သင်မည်မျှကြာကြာအသက်ရှင်နိုင်သနည်း
ဘဝခရီးတွင် အခက်အခဲများရှိသည်ကို ကျွန်ုပ်တို့အများစုက ရှောရှောရှူရှူဝန်ခံရပေမည်။ သို့ ဖြစ်သည့်တိုင် ကျွန်ုပ်တို့သည် အသက်ရှင်ရသည်ကို ပျော်ရွှင်ကြသည်။ ကျွန်ုပ်တို့သည် ကလေးဘဝတိုတောင်းသောအသက်တာလောက်နှင့်သာ ကျေနပ်မနေကြပေ; ကျွန်ုပ်တို့သည် နှစ်ပေါင်းများစွာအသက်ရှင်လိုကြသည်။ သို့သော် သေခြင်းသည် ရှောင်လွှဲ၍ရစကောင်းသောအရာဖြစ်ဟန်မတူ။ မဟုတ်ပေလော။
သေရမည်ကို ဆိုင်းငံ့ထား၍ရသလော။ ကျွန်ုပ်တို့၏သက်တမ်းသည် တိုးမြှင့်နိုင်မည်လော။
သက်တမ်းတိုးမြှင့်ခြင်းလော
၁၉၉၀ ပြည့်နှစ်တွင် သတင်းထုတ်ပြန်ချက်တစ်ခုက လူ၏သက်တမ်းကို အနှစ် “၁၁၀” သို့တိုးမြှင့်ရန် ဖြစ်နိုင်ဖွယ်ရှိကြောင်း ကြေညာခဲ့သည်။ စကားအသုံးအနှုန်းအရ ၎င်းသည် ကျမ်းစာဆာလံဆရာ မောရှေ၏စကားများကို သွယ်ဝိုက် ရည်ညွှန်းလိုက်ခြင်းဖြစ်သည်မှာ သံသယဝင်စရာမရှိ–“ကျွန်ုပ်တို့၏အသက်အရွယ်သည် အနှစ်ခုနစ်ဆယ် အတိုင်းအရှည်ရှိပါ၏။ အားရှိ၍အနှစ်ရှစ်ဆယ်နေရလျှင်လည်း ၎င်းသည် ပင်ပန်းခြင်းနှင့်ဝမ်းနည်းခြင်းဖြစ်ပါ၏။ အကြောင်းမူကား ၎င်းသည် မကြာမီဖြတ်တောက်ခြင်းကိုခံရလျက် ကျွန်ုပ်တို့သည် လျင်မြန်စွာလွင့်ပါးကွယ်ပျောက်သွားကြပါ၏။” (ဆာလံ ၉၀:၁၀၊ ဂျိမ်းဘုရင်ဘာသာပြန်) ဤနည်းဖြင့် လူ၏ပျမ်းမျှသက်တမ်းသည် အနှစ် ၇၀ သို့မဟုတ် ၈၀ ဟု ကျမ်းစာက ပြဆိုထားခြင်းပင်ဖြစ်သည်။ ယနေ့ လူတစ်ဦးအနေနှင့် နှစ်ပေါင်းမည်မျှအသက်ရှင်ရန် မျှော်လင့်နိုင်သနည်း။
တစ်ကမ္ဘာလုံးမျှော်လင့်နိုင်သော ပျမ်းမျှအသက်တာမှာ ၆၅ နှစ်ဖြစ်သည်ဟု ၁၉၉၂ ခုနှစ်တွင်ထုတ်ဝေခဲ့သော ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဒဗလျူအိပ်ချ်အို ၏အစီရင်ခံစာတွင် ဆိုထားသည်။ ဒဗလျူအိပ်ချ်အို၏အဆိုအရ ကိန်းဂဏန်းသည် “အဓိကအားဖြင့် နို့စို့အရွယ်ကလေးသေနှုန်းကျဆင်းမှုကြောင့် လာမည့်ငါးနှစ်အတွင်း တစ်နှစ်လျှင် ငါးလနှုန်းဖြင့်တိုးလာရန်မျှော်လင့်ရသည်” ဟုဆို၏။ သို့ ဖြစ်သော်လည်း အသက် ၅၀ မတိုင်မီသေဆုံးမှုကို ဆေးပညာက အံ့သြဖွယ်ကောင်းသောနည်းဖြင့်တားဆီးပေးနိုင်လျှင်ပင် အမေရိကန်ပြည်ထောင်စုတွင် ပျမ်းမျှသက်တမ်းတိုးလာမှုသည် ၃ ၁/၂ နှစ်သာရှိလိမ့်မည်” ဟု တိုင်း မဂ္ဂဇင်းကဆိုသည်။
အသက် အဘယ်ကြောင့် ဤမျှတိုတောင်းရသနည်း
နယ်သာလန်နိုင်ငံရှိ အိုမင်းမှုဖြစ်စဉ်ကိုလေ့လာသောဌာနမှ ဒေါက်တာယမ်ဖတ်ခ်က အချို့သောရောဂါများသည် လူ၏ခန္ဓာဆဲလ်အတွင်းမှချို့ယွင်းမှုများနှင့် ဆက်နွယ်တတ်သကဲ့သို့ အိုမင်းရင့်ရော်မှုဖြစ်စဉ်သည်လည်း ဗီဇဆိုင်ရာအကြောင်းတရားများက ဩဇာညောင်းပုံရသည်ဟု အခြေအတင်ဆွေးနွေးတင်ပြပါသည်။ ကျွန်ုပ်တို့အိုမင်းလာသည်နှင့်အမျှ “အဓိကကျသောဗီဇပစ္စည်းအနည်းငယ်ကို” အစားထိုးနိုင်ပါက ကျွန်ုပ်တို့သည် ပို၍ကြာကြာအသက်ရှင်နိုင်ကြလိမ့်မည်ဟု အချို့သောသုတေသီများကယုံကြည်ကြသည်။ အချို့ကမူ ဤသို့သောအဆိုပြုချက်မျိုးသည် “ဆေးမြီးတိုဆန်သည်” ဟုသတ်မှတ်ကြပြန်သည်။
မည်သို့ပင်ဖြစ်စေ “လူ့ခန္ဓာကိုယ်ရှိဆဲလ်များထဲတွင် အစီအစဉ်ထည့်သွင်းထားသော ကိုယ်တွင်းပါဇီဝဗေဒဆိုင်ရာ ကန့်သတ်ချက်တစ်မျိုးရှိဟန်တူကြောင်း” သိပ္ပံပညာရှင်များကဝန်ခံသည်ဟု တိုင်း မဂ္ဂဇင်းကသတင်းပေးပါသည်။ “ကျွန်ုပ်တို့သည် အသက်ရှင်လျက်နေရန် အစီအစဉ်ထည့်သွင်းခံရသည်” ဟုငြင်းခုံပြောဆိုသူများကပင်လျှင် “တစ်ခုခုမှားယွင်းနေကြောင်း” ဝန်ခံကြသည်။ အမှန်ပင်၊ ကျွန်ုပ်တို့သည် အသက် ၆၅၊ ၇၀၊ ၈၀ သို့မဟုတ် ထိုထက်အနည်းငယ်ရှိလာပြီဆိုလျှင် ကျွန်ုပ်တို့၏အသက်သည် “မကြာမီဖြတ်တောက်ခံရ” ပြီး သမ္မာကျမ်းစာပြောသည့်အတိုင်း ကျွန်ုပ်တို့သေသွားကြပါသည်။
သို့တိုင် စီ.အီး. ပထမရာစုခေတ်မှ တမန်တော်ပေါလုက ဤသို့ ကြိုတင်ဟောခဲ့သည်–“နောက်ဆုံးသောရန်သူတည်းဟူသောသေမင်းသည် ဆုံးရှုံးခြင်းသို့ရောက်လိမ့်မည်။” (၁ ကောရိန္သု ၁၅:၂၆) သေမင်းသည် မည်သို့ဆုံးရှုံးသွားမည်နည်း။ ထိုသို့ ဖြစ်လျှင်ပင် ယနေ့ ချစ်ရသူတစ်ဦးသေဆုံးမှုကို သင်မည်သို့ရင်ဆိုင်ခံရပ်နိုင်မည်နည်း။