အခန်း ၃၅
ဘုရားရဲ့ မိတ်ဆွေ ဘယ်လို ဖြစ်နိုင်မလဲ
အဖြစ်ဆိုးတစ်ခု ကိုယ်တွေ့ ကြုံပြီးတဲ့နောက် ဘုရားသခင်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိခြင်း တန်ဖိုးကို ဂျေရမီ နားလည်သွားတယ်။ “ကျွန်တော့်အသက် ၁၂ နှစ်မှာ အဖေ ကျွန်တော်တို့ကို ထားရစ်ခဲ့တယ်။ တစ်ညမှာ၊ အဖေ အိမ်ပြန်လာအောင် လုပ်ပေးပါလို့ ယေဟောဝါဆီ အသနားခံ ဆုတောင်းတယ်” လို့ သူပြောတယ်။
စိတ်ပျက်ဝမ်းနည်းနေချိန်မှာ ဂျေရမီ ကျမ်းစာ စဖတ်တယ်။ ဆာလံ ၁၀:၁၄ ကို ဖတ်မိတဲ့အခါ အားရှိသွားတယ်။ အဲဒီကျမ်းချက်မှာ ယေဟောဝါဟာ ‘အခြေမလှသူတွေ၊ မိဘမဲ့ကလေးတွေကို ကူညီပေးသူ’ လို့ ဖော်ပြထားတယ်။ “ကျွန်တော့်ကို ကူညီပေးမယ်လို့ ယေဟောဝါ ပြောနေသလိုပဲ။ ယေဟောဝါဟာ ကျွန်တော့်ဖခင်၊ ကျွန်တော့်အတွက် အကောင်းဆုံး ဖခင်ပါပဲ” လို့ ဂျေရမီပြောပြတယ်။
သင်ဟာ ဂျေရမီလို အဖြစ်မျိုး ကြုံရသည်ဖြစ်စေ၊ မကြုံရသည်ဖြစ်စေ ယေဟောဝါက သင်နဲ့ မိတ်ဆွေ ဖြစ်ချင်တယ်။ “ဘုရားသခင်နဲ့ ရင်းနှီးအောင် ကြိုးစားပါ။ ဒါဆိုရင် ဘုရားသခင်လည်း ခင်ဗျားတို့နဲ့ ရင်းနှီးလာလိမ့်မယ်” လို့ ကျမ်းစာမှာ ဆိုတယ်။ (ယာကုပ် ၄:၈) စဉ်းစားကြည့်ပါ- မမြင်ရတဲ့၊ နှိုင်းယှဉ်လို့ မရအောင် ကြီးမြတ်လှတဲ့ ယေဟောဝါ ဘုရားသခင်က သင်နဲ့ မိတ်ဆွေ ဖြစ်ချင်တယ်လို့ ဖိတ်ခေါ်ထားတယ်။
ဘုရားသခင်နဲ့ ရင်းနှီးဖို့ ကြိုးစားအားထုတ်ရမယ်။ ဥပမာ၊ အိမ်ထဲမှာ အပင်လေးတွေ စိုက်ထားမယ်ဆိုရင် သူ့အလိုလို ကြီးထွားရှင်သန်နေမှာ မဟုတ်ဘူး။ မှန်မှန် ရေလောင်းပေးရမယ်၊ အပူချိန် အနေတော်ဖြစ်အောင် ဂရုစိုက်ပေးရတယ်။ ဘုရားသခင်နဲ့ မိတ်ဖွဲ့ရာမှာလည်း အဲဒီလိုပါပဲ။ မိတ်ဆွေနှောင်ကြိုး ခိုင်မြဲအောင် ဘယ်လို လုပ်မလဲ။
လေ့လာမှု အရေးကြီး
မိတ်ဆွေဖြစ်ခြင်းမှာ အပြန်အလှန် နားထောင်ခြင်း၊ စကားပြောခြင်း ပါဝင်တယ်။ ဘုရားသခင်နဲ့ မိတ်ဆွေဖြစ်ခြင်းမှာလည်း အလားတူပဲ။ ကျမ်းစာကို ဖတ်ရှု လေ့လာခြင်းက ဘုရားပြောတာကို နားထောင်တာနဲ့ တူတယ်။—ဆာလံ ၁:၂၊ ၃။
လေ့လာရတာက ကိုယ့်အကြိုက် ဟုတ်ချင်မှ ဟုတ်မယ်။ တီဗီကြည့်တာ၊ ဂိမ်းဆော့တာ၊ သူငယ်ချင်းတွေနဲ့ ပျော်ရတာကို ပိုသဘောကျကြတယ်။ ဒါပေမဲ့ ဘုရားသခင်နဲ့ မိတ်ဆွေ ဖြစ်ချင်ရင် ဖြတ်လမ်းနည်းတော့ မရှိဘူး။ ကျမ်းစာကို လေ့လာခြင်းအားဖြင့် ဘုရား စကားပြောတာကို နားထောင်ရမယ်။
သိပ်တော့ စိတ်မပူပါနဲ့။ ကျမ်းစာလေ့လာရတာ ဝန်ထုပ်ဝန်ပိုး မဟုတ်ပါဘူး။ လေ့လာရတာ ဝါသနာ မပါရင်တောင် ပျော်လာအောင် လုပ်နိုင်တယ်။ အရင်ဆုံး ကျမ်းစာလေ့လာဖို့ အချိန် ဖယ်ထားရမယ်။ လီဇ်ဆိုတဲ့ မိန်းကလေးက “အချိန်ဇယား ဆွဲထားတယ်။ မနက်ထတာနဲ့ အရင်ဆုံး ကျမ်းစာအခန်းကြီး တစ်ခန်း ဖတ်တယ်” လို့ ပြောတယ်။ အသက် ၁၅ နှစ်အရွယ် မာရီးယာကတော့ “အိပ်ယာမဝင်ခင် ကျမ်းစာဖတ်တယ်” လို့ ပြောတယ်။
လေ့လာမှုအစီအစဉ် စနိုင်ဖို့ စာမျက်နှာ ၂၉၂ မှာပါတဲ့ လေးထောင့်ကွက်ကို ကြည့်ပါ။ ကျမ်းစာကို နာရီဝက်လောက် လေ့လာနိုင်ဖို့ ဇယားဆွဲပါ။
․․․․․
အချိန်ဇယားဆွဲတာက အစပဲ ရှိသေးတယ်။ စလေ့လာပြီဆိုတာနဲ့ ကျမ်းစာဖတ်တယ်ဆိုတာ အမြဲ မလွယ်မှန်း သိရပါလိမ့်မယ်။ အသက် ၁၁ နှစ်အရွယ် ဂျီစရီးက “ကျမ်းစာအပိုင်းတချို့က အာရုံစိုက်ဖို့ ခက်တယ်။ စိတ်ဝင်စားစရာ မကောင်းဘူး” လို့ ဘွင်းဘွင်းပြောတယ်။ ကိုယ်လည်း အဲဒီလို ခံစားရရင် လက်မလျှော့ပါနဲ့။ မိတ်ဆွေ ယေဟောဝါပြောတာကို နားထောင်ဖို့ အခွင့်အရေးလို့ သဘောထားပြီး လေ့လာပါ။ ဒါဆိုရင် စိတ်ပါဝင်စားလာမယ်။ အကျိုးခံစားရပါလိမ့်မယ်။
ဆုတောင်းဖို့ အရေးကြီး
ဆုတောင်းတယ်ဆိုတာ ဘုရားသခင်နဲ့ စကားပြောတာပဲ။ သိပ်ကောင်းတဲ့ လက်ဆောင်ပါပဲ။ ယေဟောဝါဘုရားသခင်ဆီ နေ့ည အချိန်မရွေး ဆုတောင်းနိုင်တယ်။ ဘုရားက နားထောင်ဖို့ အမြဲ အသင့်ရှိတယ်။ ဒါတင်မကသေးဘူး။ ကျွန်တော်တို့ပြောတာကို နားထောင်ချင်တယ်။ ဒါကြောင့် “ဘာမှ မစိုးရိမ်ဘဲ အရာရာမှာ ကျေးဇူးတော်ကို ချီးမွမ်းကြပါ၊ ဆုတောင်းကြပါ၊ တိုးလျှိုးအသနားခံကြပါ၊ ဘုရားသခင်ဆီ အသနားခံကြပါ” လို့ ကျမ်းစာတိုက်တွန်းတယ်။—ဖိလိပ္ပိ ၄:၆။
အဲဒီကျမ်းချက်မှာ ပါတဲ့အတိုင်း ယေဟောဝါကို ဘာမဆို ပြောလို့ရတယ်။ ကိုယ့်ပြဿနာ၊ စိတ်သောကတွေ ရင်ဖွင့်နိုင်တယ်။ ကျေးဇူးတင်စရာတွေကိုလည်း ပြောပြနိုင်တယ်။ ကိုယ့်ကိုကူညီပေးတဲ့ မိတ်ဆွေသူငယ်ချင်းတွေကို ကျေးဇူးတင်တယ် မဟုတ်လား။ ကျွန်တော်တို့အပေါ် မိတ်ဆွေရှိသမျှထက် ကူညီပေးခဲ့တဲ့ ယေဟောဝါကိုလည်း ကျေးဇူးတင်ကြောင်း ပြောပါ။—ဆာလံ ၁၀၆:၁။
ယေဟောဝါကို ကျေးဇူးတင်တဲ့ အချက်တွေကို အောက်မှာ ချရေးပါ။
․․․․․
တစ်ခါတစ်လေ သင်လည်း စိုးရိမ်ကြောက်လန့်စရာတွေနဲ့ ဝန်ပိနေသလို ခံစားရမှာပဲ။ “ထမ်းထားရတဲ့ဝန်ကို ယေဟောဝါဆီ ပုံအပ်လိုက်ပါ။ ကိုယ်တော် ဖေးမလိမ့်မယ်။ ဖြောင့်မတ်သူကို ဘယ်တော့မှ လဲကျခွင့်ပြုမှာ မဟုတ်ဘူး” ဆိုပြီး ဆာလံ ၅၅:၂၂ မှာ ဆိုတယ်။
သင် ဆုတောင်း ပြောပြချင်တဲ့ စိတ်ပူပန်စရာတွေကို အောက်မှာ ချရေးပါ။
․․․․
ကိုယ့်အတွေ့အကြုံ
ယေဟောဝါနဲ့ မိတ်တွေဖြစ်ခြင်းမှာ လျစ်လျူမရှုသင့်တဲ့အရာတစ်ခု ရှိတယ်။ ဆာလံဆရာ ဒါဝိဒ်က “ယေဟောဝါ ဘယ်လောက် ကောင်းမြတ်သလဲဆိုတာ မြည်းစမ်းပြီး ကိုယ်တိုင် ခံစားကြည့်ပါ” လို့ ရေးတယ်။ (ဆာလံ ၃၄:၈) ထိတ်လန့်ဖွယ်အခြေအနေ ကြုံပြီးခါစမှာ ဆာလံ ၃၄ ကို ဒါဝိဒ် စပ်ဆိုခဲ့တာ။ ဘုရင်ရှောလုရဲ့ ရန်ကနေ သေပြေးရှင်ပြေး တိမ်းရှောင်နေချိန် ဖြစ်တယ်။ ရန်သူ ဖိလိတိတွေဆီ သွားခိုလှုံရတယ်။ စိတ်မနှံ့သူလို ရူးချင်ယောင်ဆောင်တဲ့အတွက် အသက်ဘေးက သီသီလေး လွတ်သွားတယ်။—၁ ရှမွေလ ၂၁:၁၀-၁၅။
ငါဉာဏ်သုံးလိုက်လို့ အသက်ဘေးက လွတ်လာတာဆိုပြီး ဒါဝိဒ် မယူမှတ်ဘူး။ ယေဟောဝါကြောင့်လို့ ပြောခဲ့တယ်။ အထက်ပါ ဆာလံကျမ်းမှာ သူဒီလိုရေးတယ်- “ယေဟောဝါက ငါမေးလျှောက်တဲ့အခါ ပြန်ဖြေတယ်။ ကြောက်လန့်စရာမှန်သမျှကနေ ငါ့ကို ကယ်တင်တယ်။” (ဆာလံ ၃၄:၄) ကိုယ်တိုင်ကြုံတွေ့ဖူးလို့ ဒါဝိဒ်က “ယေဟောဝါ ဘယ်လောက် ကောင်းမြတ်သလဲဆိုတာ မြည်းစမ်းပြီး ကိုယ်တိုင် ခံစားကြည့်ပါ” လို့ တိုက်တွန်းနိုင်ခဲ့တာ။a
ယေဟောဝါရဲ့ ဂရုစိုက်မှုကို ဘဝမှာ ကိုယ်တွေ့ ကြုံခဲ့ဖူးသလား။ ဒါဆိုရင် အောက်မှာ ချရေးပါ။ ဥပမာ၊ မှတ်မှတ်ရရ တွေ့ကြုံမှု။ နေ့စဉ်ဘဝမှာ ခံစားနေရတဲ့၊ အမှုမဲ့အမှတ်မဲ့ ထားမိတတ်တဲ့ ကောင်းချီးလေးတွေကို ပြန်စဉ်းစားကြည့်ပါ။
․․․․․
မိဘတွေက ကျမ်းစာသင်ပေးခဲ့တာ ဖြစ်မယ်။ ဒါဟာ ကောင်းချီးပါပဲ။ ဒါပေမဲ့ ဘုရားသခင်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ရှိဖို့ ဆက်ကြိုးစားရမယ်။ မလုပ်ရသေးဘူးဆိုရင် ဒီဆောင်းပါးမှာပါတဲ့ အချက်တွေက အစပြုဖို့ အကူအညီဖြစ်စေနိုင်တယ်။ သင့်ရဲ့ ကြိုးစားမှုကို ယေဟောဝါ ကောင်းချီးပေးပါလိမ့်မယ်။ “တောင်းမြဲတောင်းပါ၊ ရလိမ့်မယ်။ ရှာမြဲရှာပါ၊ တွေ့လိမ့်မယ်။ ခေါက်မြဲခေါက်ပါ၊ တံခါးပွင့်လာလိမ့်မယ်” လို့ ကျမ်းစာဆိုတယ်။—မဿဲ ၇:၇။
ဒီအကြောင်း ပိုသိချင်ရင် အတွဲ ၁၊ အခန်း ၃၈ နဲ့ ၃၉ မှာ လေ့လာပါ။
နောက်အခန်းမှာ
ဘုရားအကြောင်း တခြားသူကို ပြောပြဖို့ မလွယ်ဘူး။ ကိုယ့်ယုံကြည်ချက်ကို ဘယ်လို ခုခံကာကွယ်နိုင်ကြောင်း လေ့လာပါ။
[အောက်ခြေမှတ်ချက်]
a တချို့ကျမ်းစာက “မြည်းစမ်းပြီး ကိုယ်တိုင် ခံစားကြည့်ပါ” ဆိုတဲ့ စကားစုကို “သင်ကိုယ်တိုင် စူးစမ်း၍ သိလော့၊” “ကိုယ်တိုင် တွေ့ကြုံခံစားပြီး သိလာလိမ့်မယ်” လို့ ဘာသာပြန်တယ်။—ခေတ်သုံးကျမ်းစာ။
အဓိကကျမ်းချက်
“ဘုရားသခင်ကို မှီခိုဖို့ လိုအပ်မှန်း သိမြင်သူတွေ ပျော်ရွှင်ချမ်းမြေ့တယ်။”—မဿဲ ၅:၃။
အကြံပြုချက်
တစ်နေ့ကို ကျမ်းစာ လေးမျက်နှာလောက် ဖတ်ပါ။ ဒါဆိုရင် တစ်နှစ်အတွင်း တစ်အုပ်လုံး အပြီးဖတ်နိုင်ပါတယ်။
သင်သိပါသလား . . . ?
ဒီစာအုပ်ကို ဖတ်ပြီး ကျမ်းစာအကြံဉာဏ်တွေကို လိုက်နာတာက သင့်ကို ယေဟောဝါ စိတ်ဝင်တစား ဂရုစိုက်နေတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။—ယောဟန် ၆:၄၄။
လုပ်ဆောင်နိုင်ပုံ
ကိုယ်ပိုင် ကျမ်းစာလေ့လာမှုကနေ ပိုပြီးအကျိုးခံစားနိုင်အောင် ․․․․․
ပုံမှန် ဆုတောင်းဖြစ်အောင် ․․․․․
မိဘတွေကို မေးချင်တဲ့ အကြောင်းအရာ ․․․․․
ဘယ်လို ထင်ပါသလဲ
● ကျမ်းစာလေ့လာရတာ ပိုပျော်လာအောင် ဘာလုပ်နိုင်သလဲ။
● မစုံလင်သူ လူသားတွေရဲ့ ဆုတောင်းချက်ကို ယေဟောဝါ ဘာကြောင့် နားထောင်ချင်သလဲ။
● ဆုတောင်းချက် အရည်အသွေးကို ဘယ်လို တိုးတက်စေနိုင်မလဲ။
[အကျဉ်းဖော်ပြချက်]
“ကျွန်မ ငယ်ငယ်တုန်းက တစ်ပုံစံတည်း အထပ်ထပ် ဆုတောင်းတယ်။ အခုတော့ တစ်ရက်စီအတွက် အကောင်းအဆိုး အကျိုးအကြောင်းတွေ ထည့်တောင်းဖြစ်တယ်။ တစ်နေ့နဲ့ တစ်နေ့ မတူတော့ ဆုတောင်းချက်တွေလည်း တစ်ပုံစံတည်း ဖြစ်မနေတော့ဘူးပေါ့။”—အိဗ်
[လေးထောင့်ကွက်/ ရုပ်ပုံ]
ကျမ်းစာမှာ ရှာဖွေလေ့လာပါ
၁။ ဖတ်ချင်တဲ့ အကြောင်းအရာကို ရွေးပါ။ နားလည်နိုင်ဖို့ ဆုတောင်းပါ။
၂။ အကြောင်းအရာကို အသေအချာ ဖတ်ပါ။ မလောပါနဲ့။ ဖတ်တဲ့အခါ စိတ်ကူးပုံဖော်ကြည့်ပါ။ လှုပ်ရှားမှုတွေကို မြင်ယောင်ပါ။ အသံတွေကို ကြားယောင်ပါ။ ရနံ့ကို ရှူရှိုက်ကြည့်ပါ။ အစားအစာရဲ့ အရသာကို မြည်းစမ်းကြည့်ပါ။ အကြောင်းအရာကို အသက်ဝင်စေပါ။
၃။ ဖတ်ခဲ့တဲ့အကြောင်းကို ပြန်စဉ်းစားပါ။ အောက်ပါအတိုင်း မေးကြည့်ပါ-
● ကျမ်းစာမှာ ဒီအကြောင်းကို ယေဟောဝါ ဘာကြောင့် ဖော်ပြသလဲ။
● ဘယ်သူတွေက အတုယူစရာ၊ ဘယ်သူတွေက သတိပေးပုံနမူနာတွေလဲ။
● ဒီမှတ်တမ်းကနေ ဘယ်လက်တွေ့ကျ သင်ခန်းစာ ရနိုင်သလဲ။
● ဒီမှတ်တမ်းက ယေဟောဝါအကြောင်း၊ ယေဟောဝါ လုပ်ဆောင်ပုံအကြောင်း ဘာသင်ပေးသလဲ။
၄။ ယေဟောဝါဆီ တိုတိုတုတ်တုတ် ဆုတောင်းပါ။ ကျမ်းစာလေ့လာမှုကနေ ဘာတွေ သိခဲ့ရတယ်၊ ဘဝမှာ ဘယ်လို ကျင့်သုံးမယ်ဆိုတာ ဆုတောင်းပြောပြပါ။ ယေဟောဝါပေးတဲ့ လက်ဆောင် သမ္မာကျမ်းစာအတွက် ကျေးဇူးတင်ကြောင်း အမြဲပြောပါ။
[ရုပ်ပုံ]
“နှုတ်တော်ထွက်စကားဟာ ကျွန်တော့်ခြေကို လမ်းပြတဲ့ မီးခွက်ပါ။ လမ်းခရီးကို လင်းစေတဲ့ အလင်းပါ။”—ဆာလံ ၁၁၉:၁၀၅။
[လေးထောင့်ကွက်/ ရုပ်ပုံ]
ဦးစားထားသင့်တာကို ဦးစားထားပါ
ဆုတောင်းဖို့ မအားနိုင်အောင် ဖြစ်နေသလား။ ကျမ်းစာလေ့လာဖို့ အချိန်မရှိ ဖြစ်နေသလား။ ကိုယ်ဦးစားပေးရာတွေအပေါ် မူတည်လေ့ရှိတယ်။
ဒီနည်းကို စမ်းကြည့်ပါ။ ပုံးတစ်ပုံးကို ယူပါ။ ပုံးထဲ ကျောက်ခဲတုံးတွေ အရင်ထည့်၊ ပြီးရင် သဲတွေ အပြည့်ဖြည့်လိုက်ပါ။ ပုံးထဲမှာ ကျောက်ခဲရော သဲရော ဆံ့နေတယ်။
အခု ပုံးကို သွန်လိုက်ပါ။ အဲဒီသဲတွေကိုပဲ အရင်ထည့်ပါ။ ပြီးမှ ကျောက်ခဲတုံးတွေ ထည့်ပါ။ ကျောက်ခဲတုံးအတွက် နေရာ မဆံ့တော့ဘူး။ အကြောင်းရင်းက သဲကို အရင်ထည့်လို့ ဖြစ်တယ်။
သင်ခန်းစာက ဘာလဲ။ ‘ပိုအရေးကြီးတဲ့အရာတွေကို ပိုင်းခြားသိကြပါ’ လို့ ကျမ်းစာမှာ ဆိုတယ်။ (ဖိလိပ္ပိ ၁:၁၀) အပန်းဖြေမှုတို့လို သိပ်အရေးမကြီးတာကို ဦးစားပေးလိုက်ရင် ပိုအရေးကြီးတဲ့ ဘုရားရေးရာ လုပ်ဆောင်မှုတွေအတွက် အချိန်မရှိ ဖြစ်သွားနိုင်တယ်။ ကျမ်းစာအကြံပြုချက်ကို လိုက်နာရင် ဘုရားရေးရာ လုပ်ဆောင်မှုတွေအတွက်ရော အပန်းဖြေမှုအတွက်ပါ အချိန်ရနိုင်မှာ ဖြစ်တယ်။ ပုံးထဲ ဘာကို အရင်ထည့်သလဲဆိုတဲ့အပေါ် မူတည်တယ်။
[ပုံကြမ်း/ ရုပ်ပုံ]
အိမ်ထဲမှာစိုက်တဲ့ အပင်လိုပဲ ဘုရားသခင်နဲ့ မိတ်ဖွဲ့ရာမှာလည်း ပြုစုပျိုးထောင်ဖို့ လိုအပ်တယ်