အမှန်ကို သိအောင် လုပ်ပါ
ပြဿနာ
မှားယွင်းတဲ့ အချက်အလက်တွေကြောင့် မလိုမုန်းထား ခွဲခြားဆက်ဆံမှု ပေါ်လာတာ များတယ်။ အောက်ပါ နမူနာတွေကို သုံးသပ်ကြည့်ပါ။
အမျိုးသမီးတွေဟာ သိပ္ပံပညာ၊ နည်းပညာနဲ့ဆိုင်တဲ့ အလုပ်တွေအတွက် အရည်အချင်း မပြည့်မီဘူးလို့ အလုပ်ရှင်တချို့ တလွဲ ယူမှတ်ကြတယ်။
အလယ်ခေတ်တုန်းက ဥရောပမှာ ဂျူးတွေဟာ ရေတွင်းတွေကို အဆိပ်ခတ်တယ်၊ ရောဂါပိုး ပျံ့နှံ့စေတယ်လို့ စွပ်စွဲခံရတယ်။ နာဇီအုပ်ချုပ်ချိန်မှာလည်း ဂျူးတွေဟာ အသရေဖျက်ခံရတယ်။ ဂျာမနီကို စီးပွားပျက်အောင် လုပ်သူတွေအဖြစ် စွပ်စွဲခံရတယ်။ အဲဒါတွေကြောင့် ဂျူးတွေဟာ မလိုမုန်းထား ခွဲခြားဆက်ဆံခံခဲ့ရတယ်။ တချို့ဆိုရင် အခုထိ ခံနေရတုန်းပဲ။
မသန်စွမ်းသူတိုင်းက ဝမ်းနည်း နာကြည်းနေကြတယ်လို့ လူအများစုက တလွဲ ကောက်ချက်ချကြတယ်။
ခွဲခြားဆက်ဆံသူတွေဟာ သူတို့ရဲ့ လုပ်ရပ် မှန်တယ်ဆိုတာကို ဖော်ပြဖို့ အဲဒီအချက်တွေကို ထောက်ပြကြတယ်။ သူတို့ ပြောတာကို လက်မခံတဲ့သူတွေကို အသိဉာဏ် မရှိသူလို့ သတ်မှတ်ကြတယ်။
ကျမ်းစာအခြေခံမူ
“အသိပညာ မရှိတာ မကောင်းဘူး။” —ပညာအလိမ္မာ ၁၉:၂။
ဘာကို ဆိုလိုသလဲ။ အမှန်ကို မသိရင် ဆုံးဖြတ်ချက် အမှားတွေ ချမိနိုင်တယ်။ အချက်အလက် အမှန်တွေကို မဟုတ်ဘဲ အမှားတွေကို လက်ခံထားမယ်ဆိုရင် လူတွေကို တလွဲ ဆုံးဖြတ်မိနိုင်တယ်။
အချက်အလက်အမှန်ကို သိတာက ကူညီပေးနိုင်ပုံ
လူတွေနဲ့ပတ်သက်တဲ့ အချက်အလက်အမှန်ကို သိမယ်ဆိုရင် သူတို့အကြောင်း မဟုတ်မမှန် ပြောလာတဲ့အခါ ကျွန်တော်တို့ ယုံမှာ မဟုတ်ဘူး။ အုပ်စုတစ်စုအပေါ် ထားတဲ့ လူတွေရဲ့ သဘောထား မမှန်ဘူးဆိုတာ သိထားမယ်ဆိုရင် နောက်အုပ်စုတစ်စုနဲ့ ပတ်သက်ပြီး လူတွေ ပြောတာကိုလည်း ချက်ချင်း ယုံမှာ မဟုတ်ဘူး။
လုပ်ဆောင်နိုင်တဲ့အချက်
လူအုပ်စုတစ်စုလုံးကို မကောင်းဘူးလို့ သိမ်းကျုံးပြီး ပြောလိုက်ပေမဲ့ အုပ်စုထဲက လူအများဟာ အဲဒီလိုမဟုတ်ဘူးဆိုတာ သတိရပါ။
လူအုပ်စုတစ်စုအကြောင်း အားလုံး မသိနိုင်ဘူးဆိုတာ သတိရပါ။
ယုံကြည်စိတ်ချရတဲ့ နေရာကနေ အချက်အလက်အမှန်တွေ ရယူပါ။