ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၉ ၁၁/၁၅ စာ. ၂၄-၂၇
  • “ယေဟောဝါကိုယ်တော်တိုင်သည်ဉာဏ်ပညာကိုပေးသနားတော်မူ၏”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “ယေဟောဝါကိုယ်တော်တိုင်သည်ဉာဏ်ပညာကိုပေးသနားတော်မူ၏”
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • “ဉာဏ်ပညာကိုမှတ်ကျုံ”
  • သင်ကြိုးစားအားထုတ်မည်လော
  • သင်မအောင်မြင်ဘဲနေမည်မဟုတ်
  • ‘အသိပညာ ကိုယ်နှိုက်သည်နှစ်သက်ဖွယ်ဖြစ်လာသောအခါ’
  • ‘ဆိုးသောလမ်းမှကယ်လွှတ်’
  • ‘ဖြောင့်မတ်သောသူတို့သည် ပြည်တော်၌နေရလိမ့်မည်’
  • ပိုင်းခြားသိမြင်ခြင်းကို နှလုံးသွင်းလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ပိုင်းခြားနားလည်ခြင်းကို သာ၍ ပြုစုပျိုးထောင်နိုင်မည်လော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • “ဉာဏ်ပညာကို ရှာ၍ရသောသူသည် မင်္ဂလာရှိ၏”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • ဝှက်ထားသောဘဏ္ဍာကဲ့သို့ ရှာဖွေလျက်နေလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
က၉၉ ၁၁/၁၅ စာ. ၂၄-၂၇

“ယေဟောဝါကိုယ်တော်တိုင်သည်ဉာဏ်ပညာကိုပေးသနားတော်မူ၏”

အဘယ်အရာများ လိုက်စားရာတွင် သင်၏အချိန်နှင့်ခွန်အား ကုန်ခန်းနေသနည်း။ နာမည်ကောင်းရရှိရန် ကြိုးစားနေသလော။ စည်းစိမ်ရှာနေသလော။ ကြိုးပမ်းရသည့်တစ်စုံတစ်ရာသောနယ်ပယ်တွင် အသက်မွေးဝမ်းကျောင်းတစ်ခုအတွက် လိုက်စားနေခြင်း သို့မဟုတ် ပညာရပ်တစ်ခု သို့မဟုတ် ယင်းနှင့်ဆက်နွှယ်နေသော ကဏ္ဍရပ်များတွင် အထူးကျွမ်းကျင်ဖို့ ကြိုးစားနေခြင်းကော။ အခြားသူများနှင့် ဆက်ဆံရေးကောင်းရှိဖို့ကြိုးစားခြင်းသည် သင့်အတွက် အရေးကြီးသလော။ သင်၏အထူးစိုးရိမ်ပူပန်စရာမှာ ကျန်းမာရေးကောင်းဖို့လော။

အထက်ပါအချက်အားလုံးသည် အတော်အတန်အရေးပါပုံရှိပေမည်။ သို့သော် အဓိကအရေးပါသည့်အရာကား အဘယ်နည်း။ “ပညာ [“ဉာဏ်ပညာ၊” ကဘ] သည်အမြတ်ဆုံးသောအရာဖြစ်၏။ ပညာ [“ဉာဏ်ပညာ၊” ကဘ] ကိုဆည်းပူးလော့” ဟူ၍ သမ္မာကျမ်းစာကဖြေထားသည်။ (သု. ၄:၇) ထို့ကြောင့် ဉာဏ်ပညာကို မည်သို့ရရှိနိုင်ပြီး ၎င်း၏အကျိုးကျေးဇူးများကား အဘယ်နည်း။ နယပုံပြင်ကျမ်း၏ ဒုတိယအခန်းကြီးက အဖြေပေးထားပါသည်။

“ဉာဏ်ပညာကိုမှတ်ကျုံ”

ရှေးဣသရေလဘုရင် ပညာရှင်ရှောလမုန်သည် ဖခင်တစ်ဦးပမာ ဤမေတ္တာပါစကားများကို မြွက်ဆိုခဲ့သည်– “ငါ့သား၊ အကယ်၍ သင်သည် ဉာဏ်ပညာကိုမှတ်ကျုံ၍ ပိုင်းခြားသိမြင်ခြင်းကိုစွဲလမ်းအောင် ငါ့စကားကို လက်ခံလျက်၊ ငါ့ပညတ်များကို ပိုက်ကျုံးလျှင်လည်းကောင်း၊ ထို့ထက်ကား သင်သည် သိနားလည်ခြင်းနှင့် ပိုင်းခြားသိမြင်ခြင်းအတွက် ဟစ်ခေါ်လျှင်လည်းကောင်း၊ ငွေကိုရှာဖွေသကဲ့သို့၊ ပညာကိုရှာ၍ ဝှက်ထားသောဘဏ္ဍာကို စူးစမ်းတတ်သကဲ့သို့၊ ဉာဏ်ကိုစူးစမ်းလျှင်လည်းကောင်း သင်သည် ယေဟောဝါအား ကြောက်ရွံ့ခြင်းကို သိနားလည်၍ ဘုရားသခင်၏ အသိပညာကိုယ်နှိုက်ကို တွေ့ရှိလိမ့်မည်။”—သု. ၂:၁-၅၊ ကဘ။

ဉာဏ်ပညာရယူခြင်းသည် မည်သူ၏တာဝန်ဖြစ်ကြောင်းကို သင်သိမြင်သလော။ ၎င်းအခန်းငယ်များတွင် “အကယ်၍ သင်သည်” ဟူသောအသုံးအနှုန်းကို သုံးကြိမ်ဖော်ပြထား၏။ ဉာဏ်ပညာနှင့် ယင်း၏အဆွယ်အပွားဖြစ်သော ပိုင်းခြားသိမြင်ခြင်းနှင့်သိနားလည်ခြင်းတို့ကို ရှာဖွေရန် ကျွန်ုပ်တို့တစ်ဦးစီအပေါ်မူတည်သည်မှာ ထင်ရှားပါသည်။ သို့သော် ဦးဆုံးအနေနှင့် ကျမ်းစာစောင်များတွင် မှတ်တမ်းတင်ထားသော ဉာဏ်ပညာစကားများကို အမှတ်သညာတွင် “လက်ခံ” ပြီး “ပိုက်ကျုံးရန်” လိုသည်။ ယင်းသို့ပြုရန် သမ္မာကျမ်းစာကို လေ့လာဖို့လို၏။

ဉာဏ်ပညာသည် ဘုရားသခင်ပေးသောအသိပညာကို သင့်လျော်စွာအသုံးပြုနိုင်စွမ်းရှိသည်။ သမ္မာကျမ်းစာသည် ဉာဏ်ပညာကို ကောင်းစွာရရှိစေသည်တကား! မှန်၏၊ ယင်းတွင် နယပုံပြင်ကျမ်းနှင့် ဒေ. ကျမ်းတို့တွင်မှတ်တမ်းတင်ထားသည့် ဉာဏ်ပညာစကားမျိုးပါရှိကာ ယင်းစကားများကို နာယူမှတ်ကျုံရန်လို၏။ ဘုရားသခင်ရေးရာမူများကို လိုက်လျှောက်ခြင်း၏အကျိုးကျေးဇူးများနှင့် ၎င်းတို့ကို လျစ်လျူရှုခြင်းကြောင့် ကြုံတွေ့ရသောအန္တရာယ်များ ဖော်ပြသည့်ဥပမာများစွာကိုလည်း သမ္မာကျမ်းစာစာမျက်နှာများတွင်တွေ့ရှိရသည်။ (ရောမ ၁၅:၄; ၁ ကောရိန္သု ၁၀:၁၁) ဥပမာ၊ ပရောဖက်ဧလိရှဲ၏ကျွန် လောဘကြီးသောဂေဟာဇိအကြောင်းကို သုံးသပ်ကြည့်ပါ။ (၄ ဓမ္မရာဇဝင် ၅:၂၀-၂၇) ယင်းသည် လောဘကြီးခြင်းကိုရှောင်ရမည့်ဉာဏ်ပညာကို သွန်သင်ပေးသည်မဟုတ်လော။ ထို့ပြင် ယာကုပ်၏သမီးဒိနသည် ခါနာန် “ပြည်၏အမျိုးသမီးတို့” ထံသို့ အန္တရာယ်ရှိပုံမပေါက်သည့်လည်ပတ်မှု၏ ဝမ်းနည်းဖွယ်ရလဒ်နှင့်ပတ်သက်၍ကော အသို့နည်း။ (ကမ္ဘာဦး ၃၄:၁-၃၁) မကောင်းသောသူများနှင့်ပေါင်းဖော်ခြင်း၏မိုက်မဲမှုကို ချက်ချင်းပိုင်းခြားသိမြင်သည်မဟုတ်လော။—သု. ၁၃:၂၀; ၁ ကောရိန္သု ၁၅:၃၃။

ဉာဏ်ပညာကိုနာယူမှတ်ကျုံရာတွင် ပိုင်းခြားသိမြင်ခြင်းနှင့်သိနားလည်ခြင်းတို့ကို ဆည်းပူးခြင်းပါဝင်၏။ ဝက်ဘ်စတား၏ပြန်လည်အကျယ်ဖွင့်အဘိဓာန်အရ ပိုင်းခြားသိမြင်ခြင်းမှာ “အရာတစ်ခုမှတစ်ခုကို ခွဲခြားဖော်ပြနိုင်စေသည့်စွမ်းရည် သို့မဟုတ် ဉာဏ်စွမ်း” ဖြစ်သည်။ ဘုရားသခင်ရေးရာပိုင်းခြားသိမြင်ခြင်းသည် အမှားအမှန်ကို ခွဲခြားနိုင်စွမ်းဖြစ်ပြီး ယင်းနောက် လမ်းမှန်ကိုရွေးချယ်ရန်ဖြစ်သည်။ ကျွန်ုပ်တို့သည် ပိုင်းခြားသိမြင်ခြင်းသို့ ‘စိတ်နှလုံးမညွှတ်’ လျှင် သို့မဟုတ် ယင်းကို ဆည်းပူးလိုစိတ်မရှိလျှင် “အသက်ရှင်ခြင်းသို့ရောက်သောလမ်း” ပေါ်မည်သို့ဆက်နေနိုင်မည်နည်း။ (မဿဲ ၇:၁၄; တရားဟောရာ ၃၀:၁၉၊ ၂၀ နှိုင်းယှဉ်။) ဘုရားသခင့်နှုတ်မြွက်စကားတော်ကို လေ့လာကျင့်သုံးခြင်းသည် ပိုင်းခြားသိမြင်ခြင်းရှိစေသည်။

အကြောင်းအရာတစ်ခု၏အသွင်အပြင်များသည် တစ်ခုနှင့်တစ်ခုဖြစ်စေ၊ အကြောင်းတစ်ခုလုံးနှင့်ဖြစ်စေ မည်သို့ဆက်စပ်ကြောင်း သိရှိနိုင်စွမ်းဖြစ်သည့် ‘သိနားလည်ခြင်းကို မည်သို့ဟစ်ခေါ်’ နိုင်မည်နည်း။ အသက်အရွယ်နှင့်အတွေ့အကြုံသည် သိနားလည်မှုတိုးပွားစေနိုင်သည် မှန်သော်လည်း ထိုသို့ဖြစ်စရာမလိုပေ။ (ယောဘ ၁၂:၁၂; ၃၂:၆-၁၂) “ကိုယ်တော် [ယေဟောဝါ] ၏ဥပဒေသများကို စောင့်သောကြောင့်၊ အသက်ကြီးသူတို့ထက် သာ၍ဉာဏ်ကောင်းပါ၏” ဟူ၍ဆာလံဆရာပြောခဲ့သည်။ “[နှုတ်မြွက်စကားတော်] တို့ကိုဖွင့်ပြခြင်းသည် အလင်းကိုပေး၍၊ မလိမ္မာသောသူတို့ကို လိမ္မာစေတတ်ပါ၏” ဟူ၍လည်း သူသီဆိုခဲ့သည်။ (ဆာလံ ၁၁၉:၁၀၀၊ ၁၃၀) ယေဟောဝါသည် “အသက်ကြီးသောသူ” ဖြစ်၍ လူသားအားလုံးထက် အကန့်အသတ်မဲ့ သာလွန်သော သိနားလည်မှုရှိသည်။ (ဒံယေလ ၇:၁၃) ဘုရားသခင်သည် အတွေ့အကြုံမရှိသူကို သိနားလည်မှုပေးနိုင်သောကြောင့် ထိုသူသည် အသက်အရွယ်ကြီးရင့်သူများထက်ပင် အရည်အချင်းသာလွန်နိုင်ပါသည်။ ထို့ကြောင့် ဘုရားသခင်၏နှုတ်မြွက်စကားတော် သမ္မာကျမ်းစာကို လေ့လာကျင့်သုံးရာတွင် လုံ့လဝီရိယရှိသင့်သည်။

နယပုံပြင်ဒုတိယအခန်းကြီး၏ အဖွင့်စာပိုဒ်တွင် ထပ်ခါတလဲလဲဖော်ပြထားသော “အကယ်၍ သင်သည်” စကားစုနောက်တွင် “လက်ခံ၊” “ပိုက်ကျုံး၊” “ဟစ်ခေါ်၊” “စူးစမ်း၊” “ရှာဖွေ၊” စသော အသုံးအနှုန်းများလိုက်ပါလာ၏။ စာရေးဆရာသည် ပို၍လေးနက်စေသည့် အဆိုပါအသုံးအနှုန်းများကို အဘယ်ကြောင့်အသုံးပြုသနည်း။ ကိုးကားချက်တစ်ခုက ဤသို့ဆိုသည်– “ဉာဏ်ပညာကိုဆည်းပူးလိုက်စားရာတွင် [ဤတွင်] ပညာရှင်က စိတ်အားထက်သန်မှုလိုကြောင်း အလေးပေးဖော်ပြသည်။” မှန်ပါသည်၊ ဉာဏ်ပညာနှင့် ၎င်းနှင့်ဆက်နွှယ်လျက်ရှိသော အရည်အသွေးများဖြစ်သည့် ပိုင်းခြားသိမြင်ခြင်းနှင့်သိနားလည်ခြင်းတို့ကို ကျွန်ုပ်တို့စိတ်အားထက်သန်စွာ ဆည်းပူးကြရမည်ဖြစ်သည်။

သင်ကြိုးစားအားထုတ်မည်လော

ဉာဏ်ပညာကို ဆည်းပူးလိုက်စားရာ၌ အဓိကကျသောအချက်တစ်ချက်မှာ သမ္မာကျမ်းစာကို အပတ်တကုတ်လေ့လာခြင်းဖြစ်သည်။ သို့သော် ဤလေ့လာမှုသည် အချက်အလက်ကို သိရှိဖို့အတွက်သာ ဖတ်ရှုခြင်းထက်မကဖြစ်သင့်သည်။ ကျွန်ုပ်တို့ဖတ်ရှုရာကို ရည်ရွယ်ချက်ရှိရှိတွေးတောခြင်းကား ကျမ်းစာစောင်များကိုလေ့လာခြင်း၏ အရေးပါသောအပိုင်းဖြစ်သည်။ အသိဉာဏ်ပညာနှင့်ပိုင်းခြားသိမြင်ခြင်းတို့ကိုရယူခြင်းတွင် ပြဿနာများကိုဖြေရှင်းရာ၌လည်းကောင်း၊ ဆုံးဖြတ်ချက်များချရာ၌လည်းကောင်း ကျွန်ုပ်တို့သိရှိလာသောအရာများကို မည်သို့မည်ပုံအသုံးချနိုင်မည်ကို ဆင်ခြင်ခြင်းပါဝင်သည်။ သိမြင်နားလည်မှုကိုရယူခြင်းတွင် ကျွန်ုပ်တို့သိရှိထားပြီးရာနှင့် အကြောင်းအရာအသစ်တို့သည် မည်သို့အံဝင်ခွင်ကျကြောင်း စဉ်းစားခြင်းပါဝင်၏။ ဤသို့တွေးတောဆင်ခြင်ပြီး ကျမ်းစာလေ့လာရာတွင် အချိန်နှင့်ကြိုးစားအားထုတ်မှုလိုအပ်သည်ကို မည်သူငြင်းဆိုမည်နည်း။ အချိန်နှင့်ခွန်အားတို့ကို မြှုပ်နှံခြင်းသည် ‘ငွေကိုရှာဖွေခြင်းနှင့် ဝှက်ထားသောဘဏ္ဍာကို စူးစမ်းခြင်း’ တွင်မြှုပ်နှံခြင်းနှင့်အလားတူဖြစ်သည်။ သင်သည် လိုအပ်သော ကြိုးစားအားထုတ်မှုပြုမည်လော။ ထိုသို့ပြုလုပ်ရန် ‘အခန့်သင့်အချိန်ကိုဝယ်ယူ’ မည်လော။—ဧဖက် ၅:၁၅၊ ၁၆၊ ကဘ။

စိတ်ရင်းမှန်ဖြင့် သမ္မာကျမ်းစာကို နက်ရှိုင်းစွာတူးဖော်ကြမည်ဆိုလျှင် တန်ဖိုးဖြတ်မရသော မည်သည့်ဘဏ္ဍာများတွေ့ရှိနိုင်မည်ကို စဉ်းစားကြည့်ပါ။ ကျွန်ုပ်တို့ဖန်ဆင်းရှင်၏ တည်မြဲသည့်အသက်ပေးအသိပညာဖြစ်သော “ဘုရားသခင်၏အသိပညာကိုယ်နှိုက်” ကိုတွေ့ရှိကြရမည်ဖြစ်သည်! (ယောဟန် ၁၇:၃) “ဘုရားသခင်အားကြောက်ရွံ့” ခြင်းသည် ကျွန်ုပ်တို့ရရှိထိုက်သည့် ဘဏ္ဍာလည်းဖြစ်သည်။ ကိုယ်တော်အား ဤသို့ရိုသေလေးမြတ်စွာ ကြောက်ရွံ့ခြင်းသည် မည်မျှအဖိုးထိုက်လေခြင်း! ကိုယ်တော်၏စိတ်နှင့်မတွေ့မည်ကို စိုးရိမ်သော၊ ကျန်းခံ့သောကြောက်ရွံ့မှုက ကျွန်ုပ်တို့၏ဘဝကဏ္ဍတိုင်းကို လွှမ်းမိုးရမည်ဖြစ်ကာ ကျွန်ုပ်တို့လုပ်ဆောင်လေသမျှတွင် ဝိညာဉ်ရေးသရုပ်သကန်ကို ထပ်ဆင့်ပေးသည်။—ဒေ. ၁၂:၁၃။

ဝိညာဉ်ရေးဘဏ္ဍာများကို စိတ်အားထက်သန်စွာ ရှာဖွေတူးဖော်လိုစိတ် ကျွန်ုပ်တို့တွင် ပြင်းပြနေသင့်သည်။ ရှာဖွေရာတွင် လွယ်ကူစေရန် အထူးကောင်းမွန်သော တူးဆွကိရိယာများဖြစ်သည့် အချိန်မှန်ထွက်လာသော အမှန်တရားဂျာနယ် ကင်းမျှော်စင်နှင့်နိုးလော့! တို့အပြင် အခြားကျမ်းစာအခြေပြုစာပေများကို ယေဟောဝါပြင်ဆင်ပေးခဲ့သည်။ (မဿဲ ၂၄:၄၅-၄၇) ယေဟောဝါ၏နှုတ်မြွက်စကားတော်နှင့် နည်းလမ်းတော်များနှင့်ပတ်သက်သောပညာ ရရှိရေးအတွက် ကိုယ်တော်သည် ခရစ်ယာန်အစည်းအဝေးများကိုလည်း ပြင်ဆင်ပေးခဲ့သည်။ အစည်းအဝေးများကို မှန်မှန်တက်ရောက်ရန်၊ ဟောကြားချက်များကို ဂရုတစိုက်နားထောင်ရန်၊ အဓိကအချက်များကို အာရုံစိုက်ပြီး နှလုံးပိုက်ကျုံးရန်အပြင် ယေဟောဝါနှင့်ကျွန်ုပ်တို့၏ဆက်ဆံရေးကို အလေးအနက်တွေးတောဆင်ခြင်ရန် ကြိုးစားအားထုတ်ဖို့လိုသည်။—ဟေဗြဲ ၁၀:၂၄၊ ၂၅။

သင်မအောင်မြင်ဘဲနေမည်မဟုတ်

ဝှက်ထားသောရတနာ၊ ရွှေငွေတို့ကို ရှာဖွေခြင်းသည် အချည်းနှီးဖြစ်လေ့ရှိ၏။ ဝိညာဉ်ရေးဘဏ္ဍာများကို ရှာဖွေခြင်းနှင့်ပတ်သက်၍မူ ထိုသို့ဖြစ်စရာမလိုပါ။ အဘယ်ကြောင့်နည်း။ ရှောလမုန်က ကျွန်ုပ်တို့ကို ဤသို့စိတ်ချစေသည်– “ယေဟောဝါကိုယ်တော်တိုင်သည် ဉာဏ်ပညာကို ပေးသနားတော်မူ၏။ အသိပညာနှင့် ပိုင်းခြားသိမြင်ခြင်းသည် နှုတ်တော်မှထွက်၏။”—သု. ၂:၆၊ ကဘ။

ဘုရင်ရှောလမုန်သည် သူ၏ဉာဏ်ပညာကြောင့် ကျော်ကြားခဲ့၏။ (၃ ဓမ္မရာဇဝင် ၄:၃၀-၃၂) ရှောလမုန်သည် အပင်များ၊ တိရစ္ဆာန်များ၊ လူ့သဘာဝနှင့် ဘုရားသခင့်နှုတ်မြွက်စကားတော်အပါအဝင် အကြောင်းအရာအမျိုးမျိုးကို သိရှိနားလည်ခဲ့ကြောင်း ကျမ်းစာကဖော်ပြသည်။ ကလေးအမေဖြစ်ကြောင်း အသီးသီးပြောဆိုနေကြသော အမျိုးသမီးနှစ်ဦး၏အငြင်းပွားမှုကို ငယ်ရွယ်သောဘုရင်တစ်ပါးအနေနှင့် ဖြေရှင်းပေးရာတွင် သူတင်ပြခဲ့သော ပိုင်းခြားသိမြင်ခြင်းကြောင့် နိုင်ငံတကာကျော်ကြားခဲ့သည်။ (၃ ဓမ္မရာဇဝင် ၃:၁၆-၂၈) သူ၏မဟာတတ်သိမှုပင်ရင်းကား အဘယ်နည်း။ ရှောလမုန်သည် ‘ဉာဏ်ပညာနှင့်အသိပညာ’ အပြင် “ကောင်းမကောင်းကို ပိုင်းခြား၍သိတတ်သောဉာဏ်” စွမ်းရှိဖို့ ယေဟောဝါအား ဆုတောင်းခဲ့သည်။ ယင်းတို့ကို ယေဟောဝါပေးသနားခဲ့သည်။—၂ ရာဇဝင်ချုပ် ၁:၁၀-၁၂; ၃ ဓမ္မရာဇဝင် ၃:၉။

ယေဟောဝါ၏နှုတ်မြွက်စကားတော်ကို အပတ်တကုတ်လေ့လာစဉ် ကျွန်ုပ်တို့လည်း ကိုယ်တော်၏အကူအညီတောင်းဆိုသင့်သည်။ “အိုထာဝရဘုရား၊ ကိုယ်တော်၏လမ်းကို အကျွန်ုပ်အား ပြညွှန်တော်မူပါ။ ကိုယ်တော်၏သမ္မာတရားလမ်းသို့ လိုက်သွားပါမည်။ နာမတော်ကို ကြောက်ရွံ့မည်အကြောင်း၊ အကျွန်ုပ်၏နှလုံးကို စေ့စပ်စေတော်မူပါ” ဟူ၍ ဆာလံဆရာဆုတောင်းခဲ့သည်။ (ဆာလံ ၈၆:၁၁) ယေဟောဝါသည် ထိုဆုတောင်းချက်ကို သမ္မာကျမ်းစာတွင်မှတ်တမ်းတင်စေခဲ့သောကြောင့် ယင်းကိုနှစ်သက်ကြောင်းထင်ရှားသည်။ သမ္မာကျမ်းစာရှိ ဝိညာဉ်ရေးဘဏ္ဍာများကိုတွေ့ရှိရန် ကိုယ်တော်၏အကူအညီအတွက် စိတ်အားထက်သန်စွာ အထပ်ထပ်ဆုတောင်းချက်များကို ကိုယ်တော်ဖြေကြားပေးမည်ဟု ကျွန်ုပ်တို့ယုံကြည်စိတ်ချနိုင်ပါသည်။—လုကာ ၁၈:၁-၈။

“ဖြောင့်မတ်သောသူတို့အတွက် လက်တွေ့ကျဉာဏ်ပညာကို သိုထားတော်မူ၏၊ တရားနည်းလမ်းကိုလိုက်လျှောက်ခြင်းအားဖြင့် သမာဓိရှိရှိ သွားလာသူတို့အတွက် ကိုယ်တော်သည် ဒိုင်းဖြစ်၏၊ သစ္စာရှိသူများ၏လမ်းခရီးကို ကိုယ်တော်စောင့်ကြပ်လိမ့်မည်။ သို့မှ သင်သည် ဖြောင့်မတ်ခြင်း၊ တရားသဖြင့်စီရင်ခြင်း၊ တည့်မတ်ခြင်း၊ ကောင်းမြတ်သောလမ်းရှိသမျှကို သိနားလည်လိမ့်မည်” ဟုရှောလမုန်ညွှန်ပြသည်။ (သု. ၂:၇-၉၊ ကဘ) ယင်းသည် အာမခံချက်တစ်ခုပါတကား! ယေဟောဝါသည် စစ်မှန်သောဉာဏ်ပညာကို စိတ်ရင်းမှန်ဖြင့် ကြိုးစားရှာဖွေသူများကိုပေးသနားရုံမက ဖြောင့်မတ်သူများအတွက် အကာအကွယ်ဖြစ်သည့် ဒိုင်းလွှားသဖွယ်ဖြစ်၏။ အကြောင်းမှာ သူတို့သည် စစ်မှန်သောဉာဏ်ပညာကို ထင်ရှားပြသကာ ကိုယ်တော်၏ဖြောင့်မတ်သောစံနှုန်းများနှင့်အညီ သစ္စာစောင့်သိကြသောကြောင့်ဖြစ်သည်။ “ကောင်းမြတ်သောလမ်းရှိသမျှကို” သိနားလည်ရန် ယေဟောဝါထောက်မကူညီပေးခံရသူများတွင် ကျွန်ုပ်တို့ပါဝင်နိုင်ကြပါလေစေ။

‘အသိပညာ ကိုယ်နှိုက်သည်နှစ်သက်ဖွယ်ဖြစ်လာသောအခါ’

ဉာဏ်ပညာကိုဆည်းပူးခြင်းအတွက် မရှိမဖြစ်လိုအပ်သော သမ္မာကျမ်းစာကို ကိုယ်ပိုင်လေ့လာမှုပြုလုပ်ခြင်းသည် လူအများအတွက် နှစ်သက်စရာမဖြစ်ချေ။ ဥပမာ၊ ၅၈ နှစ်အရွယ်လောရဲန့်စ်က ဤသို့ပြောသည်– “ကျွန်တော်ဟာ ကာယလုပ်သားတစ်ယောက်။ လေ့လာမှုက ကျွန်တော့်အတွက် တကယ့်ကိုခက်တယ်ဗျာ။” ကျောင်းစာလေ့လာခြင်းကို မနှစ်သက်ခဲ့သော ၂၄ နှစ်အရွယ်မိုက်ကယ်ကလည်း ဤသို့ပြောသည်– “ထိုင်ပြီးလေ့လာဖို့ ကိုယ့်ကိုယ်ကိုကြပ်မတ်ခဲ့ရတယ်။” သို့တိုင် လေ့လာလိုစိတ်ကို မွေးမြူပေးနိုင်၏။

မိုက်ကယ်မည်သို့ပြုလုပ်ခဲ့သည်ကို စဉ်းစားသုံးသပ်ကြည့်ပါ။ “နေ့တိုင်း နာရီဝက်လေ့လာမှုပြုလုပ်ဖို့ ကိုယ့်ကိုယ်ကိုဆုံးမခဲ့ရတယ်။ မကြာခင်မှာ အဲဒီလိုလုပ်တဲ့အကျိုးကို ကျွန်တော့်ရဲ့စိတ်ထား၊ ခရစ်ယာန်စည်းဝေးတွေမှာ ကျွန်တော့်ရဲ့အဖြေတွေနဲ့ တခြားသူတွေနဲ့စကားပြောတာတွေမှာ သိသိသာသာထင်ရှားလာခဲ့တယ်။ အခုဆိုရင် လေ့လာမှုအချိန်ကိုမျှော်နေတယ်၊ အဲဒါကို ဘာကမှ အပျက်မခံစေဘူး” ဟူ၍ သူပြောပြသည်။ မှန်ပါသည်၊ ကျွန်ုပ်တို့၏တိုးတက်မှုကို တွေ့သည့်အခါ ကိုယ်ပိုင်လေ့လာမှုပြုလုပ်ခြင်းသည် ပျော်စရာဖြစ်လာပါသည်။ လောရဲန့်စ်သည်လည်း ကျမ်းစာလေ့လာမှုကို ပြုလုပ်ခဲ့ရာ အတန်ကြာသော် ယေဟောဝါသက်သေများ၏အသင်းတော်တစ်ခုတွင် အကြီးအကဲတစ်ဦးဖြစ်လာလေသည်။

ကိုယ်ပိုင်လေ့လာမှုကို ပျော်မွေ့စရာဖြစ်စေရန် မှန်မှန်ကြိုးစားပြုလုပ်ဖို့လိုသည်။ သို့သော် အကျိုးကျေးဇူးများသည် ကြီးမားလှ၏။ “ဉာဏ်ပညာသည် သင့်နှလုံးထဲသို့ဝင်၍၊ အသိပညာသည် သင်၏စိုးလ်ကိုယ်နှိုက်အား နှစ်သက်ဖွယ်ဖြစ်လာသောအခါ စဉ်းစားဆင်ခြင်နိုင်သောစွမ်းရည်သည် သင့်ကိုစောင့်ရှောက်၍ ပိုင်းခြားသိမြင်ခြင်းသည်လည်း အကာအကွယ်ပေးလိမ့်မည်” ဟုရှောလမုန်ပြောသည်။—သု. ၂:၁၀၊ ကဘ။

‘ဆိုးသောလမ်းမှကယ်လွှတ်’

ဉာဏ်ပညာ၊ အသိပညာ၊ စဉ်းစားဆင်ခြင်နိုင်သောစွမ်းရည်နှင့် ပိုင်းခြားသိမြင်ခြင်းတို့သည် မည်သည့်နည်းဖြင့် ကာကွယ်မည်နည်း။ “[ထိုအရာတို့သည်] ဆိုးသောလမ်းမှလည်းကောင်း၊ ကောက်ကျစ်သောစကားကို ပြောတတ်သောသူ၊ တည့်မတ်သောလမ်းကိုစွန့်၍၊ မိုက်မဲသောလမ်းသို့လိုက်သောသူ၊ ဒုစရိုက် [မကောင်းမှု] ၌မွေ့လျော်၍ အဓမ္မလူ၏ကောက်လိမ်ခြင်းကို အားရနှစ်သက်သောသူ၊ ဖြောင့်သောလမ်းသို့မလိုက်၊ ကောက်သောလမ်းသို့သာ လိုက်သောသူတို့၏လက်မှလည်းကောင်း ကယ်လွှတ်လိမ့်မည်” ဟုရှောလမုန်ပြောသည်။—သု. ၂:၁၂-၁၅၊ ကဘ။

မှန်ပါ၏၊ စစ်မှန်သောဉာဏ်ပညာကို မြတ်နိုးသူများသည် မဟုတ်မမှန်သောစကား၊ “ကောက်သောစကားကို ပြောတတ်သူ” မည်သူမဆိုနှင့်ပေါင်းသင်းခြင်းမှ ရှောင်ကြသည်။ စဉ်းစားဆင်ခြင်နိုင်သောစွမ်းရည်နှင့် ပိုင်းခြားသိမြင်ခြင်းတို့သည် အမှန်တရားကိုငြင်းပယ်၍ မိုက်မဲသောလမ်း၊ ကောက်သောလမ်းသို့လိုက်လျက် ဒုစရိုက်မှု၌ပျော်မွေ့သောသူတို့လက်မှ ကာကွယ်ပေးသည်။—သု. ၃:၃၂။

စစ်မှန်သောဉာဏ်ပညာနှင့် ၎င်းနှင့်ဆက်နွှယ်နေသော အရည်အချင်းများသည် အကျင့်ယိုယွင်းသောအမျိုးသားများ၊ အမျိုးသမီးများတို့၏ မကောင်းသောလမ်းမှ ကာကွယ်ပေးသည့်အတွက်လည်း ကျွန်ုပ်တို့မည်မျှကျေးဇူးတင်နိုင်ကြပါသည်တကား! ဤအရည်အချင်းများသည် “အမျိုးပျက်သောမိန်းမ [“သူစိမ်း၊” ကဘ] နှုတ်နှင့်ချော့မော့တတ်သော ပြည့်တန်ဆာမိန်းမ၊ အသက်ငယ်စဉ်ပဲ့ပြင်သော ကျေးဇူးရှင်ကိုစွန့်၍ မိမိဘုရားသခင်၏ပဋိညာဉ်တရားကို မေ့လျော့သောမိန်းမလက်မှလည်းကောင်း သင့်ကိုကယ်တင်လိမ့်မည်။ ထိုမိန်းမ၏အိမ်သည် သေခြင်းနှင့်လည်းကောင်း၊ သူလိုက်သောလမ်းတို့သည် သင်္ချိုင်းသားနေရာနှင့်လည်းကောင်း စပ်ဆိုင်သဖြင့် သူ၏အိမ်သို့ဝင်သောသူ တစ်စုံတစ်ယောက်မျှမပြန်ရ။ အသက်လမ်းကိုမမီရ” ဟူ၍ရှောလမုန်က ထပ်မံဖြည့်စွက်ဆိုသည်။—သု. ၂:၁၆-၁၉။

ပြည့်တန်ဆာမဖြစ်သော “အမျိုးပျက်သောမိန်းမ” ကို “အသက်ငယ်စဉ်ပဲ့ပြင်သောကျေးဇူးရှင်”—အသက်ပျိုစဉ်ကခင်ပွန်းဖြစ်နိုင်ဖွယ်ရှိသူ—ကိုစွန့်သွားသူနှင့် ခိုင်းနှိုင်းထားသည်။a (မာလခိ ၂:၁၄ နှိုင်းယှဉ်။) သူသည် ပညတ်ပဋိညာဉ်တွင်ပါဝင်သော သူ့အိမ်ရာပြစ်မှားခြင်းတားမြစ်ချက်ကို မေ့လျော့ခဲ့၏။ (ထွက်မြောက်ရာ ၂၀:၁၄) သူ၏ခြေလှမ်းများသည် သေခြင်းသို့ဦးတည်နေသည်။ သူနှင့်ပေါင်းဖော်သောသူတို့သည် “အသက်လမ်းကိုမမီရ။” အကြောင်းမှာ သူတို့သည် ပြန်လာ၍မရနိုင်သည့်သေခြင်းသို့ အနှေးနှင့်အမြန်ရောက်မည်ဖြစ်သောကြောင့်ဖြစ်သည်။ ပိုင်းခြားသိမြင်ခြင်းနှင့် စဉ်းစားဆင်ခြင်နိုင်စွမ်းရှိသူသည် ကိုယ်ကျင့်တရားပျက်ပြားရာဘက်သို့ သွေးဆောင်မှုများကို သတိပြုမိ၍ ယင်းတို့နှင့်မပတ်သက်ဖို့ ပညာရှိစွာရှောင်ရှား၏။

‘ဖြောင့်မတ်သောသူတို့သည် ပြည်တော်၌နေရလိမ့်မည်’

ရှောလမုန်သည် ဉာဏ်ပညာနှင့်ပတ်သက်သော ဆုံးမစကား၏ဦးတည်ချက်ကို အကျဉ်းချုပ်ကာ ဤသို့ဖော်ပြသည်– “သင်သည် သူတော်ကောင်းတို့၏ လမ်းသို့လျှောက်၍၊ ဖြောင့်မတ်သောသူတို့၏လမ်းခရီးထဲက မထွက်ဘဲ အစဉ်တစိုက်လိုက်ရမည်အကြောင်းတည်း။” (သု. ၂:၂၀) ဉာဏ်ပညာ၏ရည်ရွယ်ချက်မှာ ကောင်းလေစွ! ယင်းသည် ဘုရားသခင်၏စိတ်တော်နှင့်တွေ့သော ပျော်ရွှင်ကျေနပ်ဖွယ်ဘဝရှိစေရန် အထောက်အကူပြုသည်။

“သူတော်ကောင်းတို့၏လမ်းသို့လျှောက်” ကြသူများအတွက် သိုမှီးထားသော ကြီးကျယ်ခမ်းနားသည့်ကောင်းချီးများကိုလည်း စဉ်းစားသုံးသပ်ကြည့်ပါ။ ရှောလမုန်က ဤသို့ဆက်ပြောသည်– “ဖြောင့်မတ်သောသူတို့သည် ပြည်တော်၌နေ၍၊ စုံလင်သောသူတို့သည် နေရာကျကြလိမ့်မည်။ အဓမ္မလူတို့မူကား၊ ပြည်တော်မှ ပယ်ရှင်းခြင်း၊ လွန်ကျူးသောသူတို့သည် နုတ်ပစ်ခြင်းကိုခံရကြလိမ့်မည်။” (သု. ၂:၂၁-၂၂) ဘုရားသခင်၏ဖြောင့်မတ်သောကမ္ဘာသစ်တွင် ထာဝစဉ်နေထိုင်ကြရမည့် အပြစ်ကင်းသူများတွင် အသင်လည်းတစ်ဦးပါဝင်ပါလေစေ။—၂ ပေတရု ၃:၁၃။

[အောက်ခြေမှတ်ချက်များ]

a “သူစိမ်း” ဟူသောစကားလုံးသည် ပညတ်တော်နှင့်အညီနေထိုင်ခြင်းမှ သွေဖည်သွားခဲ့သူများ၊ ယေဟောဝါနှင့်ကိုယ့်ကိုယ်ကိုဝေးကွာစေခဲ့သူများကို ရည်ညွှန်းသည်။ ထို့ကြောင့် ပြည့်တန်ဆာ—တိုင်းတစ်ပါးသားဖြစ်ချင်မှဖြစ်မည်—ကို “သူစိမ်း” ဟုဖော်ညွှန်းနေခြင်းဖြစ်သည်။

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

ရှောလမုန်သည် ဉာဏ်ပညာအတွက် ဆုတောင်းခဲ့။ ကျွန်ုပ်တို့လည်း ထို့အတူပြုသင့်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ