လွတ်လပ်မှု
အဓိပ္ပာယ်သတ်မှတ်ချက်– အခြားသူများကိုအားထားခြင်း၊ သူတို့၏ညွှန်ကြားချက် သို့မဟုတ် ဩဇာကိုခံခြင်းမရှိ (ဟုဆို) သောအခြေအနေတစ်မျိုးဖြစ်သည်။ လူသည် မွေးရာပါ စိတ်ကြိုက်ပြုနိုင်စွမ်းရှိသဖြင့် လွတ်လပ်မှုအတန်ငယ်ရလိုသော ပင်ကိုဆန္ဒရှိပေသည်။ သို့ရာတွင် လွန်ကြူးလျှင် မနာခံမှုမက ပုန်ကန်မှုကိုပင်ဖြစ်ပေါ်စေသည်။
သမ္မာကျမ်းစာစံများကိုပစ်ပယ်လိုက်သောအခါ လွတ်လပ်မှုတကယ်ရသလော
ရော. ၆:၁၆၊ ၂၃– “အကြင်သူ၏အထံ၌ အစေခံကျွန်ဖြစ်ခြင်းငှာ သင်တို့ဝင်၍အစေခံ၏၊ ထိုသူသည် သေခြင်းနှင့်ယှဉ်သော အပြစ်တရားဖြစ်စေ၊ ဖြောင့်မတ်ရာသို့ရောက်ခြင်းနှင့်ယှဉ်သော နားထောင်ခြင်းတရားဖြစ်စေ၊ သင်တို့၏သခင်ဖြစ်သည်ကို မသိကြသလော။ . . . အပြစ်တရား၏အခကား သေခြင်းပေတည်း။ ဘုရားသခင်ပေးတော်မူသောဆုကျေးဇူးတော်ကား ငါတို့သခင်ယေရှုခရစ်အားဖြင့် ထာဝရအသက်ပေတည်း။”
ဂလ. ၆:၇-၉– “အလွဲမယူကြနှင့် ဘုရားသခင်သည် မထီမဲ့မြင်ပြုခြင်းကိုခံတော်မမူ။ လူသည် မျိုးစေ့ကြဲသည်အတိုင်း အသီးအနှံကို ရိတ်ရလိမ့်မည်။ မိမိဇာတိပကတိ၌ မျိုးစေ့ကြဲသောသူသည် ဇာတိပကတိအားဖြင့် ပုပ်ပျက်ခြင်းအသီးအနှံကိုရိတ်ရလိမ့်မည်။ ဝိညာဉ်ပကတိ၌ မျိုးစေ့ကြဲသောသူသည် ဝိညာဉ်ပကတိအားဖြင့် ထာဝရအသက်ရှင်ခြင်းအသီးအနှံကို ရိတ်ရလိမ့်မည်။ ငါတို့သည် အားမလျော့၊ စိတ်မပျက်ဘဲ ကောင်းသောအကျင့်ကို ကျင့်ကြကုန်အံ့။”
လိင်သီလ– “မတရားသောမေထုန်ကိုပြုသောသူမူကား မိမိကိုယ်ကိုပင် ပြစ်မှား၏။” (၁ ကော. ၆:၁၈) “သူ့မယားကိုပြစ်မှားသောသူသည် . . . မိမိအသက်ကို ဖျက်ဆီးတတ်၏။” (သု. ၆:၃၂) (လိင်တူဆက်ဆံခြင်းနှင့်ပတ်သက်၍ ရောမ ၁:၂၄-၂၇ ကိုရှု။) (မတရားသံဝါသသည် တဒင်္ဂသာယာမှုကိုပေး၏။ သို့သော် ယင်းကြောင့် ရွံရှာဖွယ်ရောဂါများ၊ မလိုလားသောကိုယ်ဝန်၊ ကိုယ်ဝန်ဖျက်မှု၊ သဝန်တိုမှု၊ နောက်ကျိသောသြတ္တပ္ပစိတ်၊ စိတ်ယောက်ယက်ခတ်မှုတို့ကို ဖြစ်ပေါ်စေသည့်ပြင် ဘုရားသခင့်အမျက်တော်စူးရှခြင်းကိုလည်း ဧကန်ခံရမည်။ ကျွန်ုပ်တို့၏အနာဂတ်အသက်ရှင်ရေးမှာလည်း ကိုယ်တော်ပေါ်မူတည်၏။)
စည်းစိမ်ချမ်းသာရှာခြင်း– “ချမ်းသာကြွယ်ဝလိုသူတို့ [“ကြွယ်ဝရန် စိတ်ပိုင်းဖြတ်ထားသူတို့၊” ကဘ] သည် အပြစ်သွေးဆောင်ခြင်းကိုခံကြရ၏။ သူတို့သည် မိုက်မဲ၍အကျိုးယုတ်စေတတ်သည့် စွဲလမ်းတပ်မက်မှုတို့ဖြင့် ကျော့မိကြ၏။ ထိုစွဲလမ်းတပ်မက်မှုများသည် သူတို့အား ပျက်စီးဆုံးရှုံးစေတတ်၏။ အဘယ်ကြောင့်ဆိုသော် ငွေကိုစွဲလမ်းတပ်မက်ခြင်းသည် မကောင်းမှုအမျိုးမျိုးတို့၏ မူလအခြေအမြစ်ဖြစ်သောကြောင့်တည်း။ အချို့သောသူတို့သည် ငွေကိုခုံမင်လှသဖြင့် မိမိတို့သက်ဝင်ယုံကြည်သည့်ဘာသာတရားမှသွေဖည်၍သွားကြ၏။ ထိုနောက် သူတို့သည် ပြင်းပြစွာပူဆွေးလျက် ဝမ်းနည်းပက်လက်ဖြစ်ကြရ၏။” (၁ တိ. ၆:၉၊ ၁၀၊ သက) “‘သင်သည် နှစ်ပေါင်းများစွာသုံးဆောင်ရန် ဥစ္စာပစ္စည်းများကို သိုမှီးထားပြီးဖြစ်၍ စိတ်ချမ်းသာစွာနေလော့။ စားသောက်ပျော်ပါးစွာနေလော့’ ဟု ငါ့ကိုယ်ကိုငါပြောမည်ဟုဆို၏။ သို့ရာတွင် ထာဝရဘုရားက ‘အချင်းလူမိုက်၊ ယခုညဉ့်ပင် သင့်အသက်ချုပ်ငြိမ်းရလိမ့်မည်။ သို့ဖြစ်၍ သင်စုဆောင်းထားသည့်ဥစ္စာပစ္စည်းများကား အဘယ်သူ၏လက်သို့ ရောက်ရှိလိမ့်မည်နည်း’ ဟု မိန့်တော်မူ၏။” (လု. ၁၂:၁၉-၂၁၊ သက) (ဥစ္စာပစ္စည်းသည် အဓွန့်ရှည်သောစိတ်သုခကိုမပေးပါ။ ချမ်းသာလိုဇောဖြင့် အားထုတ်၍ စီးပွားရှာကာမှ အိမ်ထောင်မသာယာမှု၊ ကျန်းမာရေးချို့တဲ့မှု၊ ဝိညာဉ်ရေးပျက်စီးမှုအဖြစ်သို့ ရောက်တတ်ကြသည်။)
သေရည်သောက်ကြူးခြင်း– “အဘယ်သူသည် ဝမ်းနည်းခြင်းရှိသနည်း။ အဘယ်သူသည် ညည်းတွားခြင်းရှိသနည်း။ အဘယ်သူသည် ရန်တွေ့ခြင်းရှိသနည်း။ အဘယ်သူသည် မြည်တမ်းခြင်းရှိသနည်း။ အဘယ်သူသည် အကျိုးအကြောင်းမရှိ ထိခိုက်၍နာခြင်းရှိသနည်း။ အဘယ်သူသည် မျက်စိနီခြင်းရှိသနည်းဟူမူကား စပျစ်ရည်ကို ကြာမြင့်စွာသောက်လျက်နေသောသူ၊ ဆေးနှင့်ရောသောစပျစ်ရည်ကို ရှာတတ်သောသူတို့သည် ထိုသို့သောလက္ခဏာရှိကြ၏။ နောက်ဆုံး၌ မြွေကဲ့သို့ကိုက်တတ်၏။ မြွေဆိုးကဲ့သို့ နာစေတတ်၏။” (သု. ၂၃:၂၉၊ ၃၀၊ ၃၂) (အရက်သောက်လျှင် အစ၌ ပြဿနာကို မေ့သွားသယောင်ရှိသော်လည်း ၎င်းတို့ကို မဖြေရှင်းပေးပါ။ အမူးပြေသောအခါ ပြဿနာရှိမြဲရှိရုံမက ဘူးလေးရာဖရုံဆင့် ဖြစ်ရသေးသည်။ သောက်ကြူးလျှင် ဣန္ဒြေကျဆင်းရုံမက ကျန်းမာရေး၊ အိမ်ထောင်ရေးအပြင် ဘုရားသခင်နှင့်ဆက်ဆံရေးပါ ပျက်ပြားရချေသည်။)
မူးယစ်ဆေးဝါးအလွဲသုံးမှု– စာမျက်နှာ ၉၅-၁၀၁ ပါ “ဆေးဝါးများ” ကိုရှု။
မကောင်းသောအပေါင်းအသင်း– လူတစ်ဖွဲ့က လက်ကြောတင်းအောင် အလုပ်လုပ်စရာမလိုဘဲ ငွေရွှင်သည့်နည်းရှိသည်ဟု သင့်အားဆိုလှာလျှင် သင်သည် သူတို့နောက်သို့လိုက်မည်လော– “ငါ့သား၊ သူတို့နှင့်အတူ မလိုက်နှင့်။ သူတို့သွားသောလမ်းကိုရှောင်လော့။ အကြောင်းမူကား သူတို့ခြေသည် ဒုစရိုက်ပြုရာသို့ပြေး၍ လူအသက်ကို သတ်ခြင်းငှာလျင်မြန်၏။” (သု. ၁:၁၀-၁၉) လူတစ်ယောက်သည် ယေဟောဝါကိုကိုးကွယ်သောသူမဟုတ်သော်လည်း တကယ့်လူကောင်းတစ်ဦးဖြစ်ပုံရလျှင် သူ့အား မိတ်ကောင်းတစ်ဦးလို သင်သဘောထားမည်လော။ ရှေခင်သည် ခါနာန်လူမျိုး စော်ဘွားသားဖြစ်ပေသည်။ သူသည် “အဘ၏အမျိုးသားချင်းအပေါင်းတို့ထက် အသရေရှိ” သောသူဖြစ်သော်လည်း “ဒိနကိုမြင်လျှင် ယူသွား၍ အိပ်ဖော်ပြုလျက် သူ့အသရေကိုရှုတ်ချလေ၏” ဟု သမ္မာကျမ်းစာက ဆိုပါသည်။ (က. ၃၄:၁၊ ၂၊ ၁၉) ဘုရားသခင့်နှုတ်ကပါဌ်တော်မှ သင် သိရှိခဲ့သောသစ္စာတရားများကို အခြားသူများက မယုံကြည်လျှင် သင် သတိပြုဖို့သင့်သလော– “အလွဲမယူကြနှင့်။ မကောင်းသောသူတို့နှင့် ပေါင်းဖော်ခြင်းအားဖြင့် ကောင်းသောအကျင့်ဓလေ့ ယိုယွင်းတတ်၏။” (၁ ကော. ၁၅:၃၃) သင်သည် ဘုရားသခင်ကိုမချစ်သောသူတို့အား မိတ်ဆွေအဖြစ်ရွေး၍ပေါင်းလျှင် ယေဟောဝါ မည်သို့ခံစားရမည်ထင်သနည်း။ ထိုသို့ပြုသောယုဒဘုရင်တစ်ပါးအား ယေဟောဝါ၏ကိုယ်စားလှယ်တော်က ဤသို့ဆို၏– “ယခုပြုသောအမှုကြောင့် ထာဝရဘုရား၏အမျက်တော်သည် မင်းကြီးအပေါ်သို့ သက်ရောက်လေပြီ။”—၆ ရာ. ၁၉:၁၊ ၂။
ဘုရားသခင့်အမိန့်တော်ကို ဥပေက္ခာပြု၍ ထင်ရာဆုံးဖြတ်ဖို့ မည်သူက လူတို့ကိုတိုက်တွန်းသနည်း
က. ၃:၁-၅– “[စာတန့်ပါးစပ်အဖြစ်အသုံးခံရသော] မြွေသည် [ဗျာဒိတ် ၁၂:၉ ကိုရှု။] . . . မိန်းမအား သင်တို့သည် ဥယျာဉ်၌ ရှိသမျှသောအပင်တို့၏အသီးကိုမစားရဟု ဧကန်စင်စစ် ဘုရားသခင်မိန့်တော်မူသလောဟု မေး၏။ မိန်းမကလည်း ငါတို့သည် ဥယျာဉ်၌ရှိသောအပင်တို့၏အသီးကို စားရသောအခွင့်ရှိ၏။ ဥယျာဉ်အလယ်၌ရှိသောအပင်၏အသီးကိုကား၊ သင်တို့သည် မကိုင်မစားဘဲနေကြလော့။ သို့မဟုတ် သေရမည်ဟု ဘုရားသခင်အမိန့်တော်ရှိသည်ဟု မြွေအားဆို၏။ မြွေကလည်း သင်တို့သည် ဧကန်အမှန်သေရမည်မဟုတ်။ အကြောင်းမူကား ထိုအသီးကို စားသောနေ့၌ သင်တို့သည် မျက်စိပွင့်လင်းလျက် ကောင်းမကောင်းကိုသိ၍ ဘုရားသခင်ကဲ့သို့ဖြစ်ကြလတ္တံ့သည်ကို ဘုရားသခင်သိတော်မူသည်ဟု မိန်းမအား ဆို၏။”
ဘုရားသခင့်အလိုတော်ကို ဥပေက္ခာပြုလျက် မိမိအလိုရမ္မက်ကိုဖြည့်ရန်လူအား အဘယ်ဝိညာဉ်က တိုက်တွန်းသနည်း
ဧ. ၂:၁-၃. သက– “အခါတစ်ပါးက သင်တို့သည် ဆိုးညစ်မှုနှင့်အပြစ်ဒုစရိုက်များတွင် နစ်မြုပ်ဆုံးပါးလျက်ရှိနေခဲ့ကြ၏။ ဤမျက်မှောက်လောက၏ အပြစ်လမ်းစဉ်အတိုင်း လိုက်လျှောက်ခဲ့ကြ၏။ အာကာသတွင် ကျက်စားသွားလာလျက်ရှိသည့် နတ်မိစ္ဆာဘုရင် [“ဝိညာဉ်၊” ယဒ၊ သမ္မာ– “နတ်၊” သမ] ၏သြဇာခံများ ဖြစ်ခဲ့ကြ၏။ ထာဝရဘုရား၏အမိန့်တော်ကို တော်လှန်သူတို့သည် ယခုအခါ၌ ထိုသူ၏စိုးမိုးအုပ်ချုပ်ခြင်း [“လှုံ့ဆော်မှု၊” ကဘ]ကို ခံလျက်နေကြရ၏။ အခါတစ်ပါးက ငါတို့သည်လည်း ထိုသူတို့နည်းတူပင်ဖြစ်ကြ၏။ ယုတ်ညံ့သည့်ဇာတိ၏ ဆွဲဆောင်ရာသို့လိုက်လျှောက်လျက် ကာယ၏အလိုနှင့် စိတ်၏အလိုသို့လိုက်၍ ပြုကျင့်ကြ၏။ ငါတို့သည်လည်း ဇာတိသဘောအရ အခြားသူတို့နည်းတူ ထာဝရဘုရား၏အမျက်တော်ကို ခံထိုက်သူများဖြစ်ကြသည်။”
ဘုရားသခင်ကိုဝတ်ပြုပါသည်ဟု ဆိုသောသူများ အဘယ်သို့သော လွတ်လပ်ခြင်းစိတ်ထားကိုရှောင်ရန် အလွန်အရေးကြီးသနည်း
သု. ၁၆:၁၈၊ သမ္မာ– “မာနသည် ပျက်စီးခြင်းအရင်၊ ထောင်လွှားသောစိတ်သည် တိုက်မိ၍လဲခြင်းအရင် နေရာကျတတ်၏။”
သု. ၅:၁၂-၁၄၊ သမ– “သင်က ငါသည် ဆုံးမခြင်းကိုမုန်းထား၍ ပဲ့ပြင်ခြင်းကိုလည်း စိတ်၌ မထီမဲ့မြင်ပြုခဲ့မိလေပြီ . . . ဟုမြည်တမ်းလျက် ဝန်ခံရလိမ့်မည်။” (ရှေ့နောက်စကား၌ ဆိုသည့်အတိုင်း ထိုစိတ်ထားသည် လူကို ဒုက္ခအကြီးအကျယ်ရောက်စေနိုင်သည်။)
တော. ၁၆:၃၊ သမ္မာ– “[လူမျိုးတော်၏ကြီးကြပ်မှူးများအဖြစ် ယေဟောဝါအသုံးပြုနေသော] မောရှေနှင့်အာရုန့်တစ်ဖက်၌ စုဝေးလျက် သင်တို့အဖို့တော်ပြီ။ ပရိသတ်အပေါင်းသည် သန့်ရှင်းကြ၏။ ထာဝရဘုရားလည်း သူတို့အလယ်တွင် ရှိတော်မူ၏။ သို့ဖြစ်၍ သင်တို့သည် ထာဝရဘုရား၏ပရိသတ်အပေါ်တွင် အဘယ်ကြောင့် ကိုယ်ကို ချီးမြှောက်ရသနည်းဟု ဆိုလေ၏။
ယု. ၁၆၊ သက– “ဤလူစုသည် အစဉ်ညည်းညူလျက် သူတစ်ပါးအား အပြစ်တင်လျက်သာ နေတတ်ကြ၏။ မိမိတို့၏ဆိုးညစ်သည့်လိုအင်ဆန္ဒကိုလိုက်၍ ပြုကျင့်တတ်ကြ၏။ မိမိတို့အကြောင်းကို ကြွားဝါတတ်ကြ၏။ ကိုယ်ကျိုးအတွက် သူတစ်ပါးတို့အား မြှောက်ပင့်ပြောဆိုတတ်ကြ၏။”
၃ ယော. ၉၊ ကဘ– “သူတို့ထဲတွင် ထိပ်သီးနေရာယူလိုသူ ဒယောတရပ်သည် ငါတို့ထံမှ ဘာကိုမျှ တရိုတသေ မခံယူ။”
သု. ၁၈:၁၊ သမ္မာ– “သူတစ်ပါးနှင့်မရောနှောသောသူသည် မိမိအလိုဆန္ဒပြည့်စုံစေရန်သာရှာဖွေ၍ ပညာလမ်းအတိုင်းမလိုက်ဘဲ မကောင်းကြံစည်ပြုလုပ်တတ်၏။”
ယာ. ၄:၁၃-၁၅၊ သမ– “နက်ဖြန်မည်သို့ဖြစ်မည်မသိဘဲလျက် ယနေ့ဖြစ်စေ၊ နက်ဖြန်ဖြစ်စေ၊ ထိုထိုမြို့သို့သွား၍ တစ်နှစ်နေခိုက် အမြတ်အစွန်းရအောင် ကူးသန်းရောင်းဝယ်မည်ဟု ပြောဆိုသူအချင်းတို့၊ သင်တို့အသက်ကား မည်သို့နည်း။ သင်တို့သည် တစ်ခဏမျှထင်ပေါ်၍ ပျောက်လွင့်တတ်သောအခိုးအငွေ့သဖွယ်ဖြစ်၏။ ထိုသို့မပြောမဆိုဘဲ ထာဝရဘုရားအလိုတော်ရှိလျှင် ငါတို့သည် အသက်ရှင်လျက် ဤအမှုထိုအမှုကိုပြုမည်ဟု ဆိုသင့်၏။”
လူတစ်ဦးသည် လွတ်လပ်လိုသောရမ္မက်ကြောင့် ခရစ်ယာန်အသင်းတော်အပြင်ဘက်မှလောကကိုတုပလျှင် မည်သူ့လက်ခုပ်တွင်းသို့သက်ဆင်းသွားသနည်း။ ဤအချက်ကို ဘုရားသခင် မည်သို့မြင်သနည်း
၁ ယော. ၂:၁၅; ၅:၁၉၊ သက– သင်တို့သည် လောကကိုသော်လည်းကောင်း၊ လောကီအရာများကိုသော်လည်းကောင်း မချစ်ကြနှင့်။ လောကကိုချစ်သောသူသည် ခမည်းတော်ကိုမချစ်နိုင်။” “ကမ္ဘာလောကတစ်ခုလုံးတွင် စာတန်၏တန်ခိုး လွှမ်းမိုးလျက်ရှိ [၏။]”
ယာ. ၄:၄၊ သက– “လောက၏မိတ်ဆွေဖြစ်လိုသူသည် ထာဝရဘုရား၏ရန်သူဖြစ်၏။”