‘ရွှေ့ပစ်၍မရနိုင်သည့်အမြစ်များ’
အကြီးမားဆုံးနှင့် သက်တမ်းအရှည်ဆုံးသော ကမ္ဘာ့သက်ရှိများထဲတွင် ကာလီဖိုးနီးယားပြည်နယ်ရှိ ဆီကွိုင်ယာသစ်ပင်များပါဝင်သည်။ မိုးထိုးနေသည့်ဤအံ့ဖွယ်ရာများသည် ကြီးရင့်သောအခါ ပေ ၃၀၀ ခန့်အထိရှိပြီး နှစ်ပေါင်း ၃,၀၀၀ ထက်မနည်း အသက်ရှင်နိုင်ကြသည်။
ဆီကွိုင်ယာသစ်ပင်၏ အပြင်ပန်းသဏ္ဌာန်သည် စိုးရွံ့အံ့သြလောက်စေကာမူ ယင်း၏ မမြင်နိုင်သောအမြစ်များ၏တည်ဆောက်ပုံကလည်း ထပ်တူအာရုံဆွဲဆောင်မှုရှိသည်။ ဆီကွိုင်ယာသစ်ပင်၌ သုံးလေးဧကခန့်နေရာယူသော ပြန့်ကားဖြာထွက်သည့်အမြစ်များရှိသည်။ ဤသို့ကြီးမားကျယ်ပြန့်သည့် အမြစ်များ၏တည်ဆောက်ပုံက ရေကြီးခြင်း သို့မဟုတ် လေပြင်းတိုက်ခတ်ခြင်းတို့ကို ကြုံရစေကာမူ အပင်မယိုင်မလဲရပ်တည်နိုင်သည့် ခိုင်ခံ့မှုကိုပေးသည်။ ပြင်းထန်သည့်မြေငလျင်ဒဏ်ကိုပင် ဆီကွိုင်ယာသစ်ပင်ခံနိုင်ပါသည်တကား!
ဘုရင်ရှောလမုန်က မိမိ၏နယပုံပြင်ကျမ်းတွင် သစ်ပင်တစ်ပင်၏ ခိုင်ခံ့သည့်အမြစ်ဖွဲ့စည်းမှုစနစ်ကို ခိုင်းနှိုင်းချက်အဖြစ်အသုံးပြုထားသည်။ “မည်သူတစ်ဦးမျှ ဆိုးသွမ်းမှုအားဖြင့် မရပ်တည်နိုင်ပါ၊ ကောင်းသောသူများမူကား ရွှေ့ပစ်၍မရနိုင်သည့်အမြစ်များရှိသည်” ဟုသူပြောခဲ့သည်။ (သု. ၁၂:၃၊ The New English Bible) မှန်ပါသည်၊ ဆိုးသွမ်းသူများသည် အခြေမခိုင်ကြပါ။ သူတို့ရယူနိုင်ဟန်ရှိသည့်အောင်မြင်မှုများသည် ခေတ္တခဏသာဖြစ်သည်။ အကြောင်းမှာ ယေဟောဝါက “ဆိုးသောသူ၏မျှော်လင့်ခြင်းမူကား ပျောက်ပျက်လိမ့်မည်” ဟု ကတိထားတော်မူသောကြောင့်ဖြစ်သည်။—သု. ၁၀:၂၈။
ယင်းက မိမိတို့ကိုယ်ကို ခရစ်ယာန်ဟုဆိုသူများအတွက် သတိပေးစကားဖြစ်သည်။ အကြောင်းမှာ အချို့တို့သည် “အမြစ်မစွဲ” ဘဲ ထိမိလဲကြလိမ့်မည်ဟု ယေရှုမိန့်တော်မူခဲ့သောကြောင့်ဖြစ်သည်။ (မဿဲ ၁၃:၂၁) ထို့အပြင် “ခပ်သိမ်းသောသြဝါဒလေတိုက်၍ ဖရိုဖရဲလွင့်သွားသောသူ” အကြောင်း ပေါလုရေးသားခဲ့သည်။ (ဧဖက် ၄:၁၄) ယင်းကို မည်သို့တားဆီးနိုင်မည်နည်း။
ဆီကွိုင်ယာသစ်ပင်၏အမြစ်များသည် မြေကြီး၏ ဩဇာဓာတ်ကြွယ်ဝသည့်မြေတွင် ပြန့်ကားထွက်သွားသကဲ့သို့ ကျွန်ုပ်တို့၏စိတ်နှင့်နှလုံးက ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ကျယ်ကျယ်ပြန့်ပြန့်စူးစမ်းရှာဖွေပြီး ယင်း၏အသက်ပေးရေကို စုပ်ယူခွင့်ပြုရန်လိုသည်။ ယင်းက ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို တိုး၍အမြစ်စွဲစေမည်။ မုန်တိုင်းကဲ့သို့ပြင်းထန်သော စုံစမ်းခြင်းများကို ကျွန်ုပ်တို့ခံရကြမည်မှာ သေချာသည်။ ဒုက္ခကာလတွင် သစ်ပင်ကဲ့သို့ပင် ကျွန်ုပ်တို့ယိမ်းယိုင်သွားနိုင်သည်။ သို့သော် ကျွန်ုပ်တို့၏ယုံကြည်ခြင်းသည် ကောင်းစွာအမြစ်တွယ်နေပါက ကျွန်ုပ်တို့တွင် ‘ရွှေ့ပစ်၍မရနိုင်သည့်အမြစ်များ’ ရှိကြောင်း သက်သေထူရာကျသည်။—ဟေဗြဲ ၆:၁၉ နှိုင်းယှဉ်။