ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ထရ အခန်း ၁၆ စာ. ၁၃၄-၁၄၁
  • ဘုရားသခင့်အစိုးရ စတင်အုပ်စိုးခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင့်အစိုးရ စတင်အုပ်စိုးခြင်း
  • သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ခရစ်ယာန်များ ဆုတောင်းကြသောအစိုးရ
  • ရန်သူများအလယ် စတင်အုပ်ချုပ်ခြင်း
  • ဘုရားသခင့်အစိုးရ စတင်အုပ်စိုးချိန်
  • ဘုရားသခင့်နိုင်ငံတော်အဘက်ဘက်တွင် သာလွန်ကောင်းမွန်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • ဘုရားသခင့်နိုင်ငံတော် အုပ်စိုးပြီ
    ထာဝရအသက်ရစေသော အသိပညာအသိပညာ
  • ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ
    သမ္မာကျမ်းစာ သွန်သင်ရာများ
  • ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
နောက်ထပ် ကြည့်ပါ
သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
ထရ အခန်း ၁၆ စာ. ၁၃၄-၁၄၁

အခန်း ၁၆

ဘုရားသခင့်အစိုးရ စတင်အုပ်စိုးခြင်း

၁။ (က) ယုံကြည်သူများ အဘယ်အရာကို ကြာမြင့်စွာ မျှော်လင့်ခဲ့ကြပြီနည်း။ (ခ) ဘုရားသခင့်နိုင်ငံတော်ကို အဘယ်ကြောင့် “မြို့” ဟု ခေါ်ထားသနည်း။

ဘုရားသခင့်အစိုးရကို ယုံကြည်သူများသည် ၎င်းအစိုးရအုပ်စိုးမည့်အချိန်ကို မျှော်လင့်စောင့်စားလာခဲ့သည်မှာ အနှစ်ထောင်ပေါင်းများစွာ ရှိခဲ့ပြီ။ ဥပမာ၊ သစ္စာရှိ အာဗြဟံသည် “ဘုရားသခင် တည်ထောင်ပြုစုတော်မူသော ခိုင်ခံ့မြဲမြံသောမြို့ကို မျှော်လင့်” သည်ဟု ကျမ်းစာဆို၏။ (ဟေဗြဲ ၁၁:၁၀) ထို “မြို့” မှာ ဘုရားသခင့်နိုင်ငံတော်ပင်တည်း။ သို့သော် ၎င်းကို အဘယ်ကြောင့် “မြို့” ဟု ခေါ်ထားသနည်း။ ရှေးအချိန်၌ ဘုရင်တစ်ပါးလျှင် မြို့တစ်မြို့ကို အုပ်စိုးလေ့ရှိသောကြောင့်ဖြစ်၏။ ထို့ကြောင့် မြို့ဟုဆိုသောအခါ နိုင်ငံတစ်နိုင်ငံဟု ယူမှတ်လေ့ရှိခဲ့ကြသည်။

၂။ (က) နိုင်ငံတော်ကို တကယ်တည်ရှိသောအရာအဖြစ် ခရစ်တော်၏ ကနဦးတပည့်တော်များ ခံယူကြောင်း အဘယ်အချက်က ပြသနည်း။ (ခ) ၎င်းနှင့်ပတ်သက်၍ သူတို့ အဘယ်အရာကို သိလိုကြသနည်း။

၂ ခရစ်တော်၏ ကနဦးနောက်တော်လိုက်များသည် ဘုရားသခင့်နိုင်ငံတော် တကယ်တည်ရှိသည်ကို ယုံကြည်ကြ၏။ ၎င်း၏အုပ်စိုးမှုပေါ် သူတို့အလွန်စိတ်ဝင်စားကြသည်ကိုထောက်၍ သိနိုင်၏။ (မဿဲ ၂၀:၂၀-၂၃) သူတို့စိတ်ထဲ၌ မေးချင်သည်ကား ခရစ်တော်နှင့် ကိုယ်တော့်တပည့်တော်များ ဘယ်တော့စတင်အုပ်ချုပ်မည်နည်း ဟူ၍ဖြစ်သည်။ ယေရှုထမြောက်ပြီးနောက် တပည့်တော်များရှေ့ကိုယ်ယောင်ထင်ရှားပြစဉ် တစ်ကြိမ်တွင် သူတို့က “ယခုအခါ ကိုယ်တော်သည် ဣသရေလအမျိုးသားတို့အား နိုင်ငံကို ပြန်ပေးတော်မူမည်လော” ဟု မေးလျှောက်ခဲ့ကြသည်။ (တမန်တော် ၁:၆) ထို့ကြောင့် အသင်လည်း ခရစ်တော်၏တပည့်များကဲ့သို့ ဘုရားသခင့်အစိုးရ အဘယ်အချိန်တွင် စတင်အုပ်စိုးမည်ဟူသောအကြောင်းကို သိချင်ဇော ပြင်းပြသလော။

ခရစ်ယာန်များ ဆုတောင်းကြသောအစိုးရ

၃၊ ၄။ (က) ဘုရားသခင်သည် အစဉ်သဖြင့် ဘုရင်အဖြစ် အုပ်စိုးလာတော်မူကြောင်း ဘာကပြသနည်း။ (ခ) သို့ဖြစ်လျှင် ဘုရားသခင့်နိုင်ငံတော် လာပါစေဟု ဆုတောင်းရန် နောက်တော်လိုက်များအား ခရစ်တော် အဘယ်ကြောင့် သင်ကြားပေးခဲ့သနည်း။

၃ “နိုင်ငံတော် တည်ထောင်ပါစေသော၊ အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံပါစေသော” ဟု ဆုတောင်းရန် နောက်တော်လိုက်တို့အား ယေရှု သင်ကြားပေးခဲ့၏။ (မဿဲ ၆:၉၊ ၁၀) သို့သော် ‘ယေဟောဝါဟာ အမြဲတမ်းပဲ ဘုရင်အနေနဲ့ စိုးစံလာခဲ့တယ်မဟုတ်လား။ ဒီလိုဆိုရင် နိုင်ငံတော်လာပါစေဆိုပြီး ဘာကြောင့် ဆုတောင်းရသေးသလဲ’ ဟု တစ်ဦးတစ်ယောက်က မေးမည်။

၄ မှန်သည်၊ ကျမ်းစာက ယေဟောဝါကို “ထာဝရဘုရင်” ဟုခေါ်ထား၏။ (၁ တိမောသေ ၁:၁၇၊ သမ) “[ယေဟောဝါ] သည် ပလ္လင်တော်ကို ကောင်းကင်ဘုံ၌ တည်တော်မူ၍ အာဏာတော်သည် ခပ်သိမ်းသောအရပ်တို့ကို နှံ့ပြား၏” ဟုလည်း ယင်းကဆို၏။ (ဆာလံ ၁၀၃:၁၉) ထို့ကြောင့် ယေဟောဝါသည် မိမိဖန်ဆင်းရာအားလုံးပေါ် အစဉ်သဖြင့် အချုပ်အခြာအာဏာပိုင် ဖြစ်တော်မူ၏။ (ယေရမိ ၁၀:၁၀) သို့ရာတွင် မိမိအုပ်ချုပ်မှုကို ဧဒင်ဥယျာဉ်၌ ပုန်ကန်ခဲ့သဖြင့် အထူးအစိုးရတစ်ဖွဲ့ကို စီစဉ်တော်မူရခြင်းဖြစ်၏။ ယေရှုခရစ်နောက်တော်လိုက်များအား ဆုတောင်းစေသော နိုင်ငံတော်ကား ၎င်းအစိုးရပင်ဖြစ်၏။ ၎င်းအစိုးရ၏ရည်ရွယ်ချက်မှာ ဘုရားသခင့်အုပ်ချုပ်မှုကို စာတန်မာရ်နတ်နှင့် အခြားသူများ ကျောခိုင်းစဉ်က ဖြစ်ပေါ်စေခဲ့သည့် ပြဿနာများကို အဆုံးသတ်ရန်တည်း။

၅။ ၎င်းသည် ဘုရားသခင့်နိုင်ငံတော်မှန်လျှင် ၎င်းကို အဘယ်ကြောင့် ခရစ်တော်၏နိုင်ငံ၊ ၁၄၄,၀၀၀ တို့၏နိုင်ငံဟုလည်း ခေါ်သေးသနည်း။

၅ ဤနိုင်ငံတော်အစိုးရသစ်သည် မဟာမင်းကြီး ယေဟောဝါဘုရားသခင်ထံတော်မှ အုပ်စိုးခြင်းတန်ခိုးနှင့် အခွင့်အာဏာကို ရရှိသည်။ ၎င်းသည် ကိုယ်တော့်နိုင်ငံတော်ဖြစ်သည်။ ကျမ်းစာက ၎င်းကို “ဘုရားသခင့်နိုင်ငံတော်” ဟုထပ်ခါတလဲလဲခေါ်ထားသည်။ (လုကာ ၉:၂၊ ၁၁၊ ၆၀၊ ၆၂; ၁ ကောရိန္သု ၆:၉၊ ၁၀; ၁၅:၅၀) သို့ရာတွင် ၎င်းနိုင်ငံတော်၏ အကြီးအကဲမင်းအဖြစ် သားတော်ကို ယေဟောဝါခန့်ထားတော်မူသဖြင့် ၎င်းကို ခရစ်တော်၏ နိုင်ငံတော်ဟူ၍လည်းခေါ်ထားသည်။ (၂ ပေတရု ၁:၁၁) စောစောပိုင်းအခန်းတစ်ခုတွင် ကျွန်ုပ်တို့သိရှိခဲ့သည့်အတိုင်း လူတို့အထဲမှ ၁၄၄,၀၀၀ သောပုဂ္ဂိုလ်များသည် ခရစ်တော်နှင့်အတူ နိုင်ငံတော်တွင် အုပ်ချုပ်ကြမည်။ (ဗျာဒိတ် ၁၄:၁-၄; ၂၀:၆) ထို့ကြောင့် “သူတို့၏နိုင်ငံ” ဟုလည်း ကျမ်းစာညွှန်းဆိုထားသည်။​—ဒံယေလ ၇:၂၇၊ သမ္မာ။

၆။ အချို့ပုဂ္ဂိုလ်များ၏ အဆိုအရ ဘုရားသခင့်နိုင်ငံတော် မည်သည့်အချိန်မှစ၍ အုပ်ချုပ်ခဲ့သနည်း။

၆ အချို့က ယေရှု ကောင်းကင်သို့ ပြန်လည်တက်ကြွသည့်နှစ်တွင် နိုင်ငံတော်စတင်အုပ်ချုပ်သည်ဟု ဆိုကြ၏။ စီ.အီး. ၃၃ ခုနှစ် ဂျူးတို့၏ ပင်တေကုတ္တေပွဲနေ့၌ နောက်တော်လိုက်များအပေါ် သန့်ရှင်းသောဝိညာဉ်တော် သွန်းလောင်းတော်မူသည့်အချိန်မှစ၍ ခရစ်တော် စတင်အုပ်ချုပ်လာသည်ဟု သူတို့ဆိုကြ၏။ (တမန်တော် ၂:၁-၄) သို့ရာတွင် စာတန့်ပုန်ကန်မှုကြောင့် ဖြစ်ပေါ်လာသောပြဿနာများကို အဆုံးသတ်စေရန် ယေဟောဝါစီစဉ်တော်မူသော နိုင်ငံတော်အစိုးရသည် ထိုအချိန်တွင် စတင်အုပ်ချုပ်ခြင်း မပြုခဲ့ပါ။ ခရစ်တော်အုပ်စိုးသော ဘုရားသခင့်နိုင်ငံတော်တည်းဟူသော ‘သားယောက်ျား’ သည် ထိုအချိန်တွင် မွေးဖွား၍ စတင်အုပ်ချုပ်လာသည်ဟူ၍ သက်သေပြရန် ဘာမျှမရှိ။ (ဗျာဒိတ် ၁၂:၁-၁၀) သို့ဖြစ်လျှင် စီ.အီး. ၃၃ ခုနှစ်တွင် ယေရှုသည် တစ်နည်းနည်းဖြင့် နိုင်ငံတော်တစ်ခုရရှိခဲ့သလော။

၇။ စီ.အီး. ၃၃ ခုမှစ၍ ခရစ်တော်သည် မည်သူများအပေါ် အုပ်စိုးလာခဲ့သနည်း။

၇ ရခဲ့ပါသည်။ ယေရှုသည် ထိုအချိန်မှစ၍ မိမိနှင့် နောက်ပိုင်း၌ ကောင်းကင်တွင် ပူးပေါင်းကြမည့် နောက်တော်လိုက်များဖြင့်ဖွဲ့စည်းထားသော မိမိအသင်းတော်အပေါ် စတင် အုပ်စိုးတော်မူခဲ့သည်။ သို့နှင့် ထိုသူတို့သည် မြေကြီးပေါ်မှာ ရှိကတည်းက ဘုရားသခင် “ချစ်တော်မူသော သားတော်၏နိုင်ငံထဲသို့ သွင်း” တော်မူခြင်းခံရသည်ဟု ကျမ်းစာက ဆိုထားသည်။ (ကောလောသဲ ၁:၁၃) သို့ရာတွင် ကောင်းကင်အသက်တာ မျှော်လင့်ချက်ရှိသော ခရစ်ယာန်များပေါ် အုပ်ချုပ်သော ဤအုပ်ချုပ်မှု၊ သို့မဟုတ် “နိုင်ငံတော်” မှာ နောက်တော်လိုက်များအား ဆုတောင်းရန် ယေရှုသင်ကြားခဲ့သည့်နိုင်ငံတော်အစိုးရမဟုတ်။ မိမိနှင့်အတူ ကောင်းကင်တွင် အုပ်စိုးမည့် ၁၄၄,၀၀၀ သောပုဂ္ဂိုလ်များပေါ် အုပ်စိုးသော နိုင်ငံတစ်ခုမျှသာဖြစ်သည်။ ရာစုနှစ်များတစ်လျှောက်လုံး သူတို့သာလျှင် ၎င်းနိုင်ငံ၏ လက်အောက်ခံများ ဖြစ်လာခဲ့သည်။ သို့ဖြစ်၍ ကောင်းကင်မျှော်လင့်ချက်ရှိသော ထိုလက်အောက်ခံများမှ နောက်ဆုံးတစ်ဦး သေ၍ ခရစ်တော်နှင့် ကောင်းကင်တွင် ပူးပေါင်းသွားသောအခါ ၎င်းအုပ်စိုးမှု၊ သို့မဟုတ် “ချစ်တော်မူသော သားတော်၏နိုင်ငံ” သည် အဆုံးတိုင်လိမ့်မည်။ သူတို့သည် ခရစ်တော်၏လက်အောက်ခံများမဟုတ်တော့။ ရှေးကတည်းက ကတိထားခဲ့သော ဘုရားသခင့်နိုင်ငံတော်အစိုးရတွင် ကိုယ်တော်နှင့်အတူ ဘုရင်များအဖြစ် အုပ်ချုပ်ကြလိမ့်မည်။

ရန်သူများအလယ် စတင်အုပ်ချုပ်ခြင်း

၈။ (က) ခရစ်တော် ထမြောက်ပြီးနောက် စတင်အုပ်စိုးတော်မမူမီ အချိန်အတန်ကြာ စောင့်ဆိုင်းရမည်ဖြစ်ကြောင်း အဘယ်အချက်က ပြသနည်း။ (ခ) ခရစ်တော် စတင်အုပ်ချုပ်ရန် အချိန်တန်သောအခါ သူ့အား ဘုရားသခင် မည်သို့ မိန့်တော်မူသနည်း။

၈ ခရစ်တော်ထမြောက်၍ ကောင်းကင်သို့ ပြန်ကြွသွားသောအခါ ဘုရားသခင့်အစိုးရဘုရင်အနေနှင့် မအုပ်စိုးသေးပါ။ တမန်တော်ပေါလုရှင်းပြသည့်အတိုင်း စောင့်ဆိုင်းရသောအချိန်ရှိခဲ့သည်– “ထိုအရှင် [ယေရှုခရစ်] မူကား၊ အပြစ်များကို ဖြေခြင်းငှာ ယဇ်တစ်ခုတည်းကို ပူဇော်ပြီးသည်နောက်မှစ၍ ဘုရားသခင်၏ လက်ယာတော်ဘက်၌ အစဉ်အမြဲထိုင်၍ ရန်သူတို့ကို မိမိခြေတင်ရာ ချထားသည်တိုင်အောင် ငံ့လင့်လျက် နေတော်မူ၏။” (ဟေဗြဲ ၁၀:၁၂၊ ၁၃၊ သမ္မာ) ခရစ်တော် စတင်အုပ်ချုပ်ချိန်တန်သောအခါ ယေဟောဝါက ကိုယ်တော်အား “သင့်ရန်သူအလယ်တွင် သွား၍ နိုင်နင်း၊ [သို့မဟုတ် အောင်ပွဲဆင်] လော့” ဟု မိန့်တော်မူ၏။​—ဆာလံ ၁၁၀:၁၊ ၂၊ ၅၊ ၆၊ ကဘ။

၉။ (က) ဘုရားသခင့်နိုင်ငံတော်ကို လူတိုင်း အဘယ်ကြောင့် မလိုလားကြသနည်း။ (ခ) ဘုရားသခင့်အစိုးရ စတင်အုပ်ချုပ်သောအခါ တိုင်းနိုင်ငံများ ဘာပြုလုပ်ကြသနည်း။

၉ တစ်စုံတစ်ယောက်သောသူသည် ဘုရားသခင့်အစိုးရ၏ ရန်သူဖြစ်သည်ဟူသော အချက်သည် ထူးဆန်းသလော။ သို့တစေ လက်အောက်ခံများအား မှန်ရာကိုလုပ်ရန် တောင်းဆိုသော အစိုးရလက်အောက်တွင် လူတိုင်းနေလိုသည်မဟုတ်။ ထို့ကြောင့် ကမ္ဘာ့အုပ်ချုပ်ရေးကို ယေဟောဝါနှင့် သားတော်တို့ သိမ်းပိုက်လိုက်သောအခါ “လူမျိုးတို့သည် အမျက်ထွက်ကြသည်” ဟုကျမ်းစာဆို၏။ (ဗျာဒိတ် ၁၁:၁၅၊ ၁၇၊ ၁၈) လူမျိုးတို့သည် ဘုရားသခင့်နိုင်ငံတော်ကို မလိုလားကြပါ။ ၎င်းကို အတိုက်အခံလုပ်ရန် စာတန်က သူတို့ကို လှည့်ဖြားသောကြောင့်ဖြစ်၏။

၁၀၊ ၁၁။ (က) ဘုရားသခင့်အစိုးရ စတင်အုပ်ချုပ်သောအခါ ကောင်းကင်၌ ဘာဖြစ်သနည်း။ (ခ) ကမ္ဘာပေါ်၌ ဘာဖြစ်သနည်း။ (ဂ) ထို့ကြောင့် အဘယ်အရေးကြီးသောအချက်ကို ကျွန်ုပ်တို့စွဲမှတ်ရန်လိုသနည်း။

၁၀ ဘုရားသခင့်အစိုးရ စတင်အုပ်ချုပ်သောအခါ စာတန်နှင့် သူ၏တမန်တို့သည် ကောင်းကင်၌ ရှိနေဆဲဖြစ်သည်။ သူတို့သည် နိုင်ငံတော်အုပ်ချုပ်မှုကို ဆန့်ကျင်တိုက်ခံကြသည်ဖြစ်၍ ချက်ချင်းစစ်ဖြစ်လေသည်။ ရလဒ်အနေနှင့် စာတန်နှင့် သူ၏တမန်တို့သည် ကောင်းကင်မှ ပစ်ချခံရလေသည်။ ထိုအခါ ကြီးသောအသံတစ်ခုက “ယခုမှာ ကယ်တင်ခြင်းဖြစ်၏။ တန်ခိုးတော်လည်းဖြစ်၏။ ငါတို့ဘုရားသခင်၏ နိုင်ငံတော်နှင့် သူ၏ခရစ်တော်၏ အာဏာတော်စက်လည်းဖြစ်၏” ဟုကြွေးကြော်၏။ မှန်သည်၊ ဘုရားသခင့်အစိုးရ စတင်အုပ်ချုပ်လေပြီ! စာတန်နှင့် သူ၏တမန်များကို ကောင်းကင်မှ ပယ်ရှင်းလိုက်ပြီဖြစ်၍ ကောင်းကင်တွင် ဝမ်းမြောက်ရွှင်မြူးကြလေ၏။ “ထို့ကြောင့် ကောင်းကင်နှင့် ကောင်းကင်သားတို့ ရွှင်လန်းကြလော့” ဟု ကျမ်းစာကဆို၏။​—ဗျာဒိတ် ၁၂:၇-၁၂။

၁၁ ကမ္ဘာအတွက်လည်း ပျော်ရွှင်သောအချိန်ဖြစ်သလော။ မဟုတ်ပါ! ၎င်းအစား ကမ္ဘာပေါ် မကြုံစဖူးသောဒုက္ခကာလကြီး ဖြစ်လာသည်။ ကျမ်းစာက ဤသို့ဆို၏– “မြေကြီးနှင့်ပင်လယ်သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား၊ မာရ်နတ်သည် မိမိကာလတစ်ခဏသာရှိသည်ကိုသိ၍ ပြင်းစွာသောဒေါသအမျက်နှင့်တကွ သင်တို့ရှိရာသို့ ဆင်းလေပြီ။” (ဗျာဒိတ် ၁၂:၁၂) သို့ဖြစ်၍ အောက်ပါအချက်သည် မှတ်ထားရမည့် အရေးကြီးသည့်အချက်ဖြစ်သည်– ဘုရားသခင့်နိုင်ငံတော် စတင်အုပ်စိုးသည်နှင့် ကမ္ဘာပေါ် ငြိမ်သက်ခြင်းနှင့် လုံခြုံမှု ချက်ချင်းဖြစ်ပေါ်လာမည်ဟု မဆိုလိုပါ။ ဘုရားသခင့်နိုင်ငံတော် ဤကမ္ဘာကို အကြွင်းမဲ့ ချုပ်ကိုင်သောအခါကျမှ စစ်မှန်သောငြိမ်းချမ်းရေးရရှိမည်ဖြစ်သည်။ ယင်းသည် ‘တစ်ခဏသောကာလ’ ၏အဆုံးပိုင်းတွင်ဖြစ်ပျက်ပြီး မည်သူ့ကိုမျှ ဒုက္ခထပ်မပေးနိုင်အောင် စာတန်နှင့် သူ၏တမန်များကို ရှင်းလင်းလိုက်သောအခါဖြစ်မည်။

၁၂။ ဘုရားသခင့်နိုင်ငံတော် စတင်အုပ်စိုးချိန်ကို ကျမ်းစာတင်ပြမည်ဟု ကျွန်ုပ်တို့ အဘယ်ကြောင့် မျှော်လင့်နိုင်သနည်း။

၁၂ သို့သော် မြေကြီးပေါ်တွင် ‘တစ်ခဏမျှ’ ဒုက္ခဖြစ်လာအောင် စာတန်ကို မည်သည့်အချိန်တွင် ကောင်းကင်မှ ပစ်ချခဲ့သနည်း။ ဘုရားသခင့်နိုင်ငံတော် မည်သည့်အချိန်တွင် စတင်အုပ်စိုးသနည်း။ ကျမ်းစာအဖြေပေးထားသလော။ ပေးထားမည်ဟု မျှော်လင့်သင့်သည်။ အဘယ်ကြောင့်နည်း။ ဘုရားသခင့်သားတော်သည် မည်သည့်အချိန်တွင် ကမ္ဘာပေါ်သို့ လူသားတစ်ယောက်အနေနှင့် ပထမဦးဆုံးကြွလာပြီး မေရှိယဖြစ်လာမည်ကို ကျမ်းစာက ရှေးကတည်းက ကြိုတင်ပြောထားသောကြောင့်ဖြစ်၏။ ကိုယ်တော် မေရှိယဖြစ်လာမည့်နှစ်ကိုပင် အတိအကျ ထောက်ပြခဲ့သည်။ သို့ဖြစ်လျှင် နိုင်ငံတော်အုပ်ချုပ်မှု စတင်ရန် မေရှိယ၊ သို့မဟုတ် ခရစ်တော် ကြွလာခြင်းတည်းဟူသော သာ၍အရေးကြီးသည့် အဖြစ်အပျက်နှင့်ပတ်သက်၍ မည်သို့ဆိုမည်နည်း။ မည်သည့်အချိန်တွင် ဖြစ်ပျက်မည်ကို ကျမ်းစာ၌ ဖော်ပြထားမည်ဟု ကျွန်ုပ်တို့မျှော်လင့်ကြမည်မုချ!

၁၃။ ကမ္ဘာပေါ် မေရှိယပေါ်ထွန်းသည့်နှစ်အတိအကျကို ကျမ်းစာမည်သို့ကြို၍ တင်ပြထားသနည်း။

၁၃ သို့သော် ‘မေရှိယ ကမ္ဘာပေါ် ပေါ်ထွန်းတဲ့နှစ်ကို ကျမ်းစာ ဘယ်နေရာမှာ ပြထားလို့လဲ’ ဟူ၍ တစ်ယောက်သောသူက မေးမည်။ ဒံယေလကျမ်းစောင်က ဤသို့ဆို၏– “ယေရုရှလင်မြို့ကို တစ်ဖန်တည်ထောင်ပြုစုစေခြင်းငှာ အမိန့်တော်ရှိသည်နေ့မှစ၍ ခရစ်တော်သခင် [ဦးစီးနာယက မေရှိယ] လက်ထက်တိုင်အောင် ခုနစ်သီတင်းနှင့် ခြောက်ဆယ်နှစ်သီတင်း [သို့မဟုတ် စုစုပေါင်း ၆၉ သီတင်း] ကြာလိမ့်မည်။” (ဒံယေလ ၉:၂၅) သို့ရာတွင် ၎င်းမှာ ၄၈၃ ရက်၊ သို့မဟုတ် တစ်နှစ်သာသာလောက်သာ တာရှည်သည့် ပကတိ ၆၉ သီတင်းမဟုတ်။ ၆၉ သီတင်းနှစ် သို့မဟုတ် ၄၈၃ နှစ်ဖြစ်သည်။ (တောလည်ရာ ၁၄:၃၄ နှိုင်းယှဉ်။) ယေရုရှလင်မြို့ရိုးပြန်လည်ထိန်းသိမ်း တည်ဆောက်ရန်အမိန့်ကို ဘီ.စီ.အီး ၄၅၅ ခုနှစ်တွင် ထုတ်ပြန်၏။a(နေဟမိ ၂:၁-၈) ထို့ကြောင့် ၆၉ သီတင်းနှစ်သည် နှစ်ပေါင်း ၄၈၃ နှစ်အကြာ စီ.အီး. ၂၉ ခုနှစ်တွင် ကုန်ဆုံးသွားသည်။ ထိုနှစ်တွင်ပင် ယေရှုသည် ယောဟန် ထံသို့သွား၍ နှစ်ခြင်းခံသည်! ထိုအချိန်တွင် ယေရှုသည် သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ဘိသိက်ခံ၍ မေရှိယ၊ သို့မဟုတ် ခရစ်တော်ဖြစ်လာလေသည်။​—လုကာ ၃:၁၊ ၂၊ ၂၁-၂၃။

ဘုရားသခင့်အစိုးရ စတင်အုပ်စိုးချိန်

၁၄။ ဒံယေလအခန်းကြီးလေးမှ “သစ်ပင်ကြီး” သည် အဘယ်အရာကို ပုံဆောင်သနည်း။

၁၄ သို့ဖြစ်လျှင် ဘုရားသခင့်အစိုးရဘုရင်အနေနှင့် ခရစ်တော် စတင်အုပ်စိုးသောနှစ်ကို ကျမ်းစာ အဘယ်နေရာတွင် ကြိုတင် ရေးသားထားသနည်း။ ဤဒံယေလကျမ်းမှာပင် ဖြစ်သည်။ (ဒံယေလ ၄:၁၀-၃၇) ထိုတွင် အလွန်ကြီးမား၍ ကောင်းကင်တမျှမြင့်သော သစ်ပင်ကြီးကိုသုံးကာ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာကို ပုံဆောင်ထားသည်။ သူသည် ထိုအချိန်တွင် အကြီးမြင့်ဆုံးသော လူသားဘုရင်ဖြစ်သည်။ သို့ရာတွင် နေဗုခဒ်နေဇာသည် မိမိထက် သာ၍ကြီးမြင့်သောအရှင်တစ်ပါးအုပ်စိုးလျက်ရှိသည်ကို သိမြင်လာရန် အတင်းအကျပ်ပြုခံရသည်။ ထိုအရှင်ကား ‘အမြင့်ဆုံးသောအရှင်’ သို့မဟုတ် “ကောင်းကင်ဘုရင်” ယေဟောဝါပင်ဖြစ်တော်မူ၏။ (ဒံယေလ ၄:၃၄၊ ၃၇) ထို့ကြောင့် သာ၍အရေးကြီးသော နောက်တစ်နည်းအားဖြင့်ဆိုလျှင် ကောင်းကင်တမျှမြင့်သော ၎င်းသစ်ပင်ကြီးသည် ကျွန်ုပ်တို့ကမ္ဘာမြေကြီးနှင့် အထူးသဖြင့် သက်ဆိုင်သော ဘုရားသခင့် အချုပ်အခြာအုပ်စိုးမှု ကို လာ၍ ပုံဆောင်ပြန်သည်။ ဣသရေလလူမျိုးအားဖြင့် တည်ထောင်သော နိုင်ငံတော်မှတစ်ဆင့် ယေဟောဝါ၏ အုပ်ချုပ်မှုသည် အချိန်အတန်ကြာ တည်ရှိခဲ့သည်။ သို့နှင့် ဣသရေလလူတို့အပေါ် စိုးစံသော ယုဒအနွယ် ရှင်ဘုရင်များသည် ‘ယေဟောဝါ၏ပလ္လင်ပေါ်မှာ ထိုင်သည်’ ဟုဆိုထားသည်။​—၁ ရာဇဝင်ချုပ် ၂၉:၂၃။

၁၅။ ထို “သစ်ပင်ကြီး” မည်သည့်အခါ ခုတ်လှဲခံရသနည်း။ ၎င်းကို အဘယ်ကြောင့် ကွင်းများဖြင့်စွပ်ထားသနည်း။

၁၅ ဒံယေလကျမ်း အခန်းကြီးလေးပါ ကျမ်းစာမှတ်တမ်းအရ၊ ကောင်းကင်တမျှ မြင့်သော ၎င်းသစ်ပင်ကြီး ခုတ်လှဲခံရသည်။ သို့ရာတွင် သစ်ငုတ်ကို ချန်ထားပြီး ၎င်းကို သံနှင့် ကြေးဝါကွင်းများဖြင့် စွပ်ထားလေသည်။ ကွင်းများကိုဖြုတ်၍ သစ်ငုတ် ပြန်ကြီးထွားလာစေရန် ဘုရားသခင့်အချိန် မတိုင်မချင်း သစ်ငုတ်သည် မကြီးထွားနိုင်အောင် ချုပ်ထားခြင်းခံရ၏။ သို့သော် ဘုရားသခင့်အုပ်ချုပ်ရေးသည် မည်သည့်အချိန်တွင် မည်သို့သောအားဖြင့် ခုတ်လှဲခံခဲ့ရသနည်း။

၁၆။ (က) ဘုရားသခင့်အုပ်ချုပ်မှု အဘယ်အချိန်၊ အဘယ်နည်းဖြင့် ခုတ်လှဲခံခဲ့ရသနည်း။ (ခ) “ယေဟောဝါ၏ပလ္လင်” ပေါ်ထိုင်သော နောက်ဆုံးယုဒမင်း မည်သို့ပြောကြားခြင်းခံရသနည်း။

၁၆ အချိန်လွန်လာသောအခါ ယေဟောဝါတည်ထောင်ခဲ့သော ယုဒနိုင်ငံသည် အလွန်ဖောက်ပြန်ယိုယွင်းလာသဖြင့် ၎င်းကို ဖျက်ဆီးပစ်ရန်၊ ခုတ်လှဲပစ်ရန် နေဗုခဒ်နေဇာအား ကိုယ်တော်ခွင့်ပြုတော်မူခဲ့၏။ ဘီ.စီ.အီး. ၆၀၇ ခုနှစ်တွင် ထိုသို့ဖြစ်ခဲ့သည်။ ထိုအချိန်တွင် ယေဟောဝါ၏ ရာဇပလ္လင်ပေါ် ထိုင်နေသော နောက်ဆုံးယုဒရှင်ဘုရင်ဇေဒကိသည် ဤသို့ပြောဆိုခံရ၏– “ရာဇသရဖူကို ချွတ်လော့။ . . . နောက်တစ်ဖန် မရှိရ။ အစိုးပိုင်သောသူ မရောက်မီတိုင်အောင် [တည်း]။ အစိုးပိုင်သောသူ၌ ငါအပ်မည်။”​—ယေဇကျေလ ၂၁:၂၅-၂၇။

၁၇။ အဘယ်ကာလပိုင်းသည် ဘီ.စီ.အီး. ၆၀၇ ခုမှ စတင်ခဲ့သနည်း။

၁၇ သို့ဖြစ်၍ “သစ်ပင်” ဖြင့်ပုံဆောင်သော ဘုရားသခင့်အုပ်ချုပ်ရေးသည် ဘီ.စီ.အီး. ၆၀၇ ခုနှစ်တွင် ခုတ်လှဲခံရလေသည်။ ကမ္ဘာပေါ် ဘုရားသခင့်အုပ်ချုပ်ရေးကို ကိုယ်စားပြုသော အစိုးရတစ်ခုမျှ မရှိတော့။ သို့နှင့် ဘီ.စီ.အီး. ၆၀၇ ခုနှစ်မှစ၍ “လူမျိုးများ၏ ခန့်အပ်ရာကာလများ” သို့မဟုတ် ‘တစ်ပါးအမျိုးသားတို့၏ အချိန်ကာလ’ ဟု နောက်ပိုင်းတွင် ယေရှုမိန့်ဆိုသောအချိန်ပိုင်း စတင်လာသည်။ (လုကာ ၂၁:၂၄) ထို “ခန့်အပ်ရာကာလများ” အတွင်း ကမ္ဘာပေါ်တွင် ဘုရားသခင့်အုပ်ချုပ်ရေးကို ကိုယ်စားပြုသော အစိုးရတစ်ခုမျှ မရှိတော့ချေ။

၁၈။ “လူမျိုးများ၏ ခန့်အပ်ရာကာလများ” ကုန်ဆုံးသောအခါ ဘာဖြစ်ရန်ရှိသနည်း။

၁၈ “လူမျိုးများ၏ ခန့်အပ်ရာကာလများ” အဆုံးတွင် ဘာဖြစ်ရန်နည်း။ “အစိုးပိုင်သောသူ” အား ယေဟောဝါသည် အုပ်ချုပ်ခွင့်အာဏာကို ပေးမည်ဖြစ်သည်။ ထိုသူကား ယေရှုခရစ်တည်း။ ထို့ကြောင့် “လူမျိုးများ၏ ခန့်အပ်ရာကာလများ” ကုန်ဆုံးသည့်အချိန်ကို ကျွန်ုပ်တို့သိနိုင်လျှင် ဘုရင်အဖြစ် ခရစ်တော် စတင်စိုးစံသည့်အချိန်ကိုလည်း သိလိမ့်မည်။

၁၉။ ကမ္ဘာပေါ် ဘုရားသခင့်အုပ်ချုပ်ရေးသည် “ကာလ” မည်မျှကြာကြာ ဖြတ်တောက်ခံရမည်နည်း။

၁၉ ဒံယေလအခန်းကြီးလေးအရ “ခန့်အပ်ရာကာလများ” သည် “ခုနစ်ကာလ” ဖြစ်မည်။ ထို “ခုနစ်ကာလ” အတွင်း “သစ်ပင်” အားဖြင့်ပုံဆောင်သော ဘုရားသခင့်အုပ်ချုပ်ရေးသည် ကမ္ဘာပေါ်တွင် စိုးမိုးမည်မဟုတ်ဟု ဒံယေလ ဖော်ပြ၏။ (ဒံယေလ ၄:၁၆၊ ၂၃) ထို “ခုနစ်ကာလ” သည် မည်မျှတာရှည်သနည်း။

၂၀။ (က) တစ် “ကာလ” သည် မည်မျှကြာရှည်သနည်း။ (ခ) “ခုနစ်ကာလ” သည် မည်မျှကြာရှည်သနည်း။ (ဂ) တစ်ရက်အတွက်တစ်နှစ်ဟု ကျွန်ုပ်တို့အဘယ်ကြောင့်ရေတွက်သနည်း။

၂၀ ဗျာဒိတ်အခန်းကြီး ၁၂၊ အခန်းငယ် ၆ နှင့် ၁၄ တွင် ရက်ပေါင်း ၁,၂၆၀ သည် “တစ်ကာလ၊ နှစ်ကာလ၊ ကာလတစ်ဝက်” နှင့်ညီသည်ဟု သိရသည်။ စုစုပေါင်း ၃ ၁/၂ ကာလဖြစ်၏။ သို့ဖြစ်၍ “တစ်ကာလ” သည် ရက်ပေါင်း ၃၆၀ နှင့်ညီသည်။ ထို့ကြောင့် “ခုနစ်ကာလ” သည် ၃၆၀ ခုနစ်လီ၊ သို့မဟုတ် ရက်ပေါင်း ၂,၅၂၀ ဖြစ်သည်။ ကျမ်းစာစည်းမျဉ်းအတိုင်း တစ်ရက်ကို တစ်နှစ်အဖြစ် ရေတွက်လျှင် “ခုနစ်ကာလ” သည် နှစ်ပေါင်း ၂,၅၂၀ နှင့်ညီ၏။​—တောလည်ရာ ၁၄:၃၄; ယေဇကျေလ ၄:၆။

၂၁။ (က) “လူမျိုးများ၏ ခန့်အပ်ရာကာလများ” သည် အဘယ်အချိန်မှစ၍ အဘယ်အချိန်တွင် ကုန်ဆုံးသနည်း။ (ခ) ဘုရားသခင့်အစိုးရ အဘယ်အချိန်တွင် စတင်အုပ်စိုးသနည်း။ (ဂ) ဘုရားသခင့်နိုင်ငံတော်လာရန် အဘယ်ကြောင့် ဆုတောင်းဖို့ ကောင်းသေးသနည်း။

၂၁ “လူမျိုးများ၏ ခန့်အပ်ရာကာလများ” သည် ဘီ.စီ.အီး. ၆၀၇ ခုနှစ်မှစခဲ့သည်ကို ကျွန်ုပ်တို့သိပြီးဖြစ်သည်။ ထို့ကြောင့် ထိုနှစ်မှ နှစ်ပေါင်း ၂,၅၂၀ ရေတွက်လိုက်လျှင် စီ.အီး. ၁၉၁၄ ခုနှစ်သို့ရောက်၏။ ၎င်းနှစ်သည် “ခန့်အပ်ရာကာလများ” ကုန်ဆုံးချိန်ဖြစ်သည်။ ယနေ့တိုင် အသက်ရှင်နေသောလူ သန်းပေါင်းများစွာတို့သည် ၁၉၁၄ ခုနှစ်အဖြစ်အပျက်များကို မှတ်မိကြ၏။ ထိုနှစ်တွင် ယနေ့ထက်တိုင် တာရှည်လာသည့် ကြောက်မက်ဖွယ်ကောင်းသော ဒုက္ခကာလတစ်ခု အစပြုလာခဲ့သည်။ သို့ဖြစ်၍ ယေရှုခရစ်သည် ၁၉၁၄ ခုနှစ်တွင် ဘုရားသခင့် ကောင်းကင်အစိုးရဘုရင်အဖြစ် စတင်အုပ်စိုးတော်မူပြီဖြစ်၏။ နိုင်ငံတော် စတင်အုပ်ချုပ်နေပြီဖြစ်သောကြောင့် နိုင်ငံတော် “လာ” ၍ ကမ္ဘာပေါ်မှ စာတန်၏စနစ်ဆိုးကို ဖျက်သိမ်းပါစေဟု ကျွန်ုပ်တို့ဆုတောင်းရန် အခါသင့်လှလေခြင်း!​—မဿဲ ၆:၁၀; ဒံယေလ ၂:၄၄၊ ၄၅။

၂၂။ အဘယ်မေးခွန်းကို အချို့သူများ မေးချင်မေးကြမည်နည်း။

၂၂ သို့တစေ ‘ခရစ်တော်ဟာ ပြန်ကြွလာပြီး ခမည်းတော်ရဲ့ နိုင်ငံတော်မှာ အုပ်ချုပ်နေပြီဆိုယင် သူ့ကို ကျွန်တော်တို့ ဘာဖြစ်လို့ မမြင်တာလဲ’ ဟူ၍ တစ်ယောက်ယောက်က မေးမည်။

[အောက်ခြေမှတ်ချက်များ]

a ၎င်းအမိန့်ကို ဘီ.စီ.အီး. ၄၅၅ ခုတွင် ထုတ်ဆင့်ခဲ့ကြောင်း သမိုင်းသာဓကအတွက် ကင်းမျှော်စင်သမ္မာကျမ်းစာနှင့် ဝေစာအသင်းမှ ထုတ်ဝေသော ကျမ်းစာနားလည်စေရန် အကူအညီစာအုပ်မှ “အာတေဇေရဇ်” ဟူသောအကြောင်းတွင် ကြည့်ပါ။

[စာမျက်နှာ ၁၄၁၊ ၁၄၁ ပါ လေးထောင့်ကွက်]

ဘီ.စီ.အီး. ၆၀၇ ခုတွင် ဘုရားသခင့် ယုဒနိုင်ငံ ကျဆုံးခဲ့သည်။ စီ.အီး. ၁၉၁၄ ခုတွင် ယေရှုခရစ်သည် ဘုရားသခင့် ကောင်းကင်အစိုးရမင်းအနေနှင့် စတင်အုပ်ချုပ်သည်

ဘီ.စီ.အီး. ၆၀၇—စီ.အီး. ၁၉၁၄ ခု

ဘီ.စီ.အီး. ၆၀၇ ခု၊ အောက်တိုဘာ–ဘီ.စီ.အီး. ၁ ခု၊ အောက်တိုဘာ = ၆ ၀ ၆ နှစ်

ဘီ.စီ.အီး. ၁ ခု၊ အောက်တိုဘာ–စီ.အီး ၁၉၁၄ ခု၊ အောက်တိုဘာ = ၁ ၉ ၁ ၄ နှစ်

တစ်ပါးအမျိုးသား ခုနစ်ကာလ = ၂,၅၂၀ နှစ်

[စာမျက်နှာ ၁၃၄ ပါ ရုပ်ပုံ]

“ယခုအခါ ကိုယ်တော်သည် ဣသရေလ အမျိုးသားတို့အားနိုင်ငံကိုပြန်ပေးတော်မူမည်လော”

[စာမျက်နှာ ၁၃၉ ပါ ရုပ်ပုံ]

ဒံယေလ အခန်းကြီး ၄ ပါ သစ်ပင်ကြီးသည် ဘုရားသခင့်အုပ်စိုးမှုကို ပုံဆောင်၏။ တစ်ချိန်က ၎င်းအုပ်စိုးမှုသည် ယုဒနိုင်ငံမှတစ်ဆင့် အတန်ကြာ တည်ရှိခဲ့သည်

[စာမျက်နှာ ၁၄၀၊ ၁၄၁ ပါ ရုပ်ပုံ]

ယုဒနိုင်ငံ ဖျက်ဆီးခံရချိန်တွင် သစ်ပင်ကြီး ခုတ်လှဲခြင်း ခံရသည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ