ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၂၀ အမှတ် ၁ စာ. ၈-၁၃
  • စိတ်ဖိစီးမှုကို ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စိတ်ဖိစီးမှုကို ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲ
  • နိုးလော့!—၂၀၂၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • တစ်ရက်တာအတွက်ပဲ စဉ်းစားပါ
  • အကျိုးသင့်အကြောင်းသင့်ရှိပါ
  • ဘာက စိတ်ဖိစီးမှု ဖြစ်စေကြောင်း သိအောင် လုပ်ပါ
  • စည်းစနစ်ကျဖို့ ကြိုးစားပါ
  • ဘဝပုံစံကို မျှတစေပါ
  • ကျန်းမာရေး ဂရုစိုက်ပါ
  • ဦးစားထားရာတွေ ချမှတ်ပါ
  • အကူအညီ ရယူပါ
  • ဘုရားရေးရာ လိုအပ်ချက်ကို ဖြည့်ဆည်းပါ
  • ဖိစီးမှုကို မည်သို့ ထိန်းချုပ်နိုင်ပုံ
    နိုးလော့!—၂၀၁၀
  • အကျိုးပြုသောဖိစီးမှု အကျိုးယုတ်စေသောဖိစီးမှု
    နိုးလော့!—၁၉၉၉
  • စိတ်ဖိစီးမှု—ဖြေရှင်းနိုင်တဲ့နည်းလမ်းများ
    နိုးလော့!—၂၀၁၄
  • ကျောင်းမှာဖိစီးမှုကြုံရင် ဘယ်လိုဖြေရှင်းရမလဲ
    လူငယ်များအမေး—တာသွားသည့်အဖြေ၊ အတွဲ ၁
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၂၀
န၂၀ အမှတ် ၁ စာ. ၈-၁၃
မြို့ကြီးပြကြီးမှာ ပျော်ရွှင်နေတဲ့ အမျိုးသမီး။

စိတ်ဖိစီးမှုမှ လွတ်မြောက်ခြင်း

စိတ်ဖိစီးမှုကို ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲ

စိတ်ဖိစီးမှုကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ ကိုယ့်ကျန်းမာရေး၊ တခြားသူတွေနဲ့ ဆက်ဆံပုံ၊ ပန်းတိုင်၊ ဘဝမှာ ဦးစားထားရာတွေကို ပြန်ဆန်းစစ်ဖို့ လိုတယ်။ စိတ်ဖိစီးမှုကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ဖို့၊ လျှော့ချနိုင်ဖို့ ကူညီပေးမယ့် လက်တွေ့ကျ မူတချို့ကို ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။

တစ်ရက်တာအတွက်ပဲ စဉ်းစားပါ

မြို့ကြီးပြကြီးမှာ ပျော်ရွှင်နေတဲ့ အမျိုးသမီး။

“နေ့ရက်တိုင်းဟာ သူ့စိုးရိမ်စရာနဲ့သူ ရှိနေမှာဆိုတော့ မနက်ဖြန်အတွက် ဘယ်တော့မှ မစိုးရိမ်ပါနဲ့။”​—မဿဲ ၆:၃၄။

အဓိပ္ပာယ်– စိုးရိမ်ပူပန်မှုက နေ့စဉ် ဘဝမှာ ကြုံနေကျပဲ။ ဒါပေမဲ့ မနက်ဖြန်အတွက် ကြိုတွေးပြီး ဒီနေ့ စိုးရိမ်ပူပန်မှုကို ပိုမဆိုးစေပါနဲ့။ တစ်ရက်အတွက်ပဲ စဉ်းစားပါ။

  • စိတ်ဖိစီးမှုက စိုးရိမ်ပူပန်စေနိုင်တယ်။ ဒါကြောင့် ပထမ၊ တချို့ဖိစီးမှုကို ရှောင်လွှဲလို့ မရဘူးဆိုတာ အသိအမှတ်ပြုပါ။ မတားဆီးနိုင်တဲ့ အရာတွေအတွက် တွေးပူတာက စိတ်ဖိစီးမှု တိုးများစေတယ်။ ဒုတိယ၊ အများအားဖြင့် ကိုယ်စိုးရိမ်တဲ့အတိုင်း တကယ်ဖြစ်မလာတတ်ဘူးဆိုတာ သိထားပါ။

အကျိုးသင့်အကြောင်းသင့်ရှိပါ

“အထက်ကလာတဲ့ ဉာဏ်ပညာကို ပိုင်ဆိုင်တဲ့သူဟာ . . . အကျိုးသင့်အကြောင်းသင့် ရှိတယ်။”​—ယာကုပ် ၃:၁၇။

အဓိပ္ပာယ်– ပြီးပြည့်စုံလင်ဖို့ မကြိုးစားပါနဲ့။ ကိုယ့်အတွက်ဖြစ်စေ၊ တခြားသူတွေအတွက်ဖြစ်စေ လက်တွေ့မကျတဲ့ စံနှုန်းအမြင့်ကြီးတွေ မသတ်မှတ်ပါနဲ့။

  • ကျိုးနွံမှု ရှိပါ။ အကျိုးသင့်အကြောင်းသင့် ရှိတဲ့ စံနှုန်းတွေ ချမှတ်ပါ။ ကိုယ်တိုင်နဲ့ တခြားသူတွေရဲ့ ကန့်သတ်ချက်တွေကို သိပါ။ ဒါဆိုရင် ကိုယ်တိုင်နဲ့ တခြားသူတွေ စိတ်ဖိစီးမှု လျော့နည်းမယ်။ ဘဝမှာ ပိုအောင်မြင်မယ်။ အဲဒီအပြင် ဟာသဉာဉ် ရှိပါ။ ရယ်မောတာက စိတ်တင်းကျပ်တာတွေကို ပြေလျော့စေပြီး စိတ်ကြည်လင်စေတယ်။

ဘာက စိတ်ဖိစီးမှု ဖြစ်စေကြောင်း သိအောင် လုပ်ပါ

“ပိုင်းခြားသိမြင်မှုရှိသူဟာ အေးဆေးတည်ငြိမ်တယ်။”​—ပညာအလိမ္မာ ၁၇:၂၇။

အဓိပ္ပာယ်– မကောင်းတဲ့ စိတ်လှုပ်ရှားမှုတွေကြောင့် ကောင်းကောင်း မစဉ်းစားနိုင်တော့ဘူး။ ဒါကြောင့် စိတ်ကို တည်တည်ငြိမ်ငြိမ် ထားပါ။

  • ဘာက သင့်ကို စိတ်ဖိစီးမှု ဖြစ်စေကြောင်း သိအောင် လုပ်ပြီး ကိုယ့်တုံ့ပြန်ပုံကို မှတ်သားပါ။ ဥပမာ၊ စိတ်ဖိစီးတဲ့အခါ ကိုယ့်အတွေး၊ ခံစားချက်၊ အပြုအမူတွေကို ဖြစ်နိုင်မယ်ဆိုရင် ချရေးထားပါ။ ဒါဆိုရင် စိတ်ဖိစီးမှုကို ပိုထိရောက်စွာ ကိုင်တွယ်တတ်လာပါလိမ့်မယ်။ စိတ်ဖိစီးမှု ဖြစ်စေတဲ့ အရာတွေကို ရှင်းထုတ်ပါ။ အဲဒီလို လုပ်ဖို့ မဖြစ်နိုင်ဘူးဆိုရင် အလုပ်နဲ့ အချိန်ကို ကောင်းကောင်းစီမံခြင်းအားဖြင့် ဖိစီးမှုတွေကို လျှော့ချပါ။

  • ကိစ္စရပ်တွေကို တစ်ဘက်တည်းကနေ မကြည့်ပါနဲ့။ စိတ်ဖိစီးစေတဲ့အရာတွေက တစ်ယောက်နဲ့တစ်ယောက် မတူကြဘူး။ ရှုမြင်ပုံ မတူလို့ ဖြစ်နိုင်တယ်။ ဒီအကြံပြုချက် သုံးခုကို သုံးသပ်ကြည့်ပါ–

    1. ၁။ တခြားသူရဲ့ စိတ်ရင်းကို အလျင်စလို အပြစ်မမြင်ပါနဲ့။ တစ်ခုခုအတွက် တန်းစီနေချိန်မှာ လူတစ်ယောက်က ရှေ့ကနေ ကြားဖြတ်လိုက်တဲ့အခါ သူ့အပြုအမူကို ရိုင်းလိုက်တာလို့ တွေးမိရင် ဒေါသထွက်လာနိုင်တယ်။ အဲဒီအစား တမင်လုပ်တာ မဟုတ်လောက်ပါဘူးလို့ တွေးလိုက်ရင် စိတ်သက်သာနိုင်တယ်။

    2. ၂။ အခြေအနေကို အကောင်းဘက်ကနေ ကြည့်ပါ။ ဆေးခန်းမှာဖြစ်စေ၊ လေဆိပ်မှာဖြစ်စေ အကြာကြီး စောင့်နေရချိန်မှာ တစ်ခုခု ဖတ်နေတာ၊ အလုပ် လုပ်နေတာ၊ အီးမေးလ် စစ်နေတာတွေက စိတ်ဖိစီးမှု သက်သာစေတယ်။

    3. ၃။ ကိစ္စရပ်တစ်ခုလုံးကို ခြုံငုံကြည့်ပါ။ ‘ဒီပြဿနာက မနက်ဖြန် ဒါမှမဟုတ် နောက်အပတ်မှာ တကယ့်ပြဿနာကြီး ဖြစ်လာမလား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။ အသေးအဖွဲကိစ္စနဲ့ ကြီးလေးတဲ့ကိစ္စတွေကို ပိုင်းခြားတတ်ပါ။

စည်းစနစ်ကျဖို့ ကြိုးစားပါ

အမျိုးသမီးတစ်ယောက် ဖုန်းထဲမှာ နေ့စဉ်ဇယားဆွဲတဲ့ ပရိုဂရမ်ကို သုံးနေ။

“အရာရာကို နည်းလမ်းတကျ၊ စည်းစနစ်တကျ လုပ်ဆောင်ကြပါ။”​—၁ ကောရိန္သု ၁၄:၄၀။

အဓိပ္ပာယ်– ဘဝကို စည်းစနစ်ကျစေဖို့ ကြိုးစားပါ။

  • ကျွန်တော်တို့က ဘဝကို အတော်အသင့် စည်းစနစ်တကျ ဖြစ်စေချင်ကြတယ်။ စည်းစနစ်တကျ မဖြစ်ဘဲ စိတ်ဖိစီးမှု ဖြစ်စေနိုင်တဲ့ အကြောင်းရင်းတစ်ခုကတော့ အချိန်ဆွဲခြင်းပဲ။ အချိန်ဆွဲရင် အလုပ်မပြီးတာတွေ ပိုများလာနိုင်တယ်။ ဒီအကြံပြုချက် နှစ်ခုကို စမ်းကြည့်ပါ။

    1. ၁။ လက်တွေ့ကျတဲ့ ဇယား ဆွဲပြီး ဇယားအတိုင်း လိုက်လုပ်ပါ။

    2. ၂။ ဘာကြောင့် အချိန်ဆွဲတတ်သလဲ ဆိုတာ သိအောင်လုပ်ပြီး ပြုပြင်ပါ။

ဘဝပုံစံကို မျှတစေပါ

“လက်တစ်ဆုပ်စာ အနားယူရတာဟာ လက်နှစ်ဆုပ်စာ တပင်တပန်း လုပ်ဆောင်ပြီး လေကိုဖမ်းဆုပ်ဖို့ အားထုတ်နေတာထက် ပိုကောင်းတယ်။” —ဒေသနာ ၄:၆။

အဓိပ္ပာယ်– အလုပ်ကိုပဲ သဲကြီးမဲကြီး လုပ်တတ်သူတွေဟာ “လက်နှစ်ဆုပ်စာ တပင်တပန်း လုပ်ဆောင်” ထားတာရဲ့ အကျိုးကျေးဇူးကို ခံစားရမှာ မဟုတ်ဘူး။ သူတို့မှာ ကိုယ်လုပ်လိုက်တဲ့ အလုပ်ကနေ ကျေနပ်ပျော်ရွှင်မှု ခံစားဖို့ အချိန်နဲ့ ခွန်အား မရှိတော့တာ ဖြစ်နိုင်တယ်။

  • အလုပ်နဲ့ ငွေကြေးကို အရှိအတိုင်း ရှုမြင်ပါ။ ငွေများများ ရှိတိုင်း ပိုပျော်မှာ၊ ဖိစီးမှု နည်းမှာ မဟုတ်ဘူး။ အဲဒီအစား ဆန့်ကျင်ဘက်တောင် ဖြစ်နိုင်တယ်။ ‘သူဌေးသူကြွယ်က စည်းစိမ်တွေကြောင့် အိပ်ရေးပျက်ရတယ်’ လို့ ဒေသနာ ၅:၁၂ မှာ ပြောတယ်။ ဒါကြောင့် ကိုယ်တတ်နိုင်တာထက် ပိုမသုံးပါနဲ့။

  • အနားယူဖို့ အချိန်ဖယ်ထားပါ။ ကိုယ်နှစ်သက်တာတွေ လုပ်နေရရင် စိတ်ဖိစီးမှု ပြေလျော့တယ်။ ဒါပေမဲ့ တီဗီကြည့်တာလိုမျိုး အထိုင်များတဲ့ အပန်းဖြေမှုကတော့ အကျိုးမဖြစ်ဘူး။

  • နည်းပညာကို သူ့နေရာနဲ့သူ ထားပါ။ အီးမေးလ်၊ မက်ဆေ့ချ်၊ လူမှုမီဒီယာ ဝက်ဘ်ဆိုက်တွေကို အမြဲ ကြည့်နေတာမျိုး မလုပ်ပါနဲ့။ အလုပ်ချိန်နောက်ပိုင်း အလုပ်နဲ့ပတ်သက်တဲ့ အီးမေးလ်တွေကို မလိုအပ်ဘဲ မကြည့်ပါနဲ့။

ကျန်းမာရေး ဂရုစိုက်ပါ

လူငယ်တစ်ယောက် ပျော်ပျော်ရွှင်ရွှင် ပြေးနေ။

‘ကာယလေ့ကျင့်ခန်းလုပ်တာက အကျိုးရှိတယ်။’—၁ တိမောသေ ၄:၈။

အဓိပ္ပာယ်– လေ့ကျင့်ခန်း ပုံမှန်လုပ်တာက ကျန်းမာရေး ပိုကောင်းစေတယ်။

  • ကျန်းမာရေးကောင်းစေတဲ့ အလေ့အကျင့်တွေ မွေးမြူပါ။ ကိုယ်လက်လှုပ်ရှားမှုက စိတ်ကြည်လင်စေပြီး ဖိစီးမှုကို ကောင်းကောင်း တုံ့ပြန်နိုင်စေတယ်။ အာဟာရရှိတဲ့ အစားအစာတွေကို စားပါ။ ပုံမှန် စားပါ။ လုံလုံလောက်လောက် အနားယူပါ။

  • ဆေးလိပ်၊ အရက်၊ မူးယစ်ဆေး စတဲ့ အန္တရာယ်ရှိတဲ့ “နည်းတွေ” နဲ့ စိတ်ဖိစီးမှုကို မဖြေရှင်းပါနဲ့။ အဲဒါတွေကြောင့် ရေရှည်မှာ ငွေကုန်ပြီး ကျန်းမာရေး ထိခိုက်လို့ စိတ်ဖိစီးမှု ပိုခံစားရနိုင်တယ်။

  • မခံမရပ်နိုင်အောင် စိတ်ဖိစီးလာရင် ဆရာဝန်နဲ့ သွားတွေ့ပါ။ အဲဒီလို သွားတွေ့တာ ရှက်စရာ မဟုတ်ပါဘူး။

    “ကြင်နာမှုက စိတ်ဖိစီးမှုကို လျော့နည်းစေနိုင်”

    “သနားကြင်နာတတ်သူဟာ ကိုယ့်ကိုယ်ကိုယ် ကောင်းကျိုးပြုတယ်။ ရက်စက်သူကတော့ ကိုယ့်ကိုယ်ကိုယ် ဒုက္ခရောက်စေတယ်။”—ပညာအလိမ္မာ ၁၁:၁၇။

    စိတ်ဖိစီးမှုကို အောင်မြင်ကျော်လွှားခြင်း ဆိုတဲ့ စာအုပ်မှာ “ကြင်နာမှုက စိတ်ဖိစီးမှုကို လျော့နည်းစေနိုင်” ဆိုတဲ့ အခန်းတစ်ခန်းပါတယ်။ တခြားသူတွေကို ကြင်ကြင်နာနာ ဆက်ဆံတာက ကျန်းမာရေးကောင်းစေပြီး ပိုပျော်ရွှင်စေတယ်လို့ စာရေးသူ ဒေါက်တာ တင်မ် ကန်တိုဖာ ပြောတယ်။ ကြင်နာမှုကင်းပြီး ရက်စက်တတ်သူကိုတော့ လူတွေ ရှောင်ကြတဲ့အတွက် မပျော်ရွှင်ဘူး။

    ကိုယ့်ကိုယ်ကိုယ် ကြင်နာခြင်းကလည်း စိတ်ဖိစီးမှု လျော့စေနိုင်တယ်။ ဥပမာ၊ ကိုယ့်ကိုယ်ကိုယ် တရားလွန် တောင်းဆိုတာမျိုး၊ အထင်သေးလွန်းတာမျိုး မလုပ်ပါနဲ့။ “လူလူချင်းကို ကိုယ်နဲ့ထပ်တူ ချစ်ပါ” လို့ ယေရှုခရစ် ပြောတယ်။—မာကု ၁၂:၃၁။

ဦးစားထားရာတွေ ချမှတ်ပါ

‘ပိုအရေးကြီးတဲ့အရာတွေကို ပိုင်းခြားသိပါ။’ —ဖိလိပ္ပိ ၁:၁၀။

အဓိပ္ပာယ်– ဦးစားထားရာတွေကို အသေအချာ ဆန်းစစ်ပါ။

  • တာဝန်တွေကို အရေးကြီးရာအလိုက် စီစဉ်ပါ။ အဲဒါက ပိုအရေးကြီးတဲ့ အလုပ်တွေကို အာရုံစိုက်စေနိုင်တယ်။ ဘယ်အလုပ်ကို ဆိုင်းထားရမလဲ၊ လွှဲပေးရမလဲ၊ ရပ်လိုက်ရမလဲဆိုတာ သိလာစေနိုင်တယ်။

  • တစ်ပတ်တာအတွင်း အချိန်ကို ဘယ်လို သုံးသလဲဆိုတာ စာရင်းမှတ်ထားပါ။ ပိုအကျိုးရှိရှိ သုံးနိုင်အောင် စီစဉ်ပါ။ အချိန်ကို ကောင်းကောင်း စီမံနိုင်လေ စိတ်ဖိစီးမှု နည်းလေ ဖြစ်လာမယ်။

  • ခဏတစ်ဖြုတ် နားဖို့ အချိန်ဖယ်ထားပါ။ ခဏတစ်ဖြုတ် နားတာက ပြန်လန်းဆန်းစေပြီး စိတ်ဖိစီးမှု လျော့စေနိုင်တယ်။

အဖေနဲ့ အမေဟာ သားနဲ့သမီးကို အချိန်ပေးနေ။

အကူအညီ ရယူပါ

“စိုးရိမ်ပူပန်မှုဟာ စိတ်ဓာတ်ကျစေတယ်။ ကောင်းတဲ့စကားကတော့ စိတ်အားတက်စေတယ်။”—ပညာအလိမ္မာ ၁၂:၂၅။

အဓိပ္ပာယ်– ကြင်နာတဲ့၊ စာနာမှုရှိတဲ့ စကားတွေက စိတ်အားတက်စေနိုင်တယ်။

  • နားလည်မှုရှိသူတစ်ယောက်ကို ကိုယ့်အကြောင်းတွေ ပြောပြပါ။ သူက ကိစ္စရပ်တွေကို နောက်တစ်မျိုး မြင်လာအောင်၊ ကိုယ်သတိမထားမိလိုက်တဲ့ ဖြေရှင်းနည်းကို တွေ့လာအောင် ကူညီပေးနိုင်တယ်။ ရင်ဖွင့်ပြောလိုက်ရုံနဲ့ စိတ်လက်ပေါ့ပါးသွားနိုင်တယ်။

  • အကူအညီ တောင်းပါ။ တာဝန်ကို လွှဲပြောင်းပေးပါ။ ဒါမှမဟုတ် ခွဲဝေပြီး လုပ်ပါ။

  • အလုပ်ဖော်တစ်ယောက်ကြောင့် စိတ်ဖိစီးနေရင် အခြေအနေ တိုးတက်လာအောင် နည်းလမ်း ရှာပါ။ ဥပမာ၊ သူ့ကြောင့် ကိုယ်ဘယ်လို ခံစားရတယ်ဆိုတာ ကြင်နာစွာ၊ လိမ္မာပါးနပ်စွာ ပြောပြပါ။ (ပညာအလိမ္မာ ၁၇:၂၇) ဒါလည်း အဆင်မပြေဘူးဆိုရင် သူနဲ့ ပေါင်းတဲ့အချိန်ကို လျှော့လိုက်ပါ။

ဘုရားရေးရာ လိုအပ်ချက်ကို ဖြည့်ဆည်းပါ

အလုပ်မှာ လူတစ်ယောက် ဆုတောင်းနေ။

“ဘုရားသခင်ကို မှီခိုဖို့ လိုအပ်မှန်း သိမြင်သူတွေ ပျော်ရွှင်ချမ်းမြေ့တယ်။”—မဿဲ ၅:၃။

အဓိပ္ပာယ်– လူတွေဟာ စားစရာ၊ ဝတ်စရာ၊ နေစရာ ထက်မက လိုအပ်တယ်။ ဘာသာတရား လိုအပ်ချက်ရှိတယ်။ အဲဒီလိုအပ်ချက်ကို သိမြင်ပြီး ဖြည့်ဆည်းမှ ပျော်ရွှင်မှုရမယ်။

  • ဆုတောင်းခြင်းက အထောက်အကူပြုတယ်။ “စိုးရိမ်ပူပန်စရာ ရှိသမျှကို ဘုရားသခင်ဆီ ပုံအပ်ထားလိုက်ပါ။ ဘုရားသခင်ဟာ ခင်ဗျားတို့ကို ဂရုစိုက်တဲ့အရှင် ဖြစ်လို့ပဲ” လို့ ကျမ်းစာမှာ ပြောတယ်။ (၁ ပေတရု ၅:၇) ဆုတောင်းတာ၊ အကျိုးရှိတာတွေကို တွေးတောဆင်ခြင်တာက စိတ်ငြိမ်သက်မှု ရစေနိုင်တယ်။—ဖိလိပ္ပိ ၄:၆၊ ၇။

  • ဘုရားနဲ့ ပိုရင်းနှီးစေမယ့် စာပေတွေ ဖတ်ပါ။ ဒီမဂ္ဂဇင်းမှာ ဆွေးနွေးထားတာတွေဟာ ကျမ်းစာထဲကဖြစ်တယ်။ ကျွန်တော်တို့ရဲ့ ဘာသာတရား လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ ကျမ်းစာကို ရေးထားတာ။ ကျမ်းစာမူတွေက “လက်တွေ့ကျဉာဏ်ပညာနဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်း” ကို တိုးများစေတယ်။ (ပညာအလိမ္မာ ၃:၂၁) ကျမ်းစာ နေ့တိုင်း ဖတ်ဖို့ ပန်းတိုင်ထားပါ။ ပညာအလိမ္မာကျမ်းကနေ စဖတ်နိုင်တယ်။

ခွင့်လွှတ်ခြင်းရဲ့ အစွမ်း

“ထိုးထွင်းဉာဏ်ရှိသူဟာ ဒေါသချုပ်တည်းတယ်။ အမှားကို ဗွေမယူတာဟာ သူ့ရဲ့အလှပဲ။” —ပညာအလိမ္မာ ၁၉:၁၁။

ကျန်းမာရေး စိတ်ပညာ ဂျာနယ် မှာ ဒေါက်တာ လော်ရန် တူစန့်က “စိတ်ဖိစီးမှုက ကျန်းမာရေးကို ထိခိုက်စေပြီး ခွင့်လွှတ်မှုက ကျန်းမာရေး ကောင်းစေတယ်။ လူတစ်ယောက်ကို ခွင့်လွှတ်လိုက်ရင် သူနဲ့ပတ်သက်တဲ့ အပျက်သဘောတွေ ပျောက်သွားပြီး အကောင်းမြင်စိတ် ဝင်လာတယ်။ ခွင့်လွှတ်တတ်တဲ့ စိတ်က ဖိစီးမှုနဲ့ပတ်သက်တဲ့ ကျန်းမာရေး ပြဿနာတွေကို လျော့နည်းစေနိုင်တယ်” လို့ ပြောတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ