ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၂ ၁/၁၅ စာ. ၂၀-၂၃
  • “ခရစ်တော်ဘုရားဖြစ်ခြင်း” အကြောင်း ကျမ်းစာမည်သို့ဆိုသနည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “ခရစ်တော်ဘုရားဖြစ်ခြင်း” အကြောင်း ကျမ်းစာမည်သို့ဆိုသနည်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေရှု၏လူမဖြစ်မီတည်ရှိခြင်း
  • ကမ္ဘာပေါ်တွင်နတ်ဘုရားမဟုတ်
  • ကျမ်းချက်များဖော်ပြသည်ထက်လွန်ကဲ၍နားမလည်နှင့်
  • ယေရှု၏ရာထူးအစစ်အမှန်
  • အခြားကျမ်းချက်များကိုလည်း ရှုစားခြင်း
  • ယေရှုခရစ်ကား မည်သူနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • ယေရှုခရစ်
    ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
  • ယေရှုခရစ်​—ဘုရားသခင် စေလွှတ်ခြင်းခံရသူလော
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
  • ယေရှုခရစ်က ဘယ်သူလဲ
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
က၉၂ ၁/၁၅ စာ. ၂၀-၂၃

“ခရစ်တော်ဘုရားဖြစ်ခြင်း” အကြောင်း ကျမ်းစာမည်သို့ဆိုသနည်း

သန်းပေါင်းများစွာသောလူသားတို့သည် ယေရှုခရစ်၏တပည့်နောက်လိုက်ပါဟုအဆိုပြုသည်ကိုထောက်၍ ယေရှုခရစ်သည် လူသားအပေါ်ဘာသာရေးဘက်တွင် များစွာသြဇာညောင်းတော်မူခဲ့ကြောင်းထင်ရှားသည်။ သို့ရာတွင် ကိုယ်တော်မည်သူမည်ဝါဖြစ်သည်ကိုကား သဘောထားကွဲလွဲနေကြပါသည်။

ယေရှု၏သွန်သင်ချက်များကိုလက်ခံပါသည်ဟုဆိုသူအချို့က ကိုယ်တော်အား ဖန်ဆင်းရှင်ကိုယ်တော်တိုင်အဖြစ်မဟုတ်ဘဲ ဘုရားသခင့်သားတော်အဖြစ်လက်ခံကြသည်။ အခြားသူများမူကား “ခရစ်တော်၏ဘုရားအဖြစ်” ကိုယုံကြည်ပြီးကိုယ်တော်အား ဘုရားသခင်ကိုယ်တော်တိုင်ဟုယူမှတ်ကြသည်။ ယေရှုသည်အစဉ်ရှိခဲ့၍ ဤကမ္ဘာပေါ်တွင်ရှိစဉ် လူ့ထက်ကြီးမြင့်သည်ဟု သူတို့ခံယူထားသည်။ ယင်းသို့ဆိုကြရာတွင် သူတို့မှန်ကန်ပါသလော။ သမ္မာကျမ်းစာမည်သို့ဆိုသနည်း။

ယေရှု၏လူမဖြစ်မီတည်ရှိခြင်း

မိမိ၌လူသားမဖြစ်မီဘဝအသက်တာရှိတော်မူကြောင်း ယေရှုဤသို့သက်သေထူသည်။ “ကောင်းကင်ဘုံကဆင်းသက်၍ ကောင်းကင်ဘုံ၌ရှိနေသောလူသားမှတစ်ပါး အဘယ်သူမျှကောင်းကင်ဘုံသို့မတက်ပြီ။” (ယောဟန် ၃:၁၃) ယေရှုက “ငါသည်ကောင်းကင်မှဆင်းသက်သော အသက်မုန့်ဖြစ်၏။ ဤမုန့်ကိုစားသောသူမည်သည်ကား အစဉ်မပြတ်အသက်ရှင်လိမ့်မည်။ ငါပေးသောမုန့်ကား လောကီသားတို့၏အသက်အဖို့အလိုငှာစွန့်သော ငါ၏အသားပေတည်းဟုမိန့်တော်မူ၏။”—ယောဟန် ၆:၅၁။

ကမ္ဘာပေါ်မကြွလာမီ ယေရှုအသက်ရှင်တော်မူခဲ့ကြောင်း “ငါအမှန်အကန်ဆိုသည်ကား၊ အာဗြဟံမဖြစ်မီ ငါဖြစ်၏” ဟူသောစကားကရှင်းလင်းစေသည်။ (ယောဟန် ၈:၅၈) အာဗြဟံသည် ဘီစီအီး ၂၀၁၈ မှ ၁၈၄၃ အထိအသက်ရှင်ခဲ့၍ ယေရှုမှာမူ ဘီစီအီး ၂ ခုနှစ်မှ စီအီး ၃၃ ခုနှစ်၌သာအသက်ရှင်တော်မူခဲ့သည်။ အသက်မထွက်မီအချိန်တွင် ယေရှုဤသို့ဆုတောင်းတော်မူ၏။ “အိုအဘ၊ ဤကမ္ဘာမတည်မရှိမီ အထံတော်၌ အကျွန်ုပ်ခံစားသောဘုန်းအသရေနှင့် ယခုတွင်လည်းအကျွန်ုပ်ကိုအထံတော်၌ ချီးမြှောက်တော်မူပါ။”—ယောဟန် ၁၇:၅။

ယေရှု၏တပည့်နောက်လိုက်များလည်း ထပ်တူသက်သေထူသည်။ တမန်တော်ယောဟန် ဤသို့ရေးသားခဲ့၏။ “အစအဦး၌ နှုတ်ကပါဌ်တော်ရှိ၏။ နှုတ်ကပါဌ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်ကပါဌ်တော်သည်လည်း ဘုရားတစ်ဆူဖြစ်တော်မူ၏။ ထိုနှုတ်ကပါဌ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော်မူခြင်းနှင့်ကင်းလွတ်လျက်ဖြစ်သောအရာ တစ်စုံတစ်ခုမျှမရှိ။ . . . နှုတ်ကပါဌ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍ ကျေးဇူးတော်နှင့်လည်းကောင်း၊ သစ္စာတော်နှင့်လည်းကောင်းပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍ ခမည်းတော်၌တစ်ပါးတည်းသောသားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကိုငါတို့သည်မြင်ရကြပြီ။” (ယောဟန် ၁:၁၊ ၃၊ ၁၄) လူသားယေရှုခရစ်အဖြစ် “နှုတ်ကပါဌ်တော်သည်လူဇာတိ” ကိုခံယူခဲ့သည်။

ယေရှု၏လူသားမဖြစ်မီဘဝအသက်တာကိုရည်ညွှန်း၍ တမန်တော်ပေါလုဤသို့ရေးသားခဲ့သည်။ “ယေရှုခရစ်၌ရှိသောထိုစိတ်သဘောကို သင်တို့၌လည်းရှိစေကြလော့။ ထိုသခင်သည် ဘုရားသခင်၏သဏ္ဌာန်တော်နှင့်ပြည့်စုံတော်မူသည်ဖြစ်၍ ဘုရားသခင်နှင့်ပြိုင်သောအမှုကိုလုယူခြင်းအမှုဟူ၍မထင်မမှတ်လျက်ပင် မိမိအသရေကိုစွန့်၍ အစေခံကျွန်၏သဏ္ဌာန်ကိုယူဆောင်လျက် လူကဲ့သို့သောအဖြစ်၌ဖွားမြင်ခြင်းကိုခံတော်မူ၏။” (ဖိလိပ္ပိ ၂:၅-၇) ယေရှုအကြောင်း ပေါလုဤသို့ဆိုသည်။ “ဝေနေယျသတ္တဝါအပေါင်းတို့တွင်လည်းသားဦးဖြစ်တော်မူ၏။ အကြောင်းမူကား၊ . . . ထိုသားတော်အားဖြင့် . . . ခပ်သိမ်းသောတို့သည်ဖန်ဆင်းလျက်ဖြစ်ကြ၏။”—ကောလောသဲ ၁:၁၃-၁၆။

ကမ္ဘာပေါ်တွင်နတ်ဘုရားမဟုတ်

ကိုယ်တော်မွေးဖွားချိန်မှသေသည်တိုင်အောင် ယေရှုသည်လူသားတစ်ဦးလုံးလုံးလျားလျားဖြစ်ကြောင်း သမ္မာကျမ်းစာကရှင်းလင်းစွာဖော်ပြထားသည်။ နှုတ်ကပါဌ်တော်သည် လူဇာတိကိုယူတင်ဝတ်ဆောင်ရုံမျှပြုသည်ဟု ယောဟန်မဆိုထားပါ။ “လူဇာတိကိုခံယူ” ခဲ့ရာကိုယ်တော်သည်လူတစ်ပိုင်းဘုရားတစ်ပိုင်းမဖြစ်ပါ။ ယေရှုသည်တစ်ချိန်တည်းလူလည်းဖြစ်၊ ဘုရားလည်းဖြစ်မည်ဆိုလျှင် ကိုယ်တော်အား “ကောင်းကင်တမန်တို့အောက်၌ အနည်းငယ်နှိမ့်” ခြင်းခံရသည်ဟုဆိုနိုင်မည်မဟုတ်ပါ။—ဟေဗြဲ ၂:၉။ ဆာလံ ၈:၄၊ ၅။

ကမ္ဘာပေါ်သက်တော်ထင်ရှားစဉ် ယေရှုသည်ဘုရားလည်းဖြစ်၊ လူလည်းဖြစ်မည်ဆိုလျှင် ယေဟောဝါထံ အဘယ်ကြောင့်ကြိမ်ဖန်များစွာဆုတောင်းတော်မူရသနည်း။ ပေါလုဤသို့ရေးခဲ့သည်။ “ထိုခရစ်တော်သည်လူဇာတိအဖြစ်၌နေစဉ်ကာလ၊ သေခြင်းမှကယ်လွှတ်နိုင်တော်မူသောသူကို ကြီးစွာသောကြွေးကြော်ခြင်း၊ မျက်ရည်ကျခြင်းနှင့်ဆုတောင်းပတ္ထနာပြုသဖြင့် ကြောက်ရွံ့ရာအမှု၌ချမ်းသာရသည်။”—ဟေဗြဲ ၅:၇။

ကမ္ဘာပေါ်ရှိစဉ်ဝိညာဉ်တစ်ပိုင်းမဖြစ်ကြောင်းကို ပေတရု၏ဤစကားများကထောက်ခံပါသည်။ “ခရစ်တော်သည် ကိုယ်ခန္ဓာအားဖြင့်အသေသတ်ခြင်းကိုခံ၍ ဝိညာဉ်တော်အားဖြင့်အသက်ရှင်ခြင်းသို့ရောက်တော်မူသည်။” (၁ ပေတရု ၃:၁၈) ယေရှုသည်လူသားတစ်ဦးလုံးလုံးလျားလျားဖြစ်သောကြောင့်သာ မစုံလင်သောလူများကြုံတွေ့ရာတို့ကိုခံစားနိုင်မည်ဖြစ်၍ စာနာမှုရှိသောယဇ်ပုရောဟိတ်ဖြစ်နိုင်တော်မူမည်။ ပေါလုရေးသားသည်ကားဤသို့။ “ငါတို့ယဇ်ပုရောဟိတ်မင်းသည် ငါတို့ခံရသောဆင်းရဲဒုက္ခများကြောင့် မကြင်နာနိုင်သောသူမဟုတ်။ ငါတို့ခံရသည်နည်းတူ အမျိုးမျိုးသောစုံစမ်းနှောင့်ယှက်ခြင်းတို့ကိုခံဖူးသောသူဖြစ်တော်မူ၏။ သို့ရာတွင် ဒုစရိုက်အပြစ်နှင့်ကင်းလွတ်တော်မူ၏။”—ဟေဗြဲ ၄:၁၅။

“ဤလောကအပြစ်ကိုဆောင်သွားသောဘုရားသခင်၏သိုးသငယ်” အနေနှင့်ယေရှုသည် “လူအပေါင်းတို့ကိုရွေးအံ့သောငှာ ကိုယ်ကိုယ်ကိုစွန့်တော်မူပြီ။” (ယောဟန် ၁:၂၉။ ၁ တိမောသေ ၂:၆) ဤနည်းဖြင့်အာဒံဆုံးရှုံးခဲ့သော စုံလင်သည့်ထာဝရအသက်ရှင်နိုင်သည့်လူ့အသက်ကိုပင် ယေရှုပြန်ဝယ်ယူနိုင်တော်မူသည်။ ဘုရားသခင်၏တရားမျှတခြင်းက ‘စိုးလ်အတွက်စိုးလ်’ ပေးစရာလိုသဖြင့် အစကနဦး၌အာဒံဖြစ်ခဲ့သည့် ဘုရားတစ်ပိုင်းလူတစ်ပိုင်းမဟုတ်ဘဲ စုံလင်သောလူသားအဖြစ်ကိုယေရှုခံယူရမည်ဖြစ်သည်။—တရားဟောရာ ၁၉:၂၁။ ၁ ကောရိန္သု ၁၅:၂၂။

ကျမ်းချက်များဖော်ပြသည်ထက်လွန်ကဲ၍နားမလည်နှင့်

ယေရှုသည်ဘုရားတစ်ပိုင်းလူတစ်ပိုင်းဖြစ်သည်ဟုဆိုသူတို့သည် သုံးပါးပေါင်းတစ်ဆူယုံကြည်ချက်အရ သဘောတရား၊ တန်ခိုးအာဏာ၊ ဘုန်းထင်ရှားခြင်းနှင့်တည်ရှိခြင်းတွင် ဘုရားသခင်နှင့်တစ်တန်းတစ်စားတည်းဖြစ်သည်ဟုသက်သေပြရန် ကျမ်းချက်များစွာကိုအသုံးပြုကြပါသည်။ သို့သော်ဤကျမ်းချက်များကိုအသေအချာစစ်ဆေးသည့်အခါ “ခရစ်တော်၏ဘုရားအဖြစ်” ကိုထောက်ခံသည်ဟု ဤအခန်းငယ်များကိုအသုံးပြုသူတို့သည် ကျမ်းချက်များဆိုသည်ထက်သဘောပေါက်နေကြောင်းသိရှိရ၏။

အချို့က “ကျွန်ုပ်တို့” ဟူသောနာမ်စားကိုဘုရားသခင်အသုံးပြုထားသည့်ကျမ်းချက်များသည် လူဇာတိမခံယူသေးသောယေရှု (နှုတ်ကပါဌ်တော်) အားယေဟောဝါနှင့်တစ်တန်းတစ်စားတည်းဖြစ်စေသည်ဟုဆိုသည်။ သို့သော်ဤနာမ်စားကိုအသုံးပြုခြင်းက ဘုရားသခင်သည်တန်းတူပုဂ္ဂိုလ်တစ်ဦးနှင့်စကားပြောဆိုနေသည်ဟု မဆိုနိုင်ပါ။ အများဆုံးဆိုလျှင် ကောင်းကင်သတ္တဝါများအနက် တစ်ပါးသည် ဘုရားသခင်ရှေ့မှောက်၌ မျက်နှာသာရအခွင့်အရေးခံရသည်ကိုသာတင်ပြပေသည်။ အမှန်သော်ကား လူဇာတိမယူမီယေရှုသည် ဘုရားသခင်၏ရင်းနှီးသောအပေါင်းအသင်း၊ ဗိသုကာဆရာနှင့်ပြောရေးဆိုခွင့်ရှိသူပင်ဖြစ်တော်မူ၏။—ကမ္ဘာဦး ၁:၂၆။ ၁၁:၇။ သု၊ ၈:၃၀၊ ၃၁။ ယောဟန် ၁:၃။

ယေရှုနှစ်ခြင်းခံယူချိန်ကအခြေအနေများသည်လည်း ဘုရားသခင်၊ ခရစ်တော်နှင့်သန့်ရှင်းသောဝိညာဉ်တော်အား တစ်တန်းတစ်စားတည်းဖြစ်သည်ဟုဆိုလိုခြင်းမရှိပါ။ လူသားတစ်ဦးအနေနှင့် မိမိကိုယ်ကိုကောင်းကင်ခမည်းတော်ထံဆက်သသည့်အထိမ်းအမှတ်အဖြစ် ယေရှုနှစ်ခြင်းယူခဲ့ခြင်းဖြစ်သည်။ ထိုအချိန်တွင် “ကောင်းကင်ဖွင့်လှစ်သဖြင့်” ဘုရားသခင်၏ဝိညာဉ်တော်သည် ယေရှုအပေါ်၌ ချိုးငှက်ကဲ့သို့နားတော်မူ၏။ ထို့ပြင် “ကောင်းကင်မှ” ယေဟောဝါ၏အသံတော်က “ဤသူကား ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်း” ဟုမိန့်တော်မူသည်ကိုကြားနာခဲ့ရသည်။—မဿဲ ၃:၁၃-၁၇။

သို့ဖြစ်၍ “ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌” တပည့်တော်များအားနှစ်ခြင်းပေးရန် ကိုယ်တော်၏နောက်လိုက်တို့အားယေရှုမိန့်မှာရာတွင် ဘာကိုဆိုလိုပါသနည်း။ (မဿဲ ၂၈:၁၉၊ ၂၀) ကိုယ်တော်တိုင်၊ မိမိ၏ခမည်းတော်နှင့်သန့်ရှင်းသောဝိညာဉ်တော်သည် တန်းတူဖြစ်သည်ဟု ယေရှုဆိုလိုသည်မဟုတ်ပါ။ ယင်းအစား နှစ်ခြင်းခံယူသူတို့သည် ယေဟောဝါရှင်အား အသက်ပေးရှင်၊ အနန္တတန်ခိုးရှင်ဘုရားသခင်အဖြစ်အသိအမှတ်ပြုကာ ဘုရားသခင်အားကိုယ်ကိုယ်ကိုဆက်ကပ်အပ်နှံကြပါသည်။ ယေရှုကိုမူ မေရှိယသခင်၊ ယုံကြည်သူလူသားတို့အတွက် ဘုရားသခင်ပေးသောရွေးဖိုးအဖြစ်အသိအမှတ်ပြုလက်ခံသည်။ သန့်ရှင်းသောဝိညာဉ်တော်မူကား ဘုရားသခင်၏လှုပ်ရှားသောစွမ်းအားဖြစ်ပြီး ယင်းကိုသူတို့လက်အောက်ခံရမည်အကြောင်းသူတို့ခံယူသည်။ သို့ရာတွင် ဤနှစ်ခြင်းခံယူသူများသည် ယေဟောဝါ၊ ယေရှုနှင့်သန့်ရှင်းသောဝိညာဉ်တော်တို့ကို သုံးပါးပေါင်းတစ်ဆူဘုရားအဖြစ်လက်ခံထားရန်မဟုတ်ပါ။

သို့သော်ယေရှုပြုတော်မူသည့်အံ့ဖွယ်ရာများက ကိုယ်တော်သည်ဘုရားလည်းဖြစ်၊ လူလည်းဖြစ်သည်ဟုသက်သေထူသည်မဟုတ်လော။ မဟုတ်ပါ။ အကြောင်းမူကား၊ မောရှေ၊ ဧလိယ၊ ဧလိရှဲ၊ တမန်တော်ပေတရု၊ ပေါလုနှင့်အခြားသူတို့လည်း ဘုရားလည်းဖြစ်လူလည်းဖြစ်မဟုတ်ကြဘဲနှင့် အံ့ဖွယ်ရာများကိုပြုတော်မူခဲ့သည်။ (ထွက်မြောက်ရာ ၁၄:၁၅-၃၁။ ၃ ဓမ္မရာဇဝင် ၁၈:၁၈-၄၀။ ၄ ဓမ္မရာဇဝင် ၄:၁၇-၃၇။ တမန်တော် ၉:၃၆-၄၂၊ ၁၉:၁၁၊ ၁၂) သူတို့နည်းတူပင် ဘုရားသခင်ပေးသနားတော်မူသောတန်ခိုးဖြင့် အံ့ဖွယ်ရာများကိုပြုတော်မူသောယေရှုသည် လူသားမျှဖြစ်သည်။—လုကာ ၁၁:၁၄-၁၉။

မေရှိယသခင်ယေရှုအား ဟေရှာယက “တန်ခိုးကြီးသောဘုရား” ဟူ၍ပရောဖက်ပြုရည်ညွှန်းခဲ့သည်။ (ဟေရှာယ ၉:၆) ဟေရှာယ ၁၀:၂၁ တွင်ထိုပရောဖက်ကိုယ်တိုင် ယေဟောဝါအား “တန်ခိုးကြီးတော်မူသောဘုရား” ဟုဆိုပြန်သည်။ သုံးထားသည့်ဤစကားလုံးထပ်တူခြင်းကိုအသုံးပြုကာ ယေရှုသည်ဘုရားသခင်ဖြစ်သည်ဟု အချို့ဆိုကြ၏။ သို့သော်ဤကျမ်းချက်များဖော်ပြသည်ထက်လွန်ကဲ၍ နားမလည်ရန်လိုသည်။ “တန်ခိုးကြီးသောဘုရားသခင်” ဟုပြန်ဆိုသည့်ဟေဗြဲအသုံးအနှုန်းသည် “အနန္တတန်ခိုးရှင်ဘုရားသခင်” ဟူသည့်အသုံးအနှုန်းကဲ့သို့ ယေဟောဝါအတွက်သာသီးသန့်အသုံးပြုခြင်းမဟုတ်ပါ။ (ကမ္ဘာဦး ၁၇:၁) တန်ခိုးကြီးခြင်းနှင့် အထက်၌ကြီးမြင့်သူမရှိသည့်အနန္တတန်ခိုးရှင်ဖြစ်ခြင်းသည် ခြားနားသည်မှာမှန်ကန်၏။

ဟေရှာယ ၄၃:၁၀ အရဆိုလျှင် ယေဟောဝါဤသို့မိန့်တော်မူသည်။ “ငါ့ရှေ့မှာဖန်ဆင်းရာထဲကအဘယ်ဘုရားမျှမဖြစ်၊ ငါ့နောက်မှာလည်း အဘယ်ဘုရားသခင်မျှမရှိရာ။” သို့သော်ထိုစကားက ယေရှုသည်ဘုရားသခင်ဖြစ်သည်ဟုသက်သေမထူပါ။ ဆိုလိုသည်ကား ယေဟောဝါအရင်မည်သူမျှမရှိ၊ ကိုယ်တော်မတိုင်မီ မည်သည့်ဘုရားမျှမရှိ၊ အကြောင်းမူကား၊ ကိုယ်တော်သည်ထာဝရဖြစ်တော်မူ၏။ ယေဟောဝါသည်အစဉ်အမြဲတည်တော်မူမည်ဖြစ်သောကြောင့် ကိုယ်တော်နောက်၌လည်း မည်သည့်ဘုရားမျှမရှိ၊ အချုပ်အခြာအာဏာရှင်အဖြစ် နောက်ဆက်ခံသူများမရှိချေ။ သို့ဖြစ်၍ပင် ယေဟောဝါကိုယ်တော်တိုင်ဘုရားဟုခေါ်တော်မူသည့်အခြားသူများကို ကိုယ်တော်ဖြစ်ပေါ်စေခဲ့သည်။ ယင်းအကြောင်းလူအချို့နှင့်ပတ်သက်၍ သမ္မာကျမ်းစာဤသို့ဆိုသည်။ “‘သင်တို့သည်ဘုရားဖြစ်ကြ၏။ ရှိသမျှတို့သည် အမြင့်ဆုံးသောဘုရား၏သားဖြစ်ကြ၏’ ဟုငါဆိုသတည်း။ ‘သို့သော်လည်း သင်တို့သည်လူကဲ့သို့သေ၍ အခြားသောမင်းကဲ့သို့ဆုံးရှုံးခြင်းသို့ရောက်ကြလိမ့်မည်။’” (ဆာလံ ၈၂:၆၊ ၇) ထိုနည်းထပ်တူနှုတ်ကပါဌ်တော်သည် ယေဟောဝါဖန်ဆင်းတော်မူသောဘုရားတစ်ဆူဖြစ်သည်။ သို့သော်ယင်းကြောင့် ယေရှုအားမည်သည့်အချိန်တွင်ပင် အနန္တတန်ခိုးရှင်ဘုရားသခင်နှင့်တန်းတူမဖြစ်စေပါ။

ယေရှု၏ရာထူးအစစ်အမှန်

ဘုရားလည်းဖြစ်၊ လူလည်းဖြစ်သူအနေနှင့် လူဇာတိကိုဘုရားသခင်ခံယူသည်ဟုဆိုသူများသတိပြုသင့်သည်ကား ယေရှုကိုယ်တော်တိုင် မိမိကိုယ်ကိုထိုသို့ယူမှတ်ခဲ့သည်ဟု အရိပ်အမြွက်ဖြင့်ပင်သမ္မာကျမ်းစာမဖော်ပြကြောင်းဖြစ်သည်။ ယင်းအစား ယေရှုသည် မိမိခမည်းတော်ထက်နိမ့်ကျကြောင်းအကြိမ်တိုင်းဆိုသည်။ ကမ္ဘာပေါ်တွင်ရှိစဉ်လည်း ဘုရားသခင့်သားတော်အဆင့်ထက် ယေရှုပို၍မခံယူပါ။ ထို့ပြင်ခရစ်တော်ဤသို့မိန့်တော်မူသည်။ “ငါ၏ခမည်းတော်သည် ငါထက်ကြီးမြတ်တော်မူ၏။”—ယောဟန် ၁၄:၂၈။

ယေဟောဝါနှင့်ယေရှုမတူညီ ကွာခြားကြောင်းကိုပေါလုဤသို့မိန့်တော်မူသည်။ “အကြင်ဘုရားသခင်အထဲကခပ်သိမ်းသောအရာဖြစ်၍ အကြင်ဘုရားသခင်အဖို့အလိုငှာ ငါတို့သည်ဖြစ်ကြ၏။ ထိုခမည်းတော်ဘုရားသခင်တစ်ပါးတည်းသာ ငါတို့၌ရှိတော်မူ၏။ အကြင်သခင်အားဖြင့် ငါတို့မှစ၍ ခပ်သိမ်းသောအရာဖြစ်ကြ၏။ ထိုသခင်ယေရှုခရစ်တစ်ပါးတည်းသာ ငါတို့၌ရှိတော်မူ၏။” (၁ ကောရိန္သု ၈:၆) ဤသို့လည်းပေါလုဆိုသည်။ “သင်တို့သည်လည်း၊ ခရစ်တော်အဖို့ဖြစ်ကြ၏။ ခရစ်တော်သည်လည်း ဘုရားသခင်အဖို့ဖြစ်တော်မူ၏။” (၁ ကောရိန္သု ၃:၂၃) မှန်ပေသည်၊ ခရစ်ယာန်များသည် သခင်ယေရှုခရစ်အဖို့ဖြစ်သည်နည်းတူ ယေရှုသည် ကိုယ်တော်၏ခေါင်း ယေဟောဝါဘုရားသခင်နှင့်ဆိုင်တော်မူသည်။

ထပ်တူအချက်ကိုဖော်ညွှန်းကာ ပေါလုဤသို့ရေးသားသည်။ “ယောက်ျား၏ခေါင်းကားခရစ်တော်ဖြစ်သည်ကိုလည်းကောင်း၊ မိန်းမ၏ခေါင်းကား ယောက်ျားဖြစ်သည်ကိုလည်းကောင်း၊ ခရစ်တော်၏ခေါင်းကား ဘုရားသခင်ဖြစ်တော်မူသည်ကိုလည်းကောင်း သင်တို့သိမှတ်စေခြင်းငှာ ငါအလိုရှိ၏။” (၁ ကောရိန္သု ၁၁:၃) ဘုရားသခင်နှင့်ခရစ်တော်စပ်ကြား ဤတော်စပ်မှုဆက်တည်ရှိပေမည်။ အကြောင်းမှာ၊ ယေရှု၏အနှစ်တစ်ထောင်အုပ်စိုးချိန်ပြီးနောက် “မိမိနိုင်ငံကိုဘုရားသခင်တည်းဟူသောခမည်းတော်၌အပ်ပြန်တော်မူပြီး” နောက် “ခပ်သိမ်းသောအရာတို့ကို သူ့အောက်၌ချထားတော်မူသောသူ၏အုပ်စိုးတော်မူခြင်းကို သားတော်သည်ကိုယ်တိုင်ဝန်ခံလိမ့်မည်။ အကြောင်းမူကား၊ ဘုရားသခင်သည် အလုံးစုံဖြစ်တော်မူမည်အကြောင်းတည်း။”—၁ ကောရိန္သု ၁၅:၂၄၊ ၂၈။ ဗျာဒိတ် ၂၀:၆။

အခြားကျမ်းချက်များကိုလည်း ရှုစားခြင်း

ယေရှုမွေးဖွားခြင်းအကြောင်း မဿဲဤသို့ရေးသားသည်။ “ထိုအကြောင်းအရာမူကား၊ ထာဝရဘုရား [ယေဟောဝါ၊ ကဘ ] သည်ပရောဖက် [ဟေရှာယ ၇:၁၄ ၌] ဖြင့်ထားတော်မူသောဗျာဒိတ်တော်ပြည့်စုံမည်အကြောင်းတည်း။ ဗျာဒိတ်တော်အချက်ဟူမူကား ‘ကြည့်ရှုလော့။ သတို့သမီးကညာသည် ပဋိသန္ဓေစွဲယူ၍ သားယောက်ျားကိုဖွားမြင်လတံ့။ ထိုသားကိုဧမာနွေလအမည်ဖြင့်မှည့်ကြရလတံ့ဟုလာသတည်း။ ဧမာနွေလအနက်ကား၊ ‘ငါတို့နှင့်အတူရှိတော်မူသောဘုရားသခင်’ ဟုဆိုလိုသတည်း။” (မဿဲ ၁:၂၂၊ ၂၃) ယေရှုအားဧမာနွေလဟူသည့်ကိုယ်ပိုင်အမည်မပေးခဲ့ပေ။ သို့သော်ကိုယ်တော်၏လူသားအဖြစ်က ယင်း၏အဓိပ္ပာယ်ကိုပြည့်စုံစေသည်။ မေရှိယသခင်မျိုးနွယ်တော်နှင့် ဒါဝိဒ်၏ပလ္လင်ကိုခံယူမည့်အမွေစားအမွေခံအဖြစ် ကမ္ဘာပေါ်ယေရှုရောက်ရှိခြင်းက ဘုရားသခင်သည် ယေဟောဝါကိုဝတ်ပြုသူတို့နှင့်အတူရှိသည်၊ သူတို့ဘက်၌ သူတို့ပြုသမျှကိုထောက်ခံအားပေးနေတော်မူကြောင်း ကျေးကျွန်များအားယုံကြည်စိတ်ချစေသည်။—ကမ္ဘာဦး ၂၈:၁၅။ ထွက်မြောက်ရာ ၃:၁၁၊ ၁၂။ ယောရှု ၁:၅၊ ၉။ ဆာလံ ၄၆:၅-၇။ ယေရမိ ၁:၁၉။

ရှင်ပြန်ထမြောက်သောယေရှုအားတမန်တော်သောမက “အကျွန်ုပ်၏အရှင်၊ အကျွန်ုပ်၏ဘုရားသခင်ပါတကား” ဟုလျှောက်ကြားခဲ့သည်။ (ယောဟန် ၂၀:၂၈) “ယေရှုသည် ခရစ်တော်တည်းဟူသော ဘုရားသခင်၏သားတော်ဖြစ်တော်မူသည်ကို သင် [ကျွန်ုပ်တို့ပါ] တို့သည်ယုံမည်အကြောင်း” ဤစကားနှင့်အခြားအဖြစ်အပျက်တို့ကိုရေးထားလျက်ရှိသည်။ တပည့်တော်များအား “ငါ၏ခမည်းတော်တည်းဟူသောသင်တို့၏ခမည်းတော်၊ ငါ၏ဘုရားသခင်တည်းဟူသော သင်တို့၏ဘုရားသခင့်ထံတော်သို့ ငါတက်ရမည်” ဟုသတင်းပို့ထားသူယေရှုကို သောမဆန့်ကျင်ဘက်ပြုပြောဆိုနေခြင်းမဟုတ်ပါ။ (ယောဟန် ၂၀:၁၇၊ ၃၀၊ ၃၁) ထိုကြောင့်ယေရှုသည်အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ်သည်ဟု သောမ မယူမှတ်ပါ။ ခရစ်တော်သည် “မှန်သောဘုရားသခင်တစ်ဆူတည်း” အနေနှင့်မဟုတ်ဘဲ “ဘုရားတစ်ဆူ” အဖြစ် သောမသဘောထားပြီး ယေရှုအား “ငါ၏ဘုရား” ဟူ၍ခေါ်ဝေါ်ခြင်းဖြစ်ပေမည်။ (ယောဟန် ၁:၁။ ၁၇:၁-၃) “ငါ၏ဘုရားသခင်” ဟုဆိုခြင်းအားဖြင့် သတင်းပို့ရန်စေလွှတ်ခံရသောကောင်းကင်တမန်တစ်ပါးကို ယေဟောဝါကဲ့သို့ အခြားသူများလက်ခံယူမှတ်ကြသည်နည်းတူ သောမသည်ယေရှုအား ဘုရားသခင်၏ပြောရေးဆိုခွင့်ရှိသူ၊ ကိုယ်စားလှယ်ချုပ်အဖြစ်အသိအမှတ်ပြုပြောဆိုနေခြင်းဖြစ်ပေမည်။—ကမ္ဘာဦး ၁၈:၁-၅၊ ၂၂-၃၃။ ၃၁:၁၁-၁၃။ ၃၂:၂၄-၃၀။ တရားသူကြီး ၂:၁-၅။ ၆:၁၁-၁၅။ ၁၃:၂၀-၂၂ နှိုင်းယှဉ်။

ထိုကြောင့်သမ္မာကျမ်းစာအရ ယေရှုသည်နှုတ်ကပါဌ်တော်အဖြစ် လူသားမဖြစ်မီအသက်ရှင်တော်မူခဲ့သည်။ ကမ္ဘာပေါ်ရှိစဉ် ကိုယ်တော်သည်ဘုရားလည်းဖြစ်လူလည်းဖြစ်သည့်မြင့်မြတ်သူမဟုတ်ပါ။ ကိုယ်တော်သည် လူသားလုံးလုံးလျားလျားဖြစ်တော်မူ၏။ သို့သော်အစကနဦးကအာဒံနည်းတူ စုံလင်တော်မူသည်။ ယေရှုရှင်ပြန်ထမြောက်ချိန်ကတည်းကလည်း ဘုရားသခင့်လက်အောက်အမြဲနေသော ချီးမြှင့်ခံရသည့်မပုပ်မပျက်နိုင်သောနာမ်ဝိညာဉ်သားဖြစ်တော်မူ၏။ ထိုကြောင့် “ခရစ်တော်၏ဘုရားအဖြစ်” ကိုသမ္မာကျမ်းစာမထောက်ခံမသွန်သင်ကြောင်း ရှင်းလင်းပြတ်သားပါသည်။

[စာမျက်နှာ ၂၃ ပါ လေးထောင့်ကွက်]

ကောင်းကင်တမန်များယေရှုကိုကိုးကွယ်ပါသလော

ဟေဗြဲ ၁:၆ ကိုဘာသာပြန်ကျမ်းအချို့က “ဘုရားသခင်၏ကောင်းကင်တမန်အပေါင်းတို့သည် ထိုသူ [ယေရှု] ကိုပျပ်ဝပ်ကိုးကွယ်ကြ၏” ဟုဆိုသည်။ (King James Version; The Jerusalem Bible) ဆာလံ ၉၇:၇ တွင် “ကိုယ်တော်၏ကောင်းကင်တမန်အပေါင်းတို့ ကိုယ်တော် [ဘုရားသခင်] ကိုပျပ်ဝပ်ကိုးကွယ်ကြလော့” ဟုဆိုထားသည့်စပ်ထွားဂျင့်ကျမ်းကို တမန်တော်ပေါလုကိုးကားနေပုံရှိသည်။—C. Thomson.

ဟေဗြဲ ၁:၆ ၌ “ပျပ်ဝပ်ကိုးကွယ်” ဟုပြန်ဆိုထားသည့် ဂရိစကားလုံးပရိုစကီနီအို (pro·sky·ne΄o) ကို “ပျပ်ဝပ်ရန်” အဓိပ္ပာယ်ရှိသည့်ဟေဗြဲစကားလုံးရှာခါ (sha·chah΄) အတွက် စပ်ထွားဂျင့် ဘာသာပြန်ကျမ်းက ဆာလံ ၉၇:၇ တွင်အသုံးပြုထားသည်။ ယင်းသည် လူလူချင်းရိုသေလေးစားမှုပြသည့် အပြုအမူတစ်ရပ်ဖြစ်နိုင်ပါသည်။ (ကမ္ဘာဦး ၂၃:၇။ ၁ ဓမ္မရာဇဝင် ၂၄:၈။ ၄ ဓမ္မရာဇဝင် ၂:၁၅) သို့မဟုတ် စစ်မှန်သောဘုရားကိုကိုးကွယ်ခြင်း၊ သို့မဟုတ် အခြားဘုရားများကိုကိုးကွယ်ခြင်းနှင့်သက်ဆိုင်နိုင်သည်။—ထွက်မြောက်ရာ ၂၃:၂၄။ ၂၄:၁။ ၃၄:၁၄။ တရားဟောရာ ၈:၁၉။

အများအားဖြင့်ဆိုလျှင် ယေရှုအားပြုသည့်ပရိုစကီနီအို သည် ရှင်ဘုရင်နှင့်အရာရှိတို့အားပြုသည့်ရိုသေမှုနှင့်ထပ်တူဖြစ်သည်။ (မဿဲ ၂:၂၊ ၈။ ၈:၂။ ၉:၁၈။ ၁၅:၂၅။ ၂၀:၂၀ ကို ၁ ဓမ္မရာဇဝင် ၂၅:၂၃၊ ၂၄။ ၂ ဓမ္မရာဇဝင် ၁၄:၄-၇။ ၃ ဓမ္မရာဇဝင် ၁:၁၆။ ၄ ဓမ္မရာဇဝင် ၄:၃၆၊ ၃၇ တို့နှင့်နှိုင်းယှဉ်ပါ။) ယေရှုအားဘုရားသခင်အဖြစ်မဟုတ်၊ “ဘုရားသခင်၏သားတော်” သို့မဟုတ် မေရှိယသခင် “လူသား” အဖြစ်ပျပ်ဝပ်ကြကြောင်းထင်ရှားပါသည်။—မဿဲ ၁၄:၃၂၊ ၃၃။ လုကာ ၂၄:၅၀-၅၂။ ယောဟန် ၉:၃၅၊ ၃၈။

ဟေဗြဲ ၁:၆ ကဘုရားသခင့်လက်အောက် ယေရှု၏ရာထူးနှင့်ဆက်စပ်နေပါသည်။ (ဖိလိပ္ပိ ၂:၉-၁၁) ဤတွင်ဘာသာပြန်ကျမ်းအချို့က ပရိုစကီနီအို ကို “အလေးပြုသည်” (The New English Bible), “ပျပ်ဝပ်ဦးနှိမ်သည်” (New World Translation), သို့မဟုတ် “ရှေ့၌ပျပ်ဝပ်သည်” (An American Translation) ဟူ၍ပြန်ဆိုကြသည်။ “ပျပ်ဝပ်ကိုးကွယ်” ဟူ၍ပြန်ဆိုခြင်းကို အချို့နှစ်သက်မည်ဆိုလျှင် ဤကိုးကွယ်မှုသည် ချွင်းချက်ထား၍ကိုးကွယ်မှုဖြစ်မည်။ အကြောင်းမူကား၊ စာတန်အားယေရှုဤသို့ဆိုသည်။ “သင်၏ဘုရားသခင်ထာဝရဘုရား [ယေဟောဝါ၊ ကဘ ] ကိုကိုးကွယ် [ပရိုစကီနီအို ပုံစံတစ်ခု] ရမည်။ ထိုဘုရားသခင်ကိုသာဝတ်ပြုရမည်။”—မဿဲ ၄:၈-၁၀။

ဘုရားသခင်ကိုကိုးကွယ်ခြင်းအကြောင်းတင်ပြသည့် ဆာလံ ၉၇:၇ ကိုခရစ်တော်နှင့်စပ်လျဉ်း၍ ဟေဗြဲ ၁:၆ ၌အသုံးပြုထားသည်မှန်သော်လည်း ရှင်ပြန်ထမြောက်နေသောယေရှုသည် “ဘုရားသခင်၏ဘုန်းတော်ရောင်ခြည်နှင့် ဇာတိအဖြစ်တော်၏ပုံသဏ္ဌာန်ဖြစ်” ကြောင်းပေါလုတင်ပြခဲ့ပြီ။ (ဟေဗြဲ ၁:၁-၃) သို့ဖြစ်၍ဘုရားသခင်၏သားတော်အား ကောင်းကင်တမန်များပျပ်ဝပ်ကိုးကွယ်ခြင်းသည် ချွင်းချက်ထား၍ပြုကာ ကိုယ်တော်မှတစ်ဆင့်ယေဟောဝါကိုကိုးကွယ်ခြင်းဖြစ်သည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ