သမ္မာကျမ်းစာသည် သင့်ကို ရွှင်လန်းမှုရရှိစေနိုင်
သမ္မာကျမ်းစာသည် ဆေးပညာလက်စွဲစာအုပ်မဟုတ်သော်လည်း အပြုသဘောနှင့် အပျက်သဘောတို့သည် လူတစ်ဦး၏ စိတ်ပိုင်းနှင့် ကာယပိုင်းဆိုင်ရာကျန်းမာမှုအပေါ် အကျိုးသက်ရောက်ကြောင်း ဖော်ပြ၏။ “စိတ်ရွှင်လန်းခြင်းသည် ကျန်းမာစေတတ်၏။ စိတ်ပျက်ခြင်းမူကား အရိုးတို့ကို သွေ့ခြောက်စေတတ်၏” ဟု ကျမ်းစာကဆိုလေသည်။ သည့်အပြင် ဤသို့လည်းဆို၏– “သင်သည် အမှုရောက်သောကာလ၌ စိတ်ပျက်လျှင် အားနည်း၏။” (သု. ၁၇:၂၂; ၂၄:၁၀) စိတ်ပျက်အားလျော့မှုကြောင့် အားအင်ကုန်ခန်းသွားနိုင်ကာ ပြောင်းလဲလို၊ အကူအညီတောင်းခံလိုစိတ်မရှိချေ။
ထို့အပြင် စိတ်ပျက်အားလျော့မှုကြောင့် ဝိညာဉ်ရေးလည်း ထိခိုက်နိုင်၏။ တန်ဖိုးမရှိဟု ခံစားနေရသူတို့သည် ဘုရားသခင်နှင့်ကောင်းသောဆက်ဆံရေး ဘယ်တော့မျှ ရှိနိုင်မည်မဟုတ်၊ ကောင်းချီးပေးခံရမည်မဟုတ်ဟု ကိုယ့်ကိုယ်ကို ယူမှတ်လေ့ရှိ၏။ ရှေ့ဆောင်းပါးတွင် ဖော်ပြခဲ့သည့် ဆီမွန်က မိမိသည် “ဘုရားသခင်နှစ်သက်လက်ခံနိုင်မည့်လူစားမျိုး ဖြစ်နိုင်မည်မဟုတ်” ဟု သူ့ကိုယ်သူ ထင်မှတ်ခဲ့သည်။ သို့ရာတွင် သမ္မာကျမ်းစာကို ဖတ်ရှုလေ့လာသည့်အခါ ကိုယ်တော်၏စိတ်တော်နှင့်တွေ့ရန် ကြိုးပမ်းအားထုတ်နေကြသူတို့ကို ဘုရားသခင်သည် အပြုသဘောဖြင့် ရှုမြင်ကြောင်း တွေ့ရှိရလေသည်။
ဘုရားသခင် အမှန်တကယ်ဂရုစိုက်
‘ယေဟောဝါသည် ကျိုးပဲ့သောစိတ်ရှိသောသူတို့နှင့် နီးတော်မူ၏။ နှလုံးကြေကွဲသောသူတို့ကို ကယ်တင်တော်မူ၏’ ဟု ကျမ်းစာကဆိုသည်။ ဘုရားသခင်သည် “ကျိုးပဲ့ကြေမွသောစိတ်နှလုံး” ကို မထီမဲ့မြင်ပြုတော်မမူချေ၊ သို့သော် “စိတ်နှိမ့်ချသောသူနှင့် နှလုံးကြေကွဲသောသူတို့၏ စိတ်ဝိညာဉ် ရှင်ပြန်စေ” မည်ဟု ကိုယ်တော်ကတိပြုတော်မူသည်။—ဆာလံ ၃၄:၁၈; ၅၁:၁၇၊ သမ္မာ; ဟေရှာယ ၅၇:၁၅၊ သမ္မာ။
ဘုရားသခင်သည် မိမိကျေးကျွန်များ၏ကောင်းကွက်ကို မြင်တော်မူကြောင်း တပည့်နောက်လိုက်များအား ရှင်းပြဖို့လိုသည်ကို ဘုရားသခင့်သားတော် ယေရှု တစ်ချိန်တစ်ခါက တွေ့ရှိခဲ့၏။ ပုံဥပမာအနေနှင့် လူအများ အရေးမစိုက်သည့် စာငှက်လေးတစ်ကောင် မြေပေါ်သို့ကျသည်ကို ဘုရားသခင် သတိပြုမိကြောင်း ယေရှုပြောပြခဲ့သည်။ ထို့အပြင် လူသားတို့နှင့်ပတ်သက်၍ အသေးငယ်ဆုံးအချက်အလက်ဖြစ်သည့် သူတို့၏ခေါင်းပေါ်မှ ဆံပင်အရေအတွက်ကိုပင် ဘုရားသခင်သိရှိတော်မူကြောင်းကိုလည်း ပေါ်လွင်စေခဲ့၏။ ယေရှုသည် မိမိ၏ပုံဥပမာကို ဤသို့အဆုံးသတ်လိုက်လေသည်– “ထို့ကြောင့် မကြောက်ကြနှင့်။ သင်တို့သည် စာငှက်အများတို့ထက် သာ၍မြတ်ကြ၏။” (မဿဲ ၁၀:၂၉-၃၁)a လူတို့သည် မိမိကိုယ်ကို မည်သို့ပင်ယူမှတ်စေကာမူ ယုံကြည်ခြင်းရှိသူတို့ကို ဘုရားသခင်တန်ဖိုးထားကြောင်း ယေရှုဖော်ပြခဲ့သည်။ အမှန်ဆိုရလျှင် တမန်တော်ပေတရုက “ဘုရားသခင်သည် လူမျက်နှာကိုမှတ်တော်မမူ။ လူအမျိုးမျိုးတို့တွင် ဘုရားသခင်ကိုကြောက်ရွံ့ ၍ တရားသဖြင့်ကျင့်ဆောင်သောသူသည် အထံတော်၌မျက်နှာရသည်” ဟု သတိပေး၏။—တမန်တော် ၁၀:၃၄၊ ၃၅။
မျှတသည့်သဘောရှိပါ
မိမိကိုယ်ကိုမျှမျှတတရှုမြင်ဖို့ သမ္မာကျမ်းစာက တိုက်တွန်းပါသည်။ မှုတ်သွင်းခံရခြင်းအားဖြင့် တမန်တော်ပေါလု ဤသို့ရေးသားခဲ့၏– “သင်တို့သည် ကိုယ်ကို ထင်သင့်သည်အတိုင်းထက်လွန်၍မထင်ဘဲ ဘုရားသခင်သည် လူအသီးအသီးတို့အား ယုံကြည်ခြင်းကိုဝေပေးတော်မူသည်နှင့်အညီ ကိုယ်ကိုလျောက်ပတ်စွာထင်ရမည်အကြောင်း ငါသည် ကိုယ်ခံရသောကျေးဇူးတော်ကိုအမှီပြုလျက် သင်တို့တွင်ရှိသမျှသောသူတို့ကို မှာထား၏။”—ရောမ ၁၂:၃။
ကျွန်ုပ်တို့သည် စိတ်ကြီးဝင်လာသည်အထိ ကိုယ့်ကိုယ်ကို အထင်မကြီးလွန်းလိုကြပါ; သည့်အပြင် တစ်ဖက်စွန်းရောက်ပြီး ကိုယ့်ကိုယ်ကို အထင်မသေးလွန်းလိုကြပါ။ သို့အစား ကျွန်ုပ်တို့၏အားသာချက်များနှင့် အားနည်းချက်တို့ကို ထည့်စဉ်းစားကာ မိမိကိုယ်ကို တော်ရုံသင့်ရုံရှုမြင်ကြရန် ရည်မှန်းသင့်ပေသည်။ ခရစ်ယာန်အမျိုးသမီးတစ်ဦးက ဤသို့ဆိုသည်– “ကျွန်မဟာ အဆိုးကြီးမဟုတ်သလို အကောင်းကြီးလည်းမဟုတ်ပါဘူး။ တခြားသူတွေလိုပဲ ကျွန်မမှာ ကောင်းကွက်ဆိုးကွက် နှစ်မျိုးစလုံးရှိတယ်။”
မှန်ပါသည်၊ ထိုသို့သောမျှတသည့်အမြင်မျိုးရှိဖို့ကား အပြောလွယ်သလောက် အလုပ်ခက်လှပါဘိ။ နှစ်ပေါင်းများစွာ ဖြစ်တည်လာခဲ့သည့် ကိုယ့်ကိုယ်ကို အပျက်သဘောမြင်လွန်းခြင်းကို ဖယ်ရှားပစ်ဖို့ အတော်ပင်ကြိုးစားအားထုတ်ရပေမည်။ မည်သို့ပင်ဖြစ်ပါစေ ဘုရားသခင့်အကူအညီဖြင့် ကျွန်ုပ်တို့၏ပင်ကိုစရိုက်နှင့် ဘဝအပေါ် ရှုမြင်ပုံတို့ကို ပြောင်းလဲပစ်နိုင်ပါသည်။ အမှန်ဆိုရလျှင် ကျမ်းစာက ကျွန်ုပ်တို့ကို ဤသို့ပြုရန်တိုက်တွန်းထား၏– “အထက်ကကျင်လည်ကြသော လှည့်ဖြားတတ်သည့်လောဘစိတ်တို့ဖြင့် ပုပ်ပျက်သောလူဟောင်းကိုချွတ်ပယ်၍ သင်တို့၏စိတ်ကို စေ့ဆော်ပေးသည့်စွမ်းအားဖြင့် အသစ်ပြုမူခံသင့်ပြီး မှန်သောဖြောင့်မတ်ခြင်းနှင့် တည်ကြည်ခြင်းဖြင့် ဘုရားသခင်၏အလိုတော်နှင့်အတူအမျှ ဖန်ဆင်းသောလူသစ်ကို ယူတင်ဝတ်ဆောင်သင့်သည်။”—ဧဖက် ၄:၂၂-၂၄၊ ကဘ။
‘ကျွန်ုပ်တို့၏စိတ်ကို စေ့ဆော်ပေးသည့်စွမ်းအား၊’ တစ်နည်းအားဖြင့် ကျွန်ုပ်တို့၏စိတ်ကို စိုးမိုးနေသည့်သဘော ပြောင်းလဲရန် ကြိုးစားအားထုတ်ခြင်းဖြင့် ကျွန်ုပ်တို့၏ပင်ကိုစရိုက်ကို အဆိုးမြင်လွန်းသည့်သဘောရှိခြင်းမှ အကောင်းမြင်တတ်သည့်သဘောရှိခြင်းဘက်သို့ ပြောင်းလဲပစ်နိုင်ပါသည်။ ရှေ့ဆောင်းပါးတွင် ဖော်ပြခဲ့သည့် လီနာသည် မိမိကို မည်သူမျှ မေတ္တာထားနိုင်မည်မဟုတ်၊ ကူညီပေးမည်မဟုတ်ဟူသောအတွေးကို မစွန့်ပယ်မချင်း မိမိကိုယ်တိုင်နှင့်ပတ်သက်သည့် ခံစားချက်များကို ဘယ်အရာကမျှ ပြောင်းလဲပေးနိုင်မည်မဟုတ်ကြောင်း သဘောပေါက်လာခဲ့သည်။ သမ္မာကျမ်းစာပါ အဘယ်လက်တွေ့ကျအကြံပြုချက်က လီနာ၊ ဆီမွန်နှင့် အခြားသူတို့ကို ပြောင်းလဲစေခဲ့သနည်း။
ရွှင်လန်းမှုကိုတိုးပွားစေသည့် ကျမ်းစာမူများ
‘ထမ်းရွက်ရသောဝန်ကို ထာဝရဘုရားသခင်၌ ချထားလော့။ သင့်ကိုမစတော်မူမည်။’ (ဆာလံ ၅၅:၂၂) ဦးဆုံးအနေနှင့် ဆုတောင်းခြင်းက စစ်မှန်သောရွှင်လန်းမှု ရရှိစေနိုင်ပါသည်။ “ကျွန်မ စိတ်ပျက်အားလျော့တိုင်း ယေဟောဝါဆီမှာ အကူအညီတောင်းခံတယ်။ ကိုယ်တော့်ဆီက ခွန်အားတွေ၊ လမ်းညွှန်မှုတွေ မရခဲ့တဲ့အခါမျိုး တစ်ခါမှ မရှိခဲ့ဖူးဘူး” ဟု ဆီမွန်ပြောပြသည်။ ကျွန်ုပ်တို့၏ဝန်ကို ယေဟောဝါ၌ချထားဖို့ ဆာလံဆရာတိုက်တွန်းသည့်အခါ အမှန်တကယ်ဆိုလျှင် ကျွန်ုပ်တို့ကို ယေဟောဝါ ဂရုစိုက်ရုံသာမက ကျွန်ုပ်တို့သည် ကိုယ်တော်၏ကူညီထောက်မမှု ရထိုက်သူများဖြစ်သည်ဟု ကိုယ်တော်ရှုမြင်ကြောင်း အသိပေးနေခြင်းဖြစ်လေသည်။ စီ.အီး. ၃၃ ပသခါပွဲနေ့ညတွင် ယေရှု၏တပည့်နောက်လိုက်များသည် ကိုယ်တော်ခွဲခွာသွားတော့မည်ကို ကြားသိလိုက်ရခြင်းကြောင့် ဝမ်းနည်းနေကြ၏။ ထိုအခါ ယေရှုကသူတို့အား ခမည်းတော်ထံ ဆုတောင်းကြရန် တိုက်တွန်းပြီး “သင်တို့သည် ဝမ်းမြောက်စရာအကြောင်း စုံလင်စေခြင်းငှာ တောင်းကြလော့။ ထိုသို့တောင်းလျှင် ရကြလိမ့်မည်” ဟု ထပ်ဆင့်မိန့်ဆိုခဲ့သည်။—ယောဟန် ၁၆:၂၃၊ ၂၄။
‘ခံယူခြင်းအရာထက် ပေးကမ်းခြင်းအရာသည် သာ၍ပျော်ရွှင်မှုရှိသည်။’ (တမန်တော် ၂၀:၃၅၊ သမ္မာ) ယေရှုသွန်သင်ခဲ့သည့်အတိုင်း ဘဝတွင် စစ်မှန်သောရွှင်လန်းမှုရရှိရန် ပေးကမ်းခြင်းသည် အခရာဖြစ်၏။ ဤကျမ်းစာအမှန်တရားကို လက်တွေ့ကျင့်သုံးခြင်းက ကျွန်ုပ်တို့၏မပြည့်စုံမှုများကို အာရုံစိုက်စေမည့်အစား အခြားသူတို့ လိုအပ်သည့်အရာများကို အာရုံစိုက်စေပါသည်။ သူတစ်ပါးအားကူညီပေးလိုက်၍ သူတို့က ကျေးဇူးတင်စွာတုံ့ပြန်သည်ကို ကျွန်ုပ်တို့တွေ့ရသည့်အခါ အားရကျေနပ်မိသည်။ ကျမ်းစာသတင်းကောင်းကို သူတစ်ပါးအား မှန်မှန်ပြောပြခြင်းသည် မိမိကို နည်းနှစ်နည်းဖြင့် ကူညီပေးသည်ဟု လီနာလက်ခံယုံကြည်မိသည်။ “ဦးဆုံးအနေနဲ့ ယေရှုပြောခဲ့တဲ့ စိတ်ကျေနပ်မှုနဲ့ ပျော်ရွှင်မှုမျိုးကို ကျွန်မခံစားရတယ်။ ဒုတိယအနေနဲ့ တခြားသူတွေဆီကနေ အပြုသဘောပါတဲ့စကားတွေ အများကြီးပြန်ကြားရတဲ့အတွက် ဝမ်းသာရတယ်” ဟု သူဆိုသည်။ ကိုယ့်ကိုယ်ကို ရက်ရက်ရောရော ပေးဆက်ခြင်းဖြင့် “သူတစ်ပါးကိုရေလောင်းသောသူသည် ကိုယ်တိုင်ရေလောင်းခြင်းအကျိုးကိုခံရလိမ့်မည်” ဟူသော နယပုံပြင် ၁၁:၂၅ ပါစကား မှန်ကန်ကြောင်း သိရှိရပါလိမ့်မည်။
“ဆင်းရဲငြိုငြင်သောသူ၏ နေ့ရက်ရှိသမျှတို့သည် ဆိုးယုတ်ကြ၏။ ရွှင်လန်းသောစိတ်နှလုံးမူကား အစဉ်အမြဲခံရသောပွဲဖြစ်၏။” (သု. ၁၅:၁၅) မိမိကိုယ်ကိုနှင့် မိမိ၏အခြေအနေကို ရှုမြင်ပုံနှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့အားလုံး ရွေးချယ်စရာရှိ၏။ ကျွန်ုပ်တို့သည် အရာရာကို အပျက်သဘောဖြင့် ရှုမြင်ပြီး ဆင်းရဲငြိုငြင်နေသူတစ်ဦးဖြစ်နိုင်သကဲ့သို့ စားသောက်ပွဲတစ်ခုတွင် ပျော်ရွှင်နေသည့် “ရွှင်လန်းသောစိတ်နှလုံး” ရှိ အပြုသဘောပါပါ တွေးတောသူနှင့် တူနိုင်ပေသည်။ ဆီမွန်က “ကျွန်မ အပြုသဘောရှိအောင် အတတ်နိုင်ဆုံးကြိုးစားနေတယ်။ ကိုယ်ပိုင်လေ့လာမှုနဲ့ ခရစ်ယာန်ဓမ္မအမှုမှာ အလုပ်များနေဖို့နဲ့ အမြဲဆုတောင်းဖို့ ကြိုးစားတယ်။ ပြီးတော့ အပြုသဘောရှိတဲ့သူတွေနဲ့ ပေါင်းသင်းပြီး တခြားသူတွေကို ကြိုးစားကူညီပေးတယ်” ဟုဆိုသည်။ ဤသို့သောစိတ်သဘောထားက စစ်မှန်သောရွှင်လန်းမှုရရှိစေပါသည်၊ သမ္မာကျမ်းစာက ဤသို့ပင်တိုက်တွန်းထား၏– ‘ဖြောင့်မတ်သောသူတို့ ထာဝရဘုရားသခင်၌ ဝမ်းမြောက်ရွှင်လန်းကြလော့။ သဘောဖြောင့်သောသူအပေါင်းတို့ ရွှင်လန်းစွာကြွေးကြော်ကြလော့။’—ဆာလံ ၃၂:၁၁။
“အဆွေခင်ပွန်းသည် အခါခပ်သိမ်းချစ်တတ်၏။ ညီအစ်ကိုသည် [ဆင်းရဲရာ] ကာလအဖို့ မွေးဖွားလျက်ရှိ၏။” (သု. ၁၇:၁၇) အပျက်သဘောထားများက ကျွန်ုပ်တို့ကို လွှမ်းမိုးမသွားမီ ချစ်မြတ်နိုးရသူတစ်ဦး သို့မဟုတ် ယုံကြည်စိတ်ချရသည့် အကြံပေးသူတစ်ဦးကို ရင်ဖွင့်လိုက်ခြင်းဖြင့် ကိုင်တွယ်ဖြေရှင်းနိုင်ကာ ယင်းတို့ကို ပြေပျောက်စေနိုင်ပါမည်။ အခြားသူများနှင့် စကားပြောဆိုခြင်းက အရာရာကို မျှမျှတတ၊ အပြုသဘောပါပါ ရှုမြင်တတ်စေသည်။ ဆီမွန်က “ကိုယ့်ရဲ့ခံစားချက်တွေကို ထုတ်ဖော်ပြောပြလိုက်ခြင်းက တကယ်အကူအညီပေးတယ်။ ကိုယ်ဘယ်လိုခံစားနေရတယ်ဆိုတာ တစ်ယောက်ယောက်ကို ပြောပြဖို့လိုတယ်။ အဲ့ဒီလို ထုတ်ဖော်ပြောပြလိုက်ရုံလေးပဲ” ဟု ဖွင့်ဟသည်။ ထိုသို့ပြုခြင်းဖြင့် နယပုံပြင်ကျမ်းပါ ဤစကားမှန်ကန်ကြောင်း သင်သိရှိရပါလိမ့်မည်– “စိုးရိမ်ကြောင့်ကြခြင်းသည် ညှိုးငယ်စေတတ်၏။ မေတ္တာစကားမူကား ဝမ်းမြောက်စေတတ်၏။”—သု. ၁၂:၂၅၊ သမ္မာ။
သင်လုပ်ဆောင်နိုင်ရာ
အပျက်သဘောထားများကို အနိုင်ယူကျော်လွှားစေနိုင်ပြီး စစ်မှန်သည့်ရွှင်လန်းမှု ရရှိစေနိုင်သော သမ္မာကျမ်းစာမှ များပြားလှသည့် အလွန်ကောင်းမွန်၍ လက်တွေ့ကျမူများအနက် အနည်းငယ်ကိုသာ ယခု ကျွန်ုပ်တို့ဆင်ခြင်သုံးသပ်ကြည့်ခဲ့ကြပြီ။ မိမိသည် အသုံးမကျသူဟူ၍ ခံစားနေရသူတို့တွင် သင်လည်းပါဝင်နေသည်ဆိုပါက သမ္မာကျမ်းစာကို အနီးကပ်ကြည့်ရှုစစ်ဆေးဖို့ သင့်အား ကျွန်ုပ်တို့တိုက်တွန်းလိုပါသည်။ သင့်ကိုယ်သင်ဖြစ်စေ၊ ဘုရားသခင်နှင့် သင်၏ဆက်ဆံရေးကိုဖြစ်စေ အရှိကိုအရှိတိုင်းနှင့် မျှမျှတတရှုမြင်တတ်ရန် ကြိုးစားပါ။ သမ္မာကျမ်းစာ၏လမ်းညွှန်မှုဖြင့် သင်လုပ်ဆောင်လေသမျှတွင် စစ်မှန်သောရွှင်လန်းမှု ရရှိနိုင်ပါစေဟု စိတ်ရင်းမှန်ဖြင့် ကျွန်ုပ်တို့ဆန္ဒပြုလိုက်ပါသည်။
[အောက်ခြေမှတ်ချက်]
a ဤကျမ်းပိုဒ်ကို စာမျက်နှာ ၂၂ နှင့် ၂၃ တွင် အသေးစိတ် ဆွေးနွေးထားပါသည်။
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ကျမ်းစာမူများအတိုင်း အသက်ရှင်ခြင်းက ရွှင်လန်းမှု တိုးပွားစေ