တိကျမှန်ကန်သောအသိပညာ လိုအပ်ရခြင်းအကြောင်း
“ထိုအကြောင်းကြောင့် ငါတို့သည်လည်း ကြားရသောနေ့မှစ၍ သင်တို့အတွက်အစဉ်မပြတ်ဆုတောင်းပတ္ထနာပြုလျက်နေကြ၏။ သင်တို့သည် ဉာဏ်ပညာနှင့် ဝိညာဏသိမြင်နားလည်ခြင်းအမျိုးမျိုးအားဖြင့် အလိုတော်ဆိုင်ရာ တိကျမှန်ကန်သောအသိပညာနှင့်ပြည့်စုံကြစေရန် တောင်းလျှောက်ကြ၏။”—ကောလောသဲ ၁:၉။
၁။ ယေဘုယျအကြမ်းဖျင်းသိခြင်းနှင့် တိကျမှန်ကန်စွာသိခြင်းတို့၏ ခြားနားချက်ကိုဥပမာဖြင့်ရှင်းပြပါ။
နာရီသည် အဘယ်အရာဖြစ်ကြောင်း လူတိုင်းလိုလိုသိကြသော်လည်း နာရီတစ်လုံးမည်သို့လည်ပတ်လှုပ်ရှားသည်ကိုသိသူမည်မျှရှိသနည်း။ အကြမ်းဖျင်းသဘောလောက်သင်သိကောင်းသိပေမည်။ သို့သော်အစိတ်အပိုင်းတစ်ခုကိုဖြုတ်၍ ၄င်းကိုပြင်ဆင်ပြီးပြန်ထည့်တတ်သလော။ နာရီပြုလုပ်သူသည် မုချပြန်ထည့်နိုင်သည်။ အဘယ်ကြောင့်နည်း။ နာရီတစ်လုံး၏လုပ်ဆောင်ပုံကို တိတိကျကျ၊ ကျယ်ကျယ်ပြန့်ပြန့်သိရှိထား၍ဖြစ်သည်။ ဤဥပမာကအကြောင်းအရာတစ်ခုနှင့် ပတ်သက်၍အကြမ်းဖျင်းသိခြင်းနှင့် တိကျမှန်ကန်စွာသိခြင်းတို့၏ ခြားနားမှုကိုမြင်သာစေသည်။
၂။ ဘာသာတရားနယ်ပယ်တွင် ၄င်းအသိပညာနှစ်မျိုး မည်သို့ခြားနားသည်ကို သင်သတိပြုမိသနည်း။
၂ သန်းပေါင်းများစွာသောလူတို့သည် ဘုရားသခင်နှင့်ပတ်သက်၍ အကြမ်းဖျင်းသဘောလောက်သိရှိကြသည်။ သူတို့ကဘုရားသခင်ကို ယုံကြည်သည်ဟုဆိုသော်လည်း သူတို့၏အပြုအမူတို့ကသူတို့အဆိုကိုပေါ့ပျက်စေသည်။ “ဗရင်ဂျီဘာသာဝင်တစ်ဦးအနေနှင့် ခင်ဗျားဘုရားသခင်ကိုယုံကြည်မှာပါ၊ ဟုတ်ပါသလား” ဟူ၍သာသနာပြုတစ်ဦးကအိမ်ရှင်တစ်ဦးအား ရံဖန်ရံခါမေးလေ့ရှိခဲ့သည်။ ရရှိသည့်အဖြေမှာ မိုးကောင်းကင်ကိုလက်ဟန်ခြေဟန်နှင့်ပြလျက် “ဟုတ်တာပေါ့၊ အဲ့ဒီမှာတစ်ခုခုရှိကိုရှိမယ်ဆိုတာ ကျွန်ုတော်ယုံကြည်ပါတယ်” ဟူ၍ဖြစ်သည်။ ၄င်းကိုဘုရားသခင်နှင့်ပတ်သက်သည့် တိကျမှန်ကန်သောအသိပညာ၊ သိမြင်နားလည်ခြင်းဟုဆိုမည်လော။ ဝေးပါသည်။ ဤသို့ဝိုးတိုးဝါးတားဖြစ်ခြင်း၏အကျိုးရလဒ်ကား ထိုခရစ်ယာန်အခေါ်ခံသူတို့၏အကျင့်သည်ခရစ်ယာန်မပီသခြင်းပင်ဖြစ်သည်။ (တိတု ၁:၁၆ နှင့်နှိုင်းယှဉ်) နောက်ဆက်တွဲအခြေအနေမှာ အောက်ပါအတိုင်းပေါလုဖေါ်ပြသကဲ့သို့ဖြစ်သည်။ “ထိုသူတို့သည် ဘုရားသခင်အား [မှန်ကန်တိကျစွာ] သိကျွမ်းရခွင့်ကိုသဘောမကျဘဲနေကြသည့်နည်းတူ ဘုရားသခင်လည်း . . . သဘောတော်မကျသောစိတ်သို့အပ်လိုက်တော်မူ” ၏။—ရောမ ၁:၂၈၊ သမ။
၃။ ဘုရားသခင့်အလိုတော်နှင့် ဆိုင်သောတိကျမှန်ကန်သည့်အသိပညာကိုလူတို့ငြင်းပယ်သောအခါ အဘယ်အကျိုးရလဒ်ရရှိသနည်း။
၃ ပထမရာစုနှစ်တွင်တိကျမှန်ကန်သောအသိပညာခေါင်းပါးမှုကြောင့် အဘယ်အကျိုးဖြစ်ပေါ်ခဲ့သနည်း။ လူတို့သည် “မလျောက်ပတ်သောအမှုကိုပြု” ကြ၏။ “သူတို့သည် အလုံးစုံသောအဓမ္မကျင့်ခြင်း၊ မတရားသောမေထုန်ကိုပြုခြင်း၊ ဆိုးညစ်ခြင်း၊ လောဘလွန်ကျူးခြင်း၊ မနာလိုခြင်း၊ ငြူစူခြင်း၊ လူအသက်ကိုသတ်ခြင်း၊ ရန်တွေ့ခြင်း၊ လှည့်ဖြားခြင်း၊ သူတစ်ပါးကိုမြင်ပျင်းခြင်းတို့နှင့်ပြည့်စုံသောသူ၊ ချောစားသောသူ၊ ဆဲရေးသောသူ၊ ဘုရားသခင်ကိုမုန်းသောသူ၊ ကြမ်းတမ်းသောသူ၊ မာနထောင်လွှားသောသူ၊ ဝါကြွားသောသူ၊ မတတ်ကောင်းသောအတတ်ကိုစီရင်သောသူ၊ မိဘစကားကိုနားမထောင်သောသူ၊ သတိမရှိသောသူ၊သစ္စာပျက်သောသူ၊ မိဘသားမယားစသည်တို့ကိုမချစ်သောသူ၊ ရန်ငြိုးထားသောသူ၊ သနားခြင်းကရုဏာစိတ်မရှိသောသူဖြစ်ကြ၏။” ထိုမှန်ကန်သောအသိပညာခေါင်းပါးသဖြင့် သူတို့၏နှလုံးသားသည် သူတို့အားဖြောင့်မတ်သောအကျင့်များကျင့်ရန် စေ့ဆော်မပေးနိုင်ခဲ့ချေ။—ရောမ ၁:၂၈-၃၁။ သု၊ ၂:၂၊ ၁၀။
ခြားနားချက်ကားအဘယ်နည်း
၄၊ ၅။ ဂရိပညာရှင်များအဆိုအရ ဂနောစစ္စ နှင့်အဲပီးဂနောစစ္စ တို့၏ခြားနားချက်အချို့ကားအဘယ်နည်း။
၄ ယေဘုယျအကြမ်းဖျင်းသိခြင်းနှင့် တိကျမှန်ကန်သောအသိပညာတို့၏ခြားနားချက်ကို ဂရိကျမ်းစာစောင်များ၌ အရိပ်အမြွက်ဖေါ်ပြထားသည်။ မူရင်းဂရိဘာသာ၌ ဂနောစစ္စ (gno’sis) အသိပညာနှင့် အဲပီးဂနောစစ္စ (e·pi’gnosis) တိကျမှန်ကန်သောအသိပညာအကြောင်းဆိုထားသည်။ ဂရိပညာရှင် ဒဗ္ဗလျူအီးဗိုင်းအဆိုအရ ပထမစကားလုံးသည် “အဓိကအားဖြင့် သိအောင်ရှာဖွေဆည်းပူးခြင်း၊ စူးစမ်းခြင်း၊ စုံစမ်းစစ်ဆေးခြင်း” အဓိပ္ပာယ်ရှိကြောင်း၊ အထူးသဖြင့်ကျမ်းစာစောင်များ၏ရှေ့နောက်စကားများမှ ဝိညာဉ်ရေးဆိုင်ရာအမှန်တရားနှင့်သက်ဆိုင်ကြောင်း သိရသည်။
၅ ဂရိပညာရှင်သေယာ၏အဆိုအရ အဲပီးဂနောစစ္စ သည် တိကျသေချာ၍မှန်ကန်သောအသိပညာဟူ၍ အဓိပ္ပာယ်ရသည်။ ကြိယာသဏ္ဌာန်ဖြင့် “ဂဃနဏသိအောင်လုပ်သည်၊ လုံးစေ့ပတ်စေ့သိသည်၊ တိကျမှန်ကန်စွာသိသည်၊ ကောင်းမွန်စွာသိသည်” ဟူသောအဓိပ္ပာယ်ရသည်။ ဒဗ္ဗလျူအီးဗိုင်းက အဲပီးဂနောစစ္စ သည် “အတိအကျသို့မဟုတ်အစုံအလင်သိခြင်း၊ အသိအမြင်ထက်မြက်ခြင်း၊ မှတ်မိသိရှိခြင်းအဓိပ္ပာယ်ရရှိသည်” ဟုဖေါ်ပြသည်။ “ပို၍ပြည့်စုံသော သို့မဟုတ်ပြည့်စုံသောအသိပညာ၊ သိရှိသောအကြောင်းအရာ၌သိရှိသူကကျယ်ကျယ်ပြန့်ပြန့်ပါဝင်လှုပ်ရှားခြင်း၊ ဤသို့အားဖြင့် သူ့အပေါ်တွင်ပို၍ထက်မြက်စွာသြဇာသက်ရောက်ခြင်း” ဟူသည့် သဘောလည်းဆောင်ကြောင်း ဖြည့်စွက်၍ဆိုထားသည်။ ဤနောက်ဆုံးဖွင့်ဆိုချက်သည် ခရစ်ယာန်တစ်ဦးအဖို့အလွန်တရာအရေးကြီးကြောင်းကို ကျွန်ုပ်တို့တွေ့ရပါလိမ့်မည်။
၆။ “အသိပညာ” နှင့် “တိကျမှန်ကန်သောအသိပညာ” စကားလုံးတို့ကို မည်သည့်ကျမ်းရေးသူတို့က အသုံးပြုကြသနည်း။ တိကျမှန်ကန်သောအသိပညာသည် အဘယ်ကြောင့်အရေးကြီးသနည်း။
၆ ဂရိစကားလုံးအဲပီးဂနောစစ္စ ကို ကျမ်းရေးသူနှစ်ဦးသာအသုံးပြုထားသည်။ ထိုသူတို့မှာ ပေါလုနှင့်ပေတရုဖြစ်ပြီး စုစုပေါင်းအကြိမ် ၂၀ သုံးထားသည်။ aလုကာမှလွဲလျှင် သူတို့နှစ်ဦးသာ ဂနောစစ္စစကားလုံးကိုအသုံးပြုကြသည်။ ပေါလုက ၂၃ ကြိမ်၊ ပေတရုက ၄ ကြိမ်ဖြစ်သည်။ ထိုကြောင့် သူတို့ရေးသားသောစာစောင်များသည် ကယ်တင်ခြင်းနှင့်ဆိုင်သည့် တိကျမှန်ကန်သောအသိပညာ၏အရေးကြီးမှုအတွက် အဖိုးတန်သောလမ်းညွှန်ဖြစ်ပေသည်။ တိမောသေအားပေါလုပြောကြားခဲ့သကဲ့သို့ “ထိုသို့သောအမှုသည် ကောင်းသောအမှုဖြစ်သည်။ ငါတို့ကိုကယ်တင်တော်မူသောအရှင်ဘုရားသခင်နှစ်သက်တော်မူသောအမှုလည်းဖြစ်၏။ လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍သမ္မာတရားကို [တိကျမှန်ကန်စွာ] သိစေခြင်းငှာ ဘုရားသခင်အလိုတော်ရှိ၏။”—၁ တိမောသေ ၂:၃၊ ၄။
တိကျမှန်ကန်သော အသိပညာ၏အရေးကြီးပုံ
၇။ (က) အသိပညာသည် တန်ဖိုးရှိဖို့အတွက် ကျွန်ုပ်တို့အပေါ်မည်သို့အကျိုးအာနိသင်သက်ရောက်ရမည်နည်း။ (ခ) အသိပညာကိုဥပေက္ခာပြုလျှင် အဘယ်အန္တရာယ်ရှိသနည်း။
၇ သို့ဖြစ်သောကြောင့် သမ္မာကျမ်းစာသွန်သင်သည့်သမ္မာတရားဆိုင်ရာတိကျမှန်ကန်သောအသိပညာရရှိရေးသည် ကယ်တင်ခြင်းသော့ချက်ပင်ဖြစ်သည်။ သို့တစေ ထိုအသိပညာသည် စေ့ဆော်မှု၏ပင်ရင်းဖြစ်သောနှလုံးသားသို့ရောက်ရှိဖို့လိုသည်။ ကိုယ်တွေ့မဟုတ်ဘဲ စာတွေ့သဘောလောက်သိထားရုံနှင့်မဖြစ်ပေ။ ထိုမျှမကသမ္မာတရားအသိပညာကိုရရှိသည်နှင့် ၄င်းကိုအသုံးပြု၍အဆက်မပြတ်ဖြည့်တင်းနေရမည်။ အဘယ်ကြောင့်နည်း။ မှတ်ဉာဏ်ဆိုသည်မှာအသုံးမပြုသောကြွက်သားများကဲ့သို့ ချိနဲ့အားနည်းတတ်သည်။ ထိုသို့သာဖြစ်ခဲ့သော် ကျွန်ုပ်တို့သည်ဝိညာဉ်ရေးကိုလွယ်လွယ်နှင့်ဥပေက္ခာပြုလာပြီး ယုံကြည်ခြင်းဘက်၌ စတင်လွင့်မျော၍တွေဝေယိမ်းယိုင်လာတတ်သောကြောင့်ဖြစ်သည်။ ကျွန်ုပ်တို့သည် “ဘုရားသခင်အားသိကျွမ်းခြင်း” တွင်ပေါ့လျော့လာကောင်းလာပေမည်။ များမကြာမီ ဤသို့သောတွေဝေယိမ်းယိုင်မှုသည် ပေါ့ပေါ့တန်တန်တွေးတောစဉ်းစားခြင်း၌သာမက ခရစ်ယာန်မပီသသောအကျင့်တို့၌ ထင်ဟပ်ပေါ်လွင်လာဖွယ်ရှိ၏။—သု၊ ၂:၅။ ဟေဗြဲ ၂:၁။
၈။ ဉာဏ်ပညာနှင့်အသိပညာတို့တွင် အဘယ်တန်ဖိုးကို ရှောလမုန်တွေ့မြင်ခဲ့သနည်း။
၈ သို့ဖြစ်သောကြောင့် ရှောလမုန်သစ္စာရှိစဉ်က ဉာဏ်ပညာ၊ ပိုင်းခြားသိမြင်သောဉာဏ်နှင့် ဉာဏ်ရည်ဉာဏ်သွားတို့ကို အဘယ်ကြောင့်အထူးတန်ဖိုးထားလေးစားခဲ့ရသည်ကို ကျွန်ုပ်တို့သဘောပေါက်နိုင်ပေသည်။ သူဤသို့ရေးသားခဲ့သည်။ “ဉာဏ်ပညာသည် သင့်နှလုံးထဲသို့ဝင်၍ အသိပညာသည်လည်း သင့်ဝိညာဉ်စိုးလ်နှစ်သက်စရာဖြစ်လာသောအခါ ဉာဏ်ရည်ဉာဏ်သွားသည် သင့်ကိုစောင့်ရှောက်၍ပိုင်းခြားသိမြင်သောဉာဏ်လည်း ကွယ်ကာစောင့်ထိန်းသဖြင့် ဆိုးသောလမ်းမှကယ်လွှတ်လိမ့်မည်။”b(သု၊ ၂:၁၀-၁၂၊ NW) ဤစကားများအရ နှလုံးနှင့်ဝိညာဉ်စိုးလ်အပေါ်သြဇာသက်ရောက်နိုင်စွမ်းရှိသည့် တိကျမှန်ကန်သောအသိပညာကို ပြင်းပြစွာလိုလားသည့်ဆန္ဒမျိုးကိုပြုစုပျိုးထောင်ရမည့်အကြောင်း အရိပ်အမြွက်ပြဆိုပေသည်။ ထိုမျှမက၄င်းပညာသည် ကောင်းမြတ်သောဉာဏ်ရည်ဉာဏ်သွားအတွက်လည်း အခြေခံအုတ်မြစ်ဖြစ်သည်။ ဤအသိပညာသည် ယခုကာလ၌အဘယ်ကြောင့်ဤမျှအရေးကြီးရသနည်း။
၉။ ခရစ်ယာန်ဝိညာဉ်ရေး၏ရန်သူအချို့ကား မည်သူတို့နည်း။
၉ တမန်တော်ပေါလုပရောဖက်ပြုခဲ့သည့်အတိုင်း “ခဲယဉ်းသောကာလများ” သို့မဟုတ် “ဒုက္ခကာလ” ဆိုက်ရောက်သော “နောက်ဆုံးသောနေ့ရက်များ” အတွင်း၌ ကျွန်ုပ်တို့အသက်ရှင်နေရကြသည်။ (၂ တိမောသေ ၃:၁၊ သမ္မ၊ Revised Standard Version; The New English Bible) ယုတ်ညံ့သောဤလောကတွင် ကျွန်ုပ်တို့၏ခရစ်ယာန်သမာဓိကိုစောင့်ထိန်းရန်မှာ ခဲယဉ်းသည်ထက်ခဲယဉ်းလာသည်။ ခရစ်ယာန်ကျင့်ဝတ်၊ အကျင့်စရိုက်စံနှုန်းနှင့်လိုက်နာရမည့်စည်းစနစ်များကို လူတို့မထီမဲ့မြင်ပြုကြသည်၊ အထင်အမြင်သေးကြသည်။ ယေဟောဝါသက်သေများ၏ယုံကြည်ချက်သည် အဖက်ဖက်မှတိုက်ခိုက်ခြင်းခံနေရသည်။ ကျွန်ုပ်တို့တစ်အိမ်တက်ဆင်းလိုက်လံဟောပြောနေသည့် နိုင်ငံတော်သတင်းတရားတော်ကို မလိုမုန်းထားသည့် ခရစ်ယာန်ဘောင်မှဘုန်းကြီးရဟန်းဓမ္မဆရာများ၊ သူတို့နှင့်ပူးပေါင်းဆောင်ရွက်သည့် အယူဖောက်ပြန်သူများ၊ ကျွန်ုပ်တို့နှင့်ကျွန်ုပ်တို့၏သားသမီးများအား သွေးသွင်းခြင်းကိုအတင်းအဓမ္မခံယူစေလိုသည့် ဆေးဘက်ဆိုင်ရာအာဏာပိုင်များ၊ ဘုရားသခင်နှင့်ဖန်ဆင်းခြင်းကိုမယုံကြည်သည့် ဘုရားမဲ့သိပ္ပံပညာရှင်များနှင့် ကျွန်ုပ်တို့၏ကြားနေမှုပျက်ပြားအောင် အားထုတ်သူတို့က တိုက်ခိုက်နေကြခြင်းဖြစ်သည်။ ဤဆန့်ကျင်တိုက်ခိုက်မှုအားလုံးမှာ စာတန်၏စီစဉ်ညွှန်ကြားမှုများသာဖြစ်သည်။ စာတန်သည်မှောင်မိုက်နှင့်မောဟကိုစိုးမိုးသူနှင့်၊ တိကျမှန်ကန်သောအသိပညာ၏ရန်သူကြီးဖြစ်သည်။—၂ ကောရိန္သု ၄:၃-၆။ ဧဖက် ၄:၁၇၊ ၁၈၊ ၆:၁၁၊ ၁၂။
၁၀။ ကျွန်ုပ်တို့အပေါ် အဘယ်ဖိအားများသက်ရောက်နေဖွယ်ရှိသနည်း။ ယင်းတို့ကို တန်ပြန်ရန် ကျွန်ုပ်တို့ဘာလိုအပ်သနည်း။
၁၀ အခြားသူများပြုလုပ်နေကြသည့်အရာများကို ခရစ်ယာန်တစ်ဦးပြုလုပ်လာအောင် နေ့စဉ်အသက်တာ၌ဖိအားပြင်းထန်လာနိုင်သည်။ မူးယစ်ဆေးဝါးသုံးခြင်း၊ အလွန်အကျွံသောက်စားခြင်း၊ အကျင့်စာရိတ္တပျက်ပြားခြင်း၊ အဓမ္မကျင့်ခြင်း၊ ခိုးဝှက်ခြင်း၊ လိမ်လည်ခြင်း၊ ကလိမ်ကျခြင်း၊ တစ်ဝက်တစ်ပျက်နှင့် ကျောင်းထွက်လိုက်ခြင်းသို့မဟုတ် တစ်ကိုယ်ကောင်းဆံသော ကာမဂုဏ်ပျော်ပါးမှုလိုက်စားခြင်းတစ်မျိုးမျိုးပြုလုပ်ရန်ဖိအားပေးခြင်းဖြစ်သည်။ ယင်းအကြောင်းကြောင့် တိကျမှန်ကန်သောအသိပညာအရေးကြီးရခြင်းဖြစ်ပေသည်။ ဘုရားသခင့်နှုတ်ကပတ်တော်၊ ရည်ရွယ်တော်မူချက်တို့နှင့်ဆိုင်သည့်အသိပညာပို၍ပြည့်ဝလေလေ ကျွန်ုပ်တို့၏အကြံအစည်နှင့်အပြုအမူအပေါ် ကောင်းကျိုးသြဇာပိုမိုထက်မြက်စွာသက်ရောက်နိုင်လေလေဖြစ်သည်။—ရောမ ၁၂:၁၊ ၂။
ခေတ်သစ်ဖြုန်းတီးသောသားတစ်ဦး
၁၁၊ ၁၂။ အမှန်တရားနှင့်ဆိုင်သော တိကျမှန်ကန်သည့်အသိပညာကိုငြင်းပယ်ခြင်း၏ မိုက်မဲမှုကို အဘယ်ဘဝကိုယ်တွေ့အဖြစ်က တင်ပြသနည်း။
၁၁ ဤအချက်ကိုလူငယ်လေးတစ်ဦး၏ကိုယ်တွေ့ဘဝအဖြစ်အားဖြင့် ရှင်းလင်းတင်ပြနိုင်သည်။ သူသည် အသက် ၁၄ နှစ်အရွယ်၌ နှစ်ခြင်းခံပြီးသောခရစ်ယာန်ဖြစ်နေစဉ် အမှန်တရားကိုချစ်သောမေတ္တာစမ်းသပ်ခံခဲ့ရသည်။ လူငယ်များစွာနည်းတူ သူသည် အားကစားကိုခုံမင်သည်၊ အထူးသဖြင့် ဘောလုံးကန်ခြင်းဖြစ်သည်။ သို့သော် သူ့အတွက်ပြဿနာတစ်ရပ်ရှိနေသည်။ အသင်းတော်စည်းဝေးရှိသောညနေချိန်တွင်သူ့ကျောင်းက ဘောလုံးကစားသည်။ မိခင်မုဆိုးမနှင့် ညီ၊ ညီမတို့နှင့်အတူ ခရစ်ယာန်စည်းဝေးတက်ခြင်း၏အဓွန့်ရှည်တည်တံ့သည့်အကျိုးကျေးဇူးနှင့်နှိုင်းယှဉ်လျှင် ဘောလုံးကစားခြင်း၏အပေါ်ယံအကျိုးကျေးဇူးကို ဝေခွဲနိုင်လောက်အောင်သူ့ဝိညာဉ်ရေးသည် အားမကောင်းလှပေ။ ထိုကြောင့် သူသည် တိကျမှန်ကန်သည့်အသိပညာအတိုင်းမပြုမူတော့ဘဲ အလင်းတရားမှထွက်ရန် ဆုံးဖြတ်လိုက်သည်။ နောက်ဆုံး၌ သူနှင်ထုတ်ခံလိုက်ရသည်။ ၄င်းနောက် စစ်ထဲဝင်လိုက်သည်။ ထိုတွင် မူးယစ်ဆေးသုံးတတ်လာသည်။
၁၂ ၁၉၈၆ ခုနှစ်တွင် ၄င်းလူငယ်စစ်ထဲမှထွက်ခွင့်ရခဲ့သည်။ သတိတရားပြန်ဝင်လာပြီး သူ့အားနှင်ထုတ်ခဲ့သည့် တရားရေးကော်မတီတွင်ပါဝင်ခဲ့သော မိသားစုမှမိတ်ဆွေတစ်ဦးထံစာတစ်စောင်ရေးသားခဲ့သည်။ စာထဲတွင် အောက်ပါအတိုင်းရေးသားထားသည်။ “သင့်ကိုအရေးကြီးတဲ့သတင်းတစ်ချို့ပြောပြနိုင်ခွင့်ရရှိတဲ့အတွက် ကျွန်တော်ဝမ်းသာမိပါတယ်။ ကျွန်တော်အလင်းတရားထဲကိုပြန်ရောက်ခဲ့ပါပြီ။ . . . လူတွေရဲ့ဉာဏ်မျက်စိကိုကွယ်စေတဲ့ ဒီအစီအစဉ်စနစ်ရဲ့ဘုရားတစ်ဆူရှိတယ်ဆိုတဲ့ ၂ ကောရိန္သု ၄:၄ မှာ ပေါလုပြောခဲ့တဲ့အချက်ကို ကျွန်တော်အခုကောင်းကောင်းသဘောပေါက်လာပါပြီ။ ပတ်ဝန်းကျင်ဖြစ်ပျက်နေတာတွေကို မမြင်နိုင်အောင် ကျွန်တော်ဝိညာဉ်ရေးမျက်စိကန်းနေခဲ့တာအကြာကြီးပဲ။ ကျွန်တော်အလင်းတရားကထွက်ခဲ့ချိန်က ဘာအန္တရာယ်တွေကြုံရမယ်ဆိုတာမသိခဲ့ပါဘူး။ ဒါပေမဲ့အချိန်တန်တော့ ယေဟောဝါရဲ့ကျေးဇူးတော်ကြောင့် ကျွန်တော်ဘယ်လောက်မိုက်တွင်းနက်ခဲ့တယ်ဆိုတာကို ကောင်းကောင်းသဘောပေါက်နားလည်လာပါပြီ။”—လုကာ ၁၅:၁၁-၂၄ နှင့်နှိုင်းယှဉ်။
၁၃။ လမ်းမှားလိုက်မိသူတို့အနက် အချို့သည်အမှန်တကယ်နောင်တယူမည်ဆိုလျှင် အဘယ်ကောင်းကျိုးရနိုင်ဖွယ်ရှိသနည်း။ (၂ တိမောသေ ၂:၂၄-၂၆)
၁၃ ယင်းလူငယ်သည် တိကျမှန်ကန်သောအသိပညာလမ်းမှန်ပေါ် ပြန်ရောက်လာပြီဖြစ်သည်။ ယခုဆိုလျှင် သူသည်“ယေဟောဝါနှင့်ထိုက်လျောက်စွာကျင့်ကြံသဖြင့်စိတ်တော်နှင့်လုံးလုံးတွေ့” နိုင်လေပြီ။ ထိုမျှမက ခရစ်ယာန်အသင်းတော်နှင့်ပေါင်းသင်းလာသည်နှင့်အမျှ သူသည် “ကောင်းမှုအမျိုးမျိုး၌အသီးသီး၍ ဘုရားသခင်နှင့်ဆိုင်သောတိကျမှန်ကန်သည့်အသိပညာ၌ တိုးပွား” လာလေသည်။ ယခုကဲ့သို့ ခရစ်တော်၏နောက်တော်လိုက်တစ်ဦးပြန်ဖြစ်လာခြင်းအားဖြင့် သူ့မိသားစုအဖို့ အားတက်ဖွယ်ကောင်းချီးမင်္ဂလာတစ်ရပ်အမှန်ဖြစ်ပေသည်။ အလားတူဖြစ်ရပ်မျိုးကို သင်သိပါသလော။ —ကောလောသဲ ၁:၉၊ ၁၀၊ NW။ မဿဲ ၁၁:၂၈-၃၀။
ဝိညာဉ်ရေးလစ်ဟင်းပျက်ကွက်ခြင်း၏ ကြောက်မက်ဖွယ်ဆိုးကျိုးများ
၁၄။ (က) လမ်းမှန်မှသွေဖည်မသွားရအောင် ကျွန်ုပ်တို့ဘာလုပ်ရမည်နည်း။ (ခ) ခရစ်ယာန်အချို့အဘယ်သို့ဖြစ်သွားကြသနည်း။
၁၄ ဤတွေ့ကြုံမှုနှင့်အလားတူတွေ့ကြုံမှုများမှ အဘယ်သင်ခန်းစာရနိုင်သနည်း။ အမှန်တရားနှင့်ဆိုင်သော တိကျမှန်ကန်သည့်အသိညာကိုရရှိသည်နှင့် တစ်ပြိုင်နက် သွေဖည်မှုမဖြစ်ရလေအောင် စိတ်ထဲ၌ဝိညာဏပတ်လမ်းများကို အဆက်မပြတ်အားသစ်လောင်းပေးနေဖို့လိုသည်။ ကိုယ်ပိုင်လေ့လာမှုနှင့်မိသားစုလေ့လာမှု၊ ခရစ်ယာန်စည်းဝေးများနှင့် ဓမ္မအမှုဆောင်ခြင်းတို့၌ လစ်ဟင်းပျက်ကွက်သည်ရှိသော် ကျွန်ုပ်တို့၏ဝိညာဉ်ရေးအရင်းအမြစ်တို့သည် အားနည်းလာပေမည်။ ထိုအခါ ဘာဖြစ်လာနိုင်သနည်း။ တစ်ချိန်ကခွန်အားရှိသော ခရစ်ယာန်တစ်ဦးသည် ယုံကြည်ခြင်းတရားမှမျောပါသွားပေမည်။ သို့မဟုတ် စာရိတ္တပျက်ပြားမှုကဲ့သို့သော မကောင်းသောအကျင့်နွံအတွင်းသို့ပင် ကျရောက်သွားပေမည်။ သို့တည်းမဟုတ် သံသယစိတ်နှင့်မမှန်သတင်းများကြောင့် တိုက်လဲပြီး အယူဖောက်ပြန်သည့်အခြေအနေသို့ ကူးပြောင်းသွားနိုင်ပေသည်။ (ဟေဗြဲ ၂:၁။ ၃:၁၂။ ၆:၁၁၊ ၁၂) အချို့ဆိုလျှင် သုံးပါးပေါင်းတစ်ဆူနှင့်ဝိညာဉ်စိုးလ်မသေခြင်း စသောဗာဗုလုန်အယူများသို့ ပြန်သွားသည့်အထိ မိုက်တွင်းနက်ကြသည်။
၁၅။ လမ်းမှန်မှသွေဖည်သွားခြင်းအကြောင်းနှင့်ပတ်သက်၍ ပေတရုအဘယ်သတိပေးချက်ပေးခဲ့သနည်း။
၁၅ အောက်ဖေါ်ပြပါ ပေတရု၏စကားများသည် သင့်မြတ်လျော်ကန်လှ၏။ “ကယ်တင်တော်မူသောအရှင်သခင်ယေရှုခရစ် [နှင့်ဆိုင်သော တိကျမှန်ကန်သောပညာ၊ NW] အားဖြင့် လောကီညစ်ညူးခြင်းနှင့် ကင်းလွတ်ပြီးမှ တစ်ဖန်ကျော့မိ၍ရှုံးလျှင် နောက်ဖြစ်ဟန်သည် ရှေးဖြစ်ဟန်ထက်သာ၍ဆိုး၏။ ဖြောင့်မတ်ခြင်းတရားလမ်းကို [တိကျမှန်ကန်စွာ] သိ၍ မိမိခံခဲ့ပြီးသောသန့်ရှင်းသောပညာကိုတစ်ဖန်စွန့်ပစ်သည်ထက် ထိုလမ်းကို [တိကျမှန်ကန်စွာ] မသိဘဲနေသော် သာ၍ကောင်း၏။ ‘ခွေးသည် မိမိအန်ဖတ်ကိုပြန်၍စား၏။ ဝက်သည်လည်း ဆေးပြီးမှရွှံ့တွင်လူးပြန်၏’ ဟုမှန်သောစကားပုံသည် ထိုသူတို့၌ပြည့်စုံသတည်း။”—၂ ပေတရု ၂:၂၀-၂၂။
၁၆။ (က) မကြာမီကာလအတွင်း အချို့သူများမည်ကဲ့သို့လှည့်ဖြားခြင်းခံခဲ့ရကြသနည်း။ (ခ) လှည့်ဖြားခံရသူတို့ အဘယ်အကျင့်များပြန်လည်ပြုကျင့်လာကြသနည်း။
၁၆ အမှန်တရားနှင့်ဆိုင်သော တိကျမှန်ကန်သည့်အသိပညာကိုငြင်းပယ်သူတို့သည် မီးစဉ်ကြည့်ကသည့်လမ်းကိုလိုက်တတ်ကြသည်။ ခရစ်ယာန်စည်းဝေးများမှန်မှန်တက်ခြင်း သို့မဟုတ် တစ်အိမ်တက်ဆင်းဓမ္မအမှုဆောင်ခြင်း၌ မှန်မှန်ပါဝင်ခြင်းတာဝန်ကိုလက်မခံတော့ချေ။ အချို့ဆိုလျှင်ဆေးလိပ်ကိုပြန်သောက်ကြသည်။ အခြားသူတို့မှာ ခရစ်ယာန်ကြားနေခြင်းနှင့်သွေးအလွဲသုံးခြင်းကိစ္စတို့၌ တစ်မူထူးခြားစွာရပ်တည်စရာမလိုအပ်တော့သည့်အတွက် ဝမ်းသာကြသည်။ လွတ်ပြီ၊ ကျွတ်ပြီဟုယူဆကြသည်။ ယခုဆိုလျှင် “သားရဲ” ၏နိုင်ငံရေးပါတီတစ်ခုခုကိုပင်မဲပေးနိုင်ပြီဖြစ်သည်။ (ဗျာဒိတ် ၁၃:၁၊ ၇) ဤသို့ဖြင့်မတည်ကြည်သောသူအချို့တို့သည် ‘လွတ်လပ်မှုကို ကတိပေးနေသော်လည်း မိမိတို့ကိုယ်တိုင်ဖောက်ပြန်ခြင်း၏ကျွန်ဖြစ်နေကြသူတို့’ ကြောင့် တိကျမှန်ကန်သောအသိပညာလမ်းဖြောင့်မှ သွေဖည်သွားအောင်ဖြားယောင်းသွေးဆောင်လှည့်စားခြင်းခံရကြသည်။—၂ ပေတရု ၂:၁၅-၁၉။
၁၇။ အမှန်တရားနှင့်ဆိုင်သော တိကျမှန်ကန်သည့်အသိပညာမှ သွေဖည်သွားသူတို့အဖို့ အဘယ်အန္တရာယ်ရှိသနည်း။
၁၇ ထိုသို့သောသူများသည် နောင်တယူ၍ အမှန်တရားဘက်သို့ပြန်လှည့်မလာခဲ့သော် အောက်တွင်ပေါလုဖေါ်ပြသည့်တရားစီရင်ခြင်းနှင့်ရင်ဆိုင်ရပေမည်။ “အကြောင်းမူကား သမ္မာတရားကိုသိပြီးမှ ကိုယ်အလိုသို့လိုက်၍ ပြစ်မှားပြန်လျှင် နောက်တစ်ဖန်အပြစ်ဖြေသောယဇ်ကိုပူဇော်ရာအခွင့်မရှိဘဲ ဒဏ်စီရင်ခြင်းကိုခံရမည်ဟု ကြောက်မက်ဖွယ်သောမြော်လင့်ရသောအကြောင်း၊ ငြင်းဆန်သောသူတို့ကို ဖျက်ဆီးဖို့ရာအမျက်တော်မီးလောင်ခြင်းကိုခံရသောအကြောင်းရှိ၏။” ခရစ်ယာန်ဘောင်၏ဖောက်ပြန်သောအယူဝါဒများအတွက်ကြောင့် ယေဟောဝါဘုရားသခင်နှင့်ခရစ်တော်ယေရှုတို့နှင့်ဆိုင်သည့် တိကျမှန်ကန်သောအသိပညာကိုစွန့်ပယ်ခြင်းသည် အမြော်အမြင်ကင်းမဲ့ရာအမြင်ကျဉ်းရာကျသည်တကား။—ဟေဗြဲ ၆:၄-၆; ၁၀:၂၆၊ ၂၇။
တိကျမှန်ကန်သောအသိပညာအားဖြင့် စိတ်ထက်သန်ခြင်း
၁၈။ ပေါလုအဆိုအရ ယုဒဘာသာရေးခေါင်းဆောင်တို့သည် ခရစ်တော်ကို အဘယ်ကြောင့်လက်မခံခြင်းဖြစ်သနည်း။
၁၈ ပေါလုလက်ထက်မှယုဒဘာသာရေးခေါင်းဆောင်တို့၌ ဟေဗြဲကျမ်းစောင်နှင့်ဆိုင်သောအသိပညာမုချရှိခဲ့ပေမည်။ သို့သော် ၄င်းသည်တိကျမှန်ကန်သောအသိပညာဖြစ်သလော။ ၄င်းသည် ခရစ်တော်အားကတိထားရာ မေရှိယအဖြစ် သူတို့လက်ခံအောင်သိမ်းသွင်းနိုင်ခဲ့သလော။ သူတို့သည် ပညတ်တရားအားဖြင့် မိမိတို့၏ဖြောင့်မတ်ခြင်းကိုတည်စေရန် အထူးအာရုံစိုက်ကြသဖြင့် ‘ပညတ်တရား၏ဆုံးခြင်းအကြောင်းဖြစ်သော ခရစ်တော်’ ကိုဝန်မခံကြကြောင်း ပေါလုအကျိုးအကြောင်းဖြင့်တင်ပြသည်။ ထိုကြောင့် သူတို့အကြောင်းအောက်ပါအတိုင်းပေါလုပြောနိုင်ခဲ့ခြင်းဖြစ်သည်။ “သူတို့သည် ဘုရားသခင့်အဖို့စိတ်စေတနာထက်သန်ကြောင်း ငါသက်သေခံ၏။ သို့ရာတွင် [တိကျမှန်ကန်သော၊ NW] အသိပညာအတိုင်းမဟုတ်။”—ရောမ ၁၀:၁-၄၊ သမ။
၁၉၊ ၂၀။ (က) တိကျမှန်ကန်သောအသိပညာကို ကျွန်ုပ်တို့မည်သို့ရယူနိုင်သနည်း။ (ခ) အဘယ်မေးခွန်းများဖြေဆိုစရာကျန်သေးသနည်း။
၁၉ သို့ဖြစ်လျှင် ဤတိကျမှန်ကန်သောအသိပညာကို မည်သို့ရရှိနိုင်သနည်း။ ကိုယ်ပိုင်လေ့လာခြင်း၊ တွေးတောခြင်းနှင့် စည်းဝေးတက်ခြင်းတို့အားဖြင့်ရရှိနိုင်မည်။ တင်စားပြောရလျှင် ကျွန်ုပ်တို့၏ဝိညာဏဘက်ထရီကို အစဉ်မပြတ်အားသွင်းနေရမည်ဟူသည့် သဘောဖြစ်သည်။ အလင်းတရားရစက ရရှိထားသောအသိပညာလောက်သာ အားထား၍မဖြစ်ပေ။ တာဝန်သိသိနှင့်ကိုယ်ပိုင်လေ့လာခြင်းအားဖြင့် ကြေခဲသောဝိညာဉ်အစာ၊ တိကျမှန်ကန်သောအသိပညာကို အဆက်မပြတ်ဆည်းပူးရပေမည်။ သို့ဖြစ်သောကြောင့် ပေါလု၏အောက်ပါသြဝါဒစကားသည် သင့်မြတ်လှပေသည်။ “ကောင်းကျိုးမကောင်းကျိုးကိုပိုင်းခြား၍ သိနိုင်သောဉာဏ်ပေးတတ်သောအကြားအမြင်အတွေ့အစမ်းများသောသူတည်းဟူသော [ရင့်ကျက်သော] သူတို့မူကား၊ ကြေခဲသောအစာအာဟာရကိုသုံးဆောင်ရကြ၏။ ထိုကြောင့် သေခြင်းနှင့်စပ်ဆိုင်သောအကျင့်ကို နောင်တရခြင်း၊ ဘုရားသခင်ကိုယုံကြည်ခြင်း . . . တည်းဟူသောမူလအမြစ်ကိုငါတို့သည်ပြန်၍မတည်ဘဲ ခရစ်တော်၏ဘာသာ၌အစအဦးဖြစ်သောအကြောင်းအရာတို့ကိုထား၍ [ရင့်ကျက်သော] အဖြစ်သို့တက်ကြကုန်အံ့။”—ဟေဗြဲ ၅:၁၄–၆:၃။
၂၀ ယခုမေးစရာမေးခွန်းမှာ တိကျမှန်ကန်သောအသိပညာရရှိရေးအတွက် အထောက်အကူအဖြစ် ကျွန်ုပ်တို့၌အဘယ်လက်နက်ကိရိယာများရှိသနည်းဟူ၍ဖြစ်သည်။ အလုပ်များလှသောဘဝအသက်တာတွင် ဘုရားသခင့်နှုတ်ကပတ်တရားတော်ကို အဘယ်အချိန်၌လေ့လာဖတ်ရှုနိုင်မည်နည်း။ ဤမေးခွန်းများနှင့် သက်ဆိုင်ရာအကြောင်းများကို နောက်ဆက်တွဲဆောင်းပါး၌ သုံးသပ်ပါမည်။
[အောက်ခြေမှတ်ချက်များ]
a Comprehensive Concordance of the New World Translation of the Holy Scriptures, စာမျက်နှာ ၁၇ ၌စာရင်းပြုစုတင်ပြချက်နှင့် ဖိလေမုန် ၆ အရဖြစ်သည်။ (The Kingdom Interlinear Translation of the Greek Scriptures ရှု။)
b သု၊ ကျမ်း၌တွေ့ရသော “အသိပညာ” (knowledge)၊ “ဉာဏ်ရည်ဉာဏ်သွား” (thinking ability)၊ “ဉာဏ်ပညာ” (wisdom) နှင့်အခြားစကားလုံးတို့၏အဓိပ္ပာယ်အနည်းငယ်ကွဲပြားခြားနားပုံကို ပိုမိုနားလည်ရန် နယူးယောက်ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်းမှ အင်္ဂလိပ်ဘာသာဖြင့်ထုတ်ဝေထားသော Insight on the Scriptures အတွဲ ၂၊ စာမျက်နှာ ၁၈၀၊ ၁၀၉၄၊ ၁၁၈၉ တို့တွင်ကြည့်ပါ။
ဖြေဆိုစရာမေးခွန်းများ
▫ “အသိပညာ” နှင့် “တိကျမှန်ကန်သောအသိပညာ” တို့၏ခြားနားချက်ကားအဘယ်နည်း။
▫ ဤနောက်ဆုံးနေ့ရက်များ၌ တိကျမှန်ကန်သောအသိပညာသည် အဘယ်ကြောင့်ဤမျှအရေးကြီးရသနည်း။
▫ အလင်းတရားမှသွေဖည်သွားအောင် အချို့သူများ အဘယ်သို့သွေးဆောင်ခြင်းခံရဖွယ်ရှိသနည်း။
▫ တိကျမှန်ကန်သောအသိပညာကိုငြင်းပယ်ခြင်းအကြောင်းနှင့်ပတ်သက်၍ အဘယ်သတိပေးချက်ကို ပေတရုပေးထားသနည်း။
▫ တိကျမှန်ကန်သောအသိပညာရရှိရေးနှင့် ထိမ်းသိမ်းရေးအတွက် ကျွန်ုပ်တို့ဘာလုပ်ရမည်နည်း။