အားနည်းခြင်း၊ ဆိုးညစ်ခြင်းနှင့် နောင်တတို့ကို ပိုင်းခြားသတ်မှတ်ခြင်း
အပြစ်ဟူသည် ခရစ်ယာန်များမနှစ်မြို့သည့်အရာ—ယေဟောဝါ၏ ဖြောင့်မတ်သောစံချိန်များကို မပြည့်မီခြင်းဖြစ်သည်။ (ဟေဗြဲ ၁:၉) ဝမ်းနည်းစရာကား ကျွန်ုပ်တို့အားလုံး အခါအားလျော်စွာအပြစ်ပြုကြသည်။ ကျွန်ုပ်တို့အားလုံးသည် မွေးရာပါအားနည်းမှုနှင့် မစုံလင်မှုတို့ဖြင့် တိုက်လှန်ကြရသည်။ အများအားဖြင့် ကျွန်ုပ်တို့၏အပြစ်များကို ယေဟောဝါထံဝန်ချပြီး ယင်းတို့ကိုထပ်မံမလုပ်ရန် စိတ်အားထက်သန်စွာကြိုးစားလျှင် ကျွန်ုပ်တို့သည် ကြည်လင်သည့်သြတ္တပ္ပစိတ်ဖြင့် ကိုယ်တော်ထံချဉ်းကပ်နိုင်ကြသည်။ (ရောမ ၇:၂၁-၂၄; ၁ ယောဟန် ၁:၈၊ ၉; ၂:၁၊ ၂) အားနည်းချက်များကြားမှ တင်ဆက်သည့် ကျွန်ုပ်တို့၏အထွတ်အမြတ်ဝတ်ကို ရွေးဖိုးပူဇော်သက္ကာအခြေပြု၍ လက်ခံတော်မူသောယေဟောဝါအား ကျွန်ုပ်တို့ကျေးဇူးတင်ကြသည်။
လူတစ်ဦးသည် အသွေးအသားအားနည်းချက်ကြောင့် ကြီးလေးသောအပြစ်ပြုမိပါက ယာကုပ်၅:၁၄-၁၆ (ကဘ) တွင်ဖော်ပြထားသည့် အစီအစဉ်နှင့်အညီ သိုးထိန်းလည်ပတ်ခံရရန်အားချင်းလိုအပ်သည်– “သင်တို့အထဲတွင် [ဝိညာဉ်ရေးအရ] ဖျားနာသောသူရှိသလော။ သူ့အား အသင်းတော်ရှိအသက်ကြီးသူကို ခေါ်စေပါ . . . သူသည် အပြစ်များကိုပြုထားပါက ခွင့်လွှတ်ခြင်းခံရမည်။ ထို့ကြောင့် သင်တို့သည် ရောဂါပျောက်ရန် အချင်းချင်း မိမိတို့၏အပြစ်များကို ပွင့်ပွင့်လင်းလင်းဝန်ခံကြပြီး အချင်းချင်းတို့အဖို့ ဆုတောင်းကြလော့။”
ထို့ကြောင့် ဆက်ကပ်အပ်နှံထားသောခရစ်ယာန်တစ်ဦးသည် ကြီးမားသောအပြစ်တစ်ခုကို ကျူးလွန်ပါက ယေဟောဝါထံ နှစ်ကိုယ်ကြားအပြစ်ဝန်ချခြင်းထက်မက လိုအပ်သည်။ အသင်းတော်၏သန့်ရှင်းမှု သို့မဟုတ် ငြိမ်သက်မှုကို ဘေးပြုလာပြီဖြစ်ရာ အကြီးအကဲများသည် လုပ်ဆောင်စရာခြေလှမ်းအချို့ကို စတင်လှမ်းရပေမည်။ (မဿဲ ၁၈:၁၅-၁၇; ၁ ကောရိန္သု ၅:၉-၁၁; ၆:၉၊ ၁၀) အကြီးအကဲများ ဤသို့ဆုံးဖြတ်စရာပေါ်လာပေမည်– ထိုသူသည် နောင်တရသလော။ အပြစ်ပြုရန် မည်သည့်အရာကဖြစ်စေသနည်း။ ယင်းသည် တစ်ကြိမ်တစ်ခါအားနည်းမှုကြောင့် ဖြစ်သလော။ အပြစ်ပြုခြင်းကို အကျင့်ပါနေသလော။ ယင်းသို့ပိုင်းခြားဆုံးဖြတ်မှုများသည် အမြဲရိုးရှင်းလွယ်ကူသည်မဟုတ်ဘဲ ပိုင်းခြားသိမြင်မှုအတန်အရာလိုအပ်သည်။
အပြစ်ပြုခြင်းသည် မှားယွင်းသည့်လုပ်ရပ်များနှင့် ဆိုးညစ်သည့်အကျင့်အကြံလမ်းစဉ်သို့ လိုက်နေခြင်းကြောင့်ဖြစ်ပါက မည်သို့နည်း။ သို့ဖြစ်လျှင် အကြီးအကဲများ၏တာဝန်မှာ ရှင်းနေပါသည်။ ကောရိန္သုအသင်းတော်တွင် ကြီးလေးသည့်ကိစ္စတစ်ခုကိုကိုင်တွယ်ရန် တမန်တော်ပေါလုလမ်းညွှန်မှုမှာ ဤသို့ဖြစ်သည်– “ထိုဆိုးညစ်သောသူကို သင်တို့အထဲမှနှင်ထုတ်ကြလော့။” (၁ ကောရိန္သု ၅:၁၃) ခရစ်ယာန်အသင်းတော်တွင် ဆိုးညစ်သူများအတွက် နေရာမရှိပါ။
အားနည်းခြင်း၊ ဆိုးညစ်ခြင်းနှင့် နောင်တတို့ကိုချင့်ချိန်ခြင်း
လူတစ်ဦးနောင်တရကြောင်း အကြီးအကဲများမည်သို့သိနိုင်မည်နည်း။a ယင်းသည် လွယ်ကူသည့်မေးခွန်းမဟုတ်ပါ။ ဥပမာ၊ ဘုရင်ဒါဝိဒ်အကြောင်းစဉ်းစားကြည့်ပါ။ သူသည် သူ့သားအိမ်ရာပြစ်မှားမှုကို ကျူးလွန်ပြီးနောက် လူသတ်မှုကိုပါကျူးလွန်ခဲ့သည်။ သို့သော် ယေဟောဝါသူ့အား ဆက်လက်အသက်ရှင်ခွင့်ပေးခဲ့သည်။ (၂ ဓမ္မရာဇဝင် ၁၁:၂-၂၄; ၁၂:၁-၁၄) အာနနိနှင့်ရှဖိရေတို့အကြောင်းကိုလည်း စဉ်းစားကြည့်ပါဦး။ သူတို့သည် တမန်တော်များအား လိမ်လည်လှည့်ဖြားရန်ကြိုးစားပြီး မိမိတို့ပင်ကိုထက်ရက်ရောကြောင်း ဟန်ဆောင်ပြကြသည်။ ကြီးကျယ်သလော။ ကြီးကျယ်သည်။ လူသတ်မှုနှင့် သူ့သားအိမ်ရာပြစ်မှားမှုတို့လောက် ဆိုးသလော။ မဆိုးပါလေ! သို့သော် အာနနိနှင့်ရှဖိရေတို့သည် အသက်ဆုံးရှုံးခဲ့ကြရသည်။—တမန်တော် ၅:၁-၁၁။
အဘယ်ကြောင့် စီရင်ချက်ခြားနားရသနည်း။ ဒါဝိဒ်သည် အသွေးအသားအားနည်းမှုကြောင့် ကြီးလေးသောအပြစ်ပြုမိခြင်းဖြစ်သည်။ သူလုပ်ခဲ့သည့်အရာများကို တေ့တေ့ဆိုင်ဆိုင်ဖော်ပြခံရသောအခါ သူနောင်တယူခဲ့ပြီး—မိသားစုပြဿနာများအားဖြင့် ပြင်းထန်စွာဆုံးမခံရသော်လည်း ယေဟောဝါသူ့အားခွင့်လွှတ်ခဲ့သည်။ အာနနိနှင့်ရှဖိရေတို့မူ ပရိယာယ်ဆင်၍လိမ်ညာကာ ခရစ်ယာန်အသင်းတော်ကိုလှည့်ဖြားရန် ကြိုးစားကြပြီး ‘ဘုရားသခင်နှင့် သန့်ရှင်းသောဝိညာဉ်တော်ကို လှည့်စား’ ခြင်းအားဖြင့် အပြစ်ပြုခဲ့ကြသည်။ ယင်းက ဆိုးညစ်သောနှလုံး၏ သာဓကဖြစ်လာသည်။ သို့နှင့် သူတို့သည် သာ၍ပြင်းထန်စွာစီရင်ခံရကြသည်။
ကိစ္စနှစ်ရပ်စလုံးတွင် တရားစီရင်ခြင်းကို ယေဟောဝါပြုတော်မူပြီး ကိုယ်တော်သည် နှလုံးကိုစစ်ကြောနိုင်သောကြောင့် ကိုယ်တော့်စီရင်ချက်သည် မှန်ကန်သည်။ (နယပုံပြင် ၁၇:၃) လူသားအကြီးအကဲများ ယင်းသို့မပြုနိုင်ကြပါ။ ထို့ကြောင့် ကြီးလေးသောအပြစ်တစ်ခုသည် ဆိုးညစ်ခြင်းထက် အားနည်းခြင်း၏ သာဓကဖြစ်ကြောင်း အကြီးအကဲများ မည်သို့ပိုင်းခြားသိမြင်နိုင်မည်နည်း။
အမှန်အားဖြင့် အပြစ်အားလုံးသည် ဆိုးညစ်သော်လည်း အပြစ်ပြုသူအားလုံးသည် ဆိုးညစ်ကြသည်မဟုတ်ပါ။ အပြစ်တစ်ခုသည် လူတစ်ဦးအတွက် အားနည်းချက်၏သာဓကဖြစ်နိုင်သော်လည်း အခြားတစ်ဦးအတွက်မူ ဆိုးညစ်ခြင်း၏သာဓကဖြစ်နိုင်သည်။ မှန်ပါသည်၊ အပြစ်ပြုခြင်းတွင် အပြစ်ပြုသူ၏ အားနည်းခြင်းနှင့် ဆိုးညစ်ခြင်းနှစ်ရပ်စလုံး အထိုက်အလျောက်ပါဝင်လေ့ရှိသည်။ ဆုံးဖြတ်စရာအချက်တစ်ခုမှာ အပြစ်ပြုသူသည် သူလုပ်ခဲ့သည့်အရာကို မည်သို့ရှုမြင်ပြီး ယင်းနှင့်ပတ်သက်၍ မည်သို့ပြုရန်ရည်ရွယ်ခြင်းဖြစ်သည်။ သူသည် နောင်တရသည့်သဘောကို တင်ပြပါသလော။ အကြီးအကဲများသည် ယင်းကိုသိမြင်နိုင်ရန် ပိုင်းခြားနိုင်စွမ်းရှိရမည်။ ထိုပိုင်းခြားနိုင်စွမ်းကို သူတို့မည်သို့ရနိုင်သနည်း။ တမန်တော်ပေါလုက တိမောသေအား ဤသို့ကတိပေးခဲ့သည်– “ငါပြောသည့်အရာကို အမြဲတစေစဉ်းစားခြင်းပြုလော့; သခင်သည် သင့်အား အရာရာ၌ပိုင်းခြားနိုင်စွမ်းကို အမှန်ပင်ပေးလိမ့်မည်။” (၂ တိမောသေ ၂:၇၊ ကဘ) အကြီးအကဲများသည် ပေါလုနှင့်အခြားကျမ်းရေးသူများ၏ မှုတ်သွင်းခံစကားများကို နှိမ့်ချစွာဖြင့် “အမြဲတစေစဉ်းစားခြင်းပြု” လျှင် သူတို့သည် အသင်းတော်တွင်ပြစ်မှားသူများကို လျောက်ပတ်စွာရှုမြင်နိုင်ရန် လိုအပ်သည့်ပိုင်းခြားနိုင်စွမ်းကို ရရှိကြမည်။ သို့နှင့် သူတို့၏ဆုံးဖြတ်ချက်များသည် ကိုယ်ပိုင်အတွေးအခေါ်များကိုမဟုတ်ဘဲ ယေဟောဝါ၏စဉ်းစားတွေးတောပုံကို ရောင်ပြန်ဟပ်မည်။—နယပုံပြင် ၁၁:၂; မဿဲ ၁၈:၁၈။
ယင်းကိုမည်သို့ပြုလုပ်နိုင်သနည်း။ တစ်နည်းမှာ ဆိုးညစ်သူများကို ကျမ်းစာမည်သို့ဖော်ပြကြောင်း ဆန်းစစ်ကြည့်ပြီး ယင်းဖော်ပြချက်သည် အရေးယူခံရသူနှင့် သက်ဆိုင်ခြင်းရှိမရှိကြည့်ရန် ဖြစ်သည်။
တာဝန်ယူခြင်းနှင့်နောင်တရခြင်း
ဆိုးညစ်သည့်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြသည့် ပထမဆုံးလူသားများမှာ အာဒံနှင့်ဧဝတို့ဖြစ်ကြသည်။ စုံလင်၍ ယေဟောဝါ၏ပညတ်တော်ကို ကောင်းစွာသိကျွမ်းသည့်ကြားမှ သူတို့သည် ဘုရားသခင့်အကြွင်းမဲ့ပိုင်သအုပ်စိုးခွင့်ကို ဖီဆန်ခဲ့ကြသည်။ သူတို့၏လုပ်ရပ်ကို သူတို့အား ယေဟောဝါထင်ရှားပြသောအခါ သူတို့၏တုံ့ပြန်မှုမှာ သတိပြုစရာဖြစ်သည်—အာဒံက ဧဝကိုအပြစ်တင်ပြီး ဧဝက မြွေကိုအပြစ်ဖို့ခဲ့ပါသည်တကား! (ကမ္ဘာဦး ၃:၁၂၊ ၁၃) ယင်းကို ဒါဝိဒ်၏ အလွန်အမင်းနှိမ့်ချသောသဘောနှင့် နှိုင်းယှဉ်ကြည့်ပါ။ မိမိ၏ကြီးလေးသည့်အပြစ်များနှင့် ရင်ဆိုင်ရသောအခါ တာဝန်ယူပြီး ခွင့်လွှတ်မှုကိုတောင်းခံခဲ့ရာတွင် သူပြောသည်မှာ “ငါသည် ထာဝရဘုရားကိုပြစ်မှားပါပြီ” ဟူ၍ဖြစ်သည်။—၂ ဓမ္မရာဇဝင် ၁၂:၁၃; ဆာလံ ၅၁:၄၊ ၉၊ ၁၀။
အကြီးအကဲများသည် ကြီးလေးသောအပြစ်များ၊ အထူးသဖြင့် အရွယ်ရောက်သူတစ်ဦးက ကျူးလွန်ခြင်းကို ကိုင်တွယ်ရာတွင် ဤဥပမာနှစ်ရပ်ကို ကောင်းစွာဆင်ခြင်သုံးသပ်သင့်သည်။ အပြစ်ပြုသူသည်—ဒါဝိဒ်နည်းတူ အပြစ်ထင်ရှားပြသခြင်းခံရသောအခါ—အပြစ်တင်ခြင်းကို ရိုးသားစွာခံယူပြီး နောင်တယူလျက် ယေဟောဝါ၏အကူအညီနှင့်ခွင့်လွှတ်မှုကို ရှာဖွေသလော သို့မဟုတ် အခြားသူတစ်ဦးတစ်ယောက်အား အပြစ်တင်ခြင်းအားဖြင့် မိမိပြုခဲ့သည့်အရာကို သေးသိမ်သွားစေရန် ကြိုးစားသလော။ မှန်ပါသည်၊ အပြစ်ပြုသူသည် မိမိအားအဘယ်အရာက အပြစ်ပြုမိစေကြောင်း ရှင်းပြလိုပေမည်။ ထို့အပြင် သူ့အားမည်သို့ကူညီမည်ကို ဆုံးဖြတ်ရာတွင် အကြီးအကဲများထည့်စဉ်းစားသင့်သော အတိတ် သို့မဟုတ် လောလောဆယ်အခြေအနေများလည်း ရှိနိုင်ပေမည်။ (ဟောရှေ ၄:၁၄ နှိုင်းယှဉ်။) သို့ရာတွင် အပြစ်ပြုသူမှာ သူ ဖြစ်ပြီး ယေဟောဝါရှေ့တာဝန်ရှိသူမှာ သူ ပင်ဖြစ်ကြောင်းကို သူလက်ခံသင့်သည်။ ဤအချက်ကိုသတိရပါ– “ထာဝရဘုရားသည် ကျိုးပဲ့သောစိတ်ရှိသောသူတို့နှင့် နှလုံးကြေကွဲသောသူတို့ကို နီးတော်မူ၏။ နောင်တရှိ၍ စိတ်နှိမ့်ချသောသူတို့ကိုလည်း ကယ်တင်တော်မူ၏။”—ဆာလံ ၃၄:၁၈။
အဆိုးကိုပြုကျင့်ခြင်း
ဆာလံကျမ်းစာစောင်တွင် ဆိုးညစ်သူကိုရည်ညွှန်းပြောဆိုချက်များစွာ ပါဝင်သည်။ ယင်းကျမ်းချက်များက လူတစ်ဦးသည် ပင်ကိုအားဖြင့် ဆိုးသွမ်းသူ သို့မဟုတ် အားနည်းသူဖြစ်သည်ကို အကြီးအကဲများပိုင်းခြားသိမြင်နိုင်ရန် ထပ်၍အကူအညီပေးနိုင်သည်။ ဥပမာ၊ ဘုရင်ဒါဝိဒ်၏ မှုတ်သွင်းခံဆုတောင်းချက်ကို စဉ်းစားကြည့်ပါ– “မိမိအပေါင်းအဖော်ချင်းတို့နှင့် ငြိမ်းချမ်းသည့်စကားပြောသော်လည်း နှလုံးထဲတွင် ဆိုးသောအရာရှိသော ဆိုးညစ်သူများနှင့် ထိခိုက်နစ်နာစေသောအရာကို ပြုကျင့်သူများနှင့်အတူပါရန် ကျွန်ုပ်ကိုသွေးဆောင်တော်မမူပါနှင့်။” (ဆာလံ ၂၈:၃) ဆိုးညစ်သူများအား “ထိခိုက်နစ်နာစေသောအရာကို ပြုကျင့်သူများ” နှင့် တန်းတူထား၍ဖော်ပြထားကြောင်း သတိပြုပါ။ အသွေးအသားအားနည်းမှုကြောင့် အပြစ်ပြုသူတစ်ဦးသည် သတိတရားရလာသည်နှင့် အပြစ်ပြုခြင်းကိုရပ်ဆိုင်းရန် ကြိုးစားပေမည်။ သို့သော် လူတစ်ဦးသည် ဆိုးသောအရာကို မိမိအသက်တာ၏ အစိတ်အပိုင်းဖြစ်လာသည့်အထိ ‘ပြုကျင့်’ ပါက ယင်းသည် ဆိုးညစ်သောနှလုံး၏သာဓကပင်ဖြစ်သည်။
ဆိုးညစ်ခြင်း၏ အခြားသောလက္ခဏာများကို ထိုအခန်းငယ်တွင် ဒါဝိဒ်ဖော်ပြသေးသည်။ ဆိုးညစ်သောသူသည် အာနနိနှင့်ရှဖိရေတို့နည်းတူ ပါးစပ်အားဖြင့် ကောင်းသောအရာများကိုပြောသော်လည်း နှလုံးထဲတွင် ဆိုးသောအရာများရှိသည်။ သူသည် အရေခြုံဟန်ဆောင်သူတစ်ဦး—‘အပြင်၌လူတို့ရှေ့မှာ ဖြောင့်မတ်ဟန်ရှိသော်လည်း အတွင်း၌ လျှို့ဝှက်ခြင်း၊ မတရားသဖြင့်ကျင့်ခြင်း’ တို့ရှိသော ယေရှုခေတ်ကဖာရိရှဲများကဲ့သို့ ဖြစ်နိုင်သည်။ (မဿဲ ၂၃:၂၈; လုကာ ၁၁:၃၉) အရေခြုံဟန်ဆောင်ခြင်းကို ယေဟောဝါမုန်းတော်မူသည်။ (နယပုံပြင် ၆:၁၆-၁၉) လူတစ်ဦးသည် တရားရေးကော်မတီနှင့် စကားပြောဆိုစဉ်၌ပင် သူ၏ကြီးလေးသောအပြစ်ကို ငြင်းဆန်ရန်ကြိုးစားလျှင် သို့မဟုတ် အခြားသူများသိပြီးသားအရာကို မကျေမချမ်းဖြင့်ဝန်ခံသော်လည်း လုံးလုံးလျားလျားဝန်ခံရန်ငြင်းဆိုလျှင် ယင်းသည် ဆိုးညစ်သောနှလုံး၏သာဓကပင်ဖြစ်သည်။
ထောင်လွှားသူများသည် ယေဟောဝါကိုမလေးမခန့်ပြု
ဆိုးညစ်သူ၏ အခြားသောစရိုက်လက္ခဏာများကို ဆာလံအခန်းကြီး ၁၀ တွင် ဖော်ပြထားသည်– “ဆိုးညစ်သောသူသည် မိမိ၏ထောင်လွှားမှုအားဖြင့် ဒုက္ခရောက်သူကို အပူတပြင်းလိုက်တတ်၏; . . . သူသည် ယေဟောဝါကို မလေးမခန့်ပြုသည်။” (ဆာလံ ၁၀:၂၊ ၃) ထောင်လွှားပြီး ယေဟောဝါအားမလေးမခန့်ပြုသော ဆက်ကပ်အပ်နှံထားသည့်ခရစ်ယာန်တစ်ဦးအား ကျွန်ုပ်တို့မည်သို့ရှုမြင်ရမည်နည်း။ ယင်းသည် ဆိုးညစ်သည့်စိတ်သဘောထားအမှန်ပင်ဖြစ်သည်။ အားနည်းခြင်းကြောင့် ပြစ်မှားသူတစ်ဦးသည် မိမိ၏အပြစ်ကိုသိမြင်လာသောအခါ သို့မဟုတ် သတိပြုမိလာသောအခါ နောင်တရပြီး မိမိ၏အသက်တာလမ်းစဉ်ကို ပြောင်းလဲရန် အစွမ်းကုန်ကြိုးစားတော့သည်။ (၂ ကောရိန္သု ၇:၁၀၊ ၁၁) ယင်းနှင့်ဆန့်ကျင်လျက် လူတစ်ဦးသည် ပင်ကိုက ယေဟောဝါအားမလေးစားသောကြောင့် အပြစ်ပြုပါက အပြစ်ကို ထပ်ခါထပ်ခါပြန်ကျော့သည့် လမ်းစဉ်မှ မည်သည့်အရာက သူ့ကိုရပ်တန့်သွားစေမည်နည်း။ ညင်သာသည့်သဘောဖြင့် သွန်သင်ခံရသော်လည်း ထောင်လွှားနေလျှင် ရိုးသားစွာနှင့်စစ်မှန်စွာ နောင်တရရန် လိုအပ်သည့်နှိမ့်ချမှုကို သူမည်သို့ရနိုင်မည်နည်း။
အထက်ပါဆာလံကျမ်း၏ ရှေ့အနည်းငယ်တွင်ပါသော ဒါဝိဒ်၏စကားများကို သုံးသပ်ကြည့်ပါ– “ဆိုးညစ်သောသူသည် အဘယ်ကြောင့် ဘုရားသခင်ကိုမခန့်လေးစားပြုရသနည်း။ ‘ကိုယ်တော်သည် ဖြေရှင်းချက်ကို တောင်းတော်မမူ’ ဟု သူ၏နှလုံးထဲမှပြောတတ်၏။” (ဆာလံ ၁၀:၁၃) ခရစ်ယာန်အသင်းတော်အစီအစဉ်တွင် ဆိုးညစ်သူသည် အမှားနှင့်အမှန်ကို ပိုင်းခြားသိသော်လည်း ပြစ်ဒဏ်လွတ်မည်ဟုထင်ပါက သူသည် အမှားပြုရန်ဝန်မလေးချေ။ ဘေးသင့်မည့်အခြေအနေကို မစိုးရိမ်ရသရွေ့ သူသည် အပြစ်ပြုလိုစိတ်ကို အစွမ်းကုန်လွှတ်ထားပေးတတ်သည်။ ဒါဝိဒ်ကဲ့သို့မဟုတ်ဘဲ သူသည် မိမိအပြစ်ထင်ရှားလာသောအခါ ဆုံးမခြင်းကိုရှောင်လွှဲရန် အကြံထုတ်ပေမည်။ ထိုသို့သောသူသည် ယေဟောဝါအား အလွန့်အလွန်မခန့်လေးစားပြုသူဖြစ်သည်။ “ဘုရားသခင်ကို ကြောက်ရွံ့ရသောအကြောင်းသည် မတရားသောသူ၏မျက်စိ၌မထင် . . . ဆိုးယုတ်သောအကျင့်ကို ရွံရှာခြင်းမရှိ။”—ဆာလံ ၃၆:၁၊ ၄။
အခြားသူများကိုထိခိုက်နစ်နာစေခြင်း
အပြစ်တစ်ခုကြောင့် လူတစ်ဦးထက်မက ထိခိုက်နစ်နာရလေ့ရှိသည်။ ဥပမာ၊ သူ့သားအိမ်ရာပြစ်မှားသူတစ်ဦးသည် ဘုရားသခင်ကိုပြစ်မှားသည်; သူ၏ဇနီးနှင့်ကလေးများအား အတိဒုက္ခရောက်စေသည်; သူနှင့်အပြစ်ကျူးလွန်ဖက်သည် အိမ်ထောင်သည်ဖြစ်ပါက သူသည် သူမ၏မိသားစုကို ဒုက္ခရောက်စေရာကျသည်; အသင်းတော်၏ဂုဏ်သိက္ခာကိုလည်း စွန်းထင်းစေသည်။ ယင်းအရာအားလုံးကို သူမည်သို့ရှုမြင်သနည်း။ သူသည် အလွန်စိတ်မကောင်းကြီးစွာဖြင့် စစ်မှန်သောနောင်တကိုတင်ပြပါသလော။ သို့မဟုတ် ဆာလံ ၉၄ တွင်ဖော်ပြထားသည့်သဘောထားကို သူတင်ပြသလော– “အဓမ္မအမှုကိုပြုသမျှသောသူတို့သည် စော်ကား၍ ကြမ်းတမ်းသောစကားကိုပြောလျက် အဘယ်မျှကာလပတ်လုံး ဝါကြွားကြပါလိမ့်မည်နည်း။ အိုထာဝရဘုရား သူတို့သည် ကိုယ်တော်၏လူတို့ကိုနှိပ်စက်၍ အမွေတော်ကိုညှဉ်းဆဲကြပါ၏။ မုဆိုးမနှင့်ဧည့်သည်ကိုလည်းကောင်း၊ မိဘမရှိသောသူငယ်ကိုလည်းကောင်း သတ်ကြပါ၏။ သို့သော် ‘ထာဝရဘုရားသည်မမြင်၊ ယာကုပ်အမျိုး၏ဘုရားသခင်သည် မမှတ်တတ်’ ဟုဆိုကြပါ၏။”—ဆာလံ ၉၄:၄-၇။
အသင်းတော်တစ်ခုကကိုင်တွယ်သော အပြစ်များတွင် လူသတ်မှုနှင့်သတ်ဖြတ်ခြင်းတို့ ပါဝင်ဖွယ်ရာမရှိချေ။ သို့သော် ဤတွင်တင်ပြသည့် သဘောထား—ကိုယ်ကျိုးစီးပွားအတွက် သူတစ်ပါးကို ထိခိုက်နစ်နာစေရန် ဝန်မလေးသည့်သဘောထား—သည် ပြစ်မှားမှုကို အကြီးအကဲများစုံစမ်းနေစဉ် ပေါ်ပေါက်လာနိုင်သည်။ ယင်းသည်လည်း ဆိုးညစ်သူ၏အမှတ်လက္ခဏာဖြစ်သည့် မောက်မာခြင်းဖြစ်သည်။ (နယပုံပြင် ၂၁:၄) ယင်းသည် မိမိ၏ညီအစ်ကိုများအတွက် ကိုယ်ကျိုးစွန့်အနစ်နာခံရန် လိုလိုလားလားရှိသည့် ခရစ်ယာန်စစ်တစ်ဦး၏ သဘောထားနှင့် လားလားကြီးဆန့်ကျင်သည်။—ယောဟန် ၁၅:၁၂၊ ၁၃။
ဘုရားသခင့်မူများကို ကျင့်သုံးခြင်း
ဤလမ်းညွှန်ချက်အချို့တို့ကို စည်းမျဉ်းများအဖြစ်ချမှတ်ရန်မရည်ရွယ်ပါ။ သို့သော် ယင်းတို့သည် အမှန်ပင်ဆိုးညစ်သည်ဟု ယေဟောဝါရှုမြင်သောအရာအချို့ကို သိမြင်စေသည်။ ကျူးလွန်သည့်အမှားအတွက် တာဝန်ယူရန်ငြင်းဆန်မှုရှိသလော။ အပြစ်ပြုသူသည် ဤကိစ္စနှင့်ပတ်သက်၍ ယခင်ကသွန်သင်ဆုံးမမှုကို အတင့်ရဲစွာလျစ်လျူရှုသလော။ ကြီးလေးသောအမှားကျူးလွန်သည့် အကျင့်သည်အရိုးစွဲနေပြီလော။ အမှားကျူးလွန်သူသည် ယေဟောဝါ၏ပညတ်တော်ကို ပြောင်ပြောင်တင်းတင်းဥပေက္ခာပြုခြင်းကို တင်ပြသလော။ အမှားကျူးလွန်သူသည် တစ်ချိန်တည်းတွင် အခြားသူများကိုပါ ဖောက်ပြန်ယိုယွင်းကောင်းယိုယွင်းစေမည်ဖြစ်သော အမှားကိုဖုံးကွယ်ရန် ကြိုတင်အကွက်ဆင်သည့်အားထုတ်မှုမျိုးပြုသလော။ (ယုဒ ၄) မှားယွင်းမှုထင်ရှားလာသောအခါ ယင်းသို့သောအားထုတ်မှုများသည် ပို၍သာပြင်းထန်လာသလော။ အမှားကျူးလွန်သူသည် အခြားသူများနှင့် ယေဟောဝါ၏နာမတော်အား ထိခိုက်နစ်နာစေခြင်းကို လုံးလုံးဂရုမစိုက်ဘဲနေသလော။ သူ၏သဘောထားကားအဘယ်နည်း။ ကျမ်းစာနှင့်အညီ ကြင်နာစွာသွန်သင်ခံရပြီးနောက် သူသည် ထောင်လွှားသလော သို့မဟုတ် မောက်မာသလော။ ထပ်ခါထပ်ခါအမှားကျူးလွန်ခြင်းကို ရှောင်လိုသော ပြင်းပြသည့်ဆန္ဒ သူ့တွင်ကင်းမဲ့နေသလော။ ယင်းသို့ နောင်တကင်းမဲ့ကြောင်း အခိုင်အမာတင်ပြသည့်အချက်မျိုးကို အကြီးအကဲများသိမြင်ပါက ကျူးလွန်သောအပြစ်များသည် အသွေးအသားအားနည်းမှုသက်သက်ကြောင့် မဟုတ်ဘဲ ဆိုးညစ်ခြင်း၏သာဓကဖြစ်ကြောင်း သူတို့သဘောထိုင်ကြပေမည်။
ဆိုးညစ်သောသဘောရှိပုံရသူတစ်ဦးနှင့် ဆွေးနွေးသုံးသပ်သည့်အခါ၌ပင် ဖြောင့်မတ်ခြင်းလမ်းစဉ်ကို လိုက်လျှောက်ရန် အကြီးအကဲများက သူ့အားတိုက်တွန်းမြဲတိုက်တွန်းနေမည်ဖြစ်သည်။ (ဟေဗြဲ ၃:၁၂) ဆိုးညစ်သူသည် နောင်တရပြီး ပြောင်းကောင်းပြောင်းလဲနိုင်မည်။ ယင်းသို့မဖြစ်ပါက ဣသရေလလူမျိုးအား ယေဟောဝါဤသို့တိုက်တွန်းစရာအကြောင်းမရှိ– “ဆိုးသောသူသည် မိမိလမ်းကိုလည်းကောင်း မတရားသောသူသည် မိမိအကြံအစည်တို့ကိုလည်းကောင်း စွန့်ပစ်၍ ထာဝရဘုရားထံတော်သို့ ပြောင်းလဲပါစေ။ သို့ပြုလျှင် သနားတော်မူလိမ့်မည်။ ငါတို့ဘုရားသခင့်ထံတော်သို့ ပြောင်းလဲပါစေ။ သို့ပြုလျှင် အထူးသဖြင့် အပြစ်ကိုလွှတ်တော်မူလိမ့်မည်။” (ဟေရှာယ ၅၅:၇) တရားရေးကြားနာချိန်အတွင်း၌ နောင်တရသည့်အမူအရာနှင့် သဘောထားတို့အားဖြင့် ထင်ဟပ်ပေါ်လွင်သော သူ၏နှလုံးမှ သိသာသည့်ပြောင်းလဲမှုကို အကြီးအကဲများသိမြင်နိုင်ဖွယ်ရှိသည်။
လူတစ်ဦးကို နှင်ထုတ်သောအချိန်တွင်ပင် သိုးထိန်းများဖြစ်သောအကြီးအကဲများသည် သူ့အား နောင်တယူပြီး ယေဟောဝါ၏မျက်နှာသာတော်ဘက်သို့ ပြန်လှည့်လာရန် တိုက်တွန်းပေမည်။ ကောရိန္သုမြို့မှ “ဆိုးညစ်သူ” ကို သတိရပါ။ သူ၏လမ်းစဉ်ကို သိသိသာသာပြောင်းလဲခဲ့ပြီး နောင်တွင် သူ့အားပြန်လည်လက်ခံရန် ပေါလုထောက်ခံခဲ့သည်။ (၂ ကောရိန္သု ၂:၇၊ ၈) မနာရှေမင်းအကြောင်းကိုလည်း စဉ်းစားကြည့်ပါ။ သူသည် အမှန်ပင်ဆိုးညစ်သော်လည်း နောက်ဆုံးသူနောင်တရသောအခါ သူ၏နောင်တကို ယေဟောဝါလက်ခံတော်မူခဲ့သည်။—၄ ဓမ္မရာဇဝင် ၂၁:၁၀-၁၆; ၂ ရာဇဝင်ချုပ် ၃၃:၉၊ ၁၃၊ ၁၉။
မှန်သည်၊ ခွင့်မလွှတ်နိုင်သောအပြစ်—သန့်ရှင်းသောဝိညာဉ်တော်ကို ပြစ်မှားခြင်းရှိသည်။ (ဟေဗြဲ ၁၀:၂၆၊ ၂၇) မည်သူသည် ထိုအပြစ်ကိုကျူးလွန်ကြောင်း ယေဟောဝါတစ်ပါးတည်းသာ ဆုံးဖြတ်တော်မူသည်။ ယင်းကို လူသားများလုပ်ပိုင်ခွင့်မရှိချေ။ အကြီးအကဲများ၏တာဝန်မှာ အသင်းတော်သန့်ရှင်းစင်ကြယ်စေရန်နှင့် နောင်တရသူအပြစ်သားများအား မူလအခြေအနေသို့ပြန်ရောက်အောင် အကူအညီပေးရန်ဖြစ်သည်။ သူတို့သည် ပိုင်းခြားသိမြင်ခြင်းနှင့် နှိမ့်ချမှုတို့ဖြင့် ယင်းသို့ပြုပြီး မိမိတို့၏ဆုံးဖြတ်ချက်များသည် ယေဟောဝါ၏ဉာဏ်ပညာတော်ကို ရောင်ပြန်ဟပ်စေကြပါက ယေဟောဝါသည် သူတို့သိုးထိန်းခြင်း၏ ဤအခန်းကဏ္ဍကို ကောင်းချီးပေးတော်မူလိမ့်မည်။
[အောက်ခြေမှတ်ချက်များ]
a ထပ်ဆင့်အကြောင်းအရာအတွက် ၁၉၈၁ ခု၊ စက်တင်ဘာ ၁ ရက်ထုတ် ကင်းမျှော်စင် စာမျက်နှာ ၂၄-၆; ကျမ်းစာစောင်များမှ ထိုးထွင်းသိမြင်ခြင်း အတွဲ ၂၊ စာမျက်နှာ ၇၇၂-၄ တို့ကိုရှု။
[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]
အာနနိနှင့်ရှဖိရေတို့သည် ပရိယာယ်ဆင်ကာသန့်ရှင်းသောဝိညာဉ်တော်ကိုလှည့်ဖြားခြင်းဖြင့် ဆိုးညစ်သောနှလုံးကိုတင်ပြခဲ့