ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၀ ၉/၁ စာ. ၁၁-၁၆
  • စောင့်မျှော်သောသဘောထား တင်ပြပါ!

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စောင့်မျှော်သောသဘောထား တင်ပြပါ!
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • စောင့်မျှော်သောသဘောထားကိုမွေးယူခြင်း
  • အရှိအတိုင်းရှုမြင်တတ်ပါ
  • စောင့်မျှော်ခြင်း —စိတ်ပျက်စရာ သို့မဟုတ် ရွှင်လန်းစရာလော
  • ယေဟောဝါကိုစောင့်မျှော်ခြင်း၌ ပျော်ရွှင်ပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • ခရစ်တော်၏စိတ်သဘောထားကို ထင်ဟပ်ပြလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • မည်သို့စောင့်ဆိုင်းရမည်ကို သင်သိရှိသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • စိတ်ရှည်ရှည်နဲ့ စောင့်တာက ခံနိုင်ရည်ရှိစေ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၇
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
က၀၀ ၉/၁ စာ. ၁၁-၁၆

စောင့်မျှော်သောသဘောထား တင်ပြပါ!

“ငါ့ကိုကယ်တင်တော်မူသောဘုရားသခင်ကို ငါစောင့်မျှော်မည်။ ငါ၏ဘုရားသခင်သည် ငါ့စကားကိုနားထောင်တော်မူမည်။” —မိက္ခာ ၇:၇၊ သမ္မာ။

၁၊ ၂။ (က) မမှန်သောစိတ်ထားက ဣသရေလလူများကို တော၌ မည်သို့ဘေးသင့်စေခဲ့သနည်း။ (ခ) စိတ်ထားမှန်ကို မမွေးမြူသော ခရစ်ယာန်တစ်ဦးသည် မည်သို့ဖြစ်သွားနိုင်သနည်း။

ဘဝအသက်တာရှိ အရာများစွာကို ကျွန်ုပ်တို့၏သဘောထားပေါ်မူတည်၍ အကောင်းဘက်၊ သို့မဟုတ် အဆိုးဘက် ရှုမြင်နိုင်၏။ ဣသရေလလူများသည် တောကန္တာရ၌ရှိစဉ် အံ့ဖွယ်နည်းဖြင့်မန္နမုန့်ကို ရရှိခဲ့ကြသည်။ သူတို့သည် လွင်တီးခေါင်ပတ်ဝန်းကျင်ဆီသို့ကြည့်ပြီး သူတို့ကိုစားစရာပေးသည့်အတွက် ယေဟောဝါအား လှိုက်လှိုက်လှဲလှဲကျေးဇူးတင်သင့်ကြသည်။ ၎င်းကား အပြုသဘော ထင်ဟပ်ပြရာကျပေမည်။ ယင်းအစား အီဂျစ်ပြည်ရှိ အစားအသောက်အမျိုးမျိုးကို ပြန်သတိရကြကာ မန္နမုန့်သည် စားချင်စဖွယ်မရှိဟု ညည်းညူခဲ့ကြသည်။ အပျက်သဘောဆောင်သည့်စိတ်ထားပါတကား!—တောလည်ရာ ၁၁:၄-၆။

၂ အလားတူပင် ယနေ့ ခရစ်ယာန်တစ်ဦး၏သဘောထားက အရာများကို အားရစရာ သို့မဟုတ် စိတ်ပျက်စရာဖြစ်စေနိုင်သည်။ ခရစ်ယာန်တစ်ဦးသည် စိတ်ထားမှန်မရှိလျှင် သူ၏ပျော်ရွှင်မှု အလွယ်တကူပျောက်သွားနိုင်၏၊ ယင်းကား အရေးကြီး၏၊ အကြောင်းမှာ နေဟမိဤသို့ပြောခဲ့သည်– ‘ယေဟောဝါကြောင့်ရွှင်လန်းခွင့်သည် ကျွန်ုပ်တို့၏ခံတပ်’ ဖြစ်သည်။ (နေဟမိ ၈:၁၀၊ သမ) အပြုသဘောပါ ရွှင်လန်းသောသဘောထားသည် ကျွန်ုပ်တို့ကို ဆက်လက်ထက်သန်နေစေ၍ အသင်းတော်တွင် ငြိမ်သက်မှုနှင့် စည်းလုံးမှု တိုးပွားစေ၏။—ရောမ ၁၅:၁၃; ဖိလိပ္ပိ ၁:၂၅၊ ၂၆။

၃။ ခဲယဉ်းသောအချိန်၌ ယေရမိအသက်ရှင်ရသော်လည်း စိတ်ထားမှန်ရှိခြင်းက သူ့ကို မည်သို့ကူညီပေးခဲ့သနည်း။

၃ ယေရမိသည် ခက်ခဲသောကာလ၌ အသက်ရှင်ရသော်လည်း အပြုသဘောကိုတင်ပြခဲ့၏။ ဘီ.စီ.အီး. ၆၀၇ တွင် ယေရုရှလင်မြို့ကျဆုံးခြင်း၏ ကြောက်မက်ဖွယ်ရာများ သူတွေ့မြင်ခဲ့ရသည့်တိုင် အပြုသဘောပါသောအရာများကို သူတွေ့မြင်နိုင်ခဲ့သည်။ ယေဟောဝါသည် ဣသရေလလူများကိုမေ့လျော့မည်မဟုတ်၊ ထိုလူမျိုးသည် ကယ်တင်ခံရလိမ့်မည်။ ယေရမိသည် မြည်တမ်းစကားတွင် ဤသို့ရေးသားခဲ့သည်– “ထာဝရဘုရားသည် သနားတော်မူ၍ ကရုဏာတော်သည် မကုန်သောကြောင့် ငါတို့သည် ဆုံးရှုံးခြင်းသို့မရောက်ဘဲနေကြ၏။ နံနက်တိုင်း ကရုဏာတော်အသစ်ကို ခံရကြ၏။ သစ္စာတော်သည် ကြီးမြတ်ပါ၏။” (ယေရမိမြည်တမ်းစကား ၃:၂၂၊ ၂၃) သမိုင်းတစ်လျှောက်တွင် ဘုရားသခင့်ကျေးကျွန်တို့သည် အခက်ခဲဆုံးအခြေအနေများ၌ အပြုသဘောပါပါ၊ ရွှင်လန်းသောသဘောထားရှိကြရန်ပင် ကြိုးစားခဲ့ကြသည်။—၂ ကောရိန္သု ၇:၄; ၁ သက်သာလောနိတ် ၁:၆; ယာကုပ် ၁:၃။

၄။ ယေရှုသည် အဘယ်စိတ်ထားကိုထိန်းသိမ်းခဲ့သနည်း၊ ယင်းက ကိုယ်တော်ကို မည်သို့ကူညီပေးသနည်း။

၄ ယေရမိခေတ်ပြီးနောက် နှစ်ပေါင်းခြောက်ရာအကြာတွင် ယေရှုသည် ကိုယ်တော်၏အပြုသဘောထားကြောင့် ခံရပ်နိုင်ခဲ့သည်။ ကျွန်ုပ်တို့ဤသို့ဖတ်ရသည်– “ထိုသခင် [ယေရှု] သည် မိမိရှေ့၌ထားသောဝမ်းမြောက်ခြင်းအကြောင်းကြောင့်၊ ရှက်ကြောက်သောအရာကိုမမှတ်ဘဲ လက်ဝါးကပ်တိုင်၌ခံပြီးမှ၊ ဘုရားသခင်၏ပလ္လင်တော်လက်ယာဘက်၌ ထိုင်နေတော်မူ၏။” (ဟေဗြဲ ၁၂:၂) ယေရှုသည် လက်ဝါးကပ်တိုင်၌ ပြင်းထန်သောဝေဒနာကို ခံရသည့်အထိပင် မည်သည့်ဆန့်ကျင်မှု၊ မည်သည့်နှိပ်စက်ညှဉ်းပန်းမှုကိုမဆို ရင်ဆိုင်ခဲ့ရသော်လည်း “မိမိရှေ့၌ထားသောဝမ်းမြောက်ခြင်း” ကိုကိုယ်တော်စိတ်စွဲမှတ်ခဲ့သည်။ ထိုဝမ်းမြောက်မှုမှာ ကိုယ်တော်၏အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို သံသယကင်းရှင်းစေခြင်းနှင့် နာမတော်ကို သန့်ရှင်းမြင့်မြတ်စေခြင်းအခွင့်အရေးရရှိသည့်အပြင် အနာဂတ်တွင် နာခံမှုရှိသည့်လူသားတို့အတွက် ကြီးမြတ်သောကောင်းချီးများရရှိစေနိုင်မည့် အခွင့်အလမ်းဖြစ်၏။

စောင့်မျှော်သောသဘောထားကိုမွေးယူခြင်း

၅။ စောင့်မျှော်တတ်သောစိတ်ထားသည် ကိစ္စရပ်များအပေါ် စိတ်ထားမှန်ရှိနေစေသည့် စံနမူနာတစ်ခုကား အဘယ်နည်း။

၅ ယေရှု၏စိတ်ထားမျိုးကို ကျွန်ုပ်တို့မွေးမြူကြမည်ဆိုလျှင် ကျွန်ုပ်တို့မျှော်လင့်သည့်အတိုင်း၊ မျှော်လင့်သည့်အချိန်၌ အမြဲပင်ဖြစ်မလာသည့်တိုင် ယေဟောဝါ၌ရွှင်လန်းခြင်း ပျောက်ဆုံးသွားမည်မဟုတ်ချေ။ ပရောဖက်မိက္ခာက ဤသို့ဆိုသည်– “ငါမူကား ထာဝရဘုရားကိုမျှော်လင့်မည်။ ငါ့ကိုကယ်တင်တော်မူသော ဘုရားသခင်ကိုစောင့်မျှော်မည်။” (မိက္ခာ ၇:၇၊ သမ္မာ; ယေရမိမြည်တမ်းစကား ၃:၂၁) ကျွန်ုပ်တို့လည်း စောင့်မျှော်သောစိတ်ထား တင်ပြနိုင်ကြသည်။ မည်သို့နည်း။ နည်းအမျိုးမျိုးဖြင့်ဖြစ်သည်။ တစ်နည်းအားဖြင့် အခွင့်အရေးရထားသော ညီအစ်ကိုတစ်ဦးသည် မှားနေပြီဖြစ်၍ ချက်ချင်းပြုပြင်ခံရဖို့လို၏ဟု ကျွန်ုပ်တို့ကယူမှတ်ကြပေမည်။ ဤတွင် စောင့်မျှော်တတ်သောစိတ်ထားက ‘သူ တကယ်ပဲမှားတာလား၊ ဒါမှမဟုတ် ငါအထင်မှားနေတာလား။ သူမှားနေတယ်ပဲထား၊ အဲဒီလိုအကြီးအကျယ်အရေးယူစရာမလိုဘဲ သူတိုးတက်လာမှာပါလို့ ယေဟောဝါယူမှတ်ပြီး သူ့ကိုလွှတ်ထားတာများ ဖြစ်နိုင်မလား’ ဟု ကျွန်ုပ်တို့ကိုစဉ်းစားဆင်ခြင်စေသည်။

၆။ ကိုယ်ရေးကိုယ်တာပြဿနာတစ်ရပ်နှင့် လုံးပန်းနေရသူကို စောင့်မျှော်တတ်သောစိတ်ထားက မည်သို့ကူညီပေးမည်နည်း။

၆ ကျွန်ုပ်တို့၌ ကိုယ်ရေးကိုယ်တာပြဿနာတစ်ရပ်ရှိမည်၊ သို့မဟုတ် အားနည်းချက်တစ်ခုနှင့် လုံးပန်းနေရမည်ဆိုလျှင် စောင့်မျှော်သောစိတ်ထားရှိရန် လိုပေမည်။ ယေဟောဝါ၏အကူအညီကိုတောင်းခံထားသော်လည်း အခက်အခဲဆက်ရှိနေဆဲဖြစ်သည်ဆိုပါစို့။ ထိုအခါ မည်သို့နည်း။ ထိုအခက်အခဲကိုဖြေရှင်းရန် ကျွန်ုပ်တို့အတတ်နိုင်ဆုံးကြိုးစားပြီး ယေရှု၏ဤစကားများကို ယုံကြည်စိတ်ချနေရမည်– “ဆက်၍တောင်းကြလော့၊ တောင်းလျှင်ရမည်။ ဆက်၍ရှာကြလော့၊ ရှာလျှင်တွေ့မည်။ ဆက်၍တံခါးကိုခေါက်ကြလော့၊ ခေါက်လျှင်ဖွင့်မည်။” (လုကာ ၁၁:၉၊ ကဘ) ဆက်ဆုတောင်းပြီး ယေဟောဝါအား စောင့်မျှော်နေပါ။ ယေဟောဝါသည် သင့်တော်သည့်အချိန်တွင် ကိုယ်တော့်နည်းလမ်းတော်အတိုင်း သင့်ဆုတောင်းချက်များကို ဖြေကြားပေးတော်မူလိမ့်မည်။—၁ သက်သာလောနိတ် ၅:၁၇။

၇။ သမ္မာကျမ်းစာကို အဆင့်ဆင့်တိုးသိနားလည်ခြင်းနှင့်ပတ်သက်၍ ကျွန်ုပ်တို့၏ရှုမြင်ပုံကို စောင့်မျှော်သောစိတ်ထားက အဘယ်နည်းဖြင့်ကူညီပေးသနည်း။

၇ သမ္မာကျမ်းစာပရောဖက်ပြုချက်များ ပြည့်စုံလာစဉ် ကျမ်းချက်များကို ကျွန်ုပ်တို့တိုးသိနားလည်လာ၏။ သို့သော် အကြောင်းတစ်ခုကို ရှင်းလင်းပေးသင့်သည်မှာ ကြာပြီဟု ကျွန်ုပ်တို့ယူဆကြပေမည်။ ကျွန်ုပ်တို့ဖြစ်စေလိုသည့်အချိန်၌ ဖြစ်မလာသောအခါ စောင့်လိုစိတ်ရှိသလော။ ယေဟောဝါသည် “ခရစ်တော်၏နက်နဲသောအရာ” ကို တစ်ကြိမ်တွင်နည်းနည်းစီဖြင့် နှစ်ပေါင်း ၄,၀၀၀ ခန့်ကာလအတွင်းဖော်ပြရန် အလိုရှိခဲ့သည်ကိုသတိရပါ။ (ဧဖက် ၃:၃-၆) သို့ဖြစ်၍ စိတ်မရှည်နိုင်စရာအကြောင်း ရှိသင့်သလော။ ယေဟောဝါ၏လူတို့အား ‘အချိန်တန်ဝိညာဉ်အစာ’ ကျွေးမွေးရန် ‘သစ္စာနှင့်သတိပညာရှိသောကျွန်’ ကိုတာဝန်ခန့်အပ်ထားကြောင်း ကျွန်ုပ်တို့သံသယရှိပါသလော။ (မဿဲ ၂၄:၄၅) အရာရာကို အပြည့်အဝနားမလည်ခြင်းကြောင့် ဘုရားသခင့်ရေးရာရွှင်လန်းမှု အဘယ်ကြောင့်ပျောက်ဆုံးခံမည်နည်း။ ယေဟောဝါသည် မိမိ၏ ‘လျှို့ဝှက်ထားရာများ’ ကို မည်သည့်အချိန်တွင် မည်သို့ဖော်ပြရန် ဆုံးဖြတ်ထားတော်မူကြောင်း သတိရပါလေ။—အာမုတ် ၃:၇။

၈။ ယေဟောဝါ၏စိတ်ရှည်မှုသည် များစွာသောသူတို့ကို မည်သို့အကျိုးပြုခဲ့သနည်း။

၈ အချို့က နှစ်ပေါင်းများစွာ သစ္စာရှိရှိအမှုထမ်းခဲ့ပြီးနောက်မှ “ထာဝရဘုရား၏ ကြောက်မက်ဖွယ်သောနေ့ကြီး” ကိုမြင်ရသည်အထိ ဆက်အသက်ရှင်မည်မဟုတ်ဟု ခံစားရခြင်းကြောင့် စိတ်ပျက်အားလျော့ပေမည်။ (ယောလ ၂:၃၀၊ ၃၁) သို့တိုင် အပြုသဘောရှုထောင့်ဘက်မှ သူတို့ရှုမြင်ကြသောအခါ အားတက်လာနိုင်ကြသည်။ ပေတရုက ဤသို့ဆုံးမခဲ့သည်– “ငါတို့သခင်ဘုရား သည်းခံတော်မူခြင်းသည် ကယ်တင်မည်အကြောင်းဖြစ်သည်။” (၂ ပေတရု ၃:၁၅) ယေဟောဝါ၏စိတ်ရှည်မှုက နောက်ထပ်သန်းနှင့်ချီသော စိတ်နှလုံးရိုးဖြောင့်သူတို့ကိုလည်း အမှန်တရားသိရှိလာစေခဲ့သည်။ ယင်းသည် တကယ်မကောင်းပေလော။ ထို့ပြင် စိတ်ရှည်မှုကို ယေဟောဝါတင်ပြလေလေ ကျွန်ုပ်တို့သည် “ကြောက်ရွံ့တုန်လှုပ်သောစိတ်နှင့် ကိုယ်ကိုကယ်တင်ခြင်းငှာ ကိုယ်တိုင်ကြိုးစားအားထုတ်” ရန်အချိန် ပို၍ရလေလေဖြစ်သည်။—ဖိလိပ္ပိ ၂:၁၂; ၂ ပေတရု ၃:၁၁၊ ၁၂။

၉။ ယေဟောဝါ၏လုပ်ငန်းတော်၌ ကျွန်ုပ်တို့၏လုပ်ဆောင်နိုင်မှုတွင် ကန့်သတ်မှုရှိနေမည်ဆိုလျှင် စောင့်မျှော်သောစိတ်ထားက အဆိုပါအခြေအနေကိုခံရပ်နိုင်ဖို့ မည်သို့ကူညီပေးမည်နည်း။

၉ ဘုရားသခင့်နိုင်ငံတော်လုပ်ငန်းကို အတိုက်အခံ၊ ဖျားနာမှု၊ အိုမင်းလာခြင်း သို့မဟုတ် အခြားအခက်အခဲများကဟန့်တားသည့်အခါ စောင့်မျှော်သောစိတ်ထားသည် စိတ်ပျက်မသွားစေရန် ကူညီပေးသည်။ ယေဟောဝါသည် ကိုယ်တော်အား စိတ်နှလုံးအကြွင်းမဲ့ဝတ်ပြုစေလို၏။ (ရောမ ၁၂:၁) သို့သော် “ဆင်းရဲသောသူနှင့် ငတ်မွတ်သောသူကိုသနား” သောဘုရားသခင့်သားတော်သည် ကျွန်ုပ်တို့ပေးနိုင်သည်ထက်ပေးရန် ပို၍မတောင်းဆိုချေ၊ ယေဟောဝါလည်း ထို့အတူဖြစ်သည်။ (ဆာလံ ၇၂:၁၃) သို့ဖြစ်၍ ဤအစီအစဉ်စနစ်တွင် သို့မဟုတ် လာမည့်အချိန်တွင် အခြေအနေများ မပြောင်းလဲမချင်း စိတ်ရှည်စွာစောင့်ကာ ကျွန်ုပ်တို့တတ်နိုင်သမျှလုပ်ဆောင်ရန် အားပေးခံရကြသည်။ “သင်တို့သည် သန့်ရှင်းသူတို့ကို အထက်ကလုပ်ကျွေးသည်သာမက၊ ယခုပင်လုပ်ကျွေးခြင်းအမှုကိုလည်းကောင်း ထိုသို့ပြုသောအားဖြင့် နာမတော်ကိုထောက်၍ ပြသောမေတ္တာကိုလည်းကောင်း၊ ဘုရားသခင်သည် မေ့လျော့သည်တိုင်အောင် [မကောင်း] မှုကိုပြုတော်မူသည်မဟုတ်” ကြောင်းသတိရပါ။—ဟေဗြဲ ၆:၁၀။

၁၀။ စောင့်မျှော်သောစိတ်ထားရှိသူသည် ဘုရားသခင့်ရေးရာမဆန်သော အဘယ်စရိုက်ကို ရှောင်ရှားနိုင်သနည်း။ ရှင်းပြပါ။

၁၀ စောင့်မျှော်သောစိတ်ထားက ရောင့်တက်မှုကိုလည်းရှောင်ရှားစေသည်။ အယူဖောက်ပြန်သွားသူအချို့မှာ စောင့်မျှော်လိုစိတ်မရှိကြခြင်းကြောင့်ဖြစ်သည်။ သမ္မာကျမ်းစာကိုနားလည်ခြင်းတွင်ဖြစ်စေ၊ ဖွဲ့စည်းခြင်းကိစ္စများတွင်ဖြစ်စေ ပြုပြင်ပြောင်းလဲမှုများ လိုအပ်နေသည်ဟု သူတို့ခံစားခဲ့ကြရပေမည်။ ပြုပြင်စရာလိုအပ်နေပြီဟု ကျွန်ုပ်တို့ယူမှတ်သည့်အချိန်တွင်မဟုတ်ဘဲ ယေဟောဝါ၏အချိန်ရောက်သောအခါ၌ သစ္စာနှင့်သတိပညာရှိကျေးကျွန်ကို ကိုယ်တော့်ဝိညာဉ်တော်က လှုံ့ဆော်ပေးကြောင်း သူတို့အသိအမှတ်မပြုကြချေ။ ထို့ပြင် ပြုပြင်ပြောင်းလဲမှုမှန်သမျှသည်လည်း ကျွန်ုပ်တို့၏ကိုယ်ပိုင်အတွေးအခေါ်များအတိုင်းမဟုတ်ဘဲ ယေဟောဝါ၏အလိုတော်နှင့်အညီ ဖြစ်ရပေမည်။ အယူဖောက်ပြန်သူတို့သည် ရောင့်တက်သောစိတ်ထားကြောင့် သူတို့၏အတွေးအခေါ် မူမမှန်ကာထိမိလဲကြ၏။ သို့သော် ခရစ်တော်၏စိတ်ထားကို သူတို့မွေးမြူခဲ့မည်ဆိုလျှင် သူတို့၏ရွှင်လန်းမှုမပျောက်ဘဲ ဘုရားသခင့်လူများအလယ်၌ ဆက်ရှိနေနိုင်မည်။—ဖိလိပ္ပိ ၂:၅-၈။

၁၁။ မည်သူတို့၏ပုံသက်သေများကိုလိုက်လျှောက်၍ စောင့်ရသောအချိန်ကို အကျိုးရှိရှိ မည်သို့အသုံးပြုနိုင်ကြသနည်း။

၁၁ စောင့်မျှော်သောစိတ်ထားရှိခြင်းက ပျင်းရိခြင်း သို့မဟုတ် ဆောင်ရွက်မှုမရှိခြင်းကိုမဆိုလိုပါ။ ကျွန်ုပ်တို့၌ ဆောင်ရွက်စရာများရှိ၏။ ဥပမာ၊ ကျွန်ုပ်တို့သည် ကိုယ်ပိုင်လေ့လာမှုပြုလုပ်ခြင်းဖြင့် သစ္စာရှိပရောဖက်များနှင့် ကောင်းကင်တမန်များပင် တင်ပြခဲ့ကြသည့် ဝိညာဉ်ရေးရာများကိုစိတ်ဝင်စားမှုရှိရမည်။ ထိုသို့သော စိတ်ဝင်စားမှုအကြောင်း ပေတရုကဤသို့ဆိုသည်– “ထိုကယ်တင်ခြင်းအကြောင်းအရာကို ပရောဖက်တို့သည် စေ့စေ့စစ်ကြောမေးမြန်းရှာဖွေ၍ . . . ထိုအရာတို့ကို ကောင်းကင်တမန်တို့သည် စေ့စေ့ကြည့်ရှုစဉ်းစားချင်သော စေတနာစိတ်ရှိကြ၏။” (၁ ပေတရု ၁:၁၀-၁၂) ကိုယ်ပိုင်လေ့လာမှုပြုရုံမျှမက အစည်းအဝေးကို မှန်မှန်တက်ရောက်၍ဆုတောင်းကြရမည်။ (ယာကုပ် ၄:၈) ဝိညာဉ်အစာကို ပုံမှန်သုံးဆောင်ကာ ခရစ်ယာန်ချင်းတို့နှင့်ပေါင်းဖော်ခြင်းဖြင့် မိမိတို့၏ဝိညာဉ်ရေးရာလိုအပ်မှုကိုသိရှိသူတို့သည် မိမိတို့တွင် ခရစ်တော်၏စိတ်ထား မွေးမြူထားကြကြောင်း ဖော်ပြသည်။—မဿဲ ၅:၃။

အရှိအတိုင်းရှုမြင်တတ်ပါ

၁၂။ (က) အဘယ်လွတ်လပ်မှုကို အာဒံနှင့်ဧဝ ရှာယူခဲ့ကြသနည်း။ (ခ) အာဒံနှင့် ဧဝ၏လမ်းစဉ်ကို လူသားများလိုက်လျှောက်ခဲ့ကြသည့်အတွက် ရလဒ်ကားအဘယ်နည်း။

၁၂ ကနဦးလူသားမောင်နှံစုံကို ဘုရားသခင်ဖန်ဆင်းချိန်က အမှား၊ အမှန်စံနှုန်းများကို ကိုယ်တော်သာချမှတ်ပိုင်ခွင့်ရှိ၏။ (ကမ္ဘာဦး ၂:၁၆၊ ၁၇) အာဒံနှင့်ဧဝသည် ဘုရားသခင့်လမ်းညွှန်မှုမှ ကင်းကွာလိုခဲ့ကြရာ ယနေ့ ကျွန်ုပ်တို့၏ဝန်းကျင်ရှိ ကမ္ဘာလောကတွင် ယင်းသို့ဖြစ်ပေါ်လာသည်။ တမန်တော်ပေါလုက ဤသို့ပြောခဲ့သည်– “အပြစ်တရားသည် တစ်ယောက်သောသူအားဖြင့် ဤလောကသို့ဝင်၍ အပြစ်တရားအားဖြင့် သေခြင်းတရားဝင်သည်နှင့်အညီ၊ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းသို့ရောက်ရကြ၏။” (ရောမ ၅:၁၂) အာဒံအချိန်မှစတင်ခဲ့သော နှစ်ပေါင်းခြောက်ထောင်လူ့သမိုင်းတွင် ယေရမိ၏ ဤစကားများမှန်ကန်ကြောင်းထင်ရှားပြီ– “အိုထာဝရဘုရား၊ လူသည် မိမိသွားရာလမ်းကိုအစိုးမရ။ သွားစဉ်အခါ မိမိခြေရာတို့ကို မစီရင်တတ်သည်ကို အကျွန်ုပ်သိပါ၏။” (ယေရမိ ၁၀:၂၃) ယေရမိ၏စကားများ မှန်ကန်ကြောင်း အသိအမှတ်ပြုခြင်းက လက်လျော့အရှုံးပေးခြင်းမဟုတ်ချေ။ ယင်းသည် ဖြစ်ရပ်မှန်ပင်။ လူသားတို့သည် ဘုရားသခင်နှင့်ကင်းကွာ၍ အုပ်စိုးခဲ့ကြသောကြောင့် “မိမိအကျိုးပျက်အောင် တစ်ယောက်ကိုတစ်ယောက် အုပ်စိုး” ခဲ့သည့် ထိုတာရှည်သောရာစုနှစ်များစွာကို ဖြစ်ပေါ်စေသည်။—ဒေ. ၈:၉။

၁၃။ လူသားတို့ ပြီးမြောက်အောင်မြင်စေနိုင်ရာနှင့်ပတ်သက်၍ ယေဟောဝါသက်သေတို့တွင် အဘယ်အရှိအတိုင်းရှုမြင်ချက် ရှိသနည်း။

၁၃ လူသားတို့၏အခြေအနေကြောင့် လက်ရှိအစီအစဉ်စနစ်တွင် အထမြောက်နိုင်ရာနှင့်ပတ်သက်၍ ကန့်သတ်မှုများရှိနေကြောင်း ယေဟောဝါသက်သေများ သိရှိကြသည်။ အပြုသဘောပါသောစိတ်ထားက ကျွန်ုပ်တို့ကို ရွှင်လန်းမှု ဆက်ရှိစေနိုင်သော်လည်း ယင်းသည် အရာရာအတွက်ဖြေရှင်းချက်မဟုတ်ချေ။ ၁၉၅၀ ပြည့်လွန်နှစ်များအစောပိုင်းက အမေရိကန်နိုင်ငံမှ တရားဟောဆရာတစ်ဦးသည် အပြုသဘောပါပါ စဉ်းစားတွေးခေါ်ခြင်းတန်ခိုး အမည်ရှိ အရောင်းအသွက်ဆုံးစာအုပ်တစ်အုပ် ထုတ်ဝေခဲ့၏။ ထိုစာအုပ်က အတားအဆီးအများစုကို အပြုသဘောဖြင့် ချဉ်းကပ်ဖြေရှင်းမည်ဆိုလျှင် အောင်မြင်နိုင်ကြောင်း အကြံပြုထားသည်။ အပြုသဘောဆောင်သောအတွေးအခေါ်သည် အမှန်နှစ်သက်စရာပင်ဖြစ်သည်။ သို့သော် ကျွန်ုပ်တို့တစ်ဦးချင်းစီအနေနှင့် ပြီးမြောက်စေနိုင်ရာကို အသိပညာ၊ ကျွမ်းကျင်မှု၊ ငွေအင်အားနှင့် အခြားအရာမြောက်မြားစွာက ကန့်သတ်ထားကြောင်း အတွေ့အကြုံကဖော်ပြသည်။ လူတို့၌အပြုသဘောမည်မျှပင်ရှိစေကာမူ ထို့ပြင် ကမ္ဘာချီအတိုင်းအတာအရ ပြဿနာများကို သူတို့အောင်မြင်စွာ ဖြေရှင်းရန်အတွက် ၎င်းတို့မှာ ကြီးမားလွန်းလှသည်တကား!

၁၄။ ယေဟောဝါသက်သေများ၌ အပျက်သဘောရှိကြပါသလော။ ရှင်းပြပါ။

၁၄ အဆိုပါကိစ္စများနှင့်ပတ်သက်၍ အရှိအတိုင်းရှုမြင်မှုကြောင့် ယေဟောဝါသက်သေတို့သည် အပျက်သဘောရှိသူများဖြစ်သည်ဟု ရံဖန်ရံခါစွပ်စွဲခံကြရ၏။ အမှန်မှာ လူသားတို့၏အဖြစ်သနစ်ကို ထာဝစဉ်တိုးတက်ကောင်းမွန်လာစေနိုင်သည့် တစ်ဆူတည်းသောပုဂ္ဂိုလ်အကြောင်း လူအပေါင်းကို သူတို့သိစေလိုကြ၏။ ဤတွင်လည်း သူတို့သည် ခရစ်တော်၏စိတ်ထားကို အတုယူကြခြင်းဖြစ်သည်။ (ရောမ ၁၅:၂) ထို့အပြင် ဘုရားသခင်နှင့်ဆက်ဆံရေးကောင်းရှိစေရန် လူတို့ကိုကူညီပေးရာ၌ သူတို့အလုပ်များနေကြသည်။ ထိုသို့ပြုလုပ်ခြင်းက နောက်ဆုံးတွင် အကောင်းတကာ့အကောင်းဆုံး ဖြစ်သွားလိမ့်မည်ကို သူတို့သိထားကြသည်။—မဿဲ ၂၈:၁၉၊ ၂၀; ၁ တိမောသေ ၄:၁၆။

၁၅။ ယေဟောဝါသက်သေများ၏အလုပ်က လူတစ်ဦးချင်းစီကို မည်သို့တိုးတက်ကောင်းမွန်လာစေသနည်း။

၁၅ ယေဟောဝါသက်သေများသည် သူတို့၏ဝန်းကျင်ရှိ လူမှုရေးပြဿနာများ—အထူးသဖြင့် ကျမ်းစာနှင့်မညီသော ညစ်ညူးသည့်အကျင့်များ—ကို လျစ်လျူရှုမထားကြချေ။ စိတ်ဝင်စားသူတစ်ဦးသည် ယေဟောဝါသက်သေတစ်ဦးဖြစ်မလာမီ ပြောင်းလဲမှုများပြုလုပ်ရသည်၊ ဘုရားသခင်မနှစ်သက်သည့် စွဲနေသောအကျင့်ဆိုးများကို နိုင်နင်းရလေ့ရှိသည်။ (၁ ကောရိန္သု ၆:၉-၁၁) သို့ဖြစ်၍ ယေဟောဝါသက်သေများသည် အမှန်တရားလက်သင့်ခံသူတို့အား အရက်စွဲခြင်း၊ မူးယစ်ဆေးစွဲခြင်း၊ အကျင့်ယိုယွင်းခြင်းနှင့် လောင်းကစားစွဲခြင်းတို့ကို ပြတ်သွားနိုင်ဖို့ကူညီပေးခဲ့ကြပြီ။ ထိုသို့ပြောင်းလဲလာသူများသည် မိမိတို့မိသားစုများ၏တာဝန်ကို ရိုးသားဖြောင့်မတ်သောနည်းဖြင့် ထမ်းဆောင်တတ်လာကြသည်။ (၁ တိမောသေ ၅:၈) တစ်ဦးချင်းစီနှင့် မိသားစုလိုက်ကို ဤနည်းဖြင့်ကူညီပေးသောအခါ ရပ်ကွက်တွင် မူးယစ်ဆေးစွဲမှု၊ မိသားစုအကြမ်းဖက်မှုစသည့်ပြဿနာများ လျော့နည်းသွားလေသည်။ ယေဟောဝါသက်သေများသည် သူတို့ကိုယ်တိုင် ဥပဒေလိုက်နာသည့် နိုင်ငံသားများဖြစ်ကြပြီး အခြားသူတို့ကို သာ၍ကောင်းသောသူများအဖြစ်သို့ ပြုပြင်ပြောင်းလဲစေကြခြင်းအားဖြင့် လူမှုရေးပြဿနာများကို ကိုင်တွယ်ဖြေရှင်းနေကြရသော ကိုယ်စားလှယ်များ၏တာဝန်ကို ပေါ့ပါးစေကြသည်။

၁၆။ ယေဟောဝါသက်သေများသည် လောကအပြောင်းအလဲလှုပ်ရှားမှုများ၌ အဘယ်ကြောင့်မပါဝင်ကြသနည်း။

၁၆ သို့ဖြစ်၍ ယေဟောဝါသက်သေများသည် ကမ္ဘာလောကရှိ ကိုယ်ကျင့်တရားပျက်ပြားမှုကို ပြောင်းလဲပစ်နိုင်ခဲ့ပြီလော။ အမှန်မှာ လွန်ခဲ့သောဆယ်နှစ်အတွင်း လှုပ်ရှားတက်ကြွသည့်ကြေညာသူအရေအတွက်မှာ ၃,၈၀၀,၀၀၀ မပြည့်တတ်ရာမှ ၆,၀၀၀,၀၀၀ နီးပါးအထိ တိုးများလာခဲ့သည်။ ၎င်းသည် ၂,၂၀၀,၀၀၀ ခန့်တိုးတက်လာခြင်းဖြစ်၍ သူတို့အများအပြားသည် ခရစ်ယာန်များဖြစ်လာကြသောအခါ အကျင့်ဆိုးများကို စွန့်လွှတ်ခဲ့ကြရ၏။ သို့ဖြင့် လူများစွာ၏ဘဝအခြေအနေ တိုးတက်လာခဲ့သည်တကား! သို့တိုင် ထိုအချိန်ကာလအတွင်း တိုးများလာသောကမ္ဘာ့လူဦးရေ ၈၇၅,၀၀၀,၀၀၀ နှင့်နှိုင်းစာကြည့်လိုက်လျှင် အထက်ပါအရေအတွက်သည် အလွန်နည်းသည်တကား! အသက်လမ်းပေါ်လျှောက်လှမ်းမည့်သူ နည်းလိမ့်မည်ကို ယေဟောဝါသက်သေများ သိထားကြသော်လည်း လူသားထုထဲမှသတင်းတရားလက်ခံသူတို့ကို ကူညီပေးကြရာ၌ ရွှင်လန်းမှုရရှိခဲ့ကြပြီ။ (မဿဲ ၇:၁၃၊ ၁၄) သက်သေခံများသည် ဘုရားသခင်သာလျှင် တတ်နိုင်တော်မူသော ကမ္ဘာချီသာ၍ကောင်းလာစေမည့် ပြောင်းလဲမှုများကို စောင့်မျှော်နေကြစဉ် ရည်ရွယ်ချက်ကောင်းဖြင့်စတင်လေ့ရှိသော်လည်း အထင်နှင့်အမြင်တလွဲစီဖြစ်ပြီး အဆုံး၌အကြမ်းဖက်မှုပင်ပါဝင်လာသည့် အပြောင်းအလဲလှုပ်ရှားမှုများတွင် သူတို့မပါဝင်ကြချေ။—၂ ပေတရု ၃:၁၃။

၁၇။ မိမိဝန်းကျင်ရှိသူတို့အား ကူညီရန် ယေရှုအဘယ်အရာပြုလုပ်ခဲ့သနည်း၊ သို့သော် အဘယ်အရာကို မပြုလုပ်ခဲ့သနည်း။

၁၇ ဤလမ်းစဉ်ကိုလိုက်လျှောက်ရာ၌ ယေဟောဝါသက်သေတို့သည် ယေရှုမြေကြီးပေါ်ရှိစဉ်ကကဲ့သို့ ယေဟောဝါ၌ယုံကြည်စိတ်ချမှုကို တင်ပြကြသည်။ ပထမရာစုတွင် ယေရှုသည် အံ့ဖွယ်နည်းဖြင့် ရောဂါများကုသပေးခဲ့သည်။ (လုကာ ၆:၁၇-၁၉) ကိုယ်တော်သည် လူသေများကိုပင် ပြန်ရှင်စေခဲ့သည်။ (လုကာ ၇:၁၁-၁၅; ၈:၄၉-၅၆) သို့သော် ဖျားနာခြင်းပြဿနာကို ကိုယ်တော်ဖယ်ရှားမပေး၊ ရန်သူသေခြင်းကိုလည်း အနိုင်မယူခဲ့ချေ။ ထိုသို့ပြုရန် ဘုရားသခင်၏အချိန်မတန်သေးကြောင်း ကိုယ်တော်သိတော်မူသည်။ ယေရှုသည် စုံလင်သူလူသားတစ်ဦး၏ ထူးကဲသောအရည်အသွေးများဖြင့် အလွန်ဆိုးရွားသော နိုင်ငံရေးနှင့် လူမှုရေး ပြဿနာများကို ဖြေရှင်းပေးနိုင်စွမ်းရှိ၏။ ကိုယ်တော်၏ တစ်ခေတ်တည်းသားအချို့က ကိုယ်တော့်အား အခွင့်အာဏာသိမ်းယူပြီး ဤနည်းအတိုင်းဆောင်ရွက်စေလိုပုံရှိသော်လည်း ယေရှုငြင်းပယ်ခဲ့သည်။ ကျွန်ုပ်တို့ ဤသို့ဖတ်ရသည်– “ထိုသို့ယေရှုပြတော်မူသော နိမိတ်လက္ခဏာကို ထိုလူများတို့သည်မြင်လျှင်၊ ‘ဤသူကား ဤလောကသို့ကြွလာရသော ပရောဖက်အမှန်ဖြစ်သည်’ ဟုဆိုကြ၏။ ထိုသူတို့သည် ကိုယ်တော်ကို ရှင်ဘုရင်အရာ၌ချီးမြှောက်ခြင်းငှာလာ၍ အနိုင်အထက်ပြုကြမည်အကြောင်းကို ယေရှုသည်သိတော်မူလျှင်၊ တောင်ပေါ်သို့တစ်ယောက်တည်းကြွတော်မူပြန်၏။”—ယောဟန် ၆:၁၄၊ ၁၅။

၁၈။ (က) ယေရှုသည် စောင့်မျှော်သောစိတ်ထားကို မည်သို့အမြဲတင်ပြခဲ့သနည်း။ (ခ) ၁၉၁၄ ခုနှစ်မှစ၍ ယေရှု၏လုပ်ဆောင်မှုသည် မည်သို့ပြောင်းလဲသွားခဲ့သနည်း။

၁၈ ယေရှုသည် နိုင်ငံရေး သို့မဟုတ် လူမှုရေးသက်သက်၌ပါဝင်ပတ်သက်ရန် ငြင်းဆန်ခဲ့ရသည့်အကြောင်းရင်းမှာ ဘုရင့်အခွင့်အာဏာကိုသိမ်းယူရန်အချိန်နှင့် လူတိုင်းအတွက် နေရာတိုင်းတွင် ကုသပေးရမည့်အချိန် မရောက်သေးကြောင်း ကိုယ်တော်သိတော်မူသောကြောင့်ဖြစ်သည်။ ကောင်းကင်တွင် မသေနိုင်သောနာမ် ဝိညာဉ်အသက်တာရရန် ကိုယ်တော်တက်ကြွပြီးနောက်၌ပင် အရေးယူဆောင်ရွက်ရမည့် ယေဟောဝါသတ်မှတ်ထားသောအချိန်ကို စောင့်ဆိုင်းရန်ဆန္ဒရှိတော်မူ၏။ (ဆာလံ ၁၁၀:၁; တမန်တော် ၂:၃၄၊ ၃၅) သို့သော် ၁၉၁၄ ခုနှစ်၌ ဘုရားသခင့်နိုင်ငံတော်၏ဘုရင်အဖြစ် ကိုယ်တော်နန်းထိုင်တော်မူကတည်းက “အောင်မြင်လျက်လည်းကောင်း၊ အောင်မြင်ခြင်းငှာလည်းကောင်း” ကြွချီတော်မူလျက်ရှိသည်။ (ဗျာဒိတ် ၆:၂; ၁၂:၁၀) ခရစ်ယာန်အမည်ခံ အခြားသူတို့သည် ဘုရားသခင့်နိုင်ငံတော်နှင့်ပတ်သက်၍ သမ္မာကျမ်းစာသွန်သင်ချက်များကို ဆက်လျစ်လျူရှုနေရန်ရွေးချယ်ကြစဉ် ကိုယ်တော်၏အုပ်စိုးမှုအောက် လက်အောက်ခံနေရခြင်းကို ကျွန်ုပ်တို့တကယ်ကျေးဇူးတင်ကြပါသည်တကား!

စောင့်မျှော်ခြင်း —စိတ်ပျက်စရာ သို့မဟုတ် ရွှင်လန်းစရာလော

၁၉။ စောင့်မျှော်ရခြင်းက အဘယ်အချိန်တွင် ‘စိတ်နှလုံးပူပန်စေ’ ပြီး၊ အဘယ်အချိန်၌ ရွှင်လန်းစရာဖြစ်သနည်း။

၁၉ စောင့်မျှော်နေရခြင်းသည် စိတ်ပျက်စရာဖြစ်နိုင်ကြောင်း ရှောလမုန်သိသည်။ သူကဤသို့ရေးသားခဲ့၏– “မျှော်လင့်သောအရာသည်ဖင့်နွှဲလျှင် စိတ်နှလုံးကိုပူပန်စေတတ်၏။” (သု. ၁၃:၁၂) မှန်ပါ၏၊ အခြေအမြစ်မရှိသောအရာကို မျှော်လင့်နေလျှင် စိတ်ပျက်ရ၍ နှလုံးပူပန်စရာဖြစ်နိုင်သည်။ သို့သော် မင်္ဂလာဆောင်ခြင်း၊ သားဖွားခြင်း သို့မဟုတ် ကျွန်ုပ်တို့ချစ်မြတ်နိုးရသူတို့နှင့် ပြန်လည်တွေ့ဆုံရခြင်းကဲ့သို့သော ပျော်ရွှင်ဖွယ်အဖြစ်များအတွက် စောင့်မျှော်ရခြင်းက ထိုသို့မဖြစ်မချင်း ကြိုတင်၍ရွှင်လန်းနေနိုင်၏။ ကျွန်ုပ်တို့သည် စောင့်မျှော်ရသောအချိန်ကို ပညာရှိစွာအသုံးပြုကာ လာမည့်ဖြစ်ရပ်အတွက် ပြင်ဆင်နေမည်ဆိုလျှင် ထိုရွှင်လန်းမှုမှာ တိုးပွားလာလိမ့်မည်။

၂၀။ (က) အဘယ်အံ့ဖွယ်ဖြစ်ရပ်များကို တွေ့ မြင်ရန် ကျွန်ုပ်တို့ယုံကြည်စိတ်ချစွာ မျှော်လင့်ကြသနည်း။ (ခ) ယေဟောဝါ၏ရည်ရွယ်တော်မူချက် ပြည့်စုံရန်စောင့်မျှော်နေစဉ် ရွှင်လန်းမှု မည်သို့တွေ့ရှိနိုင်သနည်း။

၂၀ ကျွန်ုပ်တို့၏မျှော်လင့်ချက်များသည် မည်သည့်အချိန်၌ပြည့်စုံမည်ကို ကျွန်ုပ်တို့မသိကြသော်လည်း ပြည့်စုံလိမ့်မည်ဟု အပြည့်အဝယုံကြည်စိတ်ချသောအခါ စောင့်မျှော်ရာကာလတွင် ‘စိတ်နှလုံးပူပန်’ စရာမလိုပေ။ ခရစ်တော်၏အနှစ်တစ်ထောင်အုပ်စိုးမှုသည် ရောက်လုဆဲဆဲဖြစ်ကြောင်း ဘုရားသခင်၏ သစ္စာရှိဝတ်ပြုသူများသိထားကြ၏။ သေခြင်းနှင့် ရောဂါတို့၏အဆုံးကို တွေ့မြင်ကြရလိမ့်မည်ဖြစ်ကြောင်း သူတို့ယုံကြည်စိတ်ချကြသည်။ သူတို့ချစ်မြတ်နိုးရသူများအပါအဝင် သန်းပေါင်းများစွာသော လူသေများအား ပြန်လည်ကြိုဆိုရမည့်အချိန်ကို စိတ်ထက်ထက်သန်သန်နှင့် ရွှင်လန်းစွာသူတို့စောင့်မျှော်နေကြပါသည်။ (ဗျာဒိတ် ၂၀:၁-၃၊ ၆; ၂၁:၃၊ ၄) စီးပွားရေးကျပ်တည်းသည့် ဤအချိန်ကာလအတွင်း သူတို့သည် ကမ္ဘာမြေပေါ်၌ ပရဒိသု အမှန်တည်ထောင်လာမည့်အချိန်ကို တွေ့မြင်ကြရခြင်းအလားအလာကို နှစ်သက်အားရနေ၏။ (ဟေရှာယ ၃၅:၁၊ ၂၊ ၇) သို့နှင့် စောင့်မျှော်နေရချိန်တွင် “သခင်ဘုရား၏အမှုတော်ကို ကြိုးစားအားထုတ်” ဆောင်ရွက်နေကြခြင်းသည် တကယ်ပညာရှိရာကျသည်တကား! (၁ ကောရိန္သု ၁၅:၅၈) ဝိညာဉ်အစာကို ဆက်၍စားသုံးနေပါလေ။ ယေဟောဝါနှင့် သာ၍ရင်းနှီးသောဆက်ဆံရေးရှိဖို့ ကြိုးစားပါ။ ယေဟောဝါအား ဝတ်ပြုကိုးကွယ်ရန် စေ့ဆော်ခံရသည့်နှလုံးသားများရှိသူတို့ကို ဆက်ရှာဖွေပါ။ ယုံကြည်သူချင်းတို့ကို အားပေးတိုက်တွန်းပါ။ ယေဟောဝါခွင့်ပြုဦးမည့်အချိန်ရှိသရွေ့ကို အကျိုးရှိရှိအပြည့်အဝအသုံးချပါ။ သို့ဆိုလျှင် ယေဟောဝါအား စောင့်မျှော်နေရခြင်းသည် အဘယ်အခါမျှ သင့် “စိတ်နှလုံးကို ပူပန်စေ” မည်မဟုတ်ချေ။ ယင်းအစား သင့်ကို ရွှင်လန်းမှုနှင့် ပြည့်စေပါလိမ့်မည်!

သင်ရှင်းပြနိုင်သလော

• ယေရှုသည် စောင့်မျှော်သောစိတ်ထားကို မည်သို့တင်ပြခဲ့သနည်း။

• ခရစ်ယာန်များသည် အဘယ်အခြေအနေများတွင် စောင့်မျှော်သောစိတ်ထားရှိဖို့လိုသနည်း။

• ယေဟောဝါသက်သေများသည် ယေဟောဝါအား စောင့်မျှော်ရန် အဘယ်ကြောင့်ကျေနပ်နေကြသနည်း။

• ယေဟောဝါအား စောင့်မျှော်ခြင်းကို ရွှင်လန်းစရာအကြောင်း မည်သို့ ဖြစ်စေနိုင်သနည်း။

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

ယေရှုသည် မိမိရှေ့၌ချထားသော ဝမ်းမြောက်မှုကြောင့် ခံနိုင်ရည်ရှိခဲ့

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

နှစ်ချီအမှုဆောင်ခဲ့ရသည့်တိုင် ကျွန်ုပ်တို့၏ရွှင်လန်းမှုကို ထိန်းသိမ်းထားနိုင်

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

သန်းနှင့်ချီသောသူတို့သည် ယေဟောဝါသက်သေများဖြစ်လာကြခြင်းဖြင့် သူတို့၏ဘဝအသက်တာကို တိုးတက်စေခဲ့ကြပြီ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ