အသိပညာထွန်းလင်းမှုများ —အကြီးစားနှင့် အသေးစား အပိုင်း နှစ်
“အလင်းတော်ထဲမှာ အကျွန်ုပ်တို့သည်အလင်းကိုရကြပါ၏။”—ဆာလံ ၃၆:၉။
၁ ဗျာဒိတ်ကျမ်း၏ပုံဆောင်ချက်ကို နားလည်ရန် မည်သည့်အစဦးအားထုတ်မှုများ ပြုခဲ့ကြသနည်း။
ဗျာဒိတ်ကျမ်းစာစောင်သည် ရှေးအချိန်ကခရစ်ယာန်များ၏ သိလိုစိတ်ကို နှိုးဆွပေးသည်။ ယင်းသည် သမ္မာတရားအလင်းမည်သို့အားဖြင့် တိုး၍ထွန်းလင်းလာသည်ဟူခြင်း၏ သာဓကကောင်းတစ်ခုဖြစ်သည်။ ၁၉၁၇ ခုနှစ်တွင် ယေဟောဝါ၏လူများသည် ပြီးဆုံးသောနက်နဲရာ [လိပ်] အမည်ရှိစာအုပ်အားဖြင့် ဗျာဒိတ်ကျမ်း၏ရှင်းလင်းချက်ကို ထုတ်ဝေကြသည်။ ယင်းက ခရစ်ယာန်ဘောင်ဘာသာရေးနှင့် အုပ်ချုပ်မှုပိုင်းဆိုင်ရာ ဦးဆောင်သူများ၏ အခြေအနေများကို ရဲဝံ့စွာလှစ်ဟဖော်ပြထားသည်။ သို့သော် ယင်း၏ရှင်းပြချက်များစွာတို့သည် အခြားအခြေအမြစ်များစွာတို့မှ ရယူထားရာများဖြစ်ကြသည်။ သို့တိုင် ပြီးဆုံးသောနက်နဲရာ သည် ယေဟောဝါအသုံးပြုနေသော မျက်မြင်ရဆက်သွယ်ရေးလမ်းကြောင်းအပေါ် ကျမ်းစာကျောင်းသားများ၏သစ္စာစောင့်သိမှုကို စမ်းသပ်ရာအဖြစ် လုပ်ဆောင်ခဲ့သည်။
၂။ “လူမျိုးတစ်မျိုးမွေးဖွားခြင်း” ဆောင်းပါးသည် ဗျာဒိတ်ကျမ်းအပေါ် မည်သည့်အလင်းထွန်းလင်းပေးသနည်း။
၂ ဗျာဒိတ်ကျမ်းစာစောင်အပေါ် ထူးခြားထင်ရှားသော အသိပညာထွန်းလင်းခြင်းသည် ၁၉၂၅ ခု၊ မတ် ၁ ရက်ထုတ် ကင်းမျှော်စင် ပါ “လူမျိုးတစ်မျိုးမွေးဖွားခြင်း” ဆောင်းပါးအားဖြင့် ဖြစ်ခဲ့သည်။ ယခင်က ဗျာဒိတ်အခန်းကြီး ၁၂ သည် တိတ္ထိရောမများနှင့် ပုပ်ရာထူးကိုကိုယ်စားပြုသော ယောက်ျားကလေးပါဝင်သည့် ရောမပုပ်အဖွဲ့တို့အကြား တိုက်ခိုက်သောစစ်ပွဲဖြစ်သည်ဟု ထင်မှတ်ခဲ့သည်။ သို့သော် ဗျာဒိတ် ၁၁:၁၅-၁၈ သည် ဗျာဒိတ်အခန်းကြီး ၁၂ ၏အဓိပ္ပာယ်နှင့် ဆက်စပ်နေပြီး ဘုရားသခင်၏နိုင်ငံတော်မွေးဖွားခြင်းနှင့်ပတ်သက်နေကြောင်း ထိုဆောင်းပါးကတင်ပြထားသည်။
၃။ မည်သည့်စာအုပ်များက ဗျာဒိတ်ကျမ်းအပေါ် တိုးတက်ဖြစ်ပေါ်သောအလင်း ထွန်းလင်းပေးသနည်း။
၃ ယင်းတို့အားလုံးသည် ဗျာဒိတ်ကျမ်းကို အလွန့်အလွန်သာ၍ရှင်းလင်းစွာ သိနားလည်ခြင်းကိုဖြစ်စေပြီး ၁၉၃၀ ခုနှစ်တွင် အလင်း အမည်ရှိသော အတွဲနှစ်တွဲရှိစာအုပ်ဖြင့် ထွက်ပေါ်လာသည်။ “မဟာဗာဗုလုန်ပြိုလဲပြီ!” “ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်ပြီ!” [လိပ်] (၁၉၆၃) နှင့် “ထိုအခါ ဘုရားသခင်၏နက်နဲရာသည် ပြီးဆုံးသွားပြီ” [လိပ်] (၁၉၆၉) ဟူသောစာအုပ်များအားဖြင့်လည်း ထပ်မံပြုပြင်မွမ်းမံချက်များ ထွက်လာသေးသည်။ သို့တစေ ပရောဖက်ပြုစာအုပ်ဖြစ်သော ဗျာဒိတ်ကျမ်းကို များစွာလေ့လာရဦးမည်သာဖြစ်သည်။ မှန်ပါသည်၊ ၁၉၈၈ ခုနှစ်တွင် ဗျာဒိတ်ကျမ်း—ယင်း၏မဟာအထွတ်အထိပ်နီးပြီ! အမည်ရှိသောစာအုပ်ဖြင့် ယင်းအပေါ်သို့ သာ၍ထွန်းလင်းသည့်အလင်းရောင်ဖြာခဲ့သည်။ ဤတိုးတက်သော အသိပညာထွန်းလင်းမှု၏သော့ချက်မှာ ဗျာဒိတ်ကျမ်း၏ပရောဖက်ပြုချက်သည် ၁၉၁၄ ခုနှစ်တွင်စတင်သော “သခင်ဘုရား၏နေ့” နှင့်သက်ဆိုင်သည့် အဖြစ်မှန်ပင်ဖြစ်သည်ဟု ပြောနိုင်ပေမည်။ (ဗျာဒိတ် ၁:၁၀) ထိုနေ့ထဲသို့တိုး၍ရောက်ရှိလာသည်နှင့်အမျှ ဗျာဒိတ်ကျမ်းစာစောင်ကိုလည်း သာ၍ရှင်းလင်းစွာ နားလည်လာရမည်ဖြစ်သည်။
“အထက်အာဏာပိုင်များ” အကြောင်းရှင်းလင်းလာ
၄၊ ၅။ (က) ရောမ ၁၃:၁ ကို ကျမ်းစာကျောင်းသားများ မည်သို့ယူမှတ်ခဲ့ကြသနည်း။ (ခ) “အထက်အာဏာပိုင်များ” နှင့်ပတ်သက်၍ နောက်ပိုင်းတွင် ကျမ်းစာ၏အနေအထားမည်သို့ဖြစ်သည်ဟု သိမြင်လာကြသနည်း။
၄ ၁၉၆၂ ခုနှစ်တွင် ရောမ ၁၃:၁ ၌ဖော်ပြထားသည့်အတိုင်း “အထက်အာဏာပိုင်များ [“အစိုးရ”၊ ကမ္ဘာသစ်ဘာသာပြန်ကျမ်း] ကို စိုးလ်အားလုံးလက်အောက်ခံစေ” ဟူသောအကြောင်းနှင့်ပတ်သက်၍ အသိပညာအလင်းထွန်းခဲ့သည်။ (ဂျိမ်းဘုရင်ဘာသာပြန်ကျမ်း) ထိုတွင်ဖော်ပြထားသော “အထက်အာဏာပိုင်များ” သည် လောကီအာဏာပိုင်များကို ရည်ညွှန်းသည်ဟု ကနဦးကျမ်းစာကျောင်းသားများက နားလည်ခဲ့ကြသည်။ ခရစ်ယာန်တစ်ဦးသည် စစ်ပွဲကာလအတွင်း မလုပ်မနေရစစ်မှုထမ်းရန်အခေါ်ခံရလျှင် သူသည် စစ်ဝတ်စုံဝတ်၍ သေနတ်လွယ်ကာ ရှေ့တန်းသို့၊ ကတုတ်ကျင်းများသို့သွားရန် တာဝန်ရှိကြောင်း ဤကျမ်းချက်က ဆိုလိုသည်ဟု သူတို့နားလည်ခဲ့ကြသည်။ ခရစ်ယာန်တစ်ဦးသည် လူသားချင်းကို မသတ်ဖြတ်နိုင်သဖြင့် အဆိုးဝါးဆုံးသော အခြေအနေရောက်လာပါက သူ၏သေနတ်ကို လေထဲထောင်၍ပစ်ရန် လှုံ့ဆော်ခံရမည်ဟူ၍ ယူဆခဲ့ကြသည်။a
၅ ၁၉၆၂ ခု၊ နိုဝင်ဘာ ၁၅ နှင့် ဒီဇင်ဘာ ၁ ရက်ထုတ် ကင်းမျှော်စင် [လိပ်] က “ကဲသာဘုရင်၏ဥစ္စာကို ကဲသာဘုရင်အား ဆက်ပေးကြလော့။ ဘုရားသခင်၏ဥစ္စာကိုကား ဘုရားသခင်ကိုဆက်ပေးကြလော့” ဟူသော မဿဲ ၂၂:၂၁ ပါ ယေရှု၏စကားများကို ဆွေးနွေးသည့်အကြောင်းအရာအပေါ် ရှင်းလင်းစွာ အသိပညာထွန်းလင်းပေးခဲ့သည်။ ယင်းသည် တမန်တော် ၅:၂၉ (ကဘ) တွင်ဖော်ပြထားသော တမန်တော်တို့၏စကားများနှင့်ဆက်စပ်နေပါသည်– “လူထက်ဘုရားသခင်ကို အုပ်စိုးရှင်အဖြစ်ကျွန်ုပ်တို့သာ၍နာခံရမည်။” ခရစ်ယာန်များသည် ဘုရားသခင်၏ပညတ်တော်ကို ဆန့်ကျင်ရန်မလိုအပ်သည့်အခြေအနေအထိသာ—“အထက်အာဏာပိုင်များ”—ကဲသာကိုလက်အောက်ခံကြသည်။ ကဲသာကိုလက်အောက်ခံခြင်းသည် လုံးလုံးလျားလျားမဟုတ်ဘဲ အကန့်အသတ် ဖြင့်သာဖြစ်ကြောင်း သိမြင်ကြသည်။ ခရစ်ယာန်များသည် ဘုရားသခင်၏တောင်းဆိုချက်များနှင့် မဆန့်ကျင်သောအရာများကိုသာ ကဲသာအားပေးဆက်ကြသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ အသိပညာအလင်းထွန်းလင်းခြင်းသည် မည်မျှကျေနပ်အားရဖွယ်ပါတကား!
အဖွဲ့အစည်းဆိုင်ရာကိစ္စများအပေါ် အလင်းထွန်းလင်းခြင်း
၆။ (က) ခရစ်ယာန်ဘောင်လောကတွင် လွှမ်းမိုးနေသော လုပ်ပိုင်ခွင့်အာဏာဖြင့် အဆင့်ဆင့်ဖွဲ့စည်းသည့်ပုံစံကို ရှောင်လွှဲနိုင်ရန် မည်သည့်မူကိုခံယူကျင့်သုံးခဲ့ကြသနည်း။ (ခ) နောက်ဆုံးတွင် အသင်းတော်ဦးစီးကြီးကြပ်သူများကို ရွေးချယ်ရာ၌ မှန်ကန်သောနည်းလမ်းကား မည်သို့ဖြစ်ကြောင်း သိမြင်လာကြသနည်း။
၆ အသင်းတော်တွင် မည်သူများသည် အကြီးအကဲများနှင့် သင်းထောက်များအဖြစ် တာဝန်ထမ်းဆောင်သင့်သနည်း ဟူသောမေးခွန်းပေါ်ပေါက်လာသည်။ ခရစ်ယာန်ဘောင်လောကတွင် လွှမ်းမိုးနေသော လုပ်ပိုင်ခွင့်အာဏာဖြင့် အဆင့်ဆင့်ဖွဲ့စည်းသည့်ပုံစံကို ရှောင်လွှဲနိုင်ရန်အတွက် ဤသူများကို အသင်းတော်တစ်ခုစီ၏ အသင်းသားများက ဒီမိုကရေစီနည်းဖြင့် မဲပေးရွေးကောက်ခြင်းပါဝင်သည်။ သို့သော် ၁၉၃၂ ခု၊ စက်တင်ဘာ ၁ နှင့် အောက်တိုဘာ ၁၅ ရက်ထုတ် ကင်းမျှော်စင် [လိပ်] တွင်ပါဝင်သော တိုးတက်သိနားလည်ခြင်းက ကျမ်းစာသည် အကြီးအကဲများကို မဲစနစ်ဖြင့်ရွေးကောက်ရန် အခြေအမြစ်ပေးမထားကြောင်း ဖော်ပြထားသည်။ ထို့ကြောင့် ထိုသူတို့နေရာတွင် လုပ်ငန်းတော်ကော်မတီအစားဝင်လာပြီး လုပ်ငန်းတော်ဒါရိုက်တာတစ်ဦးကို အသင်းမက ရွေးချယ်ပေးသည်။
၇။ အသင်းတော်တွင်အမှုထမ်းများကို ခန့်အပ်သည့်နည်းနှင့်ပတ်သက်၍ အသိပညာအလင်းထွန်းလင်းခြင်းက မည်သည့်တိုးတက်မှုကို ဖြစ်ပေါ်စေသနည်း။
၇ ၁၉၃၈ ခု၊ ဇွန် ၁ ရက်နှင့် ၁၅ ရက်ထုတ် ကင်းမျှော်စင် [လိပ်] တွင် အသင်းတော်အမှုထမ်းများသည် မဲဖြင့်ရွေးကောက်တင်မြှောက်ခံရရန်မဟုတ်ဘဲ ခန့်အပ်ခံရရန်၊ တစ်နည်းအားဖြင့် သီအိုကရက်တစ်နည်းဖြင့် ခန့်အပ်ခံရရန်ဟူသည့် အသိပညာအလင်းထွန်းလင်းမှုအကြောင်း ပါဝင်သည်။ ၁၉၇၁ ခုနှစ်တွင် အခြားသောအသိပညာထွန်းလင်းမှုတစ်ခုက အသင်းတော်တစ်ခုစီသည် အသင်းတော်အမှုထမ်းတစ်ဦးတည်းကသာ လမ်းညွှန်မှုကိုခံယူရန်မဟုတ်ကြောင်း ဖော်ပြခဲ့သည်။ သို့အစား အသင်းတော်တိုင်းတွင် ယေဟောဝါသက်သေများ၏ အုပ်ချုပ်ရေးအဖွဲ့က ခန့်အပ်သည့် အကြီးအကဲများအဖွဲ့ သို့မဟုတ် ဦးစီးကြီးကြပ်မှူးများ ရှိသင့်သည်။ နှစ်ပေါင်း ၄၀ ကျော်ကြာအထိ တိုးတက်ထွန်းလင်းသော အသိပညာအလင်းအားဖြင့် အကြီးအကဲများ သို့မဟုတ် ယခုအခါ ဓမ္မအမှုထမ်းဖြစ်သော သင်းထောက်များသည် “သစ္စာနှင့်သတိပညာရှိသောကျွန်” ၏ အုပ်ချုပ်ရေးအဖွဲ့မှတစ်ဆင့် ခန့်အပ်ခံရသင့်ကြောင်း ထင်ရှားလာသည်။ (မဿဲ ၂၄:၄၅-၄၇၊ သမ) ယင်းတို့သည် တမန်တော်များအချိန်က ဖြစ်ခဲ့သည့်အတိုင်းပင်ဖြစ်သည်။ တိမောသေနှင့် တိတုတို့ကဲ့သို့သော ယောက်ျားများသည် ဦးစီးကြီးကြပ်မှူးများအဖြစ် ပထမရာစုအုပ်ချုပ်ရေးအဖွဲ့၏ ခန့်အပ်ခြင်းကို ခံရကြသည်။ (၁ တိမောသေ ၃:၁-၇; ၅:၂၂; တိတု ၁:၅-၉) ဤအရာအားလုံးသည် ဟေရှာယ ၆၀:၁၇ ၏ သိသာထင်ရှားသောပြည့်စုံချက်ဖြစ်သည်– “ကြေးဝါအရာ၌ ရွှေကိုလည်းကောင်း၊ သံအရာ၌ ငွေကိုလည်းကောင်း၊ သစ်သားအရာ၌ ကြေးဝါကိုလည်းကောင်း၊ ကျောက်အရာ၌ သံကိုလည်းကောင်း ငါဆောင်ခဲ့မည်။ သင်၏အရာရှိတို့ကို ငြိမ်သက်သောသဘော၊ အခွန်ခံတို့ကို ဖြောင့်မတ်သောသဘောနှင့် ပြည့်စုံစေမည်။”
၈။ (က) တိုးတက်နေသောသမ္မာတရားက အသင်းမလည်ပတ်လှုပ်ရှားခြင်းနှင့်ပတ်သက်၍ မည်သည့်တိုးတက်မှုကိုဖြစ်ပေါ်စေသနည်း။ (ခ) အုပ်ချုပ်ရေးအဖွဲ့၏ ကော်မတီများကား အဘယ်နည်း။ ယင်းတို့၏ သက်ဆိုင်ရာ လုပ်ဆောင်မှုကဏ္ဍ သို့မဟုတ် ကြီးကြပ်မှုကား အဘယ်နည်း။
၈ ကင်းမျှော်စင်အသင်း၏ လည်ပတ်လှုပ်ရှားမှုဆိုင်ရာကိစ္စလည်း ရှိသေးသည်။ နှစ်ပေါင်းများစွာကြာသည်အထိ ယေဟောဝါသက်သေများ၏ အုပ်ချုပ်ရေးအဖွဲ့သည် ပဲင်စီလ်ဘေးနီးယား၊ ကင်းမျှော်စင်သမ္မာကျမ်းနှင့်ဝေစာအသင်း၏ ဒါရိုက်တာဘုတ်အဖွဲ့နှင့် အတူတူပင်ဖြစ်လာခဲ့ပြီး အမှုကိစ္စများသည် အများအားဖြင့် ယင်း၏ဥက္ကဋ္ဌလက်ထဲတွင်ရှိသည်။ ယေဟောဝါသက်သေများ၏ ၁၉၇၇ နှစ်ချုပ်စာအုပ် (စာမျက်နှာ ၂၅၈-၉) တွင်ဖော်ပြထားသည့်အတိုင်း ၁၉၇၆ ခုနှစ်တွင် အုပ်ချုပ်ရေးအဖွဲ့သည် ကော်မတီခြောက်ခုဖြင့် စတင်လည်ပတ်ပြီး ကော်မတီတစ်ခုစီသည် ကမ္ဘာချီလုပ်ငန်း၏ အခန်းကဏ္ဍတစ်ခုခုကို ကိုင်တွယ်လုပ်ဆောင်ရန် တာဝန်ပေးအပ်ခံရသည်။ ဝန်ထမ်းရေးရာကော်မတီသည် ကမ္ဘာချီဗေသလမိသားစုတွင် အမှုဆောင်သူအားလုံးတို့၏အကျိုးပါဝင်သော ဝန်ထမ်းတို့၏ရေးရာကိစ္စများကို ကိုင်တွယ်သည်။ ပုံနှိပ်ထုတ်ဝေရေးကော်မတီသည် ပစ္စည်းဥစ္စာနှင့် ပုံနှိပ်ခြင်းကဲ့သို့သော လောကီဆိုင်ရာနှင့် တရားဥပဒေဆိုင်ရာကိစ္စများကို ကိုင်တွယ်သည်။ လုပ်ငန်းတော်ကော်မတီသည် သက်သေခံခြင်းလုပ်ငန်းနှင့် ပတ်သက်နေပြီး နယ်လှည့်ကြီးကြပ်မှူးများ၊ ရှေ့ဆောင်များနှင့် အသင်းတော်ကြေညာသူများ၏ လုပ်ဆောင်မှုများကို ကြီးကြပ်သည်။ သင်ကြားရေးကော်မတီသည် အသင်းတော်အစည်းအဝေးများ၊ အထူးစည်းဝေးပွဲနေ့များ၊ တိုက်နယ်၊ ခရိုင်နှင့် အပြည်ပြည်ဆိုင်ရာ စည်းဝေးပွဲကြီးများအပြင် ဘုရားသခင်၏လူများအတွက် ဝိညာဏပညာပေးသော သင်တန်းကျောင်းအစီအစဉ်အမျိုးမျိုးကို တာဝန်ယူရသည်။ စာပေပြုစုရေးကော်မတီသည် ပုံစံအမျိုးမျိုးဖြင့် ထုတ်ဝေမည့်စာအုပ်များကို ပြင်ဆင်ခြင်းနှင့် ဘာသာပြန်ခြင်းတို့ကို ကြီးကြပ်ပြီး အကြောင်းအရာအားလုံးတို့သည် ကျမ်းစာနှင့်ညီညွတ်ခြင်းရှိရန် သေချာစေကြသည်။ သဘာပတိကော်မတီသည် အရေးပေါ်ကိစ္စများနှင့် အဆောတလျင်လုပ်ဆောင်ရမည့် အခြားကိစ္စရပ်များကို ကိုင်တွယ်လုပ်ဆောင်သည်။ ၁၉၇၀ ပြည့်လွန်နှစ်များကလည်း ကင်းမျှော်စင်အသင်း၏ ဌာနခွဲရုံးများသည် ကြီးကြပ်မှူးတစ်ဦးအစား ကော်မတီတစ်ခုအားဖြင့်စတင် ညွှန်ကြားခံရသည်။b
ခရစ်ယာန်အကျင့်အကြံဆိုင်ရာအလင်း
၉။ လောကအစိုးရများနှင့် ခရစ်ယာန်တို့၏ဆက်ဆံရေးကို သမ္မာတရားအလင်းက မည်သို့အကျိုးသက်ရောက်သနည်း။
၉ ခရစ်ယာန်အကျင့်အကြံနှင့်ပတ်သက်၍ အသိပညာအလင်းများစွာထွန်းလင်းခဲ့သည်။ ဥပမာ၊ ကြားနေခြင်းကိစ္စအကြောင်း စဉ်းစားကြည့်ပါ။ ၁၉၃၉ ခု၊ နိုဝင်ဘာ ၁ ရက်ထုတ် ကင်းမျှော်စင် [လိပ်] တွင် “ကြားနေခြင်း” ဟူသောဆောင်းပါးအားဖြင့် ဤကိစ္စအပေါ် အထူးသဖြင့်တောက်ပသော အသိပညာအလင်းဖြာခဲ့သည်။ ဒုတိယကမ္ဘာစစ်စတင်ပြီး မကြာမီကလေးတွင် ယင်းအကြောင်းထွက်လာခြင်းသည် အချိန်ကိုက်ပါတကား! ကြားနေခြင်းကို အဓိပ္ပာယ်ဖွင့်ပြပြီး ခရစ်ယာန်များသည် နိုင်ငံရေးရာများတွင်ပါဝင်ခြင်း သို့မဟုတ် တိုင်းနိုင်ငံများအချင်းချင်းဘက်ပြိုင်မှုများတွင် ပါဝင်ခြင်းမပြုရကြောင်း ယင်းဆောင်းပါးကဖော်ပြသည်။ (မိက္ခာ ၄:၃၊ ၅; ယောဟန် ၁၇:၁၄၊ ၁၆) ယင်းသည်ကား လူမျိုးအားလုံးတို့၏ မုန်းတီးခြင်းကို သူတို့ခံရသော အကြောင်းရင်းတစ်ရပ်ဖြစ်သည်။ (မဿဲ ၂၄:၉) ရှေးဣသရေလလူမျိုးများသည် မဿဲ ၂၆:၅၂ တွင် ရှင်းလင်းစွာယေရှုဖော်ပြထားချက်နှင့်အညီ ခရစ်ယာန်များအတွက် လိုက်နာရန်ပုံစံမဟုတ်ပါ။ ထို့အပြင် ယနေ့ မည်သည့်နိုင်ငံမျှ ရှေးဣသရေလလူမျိုးကဲ့သို့ ဘုရားသခင်အုပ်ချုပ်သော သီအိုကရေစီစနစ်မရှိချေ။
၁၀။ ခရစ်ယာန်များသည် အသွေးကို မည်သို့သဘောထားသင့်ကြောင်းနှင့်ပတ်သက်၍ အသိပညာအလင်းက အဘယ်အရာကိုလှစ်ဟဖော်ပြသနည်း။
၁၀ အသွေး၏မြင့်မြတ်ခြင်းအပေါ်တွင်လည်း အလင်းထွန်းလင်းခဲ့သည်။ တမန်တော် ၁၅:၂၈၊ ၂၉ တွင် အသွေးစားခြင်းကိုတားမြစ်ချက်သည် အခြေခံအားဖြင့် ဂျူးခရစ်ယာန်များအတွက်သာဖြစ်သည်ဟု ကျမ်းစာကျောင်းသားများထင်မှတ်ခဲ့ကြသည်။ သို့သော် တမန်တော်များအချိန်တွင် ဤပညတ်သည် တစ်ပါးအမျိုးသားများထဲမှ ယုံကြည်သူဖြစ်လာသူများနှင့်လည်း သက်ဆိုင်ကြောင်း တမန်တော် ၂၁:၂၅ ကဖော်ပြသည်။ ထို့ကြောင့် အသွေး၏မြင့်မြတ်ခြင်းသည် ၁၉၄၅ ခု၊ ဇူလိုင် ၁ ရက်ထုတ် ကင်းမျှော်စင် [လိပ်] တွင်ပါသကဲ့သို့ ခရစ်ယာန်အားလုံးနှင့်သက်ဆိုင်သည်။ ယင်းသည် သွေးဝက်အူချောင်းကဲ့သို့သော တိရစ္ဆာန်အသွေးစားသုံးခြင်းကို ရှောင်ခြင်းသာမက၊ သွေးသွင်းခြင်းကိစ္စ၌ကဲ့သို့ လူ့အသွေးကိုရှောင်ရန်ကိုပါ ဆိုလိုသည်။
၁၁။ ဆေးရွက်ကြီးသုံးစွဲခြင်းအပေါ် ခရစ်ယာန်အမြင်နှင့်ပတ်သက်၍ အဘယ်အရာသိမြင်လာကြသနည်း။
၁၁ တိုးတက်ထွန်းလင်းသည့်အလင်း၏ ရလဒ်အနေနှင့် ပထမတွင် သဘောမတွေ့ရုံလောက်သာဖြစ်ခဲ့သော အလေ့အထများကို နောင်ပိုင်းတွင် သင့်တင့်လျောက်ပတ်သော လေးနက်မှုဖြင့် ကိုင်တွယ်ခဲ့သည်။ ဥပမာအနေနှင့် ဆေးရွက်ကြီးသုံးစွဲခြင်းနှင့်ဆိုင်သည့် ကိစ္စဖြစ်သည်။ ၁၈၉၅ ခု၊ ဩဂုတ် ၁ ရက်ထုတ် ဇိအုန်ကင်းမျှော်စင် [လိပ်] တွင် ညီအစ်ကိုရပ်စယ်လ်က ၁ ကောရိန္သု ၁၀:၃၁ နှင့် ၂ ကောရိန္သု ၇:၁ တို့ကိုအာရုံစိုက်စေကာ ဤသို့ရေးခဲ့သည်– “ဆေးရွက်ကြီးကို တစ်နည်းနည်းဖြင့်သုံးဆောင်သော မည်သည့်ခရစ်ယာန်မဆို ဘုရားသခင်၏ဘုန်းတော်ကိုထင်ရှားစေရန်သော်လည်းကောင်း၊ မိမိအပေါ်အကျိုးဖြစ်ထွန်းရန်သော်လည်းကောင်း ဖြစ်စေနိုင်သည်ဟု ကျွန်ုပ်မထင်ပါ။” ဆေးရွက်ကြီးသုံးစွဲသူမည်သူမဆို ယေဟောဝါသက်သေမဖြစ်နိုင်ကြောင်း ၁၉၇၃ ခုနှစ်မှစ၍ ရှင်းလင်းစွာသိနားလည်လာကြသည်။ မည်သည့်ခရစ်ယာန်မျှ လောင်းကစားခြင်းတွင်ပါဝင်လျက်နှင့် အသင်းတော်တွင် ကောင်းသောအနေအထားဖြင့် ဆက်လက်မရပ်တည်နိုင်ကြောင်းကို ၁၉၇၆ တွင် ရှင်းလင်းလာသည်။
အခြားသောသန့်စင်မှုများ
၁၂။ (က) ပေတရုအားအပ်နှင်းသည့် ဘုရားသခင့်နိုင်ငံတော်သော့အရေအတွက်နှင့်ပတ်သက်၍ အသိပညာအလင်းက မည်သည့်အချက်ကိုလှစ်ဟဖော်ပြသနည်း။ (ခ) ထိုသော့တစ်ချောင်းစီကို မည်သည့်အခြေအနေများတွင် ပေတရုအသုံးပြုသနည်း။
၁၂ ပေတရုအား ယေရှုပေးသည့် ပုံဆောင်သော့များ၏ အရေအတွက်နှင့်ပတ်သက်၍လည်း တိုးတက်သည့်အသိပညာအလင်းထွန်းလင်းခဲ့သည်။ ဘုရားသခင့်နိုင်ငံတော်အမွေခံ ဖြစ်လာမည့် လူများအား လမ်းဖွင့်ပေးမည့်သော့နှစ်ချောင်းကို ပေတရုရရှိခဲ့သည်—တစ်ချောင်းမှာ ဂျူးလူမျိုးအတွက်ဖြစ်၍ စီ.အီး. ၃၃ ခု၊ ပင်တေကုတ္တေပွဲနေ့တွင် ယင်းကိုအသုံးပြုပြီး နောက်တစ်ချောင်းကို ပေတရုက ကော်နေလိအားဟောပြောသော စီ.အီး. ၃၆ ခုနှစ်အချိန်တွင် တစ်ပါးအမျိုးသားများအတွက် ပထမဆုံးအကြိမ်အသုံးပြုသည်ဟု ကျမ်းစာကျောင်းသားများ ယူမှတ်ခဲ့ကြသည်။ (တမန်တော် ၂:၁၄-၄၁; ၁၀:၃၄-၄၈) အချိန်တန်သော် တတိယအုပ်စုတစ်စုပါ အကျုံးဝင်လာသည်ကို သိလာရသည်—ရှမာရိလူမျိုးများဖြစ်သည်။ သူတို့အတွက် ဘုရားသခင့်နိုင်ငံတော်ဝင်ခွင့်ကို ဖွင့်ပေးရာတွင် ဒုတိယသော့ကို ပေတရုအသုံးပြုခဲ့သည်။ (တမန်တော် ၈:၁၄-၁၇) သို့အားဖြင့် ကော်နေလိအား ပေတရုဟောပြောသောအချိန်တွင် တတိယသော့ကို အသုံးပြုခဲ့သည်။—ကင်းမျှော်စင် ၁၉၈၀၊ အောက်တိုဘာ ၁၊ စာမျက်နှာ ၈-၁၆၊ ၂၀။
၁၃။ ယောဟန်အခန်းကြီး ၁၀ တွင်ဖော်ပြထားသော သိုးခြံများနှင့်ပတ်သက်၍ အသိပညာအလင်းက မည်သည့်အချက်ကို လှစ်ဟဖော်ပြသနည်း။
၁၃ ယေရှုသည် သိုးခြံနှစ်ခုမဟုတ်ဘဲ သုံးခုကို ဖော်ပြခဲ့ကြောင်း အခြားသောအလင်းရောင်ခြည်ဖြာမှုမှ သိရှိခဲ့ရသည်။ (ယောဟန်အခန်းကြီး ၁၀) ယင်းတို့မှာ (၁) နှစ်ခြင်းဆရာယောဟန်က တံခါးစောင့်ဖြစ်သည့် ဂျူးလူမျိုးသိုးခြံ၊ (၂) ဘိသိက်ခံရသော ဘုရားသခင့်နိုင်ငံတော်အမွေခံများသိုးခြံနှင့် (၃) မြေကြီးမျှော်လင့်ချက်ရှိ “အခြားသိုးတို့” ၏သိုးခြံတို့ဖြစ်ကြသည်။—ယောဟန် ၁၀:၂၊ ၃၊ ၁၅၊ ၁၆; ကင်းမျှော်စင် ၁၉၈၅၊ ဖေဖော်ဝါရီ ၁၅၊ စာမျက်နှာ ၈-၁၇။
၁၄။ ကြိုတင်ပုံဆောင်သောယုဘိလနှင့် ပတ်သက်သောကိစ္စများကို တိုးတက်ဖြစ်ပေါ်သောအလင်းက မည်သို့ရှင်းလင်းဖော်ပြသနည်း။
၁၄ ကြိုတင်ပုံဆောင်သော ယုဘိလနှင့်ပတ်သက်သည့် သိနားလည်မှုနှင့်ပတ်သက်၍လည်း ရှင်းလင်းချက်အချို့ရရှိလာသည်။ ပညတ်အောက်တွင် အနှစ် ၅၀ မြောက်သောနှစ်တိုင်းသည် ကြီးကျယ်ခမ်းနားသည့် ယုဘိလဖြစ်ပြီး ပစ္စည်းဥစ္စာအားလုံး မူလပိုင်ရှင်ထံသို့ပြန်ရောက်ရသည့်နှစ်ဖြစ်သည်။ (ဝတ်ပြုရာ ၂၅:၁၀) ယင်းသည် ခရစ်တော်အုပ်ချုပ်သည့် အနှစ်တစ်ထောင်ကာလကို ကြိုတင်ပုံဆောင်သည်ဟု ကြာမြင့်စွာသိနားလည်လာခဲ့ကြသည်။ သို့သော် မကြာမီအချိန်က ယုဘိလကြိုတင်ပုံဆောင်သောအချိန်သည် သန့်ရှင်းသောဝိညာဉ်တော်သွန်းလောင်းမှုကို ခံရသူများ မောရှေပညတ်၏ အနှောင်အဖွဲ့အောက်မှ လွတ်မြောက်သည့် စီ.အီး. ၃၃ ခုနှစ်ပင်တေကုတ္တေပွဲနေ့တွင် စတင်ကြောင်း သိမြင်လာရသည်။—ကင်းမျှော်စင် ၁၉၈၈၊ ဇန်နဝါရီ ၁၊ စာမျက်နှာ ၁၂-၂၄။
ပညာရပ်ဝေါဟာရဆိုင်ရာ တိုးပွားသောအလင်း
၁၅။ “အစီအစဉ်” ဟူသောဝေါဟာရကို အသုံးပြုခြင်းအပေါ် မည်သည့်အလင်းထွန်းလင်းသနည်း။
၁၅ “ဓမ္မဒေသနာဆရာသည် နှစ်သက်ဖွယ်သောစကားများနှင့် ရေးသားထားသည့် ဖြောင့်မတ်သောသမ္မာတရားစကားများကို တွေ့ရန်ရှာ၏။” (ဒေသနာ ၁၂:၁၀ ကဘ) ဤစကားများသည် ယခုကျွန်ုပ်တို့ဆွေးနွေးနေသည့် အကြောင်းအရာနှင့် ကောင်းစွာသက်ဆိုင်သည်။ အကြောင်းမှာ အသိပညာအလင်းသည် အယူဝါဒနှင့် အကျင့်အကြံတို့ကဲ့သို့သော အရေးကြီးသည့်အရာများအပေါ်၌သာ ထွန်းလင်းသည်မဟုတ်ဘဲ ခရစ်ယာန်ပညာရပ်ဝေါဟာရနှင့် ယင်းတို့၏ တိကျသောအဓိပ္ပာယ်တို့အပေါ်၌လည်း ထွန်းလင်းသည်။ ဥပမာ၊ ကျမ်းစာကျောင်းသားများအလယ်တွင် နှစ်သက်ဖွယ်အကောင်းဆုံးသော စာအုပ်များထဲမှ တစ်အုပ်မှာ ကျမ်းစာစောင်များမှ လေ့လာစရာများ စာအုပ်၏အတွဲတစ်ဖြစ်သည့် ခေတ်ကာလများဆိုင်ရာ ဘုရားရေးရာအစီအစဉ် [လိပ်] ခေါင်းစဉ်ရှိ အတွဲဖြစ်သည်။ သို့ရာတွင် အချိန်တန်သောအခါ လူသားများသာလျှင် အစီအစဉ်ပြုလုပ်သည်ကို ဘုရားသခင်၏နှုတ်ကပါဌ်တော်က ပြောဆိုကြောင်း သဘောပေါက်လာကြသည်။ (သု. ၁၉:၂၁၊ ကဘ) ယေဟောဝါစီစဉ်သည်ဟု ကျမ်းစာတစ်ခါမျှမဆိုပါ။ ကိုယ်တော်အစီအစဉ်ပြုစရာမလိုပါ။ ကိုယ်တော်၏ အတိုင်းအဆမရှိသည့် ဉာဏ်တော်နှင့် တန်ခိုးတော်တို့ကြောင့် ကိုယ်တော်သည် ဘာကိုပင်ရည်ရွယ်ပါစေ မုချအောင်မြင်မည်ဖြစ်သည်။ ဧဖက် ၁:၉၊ ၁၀ (သတင်းကောင်း) တွင် ကျွန်ုပ်တို့ဖတ်ရသကဲ့သို့ပင်ဖြစ်သည်– “မိမိရည်ရွယ်ချက်အတိုင်း အကောင်အထည်ဖော်တော်မူ၏။ . . . ခက်ခဲနက်နဲသောအကြံအစည်တော်ကို ငါတို့အားသိစေတော်မူပြီ။ ဤအကြံအစည်တော်ကား အချိန်တန်သောအခါ ခရစ်တော်အား ဦးစီးခေါင်းဆောင်ပြုစေလျက် မိုးမြေ၌ရှိသမျှသော အဖန်ဆင်းခံတို့ကို စုစည်းစေရန်ပင်ဖြစ်သတည်း။” ထို့ကြောင့် ယေဟောဝါအားရည်ညွှန်းသောအခါ “ရည်ရွယ်ချက်” ဟူသောဝေါဟာရသည် ပို၍ဆီလျော်ကြောင်း တဖြည်းဖြည်း သိရှိလာကြသည်။
၁၆။ လုကာ ၂:၁၄ ကို မှန်ကန်စွာသိနားလည်ခြင်းကား အဘယ်အရာဖြစ်ကြောင်း တဖြည်းဖြည်း သိမြင်လာကြသနည်း။
၁၆ လုကာ ၂:၁၄ ကို သာ၍ရှင်းလင်းစွာနားလည်ရန်ကိစ္စလည်း ရှိသေးသည်။ ဂျိမ်းဘုရင်ဘာသာပြန်ကျမ်း အရ ဤသို့ဖတ်ရသည်– “အမြင့်ဆုံးအရပ်၌ရှိတော်မူသော ဘုရားသခင်သည် ဘုန်းကြီးတော်မူစေသတည်း၊ မြေကြီးပေါ်၌လည်း ငြိမ်သက်ခြင်းရှိစေသတည်း၊ လူတို့အားစေတနာစိတ်ရှိစေသတည်း။” ယင်းသည် မှန်ကန်သောအနက်ကို မဖော်ပြကြောင်း ယူမှတ်ခဲ့ကြသည်။ အကြောင်းမှာ ဘုရားသခင်၏စေတနာစိတ်ကို ဆိုးညစ်သူများအား မပြသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ယင်းသည် ဘုရားသခင်အပေါ် စိတ်စေတနာရှိသောလူများအပေါ် ငြိမ်သက်ခြင်းသက်ရောက်သည့်ကိစ္စဖြစ်သည်ဟု သက်သေခံများက ရှုမြင်ခဲ့ကြသည်။ ထို့ကြောင့်ကျမ်းစာ၌ စိတ်ဝင်စားသူများကို စိတ်စေတနာရှိသောသူများဟု ရည်ညွှန်းခဲ့ကြသည်။ သို့သော် ပါဝင်ပတ်သက်သည့်အရာမှာ လူသားများဘက်မှစေတနာစိတ်မဟုတ်ဘဲ ဘုရားသခင်၏စေတနာစိတ်ဖြစ်ကြောင်း နောက်ပိုင်းတွင် နားလည်လာကြသည်။ ထို့ကြောင့် ကမ္ဘာသစ်ဘာသာပြန်ကျမ်း က လုကာ ၂:၁၄ ၏ အောက်ခြေမှတ်ချက်တွင် “ကိုယ်တော် [ဘုရားသခင်] နှစ်သက်တော်မူသော လူသားများ” ဟု ဖော်ပြထားသည်။ မိမိတို့၏ ဆက်ကပ်အပ်နှံထားသောကတိနှင့်အညီ အသက်ရှင်နေထိုင်သော ခရစ်ယာန်အားလုံးသည် ဘုရားသခင်၏စေတနာတော်ကို ခံစားကြရသည်။
၁၇၊ ၁၈။ မည်သည့်အရာကို ယေဟောဝါသင်္ကာယနကင်းစေမည်ဖြစ်ပြီး မည်သည့်အရာကို ကိုယ်တော်သန့်ရှင်းမြင့်မြတ်စေမည်နည်း။
၁၇ အလားတူ သက်သေခံများသည် ယေဟောဝါ၏နာမတော် သင်္ကာယနကင်းရှင်းရေးအကြောင်း ကြာမြင့်စွာပြောဆိုလာခဲ့ကြသည်။ သို့သော် စာတန်သည် ယေဟောဝါ၏နာမတော်အပေါ် မယုံသင်္ကာစောဒကတက်သလော။ ယင်းကိစ္စနှင့်ပတ်သက်၍ ယေဟောဝါသည် ထိုနာမတော်နှင့်မထိုက်တန်သယောင် စာတန်၏ကိုယ်စားလှယ်တစ်ဦးဦးသည် ယင်းသို့စောဒကတက်ခဲ့ပါသလော။ လုံးဝမတက်ခဲ့ပါ။ စောဒကတက်ခံရပြီး သင်္ကာယနကင်းစေရန် လိုအပ်သည်မှာ ဘုရားသခင်၏နာမတော်မဟုတ်ပါလေ။ ယင်းကြောင့် ကင်းမျှော်စင်အသင်း၏ မကြာမီကထုတ်ဝေသောစာစောင်များတွင် ယေဟောဝါ၏ နာမတော် သင်္ကာယနကင်း စေခြင်းအကြောင်း မပြောဆိုတော့ပါ။ ယေဟောဝါ၏ အကြွင်းမဲ့ပိုင်သအုပ်စိုးခွင့် သည် သင်္ကာယနကင်းစေခြင်း ခံရပြီး ကိုယ်တော်၏ နာမတော် မူကား သန့်ရှင်းမြင့်မြတ်စေခြင်း ခံရကြောင်း ပြောဆိုသည်။ ယင်းက “ကိုယ်တော်၏ နာမတော် သန့်ရှင်းမြင့်မြတ်ခြင်း ရှိပါစေသော” ဟု ကျွန်ုပ်တို့ကို ယေရှုဆုတောင်းခိုင်းသည့်အချက်နှင့်အညီဖြစ်သည်။ (မဿဲ ၆:၉၊ ကဘ) ဣသရေလလူမျိုးက စောဒကမတက်သော်လည်း မအပ်မရာပြုခဲ့သော မိမိ၏နာမတော်ကို သန့်ရှင်းမြင့်မြတ်စေမည်ဟု ကြိမ်ဖန်များစွာယေဟောဝါမိန့်တော်မူခဲ့သည်။—ယေဇကျေလ ၂၀:၉၊ ၁၄၊ ၂၂; ၃၆:၂၃။
၁၈ စိတ်ဝင်စားဖွယ်ကား ၁၉၇၁ ခုနှစ်တွင် “ငါသည် ယေဟောဝါဖြစ်ကြောင်း လူမျိုးတို့သိရကြလိမ့်မည်—မည်သို့အားဖြင့်နည်း” [လိပ်] အမည်ရှိသောစာအုပ်က ဤသို့ ကွဲကွဲပြားပြားဖြစ်စေသည်– “ယေရှုခရစ်သည် . . . ယေဟောဝါ၏ စကြဝဠာအကြွင်းမဲ့ပိုင်သအုပ်စိုးခွင့်အား သင်္ကာယနကင်းစေရေးနှင့် ကိုယ်တော့်နာမတော် ဂုဏ်ကျက်သရေထင်ရှားစေရေးတို့အတွက် တိုက်ခိုက်သည်။” (စာမျက်နှာ ၃၆၄-၅) ၁၉၇၃ ခုနှစ်တွင် အနှစ်တစ်ထောင်ဘုရားသခင့်နိုင်ငံတော်ချဉ်းကပ်နေပြီ [လိပ်] စာအုပ်က ဤသို့ဆိုသည်– “လာမည့် ‘ကြီးစွာသောဒုက္ခ’ သည် အနန္တတန်ခိုးရှင်ယေဟောဝါဘုရားသခင်အတွက် မိမိ၏စကြဝဠာအကြွင်းမဲ့ပိုင်သအုပ်စိုးခွင့်ကို သင်္ကာယနကင်းစေပြီး မိမိ၏ချီးမွမ်းဖွယ်နာမတော် သန့်ရှင်းမြင့်မြတ်စေမည့်အချိန်ဖြစ်သည်။” (စာမျက်နှာ ၄၀၉) ထို့နောက် ၁၉၇၅ ခုနှစ်တွင် လောကီဆင်းရဲဒုက္ခကင်းသည့် လူ့ကယ်တင်ခြင်းနီးပြီ! [လိပ်] စာအုပ်က ဤသို့ဆိုသည်– “ထိုအခါတွင် စကြဝဠာသမိုင်းတွင် အကြီးကျယ်ဆုံးသောအဖြစ်အပျက်က ယေဟောဝါ၏ စကြဝဠာပိုင်သအုပ်စိုးခွင့် သင်္ကာယနကင်းရှင်းရေးနှင့် ကိုယ်တော့်မြင့်မြတ်သောနာမတော် သန့်ရှင်းမြင့်မြတ်ရေးတို့ကို အထမြောက်စေလိမ့်မည်။”—စာမျက်နှာ ၂၈၁။
၁၉၊ ၂၀။ ဝိညာဏအလင်းထွန်းလင်းမှုကို ကျေးဇူးတင်လေးမြတ်ကြောင်း ကျွန်ုပ်တို့မည်သို့တင်ပြနိုင်သနည်း။
၁၉ ယေဟောဝါ၏လူများ ဤဝိညာဏအလင်းတွင် မွေ့လျော်နေကြရခြင်းသည် ကောင်းချီးခံစားရခြင်းပါတကား! လုံးလုံးဆန့်ကျင်ဘက်အနေနှင့် ခရစ်ယာန်ဘောင်ခေါင်းဆောင်များ ရောက်ရှိနေသည့် ဝိညာဏမှောင်မိုက်အခြေအနေကို ဓမ္မဆရာတစ်ဦး၏ ဤသို့ပြောဆိုချက်က သရုပ်ဖော်သည်– “အဘယ်ကြောင့်အပြစ်ရှိရသနည်း။ ဆင်းရဲဒုက္ခအဘယ်ကြောင့်ရှိရသနည်း။ မာရ်နတ်အဘယ်ကြောင့်ရှိရသနည်း။ ယင်းတို့သည် ကျွန်ုပ်ကောင်းကင်ဘုံသို့ရောက်သောအခါ သခင်အားမေးလျှောက်လိုသည့် မေးခွန်းများဖြစ်သည်။” သို့သော် အဘယ်ကြောင့်ရှိကြောင်း ယေဟောဝါသက်သေများ သူ့ကိုပြောပြနိုင်သည်– အကြောင်းမှာ ယေဟောဝါ၏အကြွင်းမဲ့ပိုင်သအုပ်စိုးခွင့်၏ တော်မှန်မှုဆိုင်ရာ ပြဿနာနှင့် လူသတ္တဝါများသည် မာရ်နတ်၏ဆန့်ကျင်မှုများကြားမှ ဘုရားသခင်အပေါ် သမာဓိစောင့်ထိန်းနိုင်ပါမည်လော ဟူသည့်မေးခွန်းကြောင့်ဖြစ်သည်။
၂၀ နှစ်များတစ်လျှောက် ကြီးမားစွာဖြစ်စေ၊ သေးငယ်စွာဖြစ်စေ အသိပညာအလင်းသည် ယေဟောဝါ၏ ဆက်ကပ်အပ်နှံထားသောကျေးကျွန်များ သွားရာလမ်းခရီးတစ်လျှောက် ထွန်းလင်းတောက်ပလျက်ရှိသည်။ ယင်းသည်ကား ဆာလံ ၉၇:၁၁ နှင့် နယပုံပြင် ၄:၁၈ တို့ကဲ့သို့သော ကျမ်းချက်များ၏ ပြည့်စုံချက်ပင်ဖြစ်သည်။ သို့သော် အလင်းတွင်လျှောက်လှမ်းခြင်းမည်သည် တိုးတက်ဖြစ်ပေါ်သောအလင်းကို လေးမြတ်တန်ဖိုးထားခြင်းနှင့် ယင်းနှင့်အညီအသက်ရှင်နေထိုင်ခြင်းဖြစ်ကြောင်း ဘယ်တော့မျှမမေ့ကြစို့နှင့်။ ကျွန်ုပ်တို့သိမြင်ခဲ့ရသည့်အတိုင်း ဤတိုးတက်ဖြစ်ပေါ်သောအလင်းတွင် ကျွန်ုပ်တို့၏အကျင့်အကြံကော ကျွန်ုပ်တို့၏ဟောပြောခြင်းတာဝန်ပါ ပါဝင်သည်။
[အောက်ခြေမှတ်ချက်များ]
a ဤရှုမြင်ပုံနှင့်ဆန့်ကျင်လျက် ၁၉၂၉ ခု၊ ဇွန် ၁ ရက်နှင့် ဇွန် ၁၅ ရက်ထုတ် ကင်းမျှော်စင် [လိပ်] က “အထက်အာဏာပိုင်များ” သည် ယေဟောဝါဘုရားသခင်နှင့် ယေရှုခရစ်တို့ဖြစ်ကြသည်ဟု အနက်ပြန်ဆိုသည်။ ယင်းသည် ၁၉၆၂ ခုနှစ်တွင်ပြုပြင်ပြောင်းလဲခဲ့သော မူလအယူအဆပင်ဖြစ်သည်။
b ၁၉၉၂ ခု၊ ဧပြီ ၁၅ ရက်ထုတ် ကင်းမျှော်စင် က “အခြားသိုး” ထဲမှ ရွေးချယ်ထားသောညီအစ်ကိုများသည် ဧဇရအချိန်က နက်သနင်များကဲ့သို့ အုပ်ချုပ်ရေးအဖွဲ့ကော်မတီကိုကူညီပေးရန် ခန့်အပ်ခံရကြောင်း ကြေညာခဲ့သည်။—ယောဟန် ၁၀:၁၆; ဧဇရ ၂:၅၈။
သင်မှတ်မိသလော
◻ “အထက်အာဏာပိုင်များ” ကို လက်အောက်ခံခြင်းနှင့်ပတ်သက်၍ မည်သည့်အလင်းထွန်းလင်းလာသနည်း။
◻ အသိပညာအလင်းထွန်းလင်းခြင်းသည် အဖွဲ့အစည်းဆိုင်ရာမည်သည့်တိုးတက်မှုကို ဖြစ်ပေါ်စေသနည်း။
◻ တိုးတက်ထွန်းလင်းသောအလင်းက ခရစ်ယာန်အကျင့်အကြံအပေါ် မည်သို့အကျိုးသက်ရောက်သနည်း။
◻ ဝိညာဏအလင်းက ဝိညာဏဆိုင်ရာအချက်အလက်အချို့တို့အပေါ် ကျွန်ုပ်တို့၏သိနားလည်မှုကို မည်သို့ သန့်စင်ပေးသနည်း။
[Picture Credit Line on page 25]
Keys on page 24: Drawing based on photo taken in Cooper-Hewitt, National Design Museum, Smithsonian Institution