ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၉ ၁၁/၁၅ စာ. ၁၃-၁၈
  • သင်၏ကြီးမြတ်သောဖန်ဆင်းရှင်ကိုအောက်မေ့လော့!

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင်၏ကြီးမြတ်သောဖန်ဆင်းရှင်ကိုအောက်မေ့လော့!
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အတိတ်မှ ပုံသက်သေကောင်းများ
  • ယခုပင် ယေဟောဝါအား အောက်မေ့လော့!
  • ဇရာထောင်းခြင်း၏ထိခိုက်မှုများ
  • အောက်မေ့သူတို့အတွက် အဘယ်အနာဂတ်ရှိသနည်း
  • သင့်ဘဝကိုအကောင်းဆုံးဖြစ်စေပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ‘အသက်ပျိုစဉ်အခါ ဖန်ဆင်းရှင်ကို အောက်မေ့လော့’
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၆
  • ဆိုးသောကာလမရောက်ခင် ယေဟောဝါရဲ့ အမှုဆောင်ပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • သင့်ဖန်ဆင်းရှင်—ကိုယ်တော်သည်မည်သို့သောအရှင်ဖြစ်ကြောင်း သင်ယူလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
က၉၉ ၁၁/၁၅ စာ. ၁၃-၁၈

သင်၏ကြီးမြတ်သောဖန်ဆင်းရှင်ကိုအောက်မေ့လော့!

‘ဆိုးသောကာလမရောက်မီ ယခု သင့်ကိုဖန်ဆင်းတော်မူသောအရှင်ကို အောက်မေ့လော့။’—ဒေ. ၁၂:၁၊ သမ္မာ။

၁။ ဘုရားသခင်ထံ ဆက်ကပ်အပ်နှံထားသောလူငယ်တို့သည် သူတို့၏လူငယ့်ဘဝနှင့် ခွန်အားကို မည်သို့အသုံးပြုလိုစိတ်ရှိသင့်သနည်း။

ယေဟောဝါသည် မိမိအလိုတော်ကိုဆောင်ရွက်ရန် မိမိ၏ကျေးကျွန်များကို ခွန်အားပေးတော်မူ၏။ (ဟေရှာယ ၄၀:၂၈-၃၁) အရွယ်မရွေး ထိုအတိုင်းမှန်လေသည်။ သို့သော် အထူးသဖြင့် ဘုရားသခင်ထံဆက်ကပ်အပ်နှံထားသောလူငယ်တို့သည် ၎င်းတို့၏လူငယ့်ဘဝနှင့် ခွန်အားကို ပညာရှိစွာအသုံးပြုလိုစိတ်ရှိသင့်သည်။ သို့ဖြစ်၍ “ဆရာ၊” ရှေးခေတ်ဣသရေလဘုရင်ရှောလမုန်၏ဆုံးမစကားကို သူတို့နှလုံးသွင်းကြသည်။ သူက ဤသို့တိုက်တွန်းခဲ့သည်– “‘ငါနေ၍မပျော်နိုင်’ ဟုဆိုရသောနှစ်များမနီးမကပ်၊ ဆိုးသောနေ့ရက်ကာလမရောက်မီ၊ အရွယ်ကောင်းစဉ်အခါကာလ၌ သင်အားဖန်ဆင်းတော်မူသောအရှင်ကို အောက်မေ့လော့။”—ဒေ. ၁:၁; ၁၂:၁၊ သမ္မာ။

၂။ ဆက်ကပ်အပ်နှံထားသော ခရစ်ယာန်များ၏ကလေးငယ်များသည် အဘယ်အရာပြုလုပ်သင့်သနည်း။

၂ ငယ်ရွယ်စဉ် ကြီးမြတ်သောဖန်ဆင်းရှင်အား အောက်မေ့ခြင်းနှင့်ပတ်သက်သည့် ရှောလမုန်၏သတိပေးစကားသည် ဣသရေလလူပျိုအပျိုတို့အား ဦးဆုံးရည်ညွှန်းပြောဆိုခဲ့ခြင်းဖြစ်သည်။ သူတို့သည် ယေဟောဝါအားဆက်ကပ်အပ်နှံထားသည့်လူမျိုးတစ်မျိုးထဲတွင် မွေးဖွားလာခဲ့ကြသည်။ ယနေ့ ဆက်ကပ်အပ်နှံထားသောခရစ်ယာန်များ၏ ကလေးငယ်များနှင့်ပတ်သက်၍ကော အသို့နည်း။ သူတို့သည် ကြီးမြတ်သောဖန်ဆင်းရှင်ကို အောက်မေ့သင့်သည်မှာ အမှန်။ ယင်းသို့ပြုမည်ဆိုလျှင် သူတို့သည် ကိုယ်တော်ကိုဂုဏ်တင်ပြီး ၎င်းတို့ကိုယ်နှိုက် အကျိုးခံစားကြရပါလိမ့်မည်။—ဟေရှာယ ၄၈:၁၇၊ ၁၈။

အတိတ်မှ ပုံသက်သေကောင်းများ

၃။ ယောသပ်၊ ရှမွေလနှင့် ဒါဝိဒ်တို့သည် အဘယ်ပုံသက်သေများထားခဲ့ကြသနည်း။

၃ သမ္မာကျမ်းစာမှတ်တမ်းတွင်ပါသော လူငယ်များစွာသည် ကြီးမြတ်သောဖန်ဆင်းရှင်အား အောက်မေ့သူများအဖြစ် ပုံသက်သေကောင်းများထားခဲ့ကြသည်။ ငယ်ရွယ်စဉ်ကတည်းက ယာကုပ်၏သားယောသပ်သည် သူ၏ဖန်ဆင်းရှင်အား အောက်မေ့ခဲ့သည်။ ပေါတိဖာ၏မယားက သူနှင့်ဖောက်ပြန်ရန်သွေးဆောင်ခဲ့ချိန်တွင် ယောသပ်သည် ဤသို့အခိုင်အမာငြင်း၍ ပြောဆိုခဲ့သည်– “အပြစ်ကြီးသော ဤအမှုကိုကျွန်တော်ပြု၍ ဘုရားသခင်ကို အဘယ်သို့ပြစ်မှားနိုင်သနည်း။” (ကမ္ဘာဦး ၃၉:၉) လေဝိအမျိုးသားရှမွေလသည် ကလေးဘဝ၌သာမက သူ၏ဘဝတစ်လျှောက်လုံး ဖန်ဆင်းရှင်အား အောက်မေ့ခဲ့သည်။ (၁ ဓမ္မရာဇဝင် ၁:၂၂-၂၈; ၂:၁၈; ၃:၁-၅) ဗက်လင်မြို့သား လုလင်ဒါဝိဒ်သည် ဖန်ဆင်းရှင်အား အမှန်အောက်မေ့ခဲ့သည်။ ဖိလိတ္တိလူမျိုး လူ့ဘီလူးကြီးဂေါလျတ်နှင့်ရင်ဆိုင်ချိန်တွင် ဘုရားသခင်အား သူယုံကြည်ကိုးစားကြောင်း အထင်အရှားပြပြီး ဤသို့ကြွေးကြော်ခဲ့သည်– “သင်သည် ဓား၊ လှံ၊ ကိဒုန်ပါလျက် ငါ့ထံသို့လာ၏။ ငါသည် သင်ကြိမ်းပသော ဣသရေလဗိုလ်ခြေတို့၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏ နာမတော်ပါလျက် သင်ရှိရာသို့လာ၏။ ထာဝရဘုရားသည် သင့်ကိုငါ့လက်၌ ယနေ့အပ်တော်မူသဖြင့်၊ သင့်ကိုငါသတ်၍လည်ပင်းကိုဖြတ်မည်။ . . . ဣသရေလအမျိုး၌ ဘုရားသခင်ရှိတော်မူသည်ကို မြေကြီးသားအပေါင်းတို့သည် သိရကြလိမ့်မည်။ ထာဝရဘုရားသည် ဓား၊ လှံအားဖြင့် ကယ်တင်တော်မမူကြောင်းကို၊ ဤပရိသတ်အပေါင်းတို့သည် သိရကြလိမ့်မည်။ အကြောင်းမူကား၊ ထာဝရဘုရားသည် စစ်မှုကိုပိုင်၍၊ ငါတို့လက်သို့အပ်နှံတော်မူမည်။” မကြာမီ ဂေါလျတ်သေ၍ ဖိလိတ္တိလူတို့ ပြေးကြသည်။—၁ ဓမ္မရာဇဝင် ၁၇:၄၅-၅၁။

၄။ (က) ရှုရိပြည်ရှိဣသရေလသုံ့ပန်းမိန်းကလေးတစ်ဦးနှင့် လူငယ်ဘုရင်ယောရှိတို့သည် ကြီးမြတ်သောဖန်ဆင်းရှင်အား အောက်မေ့ခဲ့ကြောင်း အဘယ်အရာက ဖော်ပြသနည်း။ (ခ) ၁၂ နှစ်အရွယ်ယေရှုသည် ဖန်ဆင်းရှင်အား အောက်မေ့ကြောင်း မည်သို့ဖော်ပြခဲ့သနည်း။

၄ ကြီးမြတ်သောဖန်ဆင်းရှင်အား အောက်မေ့သည့် အခြားလူငယ်တစ်ဦးမှာ ဣသရေလသုံ့ပန်းမိန်းကလေးတစ်ဦးဖြစ်သည်။ သူသည် ရှုရိဗိုလ်ချုပ်နေမန်၏မယားကို ကောင်းစွာသက်သေခံခဲ့သောကြောင့် ဗိုလ်ချုပ်သည် ဘုရားသခင့်ပရောဖက်ထံသွား၍ နူနာပျောက်ကင်းပြီး ယေဟောဝါအားကိုးကွယ်သူတစ်ဦးဖြစ်လာခဲ့သည်။ (၄ ဓမ္မရာဇဝင် ၅:၁-၁၉) လူငယ်ဘုရင်ယောရှိသည် ယေဟောဝါ၏စင်ကြယ်သောဝတ်ပြုရေးကို ရဲရင့်စွာမြှင့်တင်ပေးခဲ့၏။ (၄ ဓမ္မရာဇဝင် ၂၂:၁–၂၃:၂၅) သို့သော် ငယ်ရွယ်သေးစဉ် ကြီးမြတ်သောဖန်ဆင်းရှင်အား အောက်မေ့သည့် အကောင်းဆုံးပုံသက်သေရှင်တစ်ဦးမှာ နာဇရက်မြို့သားယေရှုဖြစ်သည်။ ကိုယ်တော် ၁၂ နှစ်အရွယ်တွင် အဘယ်အရာဖြစ်ပျက်ခဲ့သည်ကို သုံးသပ်ကြည့်ပါ။ မိဘများသည် ပသခါပွဲတက်ရောက်ရန် ယေရုရှလင်မြို့သို့ ကိုယ်တော့်ကိုခေါ်သွားခဲ့ကြ၏။ အပြန်ခရီး၌ ယေရှုပျောက်နေကြောင်းသတိပြုမိကြ၏; သို့နှင့် ကိုယ်တော်အားရှာရန် ပြန်လှည့်လာခဲ့ကြသည်။ တတိယမြောက်နေ့တွင် ဗိမာန်တော်၌ ဆရာများနှင့်ကျမ်းစာမေးခွန်းများဆွေးနွေးနေသော ကိုယ်တော်အား တွေ့ရှိခဲ့ကြ၏။ မိခင်၏စိုးရိမ်တကြီးစုံစမ်းမေးမြန်းမှုကို ယေရှုက ဤသို့တုံ့ပြန်၍မေးခဲ့သည်– “မိဘသည် အဘယ်ကြောင့် အကျွန်ုပ်ကိုရှာရပါသနည်း။ အကျွန်ုပ်သည်အဘ၏အိမ်၌နေရသည်ကို မသိပါသလော။” (လုကာ ၂:၄၉) “အဘ၏အိမ်” ဗိမာန်တော်တွင် ဝိညာဉ်ရေးရာအဖိုးတန်သောအချက်အလက်များကိုရယူခြင်းသည် ယေရှုအတွက်အကျိုးရှိခဲ့သည်။ ယနေ့ ယေဟောဝါသက်သေများ၏ [ဘုရားသခင့်] နိုင်ငံတော်ခန်းမသည် ကြီးမြတ်သောဖန်ဆင်းရှင်နှင့်ပတ်သက်သည့် တိကျမှန်ကန်သောအသိပညာကိုဆည်းပူးရန် အကောင်းဆုံးနေရာတစ်ခုဖြစ်သည်။

ယခုပင် ယေဟောဝါအား အောက်မေ့လော့!

၅။ သင့်ကိုယ်ပိုင်စကားဖြင့် ဒေ. ၁၂:၁ တွင်မှတ်တမ်းတင်ထားသည့် ဆရာ၏စကားကို မည်သို့ဖော်ပြမည်နည်း။

၅ ယေဟောဝါအား စိတ်နှလုံးအကြွင်းမဲ့ကိုးကွယ်သူသည် ကိုယ်တော့်အမှုတော်ကို အစောဆုံးထမ်းဆောင်လိုပြီး တစ်သက်တာပတ်လုံး ဘုရားသခင်အား ဝတ်ပြုလိုသည်။ သို့ရာတွင် ဖန်ဆင်းရှင်အား မအောက်မေ့သောကြောင့် လူငယ့်ဘဝကို အချည်းနှီးကုန်လွန်စေခဲ့သူတစ်ဦး၏အလားအလာကား အဘယ်နည်း။ ဘုရားသခင်မှုတ်သွင်းမှုဖြင့် ဆရာက ဤသို့ဆိုသည်– “‘ငါနေ၍မပျော်နိုင်’ ဟုဆိုရသောနှစ်များမနီးမကပ်၊ ဆိုးသောနေ့ရက်ကာလမရောက်မီ၊ အရွယ်ကောင်းစဉ်အခါကာလ၌ သင်အားဖန်ဆင်းတော်မူသောအရှင်ကို [ယခု] အောက်မေ့လော့။”—ဒေ. ၁၂:၁၊ သမ္မာ။

၆။ အိုမင်းသောရှိမောင်နှင့် အန္နတို့သည် ကြီးမြတ်သောဖန်ဆင်းရှင်အားအောက်မေ့ခဲ့ကြကြောင်း အဘယ်အထောက်အထားရှိသနည်း။

၆ အိုမင်းသည့် “ဆိုးသောနေ့ရက်ကာလ” တွင်ပျော်မွေ့သူမရှိပါ။ သို့သော် ဘုရားသခင်ကိုအောက်မေ့သည့် သက်ကြီးရွယ်အိုများမူ ရွှင်လန်းကြ၏။ ဥပမာ၊ အိုမင်းသည့်ရှိမောင်သည် ဗိမာန်တော်တွင် ကလေးငယ်ယေရှုကို လက်နှင့်ချီ၍ ရွှင်လန်းစွာ ဤသို့ကြွေးကြော်ခဲ့သည်– “အစိုးရတော်မူသောအရှင်၊ ဗျာဒိတ်တော်အတိုင်း ကိုယ်တော်၏ကျွန်သည် ငြိမ်ဝပ်စွာစုတေ့ရသောအခွင့်ကို ကိုယ်တော်သည် ယခုတွင်ပေးတော်မူ၏။ ကိုယ်တော်၏လူ ဣသရေလအမျိုးကို ချီးမြှောက်စေခြင်းငှာလည်းကောင်း၊ တစ်ပါးအမျိုးသားတို့ကိုလင်းစေခြင်းငှာလည်းကောင်း လူအမျိုးမျိုးတို့ရှေ့မှောက်၌ ပြင်ဆင်တော်မူသောအလင်းတည်းဟူသော ကယ်တင်သောသခင်ကို အကျွန်ုပ်သည် ကိုယ်မျက်စိနှင့်မြင်ရပါပြီ။” (လုကာ ၂:၂၅-၃၂) အသက်ရှစ်ဆယ့်လေးနှစ်ရှိပြီဖြစ်သော ဟန္နသည်လည်း ဖန်ဆင်းရှင်အားအောက်မေ့ခဲ့သည်။ သူသည် ဗိမာန်တော်တွင် အမြဲရှိနေသူဖြစ်ပြီး ထိုနေရာသို့ ယေရှုအားခေါ်ဆောင်လာခဲ့ကြချိန်၌ သူရှိနေသည်။ “သူသည်လည်း ထိုခဏခြင်းတွင်ဝင်၍ ထာဝရဘုရား၏ကျေးဇူးတော်ကိုချီးမွမ်းလေ၏။ ယေရုရှလင်မြို့၌ ရွေးနုတ်ခြင်းအရာကို မျှော်လင့်သောသူအပေါင်းတို့အား ထိုသူငယ်၏အကြောင်းကိုပြောလေ၏။”—လုကာ ၂:၃၆-၃၈။

၇။ ဘုရားသခင်၏လုပ်ငန်းတော်၌ အိုမင်းလာကြသူတို့၏အခြေအနေကား အဘယ်နည်း။

၇ ဘုရားသခင်၏လုပ်ငန်းတော်၌ အိုမင်းလာကြသော မျက်မှောက်ခေတ်ယေဟောဝါသက်သေများသည် အိုမင်းခြင်း၏နာကျင်မှုနှင့် ကန့်သတ်မှုများကိုခံစားနေကြရပေမည်။ သို့တိုင် သူတို့သည် တကယ်ပျော်ရွှင်ကြသည်တကား! သူတို့၏သစ္စာရှိရှိအမှုတော်ထမ်းဆောင်ခဲ့ခြင်းကိုလည်း ကျွန်ုပ်တို့တကယ် တန်ဖိုးထားလေးမြတ်ကြ၏! သူတို့တွင် ‘ယေဟောဝါ၏ဝမ်းမြောက်ခြင်း’ ရှိ၏၊ အကြောင်းမူကား ကိုယ်တော်သည် ဤမြေကြီးနှင့်ပတ်သက်၍ ရှုံးနိမ့်ခြင်းမရှိသောတန်ခိုးတော်ကို ခံယူပြီး တန်ခိုးပြည့်ဝသောကောင်းကင်ဘုရင်အဖြစ် ယေရှုခရစ်ကိုနန်းတင်ခဲ့ပြီဖြစ်ကြောင်းသိထားကြသောကြောင့်ဖြစ်သည်။ (နေဟမိ ၈:၁၀) ယခုအချိန်သည် လူငယ်လူကြီးမရွေး ဤနှိုးဆော်ချက်ကိုနာခံရမည့် အချိန်ဖြစ်၏– “လူပျိုနှင့်အပျိုများ၊ လူအိုနှင့်လူကလေးများတို့ ထာဝရဘုရားကိုချီးမွမ်းကြလော့။ နာမတော်တစ်ပါးတည်းသာလျှင်မြတ်၍ ဘုန်းတော်သည် မြေကြီးနှင့်ကောင်းကင်အပေါ်ထက်၌ရှိသောကြောင့်၊ ထာဝရဘုရား၏နာမတော်ကိုချီးမွမ်းကြစေ။”—ဆာလံ ၁၄၈:၁၂၊ ၁၃။

၈၊ ၉။ (က) မည်သူတို့အတွက် “ဆိုးသောနေ့ရက်ကာလ” သည် နှစ်မြို့စရာမဟုတ်သနည်း၊ ထိုသို့အဘယ်ကြောင့် ဖြစ်ရသနည်း။ (ခ) ဒေ. ၁၂:၂ ကိုသင်မည်သို့ရှင်းပြမည်နည်း။

၈ အိုမင်းခြင်း၏ “ဆိုးသောနေ့ရက်ကာလ” သည် ကြီးမြတ်သောဖန်ဆင်းရှင်အား သတိမရဘဲ ကိုယ်တော်၏တောက်ပသောရည်ရွယ်ချက်များကို နားမလည်သူတို့အတွက် နှစ်မြို့ဖွယ်ဖြစ်မည်မဟုတ်၊ အလွန်စိတ်ဆင်းရဲစရာပင် ဖြစ်ကောင်းဖြစ်မည်။ အိုမင်းခြင်း၏အခက်အခဲများနှင့် ကောင်းကင်မှစာတန်နှင်ချခံခဲ့ရကတည်းက လူသားတို့တွေ့ကြုံခဲ့ရသည့် အမင်္ဂလာများကို အစားထိုးပေးနိုင်သည့် ဝိညာဉ်းရေးရာနားလည်သဘောပေါက်မှု သူတို့၌မရှိချေ။ (ဗျာဒိတ် ၁၂:၇-၁၂) ထို့ကြောင့် ဆရာက “နေနှင့်အလင်း၊ လနှင့်ကြယ်တို့သည်ကွယ်၍ မိုးရွာပြီးမှ၊ အထပ်ထပ်ရွာတတ်သောကာလမရောက်မီ” ဖန်ဆင်းရှင်အား အောက်မေ့ရန် တိုက်တွန်းသည်။ (ဒေ. ၁၂:၂) ဤစကားများ၏ဆိုလိုရင်းကား အဘယ်နည်း။

၉ ရှောလမုန်သည် ငယ်ရွယ်ချိန်ကို တိမ်ကင်းစင်သည့်ကောင်းကင်မှ နေရောင်၊ လရောင်၊ ကြယ်ရောင်တို့ထိန်လင်းနေသည့် ပါလက်စတိုင်းနယ်၏နွေရာသီနှင့် နှိုင်းယှဉ်ထား၏။ ထိုအချိန်အခါတွင် အရာရာတိုင်းသည် အလွန်တောက်ပနေ၏။ သို့ရာတွင် အိုမင်းချိန်၌မူ လူတစ်ဦး၏နေ့ရက်များသည် ချမ်းအေးပြီးမိုးသည်းသည့် ဆောင်းကာလကဲ့သို့ဖြစ်ကာ ဆင်းရဲခြင်းတစ်ခုပြီးတစ်ခုဖြစ်တတ်၏။ (ယောဘ ၁၄:၁) ထို့ကြောင့် ဖန်ဆင်းရှင်ကိုသိသော်လည်း ဘဝ၏နွေကာလ၌ ကိုယ်တော့်အမှုတော် မဆောင်ရွက်ခဲ့ခြင်းသည် မည်မျှဝမ်းနည်းစရာပါတကား! အိုမင်းသည့် ဘဝ၏ဆောင်းကာလ၌ အထူးသဖြင့် အချည်းနှီးသောအရာများကိုလိုက်စား၍ ငယ်ရွယ်ချိန်တွင် ယေဟောဝါအမှုတော်ဆောင်ရန် အခွင့်အလမ်းများကို လက်လွတ်ခဲ့သူတို့အတွက် အရာရာသည် မဲမှောင်လျက်နေ၏။ သို့ရာတွင် ကျွန်ုပ်တို့သည် ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ ပရောဖက်မောရှေ၏ သစ္စာစောင့်သိသောအဖော်ကာလက်ကဲ့သို့ ‘ယေဟောဝါ၏နောက်တော်သို့လုံးလုံးလိုက်’ ကြစို့။—ယောရှု ၁၄:၆-၉။

ဇရာထောင်းခြင်း၏ထိခိုက်မှုများ

၁၀။ (က) “အိမ်စောင့်တို့” (ခ) “ခိုင်ခံ့သောသူတို့” သည် အဘယ်အရာကိုတင်စားသနည်း။

၁၀ ထို့နောက် ရှောလမုန်သည် ‘အိမ်စောင့်တို့ တုန်လှုပ်၍ ခိုင်ခံ့သောသူတို့ အားလျော့ပြီး ဆန်ကြိတ်သောသူတို့ နည်းသောကြောင့် ရပ်ကြကာ ပြတင်းပေါက်ဖြင့်ကြည့်သောသူတို့သည် အလင်းကွယ်မည့်ကာလ’ ၏အခက်အခဲများကို ဆက်လက်ဖော်ပြခဲ့သည်။ (ဒေ. ၁၂:၃) “အိမ်” သည်လူ့ကိုယ်ခန္ဓာကို ဆိုလို၏။ (မဿဲ ၁၂:၄၃-၄၅; ၂ ကောရိန္သု ၅:၁-၈) ယင်း၏ ‘အစောင့်’ များသည် ခြေလက်များဖြစ်ကာ ခန္ဓာကိုယ်ကိုကာကွယ်ပြီး ယင်း၏လိုအပ်ရာများကိုထောက်ပံ့ပေးသည်။ အိုမင်းချိန်တွင် ၎င်းတို့သည် အားနည်းချည့်နဲ့မှုနှင့် လေဖြတ်ခြင်းတို့ကြောင့် တုန်ယင်လေ့ရှိ၏။ “ခိုင်ခံ့သောသူတို့”—ခြေထောက်များ—သည် ကြံ့ခိုင်သန်မာမှုမရှိတော့ဘဲ ရှပ်တိုက်လမ်းလျှောက်ရလောက်အောင် အားနည်းပြီး ကွေးညွတ်ပေပြီ။ သို့တိုင် ခရစ်ယာန်အစည်းအဝေးများတွင် သက်ကြီးရွယ်အို ယုံကြည်သူချင်းများကို တွေ့မြင်ရသည့်အတွက် သင်ဝမ်းမသာပေလော။

၁၁။ ပုံဆောင်ဖော်ပြထားသော “ဆန်ကြိတ်သောသူတို့” နှင့် “ပြတင်းပေါက်ဖြင့်ကြည့်သောသူတို့” ကားမည်သူများနည်း။

၁၁ “ဆန်ကြိတ်သောသူတို့သည် နည်းသောကြောင့်” မည်သို့ ‘ရပ်သွားကြ’ သနည်း။ သွားများ ပျက်စီးယိုယွင်းလာ၏၊ သို့မဟုတ် မရှိတော့ပေ၊ ရှိမည်ဆိုလျှင်လည်း နည်းနေပြီဖြစ်သည်။ ကြေခဲသောအစာကိုကြိတ်ရန် ခက်ပေပြီ၊ သို့မဟုတ် ရပ်ကုန်ကြပြီ။ “ပြတင်းပေါက်ဖြင့်ကြည့်သောသူတို့”– ကျွန်ုပ်တို့ကြည့်သည့် စိတ်ပိုင်းဆိုင်ရာအရည်အသွေးများနှင့်တွဲဖက်သည့် မျက်စိများ—သည် ကွယ်မသွားသည့်တိုင် မှုန်ဝါးဝါးဖြစ်လာကြသည်။

၁၂။ (က) မည်သို့ “လမ်းနားမှာတံခါးရွက်တို့သည် စေ့လျက်ရှိလိမ့်မည်” နည်း။ (ခ) ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူ သက်ကြီးရွယ်အိုတို့နှင့်ပတ်သက်၍ သင်မည်သို့ယူဆသနည်း။

၁၂ “ကြိတ်သံလျော့သောအခါ၊ လမ်းနားမှာတံခါးရွက်တို့သည် စေ့လျက်ရှိလိမ့်မည်။ ငှက်သံကိုကြားသောအခါ၊ စောစောထလိမ့်မည်။ သီချင်းသည်မအပေါင်းတို့သည် အသံသေးကြလိမ့်မည်” ဟုဆရာကဆက်ဆိုသည်။ (ဒေ. ၁၂:၄) ဘုရားသခင့်အမှုတော်မဆောင်သူ သက်ကြီးရွယ်အိုများ၏ ပါးစပ်၏တံခါးရွက်နှစ်ခုဖြစ်သည့် နှုတ်ခမ်းများသည် “အိမ်” အတွင်း သို့မဟုတ် ခန္ဓာကိုယ်အတွင်းရှိ အရာများကို များများ သို့မဟုတ် လုံးဝမဖွင့်ဟတော့ချေ။ လူအများသွားလာသည့် “လမ်း” ပေါ်တွင် ဘာမျှမပြောတော့ချေ။ သို့တိုင် ဘုရားသခင့်နိုင်ငံတော်သတင်းကို စိတ်ထက်သန်စွာ ကြွေးကြော်သူသက်ကြီးရွယ်အိုများကော အသို့နည်း။ (ယောဘ ၄၁:၁၄) သူတို့သည် တစ်အိမ်မှတစ်အိမ်သို့ နှေးကွေးစွာလျှောက်သွားကြပေမည်၊ တချို့မှာမူ အခက်အခဲနှင့် စကားပြောဆိုကြရမည်ဖြစ်သော်လည်း သူတို့သည် ဂျားကိုအမှန်တကယ်ပင်ချီးမွမ်းနေကြသည်တကား!—ဆာလံ ၁၁၃:၁။

၁၃။ သက်ကြီးရွယ်အိုများ၏အခြားပြဿနာများကို ဆရာက မည်သို့ဖော်ပြသနည်း၊ သို့သော် သက်ကြီးရွယ်အိုခရစ်ယာန်များနှင့်ပတ်သက်၍ အဘယ်အရာမှန်ကန်သနည်း။

၁၃ သွားမရှိသည့်သွားဖုံးများဖြင့် တမြုံ့မြုံ့ဝါးကြရသည်နှင့်အမျှ ကြိတ်သည့်အသံလျော့လာသည်။ အသက်ကြီးသူတစ်ဦးသည် မိမိ၏အိပ်ရာပေါ်တွင် နှစ်ခြိုက်စွာအိပ်မပျော်နိုင်ချေ။ ငှက်အော်သံသည်ပင် သူ့အတွက်အနှောင့်အယှက်ဖြစ်လေ့ရှိသည်။ သီချင်းဆိုနည်းလာပြီး ဆိုသည့်တိုင် အသံချိနဲ့လာသည်။ “သီချင်းသည်မအပေါင်းတို့” ဖြစ်သည့် တေးသံသာအားလုံးသည် “အသံသေး” ကြလေပြီ။ သက်ကြီးရွယ်အိုတစ်ဦးသည် အခြားသူများတီးမှုတ်သီဆိုသည့် တေးဂီတနှင့် သီချင်းတို့ကိုကောင်းစွာမကြားရတော့ပါ။ သို့ရာတွင် သက်ကြီးရွယ်အိုဘိသိက်ခံများနှင့် အသက်မငယ်ကြတော့သည့် ၎င်းတို့၏အပေါင်းပါတချို့သည်လည်း ခရစ်ယာန်အစည်းအဝေးများတွင် ဘုရားသခင်အား ချီးမွမ်းသီချင်းများ သီဆိုကြဆဲဖြစ်သည်။ အသင်းတော်တွင် ကျွန်ုပ်တို့၏ဘေး၌ ယေဟောဝါအား သူတို့ချီးမွမ်းထောမနာပြုနိုင်ကြသေးသည့်အတွက် မည်မျှဝမ်းသာစရာပါတကား!—ဆာလံ ၁၄၉:၁။

၁၄။ အိုမင်းသူများသည် အဘယ်စိုးရွံ့ဖွယ်ရာများရှိသနည်း။

၁၄ သက်ကြီးရွယ်အိုများ၏အဖြစ်၊ အထူးသဖြင့် ဖန်ဆင်းရှင်အား လျစ်လျူရှုခဲ့သော သက်ကြီးရွယ်အိုများ၏အဖြစ်သည် ဝမ်းနည်းစရာပင်! ဆရာက ဤသို့ဆိုသည်– “ထိုကာလ၌မြင့်သောအရာတို့ကို ကြောက်ကြလိမ့်မည်။ လမ်း၌ ဘေးတွေ့မည်ဟုထင်ကြလိမ့်မည်။ ဗာတံပင်ပွင့်လိမ့်မည်။ ကျိုင်းကောင်သည် မိမိ၌မိမိလေးလိမ့်မည် [“မိမိကိုယ်ကို ဒယဉ့်တိုက်ဆွဲသွားသည်၊” ကဘ] အလိုဆန္ဒလျော့လိမ့်မည် [“ကေပါဗယ်ရီသီးကွဲလိမ့်မည်၊” ကဘ]။ အကြောင်းမူကား၊ လူသည် ထာဝရနေရာ [“အိမ်၊” ကဘ] သို့သွားဆဲရှိ၍၊ ငိုခြင်းသည်တို့သည် လမ်းတို့၌လှည့်လည်ကြ၏။” (ဒေ. ၁၂:၅) မြင့်သောလှေကားထိပ်တွင် သက်ကြီးရွယ်အိုများစွာသည် လဲကျမည်ကိုစိုးရိမ်တတ်ကြ၏။ အမြင့်မှ တစ်စုံတစ်ရာကို ငုံ့ကြည့်ရုံနှင့်ပင် မူးတတ်ကြပေပြီ။ သူတို့သည် လူများသည့်လမ်းများပေါ်သွားလာသောအခါ ထိခိုက်မည် သို့မဟုတ် လုယက်ခံမည်ကို ကြောက်ရွံ့စိုးရိမ်တတ်ကြသည်။

၁၅။ မည်သို့ “ဗာဒံပင်ပွင့်လိမ့်မည်” နည်း၊ ကျိုင်းကောင်သည် မည်သို့ “မိမိကိုယ်ကို ဒယဉ့်တိုက်ဆွဲသွား” သနည်း။

၁၅ သက်ကြီးရွယ်အိုတစ်ဦးနှင့်စပ်လျဉ်း၍ “ဗာဒံပင်ပွင့်လိမ့်မည်” ဟူသည် ဆံပင်စဖြူလာရာမှ ဆွတ်ဆွတ်ဖြူလာမည်ဟု ဆိုလိုဟန်ရှိသည်။ ဆံပင်ဖြူများသည် ဗာဒံပွင့်ဖြူများကဲ့သို့ဖြစ်၍ ကျွတ်ကုန်၏။ သူသည် ခါးကုန်းကုန်းဖြင့် လက်များတွဲလွဲကျ၍သော်လည်းကောင်း၊ လက်မောင်းများထောင်ကွေးကာ တင်ပါးပေါ်လက်တင်၍သော်လည်းကောင်း “ကိုယ်ကိုဒယဉ့်တိုက်ဆွဲသွား” ခြင်းဖြင့် ကျိုင်းကောင်နှင့်တူလာ၏။ ကျွန်ုပ်တို့မှ အချို့သူတို့သည် ထိုသို့အနည်းငယ်တူနေမည်ဆိုလျှင် ကျွန်ုပ်တို့သည် ယေဟောဝါ၏သွက်လက်ဖျတ်လတ်ပြီး လျင်မြန်သည့်ကျိုင်းကောင်တပ်တွင် ပါဝင်ကြကြောင်း အခြားသူများတွေ့မြင်ကြပါလေစေ!—မေ ၁၊ ၁၉၉၈ ကင်းမျှော်စင် စာမျက်နှာ ၈-၁၃ ရှု။

၁၆။ (က) ‘ကေပါဗယ်ရီသီးကွဲခြင်း’ သည် အဘယ်အရာကို ဖော်ပြသနည်း။ (ခ) လူ၏ ‘ထာဝရအိမ်’ ကား အဘယ်အရာဖြစ်ပြီး သေလုနီးကြောင်း အဘယ်နိမိတ်များ ထင်ရှားလာသနည်း။

၁၆ သက်ကြီးရွယ်အိုဖြစ်သူသည် ကေပါဗယ်ရီသီးတမျှ အရသာရှိလှသည့်အစာကိုပင် ခံတွင်းမတွေ့တော့။ ဤဗယ်ရီသီးများကို ခံတွင်းကောင်းစေဖို့ စားသုံးခဲ့သည်မှာ ကြာမြင့်ပေပြီ။ ‘ကေပါဗယ်ရီသီးကွဲခြင်း’ ကအိုမင်းသူတစ်ဦး၏ခံတွင်းပျက်သောအခါ ဤအသီးသည်ပင် အစာစားချင်စိတ်မရှိစေတော့ကြောင်းကို ဖော်ပြသည်။ ယင်းသို့သောအခြင်းအရာများက သူသည် ‘ထာဝရအိမ်’ ဖြစ်သောသင်္ချိုင်းသို့ရောက်လုနီးနေပြီဖြစ်ကြောင်း ဖော်ပြသည်။ သူသည် ဖန်ဆင်းရှင်ကိုမအောက်မေ့ဘဲ ဆိုးသောလမ်းစဉ်ကိုလိုက်လျှောက်သဖြင့် ရှင်ပြန်ထမြောက်စေချိန်တွင် သူ့ကိုဘုရားသခင်သတိမရလျှင် ယင်းသည် သူ၏ထာဝရအိမ်ဖြစ်ပါလိမ့်မည်။ သက်ကြီးရွယ်အိုပါးစပ်၏တံခါးရွက်များမှထွက်သော ညည်းညူမြည်တမ်းသံများသည် သေခြင်းသို့နီးကပ်လာနေကြောင်း နိမိတ်လက္ခဏာများဖြစ်သည်။

၁၇။ “ငွေကြိုး” မည်သို့ပြုတ်ပြီး “ရွှေဖလား” ကား အဘယ်အရာကို ပုံဆောင်လိမ့်မည်နည်း။

၁၇ “ငွေကြိုးပြုတ်ခြင်း၊ ရွှေဖလားကွဲခြင်း၊ စမ်းရေတွင်း၌ရေပုံးပေါက်ခြင်း၊ ရေကျင်းနားမှာစက်ကျိုးခြင်း အခြင်းအရာတို့” မဖြစ်မီ ဖန်ဆင်းရှင်အား သတိရဖို့ ကျွန်ုပ်တို့တိုက်တွန်းခံရကြသည်။ (ဒေ. ၁၂:၆) “ငွေကြိုး” သည် ကျောရိုးဖြစ်နိုင်ပေသည်။ ဦးနှောက်နှင့်ဆက်ပေးထားသော ဤအံ့ဖွယ်လမ်းကြောင်းသည် ပြင်မရနိုင်အောင်ပျက်စီးသွားသောအခါ အမှန်သေရချေတော့မည်။ “ရွှေဖလား” မူကား ဖလားကဲ့သို့သောဦးခေါင်းခွံအတွင်းရှိ ဦးနှောက်ကိုဆိုလိုနေခြင်းဖြစ်ပြီး ၎င်းသည် ကျောရိုးနှင့်တစ်ဆက်တည်းဖြစ်၏။ ရွှေသည် အဖိုးတန်ခြင်းကိုဆိုလို၍ ဦးနှောက်လုပ်ဆောင်မှုရပ်သွားသောအခါ သေဆုံးရလေ၏။

၁၈။ ပုံဆောင် “စမ်းရေတွင်း၌ရေပုံး” ကားအဘယ်နည်း။ ၎င်းကွဲသွားသောအခါ မည်သို့ဖြစ်သနည်း။

၁၈ ‘စမ်းရေတွင်းရှိရေပုံး’ သည်နှလုံးဖြစ်၍ ယင်းသည်သွေးစီးကြောင်းကိုလက်ခံယူပြီး ခန္ဓာကိုယ်အနှံ့သွေးလည်ပတ်စေ၏။ လူသေသောအခါ နှလုံးသည် ခန္ဓာကိုယ်ကိုအားအင်ရှိစေပြီး ရှင်သန်စေသည့် အရေးပါသောသွေးကို လက်ခံသိမ်းဆည်းထုတ်လွှတ်မပေးနိုင်တော့သည့်အတွက် စမ်းရေတွင်း၌ကွဲသောရေပုံးနှင့်တူသည်။ ‘ရေကျင်းနားမှာ စက်ကျိုးခြင်း’ က အသက်ကိုပံ့ပိုးသောသွေးလည်ပတ်မှုကို ရပ်တန့်သွားစေခြင်းဖြစ်သည်။ ထို့ကြောင့် ယေဟောဝါသည် ၁၇ ရာစုမှ ဆရာဝန်ဝီလျံ ဟာဗေးက သွေးလည်ပတ်မှုအကြောင်း မဖော်ပြမီ ကြာမြင့်စွာကတည်းက ရှောလမုန်ကို သွေးလည်ပတ်မှုအကြောင်း ဖော်ပြခဲ့သည်။

၁၉။ ဒေ. ၁၂:၇ ပါစကားများသည် သေဆုံးချိန်နှင့်မည်သို့သက်ဆိုင်သနည်း။

၁၉ ဆရာက ဤသို့ထပ်ဆင့်သည်– “ထိုကာလ၌မြေမှုန့်သည် နေရင်းမြေသို့လည်းကောင်း၊ ဝိညာဉ်သည် အရင်ပေးတော်မူသော ဘုရားသခင်ထံသို့လည်းကောင်း ပြန်သွားရလိမ့်မည်။” (ဒေ. ၁၂:၇) ‘ရေစက်ပျက်’ သဖြင့် မြေမှုန့်မှ အစကနဦးဖန်ဆင်းခံရသည့် လူ့ခန္ဓာကိုယ်သည် မြေမှုန့်သို့ပြန်သွားရ၏။ (ကမ္ဘာဦး ၂:၇; ၃:၁၉) ဘုရားသခင်ပေးသည့် စပီးရစ် သို့မဟုတ် အသက်စွမ်းအားသည် ဖန်ဆင်းရှင်ထံပြန်သွားသောကြောင့် စိုးလ်သေရလေသည်။—ယေဇကျေလ ၁၈:၄၊ ၂၀; ယာကုပ် ၂:၂၆။

အောက်မေ့သူတို့အတွက် အဘယ်အနာဂတ်ရှိသနည်း

၂၀။ ဆာလံ ၉၀:၁၂ တွင်မှတ်တမ်းတင်ထားသည်အတိုင်း မောရှေဆုတောင်းသောအခါ အဘယ်အရာကို တောင်းဆိုနေသနည်း။

၂၀ ကြီးမြတ်သောဖန်ဆင်းရှင်အား အောက်မေ့ရန် မည်မျှအရေးကြီးကြောင်းကို ရှောလမုန်က ထိရောက်စွာဖော်ပြခဲ့သည်။ ယေဟောဝါအားအောက်မေ့ပြီး စိတ်ရင်းမှန်ဖြင့် ကိုယ်တော့်အလိုတော်ဆောင်သူတို့အတွက် ဘဝသည် တိုတောင်းလှပြီး ဆင်းရဲမှုပြည့်နှက်နေဖို့သာ မဟုတ်သည်မှာ မှန်ပါသည်။ သူတို့သည် လူငယ်ဖြစ်စေ၊ လူကြီးဖြစ်စေ “အကျွန်ုပ်တို့သည် ပညာတရားကိုနှလုံးသွင်းမိမည်အကြောင်း၊ ကိုယ်နေ့ရက်ကာလကို ရေတွက်နိုင်စေခြင်းငှာ သွန်သင်တော်မူပါ” ဟုဆုတောင်းခဲ့သည့် မောရှေ၏စိတ်သဘောထားမျိုးရှိကြသည်။ ဘုရားသခင်၏ နှိမ့်ချမှုရှိသော ထိုပရောဖက်သည် မိမိနှင့် ဣသရေလလူများကို ‘သူတို့အသက်အရွယ်၏နေ့ရက်ကာလ’ တို့ကိုတန်ဖိုးထားတတ်စေရန်နှင့် ဘုရားသခင်နှစ်သက်သည့်နည်းဖြင့် အသုံးပြုတတ်လာရန် ဉာဏ်ပညာပေးပြီး သွန်သင်ပေးရန် ယေဟောဝါအား တောင်းဆိုခဲ့သည်။—ဆာလံ ၉၀:၁၀၊ ၁၂။

၂၁။ ယေဟောဝါ၏ဘုန်းတော်အတွက် ကျွန်ုပ်တို့၏နေ့ရက်များကို ရေတွက်ကြမည်ဆိုလျှင် ကျွန်ုပ်တို့အဘယ်အရာပြုရမည်နည်း။

၂၁ အထူးသဖြင့် ခရစ်ယာန်လူငယ်များသည် ဖန်ဆင်းရှင်အား စိတ်ထဲထားရှိရန် ဆရာ၏ဆုံးမစကားကို လိုက်နာသင့်သည်။ ဘုရားသခင်အတွက် မြင့်မြတ်သောအမှုတော်ကိုဆောင်ရန် တကယ့်အခွင့်ထူးများပါတကား! သို့ရာတွင် ကျွန်ုပ်တို့သည် အသက်အရွယ်မရွေး ဤ ‘ဆုံးခန်းကာလ’ ၌ ယေဟောဝါ၏ဘုန်းတော်အတွက် ကျွန်ုပ်တို့၏နေ့ရက်များကိုရေတွက်တတ်ရန် သင်ယူမည်ဆိုလျှင် ၎င်းကိုထာဝစဉ်ရေတွက်သွားနိုင်ပေမည်။ (ဒံယေလ ၁၂:၄; ယောဟန် ၁၇:၃) ထိုသို့ပြုရန် မြင့်မြတ်သောဖန်ဆင်းရှင်အား ကျွန်ုပ်တို့အမှန်အောက်မေ့ရမည်။ ဘုရားသခင်အပေါ် ကျွန်ုပ်တို့၏တာဝန်အားလုံးကိုလည်း ကျေပွန်ကြရမည်ဖြစ်သည်။

သင်မည်သို့ဖြေဆိုမည်နည်း

◻ လူငယ်တို့သည် ဖန်ဆင်းရှင်အားအောက်မေ့ရန် အဘယ်ကြောင့်တိုက်တွန်းခံကြရသနည်း။

◻ သူတို့၏ကြီးမြတ်သောဖန်ဆင်းရှင်အား အောက်မေ့ခဲ့သည့် ကျမ်းစာမှပုံသက်သေတချို့ကား အဘယ်နည်း။

◻ ရှောလမုန်ဖော်ပြသည့် အသက်ကြီးရင့်ခြင်း၏အကျိုးဆက်အချို့ကား အဘယ်နည်း။

◻ ယေဟောဝါအား စိတ်ထဲထားရှိသူတို့အတွက် အဘယ်အနာဂတ်ရှိသနည်း။

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ဒါဝိဒ်၊ ဣသရေလသုံ့ပန်းမိန်းကလေး၊ အန္နနှင့်ရှိမောင်တို့သည် ယေဟောဝါအား အောက်မေ့ခဲ့ကြ

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

ယေဟောဝါ၏သက်ကြီးရွယ်အိုသက်သေခံများသည် ကျွန်ုပ်တို့၏ကြီးမြတ်သောဖန်ဆင်းရှင်၏ မြင့်မြတ်သောလုပ်ငန်းတော်ကို ရွှင်လန်းစွာထမ်းဆောင်ကြ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ