ဘုရားရေးရာကြောက်ရွံ့ခြင်းကို ပြုစုပျိုးထောင်ခြင်း
“ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကိုကြောက်ရွံ့၍ ဒုစရိုက်ကို ရှောင်လော့။”—သု. ၃:၇။
၁ နယပုံပြင်ကျမ်းကို မည်သူတို့အတွက် ရေးသားခဲ့ပါသနည်း။
နယပုံပြင်ကျမ်းစာစောင်၌ ဝိညာဏသြဝါဒအမြောက်အမြားပါရှိသည်။ အစအဦးက မိမိ၏စံနမူနာလူမျိုး ဣသရေလကို သွန်သင်ပေးခြင်းငှာ ဤလမ်းညွှန်စာစောင်ကို ယေဟောဝါပေးတော်မူခဲ့ခြင်းဖြစ်သည်။ ယနေ့ ၎င်းသည် “ကပ်ကာလအဆုံးတွင်” ရောက်နေသော ကိုယ်တော်၏သန့်ရှင်းသည့် ခရစ်ယာန်လူမျိုးအတွက် ပညာရှိစကားများဖြစ်သည်။—၁ ကောရိန္သု ၁၀:၁၁; သု. ၁:၁-၅; ၁ ပေတရု ၂:၉။
၂။ သု. ၃:၇ ပါသတိပေးချက်သည် ယနေ့ အဘယ်ကြောင့် အခန့်သင့်ဆုံး ဖြစ်သနည်း။
၂ သု. ၃:၇ ကိုဖွင့်သည်တွင် “ငါသည် ပညာရှိ၏ဟု ကိုယ်ကိုမထင်နှင့်။ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကို ကြောက်ရွံ့၍ ဒုစရိုက်ကို ရှောင်လော့” ဟုဖတ်ရသည်။ “ကောင်းမကောင်းကိုသိ” မည်ဟူသောကတိနှင့် ဧဝကို မြွေသွေးဆောင်ခဲ့သည့် ကျွန်ုပ်တို့၏ပထမမိဘလက်ထက်ကတည်းကပင် လူ့အသိဉာဏ်သည် လူတို့လိုအပ်ချက်များကို တာဝန်ယူရန်ပျက်ကွက်ခဲ့ပြီ။ (ကမ္ဘာဦး ၃:၄၊ ၅; ၁ ကောရိန္သု ၃:၁၉၊ ၂၀) ယင်းသို့ဖြစ်နေကြောင်း တစ်ချိန်တစ်ခါနှင့်မျှမတူ ဤ ၂၀ ရာစု—ဘုရားမဲ့ ဆင့်ကဲအယူ၏အသီးကို ရိတ်သိမ်းသည့်အနေနှင့် လူသားတို့သည် လူမျိုးရေး၊ အဓမ္မမှုနှင့် စာရိတ္တယိုယွင်းမှုအမျိုးမျိုးကြောင့် ကပ်သင့်နေသော ဤ “နောက်ဆုံးကာလ”—တွင် ပိုထင်ရှားနေပါသည်။ (၂ တိမောသေ ၃:၁-၅၊ ၁၃; ၂ ပေတရု ၃:၃၊ ၄) ဤမည်ကား ယူအင်န်သော်လည်းကောင်း၊ ဤလောကရှိ ကွဲပြားနေသော ဘာသာရေးသော်လည်းကောင်း မဖြေရှင်းနိုင်သည့် ‘ကမ္ဘာသစ် ရှုပ်ထွေးမှု’ ဖြစ်သည်။
၃။ ကျွန်ုပ်တို့ခေတ်အတွက် အဘယ်တိုးပွားမှုများကို ပရောဖက်ပြုထားသနည်း။
၃ နတ်ဆိုးအင်အားစုတို့သည် “လောကီတစ်နိုင်ငံလုံးတွင်ရှိသော ရှင်ဘုရင်တို့ထံသို့သွား၍ အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ဘုရားသခင်၏ နေ့ကြီး၌ စစ်တိုက်ခြင်းအလို့ငှာ . . . ဟေဗြဲဘာသာအားဖြင့် အာမဂေဒုန် အမည်ရှိသော အရပ်၌ စုဝေးစေကြ၏” ဟုဘုရားသခင်၏ ပရောဖက်ပြု နှုတ်ကပါဌ်တော်က အသိပေးထားပါသည်။ (ဗျာဒိတ် ၁၆:၁၄၊ ၁၅) မကြာမီပင် ဤရှင်ဘုရင် သို့မဟုတ် အုပ်ချုပ်သူတို့သည် ယေဟောဝါထံတော်မှ ကြောက်မက်ဖွယ်ရာများကို ခံကြရတော့မည်။ ယောရှုနှင့်ဣသရေလလူမျိုးသည် ခါနာန်လူမျိုးကို တရားစီရင်ခြင်းငှာ ရောက်လာသောအခါ သူတို့ ကြောက်လန့်တကြီးဖြစ်ခဲ့သည်နည်းတူ ဖြစ်ကြရတော့မည်။ (ယောရှု ၂:၉-၁၁) သို့သော် ယနေ့ “အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ဘုရားသခင်၏ဒေါသအမျက်တော်” ကိုထင်ရှားစေသည့် ‘လူမျိုးတို့ကို ထိုးခုတ်ရန် . . . သူတို့ကို သံလှံတံနှင့် အုပ်စိုးမည့်’ သူကား ယောရှုပုံဆောင်သော ခရစ်တော်ယေရှု—“ဘုရင်တို့၏ဘုရင်၊ သခင်တို့၏သခင်”—ဖြစ်သည်။—ဗျာဒိတ် ၁၉:၁၅၊ ၁၆၊ သမ္မာ။
၄၊ ၅။ မည်သူ ကယ်တင်ခြင်းရမည်နည်း။ အဘယ်ကြောင့်နည်း။
၄ ထိုအခါ မည်သူ ကယ်တင်ခြင်းရမည်နည်း။ ကယ်နှုတ်ခံရမည့်သူများသည် ကြောက်စိတ်လွှမ်းမိုးခံရသူများမဟုတ်ဘဲ ယေဟောဝါအား ကြောက်ရွံ့ရိုသေခြင်းသဘောကို ပြုစုပျိုးထောင်ခဲ့သူများဖြစ်မည်။ ကိုယ့်ကိုယ်ကို ပညာရှိဟု ထင်နေမည့်အစား ဤသူတို့သည် “ဒုစရိုက်ကို ရှောင်” သောသူများဖြစ်သည်။ နှိမ့်ချစွာဖြင့် မိမိတို့၏စိတ်၌ ကောင်းမှုဖြည့်စွက်ပေးသောကြောင့် ဒုစရိုက်ကို သူတို့၏စိတ်ကူးစိတ်သန်းထဲမှ ဖယ်ထုတ်သူများ ဖြစ်ကြပါသည်။ ဆိုးရွားသည့် သောဒုံမြို့သားများကို မြေမျက်နှာပြင်မှ ရှင်းပစ်တော်မူခဲ့သည်နည်းတူ ဒုစရိုက်သားတိုင်းကို စီရင်တော့မည့် “မြေကြီးလုံးကို စီရင်တော်မူသော” အုပ်စိုးပိုင်ထိုက်သောသခင်၊ ယေဟောဝါကို ဤသူတို့သည် ထိုက်သင့်လျော်ကန်စွာ လေးစားကြည်ညိုကြသည်။ (ကမ္ဘာဦး ၁၈:၂၅) ဘုရားသခင့်လူမျိုးအတွက် “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကိုကြောက်ရွံ့သောသဘောသည် အသေခံရာကျော့ကွင်းတို့မှ လွှဲရှောင်ရာအသက်စမ်းရေတွင်းဖြစ်” နေသည်ကား အမှန်ပါ။—သု. ၁၄:၂၇။
၅ ဤမြင့်မြတ်သော တရားစီရင်ရာနေ့တွင် ကိုယ်တော်စိတ်ငြိုငြင်မည်ကို အမြဲစိုးရိမ်ကြောင့်ကြနေသဖြင့် ယေဟောဝါကိုသာ လုံးဝကြည်ညိုသူများအတွက် သု. ၃:၈ (ကဘ) ပါ “[ယေဟောဝါအား ကြောက်ရွံ့ခြင်းသည်] သင်၏ချက်အနာ ပျောက်ကင်းရာနှင့် အရိုးများကို အားပြည့်ရာ ဖြစ်ပါစေသော” ဟူသည့် ပုံဆောင်ချက်စကားများ ပြည့်စုံလာပါလိမ့်မည်။
ယေဟောဝါကို ဂုဏ်တင်ချီးမြှောက်ခြင်း
၆။ သု. ၃:၉ ပါစကားကို လိုက်နာရန် အဘယ်အရာက ကျွန်ုပ်တို့ကိုတိုက်တွန်းမှုဖြစ်သင့်သနည်း။
၆ ယေဟောဝါကို မှန်ကန်သောကြောက်ရွံ့ခြင်းနှင့်တကွ အားကြီးသောမေတ္တာက သု. ၃:၉ ပါစကားကို လိုက်နာရန် တိုက်တွန်းမှုဖြစ်သင့်သည်– “သင်သည် ကိုယ်ဥစ္စာနှင့် အဦးသီးသောအသီးအနှံရှိသမျှကို ထာဝရဘုရား [ယေဟောဝါ၊ ကဘ] အား ပူဇော် [ချီးမြှောက်၊ ကဘ] လော့။” မိမိတို့ပူဇော်သက္ကာများနှင့် ယေဟောဝါအား ဂုဏ်တင်ချီးမြှောက်ရန် ကျွန်ုပ်တို့အား ဇွတ်တောင်းခံမထားပါ။ ရှေးဣသရေလနိုင်ငံတွင် ယဇ်ပူဇော်ခြင်းအကြောင်းကို ထွက်မြောက်ရာ ၃၅:၂၉ မှ တရားဟောရာ ၂၃:၂၃ အထိ ၁၂ ကြိမ်ခန့် ဖော်ပြထားသည့်အတိုင်း စိတ်စေတနာအလျောက် ဖြစ်သင့်သည်။ ကိုယ်တော်ပေးသနားတော်မူခဲ့သည့် ကျေးဇူးများနှင့် ချစ်ခင်ကြင်နာခြင်းကို အသိအမှတ်ပြုသည့်အနေနှင့် ယေဟောဝါအား ကျွန်ုပ်တို့ဆက်သသည့် ဤအဦးသီးသောအသီးများသည် အကောင်းဆုံးဖြစ်သင့်ပါသည်။ (ဆာလံ ၂၃:၆) “ဘုရားသခင်၏နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားတော်ကို ရှေးဦးစွာရှာ” ပါမည်ဟု ကျွန်ုပ်တို့၏ဆုံးဖြတ်ချက်ကို ၎င်းတို့က ထင်ရှားစေသင့်သည်။ (မဿဲ ၆:၃၃) ကျွန်ုပ်တို့၏တန်ဖိုးရှိရာများနှင့် ယေဟောဝါအား ဂုဏ်တင်ချီးမြှောက်ခြင်းမှ အဘယ်အကျိုး ဖြစ်ထွန်းလာမည်နည်း။ “သို့ပြုလျှင် သင်၏စပါးကျီတို့သည် ကြွယ်ဝ၍ စပျစ်သီးနယ်ရာတန်ဆာတို့ကို အသစ်သောစပျစ်ရည် လျှံလိမ့်မည်” ဖြစ်သည်။—သု. ၃:၁၀။
၇။ အဘယ်အဦးသီးသောအသီးများကို ယေဟောဝါထံ ဆက်သရမည်နည်း။ ရလဒ်ကား အဘယ်နည်း။
၇ ယေဟောဝါကောင်းချီးပေးသည့် အဓိကနည်းမှာ ဝိညာဉ်ရေးနှင့်ဆိုင်သည်။ (မာလခိ ၃:၁၀) သို့ဖြစ်၍ ကိုယ်တော်ထံ ကျွန်ုပ်တို့ဆက်သသည့်အဦးသီးသောအသီးများသည် အဓိကအားဖြင့် ဝိညာဉ်ရေးဆိုင်ရာဖြစ်သင့်သည်။ အလိုတော်ကိုဆောင်ရွက်ခြင်းငှာ ကျွန်ုပ်တို့အချိန်၊ စွမ်းအင်နှင့် လိုအပ်သောခွန်အားတို့ကို အသုံးပြုသင့်သည်။ ထိုလုပ်ရပ်သည် ယေရှုအတွက် ခွန်အားရှိ “စားစရာ” ဖြစ်ခဲ့သည့်နည်းတူ ယင်းက ကျွန်ုပ်တို့ကိုတစ်ဖန် အာဟာရဖြစ်စေမည်။ (ယောဟန် ၄:၃၄) ကျွန်ုပ်တို့၏ဝိညာဏစပါးကျီတို့သည် ပြည့်၍ စပျစ်ရည်အသစ် ပုံဆောင်သည့် ကျွန်ုပ်တို့၏ရွှင်လန်းမှုသည်လည်း လျှံလိမ့်မည်။ ထို့အပြင် တစ်နေ့တာအတွက် စားစရာအလုံအလောက်ရှိရန် ယုံကြည်စိတ်ချစွာဖြင့် ဆုတောင်းကြစဉ် ကမ္ဘာချီဘုရားသခင့်နိုင်ငံတော်လုပ်ငန်းကို ထောက်ပံ့ကူညီပေးခြင်းငှာ ကျွန်ုပ်တို့ပစ္စည်းများမှရက်ရောစွာ မှန်မှန်လှူဒါန်းနိုင်ပါသည်။ (မဿဲ ၆:၁၁) ငွေအင်အားအပါအဝင် ကျွန်ုပ်တို့ပိုင်ဆိုင်ထားသမျှတို့သည် မေတ္တာရှင် ကောင်းကင်ခမည်းတော်ထံတော်မှ ရရှိခဲ့ခြင်းဖြစ်သည်။ ကိုယ်တော်အား ထောမနာပြုရေးတွင် ဤတန်ဖိုးရှိအရာများကို ကျွန်ုပ်တို့အသုံးပြုသည့်အတိုင်းအတာအထိ ကိုယ်တော်သည် ကျွန်ုပ်တို့အပေါ် ကောင်းချီးများ ထပ်၍သွန်းလောင်းတော်မူလိမ့်မည်။—သု. ၁၁:၄; ၁ ကောရိန္သု ၄:၇။
မေတ္တာပါသော ဆုံးမစကားများ
၈၊ ၉။ ဆုံးမပဲ့ပြင်ခြင်းကို ကျွန်ုပ်တို့မည်သို့ယူမှတ်သင့်သနည်း။
၈ ဘုရားတရားရှိ အိမ်ထောင်များတွင်လည်းကောင်း၊ ယေဟောဝါချစ်မြတ်နိုးသော မြေကြီးပေါ်ရှိ ဝိညာဏသားသမီးနှင့် ကိုယ်တော့်စပ်ကြားတွင်လည်းကောင်း တွေ့ရှိရသည့် ပြေပြစ်သော ဖခင်နှင့်သား ဆက်ဆံမှုကို အခန်းငယ် ၁၁ နှင့် ၁၂ တွင် နယပုံပြင် အခန်းကြီး ၃ က တစ်ဖန်ဖော်ပြပါသည်။ ဤသို့ဖတ်ရသည်– “ငါ့သား၊ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ဆုံးမတော်မူခြင်းကို မမှတ်ဘဲ မနေနှင့်။ သင်၏အပြစ်ကို စစ်ဆေးတော်မူသောအခါ စိတ်မပျက်စေနှင့်။ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] သည် ချစ်တော်မူသောသူကို ဆုံးမတော်မူတတ်၏။ နှစ်သက်တော်မူသောသားကို ဒဏ်ခတ်တော်မူတတ်၏။” လောကသားများသည် ဆုံးမခံရခြင်းကို အလွန်မုန်းသည်။ ယေဟောဝါ၏လူများမူကား ၎င်းကို လက်ကမ်းကြိုဆိုသင့်သည်။ နယပုံပြင်ကျမ်းမှ ဤစကားများကို တမန်တော်ပေါလုကိုးကား၍ “ငါ့သား၊ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ဆုံးမတော်မူခြင်းကို မမှတ်ဘဲမနေနှင့်။ သင်၏အပြစ်ကို စစ်ဆေးတော်မူသောအခါ စိတ်မပျက်နှင့်။ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] သည် ချစ်တော်မူသောသူကို ဆုံးမတော်မူတတ်၏။ . . . ဆုံးမခြင်းမည်သည်ကား ခံရစဉ်အခါ ဝမ်းမြောက်စရာမထင်၊ ဝမ်းနည်းစရာထင်တတ်၏။ သို့သော်လည်း ဆုံးမခြင်းကိုခံရသောသူတို့သည် နောက်မှ ငြိမ်သက်ခြင်းနှင့်စပ်ဆိုင်သော ဖြောင့်မတ်ခြင်းအကျိုးကို ခံရကြ၏” ဟုဆိုသည်။—ဟေဗြဲ ၁၂:၅၊ ၆၊ ၁၁။
၉ မှန်ပါသည်။ မိဘများထံမှလည်းကောင်း၊ ခရစ်ယာန်အသင်းတော်ထံမှလည်းကောင်း၊ ကိုယ်ပိုင်လေ့လာမှုပြုရာတွင် ကျမ်းစာကို သုံးသပ်ဆင်ခြင်ခြင်းဖြင့်သော်လည်းကောင်း ဆုံးမပဲ့ပြင်ခံရခြင်းသည် ကျွန်ုပ်တို့တစ်ဦးစီ၏ လေ့ကျင့်သွန်သင်မှုအတွက် မရှိမဖြစ်သောအရာဖြစ်ပါသည်။ သု. ၄:၁၊ ၁၃ ကလည်း “ငါ့သားတို့၊ အဘ၏နည်းဥပဒေသကို နားထောင်၍ ဉာဏ်သဘောကို နားလည်ခြင်းငှာ စေ့စေ့မှတ်ကြလော့။ ဥပဒေသကိုကိုင်ဆွဲလော့။ မလွှတ်နှင့်။ စောင့်ထားလော့။ အသက်ရှင်ခြင်း၏အကြောင်း ဖြစ်၏” ဟုဆိုထားသဖြင့် ပဲ့ပြင်မှုကိုခံယူခြင်းသည် သေရေးရှင်ရေးကိစ္စဖြစ်ပါသည်။
အကြီးမားဆုံး ဝမ်းမြောက်မှု
၁၀၊ ၁၁။ သု. ၃:၁၃-၁၈ ရှိနှစ်သက်ဖွယ်သောစကားများပါ အသွင်အချို့ကား အဘယ်နည်း။
၁၀ ဤတွင် တင့်တယ်သောဖော်ပြချက်၊ အမှန်တကယ်ပင် ‘နှစ်သက်ဖွယ်သောစကားများနှင့် ဖြောင့်မတ်သောသမ္မာတရားစကားများ’ ကို ယခုဆက်ဖတ်ရပါမည်! (ဒေသနာ ၁၂:၁၀) ဤမှုတ်သွင်းခံ ရှောလမုန်၏စကားများသည် စစ်မှန်သောပျော်ရွှင်မှုကို ဖော်ပြပါသည်။ ဤစကားများကို ကျွန်ုပ်တို့နှလုံးထဲ ထည့်သွင်းမှတ်ထားသင့်သည်။ ဤသို့ဖတ်ရသည်–
၁၁ “ဉာဏ်ပညာကိုရှာ၍ရသောသူသည် မင်္ဂလာ [ဝမ်းမြောက်ခြင်း၊ ကဘ] ရှိ၏။ အကြောင်းမူကား ပညာကုန်သွယ်ခြင်းသည် ငွေကုန်သွယ်ခြင်းထက် သာ၍ကောင်း၏။ ပညာကုန်သွယ်၍ရသောအမြတ်လည်း ရွှေစင်ထက် သာ၍ကောင်း၏။ ပညာသည် ပတ္တမြားထက်သာ၍ အဖိုးထိုက်ပေမည်။ နှစ်သက်ဖွယ်သမျှသောအရာတို့သည် ထိုရတနာကို မပြိုင်နိုင်ကြ။ သူ၏လက်ယာလက်၌ အသက်တာရှည်သောကာလ လက်ဝဲလက်၌ စည်းစိမ်နှင့် ဂုဏ်အသရေရှိ၏။ ပညာလမ်းတို့သည် သာယာသောလမ်း၊ ပညာလမ်းခရီးရှိသမျှတို့သည် ငြိမ်ဝပ်လျက်ရှိကြ၏။ ပညာကို ကိုင်ဆွဲသောသူသည် အသက်ပင်ကိုရပြီ။ လက်မလွှတ်သောသူသည် မင်္ဂလာ [ဝမ်းမြောက်ခြင်း၊ ကဘ] ရှိ၏။”—သု. ၃:၁၃-၁၈။
၁၂။ ဉာဏ်ပညာနှင့် ပိုင်းခြားသိမြင်ခြင်းက ကျွန်ုပ်တို့အား မည်သို့အကျိုးပေးသင့်သနည်း။
၁၂ ဉာဏ်ပညာ—နယပုံပြင်ကျမ်းတွင် စုစုပေါင်း ၄၆ ကြိမ်တိုင် ဖော်ပြထားပြီတကား! “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကိုကြောက်ရွံ့သောသဘောသည် ပညာ၏ မူလအမြစ်ဖြစ်၏။” ဤမည်ကား ဘုရားသခင့်နှုတ်ကပါဌ်တော်မှ အသိပညာကို အခြေပြုသည့် လက်တွေ့ကျ ဘုရားရေးရာ ဉာဏ်ပညာဖြစ်၍ ကိုယ်တော့်လူများအား စာတန့်လောကရှိ ထကြွနေသောအန္တရာယ်မုန်တိုင်းများမှ ဘေးကင်းသည့်လမ်းသို့ပိုဆောင်နိုင်ပါသည်။ (သု. ၉:၁၀) နယပုံပြင်ကျမ်းတွင် ၁၉ ကြိမ်ကိုးကားထားသည့် ပိုင်းခြားသိမြင်ခြင်းမူကား ဉာဏ်ပညာ၏ လက်ပါးစေဖြစ်၍ စာတန်၏ အကြံအစည်များကို တိုက်ခိုက်တွန်းလှန်နိုင်ရန် အထောက်အကူပြုပါသည်။ မိမိဉာဏ်နီဉာဏ်နက်တို့ကို အကောင်အထည်ပေါ်စေနိုင်သည့် မဟာရန်သူကြီးသည် နှစ်ပေါင်းထောင်ချီ အတွေ့အကြုံရင့်ကျက်သူဖြစ်သည်။ သို့သော် အတွေ့အကြုံကို ဆရာတင်ခြင်းထက် များစွာတန်ဖိုးရှိသည့်အရာတစ်ခုခု—ဘုရားရေးရာ ပိုင်းခြားသိမြင်ခြင်း၊ ဤအရည်အချင်းအားဖြင့် အမှားအမှန်ကို ခွဲခြားသိမြင်၍ လမ်းမှန်ကို ရွေးချယ်ရန် ကျွန်ုပ်တို့၌ရှိပါသည်။ ယင်းကို ယေဟောဝါ၏နှုတ်ကပါဌ်တော်မှတစ်ဆင့် ကိုယ်တော် သွန်သင်ပေးနေတော်မူသည်။—သု. ၂:၁၀-၁၃; ဧဖက် ၆:၁၁။
၁၃။ စီးပွားရေးခဲယဉ်းကျပ်တည်းသောအချိန်အခါများတွင် ကျွန်ုပ်တို့အားအဘယ်အရာက အကာအကွယ်ပေးမည်နည်း။ မည်သို့အားဖြင့်နည်း။
၁၃ ယနေ့ ဤလောကတွင် တွေ့ရှိနေရသော စီးပွားရေးကစဉ့်ကလျားဖြစ်မှုက ယေဇကျေလ ၇:၁၉ ပါပရောဖက်ပြုချက် ပြည့်စုံလာခြင်း၏ ရှေ့ပြေးနိမိတ်ဖြစ်သည်– “သူတို့ငွေကို လမ်းသို့ပစ်၍ ရွှေကို ညစ်ညူးသောအရာကဲ့သို့ မှတ်ကြလိမ့်မည်။ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] အမျက်ထွက်တော်မူသောကာလ၌ သူတို့ရွှေငွေသည် သူတို့ကို ကယ်တင်ခြင်းငှာ မတတ်နိုင်။” စည်းစိမ်ဥစ္စာရှိရှိသမျှသည် ဉာဏ်ပညာနှင့်ပိုင်းခြားသိမြင်ခြင်းကဲ့သို့ ကယ်တင်နိုင်စွမ်း လုံးဝမရှိချေ။ အခြားတစ်ချိန်တွင် ပညာရှိရှောလမုန်က “ပညာသည် ကွယ်ကာတတ်၏။ ငွေသည်လည်း ကွယ်ကာတတ်၏။ ပညာအတတ်သည် အဘယ်သို့မြတ်သနည်းဟူမူကား ပညာအတတ်ကိုရသောသူသည် အသက်ကိုလည်း ရတတ်၏” ဟုဆိုသည်။ (ဒေသနာ ၇:၁၂) ယနေ့ ယေဟောဝါ၏သာယာသောလမ်းပေါ် လျှောက်နေသူအားလုံးနှင့် “အသက်တာရှည်သောကာလ” တည်းဟူသော ယေရှု၏ရွေးဖိုးပူဇော်သက္ကာကို ယုံကြည်ကြောင်း တင်ပြသူတို့အား ဘုရားသခင်ပေးသနားတော်မူသည့် ထာဝရအသက်ဆုကို ဉာဏ်ပညာရှိစွာ ရွေးချယ်သူများသည် အမှန်တကယ်ပင် ဝမ်းမြောက်ရွှင်လန်းခြင်းရှိ၏။—သု. ၃:၁၆; ယောဟန် ၃:၁၆; ၁၇:၃။
စစ်မှန်သောဉာဏ်ပညာကို ပြုစုပျိုးထောင်ခြင်း
၁၄။ တုပလောက်သော ဉာဏ်ပညာတော်ကို ယေဟောဝါ မည်သို့တင်ပြခဲ့သနည်း။
၁၄ ဘုရားသခင်၏ပုံသဏ္ဌာန်တော်ဖြင့် ဖန်ဆင်းခံရသော ကျွန်ုပ်တို့လူသားအပေါင်းသည် ဉာဏ်ပညာနှင့် ပိုင်းခြားသိမြင်ခြင်းကို ကြိုးစားပြုစုပျိုးထောင်သင့်သည်။ အံ့ချီးဖွယ်ဖန်ဆင်းရာများကို ပြုစုချိန်တွင် ယေဟောဝါကိုယ်တော်တိုင် ယင်းအရည်အချင်းများကို တင်ပြတော်မူခဲ့သည်။ “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] သည် ပညာတော်အားဖြင့် မြေကြီးကိုတည်၍ ဉာဏ်တော်အားဖြင့် မိုးကောင်းကင်ကို ပြင်ဆင်တော်မူပြီ။” (သု. ၃:၁၉၊ ၂၀) ရှင်းပြမရသည့်နက်နဲရာ ဆင့်ကဲဖြစ်စဉ်အားဖြင့်မဟုတ်ဘဲ ကိုယ်တော်သည် ပညာရှိအကြံအစည်တော်အတွက် သက်ရှိသတ္တဝါများကို ‘အမျိုးလိုက်’ တိုက်ရိုက်ဖန်ဆင်း တော်မူခဲ့သည်။ (ကမ္ဘာဦး ၁:၂၅) နောက်ဆုံးတွင် သတ္တဝါအပေါင်းထက် အသိဉာဏ်နှင့်စွမ်းရည်များရှိ လူသားကို ဖန်ဆင်းတော်မူသောအခါ ဘုရားသခင့်ကောင်းကင်သားများ၏ ချီးမွမ်းသြဘာပေးသံသည် ကောင်းကင်တစ်ခွင် ပဲ့တင်ထပ်ခဲ့ပေမည်။ (ယောဘ ၃၈:၁၊ ၄၊ ၇ နှိုင်းယှဉ်။) ယေဟောဝါ၏ ကြိုတင်၍ ပိုင်းခြားသိမြင်ခြင်း၊ ကိုယ်တော့်ဉာဏ်ပညာတော်နှင့် ကိုယ်တော်၏ချစ်ခြင်းမေတ္တာသည် ကမ္ဘာပေါ်ရှိ လက်ရာတော်အားလုံးတွင် ထင်ရှားစွာတွေ့ရပါသည်။—ဆာလံ ၁၀၄:၂၄။
၁၅။ (က) ဉာဏ်ပညာကို ပြုစုပျိုးထောင်ရုံဖြင့် အဘယ်ကြောင့် မလုံလောက်သနည်း။ (ခ) သု. ၃:၂၅၊ ၂၆ က ကျွန်ုပ်တို့၌ အဘယ်ယုံကြည်စိတ်ချမှုကို နှိုးဆွပေးသင့်သနည်း။
၁၅ ယေဟောဝါ၏ နှုတ်ကပါဌ်တော်လေ့လာခြင်းတွင် ဘယ်တော့မျှ အရှိန်လျှော့မပစ်ဘဲ ကိုယ်တော့်အရည်အချင်းများဖြစ်သည့် ဉာဏ်ပညာနှင့် ပိုင်းခြားသိမြင်ခြင်းတို့ကို ပြုစုပျိုးထောင်ပေးရမည်သာမက ယင်းတို့ကို စွဲမြဲစွာဆုပ်ကိုင်ထားရန်လည်းလိုအပ်သည်။ ကိုယ်တော် ကျွန်ုပ်တို့အား ဤသို့ဆုံးမထားတော်မူသည်– “ငါ့သား၊ ပညာရတနာနှင့် သမ္မာသတိကို သင့်မျက်မှောက်မှ မကွာစေဘဲ အစဉ်စောင့်ရှောက်လော့။ သို့ပြုလျှင် ထိုရတနာတို့သည် သင်၏ဝိညာဉ်၌ အသက်၊ သင်၏လည်ပင်း၌ ဂုဏ်အသရေ ဖြစ်လိမ့်မည်။” (သု. ၃:၂၁၊ ၂၂) ဤနည်းဖြင့် စာတန့်လောကအပေါ် သူခိုးကဲ့သို့ “လျင်မြန်စွာသောပျက်စီးခြင်း” နေ့ရက် ရုတ်တရက်ရောက်လာသည့်အခါ၌ပင် လုံခြုံပြီး စိတ်ငြိမ်သက်စွာ သွားလာလှုပ်ရှားနိုင်ပါလိမ့်မည်။ (၁ သက်သာလောနိတ် ၅:၂၊ ၃) ကြီးစွာသောဒုက္ခအတွင်းတွင် “သင်သည် ခရီးသွားရာ၌ ဘေးမရှိ။ ခြေမတိုက်မိဘဲ သွားလိမ့်မည်။ အိပ်သောအခါ ကြောက်စရာမရှိရ။ ကောင်းမွန်စွာ အိပ်ပျော်ရလိမ့်မည်။ လျင်မြန်သောဘေးနှင့် လူဆိုးတွေ့တတ်သော ပျက်စီးရာဘေးကို ကြောက်စရာမရှိရ။ အကြောင်းမူကား ထာဝရဘုရား [ယေဟောဝါ၊ ကဘ] သည် သင်ယုံကြည်ကိုးစားရာဖြစ်၍ သင်၏ခြေကို မကျော့မိစေခြင်းငှာ စောင့်မတော်မူလိမ့်မည်။”—သု. ၃:၂၃-၂၆။
ကောင်းမှုပြုခြင်းကို နှစ်မြို့ခြင်း
၁၆။ ဓမ္မအမှု၌ ဇွဲရှိခြင်းအပြင် ခရစ်ယာန်များသည် အဘယ်လုပ်ရပ်ကို လုပ်ရမည်နည်း။
၁၆ လူမျိုးအပေါင်းတို့အား သက်သေဖြစ်မည်အကြောင်း ဘုရားသခင်၏နိုင်ငံတော်နှင့်ယှဉ်သော ဤသတင်းကောင်းကို ဇွဲလုံ့လနှင့် ဟောရမည့်အချိန်ကား ဤအချိန်အခါဖြစ်သည်။ သို့သော် ဤသက်သေခံခြင်းလုပ်ငန်းနှင့်ဒွန်တွဲ၍ သု. ၃:၂၇၊ ၂၈ ဖော်ပြသည့် အခြားခရစ်ယာန်လုပ်ငန်းများကို လုပ်ကိုင်ကြရမည်– “ကျေးဇူးကိုခံသင့်သောသူတို့အား ကျေးဇူးပြုရသောအခွင့်ရှိလျှင် မပြုဘဲမနေနှင့်။ အိမ်နီးချင်းကိုပေးစရာရှိလျက်ပင် ‘သွားတော့။ တစ်ဖန်လာဦးတော့။ နက်ဖြန်မှ ငါပေးမည်’ ဟုမပြောနှင့်။” (ယာကုပ် ၂:၁၄-၁၇ နှိုင်းယှဉ်။) ကမ္ဘာတစ်ဝန်း ဆင်းရဲဒုက္ခနှင့် ငတ်မွတ်ဘေး ဆိုက်ရောက်နေသည့်အတွက် အထူးသဖြင့် ဝိညာဏညီအစ်ကို အချင်းချင်းကို ကူညီမစရန် အရေးတကြီး လိုအပ်နေပါသည်။ ယေဟောဝါသက်သေများသည် မည်သို့တုံ့ပြန်ခဲ့ပါသနည်း။
၁၇-၁၉။ (က) ၁၉၉၃ ခုနှစ်တွင် အဘယ်အရေးတကြီးလိုအပ်ချက်ကို ရင်ဆိုင်ခဲ့သနည်း။ အဘယ်တုံ့ပြန်မှုကို တွေ့ရှိခဲ့ရသနည်း။ (ခ) ဆင်းရဲဒုက္ခကြုံတွေ့နေရသော ကျွန်ုပ်တို့ညီအစ်ကိုများသည် “အထူးသဖြင့် အောင်မြင်” နေကြောင်း အဘယ်အရာက ဖော်ပြသနည်း။
၁၇ ဥပမာတစ်ခုကို ကြည့်ပါလေ– လွန်ခဲ့သောနှစ်အတွင်း ယခင်ယူဂိုဆလာဗီးယားနိုင်ငံမှ အရေးတကြီးအကူအညီတောင်းခံသံ ကြားခဲ့ရပါသည်။ ပတ်ဝန်းကျင်နိုင်ငံများရှိ ညီအစ်ကိုများအသင်းအပင်းက အံ့ဩစရာကောင်းသည့်တိုင် တုံ့ပြန်ခဲ့ပါသည်။ လွန်ခဲ့သောဆောင်းရာသီ အလွန်အေးသည့်လများအတွင်း စစ်ဖြစ်နေသောဒေသကိုဖြတ်၍ ကယ်ဆယ်ရေးယာဉ်တန်းများကို အကြိမ်ကြိမ်သွားနိုင်ခဲ့သဖြင့် နောက်ဆုံးထုတ် စာအုပ်စာတမ်းများ၊ အနွေးထည်များ၊ ရိက္ခာနှင့် ဆေးတို့ကို လိုအပ်သောသက်သေခံများထံ ပို့ပေးနိုင်ခဲ့ပါသည်။ တစ်ချိန်တွင် ကယ်ဆယ်ရေးပစ္စည်း ၁၅ တန်သွင်းလိုကြောင်း လျှောက်ကြားခဲ့သော်လည်း တန် ၃၀ အထိ ခွင့်ပြုချက်ရရှိခဲ့ပါသည်! သို့နှင့် ဩစတြီးယားနိုင်ငံရှိ ညီအစ်ကိုများသည် နောက်ထပ်ထရပ်ကားသုံးစီးကို ချက်ချင်းစီစဉ်၍ ပို့ပေးခဲ့ပါသည်။ လိုအပ်ရာခရီးဆုံးသို့ စုစုပေါင်း ၂၅ တန်ရောက်ရှိသွားပါသည်။ ဤကြွယ်ဝသောဝိညာဏနှင့် ရုပ်ပိုင်းဆိုင်ရာပစ္စည်းများကို လက်ခံရရှိကြသည့်အတွက် ညီအစ်ကိုများသည် အလွန်အားရဝမ်းသာကြသည်တကား!
၁၈ အကျိုးကျေးဇူးများခံစားရသူတို့က မည်သို့တုံ့ပြန်ခဲ့သနည်း။ ဤနှစ်အစောပိုင်းတွင် အကြီးအကဲတစ်ဦး ဤသို့ရေးသားခဲ့သည်– “ဆာရာယေဗိုမြို့ရှိ ညီအစ်ကိုညီအစ်မများ အသက်ရှင်လျက် ကျန်းကျန်းမာမာရှိကြပါသည်။ အရေးအကြီးဆုံးကား ဤအဓိပ္ပာယ်မဲ့သည့်စစ်ပွဲတွင် ကျွန်ုပ်တို့ ဝိညာဉ်ရေးသန်မာမှုရှိနေခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏ အစားအသောက် အခြေအနေ အတော်ပင်ဆိုးရွားနေခဲ့ပါသည်။ ကျွန်ုပ်တို့အတွက် ညီအစ်ကိုများ၏ ကြိုးပမ်းဆောင်ရွက်မှုကြောင့် ညီအစ်ကိုတို့အပေါ် ယေဟောဝါကောင်းချီးပေးဆုချပါစေ။ သူတို့၏ အတုယူဖွယ်ဘဝပုံစံနှင့် အာဏာပိုင်များကို လေးစားမှုကြောင့် အာဏာပိုင်များသည် ယေဟောဝါသက်သေများကို အထူးလေးစားကြပါသည်။ ကျွန်ုပ်တို့ထံ ပို့ဆောင်ပေးခဲ့သည့် ဝိညာဉ်အစာအတွက်လည်း ကျေးဇူးတင်မဆုံးပါ။”—ဆာလံ ၁၄၅:၁၈ နှိုင်းယှဉ်။
၁၉ အန္တရာယ်ကြုံနေကြရသော ဤညီအစ်ကိုများသည် လယ်ကွင်းလုပ်ငန်း၌ သူတို့၏ဇွဲလုံ့လအားဖြင့်လည်း ကျေးဇူးတင်ကြောင်း ဖော်ပြနေကြပါသည်။ အိမ်နီးချင်းများစွာတို့က အိမ်တွင်းကျမ်းစာသင်အံမှုများ တောင်းခံလာကြပါသည်။ ကယ်ဆယ်ရေးရိက္ခာ ငါးတန်ရောက်ရှိခဲ့သော တူးဇလာမြို့ရှိ ကြေညာသူ ၄၀ သည် အသင်းတော်မှ ရှေ့ဆောင်ကိုးဦးကို ကောင်းသောအားပေးမှုအနေနှင့် ထိုလတွင် လုပ်ငန်းတော်၌ ပျမ်းမျှအားဖြင့် ၂၅ နာရီစီပါဝင်ခဲ့ကြပါသည်။ ယေရှု၏သေခြင်းအောက်မေ့ရာ ပွဲတော်ကျင်းပချိန်၌ မှတ်သားဖွယ်ကောင်းသောတက်ရောက်သူ ၂၄၃ ယောက်ရှိခဲ့ပါသည်။ ဤချစ်ခင်ဖွယ်ရာကောင်းသော ညီအစ်ကိုများသည် ‘သူတို့ကိုချစ်တော်မူသောသူ၏ ကျေးဇူးတော်ကြောင့် . . . အထူးသဖြင့် အောင်မြင်” နေသည်မှာ အမှန်တကယ်ပင်။—ရောမ ၈:၃၇။
၂၀။ ယခင်ဆိုဗီယက်ပြည်ထောင်စုတွင် အဘယ် “အညီအမျှဖြစ်စေခြင်း” ဖြစ်ပျက်ခဲ့သနည်း။
၂၀ ရိက္ခာနှင့် အနွေးထည်အစရှိသည့် ကယ်ဆယ်ရေးပစ္စည်းများကို ယခင်ဆိုဗီယက်ပြည်ထောင်စုသို့ ယာဉ်တန်းများဖြင့် ပို့ပေးခဲ့ခြင်းက ထင်ရှားစေသည့် ရက်ရောမှုသည် ထိုနိုင်ငံရှိညီအစ်ကိုများ၏ ဇွဲလုံ့လနှင့်အပြိုင် ယှဉ်တွဲခဲ့ပါသည်။ ဥပမာ၊ မော်စကိုမြို့တွင် လွန်ခဲ့သောနှစ် သတိရအောက်မေ့ပွဲတက်ခဲ့သူ အရေအတွက် ၃,၅၀၀ နှင့် ဤနှစ်၏အရေအတွက် ၇,၅၄၉ ယောက်ကို နှိုင်းယှဉ်ကြည့်ပါ။ ထိုကာလအတွင်း ယင်းမြို့တော်ရှိ အသင်းတော်များအရေအတွက်သည် ၁၂ မှ ၁၆ သို့တိုးများလာခဲ့သည်။ (ဘောလ်တစ် ပြည်နယ်များမှအပ) ယခင်ဆိုဗီယက်ပြည်ထောင်စုတစ်ခုလုံးတွင် အသင်းတော် ၁၄ ရာခိုင်နှုန်း၊ ဘုရားသခင့်နိုင်ငံတော်ကြေညာသူ ၂၅ ရာခိုင်နှုန်း၊ ရှေ့ဆောင် ၇၄ ရာခိုင်နှုန်း တိုးများလာခဲ့ပါသည်။ မည်မျှ ဇွဲလုံ့လနှင့် ကိုယ်ကျိုးစွန့်စိတ်ဓာတ် ပါတကား! ပထမရာစုခေတ်က “အညီအမျှဖြစ်စေခြင်း” ကို သတိရစေပါသည်။ ဝိညာဏနှင့် ရုပ်ပစ္စည်းများစွာရှိသောခရစ်ယာန်များက အခွင့်အရေးနည်းသောနေရာများရှိသူတို့ထံ ရက်ရောစွာပေးကမ်းစွန့်ကြဲခဲ့ကြရာ ဒုက္ခဆင်းရဲခံနေရသော ဤသူများ၏ဇွဲလုံ့လကလည်း ပေးကမ်းသူများအတွက် ရွှင်လန်းအားရစရာ ဖြစ်စေခဲ့ပါသည်။—၂ ကောရိန္သု ၈:၁၄။
ဒုစရိုက်ကို မုန်း!
၂၁။ နယပုံပြင် အခန်းကြီး ၃ နိဂုံးချုပ်ရာတွင် ပညာရှိသောသူနှင့် မိုက်သောသူတို့ကို မည်သို့ကွဲပြားခြားနားစွာ ဖော်ပြထားသနည်း။
၂၁ နယပုံပြင် တတိယအခန်းက ကွဲပြားခြားနားသောအရာတို့ကို ဆက်ဖော်ပြကာ ဤသတိပေးစကားနှင့်အတူ နိဂုံးချုပ်ပါသည်– “ညှဉ်းဆဲတတ်သောသူ၏စည်းစိမ်ကို မတောင့်တနှင့်။ သူလိုက်သောလမ်း တစ်စုံတစ်ခုကိုမျှ အလိုမရှိနှင့်။ အကြောင်းမူကား၊ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] သည် သဘောကောက်သောသူတို့ကို စက်ဆုပ်ရွံရှာတော်မူ၏။ ဖြောင့်မတ်သောသူတို့ကိုမူကား ကိုယ်တော်နှင့် မိတ်သဟာယဖွဲ့ရသောအခွင့်ရှိကြ၏။ မတရားသောသူ၏နေရာသည် ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကျိန်တော်မူခြင်းကို တွေ့တတ်၏။ တရားသောသူ၏နေရာကိုကား ကောင်းချီးပေးတော်မူ၏။ အကယ်စင်စစ် ကဲ့ရဲ့တတ်သောသူတို့ကို ကဲ့ရဲ့တော်မူ၏။ စိတ်နှိမ့်ချသောသူတို့အားကား ကျေးဇူးပြုတော်မူ၏။ ပညာရှိသောသူတို့သည် ဘုန်းအသရေကို အမွေခံရ၍ မိုက်သောသူတို့မူကား အရှက်ကွဲခြင်းကို ထမ်းသွားရကြလိမ့်မည်။”—သု. ၃:၂၉-၃၅။
၂၂။ (က) မိုက်သောသူတို့အဝင်ဖြစ်မလာရန် မည်သို့ပြုလုပ်နိုင်မည်နည်း။ (ခ) ပညာရှိသောသူတို့သည် အဘယ်အရာကို ရွံမုန်းသနည်း။ အဘယ်အရာကို ပြုစုပျိုးထောင်ပြီး အဘယ်ဆုကျေးဇူးခံစားရသနည်း။
၂၂ မိုက်သောသူတို့အဝင်ဖြစ်မလာရန် မည်သို့ပြုလုပ်နိုင်မည်နည်း။ ဒုစရိုက်ကို မုန်းရန်သင်ယူရမည်၊ မှန်ပါသည်၊ ယေဟောဝါ ရွံမုန်းသည့်အရာ—သွေးပြစ်သင့်နေသော ဤအဓမ္မလောက၏ ကောက်ကျစ်သောလမ်းစဉ်အားလုံး—ကိုရွံမုန်းကြရမည်။ (သု. ၆:၁၆-၁၉ လည်းရှု။) အခြားတစ်ဖက်တွင်မူ ကောင်းမှု—ရိုးသားမှန်ကန်ခြင်း၊ ဖြောင့်မတ်ခြင်းနှင့် နူးညံ့သိမ်မွေ့ခြင်း—ကို ပြုစုပျိုးထောင်ရမည်။ အကြောင်းမူကား စိတ်နှိမ့်ချခြင်း၊ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကိုကြောက်ရွံ့ခြင်းအားဖြင့် “စည်းစိမ်၊ ဂုဏ်အသရေ၊ အသက်” ကို ကျွန်ုပ်တို့ရကြပေမည်။ (သု. ၂၂:၄) “သင်၏နှလုံးရှိသမျှဖြင့် ယေဟောဝါ၌ ယုံစားလော့” ဟူသောသြဝါဒကို သစ္စာရှိရှိကျင့်သုံးသူအပေါင်း ထိုဆုကျေးဇူးကို ခံစားရမည်တည်း။
သင့်မှတ်ချက်ကား အဘယ်နည်း
◻ ဤလေ့လာမှု၏ အဓိကကျမ်းချက်သည် ယနေ့ မည်သို့သက်ဆိုင်သနည်း။
◻ ယေဟောဝါကို မည်သို့ဂုဏ်တင်ချီးမြှောက်ကြမည်နည်း။
◻ ပဲ့ပြင်မှုကို အဘယ်ကြောင့် မမှတ်ဘဲမနေသင့်သနည်း။
◻ အကြီးမားဆုံးသော ဝမ်းမြောက်မှုကို အဘယ်နေရာတွင် တွေ့ရှိနိုင်မည်နည်း။
◻ ကောင်းမှုကိုနှစ်မြို့၍ ဒုစရိုက်ကို မည်သို့မုန်းနိုင်သနည်း။
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
ယေဟောဝါအား အကောင်းဆုံးကို ပူဇော်သူများသည် ကြွယ်ဝစွာကောင်းချီးခံစားရလိမ့်မည်