ပိုင်းခြားသိမြင်ခြင်းကို နှလုံးသွင်းလော့
“ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] သည် ပညာ [“ဉာဏ်ပညာ၊” ကဘ] ကို ပေးတော်မူ၏။အသိပညာနှင့် နားလည်နိုင် [“ပိုင်းခြားသိမြင်၊” ကဘ] သောဉာဏ် သည် နှုတ်တော်မှထွက်၏။”—နယပုံပြင် ၂:၆၊ သမ္မာ။
၁။ ပိုင်းခြားသိမြင်ခြင်းကို မည်သို့နှလုံးသွင်းနိုင်မည်နည်း။
ယေဟောဝါသည် ကျွန်ုပ်တို့၏ကြီးမြတ်သောညွှန်ကြားပေးရှင် ဖြစ်တော်မူသည်။ (ဟေရှာယ ၃၀:၂၀၊ ၂၁၊ ကဘ) သို့သော် ကိုယ်တော်၏နှုတ်ကပါဌ်တော်တွင် ဖော်ပြထားသော “ဘုရားသခင်အား သိကျွမ်းခြင်း” ပညာမှအကျိုးခံစားရရန် ဘာလုပ်ရမည်နည်း။ တစ်ခုအနေနှင့် ‘ပိုင်းခြားသိမြင်ခြင်းကို ကျွန်ုပ်တို့နှလုံးသွင်း’ ကြရမည်။ ဤအရည်အချင်းရှိရန်နှင့် ၎င်းကိုတင်ပြရန် ဆန္ဒပြင်းပြကြရမည်။ ယင်းအတွက် ဘုရားသခင်အား မျှော်ကိုးကြရမည်။ အကြောင်းမှာ “ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] သည် ပညာ [“ဉာဏ်ပညာ၊” ကဘ] ကို ပေးတော်မူ၏။ အသိပညာနှင့် နားလည်နိုင် [“ပိုင်းခြားသိမြင်၊” ကဘ] သောဉာဏ်သည် နှုတ်တော်မှထွက်၏” ဟုထိုပညာရှင်ကပြောဆိုထားသောကြောင့်ဖြစ်သည်။ (သု. ၂:၁-၆၊ သမ္မာ) အသိပညာ၊ ဉာဏ်ပညာနှင့် ပိုင်းခြားသိမြင်ခြင်းတို့ကား အဘယ်နည်း။
၂။ (က) အသိပညာကား အဘယ်နည်း။ (ခ) ဉာဏ်ပညာကို မည်သို့ရှင်းလင်းဖော်ပြမည်နည်း။ (ဂ) ပိုင်းခြားသိမြင်ခြင်းကား အဘယ်နည်း။
၂ အသိပညာဟူသည် အတွေ့အကြုံ၊ ဂရုတစိုက်မှတ်သားမှု သို့မဟုတ် လေ့လာမှုတို့မှ ရရှိသောအချက်အလက်များနှင့် အကျွမ်းဝင်ခြင်းဖြစ်သည်။ ဉာဏ်ပညာဟူသည် အသိပညာကို အသုံးချနိုင်စွမ်းဖြစ်သည်။ (မဿဲ ၁၁:၁၉) ကလေးသူငယ်တစ်ဦးတည်းကို မိန်းမနှစ်ဦးက ပိုင်ဆိုင်သည်ဟုအဆိုပြုချိန်တွင် ရှောလမုန်မင်းကြီးသည် ဉာဏ်ပညာတင်ပြခဲ့သည်။ မိမိရင်သွေးအပေါ်ထားရှိသည့် မိခင်တစ်ဦး၏မေတ္တာကိုထောက်ထားပြီး ထိုပြဿနာကို သူဖြေရှင်းပေးခဲ့သည်။ (၃ ဓမ္မရာဇဝင် ၃:၁၆-၂၈) ပိုင်းခြားသိမြင်မှုမှာမူ “ချင့်ချိန်နိုင်စွမ်း ထက်မြက်ခြင်း” ဖြစ်သည်။ “အရာတစ်ခုမှတစ်ခုကို ခွဲခြားနိုင်စေသည့်စွမ်းရည် သို့မဟုတ် ဉာဏ်စွမ်းဖြစ်သည်။” (ဝက်ဘ်စတား၏ယူနီဗာဆယ်အဘိဓာန်) ပိုင်းခြားသိမြင်ခြင်းကို ကျွန်ုပ်တို့နှလုံးသွင်းမည်ဆိုလျှင် ယေဟောဝါသည် သားတော်မှတစ်ဆင့် ၎င်းကိုကျွန်ုပ်တို့အားပေးတော်မူမည်။ (၂ တိမောသေ ၂:၁၊ ၇) သို့သော် ပိုင်းခြားသိမြင်ခြင်းသည် ဘဝကဏ္ဍအသီးသီးကို မည်သို့အကျိုးပြုနိုင်မည်နည်း။
ပိုင်းခြားသိမြင်မှုနှင့် ကျွန်ုပ်တို့၏အပြောအဆို
၃။ နယပုံပြင် ၁၁:၁၂၊ ၁၃ နှင့် “နှလုံးလိုအပ်ချက်ရှိ” သည်ဟူသည် အဘယ်နည်း။
၃ ပိုင်းခြားသိမြင်ခြင်းက “တိတ်ဆိတ်စွာနေရသောအချိန်နှင့်၊ စကားပြောရသောအချိန်လည်းရှိ” ကြောင်းကို အသိအမှတ်ပြုစေသည်။ (ဒေသနာ ၃:၇) ဤအရည်အချင်းသည် ကျွန်ုပ်တို့၏အပြောအဆိုကိုလည်း ဂရုစိုက်စေသည်။ နယပုံပြင် ၁၁:၁၂၊ ၁၃ ကဤသို့ဆိုသည်– “ပညာမဲ့ [“နှလုံးလိုအပ်ချက်ရှိ၊” ကဘ] သောသူသည် မိမိအိမ်နီးချင်းကို မထီမဲ့မြင်ပြုတတ်၏။ ဉာဏ်ကောင်း [“ပိုင်းခြားသိမြင်ခြင်း ကျယ်ပြန့်၊” ကဘ] သောသူမူကား၊ တိတ်ဆိတ်စွာနေတတ်၏။ လည်၍စကားများစွာပြောတတ်သောသူသည် လျှို့ဝှက်အပ်သောအရာကို ဖော်ပြတတ်၏။ သစ္စာစောင့်သောသူမူကား၊ ဝှက်ထားတတ်၏။” မှန်ပါသည်၊ သူတစ်ပါးကို မထီမဲ့မြင်ပြုသောယောက်ျား သို့မဟုတ် မိန်းမတစ်ဦးသည် “နှလုံးလိုအပ်ချက်ရှိသောသူ” ဖြစ်သည်။ အဘိဓာန်ပြုစုသူ ဝီလျံဂေဇေးနီးယပ်စ်၏အဆိုအရ ဤကဲ့သို့သောသူသည် “နားလည်မှုကင်းမဲ့သောသူ” ဖြစ်သည်။ သူ သို့မဟုတ် သူမ၌ ကောင်းစွာချင့်ချိန်နိုင်စွမ်းမရှိပါ။ “နှလုံး” ဟူသောဝေါဟာရကို အသုံးပြုထားခြင်းက အတွင်းလူ၏ အပြုသဘောပါ အရည်အချင်းများ ချို့တဲ့နေကြောင်း ထင်ရှားစေပါသည်။ ခရစ်ယာန်အမည်ခံသူတစ်ဦးသည် သားပုပ်လေလွင့်ပြောဆိုခြင်း သို့မဟုတ် ကဲ့ရဲ့ပြစ်တင်ခြင်းပြုသည့်အထိ နှုတ်ဖွာမည်ဆိုလျှင် ခန့်အပ်ခံအကြီးအကဲများသည် အသင်းတော်တွင် ဤစိတ်ဝမ်းကွဲပြားစေမည့်အခြေအနေမျိုးကို ရပ်စဲသွားစေရန် အရေးယူဆောင်ရွက်သင့်ပါသည်။—ဝတ်ပြုရာ ၁၉:၁၆; ဆာလံ ၁၀၁:၅; ၁ ကောရိန္သု ၅:၁၁။
၄။ ပိုင်းခြားသိမြင်ခြင်းရှိသည့် သစ္စာစောင့်သောခရစ်ယာန်များသည် လျှို့ဝှက်ထားအပ်သောအကြောင်းတို့ကို မည်သို့ပြုတတ်သနည်း။
၄ “နှလုံးလိုအပ်ချက်ရှိ” နေသောသူများနှင့်မတူဘဲ “ပိုင်းခြားသိမြင်ခြင်း ကျယ်ပြန့်” သောသူတို့သည် သင့်လျော်သည့်အခါ နှုတ်ပိတ်နေတတ်ကြသည်။ သူတို့သည် အတွင်းရေးကို မဖော်ထုတ်တတ်ပါ။ (သု. ၂၀:၁၉) နှုတ်ဆော့ခြင်းသည် ထိခိုက်နစ်နာစေနိုင်ကြောင်း သိထားသဖြင့် ပိုင်းခြားသိမြင်တတ်သူများသည် “သစ္စာစောင့်” ကြ၏။ သူတို့သည် ယုံကြည်သူချင်းတို့အပေါ် သစ္စာရှိပြီး သူတို့ကို အန္တရာယ်ပြုမည့် အတွင်းရေးကို မဖော်ထုတ်ကြပါ။ ပိုင်းခြားသိမြင်တတ်သောခရစ်ယာန်များသည် အသင်းတော်နှင့်ဆိုင်သည့် လျှို့ဝှက်ထားအပ်သောအကြောင်းတစ်ခုခုကို သိရှိမည်ဆိုလျှင် ယေဟောဝါ၏အဖွဲ့အစည်းက ၎င်း၏ထုတ်ဖော်ကြေညာနည်းဖြင့် အသိပေးသည့်အချိန်တိုင်အောင် လျှို့ဝှက်ထားတတ်ပါသည်။
ပိုင်းခြားသိမြင်မှုနှင့် ကျွန်ုပ်တို့၏အပြုအမူ
၅။ ‘မိုက်သောသူတို့သည်’ အကျင့်လျော့ရဲခြင်းကို မည်သို့သဘောထားသနည်း။ အဘယ်ကြောင့်နည်း။
၅ ကျမ်းစာပညာရှိစကားများသည် ပိုင်းခြားသိမြင်ခြင်းကိုအသုံးပြုစေပြီး မတော်လျော်သောအပြုအမူကိုရှောင်ကြဉ်ရန် အကူအညီပေးသည်။ ဥပမာ၊ နယပုံပြင် ၁၀:၂၃ (ကဘ) ကဤသို့ဆိုသည်– “မိုက်သောသူအတွက် အကျင့်လျော့ရဲခြင်းသည် ပျော်စရာကဲ့သို့ဖြစ်၏။ ပိုင်းခြားသိမြင်ခြင်းရှိသောသူမူကား ဉာဏ်ပညာရှိ၏။” အကျင့်လျော့ရဲခြင်းကို “ပျော်စရာကဲ့သို့” ယူမှတ်သူများသည် သူတို့၏လမ်းစဉ်မှားကြောင်းကို မမြင်၊ လူအားလုံး ဘုရားသခင့်ရှေ့ စာရင်းရှင်းရမည်ကို ထည့်မစဉ်းစားကြပါ။ (ရောမ ၁၄:၁၂) ဤ ‘မိုက်သောသူများ’ သည် မိမိတို့၏အပြစ်ကို ဘုရားသခင်မြင်တော်မမူဟု ယူမှတ်သည့်အထိ အတွေးချော်နေကြပါသည်။ သူတို့၏အပြုအမူအားဖြင့် သူတို့က “ဘုရားသခင်မရှိ” ဟုတစ်နည်းအားဖြင့်ဆိုနေကြသည်။ (ဆာလံ ၁၄:၁-၃; ဟေရှာယ ၂၉:၁၅၊ ၁၆) ဘုရားရေးရာမူများ၏ ထိန်းကျောင်းမှုကိုမခံသဖြင့် သူတို့မှာပိုင်းခြားသိမြင်ခြင်းမရှိ၊ ကိစ္စအဝဝကို မှန်မှန်ကန်ကန်မဆုံးဖြတ်တတ်ကြပါ။—သု. ၂၈:၅။
၆။ အကျင့်လျော့ရဲခြင်းသည် အဘယ်ကြောင့်မိုက်မဲရာကျသနည်း။ ကျွန်ုပ်တို့၌ပိုင်းခြားသိမြင်ခြင်းရှိမည်ဆိုလျှင် ယင်းကိုမည်သို့သဘောထားမည်နည်း။
၆ အကျင့်လျော့ရဲခြင်းသည် “ပျော်စရာ၊” ကစားစရာမဟုတ်ကြောင်း “ပိုင်းခြားသိမြင်တတ်သောသူ” ကအသိအမှတ်ပြုပါသည်။ ယင်းသည် ဘုရားသခင့်အလိုတော်နှင့်မတွေ့သည့်အပြင် ကိုယ်တော်နှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးကို ပျက်စီးစေနိုင်ကြောင်း သိထားပါသည်။ ဤအကျင့်မျိုးသည် မိုက်မဲ၏။ အကြောင်းမှာ ယင်းသည် ကိုယ့်ကိုယ်ကိုလေးစားမှုဆုံးရှုံးစေပြီး အိမ်ထောင်ရေးကို ပျက်စီးစေသည်။ စိတ်နှင့်ခန္ဓာကို ထိခိုက်နစ်နာစေ၍ ဝိညာဉ်ရေးကိုဆုံးရှုံးစေသည်။ ထို့ကြောင့် ပိုင်းခြားသိမြင်ခြင်းကိုနှလုံးသွင်းပြီး မည်သည့်အကျင့်လျော့ရဲခြင်း သို့မဟုတ် စာရိတ္တယိုယွင်းခြင်းကိုမဆို ရှောင်ကြဉ်ကြစို့။—သု. ၅:၁-၂၃။
ပိုင်းခြားသိမြင်မှုနှင့် ကျွန်ုပ်တို့၏စိတ်ဓာတ်
၇။ ဒေါသကြောင့် ကိုယ်ကာယထိခိုက်သည့်နည်းအချို့ကား အဘယ်နည်း။
၇ ပိုင်းခြားသိမြင်ခြင်းကို နှလုံးသွင်းခြင်းသည် ကျွန်ုပ်တို့၏စိတ်ဓာတ်ကိုလည်း ချုပ်တည်းဖို့အကူအညီပေးသည်။ “စိတ်ရှည် [“အမျက်ထွက်နှေး၊” ကဘ] သောသူသည် ပညာကြီး [“ပိုင်းခြားသိမြင်ခြင်းကြွယ်ဝ၊” ကဘ] ၏။ စိတ်တိုသောသူမူကား၊ အထူးသဖြင့်မိုက်ပေ [“အမိုက်တရားကို ချီးမြှင့်တတ်၊” ကဘ] ၏” ဟုနယပုံပြင် ၁၄:၂၉ ကဆိုသည်။ ပိုင်းခြားသိမြင်တတ်သူသည် ချုပ်တည်းမှုမရှိသော အမျက်ဒေါသကို ရှောင်ရန်ကြိုးစားသည့် အကြောင်းတစ်ကြောင်းမှာ ယင်းသည် ကိုယ်ကာယကို ထိခိုက်သောကြောင့်ဖြစ်သည်။ ယင်းသည် သွေးတိုးစေပြီး အသက်ရှူလမ်းကြောင်းကို နှောင့်ယှက်တတ်သည်။ ဒေါသ သို့မဟုတ် အမျက်ကြီးခြင်းသည် စိတ်လှုပ်ရှားမှုကို ပိုမိုပြင်းထန်စေကာ ပန်းနာရင်ကျပ်နှင့် အရေပြားရောဂါများ၊ အစာမကြေအူလမ်းကြောင်းပြဿနာများနှင့် အနာခွက်များ အစရှိသည့်အဖျားအနာမျိုးကိုဖြစ်ပေါ်စေသည်ဟု ဆရာဝန်များက ကိုးကားတင်ပြခဲ့ကြပြီ။
၈။ စိတ်တိုခြင်းသည် အဘယ်အရာကိုပြုမိစေနိုင်သနည်း။ သို့သော်ပိုင်းခြားသိမြင်ခြင်းက မည်သို့အကူအညီပေးနိုင်မည်နည်း။
၈ ကျွန်ုပ်တို့သည် ပိုင်းခြားသိမြင်ခြင်းကို အသုံးပြုသင့်သည်၊ “အမျက်ထွက်နှေး” သင့်သည်ဟုဆိုခြင်းမှာ ကျွန်ုပ်တို့၏ကျန်းမာရေးကို မထိခိုက်စေရန်အတွက်မျှသာ မဟုတ်ပါ။ စိတ်တိုခြင်းသည် နောင်တရစရာ မိုက်မဲသည့်အပြုအမူများကို ပြုမူမိစေနိုင်သည်။ နှုတ်ကိုမစောင့်ခြင်း သို့မဟုတ် စိတ်လိုက်မာန်ပါပြုမူခြင်းကြောင့် ဖြစ်လာနိုင်သည့်အရာကို ပိုင်းခြားသိမြင်ခြင်းက ကျွန်ုပ်တို့အား စဉ်းစားစေသည့်အတွက် ပညာကင်းမဲ့စွာပြုမူခြင်းဖြင့် “အမိုက်တရားကို ချီးမြှင့်” မိခြင်းမှကင်းဝေးစေသည်။ အမျက်ကြီးခြင်းသည် ချင့်ချိန်မှုမရှိနိုင်သည့်အထိ ကျွန်ုပ်တို့၏စဉ်းစားဉာဏ်ကို ပျက်ပြားစေကြောင်း သိရှိရန် ပိုင်းခြားသိမြင်ခြင်းက အထူးသဖြင့်အကူအညီပေးသည်။ ယင်းက ဘုရားသခင့်အလိုတော်ဆောင်ရွက်ခြင်းနှင့် ကိုယ်တော်၏ဖြောင့်မတ်သောမူများအတိုင်း အသက်ရှင်ခြင်းစွမ်းရည်ကို ထိခိုက်စေသည်။ မှန်သည်၊ ဒေါသကိုမချုပ်တည်းနိုင်ခြင်းသည် ဝိညာဉ်ရေးကို ထိခိုက်၏။ အမှန်မှာ၊ဘုရားသခင့်နိုင်ငံတော်သို့မဝင်စေသော ရွံရှာဖွယ် “ဇာတိပကတိအကျင့်တို့” တွင် “အမျက်ထွက်ခြင်း” ပါဝင်သည်။ (ဂလာတိ ၅:၁၉-၂၁) ထို့ကြောင့် ပိုင်းခြားသိမြင်တတ်သောခရစ်ယာန်များအနေနှင့် ‘နားကြားခြင်းငှာလျင်မြန်ကြစို့။ စကားပြောခြင်းငှာလည်းကောင်း၊ အမျက်ထွက်ခြင်းငှာလည်းကောင်း နှေးကြစို့။’—ယာကုပ် ၁:၁၉။
၉။ ပိုင်းခြားသိမြင်ခြင်းနှင့် ညီအစ်ကိုချင်းချစ်ခြင်းက စိတ်ဝမ်းကွဲမှုများကိုဖြေရှင်းရန် မည်သို့ကူညီပေးနိုင်သနည်း။
၉ ဒေါသထွက်သည့်တိုင် ဒေါသမီးတောက်လောင်ခြင်းကို ရှောင်ကြဉ်ရန် နှုတ်ပိတ်နေသင့်ကြောင်း ပိုင်းခြားသိမြင်ခြင်းက တင်ပြပေမည်။ “သိပ္ပံအတတ်နှင့်ပြည့်စုံ [“အသိပညာရှိ၊” ကဘ] သောသူသည် စကားမများတတ် [“စကားကိုချုပ်တည်းတတ်၏၊” ကဘ]။ ဉာဏ်ကောင်း [“ပိုင်းခြားသိမြင်တတ်၊” ကဘ] သောသူသည်လည်း၊ အေးသောစိတ်ရှိတတ်၏” ဟုနယပုံပြင် ၁၇:၂၇ ကဆိုသည်။ ပိုင်းခြားသိမြင်ခြင်းနှင့် ညီအစ်ကိုချင်းချစ်ခြင်းတို့က ထိခိုက်နစ်နာစရာတစ်ခုခု ဟောဟောဒိုင်းဒိုင်းပြောချလိုစိတ်ကို ချုပ်တည်းရန်လိုကြောင်း သဘောပေါက်စေမည်။ ဒေါသပေါက်ကွဲသွားခဲ့ပြီဆိုလျှင် တောင်းပန်ပြီး ကျေရာကျေကြောင်း ရှာကြံလုပ်ဆောင်ကြဖို့ မေတ္တာနှင့် နှိမ့်ချမှုက တိုက်တွန်းပေးလိမ့်မည်။ သို့သော် တစ်ဦးတစ်ယောက်က ကျွန်ုပ်တို့ကို စိတ်ထိခိုက်စေခဲ့ပြီဆိုပါစို့။ သို့ဖြစ်လျှင်အသင့်အတင့်ရှိရန် ရည်ရွယ်ချက်ဖြင့် သူနှင့်သီးသန့်တွေ့ဆုံ၍ နူးညံ့သိမ်မွေ့၊ နှိမ့်ချစွာ စကားပြောဆိုပါ။—မဿဲ ၅:၂၃၊ ၂၄; ၁၈:၁၅-၁၇။
ပိုင်းခြားသိမြင်မှုနှင့် ကျွန်ုပ်တို့၏မိသားစု
၁၀။ ဉာဏ်ပညာနှင့် ပိုင်းခြားသိမြင်ခြင်းတို့သည် မိသားစုဘဝတွင် အဘယ်အခန်းကဏ္ဍမှပါဝင်သနည်း။
၁၀ မိသားစုဝင်များသည် ဉာဏ်ပညာနှင့် ပိုင်းခြားသိမြင်ခြင်းတင်ပြရန်လိုသည်။ အကြောင်းမှာ ဤအရည်အချင်းများသည် အိမ်ထောင်တစ်ခုကို တည်ဆောက်မှုပေးသောကြောင့်ဖြစ်သည်။ နယပုံပြင် ၂၄:၃၊ ၄ က ဤသို့ဆိုသည်– “ဉာဏ်ပညာအားဖြင့် အိမ်ကိုတည်ဆောက်၍ ခိုင်ခံ့မြဲမြံစေရ၏။ ပညာအတတ်အားဖြင့် အခန်းများတို့သည် အဖိုးထိုက်၍၊ နှစ်သက်ဖွယ်သောဥစ္စာအပေါင်းတို့နှင့် ပြည့်ရကြ၏။” ဉာဏ်ပညာနှင့် ပိုင်းခြားသိမြင်ခြင်းတို့သည် သာယာဝပြောသောမိသားစုဘဝကို တည်ဆောက်ပေးသော အစိတ်အပိုင်းကောင်းများနှင့် တူပါသည်။ ပိုင်းခြားသိမြင်ခြင်းက ခရစ်ယာန်မိဘများကို သူတို့သားသမီးများ၏ ခံစားချက်များနှင့် စိုးရိမ်ပူပန်မှုများကို သိရှိစေရန် အကူအညီပေးပါလိမ့်မည်။ ပိုင်းခြားသိမြင်တတ်သောသူသည် ဆက်သွယ်မှုပြုနိုင်သည်၊ နားထောင်ပြီး မိမိအိမ်ထောင်ဖက်၏ခံစားချက်များနှင့် အတွေးများကို ထိုးထွင်းသိမြင်နိုင်ပါသည်။—သု. ၂၀:၅။
၁၁။ ပိုင်းခြားသိမြင်တတ်သော အိမ်ထောင်သည်မိန်းမသည် ‘သူမ၏အိမ်ကို မည်သို့တည်ဆောက်’ ပေးနိုင်သနည်း။
၁၁ ဉာဏ်ပညာနှင့် ပိုင်းခြားသိမြင်ခြင်းတို့သည် သာယာသောမိသားစုဘဝအတွက် အရေးကြီးကြောင်း မငြင်းဆိုနိုင်ပါ။ ဥပမာ၊ “ပညာရှိသောမိန်းမသည် မိမိအိမ်ကိုတည်ဆောက်တတ်၏။ မိုက်သောမိန်းမမူကား၊ ကိုယ်လက်နှင့်ဖြိုဖျက်တတ်၏” ဟုနယပုံပြင် ၁၄:၁ ကဆိုသည်။ ပညာရှိပြီး လင်ယောက်ျားကိုလက်အောက်ခံသော ပိုင်းခြားသိမြင်တတ်သည့် အိမ်ထောင်သည်မိန်းမသည် တစ်အိမ်ထောင်လုံး၏အကျိုးကို ကြိုးစားရှာပြီး သူမ၏မိသားစုကို ဤနည်းဖြင့် ဝိုင်းဝန်းတည်ဆောက်ပေးမည်။ ‘သူမ၏အိမ်ကိုတည်ဆောက်’ ပေးမည့်နည်းတစ်နည်းမှာ သူမ၏လင်ယောက်ျားအကြောင်း အကောင်းချည်းကိုသာ သူမအမြဲပြောဆိုခြင်းဖြစ်၍ ဤနည်းဖြင့် သူမ၏လင်ယောက်ျားအပေါ် အခြားသူများလေးစားမှု တိုးပွားစေသည်။ ယေဟောဝါအား ရိုသေခန့်ညားသောသဘောဖြင့် ကြောက်ရွံ့သည့် အရည်အချင်းပြည့်ဝ၍ ပိုင်းခြားသိမြင်တတ်သောဇနီးသည် ချီးမွမ်းခံထိုက်သောသူလည်းဖြစ်သည်။—သု. ၁၂:၄; ၃၁:၂၈၊ ၃၀။
ပိုင်းခြားသိမြင်မှုနှင့် ကျွန်ုပ်တို့၏ဘဝလမ်းစဉ်
၁၂။ “နှလုံးလိုအပ်ချက်ရှိ” သူများသည် မိုက်မဲခြင်းကို မည်သို့သဘောထားသနည်း။ အဘယ်ကြောင့်နည်း။
၁၂ ပိုင်းခြားသိမြင်ခြင်းက ကိစ္စအဝဝကို နည်းမှန်လမ်းမှန်လိုက်လျှောက်ရန် အကူအညီပေးသည်။ ယင်းကို နယပုံပြင် ၁၅:၂၁ ကဤသို့ဖော်ပြပါသည်– “ဉာဏ်မရှိ [“နှလုံးလိုအပ်ချက်ရှိ၊” ကဘ] သောသူသည် မိုက်ခြင်း၌ပျော်မွေ့တတ်၏။ ဉာဏ်ရှိသောသူမူကား ဖြောင့်မတ်သောအကျင့်ကိုကျင့် [“ရှေ့သို့ဖြောင့်စွာသွား၊” ကဘ] တတ်၏။” ဤပညာရှိစကားကို ကျွန်ုပ်တို့မည်သို့နားလည်ရကြမည်နည်း။ မိုက်သောယောက်ျား၊ မိန်းမနှင့် လူငယ်များအတွက် မိုက်မဲခြင်းသည် ပျော်မွေ့စရာဖြစ်တတ်၏။ သူတို့သည် “နှလုံးလိုအပ်ချက်ရှိ” ၍ ရည်ရွယ်ချက်ကောင်း ကင်းမဲ့ပြီး မိုက်မဲခြင်း၌ပျော်မွေ့သည့်အထိ ပညာမဲ့ကြသည်။
၁၃။ ရှောလမုန်သည် ရယ်မောခြင်း၊ ပေါ့ပေါ့နေပေါ့ပေါ့စားခြင်းတို့နှင့်ပတ်သက်၍ မည်သည့်အရာကို ပိုင်းခြားသိမြင်ခဲ့သနည်း။
၁၃ ပိုင်းခြားသိမြင်ခြင်းရှိသော ဣသရေလရှင်ဘုရင် ရှောလမုန်က ပေါ့ပေါ့နေပေါ့ပေါ့စားခြင်းသည် အနှစ်သာရကင်းမဲ့လှကြောင်း သိရှိခဲ့သည်။ သူကဤသို့ဝန်ခံသည်– “တစ်ဖန် ငါသည်ကိုယ်စိတ်နှလုံးထဲမှာပြောသည်ကား၊ ‘လာပါ။ ရွှင်လန်းခြင်းအားဖြင့် သင့်ကိုငါစုံစမ်းမည်။ သို့ဖြစ်၍၊ ကာမဂုဏ်၌ပျော်မွေ့လော့’ ဟုဆိုရာတွင်၊ ထိုအမှုအရာသည်လည်း အနတ္တဖြစ်လေ၏။ ရယ်မောခြင်းကို ‘သင်သည်အရူးဖြစ်၏’ ဟူ၍လည်းကောင်း၊ ရွှင်လန်းခြင်းကို ‘အဘယ်ကြောင့်ဤသို့ပြုသနည်း’ ဟူ၍လည်းကောင်း ငါဆိုရ၏။” (ဒေသနာ ၂:၁၊ ၂) ရှောလမုန်သည် ပိုင်းခြားသိမြင်တတ်သောသူတစ်ဦးအနေနှင့်မြူးထူးရယ်မောခြင်းမျှဖြင့် ကျေနပ်မှုမရနိုင်၊ ယင်းတို့သည် စစ်မှန်ပြီး မြဲမြံသောပျော်ရွှင်မှုကို မပေးနိုင်ကြောင်း တွေ့မြင်ခဲ့ပါသည်။ ရယ်မောခြင်းက ကျွန်ုပ်တို့၏ပြဿနာများကို ခေတ္တမေ့ပျောက်စေနိုင်သည်မှန်သော်လည်း နောက်ပိုင်းတွင် ယင်းတို့သည် သာ၍ပင်ကြီးကျယ်သွားစေနိုင်ပါသည်။ ရယ်မောခြင်းသည် “အရူးဖြစ်၏” ဟုရှောလမုန်က မှန်ကန်စွာပြောဆိုနိုင်ခဲ့၏။ အဘယ်ကြောင့်နည်း။ အကြောင်းမူကား တွေးတောဆင်ခြင်မှုမရှိသော ရယ်မောခြင်းသည် ချင့်ချိန်ဆုံးဖြတ်နိုင်စွမ်းကို နှောင့်ယှက်တတ်၏။ ယင်းက အရေးကြီးသောကိစ္စများကို ပေါ့တီးပေါ့ဆသဘောထားစေသည်။ လူရွှင်တော်တစ်ဦး၏ အပြောအဆို၊ အပြုအမူတို့နှင့်ဆက်စပ်သော ပျော်ရွှင်မှုသည် တန်ဖိုးရှိရာကို ဖြစ်ထွန်းစေသည်ဟု မဆိုနိုင်ပါ။ ရယ်မောမြူးထူးခြင်းကို ရှောလမုန်စမ်းသပ်ခဲ့၍ သူ၏ဆိုလိုချက်ကို ကျွန်ုပ်တို့ပိုင်းခြားသိမြင်ခြင်းက “ဘုရားသခင်ကိုနှစ်သက်သည်ထက် ကာမဂုဏ်ခံစားခြင်း [“အပျော်အပါး၊” ကဘ] ကိုသာ၍နှစ်သက်သောသူ” များမဖြစ်ကြရန် အထောက်အကူပြုပါသည်။—၂ တိမောသေ ၃:၁၊ ၄။
၁၄။ ပိုင်းခြားသိမြင်ခြင်းရှိသောသူသည် အဘယ်နည်းဖြင့် “ရှေ့သို့ဖြောင့်စွာသွား” သနည်း။
၁၄ ပိုင်းခြားသိမြင်ခြင်းရှိသောသူသည် အဘယ်နည်းဖြင့် “ရှေ့သို့ဖြောင့်စွာသွား” သနည်း။ ဝိညာဏပိုင်းခြားသိမြင်ခြင်းနှင့် ဘုရားရေးရာမူများကို ကျင့်သုံးခြင်းက လူတို့ကို ဖြောင့်မှန်တည့်မတ်သောလမ်းစဉ်သို့ ပို့ဆောင်ပေးပါသည်။ ဘိုင်အင်တန်၏ဘာသာပြန်ကျမ်းက ဤသို့တုံးတိတိဆိုသည်– “မိုက်မဲခြင်းသည် ဦးနှောက်မရှိသူအတွက် သုခချမ်းသာဖြစ်၏။ ဉာဏ်ရှိသောသူမူကား ဖြောင့်တန်းစွာသွားလိမ့်မည်။” ‘ပိုင်းခြားသိမြင်ခြင်းရှိသောသူသည်’ မိမိသွားဖို့ရာ ဖြောင့်မတ်သောလမ်းကို ပြင်ဆင်တတ်၏။ သူ၏ဘဝအသက်တာတွင် ဘုရားသခင့်နှုတ်ကပါဌ်စကားတော်ကို လက်တွေ့ကျင့်သုံးသောကြောင့် ကောင်းမကောင်းကို ပိုင်းခြား၍သိနိုင်သည်။—ဟေဗြဲ ၅:၁၄; ၁၂:၁၂၊ ၁၃။
ပိုင်းခြားသိမြင်မှုရရှိရန် ယေဟောဝါအားအမြဲမျှော်ကိုးလော့
၁၅။ နယပုံပြင် ၂:၆-၉ မှကျွန်ုပ်တို့ဘာသိရှိရသနည်း။
၁၅ ကျွန်ုပ်တို့အားလုံးသည် ဖြောင့်တန်းသော ဘဝလမ်းစဉ်အတိုင်းသွားလာရန် မိမိတို့၏မစုံလင်မှုကို အသိအမှတ်ပြုကာ ဝိညာဏပိုင်းခြားသိမြင်ခြင်းအတွက် ယေဟောဝါအားမျှော်ကိုးရန်လိုပါသည်။ နယပုံပြင် ၂:၆-၉ ကဤသို့ဆိုသည်– “ထာဝရဘုရားသည် ပညာကိုပေးတော်မူတတ်၏။ နားလည်နိုင်သောဉာဏ်သည် နှုတ်ကပါဌ်တော်အားဖြင့်သာဖြစ်တတ်၏။ ဖြောင့်မတ်သောသူတို့အဖို့ ပညာရတနာကိုသိုထားတော်မူ၏။ တရားသဖြင့်ကျင့်သောသူတို့ကို ကွယ်ကာတော်မူ၏။ မိမိသန့်ရှင်းသူတို့သည် တရားလမ်းကိုစောင့်ရှောက်မည်အကြောင်း၊ သူတို့၏လမ်းခရီးကို လုံခြုံစေတော်မူ၏။ ကျေးဇူးတော်ကြောင့် သင်သည်ဖြောင့်မတ်စွာကျင့်ခြင်း၊ တရားသဖြင့်စီရင်ခြင်း၊ လျစ်လျူစွာဆုံးဖြတ်ခြင်းမှစ၍ ကောင်းသောလမ်းရှိသမျှတို့ကို သိနားလည်လိမ့်မည်။”—ယာကုပ် ၄:၆ နှိုင်းယှဉ်။
၁၆။ ယေဟောဝါနှင့်ဆန့်ကျင်သော ဉာဏ်ပညာ၊ ပိုင်းခြားသိမြင်ခြင်းနှင့် ဩဝါဒစကားတစ်စုံတစ်ခုမျှ အဘယ်ကြောင့်မတည်သနည်း။
၁၆ ယေဟောဝါအားမှီခိုအားထားရကြောင်းကို အသိအမှတ်ပြုသောအားဖြင့် ကိုယ်တော်၏အလိုတော်ကို ပိုင်းခြားသိမြင်ရန် ကိုယ်တော့်နှုတ်ကပါဌ်တော်ကို စူးစမ်းစစ်ဆေးကြည့်ကြစို့။ ကိုယ်တော်သည် ဉာဏ်ပညာ အပြည့်အဝရှိပြီး ကိုယ်တော်၏သြဝါဒသည် အစဉ်အမြဲအကျိုးပြုတော်မူသည်။ (ဟေရှာယ ၄၀:၁၃; ရောမ ၁၁:၃၄) အမှန်မှာ၊ ကိုယ်တော်နှင့်ဆန့်ကျင်သော မည်သည့်အကြံဉာဏ်မဆို တန်ဖိုးမရှိပါ။ နယပုံပြင် ၂၁:၃၀ (ကဘ) ကဤသို့ဆိုသည်– “ယေဟောဝါတစ်ဖက်၌ ဉာဏ်ပညာမတည်၊ ပိုင်းခြားသိမြင်ခြင်းသော်လည်းကောင်း၊ ဩဝါဒစကားတစ်စုံတစ်ခုမျှသော်လည်းကောင်း မတည်နိုင်။” (သု. ၁၉:၂၁ နှိုင်းယှဉ်။) “သစ္စာနှင့်သတိပညာရှိသောကျွန်” မှတစ်ဆင့်ရရှိသော စာပေစာတမ်းများအကူအညီဖြင့် ဘုရားသခင့်နှုတ်ကပါဌ်စကားတော်ကိုတွဲဖက်လေ့လာခြင်းအားဖြင့် တိုးပွားလာသော ဝိညာဏပိုင်းခြားသိမြင်ခြင်းကသာလျှင် နည်းမှန်လမ်းမှန်ဖြစ်သည့် ဘဝလမ်းစဉ်ကို လိုက်လျှောက်ရန် အကူအညီပေးပါလိမ့်မည်။ (မဿဲ ၂၄:၄၅-၄၇၊ သမ) ထို့ကြောင့် ဆန့်ကျင်ဘက်အကြံပေးချက်များသည် မည်မျှပင်လက်ခံနိုင်ဖွယ်ရှိဦးတော့ ကိုယ်တော်၏နှုတ်ကပါဌ်တော်နှင့် မယှဉ်နိုင်ကြောင်းကိုသိထားပြီး ယေဟောဝါ၏သြဝါဒနှင့်အညီ ကျွန်ုပ်တို့၏ဘဝလမ်းစဉ်ကို လမ်းညွှန်ပေးကြစို့လေ။
၁၇။ အကြံပေးချက်မှားလျှင် ဘာဖြစ်နိုင်သနည်း။
၁၇ အကြံဉာဏ်ပေးသော ပိုင်းခြားသိမြင်ခြင်းရှိ ခရစ်ယာန်များက မိမိတို့၏သြဝါဒသည် ဘုရားသခင့်နှုတ်ကပါဌ်စကားတော်အပေါ် အခိုင်အမာအခြေခံသင့်ပြီး မေးခွန်းတစ်ခုကို အဖြေမပေးမီ ကျမ်းစာလေ့လာမှုနှင့် ဆင်ခြင်သုံးသပ်မှုရှိဖို့လိုကြောင်း သိထားကြရပါသည်။ (သု. ၁၅:၂၈) လေးနက်သောအကြောင်းများနှင့်ပတ်သက်သော မေးခွန်းများကို မှားယွင်းစွာဖြေဆိုခဲ့မည်ဆိုလျှင် အကြီးအကျယ်အကျိုးပျက်စေနိုင်သည်။ သို့ဖြစ်၍ ခရစ်ယာန်အကြီးအကဲများသည် ဝိညာဏပိုင်းခြားသိမြင်ခြင်းရှိဖို့လိုသည်။ ယုံကြည်သူချင်းတို့ကို ဝိညာဉ်ရေးအရ ကြိုးစားကူညီပေးသည့်အခါ ယေဟောဝါ၏လမ်းပြမှုရရှိရန် ဆုတောင်းသင့်သည်။
ဝိညာဏပိုင်းခြားသိမြင်မှုနှင့် ကြွယ်ဝနေ
၁၈။ အသင်းတော်တွင် ပြဿနာတစ်ခုပေါ်လာလျှင် ပိုင်းခြားသိမြင်ခြင်းက ဝိညာဏဟန်ချက်ညီရန် မည်သို့ကူညီပေးနိုင်သနည်း။
၁၈ ယေဟောဝါအလိုတော်နှင့်တွေ့ဖို့ “အရာရာတို့၌ ဉာဏ် [“ပိုင်းခြားသိမြင်ခြင်း၊” ကဘ] ရှိဖို့လိုပါသည်။ (၂ တိမောသေ ၂:၇) ကျမ်းစာကို စိတ်အားထက်သန်စွာလေ့လာပြီး ဘုရားသခင့်ဝိညာဉ်တော်နှင့် အဖွဲ့အစည်း၏ လမ်းပြမှုကို လိုက်နာခြင်းက လမ်းမှားသို့ပို့ဆောင်သောအခြေအနေမျိုးနှင့် ရင်ဆိုင်ရသည့်အခါ မည်သို့ပြုမူရမည်ကို ပိုင်းခြားသိမြင်တတ်ဖို့ အကူအညီပေးပါလိမ့်မည်။ ဥပမာ၊ အသင်းတော်တွင် ကိစ္စတစ်ခုသည် ကိုင်တွယ်သင့်သည့်နည်းဟု ကျွန်ုပ်တို့ယူမှတ်သည့် နည်းအတိုင်း ကိုင်တွယ်ခြင်းမခံရဟုဆိုပါစို့။ ယင်းသည် ယေဟောဝါ၏လူမျိုးနှင့် မပေါင်းသင်းတော့ရန်၊ ဘုရားသခင့်အမှုတော်ကို မဆောင်ရွက်တော့ရန်အကြောင်းရင်းမဟုတ်ကြောင်း ဝိညာဏပိုင်းခြားသိမြင်ခြင်းက သဘောပေါက်စေပါလိမ့်မည်။ ယေဟောဝါ၏အမှုတော်ထမ်းခွင့်ကို ကျွန်ုပ်တို့ရရှိထားခြင်း၊ ကျွန်ုပ်တို့ပျော်မွေ့ရသော ဝိညာဏလွတ်လပ်မှု၊ ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများအဖြစ် လုပ်ငန်းတော်မှရသော ကျွန်ုပ်တို့၏ရွှင်လန်းမှုတို့ကို စဉ်းစားကြည့်ပါလေ။ ဝိညာဏပိုင်းခြားသိမြင်ခြင်းက အမြင်မှန်ရစေပြီး ကျွန်ုပ်တို့သည် ဘုရားသခင်အားဆက်ကပ်အပ်နှံထားသူများဖြစ်ကြောင်းကို အသိအမှတ်ပြုရန်နှင့် အခြားသူများ မည်သို့ပင်ပြုစေကာမူ ကိုယ်တော်နှင့်ဆက်ဆံရေးကို ကျွန်ုပ်တို့မြတ်နိုးသင့်ကြောင်း သိရှိစေသည်။ သီအိုကရက်တစ်နည်းလမ်းအရ ပြဿနာတစ်ခုကို ကိုင်တွယ်ရန် မိမိတို့ဘာမျှမတတ်နိုင်လျှင် အခြေအနေကိုဖြေရှင်းပေးဖို့ စိတ်ရှည်စွာဖြင့် ယေဟောဝါအား စောင့်စားနေရန်လိုအပ်ပါသည်။ လက်လျှော့အရှုံးပေးခြင်း၊ စိတ်ဓာတ်ကျခြင်းဖြစ်မည့်အစား “ဘုရားသခင်ကိုမျှော်လင့်လျက်နေ” ကြစို့။—ဆာလံ ၄၂:၅၊ ၁၁။
၁၉။ (က) ဖိလိပ္ပိမြို့သားများအတွက် ပေါလုဆုတောင်းချက်၏ လိုရင်းချက်ကား အဘယ်နည်း။ (ခ) အကြောင်းအရာတစ်ခုကို အပြည့်အဝနားမလည်လျှင် ပိုင်းခြားသိမြင်ခြင်းက မည်သို့ကူညီပေးနိုင်သနည်း။
၁၉ ဝိညာဏပိုင်းခြားသိမြင်ခြင်းသည် ဘုရားသခင်နှင့် ကိုယ်တော်၏လူများကို သစ္စာရှိနိုင်ရန် အကူအညီပေးပါသည်။ ဖိလိပ္ပိမြို့ရှိခရစ်ယာန်များကို ပေါလုက ဤသို့မိန့်တော်မူသည်– “ငါဆုတောင်းသောအချက်ဟူမူကား၊ သင်တို့၏မေတ္တာသည် တိကျသောအသိပညာနှင့် ပြည့်ဝစုံလင်သောပိုင်းခြားဝေဖန်နိုင်စွမ်းတို့ဖြင့် တိုး၍ကုံလုံကြွယ်ဝနေလျက်၊ ခရစ်တော်၏နေ့ရက်တိုင်အောင်၊ အခြားသူများအား ထိမိစရာမဖြစ်၊ အပြစ်ဆိုဖွယ်ရာမရှိ ဖြစ်ရလေအောင် သာ၍အရေးကြီးသောအရာများကို သင်တို့သေချာစွာသိနိုင်မည်အကြောင်းတည်း။” (ဖိလိပ္ပိ ၁:၉၊ ၁၀၊ ကဘ) သင့်လျော်စွာ ဆင်ခြင်သုံးသပ်နိုင်ရန် “တိကျသောအသိပညာနှင့် ပြည့်ဝစုံလင်သောပိုင်းခြားဝေဖန်နိုင်စွမ်း” လိုပါသည်။ ဤတွင် “ပိုင်းခြားသိမြင်ခြင်း” ဟုပြန်ဆိုသည့်ဂရိစကားလုံးကား “အကျင့်သိက္ခာဆိုင်ရာ ထက်မြက်သောသိမြင်နိုင်စွမ်း” ဟူ၍အဓိပ္ပာယ်ရသည်။ အကြောင်းတစ်ခုခုကို ကျွန်ုပ်တို့လေ့လာသည့်အခါ ယင်းသည် ဘုရားသခင်နှင့်လည်းကောင်း၊ ခရစ်တော်နှင့်လည်းကောင်း မည်သို့သက်ဆိုင်ကြောင်း၊ ယေဟောဝါ၏ဥပဓိရုပ်တော်နှင့် ပြင်ဆင်တော်မူချက်များကို မည်သို့ဂုဏ်တင်ချီးမွမ်းကြောင်း ဆင်ခြင်သုံးသပ်လိုကြမည်။ ယင်းက ကျွန်ုပ်တို့၏ပိုင်းခြားသိမြင်ခြင်းကိုသာမက ကျွန်ုပ်တို့အတွက် ယေဟောဝါဘုရားသခင်နှင့် ယေရှုခရစ်တော်တို့ပြုလုပ်ထားတော်မူသောအရာများကို တန်ဖိုးထားလေးမြတ်မှု တိုးပွားစေပါသည်။ တစ်ခုခုကိုကျွန်ုပ်တို့အပြည့်အဝနားမလည်လျှင် ဘုရားသခင်၊ ခရစ်တော်နှင့် မြင့်မြတ်သောရည်ရွယ်တော်မူချက်အကြောင်း ကျွန်ုပ်တို့တတ်သိလာသည့် အရေးကြီးသောအရာ အားလုံးတို့အပေါ် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို မစွန့်ပယ်သင့်ကြောင်း အသိအမှတ်ပြုရန် ပိုင်းခြားသိမြင်ခြင်းက အကူအညီပေးပါလိမ့်မည်။
၂၀။ ဝိညာဏပိုင်းခြားသိမြင်ခြင်းနှင့် ကျွန်ုပ်တို့မည်သို့ပြည့်ဝနိုင်မည်နည်း။
၂၀ ကျွန်ုပ်တို့၏အကြံအစည်နှင့် အပြုအမူများကို ဘုရားသခင့်နှုတ်ကပါဌ်စကားတော်နှင့် အမြဲညီညွတ်စေမည်ဆိုလျှင် ဝိညာဏပိုင်းခြားသိမြင်ခြင်းနှင့် ပြည့်ဝနေပါလိမ့်မည်။ (၂ ကောရိန္သု ၁၃:၅) ယင်းကိုအပြုသဘောဖြင့် ဆောင်ရွက်ခြင်းက နှိမ့်ချမှုရှိရန်၊ တစ်ယူသန်မဖြစ်ရန်နှင့် သူတစ်ပါးကို အပြစ်မရှာရန် အကူအညီပေးပါသည်။ ပိုင်းခြားသိမြင်ခြင်းက ဆုံးမခံရခြင်းမှ အကျိုးခံစားရရန်နှင့် သာ၍အရေးကြီးသောအရာများကို သေချာစွာသိထားနိုင်ရန် အကူအညီပေးလိမ့်မည်။ (သု. ၃:၇) ထို့ကြောင့် ယေဟောဝါ၏မျက်နှာသာတော်ကို ရလိုသောဆန္ဒဖြင့် ကိုယ်တော်၏နှုတ်ကပါဌ်တော်မှ တိကျသောအသိပညာနှင့် ပြည့်ဝနေရန် ကြိုးစားကြစို့လေ။ ယင်းကား အမှားနှင့်အမှန်ကို ပိုင်းခြားသိမြင်ရန်၊ တကယ်အရေးကြီးသောအရာကို ခွဲခြားသတ်မှတ်ရန်၊ ယေဟောဝါနှင့် ကျွန်ုပ်တို့၏တန်ဖိုးကြီးသောဆက်ဆံရေးကို မြဲမြံနေစေရန် အထောက်အကူပြုလိမ့်မည်။ ကျွန်ုပ်တို့သည် ပိုင်းခြားသိမြင်ခြင်းကို နှလုံးသွင်းမည်ဆိုလျှင် ယင်းတို့အားလုံး ဖြစ်လာပါလိမ့်မည်။ သို့တိုင် အခြားအရာတစ်ခု လိုအပ်နေပါသေးသည်။ ကျွန်ုပ်တို့သည် ပိုင်းခြားသိမြင်ခြင်း၏ ကာကွယ်မှုကိုခံယူရမည်။
သင်မည်သို့ဖြေမည်နည်း
◻ ကျွန်ုပ်တို့သည် ပိုင်းခြားသိမြင်ခြင်းကို အဘယ်ကြောင့်နှလုံးသွင်းသင့်သနည်း။
◻ ပိုင်းခြားသိမြင်ခြင်းက ကျွန်ုပ်တို့၏အပြောအဆိုနှင့် အပြုအမူကို မည်သို့အကျိုးပြုနိုင်သနည်း။
◻ ပိုင်းခြားသိမြင်ခြင်းက ကျွန်ုပ်တို့၏စိတ်ဓာတ်ကို မည်သို့အကျိုးပြုနိုင်သနည်း။
◻ ပိုင်းခြားသိမြင်ခြင်းရှိဖို့ ယေဟောဝါအား အဘယ်ကြောင့်အမြဲမျှော်ကိုးသင့်သနည်း။
[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]
ပိုင်းခြားသိမြင်ခြင်းက ကျွန်ုပ်တို့ကို စိတ်ချုပ်တည်းရန်အကူအညီပေး
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
ပေါ့ပေါ့နေပေါ့ပေါ့စားခြင်းသည် ကျေနပ်မှုအစစ်အမှန်မပေးနိုင်ကြောင်းပိုင်းခြားသိမြင်မှုရှိသူ ဘုရင်ရှောလမုန် သိမြင်ခဲ့