ယေဟောဝါ၏ ကရုဏာတော်သည် စိတ်ပျက်ခြင်းမှ ကာကွယ်
“ အိုဘုရားသခင်၊ ချစ်ခင်ကြင်နာခြင်းသဘောတော်ရှိသည်အတိုင်း အကျွန်ုပ်အား မျက်နှာသာပေးတော်မူပါ။ ကိုယ်တော်၏ ကရုဏာတော် များပြားသည်နှင့်အညီ အကျွန်ုပ်လွန်ကျူးခြင်းအပြစ်ကို ဖြေတော်မူပါ။”—ဆာလံ ၅၁:၁၊ ကဘ။
၁၊ ၂။ ကြီးလေးသောအပြစ်သည် ယေဟောဝါ၏ကျေးကျွန်တစ်ဦးအား မည်သို့ဖြစ်သွားစေနိုင်သနည်း။
အပြစ်ဒဏ်မခံရဘဲ ယေဟောဝါ၏ပညတ်တော်ကို ချိုးဖောက်နိုင်သည်မဟုတ်ကြောင်း ဘုရားသခင့်အပေါ် ကြီးလေးသောအပြစ်ပြုသည့်အခါ အလွန်ထင်ရှားလှသည်တကား။ နှစ်ပေါင်းများစွာ သစ္စာရှိရှိ ယေဟောဝါ၏အမှုတော်ကို ထမ်းဆောင်ခဲ့မည်မှန်သော်လည်း ကိုယ်တော်၏ပညတ်တော်ကို ချိုးဖောက်ခြင်းသည် ကြီးမားသောပူပန်မှု၊ သို့မဟုတ် ပြင်းထန်သော စိတ်ဓာတ်ကျဆင်းမှု ဖြစ်ပေါ်စေပေမည်။ ထိုအခါ မိမိအား ယေဟောဝါစွန့်ပယ်ပြီဖြစ်၍ ကိုယ်တော့်အမှုတော် ထမ်းဆောင်ထိုက်သူမဟုတ်တော့ဟု ခံစားရလိမ့်မည်။ ကျွန်ုပ်တို့၏အပြစ်သည် ဘုရားသခင့်မျက်နှာသာတော်အလင်းကို ဖုံးကွယ်ထားသည့် တိမ်ထုတိမ်တိုက်အလား ဖြစ်ပေမည်။
၂ ရှေးဣသရေလနိုင်ငံ၏ ဘုရင်ဒါဝိဒ်သည် တစ်ချိန်က ဤကဲ့သို့သောအခြေအနေမျိုးတွင် ရောက်ရှိခဲ့သည်။ ယင်းအခြေအနေ မည်သို့ပေါ်ပေါက်လာပါသနည်း။
ခြေလှမ်းမှားများသည် ကြီးလေးသောအပြစ်ပြုမိခြင်းသို့ သွေးဆောင်နိုင်
၃၊ ၄။ တိုးတက်ကြီးပွားနေစဉ်တစ်ချိန်တွင် ဘုရင်ဒါဝိဒ် မည်သို့ဖြစ်သွားသနည်း။
၃ ဘုရားသခင်ကို ဒါဝိဒ်ချစ်မြတ်နိုးသော်လည်း ကြီးလေးသောအပြစ်များပြုမိစေသည့် ခြေလှမ်းမှားများ လှမ်းခဲ့ပါသည်။ (ဂလာတိ ၆:၁ နှိုင်းယှဉ်။) အထူးသဖြင့် သူတစ်ပါးအပေါ် ဩဇာလွှမ်းမိုးခွင့်ရှိသူ မစုံလင်သောလူသား မည်သူမဆို ထိုသို့ပြုနိုင်ပါသည်။ တိုးတက်ကြီးပွားသောမင်းတစ်ပါးအဖြစ် ဒါဝိဒ်သည် နာမည်ကျော်ကြားပြီး တန်ခိုးအာဏာလည်းရှိပါသည်။ သူ၏စကားကို မည်သူ လွန်ဆန်ဝံ့မည်နည်း။ ကျွမ်းကျင်လိမ္မာသူများနှင့် လူအပေါင်းတို့သည် သူ၏စေလိုရာစေဖြစ်ကြသည်။ သို့ဖြစ်၍ပင် ဒါဝိဒ်သည် မိန်းမများစွာယူခြင်း၊ လူများကို ရေတွက်ခြင်းအားဖြင့် ပြစ်မှားခဲ့ပါသည်။—တရားဟောရာ ၁၇:၁၄-၂၀။ ၁ ရာဇဝင်ချုပ် ၂၁:၁။
၄ ဤသို့စည်းစိမ်ဥစ္စာရှိနေစဉ် ဘုရားသခင့်ရှေ့၊ လူ့ရှေ့ ကြီးလေးသောအပြစ်များကို ဒါဝိဒ်ပြုလုပ်ခဲ့သည်။ ကြည့်ပါလေ။ စာတန်ပုံစံဖော်ထားသည့် ယက်ထည်၏ချည်မျှင်များကဲ့သို့ အပြစ်တစ်ခုမှတစ်ခုသို့ ယှက်နွယ်လေတော့သည်တကား။ ဣသရေလအမျိုးသားချင်းတို့သည် အမ္မုန်လူမျိုးနှင့် စစ်တိုက်နေကြစဉ် ဥရိယ၏ အဆင်းလှသောဇနီး၊ ဗာသရှေဘ ရေချိုးနေခြင်းကို နန်းတော်မိုးမှ ဒါဝိဒ်စိုက်ကြည့်ခဲ့သည်။ ဥရိယစစ်တိုက်ထွက်နေခိုက် ရှင်ဘုရင်က ထိုအမျိုးသမီးအား နန်းတော်တွင်းသွင်းစေလျက် သူမနှင့် သူ့သားအိမ်ယာပြစ်မှားလေသည်။ နောင်တွင် သူမပဋိသန္ဓေတည်နေကြောင်း သိရှိသည့်အခါ မည်မျှထိတ်လန့်ခဲ့မည်ဖြစ်ချင်း။ သို့နှင့် ဥရိယကို လူလွှတ်ခေါ်စေပြီး ဗာသရှေဘနှင့်သူပျော်မွေ့ရာ ကလေးကို သူ့ကလေးဟုယူမှတ်မည်ဟု ဒါဝိဒ်မျှော်လင့်ခဲ့သည်။ သူ့အားမူးသည်အထိ ဒါဝိဒ်အရက်တိုက်ခဲ့သော်လည်း ဥရိယသည် သူမနှင့်ပျော်မွေ့ခြင်းကို ငြင်းပယ်ပါသည်။ ဤတွင် ဥရိယအား တိုက်ပွဲတွင်သေစေရန် သူ့အား ရှေ့တန်းသို့လွှတ်လိုက်ဖို့ ဗိုလ်ချုပ်ယွာဘအား လျှို့ဝှက်စွာဖြင့် ဒါဝိဒ်မှာကြားလိုက်လေသည်။ စစ်မြေပြင်တွင် ဥရိယသေဆုံးသွားပြီး သူ၏မုဆိုးမလည်း ထုံးစံရှိသည့် ဝမ်းနည်းချိန်ကုန်လွန်ပြီးနောက် သူမပဋိသန္ဓေရှိကြောင်း လူတို့သတိမပြုမီ သူမအား ဒါဝိဒ်ထိမ်းမြားလေသည်။—၂ ဓမ္မရာဇဝင် ၁၁:၁-၂၇။
၅။ ဗာသရှေဘနှင့် ဒါဝိဒ်ပြစ်မှားပြီးနောက် အဘယ်အရာများ ဖြစ်ပျက်သနည်း။ သူ၏အပြစ်များက သူ့အား မည်သို့ဖြစ်သွားစေသနည်း။
၅ ပရောဖက်နာသန်မှတစ်ဆင့် ဒါဝိဒ်၏အပြစ်များကို ဘုရားသခင်ဖော်ထုတ်ကာ ဤသို့မိန့်တော်မူခဲ့သည်။ “ငါသည် သင့်နန်းတွင်းကပင် သင့်အား ဘေးပေါ်ထွက်စေ” မည်။ ထိုသို့နှင့်အညီ ဗာသရှေဘနှင့်ဖွားသောသား သေဆုံးသွားသည်။ (၂ ဓမ္မရာဇဝင် ၁၂:၁-၂၃၊ သမ) ဒါဝိဒ်၏ သားဦး အာမနုန်သည် ဖတူမိကွဲညီမ တာမာကို ဗလက္ကာရပြုသည့်အတွက် သူမအစ်ကို၏လက်ချက်ဖြင့် အသတ်ခံရလေသည်။ (၂ ဓမ္မရာဇဝင် ၁၃:၁-၃၃) ဘုရင့်သား အဗရှလုံသည် ဘုရင့်အာဏာကို သိမ်းယူရန် ကြိုးစားရုံမက ဒါဝိဒ်၏မယားငယ်များနှင့် အကြင်လင်မယားအဖြစ်ပေါင်းသင်းခြင်းအားဖြင့် အဘကို အရှက်ခွဲခဲ့သည်။ (၂ ဓမ္မရာဇဝင် ၁၅:၁–၁၆:၂၂) အဗရှလုံကွယ်လွန်မှ ပြည်တွင်းစစ်ပြီးငြိမ်းသော်လည်း ဒါဝိဒ်သည် ပို၍ပူဆွေးဝမ်းနည်းရပြန်၏။ (၂ ဓမ္မရာဇဝင် ၁၈:၁-၃၃) သို့ရာတွင် ဒါဝိဒ်၏အပြစ်များက သူ့အား နောင်ကြဉ်စေပြီး သက်ညှာစာနာတော်မူသော ဘုရားသခင်ထံတော်အပါးနေဖို့လိုကြောင်း သူ့အားနားလည်စေသည်။ ကျွန်ုပ်တို့မှားယွင်းမိမည်ဆိုလျှင် နှိမ့်ချစွာဖြင့် နောင်တယူကာ ယေဟောဝါထံတော်သို့ ချဉ်းကပ်ကြစို့လေ။—ယာကုပ် ၄:၈ နှိုင်းယှဉ်။
၆။ ဒါဝိဒ်မင်းကြီးသည် အဘယ်ကြောင့် အထူးသဖြင့်အပြစ်ကြီးသနည်း။
၆ ဒါဝိဒ်သည် ယေဟောဝါ၏ပညတ်တရားတော်ကို ကောင်းစွာသိရှိသော ဣသရေလဘုရင်တစ်ပါးဖြစ်သည့်အတွက် အထူးသဖြင့် အပြစ်ရှိပါသည်။ (တရားဟောရာ ၁၇:၁၈-၂၀) သူသည် ထိုသို့သောအသိပညာမရှိ၊ ဘုရားသခင့်အလိုတော်နှင့်မညီသော အပြစ်များကို မကြာခဏပြုတတ်သည့် အီဂျစ်နိုင်ငံ၏ဖာရောမင်းတစ်ပါး၊ သို့မဟုတ် ဗာဗုလုန်ဘုရင်တစ်ပါးမဟုတ်ပါ။ (ဧဖက် ၂:၁၂။ ၄:၁၈ နှိုင်းယှဉ်။) ယေဟောဝါအား ဆက်ကပ်အပ်နှံထားသောလူမျိုးအဝင်ဖြစ်သည့်အတွက် သူ့သားအိမ်ယာပြစ်မှားခြင်းနှင့် လူ့အသက်သတ်ခြင်းတို့သည် ကြီးလေးသောအပြစ်များဖြစ်ကြောင်း ဒါဝိဒ်ကောင်းစွာသိရှိပါသည်။ (ထွက်မြောက်ရာ ၂၀:၁၃၊ ၁၄) ခရစ်ယာန်များလည်း ဘုရားသခင့်ပညတ်ချက်များကို သိထားကြသည်။ သို့သော် ဒါဝိဒ်နည်းတူပင် မွေးရာပါအပြစ်တရားကြောင့်လည်းကောင်း၊ သွေးသားအားနည်းမှုကြောင့်လည်းကောင်း၊ သွေးဆောင်ခြင်းကို မငြင်းဆန်သောကြောင့်လည်းကောင်း ပညတ်ကို ချိုးဖောက်ကြသည်။ မည်သူမဆို ထိုသို့ပြုမိမည်ဆိုလျှင် ကျွန်ုပ်တို့၏ဝိညာဏစက္ကုအာရုံကို မှေးမှိန်စေ၍ စိတ်ဓာတ်ကျဆင်းမှု၏ လွှမ်းမိုးခြင်းကိုခံစေသော စိတ်မှိုင်တွေဝမ်းနည်းသောအဖြစ်တွင် ဆက်နေစရာမလိုပါ။
ဝန်ချတောင်းပန်ခြင်းက စိတ်သက်သာမှုပေး
၇၊ ၈။ (က) အပြစ်များကို ကွယ်ဝှက်ရန်ကြိုးစားစဉ် ဒါဝိဒ် မည်သို့ဖြစ်သနည်း။ (ခ) အဘယ်ကြောင့်ဝန်ချတောင်းပန်၍ အပြစ်ဆက်မလုပ်တော့ဘဲနေသင့်သနည်း။
၇ ဘုရားသခင့်ပညတ်ကို အပြစ်ကြီးလေးစွာ ကျူးလွန်မိလျှင် ယေဟောဝါကိုပင် ဝန်ချတောင်းပန်ရန် ခဲယဉ်းပေမည်။ ထိုသို့သောအခြေအနေမျိုးတွင် မည်သို့ဖြစ်သွားနိုင်သနည်း။ ဆာလံ ၃၂ တွင်ဒါဝိဒ်ဤသို့ဝန်ခံထားသည်။ “ငါသည် အပြစ်ကို [ဝန်ခံမည့်အစား] မဖော်မပြဘဲနေစဉ်အခါ တစ်နေ့လုံးညည်းတွားသောအားဖြင့် ငါ့အရိုးတို့သည် ဆွေးမြေ့ခြင်းသို့ ရောက်ကြ၏။ နေ့ညမပြတ် ကိုယ်တော် [ယေဟောဝါ] ၏လက်သည် အကျွန်ုပ်အပေါ်မှာလေး၍ အကျွန်ုပ်၏ချွေးရည်သည် နွေကာလ၌ သွေ့ခြောက်ခြင်းကဲ့သို့ဖြစ်ပါ၏။” (အငယ် ၃၊ ၄) မိမိအပြစ်ကို ကွယ်ဝှက်၍ မကြည်လင်သောသြတ္တပ္ပစိတ်ကို ဖုံးဖိထားရခြင်းသည် ပြစ်မှားသူဒါဝိဒ်ကို နွမ်းလျစေခဲ့သည်။ သူ၏စိတ်ဒုက္ခသည် သူ့ခွန်အားကို ဆုတ်ယုတ်စေလွန်းသဖြင့် သူသည် အစိုဓာတ်မရှိသည့် သွေ့ခြောက်နေသောသစ်ပင်နှင့်သာ တူလေတော့သည်။ အမှန်သော်ကား၊ စိတ်ဓာတ်နှင့်ကာယရေးဒဏ်များကိုလည်း သူခံခဲ့ရကောင်း ခံခဲ့ရမည်။ မည်သို့ဆိုစေကာမူ သူထံမှ ပျော်ရွှင်မှု အမှန်ပျောက်လွင့်ခဲ့သည်။ ထပ်တူအခြေအနေမျိုးတွင် ကျွန်ုပ်တို့ရောက်ခဲ့မည်ဆိုလျှင် မည်သို့ပြုသင့်သနည်း။
၈ ဘုရားသခင်ကို ဝန်ချတောင်းပန်ခြင်းသည် ခွင့်လွှတ်ခြင်းနှင့် စိတ်သက်သာရာရရှိစေနိုင်သည်။ “အကျွန်ုပ်သည် ကိုယ်အပြစ်ကို ရှေ့တော်၌ ဝန်ချပါ၏။ ပြုမိသောဒုစရိုက်ကို ဝှက်၍မထားပါ။ ငါလွန်ကျူးသောအရာကို ထာဝရဘုရား [ယေဟောဝါ၊ ကဘ] အားဖော်ပြတောင်းပန်မည်ဟု ပြောဆိုသောအခါ ကိုယ်တော်သည် အကျွန်ုပ်ပြစ်မှားခြင်းအပြစ်ကို လွှတ်တော်မူ၏” ဟုဒါဝိဒ်သီဆိုခဲ့သည်။ (ဆာလံ ၃၂:၅) အသင်လျှို့ဝှက်ထားသည့် အပြစ်တစ်မျိုးမျိုးကြောင့် စိတ်ဒုက္ခရောက်နေပါသလော။ ဘုရားသခင့်ကရုဏာကိုခံရရန် ဝန်ချတောင်းပန်ပြီး နောက်တစ်ဖန် မပြစ်မှားခြင်းက အကောင်းဆုံးမဟုတ်ပေလော။ အသင်းတော်အကြီးအကဲများအကူအညီကိုတောင်းခံ၍ ဝိညာဏကုသမှုကိုခံယူလျှင် မကောင်းပေလော။ (သု၊ ၂၈:၁၃။ ယာကုပ် ၅:၁၃-၂၀) သင်၏နောင်တကို အသိအမှတ်ပြုကြရာ အချိန်တန်လျှင် သင်၏ခရစ်ယာန်ပျော်ရွှင်မှုကို ပြန်ရရှိနိုင်ပါလိမ့်မည်။ “အပြစ်မှလွှတ်ခြင်း၊ ဒုစရိုက်အပြစ်ကိုဖုံးအုပ်ခြင်းသို့ရောက်သောသူသည် မင်္ဂလာ [ဝမ်းမြောက်ခြင်း၊ ကဘ] ရှိ၏။ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] အပြစ်တင်တော်မူခြင်းနှင့်လွတ်၍ လှည့်စားတတ်သောစိတ်သဘောနှင့်ကင်းစင်သောသူသည် မင်္ဂလာ [ဝမ်းမြောက်ခြင်း၊ ကဘ] ရှိ၏” ဟုဒါဝိဒ်ဆိုသည်။—ဆာလံ ၃၂:၁၊ ၂။
၉။ ဆာလံ ၅၁ ကိုအဘယ်အချိန်တွင် စပ်ဆိုခဲ့ပြီး၊ အဘယ်ကြောင့်နည်း။
၉ ဒါဝိဒ်နှင့်ဗာသရှေဘတို့သည် သူတို့၏မှားယွင်းမှုကြောင့် ယေဟောဝါဘုရားသခင်၏စီရင်ချက်ကို ခံခဲ့ကြရသည်။ သူတို့၏အပြစ်များကြောင့် သေဒဏ်သင့်နိုင်သော်လည်း ဘုရားသခင်သည် သူတို့အား ကရုဏာပြတော်မူခဲ့သည်။ အထူးသဖြင့်နိုင်ငံတော်ပဋိညာဉ်ကြောင့် ဒါဝိဒ်အား ကိုယ်တော်ကရုဏာပြခဲ့ပါသည်။ (၂ ဓမ္မရာဇဝင် ၇:၁၁-၁၆) ဗာသရှေဘနှင့်ဒါဝိဒ်ပြုသောအပြစ်များကို သူအမှန်နောင်တရကြောင်း ဆာလံ ၅၁ ကထင်ရှားစေသည်။ ဘုရားသခင့်ပညတ်ကိုချိုးဖောက်ခဲ့သည့် သူ၏အပြစ်သည် မည်မျှကြီးလေးကြောင်းကို သူ့အား ပရောဖက်နာသန်အသိပေးပြီးနောက် အလွန်နောင်တရစွာဖြင့် ဤစိတ်လှုပ်ရှားဖွယ်ဆာလံကို မင်းကြီးစပ်ဆိုခဲ့သည်။ ဒါဝိဒ်သည် မိမိအပြစ်ကိုမိမိမြင်စေရန် နာသန်သည် သတ္တိနှင့်ဖော်ပြရန်လိုခဲ့သကဲ့သို့ပင် ယနေ့ ဤသို့သောအမှုများကို ခန့်အပ်ခံခရစ်ယာန်အကြီးအကဲများ ပြုလုပ်ခြင်းငှာ သတ္တိရှိဖို့လိုပါသည်။ အပြစ်တင်စွပ်စွဲချက်ကို ငြင်းပယ်၍ နာသန်အားသတ်ပစ်ရန် အမိန့်မပေးဘဲ ဘုရင်သည် နှိမ့်ချစွာဖြင့် ဝန်ချတောင်းပန်ခဲ့သည်။ (၂ ဓမ္မရာဇဝင် ၁၂:၁-၁၄) သူ၏ယုတ်ညံ့သောအကျင့်နှင့်ပတ်သက်၍ ဘုရားသခင်ထံ မည်သို့ဆုတောင်းခဲ့ကြောင်းကို ဆာလံ ၅၁ ကဖော်ပြထားရာ ကျွန်ုပ်တို့လည်း ပြစ်မှားမိ၍ ယေဟောဝါ၏ကရုဏာခံစားလိုလျှင် ထိုသို့ဆုတောင်းဆင်ခြင်သင့်သည်။
ဘုရားသခင်၏အပြစ်စီရင်ခြင်းကို ကျွန်ုပ်တို့ခံရလတ္တံ့
၁၀။ ဒါဝိဒ်၏ဝိညာဉ်ရေး မည်သို့ပြန်ကောင်းလာနိုင်မည်နည်း။
၁၀ ပြစ်မှားခြင်းကို ဒါဝိဒ်ဆင်ခြေပေးရန် မကြိုးစားဘဲ ဤသို့အသနားခံခဲ့သည်။ “အိုဘုရားသခင်၊ ချစ်ခင်ကြင်နာခြင်းသဘောတော်ရှိသည်အတိုင်း အကျွန်ုပ်အား မျက်နှာသာပေးတော်မူပါ။ ကိုယ်တော်၏ကရုဏာတော် များပြားသည်နှင့်အညီ အကျွန်ုပ်လွန်ကျူးခြင်းအပြစ်ကို ဖြေတော်မူပါ။” (ဆာလံ ၅၁:၁၊ ကဘ) ပြစ်မှားခြင်းအားဖြင့် ဘုရားသခင့်ပညတ်တော်၏ စည်းမျဉ်းများကို ဒါဝိဒ်ချိုးဖောက်ခဲ့ပါသည်။ သို့ရာတွင် ချစ်ခင်ကြင်နာခြင်းသဘောတော်၊ သို့မဟုတ် သစ္စာရှိမေတ္တာတော်အတိုင်း သူ့အား ဘုရားသခင်မျက်နှာသာပေးတော်မူမည်ဆိုလျှင် သူ၏ဝိညာဉ်ရေးပြန်ကောင်းလာနိုင်စရာအကြောင်း ရှိပါသည်။ လွန်လေပြီးသောအချိန်တွင် အကြိမ်ကြိမ်ပြသတော်မူခဲ့သော ဘုရားသခင့်ကရုဏာများကိုထောက်ရှု၍ မိမိ၏အပြစ်ကျူးလွန်မှုတို့ကို ဖန်ဆင်းရှင်သည် ဖြေလွှတ်တော်မူလိမ့်မည်ဟု နောင်တရသောမင်းကြီး ယုံကြည်နိုင်စရာအကြောင်း ရှိပါသည်။
၁၁။ အပြစ်ဖြေရာနေ့ ပူဇော်သက္ကာများက အဘယ်အရာကိုရည်ညွှန်းသနည်း။ ယနေ့ ကယ်တင်ခြင်းရရန် အဘယ်အရာလိုသနည်း။
၁၁ အပြစ်ဖြေရာနေ့ ပူဇော်သက္ကာများ၏ ပရောဖက်ပြု ပုံဆောင်ချက်များအားဖြင့် နောင်တရသူများ၏အပြစ်ကို စင်ကြယ်စေနိုင်သည့်နည်းလမ်းတော်ရှိကြောင်း ယေဟောဝါထင်ရှားပြသတော်မူခဲ့သည်။ ယေရှုခရစ်၏ ရွေးနှုတ်ဖိုးပူဇော်သက္ကာကို ကျွန်ုပ်တို့ယုံကြည်ခြင်းအားဖြင့် ကိုယ်တော်၏သနားကြင်နာခြင်း၊ ခွင့်လွှတ်ခြင်းကို ရရှိနိုင်ကြောင်း ယခုကျွန်ုပ်တို့သိနားလည်ရပြီ။ ရည်ရွယ်ထားတော်မူသည့် ဤယဇ်ပူဇော်သက္ကာကို တင်စားချက်များ၊ ပုံဆောင်ချက်များဖြင့်သာ ဒါဝိဒ်သည် ယေဟောဝါ၏ချစ်ခင်ကြင်နာခြင်းနှင့် ကရုဏာတော်များကို အားကိုးမှီခိုနိုင်ခဲ့သည်ဆိုလျှင် လက်ရှိဘုရားသခင့်ကျေးကျွန်များသည် သူတို့၏ကယ်တင်ခြင်းအတွက် ပြင်ဆင်ထားတော်မူသော ရွေးနှုတ်ဖိုးကိုယုံကြည်ကြောင်း သာ၍တင်ပြသင့်သည်မဟုတ်ပေလော။—ရောမ ၅:၈။ ဟေဗြဲ ၁၀:၁။
၁၂။ ပြစ်မှားခြင်းကား အဘယ်နည်း။ သူ၏မှားယွင်းမှုကို ဒါဝိဒ် မည်သို့သဘောထားသနည်း။
၁၂ ဘုရားသခင်ကို အသနားခံရာတွင် ဒါဝိဒ်ဤသို့ထပ်ဆင့်ပြောဆိုသည်။ “ဒုစရိုက်အညစ်အကြေးကို အကုန်အစင်ဆေးကြော၍ အကျွန်ုပ်ကို သန့်ရှင်းစေတော်မူပါ။ အကျွန်ုပ်လွန်ကျူးပါပြီဟု ဝန်ချလျက် ကိုယ်အပြစ်ကို အစဉ်မပြတ်အောက်မေ့လျက်နေပါ၏။” (ဆာလံ ၅၁:၂၊ ၃) အပြစ်ပြုခြင်းမည်သည် ယေဟောဝါ၏စံချိန်များနှင့်စပ်လျဉ်း၍ ပြစ်မှတ်ကိုလွဲချော်သွားခြင်းဖြစ်သည်။ ထိုအတိုင်းပင် ဒါဝိဒ်အမှန်ပြုမူခဲ့သည်။ သို့သော် မိမိ၏အပြစ်ကြောင့် စိတ်ဒုက္ခမရောက်၊ အပြစ်ဒဏ်ခံရသည့်အတွက်သာ၊ သို့မဟုတ် ရောဂါရနိုင်စရာအကြောင်းရှိသည့်အတွက်သာ ဝမ်းနည်းသည့် လူ့အသက်သတ်သူ၊ သို့မဟုတ် သူ့သားအိမ်ယာပြစ်မှားသူတစ်ဦးနှင့် သူမတူပါ။ ယေဟောဝါကိုချစ်မြတ်နိုးသူတစ်ဦးအနေနှင့် ဒါဝိဒ်သည် မကောင်းမှုကို အမှန်ရွံမုန်းပါသည်။ (ဆာလံ ၉၇:၁၀) သူ၏အပြစ်ကိုသူ ရွံရှာကာ အညစ်အကြေးမှ ဘုရားသခင်လုံးဝဆေးကြောပေးပါရန် သူအသနားခံခဲ့သည်။ ဒါဝိဒ်သည် မိမိကျူးလွန်ခဲ့သောအပြစ်များကို အသိအမှတ်ပြုဝန်ခံကာ သူ၏တပ်မက်ခြင်းသဘောကို သူ့အားအနိုင်ယူစေခဲ့သည့်အတွက် အလွန်ဝမ်းနည်းကြေကွဲဖြစ်နေရှာသည်။ သူ၏အပြစ်ကို သူအမြဲအောက်မေ့လျက်နေ၏။ အကြောင်းမူကား၊ ဘုရားကိုကြောက်ရွံ့သူ၏ မကြည်လင်သောသြတ္တပ္ပစိတ်သည် နောင်တရ၍ ဝန်ချတောင်းပန်ခြင်း မပြုမချင်း၊ ယေဟောဝါ၏ခွင့်လွှတ်ခြင်းကို မခံရမချင်း ဘယ်သောအခါမျှ သက်သာမှုမရနိုင်ပါ။
၁၃။ ဘုရားသခင်ကိုသာ ပြစ်မှားခဲ့ပြီဟု ဒါဝိဒ်အဘယ်ကြောင့်ဆိုနိုင်သနည်း။
၁၃ ယေဟောဝါရှေ့ တရားစီရင်ခံရမည်ကို အသိအမှတ်ပြုကာ ဒါဝိဒ် ဤသို့ဆိုသည်။ “ကိုယ်တော်ကိုပြစ်မှားပါပြီ။ ကိုယ်တော်ကိုသာ ပြစ်မှား၍ မျက်မှောက်တော်၌ပင် မတရားသောအမှုကိုပြုပါပြီ။ သို့ဖြစ်၍ မိန့်တော်မူချက်သည် ဖြောင့်ပါ၏။ တရားစီရင်တော်မူချက်သည် အပြစ်လွတ်ပါ၏။” (ဆာလံ ၅၁:၄) ဒါဝိဒ်သည် ဘုရားသခင့်ပညတ်များကို ချိုးဖောက်ခဲ့ပြီး ဘုရင့်အရာကို အသရေပျက်စေ၍ “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကိုမထီမဲ့မြင်ပြု” ခြင်းဖြင့် ကိုယ်တော်အား ကဲ့ရဲ့စရာဖြစ်စေခဲ့ပြီ။ (၂ ဓမ္မရာဇဝင် ၁၂:၁၄၊ သမ္မ။ ထွက်မြောက်ရာ ၂၀:၁၃၊ ၁၄၊ ၁၇) ယနေ့နှစ်ခြင်းခံပြီးသူတစ်ဦး ပြစ်မှားသည့်အခါ ခရစ်ယာန်အသင်းတော်နှင့် ချစ်မြတ်နိုးရသူများကိုပါ ဝမ်းနည်းခြင်းစိတ်ဒုက္ခရှိစေသည့်နည်းတူ ဒါဝိဒ်၏ပြစ်မှုများသည် ဣသရေလလူမျိုးနှင့် သူ၏အိမ်သူအိမ်သားများကိုပါ ပြစ်မှားရာကျသည်။ ဥရိယနှင့်လူလူချင်းတို့ကို မိမိပြစ်မှားခဲ့ကြောင်း နောင်တရသူမင်းကြီးသိမြင်သော်လည်း ယေဟောဝါရှေ့မှောက်၌ သာ၍အပြစ်ကြီးလေးကြောင်း သူအသိအမှတ်ပြုပါသည်။ (ကမ္ဘာဦး ၃၉:၇-၉ နှိုင်းယှဉ်။) ယေဟောဝါ၏စီရင်ချက်သည် ဖြောင့်မတ်တော်မူလိမ့်မည်ဟု ဒါဝိဒ်အသိအမှတ်ပြုသည်။ (ရောမ ၃:၄) ပြစ်မှားသူ ခရစ်ယာန်များလည်း ထပ်တူအမြင်မျိုး ရှိဖို့လိုပါသည်။
အပြစ်ပေါ့စေမည့် အခြေအနေများ
၁၄။ ဒါဝိဒ်သည် အဘယ်အပြစ်ပေါ့စေနိုင်သည့် အခြေအနေများကို ဖော်ပြခဲ့သနည်း။
၁၄ ဆင်ခြေပေးရန် ဒါဝိဒ်မကြိုးစားသော်လည်း သူက “အကျွန်ုပ်သည် မွေးစကပင် အပြစ်ပါလျက်ရှိပါ၏။ အမိဝမ်းထဲမှာ ပဋိသန္ဓေယူစဉ်ပင် အပြစ်စွဲပါ၏” ဟုပြောဆိုခဲ့သည်။ (ဆာလံ ၅၁:၅) မွေးစကပင် ဒါဝိဒ်သည် အပြစ်ပါလျက်ရှိ၏။ အပြစ်အမွေရခဲ့သောကြောင့် သူ၏မိခင်သည် သားဖွားခြင်းဝေဒနာခံရရှာသည်။ (ကမ္ဘာဦး ၃:၁၆။ ရောမ ၅:၁၂) အိမ်ထောင်ပြု၍ သားဖွားရန် ဘုရားသခင်စီစဉ်ထားတော်မူသည့်အတွက် ဥပဒေဘောင်အတွင်း သံဝါသပြုခြင်း၊ ပဋိသန္ဓေစွဲခြင်းနှင့် မွေးဖွားခြင်းသည် အပြစ်ရှိသည်ဟု သူဆိုလိုနေခြင်းမဟုတ်ပါ။ မိခင်၏ အပြစ်တစ်ခုခုကို ဒါဝိဒ်ရည်ညွှန်းနေခြင်းလည်းမဟုတ်ပါ။ မစုံလင်သောလူသားအပေါင်းနည်းတူ သူ၏မိဘများလည်း အပြစ်ရှိကြသောကြောင့် သူသည် ပဋိသန္ဓေတည်စကပင် အပြစ်ပါသည်။—ယောဘ ၁၄:၄။
၁၅။ အပြစ်ပေါ့စေနိုင်သောအခြေအနေများကို ဘုရားသခင်ထည့်တွက်မည်မှန်သော်လည်း ကျွန်ုပ်တို့မည်သို့မပြုသင့်သနည်း။
၁၅ ပြစ်မှားမိပြီဆိုလျှင် အပြစ်ပေါ့စေမည့် မည်သည့်အခြေအနေကိုမဆို ဘုရားသခင်ထံဆုတောင်းရာတွင် ထည့်သွင်းတင်ပြနိုင်သည်။ သို့သော် ဘုရားသခင်၏ မခံစားထိုက်သောကြင်နာမှုကို အခွင့်အရေးယူကာ အကျင့်လျော့ရဲရန်၊ အမွေခံအပြစ်တရားကို မီးခိုးကာအဖြစ်အသုံးပြုကာ ကိုယ်အပြစ်ကို ကိုယ်တာဝန်မယူဘဲ လွှဲချရန် မကြိုးစားကြစို့နှင့်။ (ယုဒ ၃၊ ၄) မစင်ကြယ်သောအကြံအစည်များကို တွေးတောဆင်ခြင်ပြီး အပြစ်သွေးဆောင်ခံခဲ့သည်ဟု ခေါင်းမရှောင်ဘဲ ဒါဝိဒ်ဝန်ခံခဲ့ပါသည်။ အပြစ်သွေးဆောင်ရာသို့ မလိုက်မပါစေရန် ဆုတောင်းကြပြီး ဆုတောင်းချက်နှင့်အညီ ပြုမူကြစို့လေ။—မဿဲ ၆:၁၃။
ဆေးကြောပေးခြင်းငှာ အသနားခံခြင်း
၁၆။ အဘယ်အရည်အချင်းကို ဘုရားသခင်နှစ်သက်တော်မူသနည်း။ ယင်းက ကျွန်ုပ်တို့အပြုအမူကို မည်သို့ဖြစ်စေသင့်သနည်း။
၁၆ လူတို့သည် ဘုရားဝတ်၌မွေ့လျော်သော မွန်မြတ်သူပုံစံရှိမည်ဖြစ်သော်လည်း ဘုရားသခင်သည် အပေါ်ယံကိုမကြည့် အတွင်းလူကို ကြည့်မြင်တော်မူ၏။ ဒါဝိဒ် ဤသို့ဆိုသည်။ “ကိုယ်တော် [ယေဟောဝါ] သည် အတွင်းနှလုံး၌ သစ္စာစောင့်ခြင်းကို နှစ်သက်၍ ကွယ်ဝှက်ရာများ၌ ဉာဏ်ပညာကို သိစေတော်မူလိမ့်မည်။” (ဆာလံ ၅၁:၆၊ သမ) ဥရိယကိုလုပ်ကြံပြီး ဗာသရှေဘ ပဋိသန္ဓေရှိကြောင်း ကွယ်ဝှက်ထားခြင်းအားဖြင့် ဒါဝိဒ်သည် မုသားသုံးခြင်း၊ ကောက်ကျစ်စဉ်းလဲခြင်းအပြစ်များကို ပြုမူခဲ့ပါသည်။ သို့တစေ ဘုရားသခင်သည် ဖြောင့်မတ်သန့်ရှင်းမှုကို နှစ်သက်တော်မူကြောင်း သူသိထား၏။ ယင်းကြောင့် စဉ်းလဲသောသဘောရှိမည်ဆိုလျှင် ယေဟောဝါရှင်သည် ပြစ်တင်ရှုတ်ချလိမ့်မည်ဖြစ်ရာ ကောင်းမှုပြုဖို့ ကျွန်ုပ်တို့တိုက်တွန်းခံသင့်သည်။ (သု၊ ၃:၃၂) ဘုရားသခင်သည် ‘ဉာဏ်ပညာကို သိစေတော်မူမည်’ ဆိုလျှင် နောင်တရသောမင်းအဖြစ် မြင့်မြတ်သောစံချိန်များကို သေသည်တိုင် ဒါဝိဒ်လိုက်နာနိုင်မည်အကြောင်း သူသိနားလည်ထားသည်။
၁၇။ ဟုဿုပ်ပင်ညွန့်နှင့် စင်ကြယ်စေတော်မူပါဟု ဆုတောင်းခြင်းအဓိပ္ပာယ်ကား အဘယ်နည်း။
၁၇ အပြစ်ပြုလိုသောစိတ်ကို အနိုင်ယူရာတွင် ဘုရားသခင့်အကူအညီလိုကြောင်း ဆာလံဆရာအသိအမှတ်ပြုသဖြင့် ဤသို့ထပ်ဆင့် အသနားခံခဲ့သည်။ “အကျွန်ုပ်ကို စင်ကြယ်စေခြင်းငှာ ဟုဿုပ်ပင်ညွန့်နှင့် သန့်ရှင်းခြင်းမင်္ဂလာကို ပေးတော်မူပါ။ အကျွန်ုပ်ကို မိုးပွင့်ထက်သာ၍ ဖြူစေခြင်းငှာ ဆေးကြောတော်မူပါ။” (ဆာလံ ၅၁:၇) အခြားအရာများနှင့်အတူ ဟုဿုပ်ပင်ညွန့် (ပင်စိမ်းရွက် သို့မဟုတ် Origanum maru ဖြစ်ကောင်းဖြစ်မည်) ကိုနူနာစွဲခဲ့ဖူးသူများအား စင်ကြယ်စေရေးတွင် အသုံးပြုခဲ့ပါသည်။ (ဝတ်ပြုရာ ၁၄:၂-၇) ထိုကြောင့် ဟုဿုပ်ရွက်နှင့် အပြစ်ကင်းစင်စေရန် ဒါဝိဒ်ဆုတောင်းခဲ့ခြင်းသည် လျောက်ပတ်ပေသည်။ မှိုင်းမကပ်၊ အညစ်အကြေးကင်းစင်သော မိုးပွင့်ထက်ဖြူ၍ လုံးဝသန့်ရှင်းစေတော်မူမည့်အကြောင်း ယေဟောဝါထံအသနားခံခြင်းသည်လည်း စင်ကြယ်ခြင်းသဘောကို တင်ပြပါသည်။ (ဟေရှာယ ၁:၁၈) ကျွန်ုပ်တို့သည် အပြစ်တစ်မျိုးမျိုးပြုမိသောကြောင့် ယခုသြတ္တပ္ပစိတ် မကြည်လင်ဘဲနေမည်ဆိုလျှင် နောင်တရစွာဖြင့် ဘုရားသခင့်ခွင့်လွှတ်ခြင်းကို တောင်းခံပါက ယေရှု၏ရွေးနှုတ်ဖိုးပူဇော်သက္ကာကြောင့် ကျွန်ုပ်တို့အား သန့်ရှင်းစင်ကြယ်စေနိုင်မည်အကြောင်း ယုံကြည်စိတ်ချပါ။
အခြေအနေရင်းသို့ ပြန်ရောက်ခြင်းငှာ အသနားခံခြင်း
၁၈။ နောင်တယူ၍ အပြစ်ကိုဝန်မခံမီက ဒါဝိဒ်အခြေအနေ အဘယ်သို့ရှိခဲ့ပြီး၊ ယင်းကိုသိထားခြင်းက ယနေ့ မည်သို့အကူအညီဖြစ်စေနိုင်သနည်း။
၁၈ မကြည်လင်သော ဩတ္တပ္ပစိတ်ဒဏ်ကို ခံစားဖူးသူ မည်သည့်ခရစ်ယာန်မဆိုသည် ဒါဝိဒ်၏ ဤစကားများကို သဘောပေါက်ပါမည်။ “စိတ်သက်သာဝမ်းမြောက်ခြင်းရှိမည်အကြောင်းစကားကို အကျွန်ုပ်အား [ယေဟောဝါ] ကြားစေတော်မူပါ။ သို့ပြုလျှင် ချိုးဖဲ့တော်မူသောအရိုးတို့သည် ရွှင်မြူးခြင်းရှိကြပါလိမ့်မည်။” (ဆာလံ ၅၁:၈) နောင်တယူ၍ မိမိအပြစ်များကို ဒါဝိဒ်ဝန်မချမီ ပူပန်နေရသောသြတ္တပ္ပစိတ်ကြောင့် သူစိတ်ဆင်းရဲဒဏ်ခံနေရ၏။ အဆိုကျော်များနှင့် တူရိယာသည်များ ကျူးဧသောသီချင်းများမှပင် စိတ်သက်သာမှု မရနိုင်ခဲ့ပါ။ ဘုရားသခင့်မျက်နှာသာတော်မခံစားရသဖြင့် ပြစ်မှားသူ ဒါဝိဒ်၏ဝေဒနာသည် ကြီးမားလွန်းရာ အရိုးချိုးဖဲ့ခံရသူနှင့်တူနေပါသည်။ ခွင့်လွှတ်ခြင်း၊ ဝိညာဏကျန်းမာမှုနှင့် ယခင်က ရှိခဲ့သောရွှင်မြူးခြင်းကို သူပြန်ရရှိလိုခဲ့သည်။ ယနေ့ နောင်တရသောပြစ်မှားသူတစ်ဦးသည်လည်း ဘုရားသခင်နှင့် ကောင်းသောဆက်ဆံရေး မပြတ်တောက်မီက သူ၌ရှိခဲ့သောရွှင်လန်းမှုကို ပြန်လည်ရရှိနိုင်ဖို့ ယေဟောဝါ၏ခွင့်လွှတ်ခြင်းခံရရန် လိုပါသည်။ နောင်တရသူထံ၌ “ဝိညာဉ်တော်နှင့်ဆိုင်သော ဝမ်းမြောက်ခြင်း” ပြန်ရှိနေမည်ဆိုလျှင် သူ့အား ယေဟောဝါခွင့်လွှတ်တော်မူပြီဖြစ်၍ ချစ်တော်မူကြောင်း ထင်ရှားပါသည်။ (၁ သက်သာလောနိတ် ၁:၆) ယင်းကား အမှန်စိတ်သက်သာစေသည်တကား။
၁၉။ အပြစ်ရှိသမျှကို ဘုရားသခင်ဖြေပေးတော်မူမည်ဆိုလျှင် ဒါဝိဒ် မည်သို့ခံစားရမည်နည်း။
၁၉ ထပ်ဆင့်၍ “အကျွန်ုပ်လွန်ကျူးခြင်းဒုစရိုက်တို့မှ မျက်နှာတော်ကို လွှဲ၍ အကျွန်ုပ်အပြစ်ရှိသမျှတို့ကိုလည်း ဖြေတော်မူပါ” ဟုဒါဝိဒ်ဆုတောင်းခဲ့သည်။ (ဆာလံ ၅၁:၉) အပြစ်ကို ယေဟောဝါနှစ်သက်တော်မူလိမ့်မည်ဟူ၍ မမျှော်လင့်နိုင်ပါ။ ထို့ကြောင့် ဒါဝိဒ်၏အပြစ်များမှ မျက်နှာတော်ကိုလွှဲရန် တောင်းဆိုခံရခြင်းဖြစ်သည်။ အပြစ်ရှိသမျှတို့ကို ဖြေတော်မူ၍ သူ၏မဖြောင့်မတ်သောအမှုများကို ဖျောက်ဖျက်ပါဟူ၍လည်း မင်းကြီးအသနားခံခဲ့သည်။ ထိုသို့သာ ယေဟောဝါပြုတော်မူမည်ဆိုလျှင် ကောင်းလေစွတကား။ ထိုအခါ ဒါဝိဒ်သည် အားတက်လာ၍ ပူပန်ရသောသြတ္တပ္ပစိတ်၏ ဝန်ထုပ်ကို ဖယ်ပစ်ပြီး ယခုနောင်တရသောမင်းကြီးအား သူ၏မေတ္တာရှင်ဘုရားသခင်သည် ခွင့်လွှတ်တော်မူပြီဖြစ်ကြောင်း သိရှိစေပေမည်။
အသင် ပြစ်မှားခဲ့ပြီဆိုလျှင်ကော
၂၀။ ကြီးလေးသောအပြစ်ပြုမိသော မည်သည့်ခရစ်ယာန်မဆို မည်သို့ပြုသင့်သနည်း။
၂၀ ယေဟောဝါ၏ ဆက်ကပ်အပ်နှံကျေးကျွန် မည်သူမဆိုသည် ကြီးလေးသောအပြစ် ပြုမိ၍ နောင်တရပြီဆိုလျှင် မျက်နှာသာတော်ပြကာ အပြစ်ဆေးကြောပေးပါရန် ကိုယ်တော်အား စိတ်ချလက်ချ တောင်းလျှောက်နိုင်ကြောင်း ဆာလံ ၅၁ ကတင်ပြပါသည်။ သင်သည် ဤသို့ပြစ်မှားခဲ့သူခရစ်ယာန်တစ်ဦးဖြစ်မည်ဆိုလျှင် နှိမ့်ချစွာဖြင့်ဆုတောင်းကာ ကောင်းကင်ခမည်းတော်၏ ခွင့်လွှတ်ခြင်းကို မရှာသင့်ပေလော။ ကိုယ်တော့်မျက်မှောက် မျက်နှာသာတော်ခံစားရသူတစ်ဦးအဖြစ် ရပ်တည်နိုင်ပြီး ယခင်ရွှင်လန်းခြင်းကို ပြန်ရရှိစေရန် ဘုရားသခင့်အကူအညီလိုနေကြောင်းကို အသိအမှတ်ပြုပါလေ။ “ကိုယ်တော်သည် ကြွယ်ဝစွာခွင့်လွှတ်လိမ့်မည်” ဖြစ်သောကြောင့် ဤသို့သော တောင်းဆိုချက်များကို နောင်တရသူ ခရစ်ယာန်များသည် ယေဟောဝါထံ စိတ်ချလက်ချ ဆုတောင်းနိုင်ကြပါသည်။ (ဟေရှာယ ၅၅:၇၊ ကဘ။ ဆာလံ ၁၀၃:၁၀-၁၄) လိုအပ်သော ဝိညာဏအကူအညီများကိုခံစားရမည်အကြောင်း အသင်းတော်အကြီးအကဲများ၏အကူအညီ တောင်းခံသင့်သည်။—ယာကုပ် ၅:၁၃-၁၅။
၂၁။ ဆက်၍ အဘယ်အရာကို စစ်ဆေးသုံးသပ်မည်နည်း။
၂၁ ယေဟောဝါ၏ကရုဏာတော်သည် ကိုယ်တော့်လူမျိုးအား စိတ်ပျက်ခြင်းမှ ကယ်နှုတ်တော်မူ၏။ သို့သော် ဆာလံ ၅၁ ပါနောင်တရသောဒါဝိဒ်၏ ကြေကွဲစွာအသနားခံချက်များကို စစ်ဆေးကြည့်ကြစို့။ ကြေကွဲသောနှလုံးကို ယေဟောဝါ မထီမဲ့မြင်ပြုတော်မမူကြောင်း ကျွန်ုပ်တို့လေ့လာသည့်အခါ တွေ့ရှိရမည်။
သင်မည်သို့ဖြေဆိုမည်နည်း
◻ ကြီးလေးသောအပြစ်သည် ယေဟောဝါသက်သေတစ်ဦးအား မည်သို့ဖြစ်စေနိုင်သနည်း။
◻ မိမိအပြစ်ကို ကွယ်ဝှက်ရန် ဒါဝိဒ်ကြိုးစားခဲ့သောအခါ သူမည်သို့ဖြစ်သနည်း။
◻ ဘုရားသခင်ကိုသာပြစ်မှားခဲ့ပြီဟု ဒါဝိဒ်အဘယ်ကြောင့်ဆိုသနည်း။
◻ ကျွန်ုပ်တို့ပြစ်မှားလျှင် အပြစ်ပေါ့စေမည့် အခြေအနေများကို ဘုရားသခင်ထည့်တွက်မည်ဖြစ်သော်လည်း ကျွန်ုပ်တို့မည်သို့မပြုသင့်သနည်း။
◻ ကြီးလေးစွာပြစ်မှားခဲ့ပြီဆိုလျှင် ခရစ်ယာန်တစ်ဦး မည်သို့ပြုသင့်သနည်း။