ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၃ ၂/၁၅ စာ. ၁၇-၂၂
  • အိမ်ထောင်ရေးတွင် ဥပဓိရုပ်သစ်ကို မွေးမြူပြုစုခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အိမ်ထောင်ရေးတွင် ဥပဓိရုပ်သစ်ကို မွေးမြူပြုစုခြင်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အိမ်ထောင်ရေးဖိစီးမှုများကို ရင်ဆိုင်ခြင်း
  • စွမ်းအားကို ခိုင်ခံ့စေ
  • အပြုအမူခြားနားသောပုံသက်သေများ
  • အိမ်ထောင်နှောင်ကြိုးကို ခိုင်ခံ့မြဲမြံစေ
  • ယနေ့လောကတွင် အိမ်ထောင်ရေးအောင်မြင်နိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • အိမ်ထောင်မင်္ဂလာတွင် “သုံးလွန်းတင်သောကြိုး” ကိုထိန်းသိမ်းလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • မင်္ဂလာဆောင်ပြီး နောက်ပိုင်း
    ဘုရားမေတ္တာတော် ခံစားနေနိုင်ပုံ
  • သင့်အိမ်ထောင်ရေးကို ထာဝရအနှောင်အဖွဲ့ဖြစ်စေလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
က၉၃ ၂/၁၅ စာ. ၁၇-၂၂

အိမ်ထောင်ရေးတွင် ဥပဓိရုပ်သစ်ကို မွေးမြူပြုစုခြင်း

“သင်တို့စိတ်ကို စေ့ဆော်သည့်စွမ်းအားဖြင့် သင်တို့သည်အသစ်ပြုမူခံသင့်သည်။ . . . လူသစ်ကိုယူတင်ဝတ်ဆောင်သင့်သည်။”—ဧဖက် ၄:၂၃၊ ၂၄၊ ကဘ။

၁။ အိမ်ထောင်ရေးကို အဘယ်ကြောင့် ပေါ့ပေါ့တန်တန်သဘောမထားသင့်သနည်း။

အိမ်ထောင်ပြုခြင်းသည် ဘဝအသက်တာတွင် အရေးအဆုံးကြီးခြေလှမ်းများအဝင်ဖြစ်သဖြင့် ပေါ့ပေါ့တန်တန်မယူမှတ်သင့်ပါ။ အဘယ်ကြောင့်နည်း။ အကြောင်းမူကား၊ အခြားသူတစ်ဦးကို တစ်သက်တာလုံးတာဝန်ယူရမည် ဖြစ်သောကြောင့်တည်း။ ဆိုလိုသည်ကား၊ ထိုသူနှင့် တစ်သက်တာလုံး ပူးပေါင်းနေထိုင်ခြင်းဖြစ်သည်။ ထိုသို့တာဝန်ယူခြင်းသည် အဆင်ပြေစေရန် ရင့်ကျက်စွာဆုံးဖြတ်ဖို့လိုပါသည်။ ‘စိတ်ကို စေ့ဆော်ပေးသည့်’ အပြုသဘောပါသြဇာလွှမ်းမိုးမှုအားဖြင့် ‘လူသစ်ပုံသွင်း’ ခြင်းကိုလည်းခံရန်လိုပါသည်။—ဧဖက် ၄:၂၃၊ ၂၄။ ကမ္ဘာဦး ၂၄:၁၀-၅၈ နှိုင်းယှဉ်။ မဿဲ ၁၉:၅၊ ၆။

၂၊ ၃။ (က) ပညာရှိစွာ အိမ်ထောင်ဖက်ရွေးချယ်ရန် ဘာလိုအပ်သနည်း။ (ခ) အိမ်ထောင်ရေးတွင် အဘယ်အရာပါဝင်သနည်း။

၂ ကိုယ်ကာယတပ်မက်ခြင်းပြင်းထန်သည့်အတွက် အလျင်အမြန်အိမ်ထောင်မပြုသင့်ပါ။ လူကြီးဥပဓိရုပ်နှင့် အရည်အသွေး ကြီးထွားလာရန် အချိန်လိုပါသည်။ ကောင်းမွန်စွာဆုံးဖြတ်နိုင်ခြင်း၏ အုတ်မြစ်ဖြစ်သော အတွေ့အကြုံနှင့်အသိပညာ တိုးများလာရန်အတွက်လည်း အချိန်လိုပါသည်။ သို့ဖြင့် တွဲဖက်ပေါင်းသင်းနိုင်သော ဘဝအဖော်ရွေးချယ်ရာတွင် အောင်မြင်စရာအကြောင်း ပိုများပါလိမ့်မည်။ စပိန်လူမျိုး၏ စကားပုံတစ်ခုက ဤသို့ပွင့်လင်းစွာဆိုသည်။ “အိမ်ထောင်ဆိုးရွားသည်ထက် တစ်ကိုယ်ရေလျှောက်လှမ်းခြင်းက သာ၍ကောင်း၏။”—သု၊ ၂၁:၉၊ ကဘ။ ဒေသနာ ၅:၂။

၃ ထိုကြောင့် အိမ်ထောင်ဖက်အရွေးမှန်ခြင်းသည် သာယာသောအိမ်ထောင်ရေးအတွက် အခြေခံဖြစ်သည်ကား ထင်ရှားနေသည်။ ထိုသို့ ဖြစ်စေရန် ခရစ်ယာန်တစ်ဦးသည် ကျမ်းစာစည်းမျဉ်းများကိုထည့်တွက်ရမည်။ ရူပကာအလှကြောင့် အချစ်စိတ်မွှန်ထူခြင်းဖြင့် မဆုံးဖြတ်သင့်။ အိမ်ထောင်ရေးမည်သည် ခန္ဓာကိုယ်နှစ်ခု ပူးပေါင်းဖက်စပ်ခြင်းထက်မကပါ။ ဥပဓိရုပ်နှစ်ခု၊ မိသားစုနှင့် ပညာရေးနောက်ခံ နှစ်မျိုးနှစ်စားပေါင်းစည်းရာတွင် ယဉ်ကျေးမှုနှင့်ဘာသာစကားနှစ်မျိုးပင် ပါဝင်နိုင်ပါသည်။ အိမ်ထောင်ပြုခြင်းဖြင့် လူနှစ်ဦးပေါင်းစည်းလာသည့်အခါ လျှာကို တော်လျော်စွာအသုံးပြုရန် အလွန်လိုအပ်ပါသည်။ စကားပြောဆိုခြင်းစွမ်းရည်ဖြင့် ဖြိုဖျက်နိုင်သကဲ့သို့ တည်ဆောက်ပေးနိုင်ပါသည်။ ယင်းတို့အားလုံးကြောင့် ယုံကြည်သူချင်းကိုဆိုလိုသည့် ‘သခင်ဘုရား၌သာ ထိမ်းမြား’ ရန် ပေါလုမှာကြားခဲ့ခြင်းသည် အလွန်ပညာပါကြောင်း ကျွန်ုပ်တို့တွေ့ရှိနိုင်ပါသည်။ —၁ ကောရိန္သု ၇:၃၉။ ကမ္ဘာဦး ၂၄:၁-၄။ သု၊ ၁၂:၁၈။ ၁၆:၂၄။

အိမ်ထောင်ရေးဖိစီးမှုများကို ရင်ဆိုင်ခြင်း

၄။ အိမ်ထောင်ရေးတွင် ကတောက်ကဆဖြစ်မှုနှင့် တင်းမာမှုများ အဘယ်ကြောင့်တစ်ခါတစ်ရံပေါ်ပေါက်သနည်း။

၄ အခြေခံကောင်းသည့်တိုင် ကတောက်ကဆဖြစ်၊ ဖိစီးမှုခံရ၊ တင်းမာမှုများရှိသည့် အခါများရှိမည်။ အိမ်ထောင်သည်ဟုတ်မဟုတ် မည်သူမဆို ဤအခြေအနေများကို ကြုံတွေ့တတ်သည်။ စီးပွားရေးနှင့်ကျန်းမာရေးပြဿနာများက ဆက်ဆံရေး၌ ဖိစီးမှုဖြစ်ပေါ်တတ်ပါသည်။ စံပြအိမ်ထောင်များတွင်ပင် စိတ်နေစိတ်ထားပြောင်းလဲမှုများကြောင့် ပုဂ္ဂိုလ်ရေးမသင့်မြတ်မှုများ ဖြစ်ပေါ်နိုင်သည်။ အခြားအကြောင်းတစ်ခုကား၊ လျှာကို မည်သူမျှ ပြည့်ဝစုံလင်စွာ မထိန်းသိမ်းနိုင်ခြင်းဖြစ်သည်။ “ငါတို့ရှိသမျှသည် အများသောအားဖြင့် မှားတတ်ကြ၏။ စကားအားဖြင့် မှားခြင်းမရှိသောသူမည်သည်ကား စုံလင်သောသူဖြစ်၏။ မိမိကိုယ် တစ်ကိုယ်လုံးကို ချုပ်တည်းနိုင်သောသူဖြစ်၏။ . . . လျှာသည် ငယ်သောအင်္ဂါဖြစ်သော်လည်း အလွန်ဝါကြွားတတ်၏။ အဘယ်မျှလောက်များစွာသောထင်းကို အနည်းငယ်သောမီးသည် ညှိနိုင်သည်ကိုကြည့်ပါလော့” ဟုယာကုပ်ဆိုသကဲ့သို့ပင်တည်း။—ယာကုပ် ၃:၂၊ ၅။

၅၊ ၆။ (က) အထင်လွဲမှားမှုများ ပေါ်ပေါက်မည်ဆိုလျှင် အဘယ်အရာလိုအပ်သနည်း။ (ခ) မသင့်မြတ်မှုကို ပြေလည်စေရန် ဘာလုပ်ဖို့လိုမည်နည်း။

၅ အိမ်ထောင်ရေးတွင် ဖိစီးမှုများပေါ်လာသည့်အခါ ထိုအခြေအနေကို မည်သို့ဖြေရှင်းပေးနိုင်မည်နည်း။ အထင်လွဲမှားမှုမှတစ်ဆင့် စကားများကြပြီး ဆက်ဆံမှုပြတ်တောက်သွားခြင်းကို မည်သို့ရှောင်ကြဉ်နိုင်မည်နည်း။ ဤတွင် စိတ်ကိုစေ့ဆော်သောစွမ်းအား အကျုံးဝင်လာသည်။ ဤလှုံ့ဆော်ပေးသောစွမ်းအားသည် အပြုသဘော၊ သို့မဟုတ် အဖျက်သဘောအရ၊ တည်ဆောက်မှုပေး၍ ဝိညာဉ်ရေးစိတ်ထားရှိစေနိုင်သည်၊ သို့မဟုတ် ဇာတိစိတ်၏လွှမ်းမိုးမှုခံကာ ယုတ်ညံ့ယိုယွင်းစေနိုင်သည်။ အကယ်၍ တည်ဆောက်မှုဖြစ်ပါက မိမိအိမ်ထောင်ရေးလမ်းကြောင်း တည့်မတ်နေစေရန် မသင့်မြတ်မှုများပြေလည်သွားဖို့ ထိုသူလုပ်ဆောင်မည်။ အငြင်းပွားမှုများနှင့် သဘောကွဲလွဲမှုများကြောင့် အိမ်ထောင်မကွဲသင့်ပါ။ ကျမ်းစာသြဝါဒကို လိုက်နာကျင့်သုံးခြင်းအားဖြင့် ရင်ဖွင့်ဖြေရှင်းပြီးနောက် အပြန်အလှန် လေးစားမှု၊ နားလည်မှု ပြန်ရရှိလာနိုင်ပါသည်။—ရောမ ၁၄:၁၉။ ဧဖက် ၄:၂၃၊ ၂၆၊ ၂၇။

၆ ဤအခြေအနေမျိုးတွင် ပေါလု၏စကားများသည် အလွန်လျောက်ပတ်ပေသည်။ “ထိုကြောင့် သင်တို့သည် ဘုရားသခင်ရွေးကောက်သောသူ၊ သန့်ရှင်းသောသူ၊ ချစ်အပ်သောသူကဲ့သို့ မေတ္တာကရုဏာနှင့်ဆိုင်သော သနားစုံမက်ခြင်း၊ ကျေးဇူးပြုခြင်း၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ ခြင်း၊ စိတ်ရှည်ခြင်းတို့ကို ယူတင်ဝတ်ဆောင်ကြလော့။ တစ်ယောက်၌တစ်ယောက် အပြစ်တင်စရာအခွင့်ရှိလျှင် အချင်းချင်းသည်းခံ၍ အပြစ်ကိုလွှတ်ကြလော့။ ယေဟောဝါသည် သင်တို့၏အပြစ်ကိုလွှတ်တော်မူသကဲ့သို့ ထိုနည်းတူပြုကြလော့။ ဤအရာများအပြင် စုံလင်ခြင်းအဖွဲ့အစည်းတည်းဟူသော ချစ်ခြင်းမေတ္တာကိုထပ်၍ ယူတင်ဝတ်ဆောင်ကြလော့။”—ကောလောသဲ ၃:၁၂-၁၄၊ ကဘ။

၇။ အိမ်ထောင်ရေးတွင် အချို့သူများ အဘယ်ပြဿနာရှိကောင်းရှိမည်နည်း။

၇ ထိုကျမ်းချက်သည် ဖတ်ရလွယ်ကူသော်လည်း မျက်မှောက်ဘဝအသက်တာ၏ဖိစီးမှုကြောင့် လိုက်နာကျင့်သုံးရန်ကား အမြဲမလွယ်ပါ။ အရင်းခံပြဿနာက အဘယ်အရာဖြစ်လိမ့်မည်နည်း။ တစ်ခါတစ်ရံ မသိမမှတ်ဘဲလျက်ကယ် ခရစ်ယာန်တစ်ဦးသည် နှစ်ဘဝစံနေပေမည်။ နိုင်ငံတော်ခန်းမရှိ ညီအစ်ကိုများအလယ်တွင် သနားကြင်နာသည့် ကိုယ်ချင်းစာနာတတ်သူဖြစ်ပြီး အိမ်ပြန်ရောက်၍ နေ့စဉ်အိမ်ထောင်ရေးဘဝတွင် မိမိ၏ဝိညာဏဆက်ဆံရေးကို သူမေ့ပျောက်ပေလိမ့်မည်။ အိမ်တွင်ကား လင်နှင့်မယား၊ “ကိုယ်” နှင့် “သူ” သာဖြစ်ကြရာ ဖိစီးခံရသည့်အခါ သူ (သို့မဟုတ် သူမ) သည် နိုင်ငံတော်ခန်းမ၌ မည်သည့်အခါမျှပြောဆိုလိမ့်မည်မဟုတ်သည့် ကြင်နာမှုကင်းမဲ့သောစကားများကို ပြောဆိုမိကြမည်။ ဘာဖြစ်သွားပါသနည်း။ ခရစ်ယာန်တရားသည် ယာယီပျောက်လွင့်သွားခြင်းဖြစ်သည်။ ဘုရားသခင့်ကျေးကျွန်ဖြစ်သူသည် အိမ်တွင်လည်း ခရစ်ယာန်ညီအစ်ကို (သို့မဟုတ် ညီအစ်မ) ဖြစ်ကြောင်းကို သူမေ့လျော့ခဲ့သည်။ စိတ်ကိုစေ့ဆော်သောစွမ်းအားသည် အပြုသဘောမပါ၊ အကျိုးပျက်စေခဲ့ပြီ။—ယာကုပ် ၁:၂၂-၂၅။

၈။ စိတ်ကိုစေ့ဆော်သောစွမ်းအားသည် အဖျက်သဘောပါလျှင် မည်သို့ ဖြစ်နိုင်မည်နည်း။

၈ ရလဒ်ကား အဘယ်နည်း။ လင်ယောက်ျားဖြစ်သူသည် ‘အားနည်းသူအဖြစ် မိန်းမနှင့်အတူ အသိပညာအလျောက်မနေထိုင် . . .လေးမြတ်’ မှုမရှိတော့ဘဲဖြစ်သွားနိုင်သည်။ ဇနီးသည်ကလည်း လင်သားကို မလေးစား၊ သူမ၏ “နူးညံ့ငြိမ်သက်ခြင်းသဘော” ကို ပျောက်သွားစေခဲ့မည်။ စိတ်ကိုစေ့ဆော်သောစွမ်းအားသည် ဝိညာဉ်ရေးအရမဟုတ်၊ ဇာတိပကတိအတိုင်း ဖြစ်လာလေပြီ။ “လူဇာတိသဘော” က သူတို့ကို ဩဇာလွှမ်းမိုးလေပြီ။ ထိုကြောင့် တိုက်တွန်းပေးသည့်စွမ်းအားကို ဝိညာဏသဘော၊ အပြုသဘောပါစေရန် မည်သို့ ပြုလုပ်နိုင်မည်နည်း။ ကျွန်ုပ်တို့၏ဝိညာဉ်ရေးကို တိုးပွားခိုင်ခံ့စေရမည်။—၁ ပေတရု ၃:၁-၄၊ ၇၊ သမ။ ကောလောသဲ ၂:၁၈၊ သတ။

စွမ်းအားကို ခိုင်ခံ့စေ

၉။ နေ့စဉ်ဘဝအသက်တာတွင် အဘယ်အရာများကို ရွေးချယ်စရာအကြောင်း ပေါ်မည်နည်း။

၉ ဆုံးဖြတ်ချက်များ ချရသည့်အခါ၊ ရွေးချယ်စရာများရှိသည့်အခါ စိတ်ကိုတိုက်တွန်းပေးသည့်စွမ်းအားသည် အကျုံးဝင်လာသည်။ ဘဝတွင် ရွေးချယ်စရာများ—အကောင်း၊ သို့မဟုတ် အဆိုး၊ ကိုယ်ကျိုးရှာခြင်း၊ သို့မဟုတ် ကိုယ်ကျိုးမရှာခြင်း၊ စာရိတ္တကောင်းခြင်း၊ သို့မဟုတ် စာရိတ္တယိုယွင်းခြင်း တစ်ချိန်လုံးပေါ်ပေါက်နေသည်။ မှန်ကန်စွာ ဆုံးဖြတ်ကြရန် ဘာကအကူအညီပေးမည်နည်း။ ယေဟောဝါ၏အလိုတော်ကိုဆောင်ရွက်ရန် အာရုံစူးစိုက်နေမည်ဆိုလျှင် စိတ်ကိုစေ့ဆော်သည့်စွမ်းအားသည် အကူအညီဖြစ်ပေမည်။ ဆာလံဆရာ ဤသို့ဆုတောင်းခဲ့သည်။ “အိုထာဝရဘုရား [ယေဟောဝါ၊ ကဘ] အထုံးအဖွဲ့တော်လမ်းကို အကျွန်ုပ်အားသွန်သင်တော်မူပါ။ အဆုံးတိုင်အောင် လိုက်သွားပါမည်။”—ဆာလံ ၁၁၉:၃၃။ ယေဇကျေလ ၁၈:၃၁။ ရောမ ၁၂:၂။

၁၀။ စိတ်ကိုစေ့ဆော်သောစွမ်းအားကို အပြုသဘောဖြင့် မည်သို့ခိုင်ခံ့စေနိုင်မည်နည်း။

၁၀ ယေဟောဝါနှင့် မြဲမြံခိုင်ခံ့သောဆက်ဆံရေးရှိမည်ဆိုလျှင် အိမ်ထောင်သစ္စာဝတ်ဖျက်ခြင်းပါအပါအဝင် ဆိုးသွမ်းမှုကိုရှောင်ဖယ်ကာ ကိုယ်တော်၏အလိုတော်နှင့်တွေ့ရန် ကြိုးစားဖို့အကူအညီရရှိပါမည်။ သူတို့၏ “ဘုရားသခင်ထာဝရဘုရား [ယေဟောဝါ၊ ကဘ] နှစ်သက်မြတ်နိုးတော်မူဖွယ်သောအမှုကိုပြု” ရန် ဣသရေလလူမျိုး တိုက်တွန်းခံရပါသည်။ သို့သော် “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကိုချစ်သောသူတို့ မကောင်းသောအမှုကို ရွံရှာကြလော့” ဟူ၍လည်း ဘုရားသခင်မှာကြားတော်မူသည်။ ပညတ်တော်ဆယ်ပါးအနက် သတ္တမမြောက်ပညတ်ဖြစ်သည့် “သူ့မယားကို မပြစ်မှားနှင့်” ဟုမိန့်မှာချက်အရ သူ့မယားပြစ်မှားခြင်းကို ဣသရေလလူမျိုးသည် ရွံမုန်းကြရန်ဖြစ်သည်။ အိမ်ထောင်ရေးတွင် သစ္စာရှိခြင်းကို ဘုရားသခင်ကြပ်မတ်ကြောင်း ထိုပညတ်ချက်ကတင်ပြပါသည်။—တရားဟောရာ ၁၂:၂၈။ ဆာလံ ၉၇:၁၀။ ထွက်မြောက်ရာ ၂၀:၁၄။ ဝတ်ပြုရာ ၂၀:၁၀။

၁၁။ စိတ်ကိုစေ့ဆော်သောစွမ်းအားကို မည်သို့ထပ်ဆင့်ခိုင်ခံ့စေနိုင်မည်နည်း။

၁၁ စိတ်ကိုစေ့ဆော်သောစွမ်းအားကို မည်သို့တိုး၍ခိုင်ခံ့စေနိုင်မည်နည်း။ ဝိညာဉ်ရေးနှင့်ဆိုင်သောလုပ်ငန်းများနှင့် တန်ဖိုးရှိရာများကို လေးမြတ်ခြင်းအားဖြင့်ဖြစ်သည်။ ဆိုလိုသည်ကား၊ ဘုရားသခင့်နှုတ်ကပါဌ်တော်ကို မှန်မှန်လေ့လာရန်လိုအပ်သည့်အလျောက် ထိုသို့ ပြုလုပ်ပြီး ယေဟောဝါ၏အကြံအစည်နှင့် ဩဝါဒများကို ဆွေးနွေးနှီးနှောခြင်းကို နှစ်သက်မြတ်နိုးတတ်ရန် လိုပါသည်။ ကျွန်ုပ်တို့၏စိတ်ရင်းသဘောသည် ဆာလံဆရာကဲ့သို့ ဖြစ်ရပါမည်။ “အကျွန်ုပ်သည် ကိုယ်တော်ကိုစိတ်နှလုံးအကြွင်းမဲ့ရှာ၏။ ပညတ်တော်လမ်းမှ လွဲစေတော်မမူပါနှင့်။ ကိုယ်တော်ကိုမပြစ်မှားဘဲနေနိုင်မည်အကြောင်း ဗျာဒိတ်တော်ကို နှလုံးထဲမှာ သိုထားပါပြီ။ အိုထာဝရဘုရား [ယေဟောဝါ၊ ကဘ] အထုံးအဖွဲ့တော်လမ်းကို အကျွန်ုပ်တို့အားသွန်သင်တော်မူပါ။ အဆုံးတိုင်အောင် လိုက်သွားပါမည်။ ဉာဏ်ကိုပေးတော်မူပါ။ တရားတော်ကို စောင့်ပါမည်။ စိတ်နှလုံးအကြွင်းမဲ့စောင့်ပါမည်။”—ဆာလံ ၁၁၉:၁၀၊ ၁၁၊ ၃၃၊ ၃၄။

၁၂။ ခရစ်တော်၏စိတ်ကိုတင်ပြရာတွင် အဘယ်အရာများသည် ကျွန်ုပ်တို့ကိုစည်းလုံးစေမည်နည်း။

၁၂ ယေဟောဝါ၏ဖြောင့်မတ်သောမူဝါဒများကို ဤသို့အမြဲတန်ဖိုးထားလေးမြတ်စိတ်ရှိစေရန် သမ္မာကျမ်းစာကိုလေ့လာခြင်းဖြင့်သာမက ခရစ်ယာန်စည်းဝေးပွဲများ၌ မှန်မှန်ပါဝင်ခြင်းနှင့် ခရစ်ယာန်ဓမ္မအမှုတွင် အတူတကွပူးပေါင်းဆောင်ရွက်ခြင်းလည်း ပြုလုပ်ပေးကြရမည်။ ဤတန်ခိုးကြီးမားသောသြဇာလွှမ်းမိုးမှုနှစ်မျိုးသည် ကျွန်ုပ်တို့စိတ်အား စေ့ဆော်သောအစွမ်းကို အမြဲအင်အားရှိစေနိုင်သဖြင့် ကိုယ်ကျိုးမရှာသော ကျွန်ုပ်တို့၏ဘဝပုံစံသည် ခရစ်တော်၏စိတ်ထားကို တင်ပြမြဲ တင်ပြနေပေမည်။—ရောမ ၁၅:၅။ ၁ ကောရိန္သု ၂:၁၆။

၁၃။ (က) စိတ်ကိုစေ့ဆော်သောစွမ်းအားကို ခိုင်ခံ့စေရန် ဆုတောင်းခြင်းသည် အဘယ်ကြောင့်တန်ဖိုးရှိသနည်း။ (ခ) ဤကိစ္စ၌ ယေရှုအဘယ်ပုံသက်သေပြခဲ့သနည်း။

၁၃ အခြားအကြောင်းအရာတစ်ခုကို ဧဖက်မြို့သားများထံ ရေးသောစာတွင် ပေါလုပေါ်လွင်စေခဲ့သည်။ “ကာလအစဉ် စိတ်နှလုံးပါလျက် ဆုတောင်းပတ္တနာပြုခြင်းအမျိုးမျိုးတို့ ဖြင့် ဆုတောင်းကြလော့။” (ဧဖက် ၆:၁၈) လင်နှင့်မယားတို့သည် အတူတကွဆုတောင်းကြရန် လိုသည်။ ထိုဆုတောင်းချက်များသည် စိတ်နှလုံးကို ဖော်ပြပြီး မည်သည့်ပြတ်တောက်မှုကိုမဆို ပြုပြင်ပေးစေသည့် ပွင့်လင်းစွာနှီးနှောပွဲများရှိစေသည်။ စမ်းသပ်သွေးဆောင်ခံရချိန်တွင် ခရစ်တော်၏စိတ်နှင့်အညီ ပြုမူနိုင်ရန် ဝိညာဏခွန်အားရှိဖို့ ဘုရားသခင်ထံမှ အကူအညီတောင်းဆိုနိုင်ပါသည်။ စုံလင်သောယေရှုပင်လျှင် ကြိမ်ဖန်များစွာ ခမည်းတော်ထံမှ ခွန်အားတောင်းဆိုတော်မူခဲ့သည်။ ကိုယ်တော်၏ဆုတောင်းချက်များသည် လှိုက်လှဲ၍စိတ်အားထက်သန်ကြောင်း ထင်ရှားသည်။ ယနေ့လည်း သွေးဆောင်ခံရသည့်အခါ ဇာတိစိတ်ကိုအညံ့မခံ၊ ငြင်းဆန်ပြီး အိမ်ထောင်သစ္စာကိုမဖောက်ဖျက်ရန် ဆုံးဖြတ်ချက်အမှန်ကိုချနိုင်မည့်ခွန်အားရှိဖို့ ယေဟောဝါထံတော်မှ အကူအညီတောင်းခံနိုင်ပါလိမ့်မည်။—ဆာလံ ၁၁၉:၁၀၁၊ ၁၀၂။

အပြုအမူခြားနားသောပုံသက်သေများ

၁၄၊ ၁၅။ (က) သွေးဆောင်မှုကို ယောသပ် မည်သို့တုံ့ပြန်ခဲ့သနည်း။ (ခ) သွေးဆောင်မှုကို ငြင်းဆန်ရန် ယောသပ်အား အဘယ်အရာက အထောက်အကူပြုသနည်း။

၁၄ သွေးဆောင်ခြင်းကို မည်သို့ရင်ဆိုင်နိုင်မည်နည်း။ ယင်းနှင့်စပ်လျဉ်း၍ ယောသပ်နှင့်ဒါဝိဒ်တို့၏လမ်းစဉ် ကွာခြားကြောင်း တွေ့ရှိနိုင်သည်။ ပေါတိဖာ၏ဇနီးသည် ထိုစဉ်ကလူပျိုဖြစ်သော လူချော ယောသပ်ကို ထပ်ခါတလဲသွေးဆောင်ဖြားယောင်းခဲ့သောအခါ အဆုံး၌ သူက “ကိုယ်မယားဖြစ်သောသခင်မ မှတစ်ပါး အဘယ်အရာကိုမျှ ကျွန်တော်အား [သင့်လင်ယောက်ျား] မမြစ်တားပါ။ သို့ ဖြစ်လျှင် အပြစ်ကြီးသောဤအမှုကို ကျွန်တော်ပြု၍ ဘုရားသခင်ကို အဘယ်သို့ ပြစ်မှားနိုင်သနည်း” ဟုဖြေဆိုခဲ့သည်။—ကမ္ဘာဦး ၃၉:၆-၉။

၁၅ သွေးဆောင်ခံဖို့ အလွန်လွယ်ကူလျက်နှင့် မှန်ကန်သောလမ်းစဉ်ကို ယောသပ်ရွေးချယ်ရန် အဘယ်အရာကကူညီပေးခဲ့သနည်း။ စိတ်ကိုစေ့ဆော်သည့် ကြီးမားသောစွမ်းအား သူ၌ရှိခဲ့သည်။ ယောသပ်သည် ယေဟောဝါနှင့်မိမိ၏ဆက်ဆံရေးကို အလွန်သတိချပ်၍နေခဲ့သည်။ ဤအလွဲစွဲလမ်းနေသောအမျိုးသမီးနှင့် မတရားမေထုန်ပြုလျှင် သူ၏လင်ယောက်ျားကိုပြစ်မှားခြင်းဖြစ်မည်သာမက ထိုထက်အရေးကြီးသည်ကား ဘုရားသခင်ကို ပြစ်မှားရာရောက်ကြောင်း သူကောင်းစွာသဘောပေါက်နိုင်ပါသည်။—ကမ္ဘာဦး ၃၉:၁၂။

၁၆။ သွေးဆောင်မှုကို ဒါဝိဒ် မည်သို့တုံ့ပြန်ခဲ့သနည်း။

၁၆ တစ်ဖက်မှကြည့်လျှင် ဒါဝိဒ်အဖြစ်အပျက်က မည်သို့နည်း။ သူသည် အိမ်ထောင်သည်ဖြစ်၍ ပညတ္တိကျမ်း၏ခွင့်ပြုချက်အရ မိန်းမအများရှိပါသည်။ တစ်ညနေတွင် အမျိုးသမီးတစ်ဦး ရေချိုးနေသည်ကို မိမိနန်းတော်မှ တွေ့ရှိခဲ့သည်။ ထိုအမျိုးသမီးမှာ ဥရိယ၏ဇနီး လှပသောဗာသရှေဘဖြစ်သည်။ ဒါဝိဒ် ရွေးချယ်ပြုမူစရာရှိသည်မှာရှင်းနေသည်။ သူ၏နှလုံးထဲ တပ်မက်စိတ်ပေါ်လာသည်တိုင် ဆက်ကြည့်နေရန်၊ သို့မဟုတ် လှည့်ထွက်သွားကာ သွေးဆောင်မှုကို ငြင်းပယ်ရန်ဖြစ်သည်။ အဘယ်အရာကိုပြုမူရန် သူရွေးချယ်ခဲ့သနည်း။ သူမအား နန်းတော်သို့ခေါ်ဆောင်လာစေပြီး သူ့မယားကို ပြစ်မှားလေသည်။ ထိုထက်ဆိုးရွားသေးသည်ကား သူမ၏ခင်ပွန်း သေသွားစေရန် ကြံဖန်ခဲ့ပါသည်။—၂ ဓမ္မရာဇဝင် ၁၁:၂-၄၊ ၁၂-၂၇။

၁၇။ ဒါဝိဒ်၏ဝိညာဉ်ရေးအခြေအနေကို မည်သို့ကျိုးကြောင်းကြံဆယူနိုင်သနည်း။

၁၇ ဒါဝိဒ်အား ပြဿနာတက်စေသည်ကား အဘယ်နည်း။ နောက်ပိုင်းတွင် သူနောင်တရစွာ ဆာလံ ၅၁ ၌ဝန်ခံထားသည့်စကားမှ ကျိုးကြောင်းကြံဆယူနိုင်ပါသည်။ သူက “အိုဘုရားသခင်၊ အကျွန်ုပ်အထဲ၌ စင်ကြယ်သောနှလုံးကို ဖန်ဆင်းတော်မူပါ။ မြဲမြံတည်ကြည်သောသဘောကို အသစ်ပြုပြင်တော်မူပါ” ဟုပြောသည်။ သူသွေးဆောင်ခံခဲ့ရချိန်တွင် စင်ကြယ်မြဲမြံတည်ကြည်သောနှလုံးမရှိသည်ကား ထင်ရှားပါသည်။ ဖြစ်ကောင်းဖြစ်နိုင်သည်ကား၊ ယေဟောဝါ၏ပညတ်တရားကိုဖတ်ရှုရမည့်တာဝန်ကို သူပျက်ကွက်ခဲ့သဖြင့် ဝိညာဉ်ခွန်အားနည်းနေခြင်းဖြစ်ပေမည်။ သို့မဟုတ် သူ၏ဘုရင့်အခွင့်အရာကို အလွဲသုံးစားပြုကာ တပ်မက်သောစိတ်ကို အညံ့ခံခဲ့ခြင်းဖြစ်နိုင်သည်။ ထိုအချိန်တွင် သူ၏စိတ်ကိုစေ့ဆော်နေသော စွမ်းအားမှာ ကိုယ်ကျိုးရှာ၊ အပြစ်ပြုစေသည်ကား အမှန်ပင်။ ယင်းကြောင့် “မြဲမြံတည်ကြည်သောသဘောအသစ်” ကို မိမိလိုအပ်နေကြောင်း အသိအမှတ်ပြုခဲ့ခြင်းဖြစ်သည်။ —ဆာလံ ၅၁:၁၀။ တရားဟောရာ ၁၇:၁၈-၂၀။

၁၈။ သူ့မယားကိုပြစ်မှားခြင်းအကြောင်း ယေရှုအဘယ်သြဝါဒပေးခဲ့သနည်း။

၁၈ ခရစ်ယာန်အိမ်ထောင်အချို့ရှိ အိမ်ထောင်ဖက်တစ်ဦး၊ သို့မဟုတ် နှစ်ဦးစလုံးပင် ဒါဝိဒ်မင်းကြီးကဲ့သို့ ဝိညာဉ်ခွန်အားနည်းသောအခြေအနေမျိုးသို့ ကိုယ့်ကိုယ်ကိုရောက်စေခြင်းအားဖြင့် အိမ်ထောင်ပျက်စီးသွားစေခဲ့ပြီ။ သူ၏ပုံသက်သေမှ ကျွန်ုပ်တို့သတိယူသင့်သည်ကား အခြားအမျိုးသမီး၊ သို့မဟုတ် အမျိုးသားကို ကိလေသာစိတ်နှင့် ဆက်ကြည့်ရှုမနေရန်ဖြစ်သည်။ အကြောင်းမှာ သူ့မယားကိုပြစ်မှားခြင်းအမှုသို့ နောက်ဆုံးဖြစ်ပွားသွားနိုင်ပါသည်။ ယင်းနှင့်စပ်လျဉ်း၍ လူ့စိတ်ဆန္ဒကို ယေရှုသဘောပေါက်ကြောင်း ဤသို့တင်ပြပါသည်။ “‘သူ့မယားကိုမပြစ်မှားရ’ ဟူသောရှေးပညတ်စကားကို သင်တို့ ကြားရပြီ။ ငါပညတ်သည်ကား ကိလေသာစိတ်နှင့် သူ့မယားကိုကြည့်ရှုသောသူသည် စိတ်နှလုံးထဲ၌ ထိုမိန်းမနှင့်ပြစ်မှားပြီ။” ဤအဖြစ်မျိုးတွင် စိတ်ကိုစေ့ဆော်သောစွမ်းအားသည် ဝိညာဉ်ရေးမပါ၊ ကိုယ်ကျိုးရှာသည့် ဇာတိသဘောသက်သက်သာဖြစ်နေပါသည်။ ထိုကြောင့် မိမိတို့အိမ်ထောင်ရေးသာယာပြီး ကျေနပ်မှုရရှိနိုင်ရန် သူ့မယားကိုပြစ်မှားခြင်းအမှုကို ခရစ်ယာန်များ မည်သို့ရှောင်ကြဉ်နိုင်မည်နည်း။—မဿဲ ၅:၂၇၊ ၂၈။

အိမ်ထောင်နှောင်ကြိုးကို ခိုင်ခံ့မြဲမြံစေ

၁၉။ အိမ်ထောင်ရေးကို မည်သို့ခိုင်ခံ့စေနိုင်သနည်း။

၁၉ ရှောလမုန်မင်းကြီး ဤသို့ရေးသားခဲ့သည်။ “လူတစ်ယောက်သည် တစ်ယောက်ကိုနိုင်လျှင် ထိုလူကို နှစ်ယောက်ဆီးတားနိုင်၏။ သုံးလွန်းတင်သောကြိုးသည်လည်း အလွယ်တကူမပြတ်တတ်။” စည်းလုံးညီညွတ်သောအိမ်ထောင်ရှိသူနှစ်ဦးသည် ရန်သူကို တစ်ဦးတည်းထက် သာ၍ကာဆီးနိုင်ပါသည်။ သူတို့၏နှောင်ကြိုးတွင် ဘုရားသခင်ပါမည်ဆိုလျှင် သုံးလွန်းတင်ကြိုးပမာ အိမ်ထောင်သာ၍မြဲမြံမည်အမှန်။ သို့သော် အိမ်ထောင်ရေးတွင် ဘုရားသခင်မည်သို့ပါရှိနိုင်သနည်း။ အိမ်ထောင်ရေးနှင့်စပ်လျဉ်းသော ကိုယ်တော်၏မူများနှင့် ဩဝါဒကို ထိုမောင်နှံစုံ လိုက်နာကျင့်သုံးခြင်းအားဖြင့်ဖြစ်သည်။—ဒေသနာ ၄:၁၂။

၂၀။ လင်ယောက်ျားဖြစ်သူအား အဘယ်ကျမ်းစာသြဝါဒသည် အကူအညီဖြစ်နိုင်သနည်း။

၂၀ လင်သားဖြစ်သူသည် အောက်ပါကျမ်းချက်များပါ ဩဝါဒကိုလိုက်နာကျင့်သုံးပါက သူ၏အိမ်ထောင်ရေးအောင်မြင်ဖို့ရန် အခြေခံအကြောင်း သာ၍များပေမည်။

“လင်ဖြစ်သူတို့၊ သင်တို့ပတ္တနာများကို ကန့်ကွက်ခြင်းမရှိစေရန် အားနည်းသူအဖြစ် မိန်းမနှင့်အတူ အသိပညာအလျောက်နေထိုင်၍ အသက်ဆိုင်ရာကျေးဇူးတော်ကို အမွေစားဖက်အဖြစ် ထောက်ထား၍ လေးမြတ်ကြလော့။”—၁ ပေတရု ၃:၇၊ သမ။

“အချင်းယောက်ျားတို့၊ ခရစ်တော်သည် အသင်းတော်ကိုချစ်တော်မူသကဲ့သို့ သင်တို့လည်း ကိုယ်ခင်ပွန်းကိုချစ်ကြလော့။ ထိုနည်းတူ ယောက်ျားတို့သည် မိမိကိုယ်ကိုချစ်သကဲ့သို့ မိမိခင်ပွန်းတို့ကိုချစ်ရကြမည်။ ခင်ပွန်းကိုချစ်သောသူသည် ကိုယ်ကိုချစ်သောသူဖြစ်၏။”—ဧဖက် ၅:၂၅၊ ၂၈။

“သူ၏ခင်ပွန်းကလည်း လူမျိုး သမီးအများတို့သည် ကောင်းမွန်စွာပြုကြပြီ။ သို့ရာတွင် သင်သည် ထိုသူအပေါင်းတို့ကို လွန်ကဲပြီဟု သူ့ကိုချီးမွမ်းတတ်၏။”—သု၊ ၃၁:၂၈၊ ၂၉။

“ခြေမလောင်ဘဲ မီးပေါ်မှာ နင်းနိုင်သလော။ သူ့မယားထံသို့ဝင်သောသူသည် ထိုနည်းတူဖြစ်၏။ သူ့မယားကိုပြစ်မှားသောသူမည်သည်ကား အပြစ်နှင့်မကင်းမလွတ်နိုင်ရာ။ သူ့မယားကိုပြစ်မှားသောသူသည် . . . မိမိအသက်ကိုဖျက်ဆီးတတ်၏။”—သု၊ ၆:၂၈၊ ၂၉၊ ၃၂။

၂၁။ ဇနီးသည်မိန်းမဖြစ်သူအား အဘယ်ကျမ်းစာသြဝါဒသည် အကူအညီဖြစ်နိုင်သနည်း။

၂၁ အောက်ပါကျမ်းစာအခြေခံမူများကို ဇနီးဖြစ်သူသည် ဩတ္တပ္ပစိတ်နှိုးဆော်ခံရသည့်အတိုင်း ကျင့်သုံးမည်ဆိုလျှင် သူမ၏အိမ်ထောင်ရေး မြဲမြံစေရန် ထောက်ပံ့ကူညီပေးပါလိမ့်မည်။

“ဇနီးတို့၊ ကိုယ်ခင်ပွန်းတို့ကို လက်အောက်ခံကြလော့။ သို့ပြုခြင်းဖြင့် နှုတ်ကပါဌ်တော်ကို မနာခံသူအချို့ရှိလျှင်ပင် သင်တို့၏ အလွန့်အလွန်ရိုသေခြင်းပါဝင်သည့်စင်ကြယ်သောအကျင့် [နှင့် သင်တို့၏] သိမ်မွေ့၍နူးညံ့သောသဘောကို မြင်ရသောကြောင့် သူတို့ဇနီးတို့၏အကျင့်အားဖြင့် စကားတစ်ခွန်းမျှမပါဘဲ သူတို့ကိုသွေးဆောင်နိုင်ပေမည်။”—၁ ပေတရု ၃:၁-၄၊ ကဘ။

“ယောက်ျားသည် ဆက်ဆံခြင်းဝတ်ကို မိမိမယားအားပြုစေလော့။ ထိုနည်းတူ မိန်းမသည်လည်း ဆက်ဆံခြင်းဝတ်ကို မိမိလင်အားပြုစေလော့။ . . . သဘောတူ၍ ခင်ပွန်းဝတ်ကို ခဏမျှရှောင်ခြင်းမှအပ အချင်းချင်း ခင်ပွန်းဝတ်ကို မပယ်မရှောင်ကြနှင့်။”—၁ ကောရိန္သု ၇:၃-၅၊ ကဘ။

၂၂။ (က) အိမ်ထောင်ရေးကို အကျိုးပြုသည့်အခြားအကြောင်းများကား အဘယ်နည်း။ (ခ) လင်မယားကွာရှင်းခြင်းကို ယေဟောဝါ မည်သို့သဘောထားသနည်း။

၂၂ အိမ်ထောင်ရေး ကျောက်မျက်ရွဲအဝင် အခြားအရည်အသွေးများမှာ ချစ်ခြင်း၊ ကြင်နာခြင်း၊ စာနာခြင်း၊ စိတ်ရှည်ခြင်း၊ နားလည်မှုရှိခြင်း၊ အားပေးခြင်းနှင့် ချီးမွမ်းခြင်းတို့လည်းဖြစ်ကြောင်း သမ္မာကျမ်းစာကတင်ပြပါသည်။ ယင်းတို့မပါသောအိမ်ထောင်ရေးသည် နေရောင်နှင့်ရေမရသောအပင်နှင့်တူ၏—သီးပွင့်ခဲသည်။ ထိုကြောင့် ကျွန်ုပ်တို့အိမ်ထောင်ရေးတွင် တစ်ဦးကိုတစ်ဦး တိုက်တွန်း၍ အားဖြည့်ပေးရန် စိတ်ကိုစေ့ဆော်သောစွမ်းအား၏ တွန်းအားကိုခံယူကြစို့။ ယေဟောဝါသည် ‘ကွာရှင်းခြင်းကိုရွံမုန်း’ ကြောင်းသတိရပါ။ ခရစ်ယာန်မေတ္တာတင်ပြနေမည်ဆိုလျှင် သူ့မယားကိုပြစ်မှားပြီး အိမ်ထောင်ပြိုကွဲစရာအကြောင်း မရှိသင့်ပါ။ အဘယ်ကြောင့်နည်း။ “မေတ္တာသည် ဖောက်ပြန်ခြင်းသဘောနှင့် အစဉ်ကင်းလွတ်သောကြောင့်ဖြစ်သည်။—မာလခိ ၂:၁၆။ ၁ ကောရိန္သု ၁၃:၄-၈။ ဧဖက် ၅:၃-၅။

◻ သာယာသောအိမ်ထောင်၏ အရင်းခံကား အဘယ်နည်း။

◻ စိတ်ကိုစေ့ဆော်သောစွမ်းအားသည် အိမ်ထောင်ရေးကို မည်သို့ဖြစ်စေသနည်း။

◻ စိတ်ကိုစေ့ဆော်သောစွမ်းအားကို ခိုင်ခံ့စေရန် ဘာလုပ်နိုင်သနည်း။

◻ သွေးဆောင်ခံရသည့်အခါ ယောသပ်နှင့် ဒါဝိဒ်တို့သည် မည်သို့ကွာခြားသနည်း။

◻ အိမ်ထောင်ရေးနှောင်ကြိုးကို ခိုင်မြဲစေရန် လင်နှင့်မယားတို့ကို အဘယ်ကျမ်းစာသြဝါဒက အကူအညီပေးမည်နည်း။

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ကျွန်ုပ်တို့သည်စံချိန်နှစ်မျိုးဖြင့် အသက်ရှင်သလော —အသင်းတော်၌ကြင်နာပြီး အိမ်တွင်မူ ခက်ထန်သလော။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ