ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၃ ၈/၁ စာ. ၄-၈
  • ဆက်သွယ်ခြင်း စကားပြောဆိုရုံထက်မကပိုမို

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဆက်သွယ်ခြင်း စကားပြောဆိုရုံထက်မကပိုမို
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ထိုးထွင်းဉာဏ် တင်ပြခြင်း
  • နောက်ကြောင်းကို သဘောပေါက်ခြင်း
  • ယခင်ဘဝတွင် မတော်မလျော်ဖြစ်ခဲ့လျှင်
  • မခံမရပ်နိုင်ဖြစ်ခြင်းဖြင့် ကျော့မိနေခြင်း
  • ဆေးစွဲခြင်းက ဆက်သွယ်ခြင်းကို ထိခိုက်
  • ပြဿနာများ ဖြေရှင်းခြင်း
  • ခံနိုင်ရည်ရှိခြင်းထက်မက
  • သင့်အိမ်ထောင်ဖက်နှင့်ပြောဆိုဆက်သွယ်ရာတွင်အရေးပါသည့်အချက်များ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • မင်္ဂလာဆောင်ပြီး နောက်ပိုင်း
    ဘုရားမေတ္တာတော် ခံစားနေနိုင်ပုံ
  • သင့်အိမ်ထောင်ရေးကို ကယ်ဆယ်နိုင်!
    နိုးလော့!—၂၀၀၂
  • သင့်ရဲ့အိမ်ထောင်ဖက်ကို တလေးတစား ပြောဆိုဆက်ဆံပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
က၉၃ ၈/၁ စာ. ၄-၈

ဆက်သွယ်ခြင်း စကားပြောဆိုရုံထက်မကပိုမို

ရှုခင်းသာတစ်ခုကို ရှုစားနေကြသော ကမ္ဘာလှည့်ခရီးသည်တစ်ဖွဲ့ကို မြင်ယောင်ကြည့်ပါ။ တစ်ဖွဲ့လုံး ရှုခင်းတစ်ခုတည်းကို ကြည့်ရှုနေမည်ဖြစ်သော်လည်း တွေ့မြင်ပုံချင်း တူလိမ့်မည်မဟုတ်ပါ။ အဘယ်ကြောင့်နည်း။ အကြောင်းမူကား၊ သူတို့ရပ်နေကြသည့်နေရာချင်း မတူကြ၍ဖြစ်သည်။ အဘယ်သူနှစ်ဦးမျှ တစ်နေရာတည်းတွင် ရပ်၍မနေပါ။ ထို့ပြင် ရှုခင်း၏ အစိတ်အပိုင်းတစ်ခုတည်းကိုသာ အားလုံး ကြည့်ရှုကြသည်မဟုတ်ပါ။ တစ်ဦးစီ၏ အထူးစိတ်ဝင်စားစရာသည် တူညီမည်မဟုတ်။

အိမ်ထောင်ရေးတွင်လည်း ထိုနည်းတူဖြစ်သည်။ အထူးလိုက်ဖက်သူနှစ်ဦးဖြစ်သည့်တိုင် မည်သည့်စုံတွဲမျှ ကိစ္စအသီးသီးကို ဝိဝါဒမကွဲ တစ်မျိုးတည်းတစ်ထပ်တည်း ယူဆမည်မဟုတ်ပါ။ လင်နှင့်မယားသည် စိတ်ဓာတ်ချင်းမတူ၊ ငယ်စဉ်ဘဝချင်းမတူ၊ မိသားစု၏ ဩဇာညောင်းပုံချင်းမတူကြချေ။ ယင်းကြောင့် အမြင်ချင်းမတူညီသည့်အတွက် စိတ်ဝမ်းကွဲလွဲနိုင်ပါသည်။ တမန်တော်ပေါလုသည် ဤသို့ပွင့်လင်းစွာဆိုထားသည်။ “အိမ်ထောင်ပြုသူသည် စိတ်ဆင်းရဲ ဝမ်းနည်းခြင်း ရှိလိမ့်မည်။”—၁ ကောရိန္သု ၇:၂၈၊ The New English Bible.

ဆက်သွယ်ခြင်းတွင် ဤကွဲပြားမှုများကို တစ်သားတစ်ကိုယ်ဆက်ဆံရေးသို့ စပ်ဟပ်ရောပြွမ်းစေရန် ကြိုးစားခြင်း ပါဝင်ပါသည်။ ယင်းသို့ဖြစ်စေရန် စကားစမြည်ပြောဆိုချိန် ရှာယူခြင်းလိုပါသည်။ (စာမျက်နှာ ၇ ပါ အကွက်ကိုရှု။) သို့သော် ထိုထက်မကပါဝင်ပါသည်။

ထိုးထွင်းဉာဏ် တင်ပြခြင်း

သမ္မာကျမ်းစာမှ ပညာရှိစကားတစ်ခုက ဤသို့။ “ပညာရှိသောသူ၏နှလုံးသည် သူ၏နှုတ်ကို သွန်သင် [ထိုးထွင်းဉာဏ်တင်ပြစေ၊ ကဘ] ၍ သူ၏နှုတ်ခမ်းတို့၌ ပညာအတတ်ကို ထပ်လောင်းတတ်၏။” (သု၊ ၁၆:၂၃) ဤတွင် “ထိုးထွင်းဉာဏ်” ဟုပြန်ဆိုထားသည့် ဟေဗြဲစကားလုံးက အမြော်အမြင်ရှိခြင်း၊ ကိစ္စအဝဝကို အသေအချာချင့်ချိန် တွက်ချက်ခြင်းကိုဆိုလိုပါသည်။ ထိုကြောင့် ထိရောက်စွာဆက်သွယ်နိုင်ခြင်း၏ အချက်အချာသည် နှုတ်ခမ်းမဟုတ်ဘဲ နှလုံးပင်ဖြစ်သည်။ ကောင်းစွာဆက်သွယ်တတ်သူသည် စကားပြောဆိုတတ်သူဖြစ်သည်ထက် စာနာမှုရှိရှိ နားထောင်တတ်သူ ဖြစ်ဖို့လိုပါသည်။ (ယာကုပ် ၁:၁၉) အိမ်ထောင်ဖက်၏ အပေါ်ယံအပြုအမူထက် သူ၏စိတ်အတွင်းခံစားချက်များနှင့် ဖြေရှင်းပေးစရာအကြောင်းရင်းများကို ခွဲခြားသိမြင်တတ်ရပါမည်။—သု၊ ၂၀:၅။

မည်သို့အားဖြင့်နည်း။ တစ်ခါတစ်ရံ အငြင်းပွားမှုနှင့်စပ်လျဉ်းသည့် အခြေအနေကို သတိပြုခြင်းအားဖြင့် ယင်းကိုဖြေရှင်းနိုင်မည်။ သင့်အိမ်ထောင်ဖက်သည် စိတ်ဓာတ်ရေး၊ ကာယရေးဘက် စိတ်ဆင်းရဲမှုခံနေရပါသလော။ မမာမကျန်းဖြစ်ခြင်းက အိမ်ထောင်ဖက်အား ထိုစိတ်ထားမျိုး ပေါ်နေစေပါသလော။ “အချိန်တန်၍ ပြောသင့်သောစကားလုံးကို ပြောနိုင်ခြင်းသည် ကောင်းလှသည်တကား။” (သု၊ ၁၅:၂၃၊ Today’s English Ver­sion) ထိုကြောင့် အခြေအနေကိုသုံးသပ်ခြင်းအားဖြင့် လိုက်လျောညီထွေတုံ့ပြန်ရန် အကူအညီရနိုင်ပေမည်။—သု၊ ၂၅:၁၁။

သို့သော် အများအားဖြင့်ဆိုလျှင် အငြင်းပွားရသည့် အကြောင်းရင်းသည် လက်ရှိအခြေအနေနှင့်မဆိုင်သော အခြားကိစ္စများကြောင့် ဖြစ်ပါသည်။

နောက်ကြောင်းကို သဘောပေါက်ခြင်း

ငယ်စဉ်ကအဖြစ်အပျက်များသည် လူကြီးဘဝကို များစွာဂယက်ရိုက်တတ်ပါသည်။ အိမ်ထောင်ဖက်များသည် မိသားစုအသီးသီးမှ ဖြစ်ကြရာ သဘောကွဲလွဲမှု ရှိစမြဲဖြစ်သည်။

သမ္မာကျမ်းစာတွင်မှတ်တမ်းတင်ထားသည့် အဖြစ်အပျက်တစ်ခုက ယင်းကိုဖော်ပြပါသည်။ ပဋိညာဉ်သေတ္တာကို ယေရုရှလင်မြို့သို့ ယူဆောင်ခဲ့စဉ်က မိမိ၏စိတ်အားထက်သန်ခြင်းကို လူအများရှေ့ ဒါဝိဒ်ဖော်ပြခဲ့ပါသည်။ သူ၏ဇနီး မိခါလကော။ သမ္မာကျမ်းစာ ဤသို့ဆိုသည်။ “ရှောလု၏သမီး မိခါလသည် ပြတင်းပေါက်ဖြင့်ကြည့်၍ ဒါဝိဒ်မင်းကြီးသည် ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ရှေ့တော်၌ ကလျက်ခုန်လျက်လာသည်ကိုမြင်၍ စိတ်နှလုံးထဲ၌ မထီမဲ့မြင်ပြု၏။”—၂ ဓမ္မရာဇဝင် ၆:၁၄-၁၆။

မိခါလသည် သူ၏ မဖြောင့်မတ်သောဖခင် ရှောလု၏ သစ္စာမဲ့သဘောထားကို တင်ပြခဲ့သည်။ ယင်းကြောင့် မိခါလအား ဒါဝိဒ်၏ဇနီးထက် “ရှောလု၏သမီး” ဟုအငယ် ၁၆ တွင် ခေါ်ထားရခြင်းဖြစ်မည်ဟူ၍ ကျမ်းဋီကာဆရာများ စီ၊ အက်ဖ်၊ ကီလ်နှင့် အက်ဖ်၊ ဒဲလစ်ရှ်တို့က အကြံပြုထားပါသည်။ မည်သို့ဆိုစေကာမူ ဤဝမ်းသာစရာအချိန်ကို ဒါဝိဒ်နှင့်မိခါလတို့၏ ယူမှတ်ပုံကွာခြားကြောင်း ဆက်ဖြစ်ပွားသောအငြင်းအခုံစကားများက တင်ပြပါသည်။—၂ ဓမ္မရာဇဝင် ၆:၂၀-၂၃။

ငယ်ရွယ်စဉ်က လေ့ကျင့်သွန်သင်မှုသည် လင်နှင့်မယား စိတ်သဘောကွဲလွဲစေရန် မသိမသာသြဇာညောင်းကြောင်း ဤဥပမာက တင်ပြပါသည်။ ယေဟောဝါ၏အမှုတော်ကို နှစ်ဦးစလုံး ထမ်းဆောင်နေကြဦးတော့ ယင်းသို့ဖြစ်နိုင်ပါသည်။ ဥပမာ၊ ငယ်စဉ်က စိတ်ဓာတ်ရေးဆိုင်ရာ အားပေးမှု အလုံအလောက်မရခဲ့သောဇနီးအနေနှင့် နှစ်သက်သဘောကျကြောင်း ထုတ်ဖော်ပြခြင်းခံလိုပါလိမ့်မည်။ ယင်းကြောင့် လင်သားသည် စိတ်ရှုပ်စရာဖြစ်နိုင်မည်။ “သူ့ကိုချစ်ပါတယ်လို့ အကြိမ်တစ်ရာပြောတာတောင် သူမယုံနိုင်ဘူး” ဟုညည်းလိမ့်မည်။

ဤသို့သောအခြေအနေမျိုးတွင် ဆက်သွယ်ခြင်း၌ “ကိုယ်အမှုအရာကိုသာမရှုမမှတ်ဘဲ၊ သူ့အမှုအရာကို အချင်းချင်းရှုမှတ်” ခြင်းပါဝင်နေမည်။ (ဖိလိပ္ပိ ၂:၄) ဆက်သွယ်ခြင်းငှာ လင်ယောက်ျားဖြစ်သူသည် မိမိ၏ယခင်ဘဝအတိုင်းမဟုတ်ဘဲ ဇနီး၏ယခင်ဘဝကို ထည့်တွက်ပေးရမည်။ ဇနီးဖြစ်သူသည်လည်း မိမိ၏လင်ယောက်ျားနှင့်စပ်လျဉ်း၍ ထပ်တူပင်ပြုရန် လှုံ့ဆော်ခံသင့်သည်။—၁ ကောရိန္သု ၁၀:၂၄။

ယခင်ဘဝတွင် မတော်မလျော်ဖြစ်ခဲ့လျှင်

ကလေးဘဝတွင် မိမိအိမ်ထောင်ဖက်သည် ဝမ်းနည်းဖွယ်ရာဖြစ်သော ယနေ့တိုးပွားနေသည့်ပြဿနာတစ်ရပ်ဖြစ်သည့်လိင်ဆိုင်ရာအဓမ္မပြုကျင့်ခံခဲ့ရမည်ဆိုလျှင် သူ့အမှုအရာကို ရှုမှတ်ရန် အထူးလိုအပ်ပါသည်။ ဥပမာ၊ သံဝါသပြုသည့်အခါ လက်ရှိအခြေအနေသည် ယခင်အခြေအနေ၊ မိမိ၏အိမ်ထောင်ဖက်သည် အဆိုးပြုသူ၊ သို့မဟုတ် သံဝါသပြုခြင်းသည် အဓမ္မပြုကျင့်ခြင်းနှင့်မတူ အခြားကြီးခြားနေကြောင်းကို ဇနီးဖြစ်သူသည် ခွဲခြားသိမြင်၍မရဘဲ ဖြစ်ကောင်းဖြစ်နေပေမည်။ အထူးသဖြင့် ဤရင်းနှီးမှုကို ဇနီးသည်၏အမြင်မျိုးဖြင့် လင်ယောက်ျားဖြစ်သူသည် စာနာမှုမပြနိုင်လျှင် ယင်းကိစ္စသည် အလွန်စိတ်တိုစရာဖြစ်နိုင်ပါသည်။—၁ ပေတရု ၃:၈။

ယခင်အဖြစ်အပျက်ကို လုံးဝမဖျောက်ဖျက်နိုင်၊ ယင်း၏ဂယက်ရိုက်မှုကို လုံးလုံးမကုစားပေးနိုင်သော်လည်း စိတ်ဆင်းရဲနေသောအိမ်ထောင်ဖက်ကို များစွာနှစ်သိမ့်ပေးနိုင်ပါသည်။ (သု၊ ၂၀:၅) မည်သို့အားဖြင့်နည်း။ “အတူနေသော ကိုယ်ခင်ပွန်းကို ယောက်ျားတို့သည် နားလည်မှုရှိသင့်သည်” ဟုပေတရုရေးသားထားသည်။ (၁ ပေတရု ၃:၇၊ Phillips) သင့်ခင်ပွန်း၏နောက်ကြောင်းဖြစ်ရပ်ကို နားလည်မှုပြခြင်းသည် ဆက်သွယ်ခြင်းအတွက် အလွန်အရေးကြီးသည့်အချက်ဖြစ်သည်။ စာနာမှုရှိသော ကြင်နာမှုမပြနိုင်ပါက သင့်အပြောအဆိုသည် အချည်းနှီးသက်သက်သာဖြစ်မည်။

လူနာများကို ယေရှုမြင်သည့်အခါ သူတို့၏ဖျားနာမှုများကို ကိုယ်တော်တိုင် မခံစားခဲ့ဖူးသော်လည်း “သနားခြင်းစိတ်တော်ရှိ” သည်။ (မဿဲ ၁၄:၁၄) ထိုနည်းတူစွာ သင့်ဇနီးခံစားခဲ့ရသော ဥပေက္ခာပြုမှု၊ သို့မဟုတ် အဓမ္မပြုကျင့်ခြင်းကို ကိုယ်တိုင်မခံစားခဲ့ဖူးသည်တိုင် သူ၏စိတ်ဆင်းရဲမှုကို အသေးအဖွဲကိစ္စအဖြစ် ယူမှတ်ပြောဆိုမည့်အစား ယင်းကိုအသိအမှတ်ပြုကာ သူ့အားဖေးမပေးပါ။ (သု၊၁၈:၁၃) ပေါလုရေးသားသည်ကား ဤသို့။ “သို့ဖြစ်၍ အားရှိသောငါတို့သည် ကိုယ်အလိုသို့မလိုက် အားနည်းသောသူတို့၏အားနည်းခြင်းကို သည်းခံရကြမည်။”—ရောမ ၁၅:၁။

မခံမရပ်နိုင်ဖြစ်ခြင်းဖြင့် ကျော့မိနေခြင်း

အိမ်ထောင်ရေးသည် အဖိုးဖြတ်မရသောခွက်ဖလားတစ်ခုနှင့်တူပါသည်။ ယင်းကို မတရားမေထုန်ပြုခြင်းအားဖြင့် ပျက်စီးစေမည်ဆိုလျှင် မရေမတွက်နိုင်အောင် ကြီးမားသောအကျိုးပျက်စေသည်။ (သု၊ ၆:၃၂) ပြစ်မှားခံရသောအိမ်ထောင်ဖက်က ခွင့်လွှတ်ရန် ဆုံးဖြတ်မည်ဆိုလျှင် ပြန်လည်သင့်မြတ်ခြင်းအားဖြင့် အပိုင်းအစများကို ပြန်ပူးကပ်ပေးနိုင်ပေမည်။ သို့သော် အက်ကြောင်းများရှိနေဦးမည်ဖြစ်၍ အငြင်းပွားမှုဖြစ်ပေါ်လာသည့်အခါ ထိုအက်ကြောင်းများကိုဖော်ပြကာ အနာဟောင်းကို လက်နက်အဖြစ် အသုံးပြုလိုကြပေမည်။

အိမ်ထောင်ဖက်၏ သစ္စာဖျက်မှုကြောင့် မခံမရပ်ဖြစ်ရခြင်းကား ဓမ္မတာပင်ဖြစ်သည်။ သို့သော် သင့်အိမ်ထောင်ဖက်ကို ခွင့်လွှတ်ခဲ့ပြီဆိုလျှင် တာရှည်နာကြည်းစိတ်ကြောင့် ခွင့်လွှတ်ခဲ့ခြင်း၏အကျိုးကိုမပျက်စေရန် သတိပြုပါ။ အတွင်း၌ တိတ်တဆိတ်ဆူပွက်နေသည်ဖြစ်စေ၊ အကြင်နာမဲ့စွာအန်ထွက်နေသည်ဖြစ်စေ အဆက်မပြတ်ဒေါသဖြစ်နေခြင်းသည် အိမ်ထောင်ဖက်နှစ်ဦးစလုံးကို စိတ်ဆင်းရဲစေပါသည်။ အဘယ်ကြောင့်နည်း။ ဆရာဝန်တစ်ဦး ဤသို့အကြောင်းပြသည်။ “သင့်အိမ်ထောင်ဖက်ကြောင့် စိတ်ထိခိုက်နေသေးသည်ဆိုလျှင် သူ့ကို တွယ်တာနေဆဲရှိသောကြောင့်ဖြစ်သည်။ ထိုကြောင့် ငေးငိုင်တွေဝေနေမည်၊ သို့မဟုတ် အပြစ်ဒဏ်ပေးရန် ရှာကြံနေမည်ဆိုလျှင် သင့်အိမ်ထောင်ဖက်ကို မခံချိမခံသာဖြစ်စေရုံမက ကိုယ်ကိုပါ နစ်နာဆုံးရှုံးစေပါသည်။ အနာအဆာမရှိစေလိုသည့် သင့်ဆက်ဆံရေးကို တိုး၍ဖြိုဖျက်နေ၏။”

မှန်ပါသည်။ သင့်အမျက်ကိုမငြိမ်းစေဘဲ သင့်အိမ်ထောင်ရေးရှိ သဘောကွဲလွဲချက်များကို အဘယ်နည်းဖြင့်မျှ ဖြေရှင်းနိုင်မည်မဟုတ်ပါ။ ထိုကြောင့် ဒေါသမဖြစ်သည့်အခါတွင် သင့်ခံစားချက်များကိုတင်ပြပြီး ဆွေးနွေးတိုင်ပင်နှီးနှောပါ။ မခံချင်စိတ် အဘယ်ကြောင့်ရှိနေရကြောင်း၊ သံသယစိတ်ပျောက်စေရန် အဘယ်အရာကိုတောင်းဆိုကြောင်းနှင့် ဆက်ဆံရေးကို တည်တံ့သွားရေးအတွက် သင်မည်သို့ပြုမည့်အကြောင်း ရှင်းပြပါ။ အငြင်းအခုံဖြစ်သည့်အခါ အနာဟောင်းကို လက်ကိုင်တုတ်အဖြစ်အသုံးပြုကာ ဘယ်သောအခါမျှ အနိုင်မယူပါနှင့်။

ဆေးစွဲခြင်းက ဆက်သွယ်ခြင်းကို ထိခိုက်

အိမ်ထောင်ဖက်တစ်ဦးသည် အရက်စွဲမည်၊ သို့မဟုတ် မူးယစ်ဆေးဝါးစွဲမည်ဆိုလျှင် အိမ်ထောင်ရေးပျက်ပြားနိုင်သည်။ စွဲနေသူမဟုတ်သော အိမ်ထောင်ဖက်၏အခြေအနေသည် သမ္မာကျမ်းစာတွင်ပါသော အဘိဂဲလအဖြစ်နှင့်တူပေမည်။ လင်ယောက်ျားနာဗလသည် “ယစ်မူး” နေစဉ် သူ၏ပညာမဲ့သောအပြုအမူ၏ ဆိုးကျိုးကို တားဆီးပေးရန် အဘိဂဲလသည် အတတ်နိုင်ဆုံးကြိုးစားရရှာသည်။ (၁ ဓမ္မရာဇဝင် ၂၅:၁၈-၃၁၊ ၃၆) ဇနီး၊ သို့မဟုတ် ခင်ပွန်းသည် အရက်စွဲ၊ ဆေးစွဲခြင်းကြောင့် ဘဝပျက်နေမည်၊ ကျန်တစ်ဦးမူ စွဲနေသူ၏အခြေအနေကို ပြောင်းလဲပေးရန် ကြိုးစားလုပ်ကိုင်နေရသည့် အိမ်ထောင်များသည် နာဗလနှင့်အဘိဂဲလတို့၏ အိမ်ထောင်နှင့်တူပါသည်။a

အရက်စွဲသူ၊ သို့မဟုတ် ဆေးစွဲသူသည် နာလန်ထူလာသည့်အခါ အလွန်ဝမ်းသာစရာ အမှန်ဖြစ်ပေသည်။ သို့သော် ယင်းမှာ အစကနဦးပင်ရှိပါသေးသည်။ မြို့ရွာကလေးတစ်ခုတွင် မုန်တိုင်းပြင်းထန်စွာတိုက်ခိုက်နေသည်ကို မြင်ယောင်ကြည့်ပါ။ အိမ်များပြိုပျက်နေသည်၊ သစ်ပင်များ အမြစ်မှ နှုတ်ပစ်ခံနေရသည်၊ တယ်လီဖုန်းကြိုးများလည်း မြေကြီးပေါ်လဲကျနေပါသည်။ မုန်တိုင်းပြီးဆုံးသည့်အခါ အလွန်ဝမ်းမြောက်ကြ၏။ သို့သော် ယခုအကြီးအကျယ်ပြုပြင်ပေးကြရတော့မည်။ အိမ်ထောင်ဖက်တစ်ဦးလည်း နာလန်ထူသည့်အခါ ထပ်တူပင်ဖြစ်သည်။ ပြိုပျက်နေသောဆက်ဆံရေးများကို ပြန်ပြုစုတည်ထောင်ရန်လိုသည်။ အချင်းချင်းတစ်ဦးကိုတစ်ဦး ယုံကြည်စိတ်ချမှု၊ သစ္စာတည်ကြည်မှုကို ပြန်ပျိုးထောင်ပေးရန်လိုသည်။ ဆက်သွယ်ရေးလမ်းကြောင်းများကိုလည်း ပြန်တည်ဆောက်ပေးရန်လိုသည်။ ပြုပြင်ပြောင်းလဲရန် ကြိုးစားနေသောဆေးစွဲသူအတွက် တဖြည်းဖြည်း ဤသို့ပြန်လည်ပြုပြင်ခြင်းသည် သမ္မာကျမ်းစာတောင်းဆိုထားသည့် ခရစ်ယာန်များမွေးမြူရမည့် “လူသစ်” အဝင်ဖြစ်သည်။ ဤလူသစ်တွင် “သင်တို့စိတ်ကိုလှုံ့ဆော်သောစွမ်းအား” ပါဝင်ရမည်။— ဧဖက် ၄:၂၂-၂၄၊ ကဘ။

ကျမ်းစာသင်အံမှုသည် လီအိုနာ့ဒ်နှင့်အီလိန်းတို့အား မူးယစ်ဆေးအလွဲသုံးခြင်းကိုရပ်တံ့စေနိုင်ခဲ့သည်။ သို့သော် စိတ်ကိုလှုံဆော်သောစွမ်းအားသည် အပြည့်အဝမသက်ရောက်ခဲ့ချေ။ bမကြာမီပင် အခြားအကျင့်ဆိုးများထင်ရှားလာသည်။ “အနှစ် ၂၀ လုံးလုံးကျွန်မတို့ကျေနပ်ဖွယ်အိမ်ထောင်ရေးရှိဖို့ ကျမ်းစာကျင့်စဉ်တွေကိုကြိုးစားကျင့်သုံးခဲ့ကြည့်ကြတယ်။ ဒါပေမယ့်လည်း တစ်ခါမျှမအောင်မြင်ခဲ့ဘူး” ဟု အီလိန်းကဆိုသည်။ “ကျွန်မတို့ရဲ့အကျင့်တွေဟာ အရိုးစွဲနေတဲ့အကျင့်တွေဖြစ်တယ်။ အဲ့ဒါတွေကိုကျွန်မတို့ဟာ ကျမ်းစာလေ့လာခြင်း၊ ဆုတောင်းခြင်းနဲ့တောင်မဖျောက်ပစ်နိုင်ခဲ့ဘူး။”

လီအိုနာ့ဒ်နှင့်အီလိန်းတို့သည် သူတို့အရိုးစွဲနေသည့်အကျင့်များ၏အကြောင်းရင်းကိုသိရှိရန် အကြံတောင်းခံခဲ့သည်။ ကလေးများကိုအဓမ္မပြုကျင့်ခြင်း၊ အရက်စွဲခြင်းနှင့် အမျိုးသမီးများကိုလေးစားခြင်းနှင့်ပတ်သက်သည့် “သစ္စာရှိကျေးကျွန်” ထံမှ အချိန်မီအကြောင်းအရာများသည် အထူးအထောက်အကူပြုခဲ့သည်။c (မဿဲ ၂၄:၄၅-၄၇) “ကျွန်မတို့ရဲ့ကတောက်ကဆဖြစ်မှုလေးတွေကို ပြုပြင်နိုင်ပြီးပေါင်းစည်းနိုင်ခဲ့တယ်” ဟု အီလိန်းကဆိုသည်။

ပြဿနာများ ဖြေရှင်းခြင်း

သားဧသော၏မိန်းမများကြောင့် ရေဗက္ကသည် မချိတရိဒုက္ခခံနေရသည်။ ဧသောခြေရာကို သားယာကုပ်လိုက်မည်ကိုစိုးရိမ်သဖြင့် မိမိ၏စိတ်ဆင်းရဲမှုကို လင်ယောက်ျား၊ ဣဇာက်အား ရေဗက္က ဤသို့ဖော်ပြခဲ့သည်။ “ကျွန်မသည် ဟေသအမျိုးသမီးတို့ကြောင့် ကိုယ်အသက်ကို ငြီးငွေ့လှ၏။ ဤပြည်သူသမီးကဲ့သို့သောသူ၊ ဟေသအမျိုးသမီးနှင့် ယာကုပ်အိမ်ထောင်ဖက်ပြုလျှင် ကျွန်မအသက်ရှင်၍ အဘယ်ကျေးဇူးရှိပါလိမ့်မည်နည်း။”—ကမ္ဘာဦး ၂၇:၄၆။

မိမိ၏ခံစားချက်များကို ရေဗက္ကအတိအလင်းဖော်ပြသော်လည်း ဣဇာက်ကို အပြစ်မတင်ခဲ့ကြောင်း သတိပြုပါ။ သူမက “ဒါရှင့်ကြောင့်ဘဲ” သို့မဟုတ် “ဒီအခြေအနေမပေါ်ရအောင် ရှင်ကြပ်မတ်ပေးသင့်တယ်” ဟုမပြောပါ။ ယင်းအစား ထိုပြဿနာသည် သူမကို မည်သို့စိတ်ထိခိုက်စေကြောင်းတင်ပြခြင်းငှာ “ကျွန်မ” ဟူသောနာမ်စားကို အသုံးပြုခဲ့ပါသည်။ ဤသို့ချဉ်းကပ်ပြောဆိုခြင်းက မိမိသိက္ခာဆယ်လိုသောသဘောမျိုးမဟုတ်၊ ဣဇာက်၏စာနာစိတ်ကို နှိုးဆွပေးခဲ့ပါသည်။ အပြစ်တင်ခံနေရသည်ဟု မခံစားရသော ဣဇာက်သည် ရေဗက္က၏တောင်းဆိုချက်ကို ချက်ချင်းအရေးယူဆောင်ရွက်ပေးခဲ့ပုံရှိသည်။—ကမ္ဘာဦး ၂၈:၁၊ ၂။

လင်ယောက်ျားများနှင့်ဇနီးသည်မိန်းမများသည် ရေဗက္က၏ပုံသက်သေကို အတုယူသင့်သည်။ သဘောထားကွဲလွဲသည့်အခါ တစ်ဦးကိုတစ်ဦး အပြစ်တင်မည့်အစား ပြဿနာကိုဖော်ထုတ်ပါ။ ရေဗက္ကနည်းတူ ယင်းကြောင့် စိတ်ဆင်းရဲရသည်ကို ဖော်ပြပါ။ “. . . ကြောင့် စိတ်ပျက်ရတယ်” သို့မဟုတ် “. . . ကြောင့် အထင်မှားခံနေရတယ် ထင်တယ်” ဟုဆိုခြင်းသည် “နင့်ကြောင့် ငါဒေါသဖြစ်ရတယ်” သို့မဟုတ် “နင် ငါ့ကိုဘယ်တော့မှ နားမလည်နိုင်ဘူး” ဟုပြောဆိုခြင်းထက် ပိုမိုထိရောက်ပါသည်။

ခံနိုင်ရည်ရှိခြင်းထက်မက

ပထမမောင်နှံစုံ အာဒံနှင့်ဧဝတို့၏အိမ်ထောင်သည် သား၊ သမီးမြောက်မြားစွာရှိ မိသားစုတစ်စုကိုဖြစ်ပေါ်စေကာ နှစ်ရာစုပေါင်းများစွာ မြဲမြံခဲ့သည်။ (ကမ္ဘာဦး ၅:၃-၅) သို့သော် ယင်းကြောင့် သူတို့အိမ်ထောင်ကို အတုယူထိုက်သည်ဟု မဆိုလိုပါ။ သူတို့အိမ်ထောင်သက် အစောပိုင်းကတည်းက လွတ်လပ်လိုစိတ်နှင့် ဖန်ဆင်းရှင်၏ ဖြောင့်မတ်သောပညတ်ဥပဒေများကို ဥပေက္ခပြုခြင်းက သူတို့၏တစ်သားတစ်ကိုယ်တည်းနှောင်ကြိုးကို ပျက်ယွင်းစေခဲ့သည်။

ထိုနည်းတူစွာ ယနေ့ အိမ်ထောင်တစ်ခုသည် ခိုင်မြဲကောင်းခိုင်မြဲနေမည်ဖြစ်သော်လည်း ဆက်သွယ်ရေးအတွက် အရေးပါသော အရည်အချင်းများ ကင်းမဲ့နေပေမည်။ အမြစ်တွယ် စွဲမြဲနေသည့် အတွေးအခေါ်များနှင့် မတော်မလျော်သော ပုဂ္ဂိုလ်ရေးဆိုင်ရာဗီဇများကို အမြစ်မှ ဆွဲနှုတ်ထုတ်ပစ်ရန် လိုပေမည်။ (၂ ကောရိန္သု ၁၀:၄၊ ၅ နှိုင်းယှဉ်။) ယင်းကား အဆက်မပြတ်ပြုလုပ်ရမည့် ပညာပေးရေးအစီအစဉ်ဖြစ်သည်။ သို့သော် ကြိုးစားရကျိုးနပ်ပါသည်။ ယေဟောဝါဘုရားသခင်သည် အိမ်ထောင်ရေးအစီအစဉ်ကို တီထွင်ရှင်ဖြစ်သောကြောင့် ယင်းကိုအလွန်စိတ်ဝင်စားပါသည်။ (မာလခိ ၂:၁၄-၁၆။ ဟေဗြဲ ၁၃:၄) ထိုကြောင့် မိမိတာဝန်ကို ကျေပွန်စွာဆောင်ရွက်မည်ဆိုလျှင် ကျွန်ုပ်တို့၏ကြိုးပမ်းမှုကို ကိုယ်တော်အသိအမှတ်ပြုကာ အိမ်ထောင်ရေးဆက်သွယ်မှု မည်သို့ပင်ပြတ်တောက်ပျက်စီးနေစေကာမူ ပြေလည်စေရန် လိုအပ်သောဉာဏ်ပညာနှင့်ခွန်အားကို ပေးသနားတော်မူမည်ဟု စိတ်ချနိုင်ပါသည်။—ဆာလံ ၂၅:၄၊ ၅၊ ၁၁၉:၃၄ နှိုင်းယှဉ်။

[အောက်ခြေမှတ်ချက်များ]

a အရက်နာကျသူများရှိ မိသားစုများအတွက် အကူအညီကို May 22, 1992 ထုတ်နိုးလော့စာမျက်နှာ ၃-၇ တွင်ဆွေးနွေးတင်ပြထားသည်။

b နာမည်များပြောင်းထားသည်။

c October 8, 1991, May 22, 1992 နှင့် July 8, 1992 နိုးလော့!ရှု။

[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်]

“အမှိုက်သွန်ချိန် ပိုများနေ”

ပတ်စဉ် အမှိုက်သွန်ချိန် မည်မျှရှိကြောင်း အိမ်ထောင်ရေးပြဿနာများဖြစ်နေသည့် လင်ယောက်ျားနှင့်ဇနီးသည်မိန်းမအား ခန့်မှန်းကြည့်စေခဲ့ပါသည်။ သူတို့အဖြေက ပတ်စဉ် ၃၅ မိနစ်ခန့်၊ သို့မဟုတ် နေ့စဉ် ၅ မိနစ်ဖြစ်သည်။ ထိုနောက် တစ်ဦးကိုတစ်ဦး မည်မျှကြာကြာ စကားစမြည်ပြောဆိုသနည်းဟု မေးမြန်းပြန်သည်။ လင်ယောက်ျားဖြစ်သူသည် အံ့အားသင့်မိသည်။ “အမှိုက်သွန်ချိန် ပိုများနေပါလား” ဟုသူဖြေပြီး ဆက်ပြောသည်ကား “အိမ်ထောင်ရေးခိုင်မြဲဖို့ နေ့စဉ်ငါးမိနစ်သာအချိန်ပေးတာ လုံလောက်ပြီလို့ထင်လိုက်ယင် မှားနေပြီ။ တကယ်ဘဲ အဲ့ဒီအချိန်လောက်နဲ့ အိမ်ထောင်ရေးကို ပျိုးထောင်ပေးဖို့ကတော့ ဝေးလေစွ” ဟူ၍ဖြစ်သည်။

[စာမျက်နှာ ၇ ပါ လေးထောင့်ကွက်]

အခြေခံစည်းမျဉ်းများကို ချမှတ်

▫ တစ်ကြိမ်တွင်အကြောင်းတစ်ခုကို ဆွေးနွေး (၁ ကောရိန္သု ၁၄:၃၃၊ ၄၀)

▫ ခံစားချက်များကိုဖော်ပြပါ။ မစွပ်စွဲပါနှင့် (ကမ္ဘာဦး ၂၇:၄၆)

▫ ရိုက်နှက်ခြင်းမရှိရ (ဧဖက် ၅:၂၈၊ ၂၉)

▫ မခံချင်အောင်နှိမ်ပြောခြင်းမပြုရ (သု၊ ၂၆:၂၀)

▫ အနိုင်ယူရန်မဟုတ် ပြေလည်ရန် ကြိုးစား (ကမ္ဘာဦး ၁၃:၈၊ ၉)

[စာမျက်နှာ ၄ ပါ ရုပ်ပုံ]

သဘောထားကွဲလွဲသည့်အခါ တစ်ဦးကိုတစ်ဦး အပြစ်တင်မည့်အစား ပြဿနာကိုဖော်ထုတ်

[စာမျက်နှာ ၈ ပါ ရုပ်ပုံ]

ခံစားချက်များကိုဖော်ပြပါ။ အပြစ်မတင်ပါနှင့်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ