စိတ်ဓာတ်ကျစရာ များကြားမှ ရွှင်လန်းမှု သင်ရှာတွေ့နိုင်
မာရီသည်ကြည်လင်ရွှင်ပြသည့်သဘောရှိသူဖြစ်သည်။ လွန်ခဲ့သည့်နှစ်အနည်းငယ်က ဤ ၃၂ နှစ်အရွယ်ရှိအမျိုးသမီးသည် သူမစိတ်အတွင်း လေးလံသုန်မှုန်၍အသေပမာခံစားရကြောင်းပြောပြသောအခါ မယုံနိုင်စရာပင်။ မာရီသည် အလွန်အမင်းစိတ်ဓာတ်ကျခြင်း၏သားကောင်ဖြစ်ခဲ့ရသည်။ သူမဤသို့ရှင်းပြသည်။ “မဲမှောင်တဲ့တိမ်ထုကြီးဟာတဖြည်းဖြည်းလွင့်ပျောက်သွားသလိုပါပဲ။” သူမပျော်ရွှင်ကာ၊ ရွှင်လန်းမှုကိုပြန်လည်ရယူနိုင်ခဲ့ပြီ။
နေ့စဉ်ကမ္ဘာချီလူသန်းပေါင်းများစွာသည် အလွန်အမင်းစိတ်ဓာတ်ကျခြင်းဝေဒနာကိုခံစားနေကြရသည်။ ဤဝေဒနာသည် ကျွန်ုပ်တို့အများအားဖြင့် တစ်ခါတစ်ရံခံစားရပြီးပျောက်သွားတတ်သော စိတ်အားငယ်ခြင်းသက်သက်မဟုတ်ပါ။ အလွန်အမင်းစိတ်ဓာတ်ကျခြင်းတွင် မပြေပျောက်နိုင်သည့်စိတ်ညှိုးငယ်မှိုင်တွေမှုပါဝင်သည်။ စိတ်ဓာတ်ကျသူသည် ဘဝကိုစိတ်ဝင်စားမှုဆုံးရှုံးခြင်း၊ အရာရာ၌မျှော်လင့်ချက်မဲ့၍တန်ဖိုးမဲ့သည်ဟု ခံစားရခြင်းတို့ဖြစ်သည်။ ၁၉၈၃ ခုနှစ်တွင်ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဤသို့ဖော်ပြသည်။ “စိတ်ကျဝေဒနာသည် ယခုကမ္ဘာ့ဒေသအသီးသီးတွင်ဖြစ်ပွားလျက်ရှိသည်ဟုယူဆရသည်။”
ကျမ်းစာကိုဂရုတစိုက်လေ့လာသူအနေနှင့် ဤမှတ်ချက်ကိုမအံ့သြပါ။ ကျွန်ုပ်တို့အချိန်ကိုကျမ်းစာက “နောက်ဆုံးနေ့ရက်များ” ဟုသတ်မှတ်ဖော်ပြပြီး “ရင်ဆိုင်ရန်ခက်ခဲသောဆိုးရွားသည့်ကာလ” အဖြစ်အမှတ်သညာပြုသည်။ (၂ တိမောသေ ၃:၁-၅၊ ကဘ)
မာရီကိုမျှော်လင့်ချက်ကင်းမဲ့စေသည့်အရာကား သူမ၏မိသားစုပြိုကွဲခြင်းဖြစ်သည်။ “ကျွန်မရဲ့မိထွေးမပြောမဆိုနဲ့ထွက်သွားတဲ့အခါမှာ ကျွန်မဟာအစွန့်ပယ်ခံရပြီးအထီးကျန်ဆန်သွားပြီလို့ခံစားခဲ့ရတယ်။ ၁၂ နှစ်အရွယ်ပဲရှိသေးတဲ့ကျွန်မရဲ့ကမ္ဘာလေးဟာကမောက်ကမဖြစ်သွားခဲ့ပုံရတယ်” ဟုသူမဝန်ခံသည်။ များမကြာမီပင် သူမ၏ဖခင်က သူမအပေါ်မတော်မလျော်ပြုကျင့်ရန် ကြိုးပမ်းမှုကြောင့် အိမ်မှထွက်ခွာခဲ့ရသည်။ “ကျွန်မဟာတစ်မျိုးကြီးဖြစ်နေပြီး ကိုယ့်ကိုယ်ကိုလည်း ယုံကြည်စိတ်ချမှုအားလုံးပျောက်လွင့်ခဲ့တယ်” ဟုဆိုခဲ့သည်။ ထိုအချိန်မှစ၍ အလွန်အကျွံစိတ်ဓာတ်ကျဆင်းခြင်းဒဏ်ကို သူမခံစားရတော့သည်။
တစ်နေ့၊ မာရီအလွန်အမင်းစိတ်ဓာတ်ကျဆင်းနေချိန်တွင် သူမထံယေဟောဝါသက်သေနှစ်ဦးရောက်လာသည်။ သူတို့တင်ပြသောကျမ်းစာ၏ဝမ်းမြောက်ဖွယ်သတင်းကိုသူမချက်ချင်းစိတ်ဝင်စားသွားသည်။ “အရင်က ဘဝဟာအကျည်းတန်မှုတွေနဲ့ပြည့်ပြီး လုံးဝအသုံးမကျတော့ဘူးလို့ထင်နေတာ၊ ခုတော့ ဒီလိုမတရားမှုအားလုံးကို ဘုရားသခင်အရေးယူပယ်ရှင်းလိုက်မည့်ကမ္ဘာသစ်မှာ ကျွန်မနေထိုင်နိုင်တယ်ဆိုတာအခိုင်အမာယုံကြည်စိတ်ချပြီ။ အဲဒီကောင်းချီးကိုကျွန်မရထိုက်အောင်ဘုရားသခင်ကူညီပေးတယ်။ ဒါကြောင့်ကျွန်မရဲ့ဘဝဟာအဓိပ္ပာယ်ရှိလာပြီ။” ယေဟောဝါသက်သေများ၏အစည်းအဝေးများကိုသူမ,တက်ရောက်လာသည့်အခါ မေတ္တာစစ်နှင့်စိတ်ပိုင်းဆိုင်ရာကူညီပံ့ပိုးမှုများကို သူမ,တွေ့ရသည်။ (ယောဟန် ၁၃:၃၄၊ ၃၅) အသင်းတော်အကြီးအကဲများ၏ကျွမ်းကျင်သောအကြံပေးမှုက သူမ၏အပျက်မြင်သဘောထားကိုပြောင်းလဲစေခဲ့သည်။ (ယာကုပ် ၅:၁၄) သူမ၏စိတ်ဓာတ်ကျခြင်းစတင်လျှော့ပါးလာသည်။ ကမ္ဘာ့အခြေအနေများကြောင့်မာရီကဲ့သို့စိတ်ဓာတ်ကျဆင်းနေသူမြောက်မြားစွာတို့သည် ကျမ်းစာသမ္မာတရား၏တိကျမှန်ကန်သောအသိပညာမှအဖြေရှာယူခဲ့ရာ “ယေဟောဝါပေးသောရွှင်လန်းမှု” ကိုတွေ့ရှိခဲ့ကြပြီ။—နေဟမိ ၈:၁၀။ ၁ တိမောသေ ၂:၄။
သို့သော် မာရီ၏စိတ်ဓာတ်ကျဆင်းခြင်းသည် အမြဲပျောက်ကင်းသွားပါသလော။ ခရစ်ယာန်များသည် စိတ်ဓာတ်ကျဆင်းမှုဝေဒနာပြီးသည်ဟု ကျွန်ုပ်တို့ယူမှတ်သင့်သလော။ ဤမေးခွန်းများကိုဖြေနိုင်ရန် ဤဝေဒနာနှင့် ယင်း၏ရှုပ်ထွေးနက်နဲမှုကို အပေါ်ယံသဘောထက်မက ကြည့်ရှုလေ့လာရမည်။ စိတ်ဓာတ်ကျရခြင်း၏အခြေအမြစ်အမှန်ကို သိရှိခြင်းက ယင်းကိုသင်အောင်မြင်စွာကျော်လွှားစေနိုင်မည်။ ဝေဒနာခံစားနေရသည့် အခြားသူများကိုလည်း အကူအညီဖြစ်စေမည်။
အလွန်အမင်းစိတ်ဓာတ်ကျဆင်းခြင်း၏အခြေအမြစ်
တစ်ခါတစ်ရံစိတ်ဓာတ်ကျဆင်းမှုသည် ရောဂါ၊ အာဟာရချို့တဲ့မှု၊ ဟိုမုန်းဆိုင်ရာပြဿနာများစသည့်ကာယပိုင်းဆိုင်ရာအကြောင်းများကြောင့်ဖြစ်ရသည်။ အဆိပ်အတောက်ဖြစ်မှု၊ ညစ်ညမ်းမှု၊ ဆေးဝါးကုသမှု၊ သွေးသားနှင့်မတည့်သည့်အရာများကြောင့်လည်းဖြစ်တတ်သည်။a မိမိ၏ “စိတ်များပြားခြင်း” ကလည်း အကြောင်းရင်းတစ်ခုဖြစ်နိုင်ကြောင်း သမ္မာကျမ်းစာက ဖော်ပြထားသည်။—ဆာလံ ၉၄:၁၉။
မာရီကဲ့သို့စိတ်ဓာတ်ကျဆင်းသူအများတို့သည် မလိုလားအပ်သောနာကြည်းမှုဝေဒနာနှင့်ဖိစီးမှုအခြေအနေတို့ကိုရင်ဆိုင်ကြရသည်။ အများအားဖြင့်ဆာလံဆရာကဲ့သို့ခံစားကြရသည်။ “အကျွန်ုပ်၏ဝိညာဉ်သည် ဒုက္ခနှင့်ပြည့်၍. . .တညီတညွတ်တည်းဝန်းရံကြပါ၏။ ချစ်သောသူနှင့်အဆွေခင်ပွန်းကိုအကျွန်ုပ်နှင့်ဝေးဝေးရွှေ့တော်မူပြီ။ အသိအကျွမ်းတို့သည်မှောင်မိုက်ထဲမှာရှိကြပါ၏။” (ဆာလံ ၈၈:၃၊ ၁၇၊ ၁၈) ထို့ကြောင့် သူတို့သည်ဆာလံဆရာကဲ့သို့ပင် ပြဿနာများ သို့မဟုတ် ဆုံးရှုံးမှုများဖြင့်ပြည့်နှက်နေပြီး၊ ဘဝတွင်မျှော်လင့်ချက်ကင်းမဲ့နေသည်ဟု ခံစားကြရသည်။ သူတို့သည်အမှောင်ထဲတွင်တစ်ကိုယ်တည်းကျရောက်နေပြီး ဘုရားသခင်စွန့်ပစ်ခြင်းကိုခံရပြီဟုယူမှတ်နိုင်သည်။
ဤကဲ့သို့ညှိုးငယ်သည့်သဘောကိုဖြစ်စေသော စိတ်ပျက်စရာတွေးထင်ယူမှတ်မှုမျိုး သူတို့အဘယ်သို့ရလာသနည်း။ ပြင်ပဆိုင်ရာပြဿနာသက်သက်ကြောင့်လည်းမဟုတ်ပါ။ နာကြည်းသည့်ခံစားမှုများ၊ သို့မဟုတ် မိမိတို့ကိုယ်ကို တလွဲထင်မြင်မှုတို့ကြောင့်လည်းဖြစ်နိုင်သည်။ ဆုံးရှုံးမှု၊ သို့မဟုတ် ပြဿနာများကို မိမိတို့ရင်ဆိုင်နိုင်စွမ်းမရှိဟုခံစားကြရသည်။ သု၊ ၁၅:၁၃က “ညှိုးငယ်ခြင်းအားဖြင့်ကားစိတ်ပျက်တတ်၏” ဟုဖော်ပြထားသည်။ ထိုသို့စိတ်ထိခိုက်ခြင်းတွင် မိမိပျက်ကွက်သည်၊ သို့မဟုတ် သူတစ်ပါးကထိုသို့ယူဆနေသည်ဟု ခံစားနေရခြင်းတို့ပါဝင်သည်။ ပထမရာစုကခရစ်ယာန်တစ်ဦးဖြစ်သူ ဧပဖြောဒိတ်ပင်လျှင် မိမိအသင်းတော်သို့သာသနာပြုခရီးစဉ်အတွင်း “အပြင်းအထန်ဖျားနာခဲ့ကြောင်းကို (အသင်းတော်) ကြားသိသောကြောင့် စိတ်ဖိစီးမှုခံစားခဲ့ရသည်။”—ဖိလိပ္ပိ ၂:၂၅-၃၀၊ ကဘ။
‘စိတ်ညှိုးငယ်ခြင်းမူကားအရိုးတို့ကိုသွေ့ခြောက်စေ’ သို့မဟုတ် လူတစ်ဦး၏အခြေအနေကိုတစ်စစယိုယွင်းပျက်သုဉ်းစေရကား ကိုယ့်ကိုယ်ကိုယုံကြည်မှုကင်းမဲ့လာခြင်းသည် အလွန်အမင်းစိတ်ဓာတ်ကျခြင်း၏အကြောင်းရင်းမကြာခဏဖြစ်တတ်သည်။ (သု၊ ၁၇:၂၂) စိတ်ထိခိုက်နာကျင်ခြင်းသည် မိမိကိုယ်ကိုသူတစ်ပါးက မည်သို့ယူမှတ်မည်ကိုအလွန်အကျွံစိုးရိမ်ခြင်း၊ ခြောက်ပြစ်ကင်းသဲလဲစင်ဝါဒ၊ မဖြေဖျောက်နိုင်သည့်ဒေါသ၊ အမျက်သိုစိတ်၊ မဖြေရှင်းနိုင်သောပဋိပက္ခများ သို့မဟုတ် အပြစ်ရှိခြင်း (အမှန်တကယ် သို့မဟုတ် အကြီးအကျယ်) စသည်တို့ကြောင့်ဖြစ်သည်။
ထို့ကြောင့် အလွန်အမင်းစိတ်ဓာတ်ကျဆင်းမှုဖြစ်စေသည့်အကြောင်းများစွာရှိပေသည်။ သို့သော် မာရီသည် ခရစ်ယာန်ဖြစ်လာသောအခါ စစ်မှန်သောရွှင်လန်းမှုကိုတွေ့ရှိခဲ့သည်။ “အဲဒီအချိန်ကစပြီးကျွန်မမျှော်လင့်ချက်ရှိလာတယ်” ဟုသူမပြောသည်။ သို့သော် တစ်ခါတစ်ရံစိတ်ဓာတ်ကျဆင်းမှုကိုသူမ,ခံစားရဆဲပင်ဖြစ်သည်။ ထိုကဲ့သို့သောပုဂ္ဂိုလ်များသည် အဆုံးတွင်မည်သို့အောင်မြင်မှုရှိနိုင်သနည်း။
[အောက်ခြေမှတ်ချက်များ]
a ၁၉၈၇၊ အောက်တိုဘာ ၂၂ ရက်ထုတ် Awake မှ “Depression All in One’s Head?” ကြည့်ပါ။