ်မြွက်စကားတော် သမ္မာကျမ်းစာက ယင်းနှင့်ဆန့်ကျင်သောလမ်းစဉ်ကို အကြံပြုထားသည်။ ယင်းက ဤသို့ဆိုသည်– “အမျက်မထွက်စေနှင့်။ ဒေါသစိတ်ကိုစွန့်ပယ်လော့။ ပြစ်မှားစေခြင်းငှာ တိုက်တွန်းတတ်သောစိတ်မရှိစေနှင့်။” (ဆာလံ ၃၇:၈) ထိုအကြံပေးချက်ကိုလိုက်နာခြင်းသည် ကြီးလေးသောအပြစ်များကို ဟန့်တားနိုင်ပါသည်။—ဒေ. ၁၀:၄; သု. ၂၂:၂၄၊ ၂၅ လည်းရှု။