ဘုရားသခင်ထံ ချဉ်းကပ်ကြပါ
ကျွန်ုပ်တို့ဟာ “မြေမှုန့်” ဖြစ်တယ်ဆိုတာကို ကိုယ်တော် သိရှိ
ခရစ်ယာန်အမျိုးသမီးတစ်ဦးဟာ သူ့ရဲ့ အတိတ်က အမှားတွေနဲ့ပတ်သက်ပြီး ဒီလိုရေးခဲ့တယ်– “ကျွန်မရဲ့အပြစ်ကို ယေဟောဝါဘုရားသခင် လုံးလုံး ခွင့်လွှတ်နိုင်လိမ့်မယ်လို့ မထင်ခဲ့ဘူး။ ဒီဝန်ထုပ်ကို သေတဲ့အထိ ထမ်းထားရတော့မယ်လို့ ထင်ခဲ့တာ။” အပြစ်ရှိတယ်ဆိုတဲ့ အသိစိတ်က ဝန်ထုပ်ကြီးတစ်ခုလိုပါပဲ။ ဒါပေမဲ့ နောင်တယူတဲ့ ပြစ်မှားသူတွေအတွက် စိတ်သက်သာမှုရစေနိုင်တဲ့ နှစ်သိမ့်မှုကို ကျမ်းစာမှာ ဖော်ပြထားပါတယ်။ ဆာလံ ၁၀၃:၈-၁၄ မှာ တွေ့ ရတဲ့ ဆာလံဆရာဒါဝိဒ်ရဲ့ စကားတွေကို သုံးသပ်ကြည့်ရအောင်။
‘ယေဟောဝါဘုရားသခင်သည် သနားတတ်သောသဘော’ ရှိပြီး “အစဉ်မပြတ် အပြစ်တင်” တာမျိုးမရှိဘူးဆိုတာကို ဒါဝိဒ် သိရှိထားတယ်။ (အခန်းငယ် ၈-၁၀) သနားဖို့အကြောင်းရှိလာရင် ကိုယ်တော် အပြည့်အဝ သနားတတ်တယ်။ ခံစားချက်ကို ထိထိမိမိ ရေးစပ်နိုင်တဲ့ ကဗျာဆရာ ဒါဝိဒ်ဟာ ဥပမာအလင်္ကာသုံးခုကို အသုံးပြုပြီး ကျွန်ုပ်တို့အပေါ်ထားရှိတဲ့ ဘုရားသခင်ရဲ့ ကြီးမားလှတဲ့ သနားကြင်နာမှုကို ဖော်ပြခဲ့တယ်။
‘မြေကြီးပေါ်တွင် ကောင်းကင်အမြင့်ရှိသည်အတိုင်း ထာဝရဘုရားသခင်ကို ကြောက်ရွံ့သောသူတို့၌ သနားကြင်နာမှုသည် အားကြီးပေ၏။’ (အခန်းငယ် ၁၁) ညအချိန် မိုးကောင်းကင်ကို မော့ကြည့်တဲ့အခါ ကြယ်အတိပြီးတဲ့ ကောင်းကင်နဲ့ ကမ္ဘာမြေကြီး ဘယ်လောက်ကွာဝေးတယ်ဆိုတာကို မသိနိုင်ပါဘူး။ ဒါကြောင့် ဘုရားသခင်ရဲ့ သနားကြင်နာမှုက ဘယ်လောက်ကြီးမားတယ်ဆိုတာကို ဒါဝိဒ် အလေးပေးဖော်ပြနေတာ ဖြစ်ပါတယ်။ ဒီသနားကြင်နာမှုဟာ ဘုရားသခင်ကို “ကြောက်ရွံ့သောသူတို့” အတွက်၊ တစ်နည်းအားဖြင့် “ဘုရားသခင်ရဲ့ အခွင့်အာဏာကို စိတ်လိုကိုယ်လျောက် နှိမ့်ချစွာ လေးစားတဲ့သူတွေ” အတွက်ဖြစ်တယ်လို့ ကျမ်းပညာရှင်တစ်ဦးက ဆိုတယ်။
“အရှေ့မျက်နှာစွန်းသည် အနောက်မျက်နှာစွန်းနှင့်ဝေးသည်အတိုင်း ငါတို့အပြစ်များကို ငါတို့နှင့် ဝေးစေတော်မူ၏။” (အခန်းငယ် ၁၂) အရှေ့နဲ့အနောက်က ဘယ်လောက်ကွာဝေးသလဲ။ ကျွန်ုပ်တို့ စိတ်ကူးကြည့်လို့ မရနိုင်လောက်အောင် ကွာဝေးလှပါတယ်။ ကျမ်းစာအကိုးအကားတစ်ခုမှာ ဒီလိုဖော်ပြထားတယ်– “သင်ဟာ အတောင်ပံတပ်ပြီး ပျံသန်းနေတယ်လို့ မြင်ယောင်ကြည့်လိုက်ပါ။ အရှေ့ဘက်ကို သင် ဦးတည်ပျံသန်းနေတယ်ဆိုရင် တောင်ပံတစ်ချက်ခတ်တိုင်း အနောက်ဘက်နဲ့ တောင်ပံတစ်ချက်စာ ပိုဝေးသွားပါပြီ။” ကျွန်ုပ်တို့ရဲ့အပြစ်တွေကို ဘုရားသခင် ခွင့်လွှတ်လိုက်တဲ့အခါ အဲဒီအပြစ်တွေကို ကျွန်ုပ်တို့ စိတ်ကူးကြည့်လို့မရနိုင်လောက်အောင် ကွာဝေးတဲ့နေရာမှာ ကိုယ်တော် ထားခဲ့ပြီလို့ ဒါဝိဒ် ပြောနေတာဖြစ်တယ်။
‘အဖသည် သားတို့ကို သနားစုံမက်သည်နည်းတူ ထာဝရဘုရားသခင်သည် ကြောက်ရွံ့သောသူတို့ကို သနားစုံမက်တော်မူ၏။’ (အခန်းငယ် ၁၃) မေတ္တာရှိတဲ့ ဖခင်တစ်ဦးရဲ့ စိတ်ခံစားချက်တွေကို ကိုယ်တိုင် ဖခင်တစ်ဦးဖြစ်နေတဲ့ ဒါဝိဒ် ကောင်းကောင်းသိထားတယ်။ အဲလိုဖခင်မျိုးဟာ သားသမီးတွေကို သနားကြင်နာတတ်တယ်။ အထူးသဖြင့် သားသမီးတွေ ဝေဒနာခံစားနေချိန်မှာ ဖြစ်တယ်။ ကောင်းကင်ခမည်းတော်ဟာ မြေကြီးပေါ်မှာရှိတဲ့ သားသမီးတွေကို သနားကြင်နာမှုပြတယ်။ အထူးသဖြင့် ကိုယ့်အပြစ်ကြောင့် “ကျိုးပဲ့ကြေမွ” တဲ့နှလုံးနဲ့ နောင်တယူတဲ့အခါမှာ သနားကြင်နာမှုပြတယ်ဆိုတာကို ဒါဝိဒ် အာမခံတယ်။—ဆာလံ ၅၁:၁၇။
အဲဒီဥပမာအလင်္ကာသုံးခုကို ဖော်ပြပြီးတဲ့နောက် မစုံလင်တဲ့လူသားတွေကို သနားကြင်နာမှုပြဖို့ ဘုရားသခင်ကို ဘာက လှုံ့ဆော်ပေးသလဲဆိုတာ ဒါဝိဒ် ဒီလိုဖော်ပြတယ်– “ငါတို့ကိုယ်ခန္ဓာကို သိတော်မူ၏။ ငါတို့သည် မြေမှုန့်ဖြစ်ကြောင်းကို အောက်မေ့တော်မူ၏။” (အခန်းငယ် ၁၄) ကျွန်ုပ်တို့ဟာ မြေမှုန့်နဲ့ ဖန်ဆင်းခံရပြီး အားနည်းချက်တွေ၊ မစွမ်းဆောင်နိုင်တဲ့အရာတွေ ရှိတယ်ဆိုတာကို ဘုရားသခင် သိတယ်။ နောင်တစစ်ကို ကျွန်ုပ်တို့ တင်ပြနေသရွေ့ ကျွန်ုပ်တို့ရဲ့ အပြစ်ပြုချင်တဲ့ ဉာဉ်ဆိုးကို ကိုယ်တော် ထည့်တွက်ပေးပြီး “ခွင့်လွှတ်ရန် အသင့်” ရှိတယ်။—ဆာလံ ၈၆:၅၊ ကဘ။
ဘုရားသခင်ရဲ့ သနားကြင်နာမှုနဲ့ပတ်သက်တဲ့ ဒါဝိဒ်ရဲ့ဖော်ပြချက်ကြောင့် သင့်စိတ်နှလုံး မထိမိသွားဘူးလား။ ဆောင်းပါးအစမှာ ဖော်ပြခဲ့တဲ့ အမျိုးသမီးဟာ ခွင့်လွှတ်ဖို့အသင့်ရှိတဲ့ ဘုရားသခင်ရဲ့အကြောင်းကို ကျမ်းစာကနေ သင်ယူသိရှိတဲ့အခါ စိတ်ထိမိပြီး ဒီလိုပြောတယ်– “ဘုရားသခင်နဲ့ရင်းနှီးတဲ့ဆက်ဆံရေး ကျွန်မ တကယ် ရရှိနိုင်တယ်ဆိုတာကို စပြီး ခံစားလာရတယ်။ အပြစ်ရှိတယ်လို့ ခံစားရတဲ့ ဝန်ထုပ်ကြီးလည်း ပေါ့သွားတယ်။”a ဘုရားသခင်ရဲ့ သနားကြင်နာမှုအကြောင်း၊ အဲဒီ သနားကြင်နာမှုကို ဘယ်လိုရရှိနိုင်ကြောင်း ဒီထက်ပိုပြီး သိရှိအောင် လေ့လာကြည့်ရင် မကောင်းဘူးလား။ အဲဒီလိုလုပ်မယ်ဆိုရင် သင်လည်းပဲ ဝန်ထုပ်ပေါ့သွားသလိုမျိုး ခံစားကောင်းခံစားရနိုင်ပါတယ်။
ဩဂုတ်လအတွက် ကျမ်းစာဖတ်ရှုခြင်းအစီအစဉ်–
[အောက်ခြေမှတ်ချက်]
a ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ ယေဟောဝါထံ ချဉ်းကပ်လော့စာအုပ်ရဲ့ “‘ခွင့်လွှတ်ရန် အသင့်ရှိ’ တော်မူသော ဘုရားသခင်” ဆိုတဲ့ အခန်း ၂၆ မှာ ဖတ်ကြည့်နိုင်ပါတယ်။
[စာမျက်နှာ ၁၃ ပါအကျဉ်းဖော်ပြချက်]
“ဘုရားသခင်နဲ့ရင်းနှီးတဲ့ဆက်ဆံရေး ကျွန်မ တကယ်ရရှိနိုင်တယ်ဆိုတာကို စပြီး ခံစားလာရတယ်။ အပြစ်ရှိတယ်လို့ ခံစားရတဲ့ ဝန်ထုပ်ကြီးလည်း ပေါ့သွားတယ်”