ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၉ ၅/၁၅ စာ. ၂၁-၂၄
  • ‘အိုငါ့ဝိညာဉ်စိုးလ် ယေဟောဝါအား ကောင်းချီးပေးလော့’

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ‘အိုငါ့ဝိညာဉ်စိုးလ် ယေဟောဝါအား ကောင်းချီးပေးလော့’
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဟောဝါသည် “သင်၏အပြစ်အလုံးစုံတို့ကို ဖြေလွှတ်”
  • ကိုယ်တော်သည် “သင်၏အသက်ကို ဖျက်ဆီးခြင်းထဲကရွေး” တော်မူ၏
  • ယေဟောဝါသည် မိမိလူမျိုးတော်ကိုကယ်မ
  • “စီရင်ဖန်ဆင်းတော်မူသမျှတို့၊ ထာဝရဘုရားကို ကောင်းချီးပေးကြလော့”
  • ထာဝရချီးမွမ်းခြင်းကို ယေဟောဝါရှင်ခံထိုက်တော်မူသည်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ယေဟောဝါ၏ ကရုဏာတော်သည် စိတ်ပျက်ခြင်းမှ ကာကွယ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ယေဟောဝါနာမတော်ကိုတညီတညွတ်တည်း ချီးမြှောက်ကြကုန်အံ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • “အို ငါ့စိုးလ်၊ ယေဟောဝါအားကောင်းချီးပေး”
    ယေဟောဝါအား ချီးမွမ်းကျူးဧခြင်း
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
က၉၉ ၅/၁၅ စာ. ၂၁-၂၄

‘အိုငါ့ဝိညာဉ်စိုးလ် ယေဟောဝါအား ကောင်းချီးပေးလော့’

“မကြာသေးခင်လတွေက ကျွန်မရဲ့အမှုဆောင်လုပ်ငန်းဟာ ငြီးငွေ့စရာဖြစ်ပြီး ပျော်စရာမဟုတ်တော့ဘူး” ဟုနန်စီကပြောသည်။a သူသည် အချိန်ပြည့်သတင်းကောင်းကြွေးကြော်သူ ရှေ့ဆောင်တစ်ဦးအဖြစ် အမှုဆောင်ခဲ့သည်မှာ ဆယ်နှစ်ခန့်ရှိပြီ။ သို့တိုင် သူကဤသို့ထပ်လောင်းပြောဆိုသည်– “အဲလိုမျိုးဖြစ်နေတာကို ကျွန်မမကြိုက်ဘူး။ ကျွန်မဟာ ဘုရားသခင့်နိုင်ငံတော်သတင်းကို စိတ်နှလုံးထဲကနေမဟုတ်တော့ဘဲနဲ့ ဝတ်ကျေတမ်းကျေလောက်ပဲ ဟောပြောနေပုံရတယ်။ ကျွန်မဘာလုပ်ရင်ကောင်းမလဲ။”

ယေဟောဝါသက်သေများ၏အသင်းတော်တစ်ခုမှ အကြီးအကဲဖြစ်သူ ကိသ်၏အဖြစ်ကိုလည်း သုံးသပ်ကြည့်ပါ။ “ရှင်တစ်ခုခုကို တွေးနေတယ်မဟုတ်လား။ အခုလေးတင်တောင်းလိုက်တဲ့ ဆုတောင်းချက်ထဲမှာ ထမင်းစားချိန်လည်းမဟုတ်ဘဲနဲ့ အစားအသောက်အတွက် ကျေးဇူးတင်ပါတယ်တဲ့!” ဟူ၍ သူ့ဇနီး၏စကားကို ကြားရသည့်အခါ မည်မျှအံ့သြလိုက်မည်ဖြစ်ခြင်း။ ကိသ်ကဤသို့ဝန်ခံခဲ့သည်– “ကျွန်တော့်ရဲ့ဆုတောင်းချက်တွေဟာ ခံစားချက်မဲ့လာပြီဆိုတာ ကျွန်တော်ရိပ်မိတယ်။”

သင်သည် ယေဟောဝါဘုရားသခင်အား အေးတိအေးစက်နှင့်ခံစားချက်မဲ့ စကားများဖြင့် ချီးမွမ်းလိုမည်မဟုတ်သည်မှာ သေချာပါသည်။ ယင်းအစား၊ ကျေးဇူးတင်စိတ်တဖွားဖွားပေါ်လာကာ လှိုက်လှိုက်လှဲလှဲရှိစေလိုပေမည်။ သို့တိုင် ခံစားချက်ကို အင်္ကျီတစ်ထည်ကဲ့သို့ ဝတ်လိုက်၊ ချွတ်လိုက်မလုပ်နိုင်ချေ။ အတွင်းထဲမှ ပေါ်ပေါက်လာရမည်ဖြစ်သည်။ စိတ်နှလုံးပါပါ မည်သို့ကျေးဇူးတင်နိုင်သနည်း။ ဆာလံ ၁၀၃ ကဤအချက်နှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့ကို ထိုးထွင်းသိမြင်စေသည်။

ရှေးဣသရေလရှင်ဘုရင်ဒါဝိဒ်သည် ဆာလံ ၁၀၃ ကိုရေးစပ်သီကုံးခဲ့သည်။ ဤစကားလုံးများဖြင့် နိဒါန်းပျိုးခဲ့သည်– ‘အိုငါ့ဝိညာဉ်စိုးလ် ယေဟောဝါအား ကောင်းချီးပေးလော့။ ငါ၏အထဲမှာရှိသမျှတို့၊ သန့်ရှင်းသောနာမတော်ကို ကောင်းချီးပေးကြလော့။’ (ဆာလံ ၁၀၃:၁) ကိုးကားချက်တစ်ခု၏အဆိုအရ “ဘုရားသခင်နှင့်ပတ်သက်လျှင် ကောင်းချီး ဟူသောစကားလုံးသည် ကိုယ်တော်အပေါ် အားကြီးသောမေတ္တာရှိရုံသာမက ကျေးဇူးတင်စိတ်အစဉ်ရှိသည့်သဘောမျိုးဖြင့် ချီးမွမ်းခြင်းကိုဆိုလိုသည်” ဟုဖော်ပြ၏။ ဒါဝိဒ်သည် ချစ်ခြင်းမေတ္တာနှင့်ကျေးဇူးတင်လေးမြတ်စိတ်အပြည့်ဖြင့် ယေဟောဝါအား ချီးမွမ်းလိုစိတ်ရှိသောကြောင့် “ထာဝရဘုရားကို ကောင်းချီးပေး” ရန် သူ၏စိုးလ်—သူ့ကိုယ်ကို—တိုက်တွန်းခဲ့သည်။ သို့ရာတွင် ဒါဝိဒ်၏စိတ်နှလုံးထဲတွင် သူကိုးကွယ်သောဘုရားသခင်အပေါ် အဆိုပါလှိုက်လှဲသောခံစားချက်ကို အဘယ်အရာကဖြစ်ပေါ်စေခဲ့သနည်း။

ဒါဝိဒ်သည် ဤသို့ဆက်၍ရေးစပ်သည်– “[ယေဟောဝါ] ၏ကျေးဇူးတော်အပေါင်းကို မမေ့လျော့နှင့်။” (ဆာလံ ၁၀၃:၂) ယေဟောဝါအားကျေးဇူးတင်ခြင်းသည် ‘ကိုယ်တော်၏ကျေးဇူးတော်’ ကိုလေးမြတ်စွာဆင်ခြင်တွေးတောခြင်းနှင့်ဆက်နွှယ်နေသည်မှာ သိသာထင်ရှားပါသည်။ ယေဟောဝါ၏အဘယ်ကျေးဇူးတော်များကို ဒါဝိဒ်ဆိုလိုနေသနည်း။ ကြည်လင်သောညတစ်ညတွင် ကြယ်ပွင့်များဖြင့်စီခြယ်ထားသည့် ကောင်းကင်အစရှိသော ယေဟောဝါဘုရားသခင်၏ဖန်ဆင်းရာကို ကြည့်ရှုခြင်းသည် ဖန်ဆင်းရှင်အား ကျေးဇူးတင်စိတ်အပြည့်ရှိစေနိုင်သည်။ ကြယ်အတိပြီးသောမိုးကောင်းကင်သည် ဒါဝိဒ်အတွက် အလွန်စွဲမှတ်စရာဖြစ်ခဲ့သည်။ (ဆာလံ ၈:၃၊ ၄; ၁၉:၁) သို့သော် ဆာလံ ၁၀၃ ၌ယေဟောဝါ၏အခြားလုပ်ဆောင်မှုတစ်ခုကို ဒါဝိဒ်သတိရအောက်မေ့ခဲ့သည်။

ယေဟောဝါသည် “သင်၏အပြစ်အလုံးစုံတို့ကို ဖြေလွှတ်”

ဤဆာလံကျမ်းတွင် ဒါဝိဒ်သည် ဘုရားသခင်၏ချစ်ခင်ကြင်နာသော လုပ်ရပ်များကို ပြန်ပြောင်းပြောပြ၏။ အဆိုပါလုပ်ရပ်များထဲမှ ဦးဆုံးဖော်ပြရာတွင် သူက ‘ယေဟောဝါသည် သင်၏အပြစ်အလုံးစုံတို့ကို ဖြေလွှတ်’ သည်ဟု စပ်ဆိုခဲ့သည်။ (ဆာလံ ၁၀၃:၃) ဒါဝိဒ်သည် သူ၏အပြစ်ရှိသောအနေအထားကို တပ်အပ်သေချာသိ၏။ ဗာသရှေဘနှင့်ကျူးလွန်ခဲ့သော သူ့သားအိမ်ရာပြစ်မှားမှုကို ပရောဖက်နာသန်က ထောက်ပြပြီးနောက်တွင် ဒါဝိဒ်သည် ဤသို့ဝန်ခံခဲ့သည်– “ကိုယ်တော် [ယေဟောဝါ] ကိုပြစ်မှားပါပြီ။ ကိုယ်တော်ကိုသာပြစ်မှား၍ မျက်မှောက်တော်၌ပင် မတရားသောအမှုကိုပြုပါပြီ။” (ဆာလံ ၅၁:၄) နှလုံးကြေကွဲလျက် သူက “အိုဘုရားသခင်၊ ကျေးဇူးပြုချင်သော စေတနာစိတ်တော်ရှိသည်အတိုင်း၊ အကျွန်ုပ်ကိုသနားတော်မူပါ။ စုံမက်တော်မူခြင်းကရုဏာများပြားသည်နှင့်အညီ၊ အကျွန်ုပ်လွန်ကျူးခြင်းအပြစ်ကို ဖြေတော်မူပါ။ ဒုစရိုက်အညစ်အကြေးကို အကုန်အစင်ဆေးကြော၍၊ အကျွန်ုပ်ကို သန့်ရှင်းစေတော်မူပါ” ဟုအသနားခံခဲ့သည်။ (ဆာလံ ၅၁:၁၊ ၂) ခွင့်လွှတ်ခံရသည့်အတွက် ဒါဝိဒ်ကျေးဇူးတင်ခဲ့မည်ဖြစ်ခြင်း! မစုံလင်သောလူသားတစ်ယောက်အနေဖြင့် သူ့ဘဝအသက်တာတွင် အခြားအပြစ်များကို ကျူးလွန်မိခဲ့သော်လည်း သူသည် နောင်တယူပြီး အပြစ်ဖော်ပြဆုံးမခြင်းကို လက်ခံ၍ သူ၏လမ်းစဉ်ကိုပြုပြင်ရန် မပျက်ကွက်ခဲ့ချေ။ ဘုရားသခင်၏ထူးခြားစွာကြင်နာမှုပြခဲ့ခြင်းအကြောင်း ပြန်လည်ဆင်ခြင်ခြင်းက ယေဟောဝါအား ကောင်းချီးပေးရန် ဒါဝိဒ်ကိုလှုံ့ဆော်ခဲ့သည်။

ကျွန်ုပ်တို့လည်း အပြစ်ရှိကြသည်မဟုတ်လော။ (ရောမ ၅:၁၂) တမန်တော်ပေါလုပင် ကြေကွဲဝမ်းနည်းစွာ ဤသို့ဖော်ပြခဲ့သည်– “ငါသည် အတွင်းလူအားဖြင့် ဘုရားသခင်၏ပညတ်တရားတော်ကို နှစ်သက်၏။ သို့သော်လည်း ငါ့ကိုယ်အင်္ဂါများ၌ရှိသော တရားတစ်ပါးသည် စိတ်ဝိညာဉ်တရားကို ဆိုင်ပြိုင်တိုက်လှန်သဖြင့်၊ ငါ့ကိုယ်အင်္ဂါများ၌ရှိသော အပြစ်တရားလက်သို့ ငါ့ကိုဖမ်းသွားအပ်နှံသည်ကို ငါမြင်၏။ ငါသည် ငြိုငြင်သောသူဖြစ်ပါသည်တကား။ ဤအသေကောင်မှ ငါ့ကိုအဘယ်သူကယ်လွှတ်မည်နည်း။” (ရောမ ၇:၂၂-၂၄) ကျွန်ုပ်တို့၏ကျူးလွန်မှုများကို ယေဟောဝါတေးမှတ်မထားသည့်အတွက် ကျေးဇူးတင်စရာပင်! ကျွန်ုပ်တို့သည် နောင်တယူကာ အပြစ်ခွင့်လွှတ်ခံရဖို့ ကြိုးစားသောအခါ ကိုယ်တော်သည် ယင်းတို့ကို ဝမ်းမြောက်စွာ ပယ်ဖျက်ပေးလေသည်။

“[ယေဟောဝါသည်] သင်၏အနာရောဂါရှိသမျှတို့ကိုလည်း ပျောက်စေတော်မူ” ကြောင်းဒါဝိဒ်အမှတ်ရသည်။ (ဆာလံ ၁၀၃:၃) ပျောက်ကင်းခြင်းသည် ပြန်လည်နာလန်ထူခြင်း၏လက္ခဏာဖြစ်ရာ အပြစ်ကိုခွင့်လွှတ်ခြင်းထက်မကဖြစ်သည်။ ယင်းတွင် “အနာရောဂါ” များ—ကျွန်ုပ်တို့၏မှားယွင်းသောလမ်းစဉ်များမှ ဆိုးကျိုးများ—ကိုဖယ်ရှားခြင်းပါဝင်သည်။ ယေဟောဝါပြုလုပ်ပေးမည့် ကမ္ဘာသစ်တွင် ဖျားနာခြင်းနှင့်သေခြင်းအစရှိသော အပြစ်၏ကာယပိုင်းဆိုင်ရာ အကျိုးဆက်များကို အမှန်ပပျောက်စေလိမ့်မည်။ (ဟေရှာယ ၂၅:၈; ဗျာဒိတ် ၂၁:၁-၄) ယနေ့ပင် ဘုရားသခင်သည် ဝိညာဉ်ရေးအနာရောဂါများကို ပျောက်ကင်းနေစေသည်။ အချို့သူတို့အတွက် ယင်းတို့တွင် ကိုယ်ကိုကိုယ်သိသောစိတ်မသန့်ခြင်းနှင့် ဘုရားသခင်နှင့်ဆက်ဆံရေးအခြေအနေမလှခြင်းတို့ပါဝင်သည်။ ဤအကြောင်းနှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့တစ်ဦးစီအတွက် ယေဟောဝါကိုယ်တော်တိုင် လုပ်ဆောင်ပေးခဲ့သည့်အရာကို “မမေ့ပါနှင့်။”

ကိုယ်တော်သည် “သင်၏အသက်ကို ဖျက်ဆီးခြင်းထဲကရွေး” တော်မူ၏

“[ယေဟောဝါသည်] သင်၏အသက်ကို ဖျက်ဆီးခြင်းထဲကရွေး . . . တော်မူ၏” ဟူ၍ဒါဝိဒ်သီဆိုခဲ့၏။ (ဆာလံ ၁၀၃:၄) “ဖျက်ဆီးခြင်း” မှာလူသားတို့၏သာမန်သင်္ချိုင်း—ရှီးအိုးလ်၊ သို့မဟုတ် ဟေးဒီးစ်—ဖြစ်သည်။ ဒါဝိဒ်သည် ဣသရေလရှင်ဘုရင်မဖြစ်မီကပင် သေခြင်းနှုတ်ခမ်းဝတွင် ရှိနေသည့်အဖြစ်ကို တွေ့ကြုံခဲ့၏။ ဥပမာ၊ ဣသရေလရှင်ဘုရင်ရှောလုသည် ဒါဝိဒ်ကို သတ်ပစ်ချင်သည့်အထိ မုန်းတီးစိတ်မွေးကာ သတ်ဖို့အကြိမ်ကြိမ်ကြိုးစားအားထုတ်ခဲ့သည်။ (၁ ဓမ္မရာဇဝင် ၁၈:၉-၂၉; ၁၉:၁၀; ၂၃:၆-၂၉) ဖိလိတ္တိလူတို့သည်လည်း ဒါဝိဒ်ကို သတ်ပစ်ချင်ကြသည်။ (၁ ဓမ္မရာဇဝင် ၂၁:၁၀-၁၅) သို့ရာတွင် ယေဟောဝါသည် သူ့အား အချိန်အခါတိုင်း၌ “ဖျက်ဆီးခြင်း” မှကယ်ခဲ့သည်။ ယေဟောဝါ၏အဆိုပါကျေးဇူးတော်များကို ဒါဝိဒ်အမှတ်ရသောအခါ မည်မျှကျေးဇူးတင်လိုက်မည်ဖြစ်ခြင်း!

အသင်ကောအသို့နည်း။ စိတ်ဓာတ်ကျချိန် သို့မဟုတ် ဆုံးရှုံးရချိန်တို့တွင် သင့်ကို ယေဟောဝါထောက်မအားပေးခဲ့သလော။ သို့မဟုတ် ကျွန်ုပ်တို့၏ခေတ်ကာလတွင် ကိုယ်တော်သည် မိမိ၏သစ္စာရှိသက်သေခံများကို ရှီးအိုးလ်ထဲမှရွေးခဲ့သော အဖြစ်အပျက်များအကြောင်း သင်သိရှိခဲ့ပြီလော။ ဤမဂ္ဂဇင်းမှ ကိုယ်တော်၏ကယ်နုတ်ခြင်းလုပ်ရပ်များအကြောင်း ဖတ်ပြီး သင့်နှလုံးထိမိခဲ့မည်။ စစ်မှန်သောဘုရားသခင်၏ ၎င်းကျေးဇူးတော်များကို ကျေးဇူးတင်လေးမြတ်စွာ ပြန်လည်ဆင်ခြင်သုံးသပ်ရန် အချိန်ယူပါလေ။ ကျွန်ုပ်တို့အားလုံးသည် ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်အတွက် ယေဟောဝါအား အမှန်တကယ်ကျေးဇူးတင်စရာအကြောင်းရှိသည်။—ယောဟန် ၅:၂၈၊ ၂၉; တမန်တော် ၂၄:၁၅။

ယေဟောဝါသည် ကျွန်ုပ်တို့ကို အသက်ပေးရုံမက အသက်ရှင်ရကျိုးနပ်ဖို့ ပျော်ရွှင်စရာများပြုလုပ်ပေးထား၏။ ဘုရားသခင်သည် “ကျေးဇူးတော်၊ ကရုဏာတော်များနှင့် သင်၏ခေါင်းကို ပတ်ရစ်တော်မူ၏” ဟူ၍ ဆာလံဆရာကြွေးကြော်သည်။ (ဆာလံ ၁၀၃:၄) ကျွန်ုပ်တို့အကူအညီလိုအပ်ချိန်တွင် ယေဟောဝါသည် ကျွန်ုပ်တို့ကို စွန့်ပစ်မထားဘဲ ကိုယ်တော်၏မျက်မြင်ရအဖွဲ့အစည်းနှင့် အသင်းတော်ရှိခန့်အပ်ခံအကြီးအကဲများ၊ သို့မဟုတ် သိုးထိန်းများဖြင့် ကူညီပေးလျက်ရှိသည်။ ၎င်းအကူအညီဖြင့် ကျွန်ုပ်တို့သည် အခက်အခဲကို ဂုဏ်သိက္ခာရှိရှိဖြေရှင်းနိုင်ကြ၏။ ခရစ်ယာန်သိုးထိန်းများသည် သိုးများကို အလွန်ဂရုစိုက်၏။ ဖျားနာသူများနှင့်စိတ်ဓာတ်ကျနေသူများကို အားပေးကူညီကာ အပြစ်ပြုသူများကိုပင် ပြန်လည်တည့်မတ်စေရန် အတတ်နိုင်ဆုံးကူညီပေးကြသည်။ (ဟေရှာယ ၃၂:၁၊ ၂; ၁ ပေတရု ၅:၂၊ ၃; ယုဒ ၂၂၊ ၂၃) ယေဟောဝါ၏ဝိညာဉ်တော်သည် သိုးအုပ်အပေါ် ထောက်ထားစာနာမှုနှင့် ချစ်ခြင်းမေတ္တာပြသရန် အဆိုပါသိုးထိန်းများကို လှုံ့ဆော်ပေးသည်။ ကိုယ်တော်၏ “ချစ်ခင်ကြင်နာမှုနှင့် ကရုဏာတော်များ” သည်ကျွန်ုပ်တို့ကို ကျက်သရေရှိစေပြီး ဂုဏ်သိက္ခာရှိစေသည့်သရဖူနှင့် အမှန်ပင်တူပါသည်! ယေဟောဝါ၏ကျေးဇူးတော်များကို ဘယ်သောအခါမျှမမေ့ဘဲ ကိုယ်တော်နှင့်ကိုယ်တော်၏သန့်ရှင်းမြင့်မြတ်သောနာမတော်ကို ကောင်းချီးပေးကြစို့လေ။

ဆာလံဆရာဒါဝိဒ်သည် သူ့ကိုယ်သူဆက်သတိပေးခြင်း၌ ဤသို့စပ်ဆိုသည်– “[ယေဟောဝါသည်] သင့်ကိုအသက်ကြီးစဉ်၊ ကောင်းသောအရာနှင့် ရောင့်ရဲစေတော်မူသဖြင့်၊ သင်၏အရွယ်သည် ရွှေလင်းတ၏အရွယ်ကဲ့သို့ ပြုပြင်ခြင်းရှိ၏။” (ဆာလံ ၁၀၃:၅) ယေဟောဝါပေးထားသော အသက်တာသည် ကျေနပ်ရောင့်ရဲမှုနှင့် ရွှင်လန်းမှုရှိသောအသက်တာဖြစ်သည်။ အမှန်မှာ၊ သမ္မာတရားအသိပညာသည် နှိုင်းယှဉ်မရသောရတနာတစ်ပါးဖြစ်ကာ ကြီးစွာရွှင်လန်းခြင်း၏ရင်းမြစ်တစ်ခုဖြစ်သည်။ ထို့ပြင် ယေဟောဝါခိုင်းထားသော ဟောပြောခြင်းနှင့်တပည့်ဖြစ်စေခြင်းလုပ်ငန်းသည် မည်မျှကျေနပ်မှုရှိစေသည်ကို သုံးသပ်ကြည့်ပါ။ စစ်မှန်သောဘုရားသခင်အကြောင်း သင်ယူရန် စိတ်ဝင်စားသူတစ်ဦးကို ရှာတွေ့ပြီး ထိုသူကို ယေဟောဝါအား သိရှိရန်နှင့် ကိုယ်တော်အားကောင်းချီးပေးတတ်ရန် ကူညီပေးခွင့်ရခြင်းသည် တကယ်ဝမ်းသာကြည်နူးစရာပါတကား! သို့တိုင် ကျွန်ုပ်တို့၏အရပ်ဒေသတွင် နားထောင်သူရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ယေဟောဝါ၏နာမတော် သန့်ရှင်းမြင့်မြတ်စေခြင်းနှင့် ကိုယ်တော်၏အကြွင်းမဲ့ပိုင်သအုပ်စိုးခွင့်ကို သင်္ကာယနကင်းရှင်းစေခြင်းတို့နှင့် ဆက်နွှယ်နေသောလုပ်ငန်း၌ ပါဝင်ရခြင်းသည် ထူးမြတ်လှသောအခွင့်အရေးတစ်ခုဖြစ်ပါသည်။

ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်ခြင်းလုပ်ငန်း၌ မလျော့သောဇွဲဖြင့်လုပ်ကိုင်နေစဉ် မမောပန်းသူ သို့မဟုတ် မငြီးငွေ့သူ မည်သူရှိသနည်း။ ထိုအခါ ယေဟောဝါသည် ကိုယ်တော်၏ကျေးကျွန်များကို ခွန်အားသစ်ပေး၍ အားကောင်းသောအတောင်များဖြင့် ကောင်းကင်ယံ၌ အမြင့်ပေပေါင်းများစွာ ပျံတက်နိုင်သည့် ‘ရွှေလင်းတကဲ့သို့’ ဖြစ်စေသည်။ ကျွန်ုပ်တို့၏အမှုဆောင်လုပ်ငန်းကို နေ့စဉ်နေ့တိုင်း သစ္စာရှိစွာထမ်းဆောင်နိုင်ရန် ဤကဲ့သို့သော “အစွမ်းသတ္တိ” ကိုမေတ္တာရှင်ကောင်းကင်ခမည်းတော်ပေးထားသည့်အတွက် တကယ်ကျေးဇူးတင်စရာပင်!—ဟေရှာယ ၄၀:၂၉-၃၁။

ပမာပြရလျှင် ကလယ်ရာသည် အချိန်ပြည့်လောကအလုပ်ကို လုပ်ကိုင်ကာ လယ်ကွင်းအမှုဆောင်လုပ်ငန်း၌လည်း လစဉ်လတိုင်း နာရီ ၅၀ ခန့်ပါဝင်၏။ သူကဤသို့ပြောပြသည်– “တစ်ခါတလေ ကျွန်မမောပေမဲ့ တစ်ဦးတစ်ယောက်နဲ့ အမှုဆောင်ထွက်ဖို့စီစဉ်ထားလို့သာ လယ်ကွင်းလုပ်ငန်းမှာပါဝင်ဖို့ ကိုယ့်ကိုယ်ကိုကြပ်မတ်ခဲ့ရတယ်။ ဒါပေမဲ့ အမှုဆောင်ထွက်လိုက်တော့လည်း အားရှိသွားတယ်။” ခရစ်ယာန်ဓမ္မအမှုတွင် ဘုရားသခင့်ထောက်ပံ့မှုမှရသော ခွန်အားကို အသင်လည်း တွေ့ကြုံခဲ့ပေမည်။ ဤဆာလံ၏ အဖွင့်စကားတွင် ဒါဝိဒ်ပြောဆိုခဲ့သကဲ့သို့ သင်လည်း ဤသို့ပြောဆိုရန်လှုံ့ဆော်ခံရပါစေ– ‘အိုငါ့ဝိညာဉ်စိုးလ် ယေဟောဝါအား ကောင်းချီးပေးလော့။ ငါ၏အထဲမှာရှိသမျှတို့၊ သန့်ရှင်းသောနာမတော်ကို ကောင်းချီးပေးကြလော့။’

ယေဟောဝါသည် မိမိလူမျိုးတော်ကိုကယ်မ

ဆာလံဆရာသည် ဤသို့လည်းစပ်ဆို၏– “ထာဝရဘုရားသည် ညှဉ်းဆဲခြင်းကိုခံရသမျှသောသူတို့အဖို့ တရားပေး၍ စီရင်ဆုံးဖြတ်တော်မူ၏။ ဘာသာဓလေ့တော်တို့ကို မောရှေ၌လည်းကောင်း၊ စီရင်တော်မူသောအမှုအရာတို့ကို ဣသရေလအမျိုးတို့၌လည်းကောင်း ပြတော်မူပြီ။” (ဆာလံ ၁၀၃:၆၊ ၇) မောရှေခေတ်၌ အီဂျစ်မင်းဆိုးများ၏လက်အောက်တွင် “ညှဉ်းဆဲခြင်း” ကိုခံခဲ့ရသော ဣသရေလလူတို့အကြောင်းကို ဒါဝိဒ်စဉ်းစားနေခြင်းဖြစ်နိုင်ဖွယ်ရှိသည်။ ယေဟောဝါ၏ကယ်မခြင်းနည်းလမ်းများကို မောရှေအား ကိုယ်တော်ပေးသိခဲ့ပုံအကြောင်း ဆင်ခြင်သုံးသပ်ခြင်းက ဒါဝိဒ်ကို ကျေးဇူးတင်စိတ်ပေါ်စေခဲ့မည်။

ဣသရေလလူတို့နှင့် ဘုရားသခင်ဆက်ဆံပုံကို စဉ်းစားသုံးသပ်ခြင်းအားဖြင့် ကျွန်ုပ်တို့လည်း အလားတူကျေးဇူးတင်စိတ်ပေါ်လာနိုင်သည်။ သို့သော် ယေဟောဝါသက်သေများ—ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများ စာအုပ်၏အခန်း ၂၉ နှင့် ၃၀ တွင်ဖော်ပြထားသော ယေဟောဝါ၏မျက်မှောက်ခေတ်ကျေးကျွန်များ၏ တွေ့ ကြုံမှုများကို မပျက်မကွက်စဉ်းစားတွေးတောသင့်သည်။ ၎င်းစာအုပ်နှင့် ကင်းမျှော်စင်ဝေစာအသင်းမှထုတ်ဝေသော အခြားစာအုပ်စာတမ်းများတွင် မှတ်တမ်းတင်ထားသည့် အကြောင်းအရာများသည် အကျဉ်းကျခြင်း၊ လူအုပ်ရမ်းကားခြင်း၊ လုပ်ငန်းပိတ်ပင်ခြင်း၊ အချုပ်စခန်းနှင့်ချွေးတပ်စခန်းများတွင် ခံရပ်နိုင်ရန် မိမိ၏လူမျိုးတော်ကို ယေဟောဝါမည်သို့ကူညီပေးခဲ့ကြောင်း သိမြင်စေပါသည်။ စစ်ဒဏ်ခံရသည့် ဘာရွန်ဒီ၊ လိုင်ဘေးရီးယား၊ ရဝမ်ဒါနှင့် ယခင်ယူဂိုဆလားဗီးယား အစရှိသည့်နိုင်ငံများတွင် အခက်အခဲအမျိုးမျိုး တွေ့ကြုံခဲ့ရကြပြီ။ နှိပ်စက်ညှဉ်းပန်းခြင်းခံရသည့်အခါတိုင်းတွင် ယေဟောဝါသည် မိမိ၏သစ္စာရှိကျေးကျွန်များကို အစဉ်ကူညီမစခဲ့သည်။ ကျွန်ုပ်တို့၏ကြီးမြတ်သောဘုရားသခင်ယေဟောဝါ၏ ဤလုပ်ဆောင်ချက်များကို စဉ်းစားတွေးတောခြင်းက အီဂျစ်ပြည်မှကယ်နုတ်ခြင်းအကြောင်းကို အလေးအနက်ဆင်ခြင်ခြင်းမှ ဒါဝိဒ်ရရှိခဲ့သောအကျိုးမျိုးကို ကျွန်ုပ်တို့အားလည်းရရှိစေနိုင်သည်။

ယေဟောဝါသည် အပြစ်ဝန်ထုပ်မှ ကျွန်ုပ်တို့ကို ကရုဏာရှိရှိမည်သို့မည်ပုံကယ်နုတ်ခဲ့သည်ကိုလည်း စဉ်းစားကြည့်ပါ။ ‘သေခြင်းနှင့်စပ်ဆိုင်သောအကျင့်မှ ကိုယ်ကိုကိုယ်သိသောစိတ်ကို စင်ကြယ်စေခြင်းငှာ’ “ခရစ်တော်၏အသွေး” ကိုကိုယ်တော်ပေးခဲ့ပြီ။ (ဟေဗြဲ ၉:၁၄) ကျွန်ုပ်တို့၏အပြစ်များကို နောင်တယူကာ ခရစ်တော်သွန်းခဲ့သောအသွေးကြောင့် ခွင့်လွှတ်ခံရရန်ကြိုးစားသောအခါ ဘုရားသခင်သည် ကျွန်ုပ်တို့ကျူးလွန်ခဲ့သောအပြစ်များကို “အရှေ့မျက်နှာစွန်းသည် အနောက်မျက်နှာစွန်းနှင့်ဝေးသည်အတိုင်း” ဝေးစေကာ ကိုယ်တော်၏မျက်နှာသာတော် ပြန်လည်ရရှိပေမည်။ ခရစ်ယာန်အစည်းအဝေးများ၊ တည်ဆောက်မှုဖြစ်စေသောပေါင်းသင်းမှု၊ အသင်းတော်ရှိသိုးထိန်းများနှင့် “သစ္စာနှင့်သတိပညာရှိသောကျွန်” မှတစ်ဆင့်ရရှိသည့် ကျမ်းစာအခြေခံစာအုပ်စာတမ်းများအစရှိသော ယေဟောဝါ၏ပြင်ဆင်ပေးချက်များကို စဉ်းစားကြည့်ပါ။ (မဿဲ ၂၄:၄၅၊ သမ) ယေဟောဝါ၏ဤကျေးဇူးတော်အားလုံးသည် ကိုယ်တော်နှင့်ကျွန်ုပ်တို့၏ဆက်ဆံရေးကို ခိုင်ခံ့စေရန်ကူညီပေးသည်မဟုတ်ပေလော။ ဒါဝိဒ်က “ထာဝရဘုရားသည် သနားတတ်သောသဘော၊ ကျေးဇူးပြုတတ်သောသဘော၊ စိတ်ရှည်၍၊ ကရုဏာကြွယ်ဝသောသဘောရှိတော်မူ၏။ . . . ငါတို့ပြစ်မှားခြင်းနှင့်အလျောက် ငါတို့၌ပြုတော်မမူတတ်။ ငါတို့၌ဒုစရိုက်ရှိသည်အတိုင်း အပြစ်ကိုပေးတော်မမူတတ်” ဟူ၍ ကြွေးကြော်ခဲ့သည်။ (ဆာလံ ၁၀၃:၈-၁၄) ယေဟောဝါ၏မေတ္တာပါဂရုစိုက်မှုကို ဆင်ခြင်တွေးတောခြင်းသည် ကိုယ်တော်အားချီးကျူးဂုဏ်တင်ရန်နှင့် ကိုယ်တော်၏သန့်ရှင်းမြင့်မြတ်သောနာမတော်ကို ချီးမွမ်းရန် အမှန်ပင်လှုံ့ဆော်ပေးနိုင်ပါသည်။

“စီရင်ဖန်ဆင်းတော်မူသမျှတို့၊ ထာဝရဘုရားကို ကောင်းချီးပေးကြလော့”

“ထာဝရအရှင်ဘုရားသခင်” ယေဟောဝါ၏မသေနိုင်သောအဖြစ်နှင့်နှိုင်းယှဉ်လျှင် “လူတို့၏နေ့ရက်ကာလသည် မြက်ပင်ကဲ့သို့ဖြစ်၏။” သို့တိုင် ဒါဝိဒ်သည် ကျေးဇူးတင်လေးမြတ်စွာဖြင့် ဤသို့ပြန်ပြောင်းဆင်ခြင်သုံးသပ်သည်– “ထာဝရဘုရား၏ကရုဏာတော်မူကား၊ ကြောက်ရွံ့သောသူတို့အပေါ်သို့ ကာလအစဉ်အဆက်သက်ရောက်တတ်၏။ သစ္စာတော်ကိုစောင့်၍ ပညတ်တော်တို့ကိုကျင့်ခြင်းငှာ၊ သတိပြုသောသူတို့၏သားစဉ်မြေးဆက်တို့သည် [ကောင်းသော] တရားတော်နှင့်ဆိုင်ရကြ၏။” (ကမ္ဘာဦး ၂၁:၃၃; ဆာလံ ၁၀၃:၁၅-၁၈) ယေဟောဝါအားကြောက်ရွံ့သူများကို ကိုယ်တော်မမေ့ပါ။ အချိန်တန်သောအခါ ကိုယ်တော်သည် သူတို့ကို ထာဝရအသက်ပေးတော်မူလိမ့်မည်ဖြစ်သည်။—ယောဟန် ၃:၁၆; ၁၇:၃။

ယေဟောဝါ၏ဘုရင့်အရိုက်အရာကို ကျေးဇူးတင်လေးမြတ်စွာဖြင့် ဒါဝိဒ်ဤသို့ဆိုသည်– “ထာဝရဘုရားသည် ပလ္လင်တော်ကို ကောင်းကင်ဘုံ၌တည်တော်မူ၍၊ အာဏာတော်သည် ခပ်သိမ်းသောအရပ်တို့ကိုနှံ့ပြား၏။” (ဆာလံ ၁၀၃:၁၉) ယေဟောဝါ၏ဘုရင့်အရိုက်အရာကို ဣသရေလနိုင်ငံတော်က အချိန်အတန်ကြာ မျက်မြင်သဘောအရဖော်ပြခဲ့သော်လည်း အမှန်စင်စစ် ကိုယ်တော်၏ပလ္လင်တော်သည် ကောင်းကင်တွင်ရှိသည်။ ယေဟောဝါ၏ဖန်ဆင်းရှင်အဖြစ်တော်အားဖြင့် ကိုယ်တော်သည် စကြဝဠာပိုင်သအုပ်စိုးရှင်ဖြစ်ကာ မိမိ၏ရည်ရွယ်ချက်အတိုင်း ကောင်းကင်နှင့်မြေကြီးပေါ်တွင် ကိုယ်တော့်အလိုတော်ကို ဖြစ်မြောက်စေသည်။

ဒါဝိဒ်သည် ကောင်းကင်တမန်များကိုပင် ဤသို့အားပေးတိုက်တွန်းခဲ့သည်။ “တန်ခိုးကြီး၍ နှုတ် [မြွက်] တော်အသံကို နားထောင်လျက်၊ အမိန့်တော်အတိုင်းဆောင်ရွက်သော ကောင်းကင်တမန်တော်တို့၊ ထာဝရဘုရားကို ကောင်းချီးပေးကြလော့။ အလိုတော်သို့လိုက်သောအမှုတော်ထမ်း၊ ကောင်းကင်ဗိုလ်ခြေတော်အပေါင်းတို့၊ ထာဝရဘုရားကိုကောင်းချီးပေးကြလော့။ နိုင်ငံတော်အရပ်ရပ်၌ စီရင်ဖန်ဆင်းတော်မူသမျှတို့၊ ထာဝရဘုရားကို ကောင်းချီးပေးကြလော့။ အိုငါ့ဝိညာဉ် [“စိုးလ်၊” ကဘ] ထာဝရဘုရားကိုကောင်းချီးပေးလော့။” (ဆာလံ ၁၀၃:၂၀-၂၂) ကျွန်ုပ်တို့ကို ယေဟောဝါကရုဏာပြသခဲ့ခြင်းအကြောင်း စဉ်းစားဆင်ခြင်ခြင်းက ကိုယ်တော်အား ကောင်းချီးပေးရန် လှုံ့ဆော်ခံသင့်သည်မဟုတ်လော။ လှုံ့ဆော်သင့်လေစွ! ဘုရားသခင်အား ချီးမွမ်းထောမနာပြုသော ကျွန်ုပ်တို့၏ကိုယ်ပိုင်အသံသည် ဖြောင့်မတ်သောကောင်းကင်တမန်များပင်ပါဝင်သည့် ကျယ်လောင်စွာသံပြိုင်သီဆိုသူတို့ကြားတွင် ပျောက်သွားမည်မဟုတ်ကြောင်း စိတ်ချနိုင်သည်။ ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်အား အမြဲချီးကျူးလျက် နှလုံးအကြွင်းမဲ့ထောမနာပြုနေကြပါစေ။ ‘အိုငါ့ဝိညာဉ်စိုးလ် ယေဟောဝါအား ကောင်းချီးပေးလော့’ ဟူသော ဒါဝိဒ်၏စကားကို အမှန်တကယ်နှလုံးသွင်းကြစို့လေ။

[အောက်ခြေမှတ်ချက်]

a အမည်အချို့ကိုပြောင်းထားသည်။

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

ဒါဝိဒ်သည် ယေဟောဝါ၏ချစ်ခင်ကြင်နာသောလုပ်ရပ်များကို ဆင်ခြင်သုံးသပ်ခဲ့သည်။ အသင်ကော

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ