ဘုရားသခင့် နိုင်ငံတော် ရောက်လာတဲ့အခါ ဘာတွေ ကွယ်ပျောက်သွားမလဲ
“လောကနှင့် လောကတပ်မက်ခြင်းတို့သည် ရွေ့သွားကွယ်ပျောက်ဆဲရှိ၏။ ဘုရားသခင်၏ အလိုတော်ကို ဆောင်ရွက်သောသူမူကား အစဉ်အမြဲတည်၏။”—၁ ယော. ၂:၁၇။
၁၊ ၂။ (က) ဒီစနစ်ကို စီရင်ချက်ချခံရတဲ့ ရာဇဝတ်သားနဲ့ ဘယ်လို နှိုင်းယှဉ်နိုင်သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကို ကြည့်ပါ။) (ခ) ဒီစနစ်ဆိုး ကွပ်မျက်ခံရချိန်မှာ ဘယ်လို တုံ့ပြန်ကြမလဲ။
“သေလူ လာနေပြီ။” အန္တရာယ်ရှိတဲ့ လူဆိုးကြီးကို အကျဉ်းခန်းထဲကနေ ခေါ်ထုတ်သွားချိန်မှာ ထောင်စောင့်တွေ အဲဒီလို အော်ကြတယ်။ ဘာကြောင့်လဲ။ ရာဇဝတ်သားဟာ ကျန်းမာသန်စွမ်းနေပြီး သေစေလောက်တဲ့ ရောဂါလည်း ရှိပုံမရဘူး။ ဒါပေမဲ့ ကွပ်မျက်မယ့်နေရာကို ခေါ်ထုတ်သွားတဲ့အတွက် သေလူနဲ့ မခြားပါဘူး။a
၂ ဒီနေ့ လောကစနစ်လည်း သေလူသဘောမျိုးပါပဲ။ ဒီဆိုးသွမ်းတဲ့လောကကို ကြာမြင့်စွာ ကတည်းက စီရင်ချက်ချထားပြီးဖြစ်လို့ ကွပ်မျက်ခံရပါတော့မယ်။ “လောက . . . သည် ရွေ့သွားကွယ်ပျောက်ဆဲရှိ၏” လို့ ကျမ်းစာမှာ ပြောတယ်။ (၁ ယော. ၂:၁၇) ဒီစနစ်ဆိုး အဆုံးတိုင်မှာ သေချာတယ်။ ဒီလောကရဲ့ အဆုံးနဲ့ ထောင်သားရဲ့ ဇာတ်သိမ်းမှာ အဓိကခြားနားချက်တစ်ခု ရှိတယ်။ ထောင်သား ကွပ်မျက်ခံရတာကို တချို့ ဆန့်ကျင်ကန့်ကွက်နိုင်တယ်။ တရားမျှတမှုကို မေးခွန်းထုတ်နိုင်တယ်။ ကွပ်မျက်မခံရဖို့ နောက်ဆုံး မိနစ်ပိုင်းအထိ မျှော်လင့်နေနိုင်တယ်။ ဒါပေမဲ့ ဒီလောကရဲ့ အဆုံးကိုတော့ တရားအမျှတဆုံး အချုပ်အခြာအာဏာပိုင်ရှင်ကိုယ်တိုင် စီရင်ချက်ချလိုက်ပြီ။ (တရား. ၃၂:၄) ကွပ်မျက်ဖို့ နှောင့်နှေးနေမှာ မဟုတ်ဘူး။ စီရင်ချက် တရားမျှတရဲ့လားဆိုတဲ့ သံသယတွေလည်း ရှိမှာ မဟုတ်ဘူး။ ကွပ်မျက်ပြီးတာနဲ့ တရားမျှတစွာ လုပ်ဆောင်ခဲ့ကြောင်း စကြဝဠာမှာရှိတဲ့ အသိဉာဏ်ရှိသူတိုင်း သဘောတူကြပါမယ်။ အကြီးအကျယ် သက်သာရာရပါလိမ့်မယ်။
၃။ ဘုရားနိုင်ငံတော် ရောက်လာတဲ့အခါ ကွယ်ပျောက်သွားမယ့် ဘယ်ကဏ္ဍလေးခုကို ဆွေးနွေးသုံးသပ်ကြမလဲ။
၃ “ရွေ့သွားကွယ်ပျောက်” နေတဲ့ “လောက” မှာ ဘာပါဝင်သလဲ။ ဘဝမှာ ဖြစ်နေကျပဲလို့ လူအများစု ယူဆထားကြတဲ့အရာတွေ ကွယ်ပျောက်သွားပါလိမ့်မယ်။ အဲဒါ သတင်းဆိုးလား။ လုံးဝ မဟုတ်ပါဘူး။ တကယ်တော့ ‘နိုင်ငံတော်နှင့်ဆိုင်သော သတင်းကောင်း’ ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်း ဖြစ်တယ်။ (မ. ၂၄:၁၄) ဒါကြောင့် ဘုရားနိုင်ငံတော် ရောက်လာတဲ့အခါ ဘာတွေ ကွယ်ပျောက်သွားမယ်ဆိုတာ လေ့လာကြည့်ကြစို့။ လူဆိုးများ၊ အကျင့်ပျက်ခြစားတဲ့ အဖွဲ့အစည်းများ၊ မကောင်းတဲ့ လုပ်ရပ်များ၊ ဖိစီးမှုဖြစ်စေတဲ့ အခြေအနေများဆိုတဲ့ ကဏ္ဍလေးခုကို ဆွေးနွေးသုံးသပ်ကြပါမယ်။ ကဏ္ဍတိုင်းကို ဆွေးနွေးတဲ့အခါ (၁) လက်ရှိအချိန်မှာ ကျွန်တော်တို့ကို ဘယ်လို ထိခိုက်သလဲ၊ (၂) ယေဟောဝါ ဘာလုပ်မလဲ၊ (၃) တကယ်ကောင်းမွန်တဲ့အရာတွေနဲ့ ဘယ်လို အစားထိုးမလဲဆိုတာ သုံးသပ်သွားပါမယ်။
လူဆိုးများ
၄။ လက်ရှိအချိန်မှာ ကျွန်တော်တို့ကို လူဆိုးတွေ ဘယ်လို ထိခိုက်နေသလဲ။
၄ လူဆိုးတွေက လက်ရှိအချိန်မှာ ကျွန်တော်တို့ကို ဘယ်လို ထိခိုက်နေသလဲ။ လက်ရှိလောက “ခက်ခဲကျပ်တည်း” မယ်လို့ တမန်တော် ပေါလု ကြိုဟောပြီးနောက် “ဆိုးညစ်သောသူနှင့် အယောင်ဆောင်သောသူတို့သည် ဆိုးသည်ထက် ဆိုးလာ” မယ်လို့ ပြောခဲ့တယ်။ (၂ တိ. ၃:၁-၅၊ ၁၃) အဲဒီကြိုဟောချက် ပြည့်စုံနေတာကို သင် မြင်တွေ့နေသလား။ လူများစွာဟာ ကြမ်းတမ်းအနိုင်ကျင့်သူတွေ၊ အမုန်းပွားနေတဲ့ တစ်ယူသန်သမားတွေ၊ ရက်စက်တဲ့ ရာဇဝတ်သားတွေရဲ့ သားကောင်တွေ ဖြစ်ခဲ့ကြပြီ။ လူဆိုးတချို့ဟာ ပေါ်ပေါ်ထင်ထင် ဆိုးယုတ်ကြတယ်။ တချို့က အယောင်ဆောင်တွေဖြစ်ပြီး မိမိတို့လုပ်ရပ်ကို ဖြောင့်မတ်ခြင်းမျက်နှာဖုံးအောက်မှာ ဖုံးကွယ်ထားကြတယ်။ လူဆိုးတွေရဲ့ သားကောင် မဖြစ်ခဲ့ရင်တောင် ကျွန်တော်တို့ကို ထိခိုက်နေတုန်းပါပဲ။ ရက်စက်မှုတွေအကြောင်း ကြားသိရတဲ့အခါ အော့နှလုံးနာရတယ်။ ကလေးသူငယ်တွေ၊ အသက်ကြီးသူတွေ၊ အားကိုးရာမဲ့သူတွေကို လူဆိုးတွေ ရက်ရက်စက်စက် အနိုင်ကျင့်ပုံက ကျွန်တော်တို့ကို ထိတ်လန့်ကြောက်ရွံ့စေတယ်။ လူဆိုးတွေဟာ လူမဆန်တဲ့ သဘောထား၊ တိရစ္ဆာန်စိတ်ဓာတ်၊ နတ်ဆိုးသဘောထားကို ပြနေကြတယ်။ (ယာ. ၃:၁၅) ဝမ်းသာစရာကတော့ အဲဒီသတင်းဆိုးတွေကို ကျမ်းစာပါ သတင်းကောင်းတွေနဲ့ ချေဖျက်ထားတယ်။
၅။ (က) လူဆိုးတွေအတွက် ဘယ်အခွင့်အရေး ရှိနေသေးသလဲ။ (ခ) မပြောင်းလဲတဲ့ လူဆိုးတွေအတွက် နောက်ဆုံးရလဒ်က ဘာဖြစ်မလဲ။
၅ ယေဟောဝါ ဘာလုပ်မလဲ။ လောလောဆယ်မှာ ယေဟောဝါက လူဆိုးတွေကို ပြောင်းလဲဖို့ အခွင့်အရေး ပေးထားတယ်။ (ဟေရှာ. ၅၅:၇) တစ်ဦးချင်းကိုတော့ အပြီးသတ် စီရင်ချက် မချသေးဘူး။ ဒီလောကစနစ်ကိုတော့ စီရင်ချက်ချထားပြီ။ မပြောင်းလဲတဲ့သူတွေ၊ ကြီးစွာသောဒုက္ခ ရောက်လာချိန်အထိ ဒီစနစ်ကို ထောက်ခံပံ့ပိုးနေသူတွေ ဘာဖြစ်မလဲ။ ကမ္ဘာပေါ်ကနေ လူဆိုးတွေကို ထာဝစဉ် ဖယ်ရှားပစ်မယ်လို့ ယေဟောဝါ ကတိပေးထားတယ်။ (ဆာလံ ၃၇:၁၀ ကိုဖတ်ပါ။) အဲဒီစီရင်ချက်ကနေ ကင်းလွတ်မယ်လို့ လူဆိုးတွေ ထင်နိုင်တယ်။ မိမိတို့ လုပ်ရပ်ကို ဖုံးဖိတတ်နေကြပြီ။ ဒီလောကမှာတော့ ပြစ်ဒဏ်မခံရဘဲ လွတ်သွားလေ့ရှိကြတယ်။ (ယောဘ ၂၁:၇၊ ၉) ဒါပေမဲ့ “လူသွားရာလမ်းတို့ကို ဘုရားသခင် ကြည့်ရှု၍ လူခြေရာရှိသမျှတို့ကို မြင်တော်မူ၏။ မတရားသဖြင့် ကျင့်သောသူ၏ ပုန်းရှောင်ရာမှောင်မိုက်၊ သေမင်းအရိပ် တစ်စုံတစ်ခုမျှ မရှိ” လို့ ကျမ်းစာမှာ သတိပေးထားတယ်။ (ယောဘ ၃၄:၂၁၊ ၂၂) ယေဟောဝါဘုရား မမြင်တာ ဘာမှ မရှိဘူး။ ဘယ်အယောင်ဆောင်သူကမှ ဘုရားသခင်ကို လှည့်စားလို့ မရဘူး။ ဘုရားသခင်ရဲ့ အကန့်အသတ်မဲ့ အမြင်အာရုံ မမြင်နိုင်လောက်တဲ့ အမှောင်ရိပ်ဆိုတာ မရှိဘူး။ အာမဂေဒုန်ပြီးနောက် လူဆိုးတွေ ရှိခဲ့ဖူးတဲ့နေရာတွေကို ကြည့်လိုက်တဲ့အခါ သူတို့ကို မတွေ့ရတော့ဘူး။ ထာဝစဉ် ကွယ်ပျောက်သွားကြပါလိမ့်မယ်။—ဆာ. ၃၇:၁၂-၁၅။
၆။ လူဆိုးတွေနေရာမှာ ဘယ်သူတွေ အစားဝင်မလဲ။ အဲဒါ ဘာကြောင့် သတင်းကောင်း ဖြစ်သလဲ။
၆ လူဆိုးတွေနေရာမှာ ဘယ်သူတွေ အစားဝင်မလဲ။ ‘စိတ်နူးညံ့သူတွေက ကမ္ဘာမြေကို ပိုင်ဆိုင်ရလိမ့်မယ်။ များပြားလှတဲ့ ငြိမ်သက်ခြင်းကြောင့် ပျော်ရွှင်ကြည်နူးရလိမ့်မယ်’ လို့ ယေဟောဝါ ကတိပေးတယ်။ ‘ဖြောင့်မတ်သူတွေဟာ ကမ္ဘာမြေကို ပိုင်ဆိုင်ပြီး ထာဝစဉ် နေထိုင်ရလိမ့်မယ်’ လို့ အဲဒီဆာလံကျမ်းမှာ ဆက်ပြောတယ်။ (ဆာ. ၃၇:၁၁၊ ၂၉၊ ကဘ) “စိတ်နူးညံ့သူတွေ၊” “ဖြောင့်မတ်သူတွေ” က ဘယ်သူတွေလဲ။ စိတ်နူးညံ့သူတွေက ယေဟောဝါရဲ့ သွန်သင်ချက်၊ လမ်းညွှန်ချက်ကို နှိမ့်ချစွာ လက်ခံသူတွေ။ ဖြောင့်မတ်သူတွေက ယေဟောဝါဘုရားရှေ့မှာ ဖြောင့်မှန်ရာကို ပြုလုပ်လိုသူတွေ။ ဒီနေ့ လောကမှာ လူဆိုးတွေဟာ လူကောင်းတွေထက် အဆမတန် များနေတယ်။ ကမ္ဘာသစ်မှာတော့ စိတ်နူးညံ့သူ၊ ဖြောင့်မတ်သူတွေပဲ ရှိမှာဖြစ်လို့ ဘယ်လိုလူစားမျိုးက ပိုနည်းတယ်၊ ပိုများတယ်ဆိုတာ မရှိတော့ဘူး။ ပရဒိသု ကမ္ဘာမှာ ဖြောင့်မတ်သူတွေပဲ ရှိတော့မယ်။
အကျင့်ပျက်ခြစားတဲ့ အဖွဲ့အစည်းများ
၇။ အကျင့်ပျက်ခြစားတဲ့ အဖွဲ့အစည်းတွေက လက်ရှိအချိန်မှာ ကျွန်တော်တို့ကို ဘယ်လို ထိခိုက်နေသလဲ။
၇ အကျင့်ပျက်ခြစားတဲ့ အဖွဲ့အစည်းတွေက လက်ရှိအချိန်မှာ ကျွန်တော်တို့ကို ဘယ်လို ထိခိုက်နေသလဲ။ လောကမှာ ဖြစ်နေတဲ့ မကောင်းမှုအများစုဟာ တစ်ယောက်ချင်းကြောင့် မဟုတ်ဘဲ အဖွဲ့အစည်းတွေကြောင့် ဖြစ်တယ်။ ဥပမာ၊ ဘုရားသခင့် အဖြစ်မှန်၊ ကျမ်းစာရဲ့ စစ်မှန်မှု၊ ကမ္ဘာမြေနဲ့ လူသားတွေရဲ့ အနာဂတ်၊ တခြားအကြောင်းအရာတွေနဲ့ပတ်သက်ပြီး လူသန်းပေါင်းများစွာကို လှည့်စားထားတဲ့ ဘာသာရေး အဖွဲ့အစည်းတွေအကြောင်း စဉ်းစားကြည့်ပါ။ အစိုးရတွေကလည်း စစ်မှု၊ လူမျိုးရေး အကြမ်းဖက်မှုကို အားပေးအားမြှောက်လုပ်ကြတယ်။ ဆင်းရဲသား၊ အကာအကွယ်မဲ့သူတွေကို ဖိနှိပ်ထားကြတယ်။ လာဘ်စားမှု၊ မျက်နှာလိုက်မှုတွေ ကြီးစိုးနေတယ်။ လောဘကြီးတဲ့ စီးပွားရေးကော်ပိုရေးရှင်းတွေလည်း ပတ်ဝန်းကျင်ကို ညစ်ညမ်းစေတယ်။ သဘာဝအရင်းအမြစ်တွေကို ဖျက်ဆီးနေကြတယ်။ လူနည်းစုပဲ ချမ်းသာပြီး လူသန်းပေါင်းများစွာကို ဆင်းရဲတွင်းနက်စေဖို့ စားသုံးသူတွေကို အမြတ်ထုတ်နေကြတယ်။ အကျင့်ပျက်ခြစားတဲ့ အဖွဲ့အစည်းတွေဟာ ဒီနေ့ လောကရဲ့ စိတ်ဆင်းရဲစရာ အများစုအတွက် တာဝန်ရှိတာ သေချာပါတယ်။
၈။ လူ့အမြင်မှာ ခိုင်မာတောင့်တင်းပုံရတဲ့ အဖွဲ့အစည်းတွေ ဘာဖြစ်သွားမယ်လို့ ကျမ်းစာမှာ ပြောထားသလဲ။
၈ ယေဟောဝါ ဘာလုပ်မလဲ။ မဟာဗာဗုလုန် ပြည့်တန်ဆာကို ကိုယ်စားပြုတဲ့ မှားယွင်းတဲ့ ဘာသာရေး အဖွဲ့အစည်းအားလုံးကို နိုင်ငံရေးအင်အားစုတွေ ဆန့်ကျင်တိုက်ခိုက်ချိန်မှာ ကြီးစွာသောဒုက္ခ စတင်ပါလိမ့်မယ်။ (ဗျာ. ၁၇:၁၊ ၂၊ ၁၆။ ၁၈:၁-၄) အဲဒီဘာသာရေး အဖွဲ့အစည်းတွေ လုံးလုံး ဖျက်ဆီးခံရပါလိမ့်မယ်။ အကျင့်ပျက်ခြစားတဲ့ တခြားအဖွဲ့အစည်းတွေကော။ လူ့အမြင်မှာ ခိုင်မာတောင့်တင်းပုံရတဲ့ အဖွဲ့အစည်းများစွာကို ကျမ်းစာမှာ တောင်တွေ၊ ကျွန်းတွေနဲ့ ခိုင်းနှိုင်းထားတယ်။ (ဗျာဒိတ် ၆:၁၄ ကိုဖတ်ပါ။) အစိုးရတွေ၊ သူတို့ကို မှီခိုနေတဲ့ အဖွဲ့အစည်းအားလုံး အောက်ခြေကနေ ကိုင်လှုပ်ခံရမယ်လို့ ကျမ်းစာမှာ ကြိုပြောထားတယ်။ လောကရဲ့ အစိုးရအားလုံး၊ ဘုရားနိုင်ငံတော်ကို ဆန့်ကျင်ပြီး သူတို့ဘက် ရပ်တည်သူအားလုံး ဖျက်ဆီးခံရချိန်မှာ ကြီးစွာသောဒုက္ခ အထွတ်အထိပ် ရောက်ပါလိမ့်မယ်။ (ယေ. ၂၅:၃၁-၃၃) အဲဒီနောက် အကျင့်ပျက်ခြစားတဲ့ အဖွဲ့အစည်းတစ်ခုမှ ရှိတော့မှာ မဟုတ်ဘူး။
၉။ မြေကြီးသစ်ကို ကောင်းစွာ စီစဉ်ဖွဲ့စည်းမယ်လို့ ဘာကြောင့် စိတ်ချနိုင်သလဲ။
၉ အကျင့်ပျက်ခြစားတဲ့ အဖွဲ့အစည်းတွေနေရာမှာ ဘာအစားဝင်မလဲ။ အာမဂေဒုန်ပြီးနောက် ကမ္ဘာပေါ်မှာ အဖွဲ့အစည်းဆိုတာ ရှိပါဦးမလား။ “ငါတို့သည် ဖြောင့်မတ်ခြင်းတည်နေရာ ကောင်းကင်သစ်နှင့် မြေကြီးသစ်ကို ကတိတော်နှင့်အညီ စောင့်မျှော်လျက်ရှိကြ၏” လို့ ကျမ်းစာမှာ ပြောတယ်။ (၂ ပေ. ၃:၁၃) ကောင်းကင်ဟောင်းဖြစ်တဲ့ အကျင့်ပျက်ခြစားတဲ့ အစိုးရတွေ၊ မြေကြီးဟောင်းဖြစ်တဲ့ သူတို့ ထိန်းချုပ်ထားတဲ့ မြေကြီးဆိုင်ရာ အဖွဲ့အစည်းတွေ ကွယ်ပျောက်သွားပါလိမ့်မယ်။ သူတို့နေရာမှာ ဘာအစားဝင်မလဲ။ “ကောင်းကင်သစ်နှင့် မြေကြီးသစ်” ဆိုတဲ့ အသုံးအနှုန်းက အစိုးရသစ်၊ အဲဒီအစိုးရ အုပ်ချုပ်မယ့် မြေကြီးဆိုင်ရာ အဖွဲ့အစည်းသစ်ကို ဆိုလိုတယ်။ ယေရှုခရစ် အုပ်စိုးမယ့် နိုင်ငံတော်ဟာ စည်းစနစ်ကျတဲ့ ဘုရားသခင် ယေဟောဝါရဲ့ ဂုဏ်ရည်တော်ကို ပြည့်ဝစုံလင်စွာ ထင်ဟပ်ပြပါလိမ့်မယ်။ (၁ ကော. ၁၄:၃၃) အဲဒါကြောင့် “မြေကြီးသစ်” ကို ဖွဲ့စည်းပါလိမ့်မယ်။ လူကောင်းတွေက ကိစ္စရပ်တွေကို ကိုင်တွယ်ဆောင်ရွက်ကြပါမယ်။ (ဆာ. ၄၅:၁၆) သူတို့ကို ခရစ်တော်နဲ့ ၁၄၄,၀၀၀ က လမ်းပြညွှန်ကြားပါလိမ့်မယ်။ အကျင့်ပျက်ခြစားတဲ့ အဖွဲ့အစည်းအားလုံးနေရာမှာ ဖြောင့်မတ်မှန်ကန်တဲ့၊ စည်းလုံးတဲ့ တစ်ခုတည်းသော အဖွဲ့အစည်း အစားဝင်လာပါလိမ့်မယ်။
မကောင်းတဲ့ လုပ်ရပ်များ
၁၀။ သင့်အရပ်ဒေသမှာ ဘယ်လို မကောင်းမှုတွေ ပျံ့နှံ့နေသလဲ။ သင်နဲ့ မိသားစုကို ဘယ်လို ထိခိုက်သလဲ။
၁၀ မကောင်းတဲ့ လုပ်ရပ်တွေက လက်ရှိအချိန်မှာ ကျွန်တော်တို့ကို ဘယ်လို ထိခိုက်နေသလဲ။ မကောင်းမှု ပြည့်နှက်နေတဲ့ လောကမှာ ကျွန်တော်တို့ အသက်ရှင်နေရတယ်။ ဒီစနစ်မှာ အကျင့်ပျက်မှု၊ မရိုးသားမှု၊ ရက်စက်ကြမ်းတမ်းမှုတွေ အပြည့်ပဲ။ အထူးသဖြင့် မိဘတွေက သားသမီးတွေကို မကောင်းမှုတွေကနေ ကာကွယ်ပေးဖို့ ကြိုးစားနေကြတယ်။ ဖျော်ဖြေရေးလုပ်ငန်းက အမှားအမှန်နဲ့ပတ်သက်တဲ့ ယေဟောဝါရဲ့ စံနှုန်းတွေကို မထီလေးစားလုပ်နေရင်း မကောင်းမှုအမျိုးမျိုးကို ပိုပြီး စွဲမက်စရာ ဖြစ်နေစေတယ်။ (ဟေရှာ. ၅:၂၀) အဲဒါတွေကို ခရစ်ယာန်စစ်တွေ တိုက်လှန်နေကြတယ်။ ယေဟောဝါရဲ့ စံနှုန်းတွေကို မလေးမစားလုပ်တဲ့ ဝန်းကျင်မှာ သမာဓိစောင့်ထိန်းဖို့ ကြိုးစားနေကြတယ်။
၁၁။ သောဒုံနဲ့ ဂေါမောရမြို့အပေါ် ယေဟောဝါရဲ့ တရားစီရင်ချက်ကနေ ဘာသင်ယူရသလဲ။
၁၁ ယေဟောဝါ ဘာလုပ်မလဲ။ သောဒုံနဲ့ ဂေါမောရမြို့မှာ ပျံ့နှံ့နေတဲ့ မကောင်းမှုကို ယေဟောဝါ ဘာလုပ်ခဲ့တယ်ဆိုတာ သုံးသပ်ကြည့်ပါ။ (၂ ပေတရု ၂:၆-၈ ကိုဖတ်ပါ။) ဖြောင့်မတ်သူ လောတဟာ ပတ်ဝန်းကျင်မှာ ဖြစ်နေတဲ့ မကောင်းမှုတွေကြောင့် စိတ်ဆင်းရဲခဲ့တယ်။ အဲဒီဒေသတစ်ခုလုံးကို ယေဟောဝါ ဖျက်ဆီးတဲ့အခါ မကောင်းမှုကို အဆုံးတိုင်စေရုံသာမက “ဘုရားတရားမဲ့သူတို့၌ ဖြစ်ရမည့်အရာများ၏ ပုံနမူနာ” ပါ ပြခဲ့တယ်။ အဲဒီခေတ်က မကောင်းမှုအားလုံးကို ယေဟောဝါ အဆုံးတိုင်စေခဲ့သလို လက်ရှိစနစ်ကို တရားစီရင်ချိန်မှာလည်း အလားတူ မကောင်းမှုတွေကို အဆုံးတိုင်စေပါလိမ့်မယ်။
၁၂။ စနစ်ဆိုး ကွယ်ပျောက်သွားချိန်မှာ လုပ်ဆောင်ဖို့ သင်စောင့်မျှော်နေတဲ့အရာတချို့က ဘာတွေလဲ။
၁၂ မကောင်းတဲ့ လုပ်ရပ်တွေနေရာမှာ ဘာအစားဝင်မလဲ။ ပရဒိသုမြေကြီးမှာ ပျော်ရွှင်စရာကောင်းတဲ့ လုပ်ဆောင်မှုတွေ ပြည့်နေပါလိမ့်မယ်။ ကမ္ဘာမြေကို ပရဒိသုဖြစ်အောင် လုပ်ဆောင်ရတဲ့၊ ကိုယ်တိုင်နဲ့ ချစ်ရသူတွေအတွက် အိမ်ဆောက်ရတဲ့ ပျော်စရာကောင်းတဲ့အလုပ်ကို စဉ်းစားကြည့်ပါ။ သေဆုံးသူ သန်းပေါင်းများစွာကို ပြန်ကြိုဆိုရမယ့် အခွင့်အရေး၊ ယေဟောဝါရဲ့ နည်းလမ်းတွေ၊ လူသားတွေနဲ့ ဆက်ဆံပုံ သမိုင်းကြောင်းတွေကို ပြန်သင်ပေးရမယ့် အခွင့်အရေးအကြောင်းလည်း စဉ်းစားကြည့်ပါ။ (ဟေရှာ. ၆၅:၂၁၊ ၂၂။ တ. ၂၄:၁၅) ကိုယ်တိုင် ပျော်ရွှင်ရမယ့်၊ ယေဟောဝါကို ချီးမွမ်းမှု ဖြစ်စေမယ့် လုပ်ဆောင်စရာတွေနဲ့ အလုပ်များနေပါလိမ့်မယ်။
ဖိစီးမှုဖြစ်စေတဲ့ အခြေအနေများ
၁၃။ စာတန်၊ အာဒံ၊ ဧဝရဲ့ ပုန်ကန်မှုကြောင့် ဖိစီးမှုဖြစ်စေတဲ့ ဘယ်အခြေအနေတွေ ဖြစ်ပေါ်ခဲ့ရသလဲ။
၁၃ ဖိစီးမှုဖြစ်စေတဲ့ အခြေအနေတွေက လက်ရှိအချိန်မှာ ကျွန်တော်တို့ကို ဘယ်လို ထိခိုက်နေသလဲ။ လူဆိုးတွေ၊ အကျင့်ပျက်ခြစားတဲ့ အဖွဲ့အစည်းတွေ၊ မကောင်းတဲ့လုပ်ရပ်တွေက ကမ္ဘာပေါ်မှာ ဖိစီးမှုဖြစ်စေတဲ့ အခြေအနေတွေကို ဖြစ်ပေါ်စေတယ်။ စစ်မှု၊ ဆင်းရဲနွမ်းပါးမှု၊ လူမျိုးရေး မုန်းတီးမှုတို့ကြောင့် မထိခိုက်ဖူးသူ ဘယ်သူ ရှိသလဲ။ ဖျားနာခြင်း၊ သေခြင်းကိုလည်း အားလုံး ရင်ဆိုင်ကြရတယ်။ ယေဟောဝါကို စာတန်၊ အာဒံ၊ ဧဝဆိုတဲ့ ဆိုးသွမ်းသူတွေရဲ့ ပုန်ကန်မှု ရလဒ်ပါပဲ။ သူတို့ရဲ့ ပုန်ကန်မှုကြောင့် ဖြစ်လာတဲ့ ဆိုးကျိုးတွေကနေ ဘယ်သူမှ မလွတ်ကင်းဘူး။
၁၄။ ဖိစီးမှုဖြစ်စေတဲ့ အခြေအနေတွေကို ယေဟောဝါ ဘာလုပ်မလဲ။ ဥပမာပေးပါ။
၁၄ ယေဟောဝါ ဘာလုပ်မလဲ။ စစ်မှုကို ထာဝစဉ် အဆုံးတိုင်စေမယ်လို့ ယေဟောဝါ ကတိပေးထားတယ်။ (ဆာလံ ၄၆:၈၊ ၉ ကိုဖတ်ပါ။) ဖျားနာမှုကိုလည်း ဖယ်ရှားပစ်ပါလိမ့်မယ်။ (ဟေရှာ. ၃၃:၂၄) သေခြင်းကိုလည်း ယေဟောဝါ ထာဝစဉ် နစ်မွန်းဆုံးရှုံးစေမယ်။ (ဟေရှာ. ၂၅:၈) ဆင်းရဲနွမ်းပါးမှုကို အဆုံးတိုင်စေမယ်။ (ဆာ. ၇၂:၁၂-၁၆) ဘဝကို ခက်ခဲစေတဲ့၊ ဖိစီးမှုဖြစ်စေတဲ့ အခြေအနေအားလုံးကိုလည်း အဆုံးတိုင်စေမယ်။ စာတန်နဲ့ နတ်ဆိုးတွေရဲ့ မကောင်းတဲ့စိတ်ဓာတ် ဖယ်ရှားခံရမှာမို့ ဒီစနစ်ဆိုးရဲ့ မကောင်းတဲ့ “လေ” ကွယ်ပျောက်သွားပါလိမ့်မယ်။—ဧ. ၂:၂။
စစ်မှု၊ ဖျားနာမှု၊ သေခြင်း မရှိတဲ့ ကမ္ဘာကို မြင်ယောင်ကြည့်ပါ (အပိုဒ် ၁၅ ကိုကြည့်ပါ)
၁၅။ အာမဂေဒုန်ပြီးနောက် အပြီးအပိုင် ကွယ်ပျောက်သွားမယ့် အရာတချို့ကို ဖော်ပြပါ။
၁၅ စစ်မှု၊ ဖျားနာမှု၊ သေခြင်းမရှိတဲ့ ကမ္ဘာကို မြင်ယောင်ကြည့်ပါ။ ကြည်းတပ်၊ ရေတပ်၊ လေတပ် မရှိတော့ဘူး။ လက်နက်တွေ၊ စစ်သမိုင်းပြတိုက်တွေ မရှိတော့ဘူး။ ဆေးရုံ၊ ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေး အာမခံ၊ ရင်ခွဲရုံ၊ အသုဘအိမ်၊ သုဘရာဇာ၊ သင်္ချိုင်းတွေ မရှိတော့ဘူး။ ရာဇဝတ်မှု ပပျောက်သွားမှာဖြစ်လို့ လုံခြုံရေး အာမခံ၊ အချက်ပေးစနစ်၊ ရဲစခန်း၊ သော့ခလောက်၊ သော့တွေ မလိုတော့ဘူး။ ပူပန်စရာတွေကြောင့် စိတ်ဒုက္ခရောက်ရတော့မှာ မဟုတ်ဘူး။
၁၆၊ ၁၇။ (က) အာမဂေဒုန်ကို ကပ်ကျော်သူတွေ ဘယ်သက်သာမှု ခံစားကြမလဲ။ ဥပမာ ပေးပါ။ (ခ) ဒီလောကဟောင်း ကွယ်ပျောက်သွားချိန်မှာ အသက်ရှင်ကျန်ရစ်အောင် ဘာလုပ်ရမလဲ။
၁၆ စိတ်ပျက်စရာ အခြေအနေတွေ မရှိတော့ချိန်မှာ အသက်ရှင်ရတာ ဘယ်လိုနေမလဲ။ တွေးကြည့်ဖို့တော့ မလွယ်ဘူး။ ဒီလောကဟောင်းမှာ နေလာတာ ကြာပြီမို့ ကမ္ဘာ့အခြေအနေတွေကြောင့် ဘယ်လောက် စိတ်ဖိစီးနေမှန်း သတိတောင် မထားမိတော့ဘူး။ ဘူတာရုံနားမှာ နေသူတွေ ဆူညံသံကို မသိတော့သလို၊ အမှိုက်ပုံနားမှာ နေသူတွေ အနံ့ဆိုး မရတော့သလိုပေါ့။ ဒါပေမဲ့ မကောင်းတာအားလုံး ကွယ်ပျောက်သွားတဲ့အခါ တကယ် စိတ်သက်သာစရာပါပဲ။
၁၇ အခု ခံစားနေရတဲ့ ဖိစီးမှုတွေနေရာမှာ ဘာအစားဝင်မလဲ။ ‘များပြားလှတဲ့ ငြိမ်သက်ခြင်းကြောင့် ပျော်ရွှင်ကြည်နူးရလိမ့်မယ်’ လို့ ဆာလံ ၃၇:၁၁ (ကဘ) မှာ ပြောထားတယ်။ အဲဒီစကားတွေကြောင့် စိတ်ထိမိတယ် မဟုတ်လား။ သင့်ကို ယေဟောဝါ အဲဒီလို ဖြစ်စေချင်တယ်။ ဒါကြောင့် ဖိစီးမှုများတဲ့ ဒီနောက်ဆုံးကာလမှာ ယေဟောဝါဘုရား၊ ကိုယ်တော့်အဖွဲ့အစည်းနဲ့ တတ်နိုင်သမျှ အနီးကပ်နေပါ။ မျှော်လင့်ချက်ကို တန်ဖိုးထားမြတ်နိုးပါ။ မျှော်လင့်ချက်အကြောင်း တွေးတောပါ။ စိတ်နှလုံးထဲမှာ ရှင်သန်စေပါ။ တခြားသူတွေကို ရက်ရက်ရောရော ဝေမျှပါ။ (၁ တိ. ၄:၁၅၊ ၁၆။ ၁ ပေ. ၃:၁၅) ဒါဆိုရင် စီရင်ချက်ချခံထားရတဲ့ ဒီလောကဟောင်း ကွယ်ပျောက်သွားချိန်မှာ သင်ကျန်ရစ်ပြီး ပျော်ရွှင်စွာ ထာဝစဉ် အသက်ရှင်သွားရပါလိမ့်မယ်။
a အရင်တုန်းက အမေရိကန်ပြည်ထောင်စု ဒေသတချို့မှာ ကျင့်သုံးခဲ့တဲ့ ထောင်ဓလေ့ထုံးစံအကြောင်း ဒီအပိုဒ်မှာ ပြောနေတာ ဖြစ်တယ်။