အကျွန်ုပ်၏ ဒေါသအမျက်လော၊ အကျွန်ုပ်၏ ကျန်းမာရေးလော
ဒေါသ မထွက်တတ်သူ မည်သူရှိသနည်း။ ကျွန်ုပ်တို့အားလုံး ဒေါသထွက်တတ်ပါသည်။ တစ်ခါတစ်ရံ အမျက်အနည်းငယ် ထွက်စရာအကြောင်း ရှိပေမည်။ သို့သော် ရိုးသားစွာဝန်ခံရလျှင် ကျွန်ုပ်တို့ ဒေါသ (သို့မဟုတ် ယင်း၏ပြင်းထန်မှု) မှာ ခိုင်လုံမှုမရှိသည်က မများပေလော။
သမ္မာကျမ်းစာက “အမျက်မထွက်စေနှင့်။ ဒေါသစိတ်ကို စွန့်ပယ်လော့။ ပြစ်မှားစေခြင်းငှာ တိုက်တွန်းတတ်သောစိတ် မရှိစေနှင့်” ဟုမှာကြားသည်။ (ဆာလံ ၃၇:၈) ဤသြဝါဒသည် မည်မျှပညာရှိပါသနည်း။ သင့်ကျန်းမာရေးကို ရေရှည်အကျိုးပြုနိုင်ပါသလော။
နယူးယောက်တိုင်းမ်စ်၏ “ကျန်းမာရေး” အပိုင်းတွင် ဤသို့သတိပြုစေသည်–
“အမျက်ဒေါသ မကြာခဏ ပေါက်ကွဲတတ်သူ သို့မဟုတ် မထီလေးစားပြုခံရတိုင်း ဒေါသထွက်နေတတ်သူ ဖြစ်မည်ဆိုလျှင် မိမိကိုယ်ကို နှစ်သက်ဖွယ်မကောင်းသူ ဖြစ်စေနိုင်သည်။ မိမိကိုယ်ကိုပင် သတ်ဖြတ်နေပေမည်။
“ဒေါသအမျက် အမြဲထွက်တတ်ခြင်းသည် ဆေးလိပ်သောက်ခြင်း၊ အလွန်ဝခြင်း၊ အဆီအနှစ်စားလွန်းခြင်းတမျှ သို့မဟုတ် ထိုထက်ပင်မက ခန္ဓာကိုယ်ကို ထိခိုက်စေ၍ စောစောသေဆုံးရန် အန္တရာယ်ပြုကြောင်း သုတေသီများသည် များမကြာမီက အချက်အလက်မြောက်မြားစွာကို စုဆောင်းခဲ့ရပြီ။
“ဒယုခ် တက္ကသိုလ် ဆေးကုဌာနမှ အပြုအမူဆိုင်ရာဆေးပညာ သုတေသီ ဒေါက်တာ ရဲဒ်ဖော့ဒ် ဝီလျမ်စ်က ‘ရန်လိုမုန်းထား၊ မယုံသင်္ကာဖွယ်ဖြင့် အမျက်ဒေါသထွက်ခြင်းသည် ကျန်းမာရေးကိုထိခိုက်စေသည့် အခြားမည်သည့်အရာနှင့်မဆို တစ်တန်းတစ်စားတည်းဖြစ်နေကြောင်း ကျွန်ုပ်တို့၏သုတေသနပြုချက်က တင်ပြပါသည်’ ဟုဆိုသည်။”
အသက်လမ်းခရီးတွင် ကြုံကြိုက်လေ့ရှိသော အခက်အခဲများကို အလွန်အမင်းတုံ့ပြန်သူများသည် ဖိစီးမှုဟော်မုန်း ပိုများများထုတ်လွှတ်တတ်ကြောင်း သုတေသနပြုချက်များက တင်ပြပါသည်။ မကြာခဏ ဒေါသထွက်တတ်သည့်အတွက် အကာအကွယ်ပေးသည့် ကိုလက်စထရောနှင့် အန္တရာယ်ပြုသည့် ကိုလက်စထရော မမျှတမှုဖြစ်ပေါ်လာရာ နှလုံးသွေးကြောဆိုင်ရာရောဂါ ဖြစ်နိုင်စရာအကြောင်း ပိုများစေသည်။
အချို့က၊ ‘အဲ့ဒါ ကျွန်ုပ်ဗီဇပဲ’ သို့မဟုတ် ‘ဒီလိုပဲ ကြီးပြင်းလာတာ’ ဟုတုံ့ပြန်ကြမည်။ မည်သို့ပင်ဆိုပါစေ ဘုရားသခင့်သြဝါဒစကားများကို ကြိုးစားပမ်းစား ကျင့်သုံးခြင်းအားဖြင့် မပြောင်းလဲနိုင်စရာအကြောင်း မရှိပါ။ သင့်ကျမ်းစာတွင် သု. ၁၄:၂၉၊ ၃၀; ၂၂:၂၄၊ ၂၅; ဧဖက် ၄:၂၆; ယာကုပ် ၁:၁၉၊ ၂၀ တို့၌မှတ်တမ်းတင်ထားသည့် ဒေါသအမျက်ထွက်ခြင်းနှင့်ပတ်သက်သော ဘုရားသခင်၏ဆုံးမသြဝါဒစကားများကို စစ်ဆေးကြည့်ပါလေ။
ထိုမြင့်မြတ်သောဉာဏ်ပညာကို ကျင့်သုံးခြင်းသည် သင့်ကျန်းမာရေးတိုးတက်စေမည့်အပြင် အသက်လည်းတိုး၍ရှည်စေပေမည်။ တိုင်းမ်စ်က ဤသို့သတိပြုစေသည်– “ရန်လိုမုန်းထား၍ ချက်ချင်းတုံ့ပြန်တတ်သည့်အကျင့်ကို ပြောင်းလဲလိုက်ခြင်းဖြင့် အမျက်ထွက်တတ်သူများသည် စောစောသေဆုံးရခြင်းအန္တရာယ်ကို လျော့နည်းစေမည်ဖြစ်ကြောင်း သုတေသီအများက ဆိုပါသည်။”