-
“ယေဟောဝါကိုယ်တော်တိုင်သည်ဉာဏ်ပညာကိုပေးသနားတော်မူ၏”ကင်းမျှော်စင်—၁၉၉၉ | နိုဝင်ဘာ ၁၅
-
-
ရှေးဣသရေလဘုရင် ပညာရှင်ရှောလမုန်သည် ဖခင်တစ်ဦးပမာ ဤမေတ္တာပါစကားများကို မြွက်ဆိုခဲ့သည်– “ငါ့သား၊ အကယ်၍ သင်သည် ဉာဏ်ပညာကိုမှတ်ကျုံ၍ ပိုင်းခြားသိမြင်ခြင်းကိုစွဲလမ်းအောင် ငါ့စကားကို လက်ခံလျက်၊ ငါ့ပညတ်များကို ပိုက်ကျုံးလျှင်လည်းကောင်း၊ ထို့ထက်ကား သင်သည် သိနားလည်ခြင်းနှင့် ပိုင်းခြားသိမြင်ခြင်းအတွက် ဟစ်ခေါ်လျှင်လည်းကောင်း၊ ငွေကိုရှာဖွေသကဲ့သို့၊ ပညာကိုရှာ၍ ဝှက်ထားသောဘဏ္ဍာကို စူးစမ်းတတ်သကဲ့သို့၊ ဉာဏ်ကိုစူးစမ်းလျှင်လည်းကောင်း သင်သည် ယေဟောဝါအား ကြောက်ရွံ့ခြင်းကို သိနားလည်၍ ဘုရားသခင်၏ အသိပညာကိုယ်နှိုက်ကို တွေ့ရှိလိမ့်မည်။”—သု. ၂:၁-၅၊ ကဘ။
-
-
“ယေဟောဝါကိုယ်တော်တိုင်သည်ဉာဏ်ပညာကိုပေးသနားတော်မူ၏”ကင်းမျှော်စင်—၁၉၉၉ | နိုဝင်ဘာ ၁၅
-
-
နယပုံပြင်ဒုတိယအခန်းကြီး၏ အဖွင့်စာပိုဒ်တွင် ထပ်ခါတလဲလဲဖော်ပြထားသော “အကယ်၍ သင်သည်” စကားစုနောက်တွင် “လက်ခံ၊” “ပိုက်ကျုံး၊” “ဟစ်ခေါ်၊” “စူးစမ်း၊” “ရှာဖွေ၊” စသော အသုံးအနှုန်းများလိုက်ပါလာ၏။ စာရေးဆရာသည် ပို၍လေးနက်စေသည့် အဆိုပါအသုံးအနှုန်းများကို အဘယ်ကြောင့်အသုံးပြုသနည်း။ ကိုးကားချက်တစ်ခုက ဤသို့ဆိုသည်– “ဉာဏ်ပညာကိုဆည်းပူးလိုက်စားရာတွင် [ဤတွင်] ပညာရှင်က စိတ်အားထက်သန်မှုလိုကြောင်း အလေးပေးဖော်ပြသည်။” မှန်ပါသည်၊ ဉာဏ်ပညာနှင့် ၎င်းနှင့်ဆက်နွှယ်လျက်ရှိသော အရည်အသွေးများဖြစ်သည့် ပိုင်းခြားသိမြင်ခြင်းနှင့်သိနားလည်ခြင်းတို့ကို ကျွန်ုပ်တို့စိတ်အားထက်သန်စွာ ဆည်းပူးကြရမည်ဖြစ်သည်။
သင်ကြိုးစားအားထုတ်မည်လော
ဉာဏ်ပညာကို ဆည်းပူးလိုက်စားရာ၌ အဓိကကျသောအချက်တစ်ချက်မှာ သမ္မာကျမ်းစာကို အပတ်တကုတ်လေ့လာခြင်းဖြစ်သည်။ သို့သော် ဤလေ့လာမှုသည် အချက်အလက်ကို သိရှိဖို့အတွက်သာ ဖတ်ရှုခြင်းထက်မကဖြစ်သင့်သည်။ ကျွန်ုပ်တို့ဖတ်ရှုရာကို ရည်ရွယ်ချက်ရှိရှိတွေးတောခြင်းကား ကျမ်းစာစောင်များကိုလေ့လာခြင်း၏ အရေးပါသောအပိုင်းဖြစ်သည်။ အသိဉာဏ်ပညာနှင့်ပိုင်းခြားသိမြင်ခြင်းတို့ကိုရယူခြင်းတွင် ပြဿနာများကိုဖြေရှင်းရာ၌လည်းကောင်း၊ ဆုံးဖြတ်ချက်များချရာ၌လည်းကောင်း ကျွန်ုပ်တို့သိရှိလာသောအရာများကို မည်သို့မည်ပုံအသုံးချနိုင်မည်ကို ဆင်ခြင်ခြင်းပါဝင်သည်။ သိမြင်နားလည်မှုကိုရယူခြင်းတွင် ကျွန်ုပ်တို့သိရှိထားပြီးရာနှင့် အကြောင်းအရာအသစ်တို့သည် မည်သို့အံဝင်ခွင်ကျကြောင်း စဉ်းစားခြင်းပါဝင်၏။ ဤသို့တွေးတောဆင်ခြင်ပြီး ကျမ်းစာလေ့လာရာတွင် အချိန်နှင့်ကြိုးစားအားထုတ်မှုလိုအပ်သည်ကို မည်သူငြင်းဆိုမည်နည်း။ အချိန်နှင့်ခွန်အားတို့ကို မြှုပ်နှံခြင်းသည် ‘ငွေကိုရှာဖွေခြင်းနှင့် ဝှက်ထားသောဘဏ္ဍာကို စူးစမ်းခြင်း’ တွင်မြှုပ်နှံခြင်းနှင့်အလားတူဖြစ်သည်။ သင်သည် လိုအပ်သော ကြိုးစားအားထုတ်မှုပြုမည်လော။ ထိုသို့ပြုလုပ်ရန် ‘အခန့်သင့်အချိန်ကိုဝယ်ယူ’ မည်လော။—ဧဖက် ၅:၁၅၊ ၁၆၊ ကဘ။
-