အခန်း ခြောက်
သင့်ဆယ်ကျော်သက်ကလေးကို ရင့်သန်ဖွံ့ဖြိုးအောင် ကူညီပါ
၁၊ ၂။ ဆယ်ကျော်သက်အရွယ်သည် အဘယ်စိန်ခေါ်ချက်များ ကြုံတွေ့နိုင်ပြီး အဘယ်ရွှင်လန်းမှုများ ရရှိနိုင်သနည်း။
အိမ်ထောင်၌ ဆယ်ကျော်သက်ကလေးတစ်ယောက်ရှိခြင်းသည် ငါးနှစ်ကလေးတစ်ယောက် သို့မဟုတ် ဆယ်နှစ်ကလေးတစ်ယောက်ရှိခြင်းနှင့်ပင် အလွန်ကွာခြားသည်။ ဆယ်ကျော်သက်အရွယ်သည် ၎င်းတို့၏သီးခြားစိန်ခေါ်ချက်များနှင့် ပြဿနာများရှိသော်လည်း ရွှင်လန်းမှုနှင့်ဆုလာဘ်များလည်း ရရှိစေပါသည်။ ယောသပ်၊ ဒါဝိဒ်၊ ယောရှိနှင့် တိမောသေအစရှိသူတို့၏ စံနမူနာများအရ လူငယ်လူရွယ်များသည် တာဝန်သိသိဖြင့် ပြုမူဆောင်ရွက်နိုင်သည့်အပြင် ယေဟောဝါနှင့်လည်း ကောင်းမွန်သောဆက်ဆံရေး ရှိနိုင်ကြသည်။ (ကမ္ဘာဦး ၃၇:၂-၁၁; ၁ ဓမ္မရာဇဝင် ၁၆:၁၁-၁၃; ၄ ဓမ္မရာဇဝင် ၂၂:၃-၇; တမန်တော် ၁၆:၁၊ ၂) ယနေ့ ဆယ်ကျော်သက်အများကလည်း ဤအချက်ကို သက်သေထူကြသည်။ ထိုသို့သောလူငယ်အချို့ကို သင်သိကောင်းသိမည်။
ဆယ်ကျော်သက်သားသမီးက စကားပြောချင်သည့်အခါ နားထောင်ပေးရန် အသင့်ရှိပါ
၂ သို့ရာတွင် အချို့သူများအဖို့ ဆယ်ကျော်သက်အရွယ်သည် ကသောင်းကနင်းနိုင်သောနှစ်များဖြစ်သည်။ လူပျိုအပျိုပေါက်အရွယ်သည် စိတ်လှုပ်ရှားမှုအပြောင်းအလဲ မြန်ဆန်သည့်အရွယ်ဖြစ်သည်။ ဆယ်ကျော်သက်ရွယ် ယောက်ျားကလေးနှင့်မိန်းကလေးတို့သည် လွတ်လပ်မှု ပိုမိုရလိုကြသည့်အပြင် မိဘတို့၏ ကန့်သတ်ချုပ်ချယ်မှုကိုလည်း မကျေမနပ်ဖြစ်တတ်ကြသည်။ သို့သော် ထိုသို့သောလူငယ်တို့သည် အသိအမြင်မကြွယ်သေးသည့် မနူးမနပ်အရွယ်များဖြစ်ကြသဖြင့် မိဘတို့ထံမှ ချစ်ခင်ယုယစိတ်ရှည်စွာ ကူညီဖေးမမှု လိုအပ်ကြသည်။ ဆယ်ကျော်သက်အရွယ်သည် စိတ်လှုပ်ရှားတက်ကြွဖွယ်ကောင်းသည်မှန်သော်လည်း မိဘနှင့်ဆယ်ကျော်သက်တို့အဖို့ စိတ်ကယောက်ကယက်ဖြစ်စရာလည်း ကောင်းတတ်ပေသည်။ လူငယ်များ ထိုအရွယ်ကို အောင်မြင်စွာဖြတ်သန်းနိုင်ရန် မည်သို့ကူညီပေးနိုင်သနည်း။
၃။ မိဘတို့အနေဖြင့် မိမိတို့၏ လူပျိုအပျိုပေါက်သားသမီးများအား အဘယ်နည်းဖြင့် ဘဝအခွင့်အလမ်းကောင်း ဖန်တီးပေးနိုင်သနည်း။
၃ ကျမ်းစာဆုံးမစကားကို လိုက်နာသောမိဘတို့သည် မိမိတို့၏ လူပျိုအပျိုပေါက်သားသမီးများအား ထိုအကျပ်အတည်းကာလကို အောင်မြင်စွာဖြတ်သန်း၍ တာဝန်သိတတ်သူအဖြစ် လူလားမြောက်ကြီးပြင်းလာစေရန် အကောင်းဆုံးအခွင့်အရေးကို အတတ်နိုင်ဆုံး ဖန်တီးပေးကြသည်။ မည်သည့်တိုင်းပြည်၌ဖြစ်ဖြစ်၊ မည်သည့်ခေတ်ကာလ၌ဖြစ်ဖြစ် ကျမ်းစာမူအတိုင်း လိုက်လျှောက်ကြသည့် မိဘနှင့်ဆယ်ကျော်သက်များသည် အောင်မြင်ခြင်းသရဖူ ဆောင်းခဲ့ကြသည်။—ဆာလံ ၁၁၉:၁။
ရိုးသားပွင့်လင်းသော ပြောဆိုဆက်သွယ်မှု
၄။ ဆယ်ကျော်သက်အရွယ်တွင် အတွင်းရေးကိစ္စတိုင်ပင်ခြင်းသည် အဘယ်ကြောင့် အထူးအရေးကြီးသနည်း။
၄ “အတွင်းရေးကိစ္စ တိုင်ပင်ခြင်းမရှိလျှင် အကြံအစည်ပျက်တတ်၏” ဟုကျမ်းစာဆို၏။ (သု. ၁၅:၂၂၊ ကဘ) သားသမီးငယ်ရွယ်စဉ် အတွင်းရေးကိစ္စ တိုင်ပင်ရန်လိုအပ်သည်ဆိုလျှင် အိမ်တွင်အနေနည်းပြီး ကျောင်းနေဖက်သူငယ်ချင်း၊ အခြားအပေါင်းအသင်းများနှင့် အနေများသည့်အရွယ်ဖြစ်သော ဆယ်ကျော်သက်အရွယ်တွင် ထိုသို့ပြုရန် ပို၍ပင်အရေးကြီးသည်။ အတွင်းရေးကိစ္စ တိုင်ပင်ခြင်းမရှိလျှင်၊ တစ်နည်းအားဖြင့် သားသမီးနှင့်မိဘ ရိုးသားပွင့်လင်းသော ပြောဆိုဆက်သွယ်မှုမရှိလျှင် ဆယ်ကျော်သက်များသည် အိမ်တွင် သူစိမ်းများဖြစ်လာနိုင်သည်။ သို့ဖြစ်လျှင် ပြောဆိုဆက်သွယ်ရေးလမ်းကြောင်းကို မည်သို့ဖွင့်ထားနိုင်သနည်း။
၅။ မိဘတို့နှင့် ပြောဆိုဆက်သွယ်ခြင်းကိစ္စကို မည်သို့ရှုမြင်ရန် ဆယ်ကျော်သက်များအား အားပေးထားသနည်း။
၅ ဤကိစ္စတွင် ဆယ်ကျော်သက်များနှင့် မိဘတို့အနေဖြင့် မိမိတို့၏အပိုင်းကဏ္ဍကို အသီးသီးထမ်းဆောင်ကြရမည်။ အပျိုလူပျိုပေါက်တို့အနေဖြင့် ငယ်စဉ်ကကဲ့သို့ မိဘတို့နှင့်စကားပြောဆိုရန် ပိုမိုခက်ခဲလာကြောင်း သတိပြုမိမည်မှာမှန်ပါသည်။ သို့သော် “အကြံပေးနိုင်သောဉာဏ် [“ကျွမ်းကျင်သောလမ်းညွှန်မှု၊” ကဘ] မရှိလျှင် ပြည်သားတို့သည် ရှုံးတတ်၏။ အကြံပေးနိုင်သောသူအများရှိလျှင်မူကား၊ ဘေးလွတ်တတ်” ကြောင်းကိုသတိရပါ။ (သု. ၁၁:၁၄) ဤစကားသည် အသက်ကြီးငယ်မရွေး အားလုံးနှင့်သက်ဆိုင်သည်။ ဤအချက်ကို သိမြင်နားလည်သည့် ဆယ်ကျော်သက်တို့သည် ယခင်ကထက် ပိုမိုရှုပ်ထွေးသည့်ပြဿနာများနှင့် ရင်ဆိုင်နေရသောကြောင့် ကျွမ်းကျင်သောလမ်းညွှန်မှုကို မိမိတို့လိုအပ်လျက်ရှိကြောင်း သဘောပေါက်နားလည်ကြသည်။ ယုံကြည်သူမိဘတို့သည် ဘဝအတွေ့အကြုံများသည့်အပြင် သားသမီးများအတွက် နှစ်ပေါင်းများစွာ မေတ္တာစိတ်ဖြင့် စိုးရိမ်ပူပန်ခဲ့သည့်သာဓကလည်း ရှိနေသောကြောင့် အရည်အချင်းပြည့်ဝသည့် အကြံပေးသူများဖြစ်ကြောင်း အသိအမှတ်ပြုသင့်သည်။ ထို့ကြောင့် အမြော်အမြင်ရှိသော ဆယ်ကျော်သက်များသည် ဘဝအသက်တာ၏ ဤကာလပိုင်းတွင် မိဘတို့ကို ကျောခိုင်းစွန့်ခွာကြမည်မဟုတ်။
၆။ အမြော်အမြင်နှင့် မေတ္တာရှိသည့်မိဘတို့သည် ဆယ်ကျော်သက်သားသမီးများနှင့် ဆက်သွယ်ပြောဆိုရာ၌ မည်သည့်စိတ်သဘောထားမျိုး ထားရှိမည်နည်း။
၆ ပွင့်လင်းသော ပြောဆိုဆက်သွယ်မှုဆိုသည်မှာ ဆယ်ကျော်သက်သားသမီးက တိုင်ပင်ပြောဆိုချင်သည့်အခါ၌ မိဘဖြစ်သူက အတတ်နိုင်ဆုံး အချိန်ပေးပြောဆိုခြင်းကို ဆိုလိုသည်။ မိဘဖြစ်သူအနေနှင့် အနည်းဆုံး သင့်ဘက်မှ ပွင့်လင်းစွာ ပြောဆိုရန်အသင့်ရှိကြောင်း ပြသပါ။ လွယ်ကူမည်ကားမဟုတ်။ “တိတ်ဆိတ်စွာနေရသောအချိန်နှင့် စကားပြောရသောအချိန်လည်းရှိ၏” ဟူ၍ကျမ်းစာဆို၏။ (ဒေ. ၃:၇) သင့်ဆယ်ကျော်သက်သားသမီးက စကားပြောချင်သည့်အချိန်သည် သင့်ဘက်မှ တိတ်ဆိတ်စွာနေချင်သောအချိန် ဖြစ်ကောင်းဖြစ်မည်။ ထိုအချိန်ကို ကိုယ်ပိုင်လေ့လာမှုအတွက်၊ စိတ်ပြေလက်ပျောက် အနားယူရန်အတွက်၊ သို့မဟုတ် အိမ်အလုပ်လုပ်ရန်အတွက် ဖယ်ထားသောအချိန် ဖြစ်ကောင်းဖြစ်မည်။ သို့တိုင်အောင် သင့်သားငယ်သမီးငယ်က သင်နှင့်ပြောဆိုတိုင်ပင်လိုပါက အစီအစဉ်ကို ကြိုးစားပြင်ဆင်၍ နားထောင်ပေးပါ။ သို့မဟုတ်ပါက သင်နှင့်နောက်တစ်ဖန် ပြောဆိုတိုင်ပင်ရန် ကြိုးစားချင်စိတ် ရှိချင်မှရှိတော့မည်။ ယေရှု၏စံနမူနာကို သတိရပါ။ တစ်ခါက ကိုယ်တော်သည် စိတ်ပြေလက်ပျောက်အနားယူရန် အချိန်လျာထားသည်။ သို့သော် တရားတော်နားထောင်ရန် လူတို့စုရုံးဝိုင်းအုံလာသည့်အခါ အနားမယူတော့ဘဲ ဟောပြောသွန်သင်တော်မူ၏။ (မာကု ၆:၃၀-၃၄) ဆယ်ကျော်သက်အများက မိဘတို့သည် အလုပ်များကြောင်း နားလည်ကြသော်လည်း သူတို့အလိုရှိသည့်အခါတိုင်း မိဘတို့အသင့်ရှိသည်ကို သူတို့လိုလားကြသည်။ ထို့ကြောင့် သားသမီးတို့အတွက် အမြဲတမ်းအသင့်ရှိပါ၊ နားလည်စာနာမှုရှိပါ။
၇။ မိဘတို့အနေဖြင့် မည်သို့ပြုခြင်းကို ရှောင်ကြဉ်သင့်သနည်း။
၇ သင်ကိုယ်တိုင် ဆယ်ကျော်သက်အရွယ်က မည်သို့ပြုမူကျင့်ကြံခဲ့သည်ကို ပြန်ပြောင်းစဉ်းစားကြည့်ပါ။ သင်၏ဟာသဉာဉ်ကို မပျောက်ပါစေနှင့်! သားသမီးတို့နှင့် အတူနေရသည်ကို ပျော်ရွှင်စရာအဖြစ် ယူမှတ်သင့်သည်။ အားလပ်သည့်အချိန်တွင် မိဘတို့ဘာလုပ်ကြသနည်း။ အားလပ်ချိန်တွင် မိသားစုအားလုံးပါဝင်ခွင့်မရှိသော အရာများအတွက်သာ အသုံးပြုမည်ဆိုလျှင် ဆယ်ကျော်သက်သားသမီးများက ချက်ချင်းသတိပြုမိလာပေမည်။ အပျိုလူပျိုပေါက်တို့အနေဖြင့် ကျောင်းနေဖက်သူငယ်ချင်းတို့က မိမိတို့၏မိဘတို့ထက် မိမိတို့ကို အထင်ကြီးလေးစားသည်ဟု သဘောပိုက်လိုက်ပြီဆိုလျှင်သေချာပေါက် ပြဿနာတက်ပေတော့မည်။
ပြောဆိုသင့်သည့် အကြောင်းများ
၈။ ရိုးသားမှု၊ ကြိုးစားမှုနှင့် သင့်တော်သောအပြုအမူတို့ကို လေးမြတ်တန်ဖိုးထားတတ်ရန် သားသမီးတို့၏စိတ်တွင်စွဲမြဲအောင် မည်သို့ပြုနိုင်သနည်း။
၈ မိဘတို့အနေဖြင့် သားသမီးတို့၏စိတ်ထဲတွင် ရိုးသားမှုနှင့်ကြိုးစားမှုကို လေးမြတ်တန်ဖိုးထားသည့်သဘော မသွတ်သွင်းရသေးပါကဆယ်ကျော်သက်အရွယ်တွင်အသေအချာသွတ်သွင်းပေးသင့်သည်။ (၁ သက်သာလောနိတ် ၄:၁၁၊ ၁၂; ၂ သက်သာလောနိတ် ၃:၁၀) ကိုယ်ကျင့်တရားကောင်းမွန်သန့်ရှင်းသည့်အသက်တာဖြင့် အသက်ရှင်ခြင်း၏အရေးကြီးမှုကို သားသမီးများ အကြွင်းမဲ့ယုံကြည်လက်ခံလာအောင် အသေအချာပြုလုပ်ရန်လည်း အရေးကြီးသည်။ (သု. ၂၀:၁၁) ဤအပိုင်းကဏ္ဍများနှင့်ပတ်သက်၍ မိဘတို့သည် စံနမူနာပြခြင်းအားဖြင့် များစွာတာသွားနိုင်သည်။ မယုံကြည်သောခင်ပွန်းများကို “မယားဖြစ်သူတို့ အကျင့် . . . ဖြင့် အဟောအပြောကင်းလျက် ဘာသာတူ” စေနိုင်သကဲ့သို့ ဆယ်ကျော်သက်များသည် မိဘတို့၏အကျင့်အားဖြင့် မှန်ကန်သောအခြေခံသဘောတရားများကို သင်ယူနိုင်ကြသည်။ (၁ ပေတရု ၃:၁၊ သမ) သို့ဖြစ်သည့်တိုင်အောင် စံနမူနာတစ်ခုတည်းနှင့် မလုံလောက်ပေ။ အကြောင်းမှာ သားသမီးတို့သည် မကောင်းသောစံနမူနာများနှင့် ထိတွေ့ရသည့်အပြင် မိသားစုပြင်ပတွင် ဒီရေအလားဆွဲဆောင်အားကောင်းသော ဝါဒဖြန့်မှုများနှင့်လည်း ရင်ဆိုင်ရကြ၍ဖြစ်သည်။ ထို့ကြောင့် စိုးရိမ်ကြောင့်ကြတတ်သောမိဘတို့သည် သားသမီးများ မြင်ရကြားရသမျှအပေါ် မည်သို့သဘောထားကြောင်း သိရှိရန်လိုသည်။ ဤသို့သိရှိနိုင်ရန် အဓိပ္ပာယ်ရှိရှိ စကားလက်ဆုံပြောရန်လိုသည်။—သု. ၂၀:၅။
၉၊ ၁၀။ မိဘတို့အနေဖြင့် သားသမီးများအား လိင်ကိစ္စအကြောင်းသိရှိအောင် အဘယ်ကြောင့် အသေအချာသင်ပေးသင့်သနည်း။ မည်သို့သင်ကြားပေးနိုင်သနည်း။
၉ လိင်ကိစ္စနှင့်ပတ်သက်၍ သားသမီးတို့၏ အမြင်သဘောထားကိုသိရှိရန် အထူးပင်အရေးကြီးသည်။ မိဘဖြစ်သူတို့၊ သင့်သားသမီးနှင့် လိင်အကြောင်းပြောဆိုဆွေးနွေးရန် ရှက်ရွံ့သလော။ ရှက်ရွံ့လျှင်လည်း ပြောဖြစ်အောင်ပြောပါ။ အကြောင်းမှာ သင့်ကလေးတို့သည် ဤအကြောင်းကို တစ်စုံတစ်ယောက်ထံမှ ဧကန်မုချ သိရှိလာမည်ဖြစ်၍တည်း။ သင့်ထံမှသိရှိရခြင်းမဟုတ်လျှင် မည်သို့သော ထင်ယောင်ထင်မှားဖြစ်စရာ အကြောင်းများကို သူတို့သိရှိလာမည်ကို မည်သူသိနိုင်မည်နည်း။ ကျမ်းစာတွင် ယေဟောဝါသည် လိင်ကိစ္စကို မပြောဘဲမနေပါ။ မိဘဖြစ်သူတို့လည်း ထို့အတူပြုသင့်သည်။—သု. ၄:၁-၄; ၅:၁-၂၁။
၁၀ ဝမ်းသာစရာမှာ လိင်အပြုအမူနှင့်ပတ်သက်သောကဏ္ဍတွင် ကျမ်းစာက ရှင်းလင်းသောလမ်းညွှန်ချက် ပေးထားသည့်အပြင် ကင်းမျှော်စင်အသင်းကလည်း ၎င်းလမ်းညွှန်ချက်သည် ယခုခေတ်သစ်လောကတွင်လည်း လက်တွေ့အသုံးဝင်လျက်ပင်ရှိကြောင်း အထောက်အကူပေးသည့်အကြောင်းအရာများစွာကို ပုံနှိပ်ထုတ်ဝေထားသောကြောင့်ဖြစ်သည်။ ဤအကူအညီကို အကျိုးရှိရှိအသုံးပြုပါလေ။ ဥပမာအားဖြင့် လူငယ်များအမေး—တာသွားသည့်အဖြေ စာအုပ်မှ “လိင်နှင့်ကိုယ်ကျင့်တရား” အပိုင်းကို သင့်သား သို့မဟုတ် သမီးနှင့် ပြန်လည်သုံးသပ်ပါလေ။ ရရှိသည့်အကျိုးရလဒ်ကြောင့် သင်အံ့သြကြည်နူးမိပေမည်။
၁၁။ မိဘတို့အနေဖြင့် သားသမီးများကို ယေဟောဝါအား မည်သို့ဝတ်ပြုရမည်အကြောင်း မည်သည့်နည်းဖြင့် အထိရောက်ဆုံး သင်ကြားပေးနိုင်သနည်း။
၁၁ မိဘနှင့်သားသမီးတို့ ဆွေးနွေးသင့်သည့် အရေးအကြီးဆုံး အကြောင်းအရာကား အဘယ်နည်း။ “[သင့်သားသမီး] တို့ကို ယေဟောဝါ၏ ဆုံးမပဲ့ပြင်ခြင်းနှင့် စိတ်ပိုင်းဆိုင်ရာထိန်းကွပ်မှုဖြင့် မွေးမြူလော့” ဟုတမန်တော်ပေါလုရေးသားစဉ်က ဤအကြောင်းကို ရည်ညွှန်းဖော်ပြခဲ့သည်။ (ဧဖက် ၆:၄၊ ကဘ) သားသမီးတို့သည် ယေဟောဝါအကြောင်းကို သိရှိရန်လိုသည်။ အထူးသဖြင့် ကိုယ်တော်ကိုချစ်တတ်ရန် သင်ယူဖို့လိုသည့်အပြင် ကိုယ်တော်အား ဝတ်ပြုလိုစိတ်ရှိအပ်သည်။ ဤနေရာတွင်လည်း စံနမူနာဖြင့် များစွာသင်ကြားပေးနိုင်သည်။ အပျိုလူပျိုပေါက်တို့အနေဖြင့် ၎င်းတို့၏မိဘတို့က ဘုရားသခင်ကို ‘နှလုံးအကြွင်းမဲ့၊ စိုးလ်အကြွင်းမဲ့၊ စိတ်အကြွင်းမဲ့’ ဖြင့်ချစ်၍ မိဘတို့၏အသက်တာတွင် ကောင်းကျိုးများသီးပွင့်သည်ကို တွေ့ရပါက သူတို့လည်း အလားတူလုပ်ဆောင်ရန် စေ့ဆော်ခံရဖွယ်ရှိသည်။ (မဿဲ ၂၂:၃၇) ထိုနည်းတူ မိဘတို့သည် ရုပ်ပစ္စည်းနှင့်ပတ်သက်၍ သင့်တင့်မျှတသောအမြင်ရှိပြီး ဘုရားသခင့်နိုင်ငံတော်ကို ဦးထိပ်ထားသည်ကို လူငယ်များတွေ့ရှိပါက အလားတူစိတ်သဘောထားမျိုး မွေးမြူလာကြပေမည်။—ဒေ. ၇:၁၂; မဿဲ ၆:၃၁-၃၃။
၁၂၊ ၁၃။ မိသားစုသင်အံမှုကို အောင်မြင်စေလိုသော် မည်သည့်အချက်များကို စိတ်စွဲမှတ်သင့်သနည်း။
၁၂ အပတ်စဉ် မိသားစုကျမ်းစာသင်အံမှု ပြုလုပ်ခြင်းသည် လူငယ်များအား ဝိညာဉ်ရေးတန်ဖိုးများအကြောင်းပြောပြရန် အကောင်းဆုံး အထောက်အကူတစ်ရပ်ဖြစ်သည်။ (ဆာလံ ၁၁၉:၃၃၊ ၃၄; သု. ၄:၂၀-၂၃) ဤသို့သောသင်အံမှုကို မှန်မှန်ပြုလုပ်ရန် အရေးကြီးသည်။ (ဆာလံ ၁:၁-၃) အခြားအရာများကို မိသားစုသင်အံမှုထက် ဦးစားပေးရမည်မဟုတ်ဘဲ မိသားစုသင်အံမှုကို အခြားသောအရာများထက် ဦးစားပေးရမည်ဖြစ်ကြောင်း မိဘနှင့်သားသမီးအားလုံး နားလည်သဘောပေါက်သင့်သည်။ ၎င်းပြင် မိသားစုသင်အံမှု ထိရောက်မှုရှိစေလိုပါက မှန်ကန်သောစိတ်သဘောထားရှိရန်လည်း အလွန်အရေးကြီးသည်။ ဖခင်တစ်ဦးက ဤသို့ဆိုသည်– “လျှို့ဝှက်ချက်ကတော့ သင်တန်းကိုင်သူအနေနဲ့ မိသားစုသင်အံမှုကို လုပ်နေစဉ်အခါမှာ သက်သောင့်သက်သာနဲ့ လေးလေးစားစားရှိတဲ့ စရိုက်လက္ခဏာဝန်းကျင်မျိုးကို မြေတောင်မြှောက်ပေးခြင်းပါပဲ။ အဲဒါကတော့ လွတ်လွတ်လပ်လပ်ရှိပေမဲ့ ကပြက်ကချော်မလုပ်ဘဲနေခြင်းဖြစ်တယ်။ ဒီလိုဖြစ်အောင် တစ်သမတ်တည်း အမြဲထိန်းထားဖို့က မလွယ်ပါဘူး။ ကလေးတွေရဲ့စိတ်သဘောကို အမြဲလိုလိုပြုပြင်တည့်မတ်ပေးနေရတယ်။ တစ်ခါနှစ်ခါလောက် အခြေအနေမဟန်ဘူးဆိုရင် ဇွဲမလျှော့ဘဲ နောက်တစ်ခါကျရင် တိုးတက်ပြောင်းလဲလာမယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ ဆက်ပြီးကြိုးစာပါ။” သင်တန်းမစမီ ဆုတောင်းသည့်အခါတိုင်း ပါဝင်သူအားလုံး မှန်ကန်သောအမြင်သဘောထားရှိစေရန် မစတော်မူပါဟု ယေဟောဝါထံ အတိအကျဖော်ပြတောင်းလျှောက်ကြောင်း ထိုဖခင်ကဆိုသည်။—ဆာလံ ၁၁၉:၆၆။
၁၃ မိသားစုသင်အံမှုပြုလုပ်ရန်မှာ ယုံကြည်သူမိဘတိုင်း၏တာဝန်ဖြစ်သည်။ အချို့မိဘတို့သည် သင်ကြားမှုစွမ်းရည်မရှိသည့်အပြင် မိသားစုသင်အံမှုကို စိတ်ဝင်စားဖွယ်ကောင်းအောင် နည်းလမ်းရှာကြံရာ၌လည်း အခက်အခဲရှိကောင်းရှိမည်။ မည်သို့ပင်ရှိစေ၊ သင့်ဆယ်ကျော်သက်သားသမီးများကို “အပြုအမူအားဖြင့် ဧကန်အမှန်” ချစ်မည်ဆိုလျှင် ဝိညာဉ်ရေးတိုးတက်အောင် နှိမ့်ချရိုးသားစွာဖြင့် ကူညီပေးလိုသည့်ဆန္ဒရှိပေမည်။ (၁ ယောဟန် ၃:၁၈၊ သမ္မာ) တစ်ခါတစ်ရံ သူတို့ ညည်းညူကောင်းညည်းညူကြမည်ဖြစ်သော်လည်း သူတို့၏ကောင်းကျိုးအတွက် သင်အလေးအနက်စိတ်ဝင်စားသည်ကို သူတို့နောက်ဆုံးသိမြင်လာဖွယ်ရှိသည်။
၁၄။ ဆယ်ကျော်သက်များကို ဝိညာဉ်ရေးအကြောင်း ပြောဆိုဆွေးနွေးသည့်အခါ တရားဟောရာ ၁၁:၁၈၊ ၁၉ ကို မည်သို့လက်တွေ့သုံးနိုင်သနည်း။
၁၄ မိသားစုသင်အံမှု ပြုလုပ်သည့်အခါ၌သာ ဝိညာဉ်ရေးအရ အရေးကြီးသောအကြောင်းအရာများကို ပြောဆိုဆွေးနွေးရန်မဟုတ်ပါ။ မိဘတို့အား ယေဟောဝါပေးတော်မူသည့် အမိန့်တော်ကို သတိရသလော။ ကိုယ်တော်က “ငါဟောပြောသောဤစကားကို စိတ်နှလုံး၌သွင်းထား၍၊ လက်၌ လက္ခဏာသက်သေဖို့ရာလည်းကောင်း၊ မျက်စိကြားမှာ သင်းကျစ်ကဲ့သို့လည်းကောင်း ချည်ထားရကြမည်။ ထိုစကားကို သင်တို့သည် အိမ်၌ထိုင်လျက်နေသည်ဖြစ်စေ၊ ခရီးသွားသည်ဖြစ်စေ၊ အိပ်လျက်ထလျက်ရှိသည်ဖြစ်စေ ဟောပြော၍၊ သားသမီးတို့အား သွန်သင်ရကြမည်” ဟုမိန့်တော်မူ၏။ (တရားဟောရာ ၁၁:၁၈၊ ၁၉; တရားဟောရာ ၆:၆၊ ၇ လည်းရှု။) မိဘတို့အနေဖြင့် သားသမီးများကို အဆက်မပြတ် ဟောပြောနေရမည်ဟု ဆိုလိုနေခြင်းမဟုတ်ပါ။ သို့သော် မေတ္တာရှိသောအိမ်ထောင်ဦးစီးတစ်ဦးအနေဖြင့် မိသားစု၏ဝိညာဉ်ရေးခံယူချက်အတွက် တည်ဆောက်ပေးနိုင်သည့် အခွင့်အလမ်းကို မျက်စိရှင်ရှင်ဖြင့် အစဉ်စောင့်ကြည့်သင့်သည်။
ဆုံးမပဲ့ပြင်ခြင်းနှင့် လေးစားခြင်း
၁၅၊ ၁၆။ (က) ဆုံးမပဲ့ပြင်ခြင်းကား အဘယ်နည်း။ (ခ) ဆုံးမပဲ့ပြင်ခြင်းပြုရန် မည်သူ၌တာဝန်ရှိသနည်း။ ဆုံးမပဲ့ပြင်ခြင်းကို အသေအချာနားထောင်ရန် မည်သူ၌တာဝန်ရှိသနည်း။
၁၅ ဆုံးမပဲ့ပြင်ခြင်းဆိုသည်မှာ အမှားပြင်ပေးသည့် လေ့ကျင့်မှုဖြစ်ပြီး ပြောဆိုဆက်သွယ်ခြင်းလည်းပါဝင်သည်။ ဆုံးမပဲ့ပြင်ခြင်း၌ အပြစ်ဒဏ်ပေးခြင်းသဘောထက် အမှားပြင်ပေးခြင်းသဘော ပို၍သက်ဝင်သည်။ သို့သော် အပြစ်ဒဏ်ပေးရသည့်အခါလည်း ရှိကောင်းရှိပေမည်။ သားသမီးများငယ်စဉ်က ဆုံးမပဲ့ပြင်ခြင်းလိုအပ်၏။ ယခု ဆယ်ကျော်သက်များဖြစ်လာကြသော်လည်း ပုံစံတစ်မျိုးမျိုးဖြင့် ဆုံးမပဲ့ပြင်ရန် လိုအပ်လျက်ပင်ရှိသည်။ ယခင်ကထက်ပင် ပို၍လိုကောင်းလိုမည်။ အမြော်အမြင်ရှိသော ဆယ်ကျော်သက်များသည် ဤအချက်မှန်ကန်ကြောင်း သိရှိကြသည်။
၁၆ “လူမိုက်သည် အဘဆုံးမခြင်းကို မထီမဲ့မြင်ပြုတတ်၏။ ပဲ့ပြင်ခြင်းကို လိုက်နာသူမူကား လိမ္မာ၏” ဟုကျမ်းစာဆို၏။ (သု. ၁၅:၅၊ သမ) ဤကျမ်းချက်မှ ကျွန်ုပ်တို့ များစွာသင်ယူရရှိသည်။ ဆုံးမပဲ့ပြင်ခြင်းပြုရမည်ဟု ဤကျမ်းချက်က သွယ်ဝိုက်၍ဆိုသည်။ ဆုံးမပဲ့ပြင်ခြင်းမပြုလျှင် ဆယ်ကျော်သက်တစ်ဦးသည် “ပဲ့ပြင်ခြင်းကို လိုက်နာ” နိုင်မည်မဟုတ်။ ဆုံးမပဲ့ပြင်ခြင်းတာဝန်ကို မိဘတို့အား ယေဟောဝါပေးတော်မူ၏။ အထူးသဖြင့် ဖခင်ဖြစ်သူအားပေးတော်မူ၏။ တစ်ဖက်တွင် ဆုံးမပဲ့ပြင်ခြင်းကို နားထောင်ရမည့်တာဝန်သည် ဆယ်ကျော်သက်တို့နှင့်ဆိုင်သည်။ အမိအဖတို့၏ ပညာရှိသောဆုံးမစကားကို နာခံလိုက်လျှောက်ပါက ပညာတိုးပွား၍ အမှားအယွင်းနည်းလိမ့်မည်။ (သု. ၁:၈) “ဆုံးမခြင်းကို ငြင်းပယ်သောသူသည် ဆင်းရဲ၍အရှက်ကွဲရလိမ့်မည်။ ပဲ့ပြင်ခြင်းကို လိုက်နာသောသူမူကား ဂုဏ်ရှိလိမ့်မည်” ဟုကျမ်းစာဆို၏။—သု. ၁၃:၁၈၊ သမ။
၁၇။ မိဘတို့အနေဖြင့် ဆုံးမပဲ့ပြင်ရာ၌ မည်သို့ဟန်ချက်ညီညီပြုရန် လိုသနည်း။
၁၇ မိဘတို့အနေဖြင့် ဆယ်ကျော်သက်များကို ဆုံးမသည့်အခါ၌ ဟန်ချက်ညီမျှဖို့လိုသည်။ သားသမီးတို့ကို စိတ်ဆိုးအောင်၊ သားသမီးတို့၏ ကိုယ့်ကိုယ်ကိုယုံကြည်မှု ထိခိုက်ပျက်စီးသည်အထိ အလွန်အမင်းတင်းကျပ်ခြင်း မရှိသင့်ပေ။ (ကောလောသဲ ၃:၂၁) သို့သော် အရေးကြီးသည့်လေ့ကျင့်မှုကို ကလေးများမရရှိဘဲ လက်လွှတ်သည်အထိလည်း ခွင့်လွှတ်သည်းခံလိုကြမည်မဟုတ်။ ထိုသို့ခွင့်လွှတ်သည်းခံခြင်းဖြင့် ဘေးဒုက္ခရောက်နိုင်သည်။ “သင်၏သားကိုဆုံးမလော့။ သို့ပြုလျှင် သူသည် သင့်ကိုချမ်းသာပေးမည်။ ထိုမျှမက စိတ်ရွှင်လန်းစရာအခွင့်ကိုပေးမည်” ဟုနယပုံပြင်ကျမ်း ၂၉:၁၇ ကဆို၏။ သို့သော် အခန်းငယ် ၂၁ (သမ) ၌ “ကျွန်ကို ငယ်ရွယ်စဉ်က ဦးစားပေး၍ ကျွေးမွေးခဲ့သောသူသည် နောက်၌ ကျွန်၏ကျေးဇူးမခံရ” ဟုဆို၏။ ဤကျမ်းချက်က ကျွန်နှင့်ပတ်သက်၍ ပြောနေခြင်းဖြစ်သော်လည်း အိမ်ထောင်တွင်းရှိ မည်သည့်ကလေးနှင့်မဆိုလည်း ထပ်တူပင်သက်ဆိုင်သည်။
၁၈။ ဆုံးမပဲ့ပြင်ခြင်းသည် အဘယ်အရာ၏လက္ခဏာသက်သေဖြစ်သနည်း။ မိဘတို့အနေဖြင့် ဆုံးမပဲ့ပြင်ခြင်းကို စဉ်ဆက်မပြတ် တစ်သမတ်တည်းပြုလုပ်ပါက အဘယ်အခြေအနေကို ရှောင်ရှားနိုင်မည်နည်း။
၁၈ အမှန်ဆိုရလျှင် လျောက်ပတ်စွာ ဆုံးမပဲ့ပြင်ခြင်းသည် သားသမီးအပေါ် မိဘတို့ထားရှိသောမေတ္တာ၏ ထင်ရှားသောသာဓကဖြစ်သည်။ (ဟေဗြဲ ၁၂:၆၊ ၁၁) မိဘတစ်ဦးအနေနှင့် အစဉ်သဖြင့် တစ်သမတ်တည်း အကျိုးသင့်အကြောင်းသင့် ဆုံးမပဲ့ပြင်ရန်ဆိုသည်မှာ မလွယ်ကူကြောင်း သင်သိပေမည်။ အိမ်တွင် ဆူဆူပူပူမဖြစ်စေလိုသဖြင့် ခေါင်းမာသော ဆယ်ကျော်သက်သားသမီးကို လုပ်ချင်ရာလုပ်လွှတ်ထားခြင်းသည် ပို၍အဆင်ပြေသယောင်ရှိမည်။ သို့သော် ရေရှည်တွင် ဤသို့ပြုသည့်မိဘတို့၏အိမ်ထောင်သည် ထိန်းမနိုင်သိမ်းမရသည့်အခြေသို့ ဆိုက်ရောက်သွားပေမည်။—သု. ၂၉:၁၅; ဂလာတိ ၆:၉။
အလုပ်နှင့် အပန်းဖြေပျော်ရွှင်ခြင်း
၁၉၊ ၂၀။ ဆယ်ကျော်သက်သားသမီးများ၏ အပန်းဖြေမှုကိစ္စကို မိဘတို့ အမြော်အမြင်ရှိရှိ မည်သို့ကိုင်တွယ်နိုင်သနည်း။
၁၉ ရှေးခေတ်ကသားသမီးများသည် အိမ်အလုပ်၊ ခြံအလုပ်များ ဝိုင်းဝန်းကူညီလုပ်ကိုင်ကြရသည်။ ယခုခေတ် ဆယ်ကျော်သက်အများတို့တွင် ကိုယ်ပိုင်အားလပ်ချိန် အမြောက်အမြားရှိသော်လည်း ကြီးကြပ်ထိန်းကွပ်ပေးသူမရှိ ဖြစ်နေကြသည်။ ထိုအားလပ်ချိန်ဟာကွက်ကို ဖြည့်စွက်သည့်အနေနှင့် စီးပွားရေးလောကက ပစ္စည်းအမျိုးမျိုးကို အလျှံပယ်ထုတ်လုပ်ရောင်းချကြသည်။ ၎င်းပြင် ဤလောကသည်ကျမ်းစာကိုယ်ကျင့်တရားစံညွှန်းများကို တန်ဖိုးထားခြင်းမရှိ။ ထို့ကြောင့် ဘေးဒုက္ခရောက်နိုင်သည့်အလားအလာရှိသည်။
၂၀ ထို့ကြောင့် ဉာဏ်အမြော်အမြင်ရှိသောမိဘတို့သည် အပန်းဖြေမှုနှင့်ပတ်သက်၍ အပြီးသတ်ဆုံးဖြတ်ပိုင်ခွင့်ကို ချုပ်ကိုင်ထားမည်ဖြစ်သည်။ သို့သော် ဆယ်ကျော်သက်သားသမီးတို့သည် တဖြည်းဖြည်းကြီးပြင်းလျက်ရှိသည်ကို မမေ့ပါနှင့်။ တစ်နှစ်ပြီးတစ်နှစ် ကလေးတို့သည် လူကြီးတစ်ဦးကဲ့သို့ဆက်ဆံသည်ကို ခံလိုကြသည်။ သို့နှင့် မိဘတို့အနေဖြင့် ဆယ်ကျော်သက်သားသမီး ကြီးပြင်းလာသည်နှင့်အမျှ အပန်းဖြေမှုရွေးချယ်ရာ၌—သူ၏ရွေးချယ်မှုသည် ဝိညာဉ်ရေးရင့်ကျက်မှုဆီသို့ ဦးတည်သည့်လက္ခဏာ ထင်ဟပ်နေသမျှကာလပတ်လုံး—လွတ်လပ်မှုပို၍ပေးလျှင် ဉာဏ်အမြော်အမြင်ရှိရာရောက်၏။ တစ်ခါတစ်ရံ ဆယ်ကျော်သက်သားသမီးသည် တေးဂီတ၊ အပေါင်းအသင်းနှင့် အခြားအခြားသောကိစ္စများ၌ အမြော်အမြင်မဲ့စွာရွေးချယ်တတ်ကြသည်။ ဤသို့ဖြစ်လာပါက နောက်နောင်တွင် ပို၍သင့်တော်စွာရွေးချယ်လာတတ်စေရန် သူနှင့်ကောင်းစွာဆွေးနွေးသင့်သည်။
၂၁။ အပန်းဖြေချိန်ပမာဏကို သင့်တင့်မျှတစွာသုံးလျှင် ဆယ်ကျော်သက်များကို မည်သို့ကာကွယ်ပေးရာကျမည်နည်း။
၂၁ အပန်းဖြေမှုအတွက် အချိန်မည်မျှပေးသင့်သနည်း။ အချို့တိုင်းပြည်များ၌ ဆယ်ကျော်သက်ကလေးတို့က မိမိတို့၏လူနေမှုအဆင့်ကြောင့် မိမိတို့သည် အဆက်မပြတ် အပန်းဖြေခွင့်ရှိသည်ဟု ယူဆတတ်ကြသည်။ ထို့ကြောင့် အပျိုလူပျိုပေါက်တို့သည် “စားသောက်ပျော်ပါးမှု” တစ်ခုပြီးတစ်ခု ဆက်တိုက်ပြုလုပ်ဖို့ အစီအစဉ်ဆွဲထားပေမည်။ မိသားစုနှင့်အတူနေခြင်း၊ ကိုယ်ပိုင်လေ့လာမှုလုပ်ခြင်း၊ ဝိညာဉ်ရေးရင့်ကျက်သူတို့နှင့် ပေါင်းသင်းခြင်း၊ ခရစ်ယာန်အစည်းအဝေးများတက်ခြင်းနှင့် အိမ်မှုကိစ္စများလုပ်ကိုင်ခြင်းစသော အခြားအရာများအတွက်ပါ အချိန်ပေးသင့်ကြောင်း နားလည်သဘောပေါက်အောင် သင်ကြားပေးရန်မှာ မိဘတို့၏တာဝန်ဖြစ်သည်။ ဤသို့ဖြင့် ‘ယခုဘဝ၏အပျော်အပါး’ က ဘုရားသခင့်နှုတ်မြွက်တရားတော်ကို လွှမ်းမိုးဖိစီးခြင်းမှ ကာကွယ်နိုင်မည်ဖြစ်သည်။—လုကာ ၈:၁၁-၁၅။
၂၂။ ဆယ်ကျော်သက်ကလေးများ၏ အသက်တာတွင် ဟန်ချက်ညီစေရန် အပန်းဖြေခြင်းအပြင် အဘယ်အရာရှိရန်လိုသနည်း။
၂၂ “ရွှင်လန်းခြင်းအမှုနှင့် အသက်ပျိုစဉ်တွင် ကျေးဇူးပြုခြင်းမှတစ်ပါး အခြားသောအမှုအရာတို့၌ အကျိုးကျေးဇူးမရှိသည်ကို ငါသိ၏။ လူတိုင်း စားသောက်ခြင်းငှာလည်းကောင်း၊ မိမိကြိုးစားအားထုတ်သမျှသောအမှု၌ ပျော်မွေ့ခြင်းငှာလည်းကောင်း ဘုရားသခင်၏ကျေးဇူးတော်ကြောင့်သာ အခွင့်ရှိ၏” ဟူ၍ ရှောလမုန်မင်းဆို၏။ (ဒေ. ၃:၁၂၊ ၁၃) ရွှင်လန်းခြင်းသည် ဟန်ချက်ညီသောအသက်တာ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပေသည်။ ကြိုးစားလုပ်ကိုင်ခြင်းသည်လည်း ထို့အတူဖြစ်၏။ ယခုခေတ် ဆယ်ကျော်သက်အများသည် ကြိုးစားလုပ်ကိုင်ခြင်းမှရရှိသော ကျေနပ်ရောင့်ရဲမှုကိုလည်းကောင်း၊ ပြဿနာတစ်ခုကို ရင်ဆိုင်ဖြေရှင်းခြင်းမှရရှိသော ကိုယ့်သိက္ခာကိုယ်လေးစားမှုကိုလည်းကောင်း နားမလည်ကြချေ။ အချို့သည် ဘဝနောင်ရေးအတွက် ကျွမ်းကျင်မှုအတတ်ပညာတစ်ခုခု သင်ကြားရန်အခွင့်အလမ်းပင် မရရှိကြချေ။ ဤကိစ္စသည် မိဘဖြစ်သူတို့အဖို့ တကယ့်စိန်ခေါ်မှုဖြစ်သည်။ သင့်ကလေး ဤသို့သောအခွင့်အလမ်းရရှိအောင် အသေအချာစီစဉ်ပေးမည်လော။ ဆယ်ကျော်သက်သားသမီးအား ကြိုးစားလုပ်ကိုင်ခြင်းကို တန်ဖိုးထားတတ်ရုံမက ကြိုးစားလုပ်ကိုင်ခြင်းကို ပျော်မွေ့တတ်အောင် အောင်မြင်စွာသင်ကြားပေးနိုင်မည်ဆိုပါက တစ်သက်တာလုံးအကျိုးပြုမည့် ကျန်းခံ့သောဘဝအမြင်ရှိလာပေမည်။
ဆယ်ကျော်သက်အရွယ်မှ လူကြီးဘဝသို့
၂၃။ ဆယ်ကျော်သက်သားသမီးများကို မိဘများ မည်သို့အားပေးနိုင်သနည်း။
၂၃ သင့်ဆယ်ကျော်သက်သားသမီးနှင့် ပြဿနာဖြစ်သည့်တိုင်အောင် “မေတ္တာသည် ဖောက်ပြန်ခြင်းသဘောနှင့် အစဉ်ကင်းလွတ်၏” ဟူသောကျမ်းစကားသည် မှန်ကန်လျက်ပင်ရှိသည်။ (၁ ကောရိန္သု ၁၃:၈) ဤသို့သောမေတ္တာမျိုး သင်၌မုချရှိမည်ဖြစ်ရာ ယင်းမေတ္တာကိုပြသရာ၌ မည်သည့်အခါမျှ လက်မလျှော့ပါနှင့်။ ‘ပြဿနာများကို အောင်မြင်စွာကိုင်တွယ်နိုင်ခြင်း၊ အဟန့်အတားများကို အောင်မြင်စွာကျော်လွှားနိုင်ခြင်းအတွက် မည်သည့်သားသမီးကိုမဆို ကျွန်ုပ်ချီးမွမ်းစကားပြောသလော။ သားသမီးများကိုချစ်ကြောင်း၊ လေးမြတ်ကြောင်း ပြသနိုင်သည့်အခွင့်အလမ်း ပေါ်လာသည့်အခါ ကျွန်ုပ်လက်မလွှတ်တမ်း ဆုပ်ကိုင်ပါသလော’ ဟူ၍ မိမိကိုယ်ကိုဆန်းစစ်ကြည့်ပါ။ တစ်ခါတစ်ရံ နားလည်မှုလွဲမှားသည့်အခါ ရှိတတ်သော်လည်း သင့်ဆယ်ကျော်သက်သားသမီးတို့ကို သင်ချစ်ကြောင်း သူတို့ကောင်းစွာသိလျှင် သင့်မေတ္တာကိုတုံ့ပြန်လာဖို့ အလားအလာများသည်။
၂၄။ သားသမီးများကိုမွေးမြူသည့်ကိစ္စ၌ အဘယ်ကျမ်းစာမူသည် ယေဘုယျအားဖြင့် မှန်ကန်သနည်း။ သို့သော် အဘယ်အချက်ကို မမေ့သင့်သနည်း။
၂၄ သားသမီးများ ကြီးပြင်းလာသည်နှင့်အမျှ အလွန်အရေးကြီးသည့် ဆုံးဖြတ်ချက်များကို မိမိတို့ဘာသာ တဖြည်းဖြည်းချလာမည်မှာ ဓမ္မတာပင်ဖြစ်သည်။ အချို့ကိစ္စများတွင် သားသမီးတို့၏ဆုံးဖြတ်ချက်ကို မိဘတို့ သဘောကျချင်မှကျမည်။ သားသမီးက ယေဟောဝါဘုရားသခင်အား ဆက်လက်ဝတ်မပြုတော့ဟုဆုံးဖြတ်လျှင် မည်သို့ပြုမည်နည်း။ ဤသို့ဖြစ်တတ်ပါသည်။ ယေဟောဝါ၏ နာမ်ဝိညာဉ်သားအချို့ပင် ကိုယ်တော့်ဆုံးမစကားကိုပယ်၍ ပုန်ကန်သွားခဲ့ကြသည်။ (ကမ္ဘာဦး ၆:၂; ယုဒ ၆) ကွန်ပျူတာကို လိုသလိုခိုင်းနိုင်အောင် စီစဉ်ညွှန်ကြားနိုင်သည်။ သို့သော် သားသမီးတို့သည် ကွန်ပျူတာများမဟုတ်ကြပေ။ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ရှိသော သတ္တဝါများဖြစ်ကြသည်။ ၎င်းတို့ရွေးချယ်ဆုံးဖြတ်သမျှအတွက် ယေဟောဝါရှေ့တော်တွင် တာဝန်ရှိကြသည်။ မည်သို့ဆိုစေ “သူငယ်ကို မိမိသွားရမည်လမ်းအတိုင်း သွန်သင်ပဲ့ပြင်လော့။ သို့ပြုလျှင် အိုသောအခါ ထိုလမ်းမှမလွှဲ၊ လိုက်သွားလိမ့်မည်” ဟူသော နယပုံပြင်ကျမ်း ၂၂:၆ (သမ္မာ) သည် ယေဘုယျစည်းမျဉ်းတစ်ရပ်အနေနှင့် မှန်ကန်လျက်ပင်ရှိသည်။
၂၅။ မိဘတို့အနေဖြင့် မိဘဖြစ်ခြင်းအခွင့်ထူးအတွက် ယေဟောဝါအား ကျေးဇူးတင်ကြောင်းပြသနိုင်သည့် အကောင်းဆုံးနည်းကား အဘယ်နည်း။
၂၅ အချုပ်အားဖြင့် သင့်သားသမီးတို့ကို မေတ္တာများများပြပါ။ သူတို့ကိုမွေးမြူရာ၌ ကျမ်းစာမူများကို အတတ်နိုင်ဆုံး ကြိုးစားလိုက်နာပါ။ ဘုရားတရားကိုင်းရှိုင်းသည့် အပြုအမူဘက်တွင် စံနမူနာကောင်းပြပါ။ ဤသို့ဖြင့် သင့်သားသမီးတို့အား ဘုရားကြောက်ရွံ့၍ တာဝန်သိတတ်သောလူကြီးတစ်ဦးအဖြစ် ကြီးပြင်းလာစေရန် အကောင်းဆုံးအခွင့်အရေး ရရှိစေပါလိမ့်မည်။ ဤသည်ကား မိဘဖြစ်ခြင်းအခွင့်ထူးအတွက် ယေဟောဝါအား ကျေးဇူးတင်ကြောင်း မိဘတို့ပြသနိုင်သည့် အကောင်းမြတ်ဆုံးနည်းလမ်းပင်ဖြစ်ပေသည်။