အထီးကျန်ခြင်းက သင့်ဘဝကို မညှိုးနွမ်းပါစေနှင့်
အထီးကျန်ခြင်းသည် လူကြီးနှင့်လူငယ်တို့၏ဘဝကို အလားတူစွာ ညှိုးနွမ်းပျက်စီးစေနိုင်သည်။ စာရေးဆရာ ဂျူးဒက်သ်ဗီသြရ်စ် က သူရေးသည့် Redbook မဂ္ဂဇင်းတွင် ဤသို့ဆိုထားသည်– “အထီးကျန်ခြင်းသည် နှလုံးတွင်ရှိနေသော ကျောက်တုံးတစ်တုံးကဲ့သို့ဖြစ်သည်။ . . . အထီးကျန်ခြင်းက ကျွန်ုပ်တို့အား ဟာတာတာဖြစ်စေသည်၊ လက်မှိုင်ချစေသည်။ အထီးကျန်ခြင်းသည် အလွန်ကျယ်ပြောပြီး အစောင့်အရှောက်ကင်းမဲ့သည့်လောကတွင် မိခင်မရှိသည့်ကလေး၊ လမ်းလွဲသည့်သိုးသငယ်တို့ပမာ ခံစားရစေသည်။”—၁၉၉၁၊ စက်တင်ဘာ။
မိတ်ဆွေများနှင့်ကွဲကွာခြင်း၊ အကျွမ်းတဝင်မရှိသည့်အသိုင်းအဝိုင်း၊ ဆက်သွယ်ရေးပြတ်တောက်ခြင်း၊ ကွာရှင်းခြင်း၊ သို့မဟုတ် ပူဆွေးသောကရောက်ရခြင်း—အရာရာသည် သင့်အား အထီးကျန်ဖြစ်စေနိုင်သည်။ အချို့တို့သည် အခြားသူများအလယ်တွင်ရှိနေစေကာမူ အလွန်အမင်းအထီးကျန်ဆန်နေနိုင်သည်။
သင်ဘာလုပ်နိုင်သနည်း
အထီးကျန်ခြင်းက သင့်အားထိုးနှက်လာပြီဆိုလျှင် သင်သည် အကူအညီမဲ့သားကောင်ဖြစ်ရတော့မည်လော။ အထီးကျန်ခြင်းက သင့်အား လုံးပါးပါးသွားအောင် သို့မဟုတ် သင်အသက်ရှင်လိုသည့်ဆန္ဒကို တဖြည်းဖြည်းပျောက်ပျက်သွားအောင် လုပ်ခြင်းမှ ကာကွယ်ရန် တစ်စုံတစ်ခုလုပ်နိုင်သလော။ အမှန်ပင်သင်လုပ်နိုင်သည်။ များစွာအကူအညီဖြစ်စေသော အကြံပေးချက်ကို ရနိုင်သည်။ ဘုရားသခင့်နှုတ်ကပါဌ်တော် သမ္မာကျမ်းစာက အလွန်ကောင်းမွန်သည့်သြဝါဒများကို ပေးထားသည်။ ထိုအားရှိစရာအချက်က အထီးကျန်ခြင်းကိုတိုက်လှန်နိုင်ရန် သင်လိုအပ်သည့်အရာပင်ဖြစ်မည်။—မဿဲ ၁၁:၂၈၊ ၂၉။
ဥပမာ၊ လွန်ခဲ့သည့်နှစ်ပေါင်း ၃,၀၀၀ ခန့်က အရှေ့အလယ်ပိုင်းဒေသတွင် နေထိုင်ခဲ့သော ငယ်ရွယ်သူအမျိုးသမီးရုသအကြောင်း ဖတ်ကြည့်ခြင်းက အားရှိစရာဖြစ်ကြောင်းကို သင်တွေ့ရမည်။ သူမသည် အထီးကျန်ခြင်း၏ အဓိကသားကောင်ဖြစ်ခဲ့သည်။ သူမ၏ခင်ပွန်းသေဆုံးသောအခါ မိမိအကျွမ်းမဝင်သောအသိုင်းအဝိုင်းဖြစ်သည့် ဣသရေလနိုင်ငံတွင်နေထိုင်ရန် ယောက္ခမဖြစ်သူနှင့် လိုက်သွားသည်။ (ရုသ ၂:၁၁) မိသားစု၊ မိတ်ဟောင်းဆွေဟောင်းများနှင့် ခွဲခွာရပြီး တိုင်းတစ်ပါးတွင် လူမျိုးခြားဖြစ်နေသော်လည်း အထီးကျန်ခြင်းက သူမအားသြဇာလွှမ်းမိုးခဲ့သည်ဟူသောအချက်ကို သမ္မာကျမ်းစာ၏မည်သည့်နေရာတွင်မျှ မတွေ့ရချေ။ သူမအကြောင်းကို ရုသကျမ်းစာစောင်တွင် ဖတ်ရှုကြည့်နိုင်သည်။
သင်သည် ရုသနည်းတူ အပြုသဘောထားတစ်ခုရှိရန်လိုသည်။ အကြောင်းအရာနှင့် အဖြစ်အပျက်များကို သင်စဉ်းစားတွေးတောပုံက အထီးကျန်ခြင်းကိုဖြစ်ပေါ်စေနိုင်သည်။ အားအင်ချိနဲ့သည့်ရောဂါခံစားနေရသော ဖခင်ဖြစ်သူအား လေးနှစ်တိုင်တိုင် ကြည့်ရှုစောင့်ရှောက်ခဲ့သည့်အဲန်က ယင်းအချက်ကိုသက်သေထူသည်။ ဖခင်သေဆုံးသောအခါ အထီးကျန်သည့်ဒဏ်ကို ပြင်းထန်စွာသူမခံစားရသည်။ “လဟာပြင်ကြီးထဲ ရောက်သွားသလို၊ လုံးလုံးလျားလျား အသုံးမကျတော့သလို—ဘယ်သူကမှ ကျွန်မကိုမလိုလားတော့သလို ခံစားရတယ်။ ဒါပေမဲ့ ခုကျွန်မဘဝက ပြောင်းလဲသွားပြီဆိုတဲ့အဖြစ်မှန်ကို ကျွန်မရင်ဆိုင်လိုက်ပြီး အထီးကျန်ခြင်းကိုတိုက်လှန်နိုင်ဖို့ ကျွန်မရဲ့လက်ရှိအခြေအနေကို အကောင်းဆုံးနည်းနဲ့အသုံးချရမယ်ဆိုတာ ကျွန်မသဘောပေါက်လာတယ်” ဟု သူမပြောသည်။ တစ်ခါတစ်ရံ သင့်အခြေအနေများကို သင်မပြောင်းလဲနိုင်သော်လည်း ယင်းတို့အပေါ် သင့်သဘောထားကို ပြောင်းလဲနိုင်စရာအကြောင်းရှိသည်။
အကျိုးရှိသည့်လုပ်ရပ်များတွင် အလုပ်များနေခြင်းသည် အထီးကျန်ခြင်းကိုတိုက်လှန်နိုင်ရန် အကြွင်းမဲ့ဖြေရှင်းနည်းမဟုတ်သော်လည်း အကူအညီဖြစ်စေနိုင်သည်။ လက်ထပ်ပြီး ခြောက်လအကြာတွင် မုဆိုးမဖြစ်သွားသော အိုင်ရီးန်က ယင်းသည်မှန်ကန်ကြောင်း သူမ၏အဖြစ်အပျက်မှသိရှိခဲ့ရသည်။ “ကျွန်မအလုပ်အပါးဆုံးအချိန်မှာ အထီးကျန်ခြင်းရဲ့တိုက်ခိုက်မှုကို အခံရဆုံးပဲဆိုတာ ကျွန်မသိလာတယ်။ ဒါကြောင့် တခြားလူတွေနဲ့ ရောရောနှောနှောနေပြီး သူတို့ရဲ့ပြဿနာတွေကိုဖြေရှင်းနိုင်အောင် အကူအညီပေးဖို့ ကျွန်မအာရုံစိုက်တယ်” ဟု သူမပြောသည်။ အခြားသူများကိုကူညီခြင်းသည် ပျော်ရွှင်မှုကိုဖြစ်စေပြီး အထီးကျန်သောခရစ်ယာန်များသည် သခင့်လုပ်ငန်းတော်တွင် လုပ်စရာများစွာရှိကြောင်း သိမြင်နိုင်ကြသည်။—တမန်တော် ၂၀:၃၅; ၁ ကောရိန္သု ၁၅:၅၈။
မိတ်ဆွေများကူညီပါစေ
နယူးယော့ခ်တိုင်းမ်းစ်မဂ္ဂဇင်း က တစ်ဦးတည်းသောကလေးများကို “မိတ်ဆွေမဲ့သည့်ဒဏ်ချက်များ” ဖြင့် အနာတရဖြစ်သူများဟု ဖော်ပြသည်။ (၁၉၉၁၊ ဧပြီ ၂၈) အထီးကျန်သည့် လူကြီးလူငယ်များစွာတို့သည် မိမိတို့မိတ်ဆွေမဲ့သည်ဟု ခံစားကြရသည်။ ထို့ကြောင့် ဂရုတစိုက်ရှိသောခရစ်ယာန်အသင်းတော်က ရရှိသည့် စစ်မှန်သောမိတ်သင်္ဂဟဖြစ်ခြင်းကိုရလျှင် အမှန်ပင်အကျိုးဖြစ်ထွန်းသည်။ အသင်းတော်ထဲတွင် သင့်မိတ်ဆွေအသိုင်းအဝိုင်းကို ချဲ့ထွင်နိုင်ရန်ကြိုးစားပြီး သူတို့တတ်နိုင်သောမည်သည့်နည်းဖြင့်မဆို သင့်အားကူညီစေပါ။ မိတ်ဆွေများသည် ယင်းအကြောင်းတစ်ခုအတွက်—ဒုက္ခကာလတွင် ကူညီထောက်ပံ့ရန် ဖြစ်သည်။—သု. ၁၇:၁၇; ၁၈:၂၄။
သို့သော် သင့်စိတ်ပိုင်းဆိုင်ရာနာကျင်မှုကြောင့် မိတ်ဆွေများက သင့်အားအကူအညီပေးရခက်အောင် သင်လုပ်မိနိုင်သည်ကို သတိပြုပါလေ။ မည်သို့အားဖြင့်နည်း။ စာရေးဆရာဂျက်ဖရီယန်း ဤသို့ရှင်းပြသည်– “အချို့အထီးကျန်သူများသည် . . . ဆွေးနွေးပြောဆိုမှုများတွင် တစ်ဦးတည်းလုပြောခြင်း သို့မဟုတ် ရွံမုန်းဖွယ် သို့မဟုတ် မသင့်လျော်သောစကားများကို ပြောဆိုခြင်းအားဖြင့် မိတ်ဆွေဖြစ်လာနိုင်သူများကို နောက်တွန့်သွားစေကြသည်။ ကြာမြင့်စွာအထီးကျန်သူများသည် တစ်နည်းမဟုတ်တစ်နည်းအားဖြင့် ရင်းနှီးသည့်ဆက်ဆံမှုများကို ပျက်စီးစေတတ်ကြသည်။”—ယူအက်စ်သတင်းနှင့်ကမ္ဘာ့ပြန်တမ်း၊ ၁၉၈၄၊ စက်တင်ဘာ ၁၇။
တစ်ခါတစ်ရံ အခြားသူများနှင့်ဝေးဝေးနေခြင်းအားဖြင့် အခြေအနေပိုဆိုးလာအောင် လုပ်ရာကျနိုင်သည်။ အသက် ၅၀ ကျော်ရှိ ပေတရ်ဆိုသူ ထိုသို့ပြုခဲ့သည်။ သူ၏ဇနီးသေဆုံးသောအခါ အခြားသူများ၏အကူအညီကို စိတ်ထဲကလိုချင်သော်လည်း သူတို့နှင့် ခပ်ခွာခွာနေလာသည်။ “တစ်ခါတလေကျရင် တခြားသူတွေရဲ့ပေါင်းသင်းဆက်ဆံမှုကို ကျွန်တော်မရင်ဆိုင်နိုင်ဘူး။ နောက်ဆုံး လူတွေနဲ့ခပ်ကင်းကင်းနေလာတယ်” ဟုသူပြောသည်။ ယင်းသည် အန္တရာယ်ဖြစ်စေနိုင်သည်။ တစ်ဦးတည်းနေသည့်အချိန်များသည် အကျိုးဖြစ်ထွန်းနိုင်သော်လည်း တစ်သီးပုဂ္ဂလနေခြင်းမူကား ဘေးသင့်စေနိုင်သည်။ (သု. ၁၈:၁၊ ကဘ) ယင်းကို ပေတရ်သဘောပေါက်လာသည်။ “နောက်ဆုံးတော့ အဲဒီအဖြစ်ကနေ ကျွန်တော်လွတ်မြောက်လာပြီး အခြေအနေကိုရင်ဆိုင်လိုက်တယ်။ ကျွန်တော့်မိတ်ဆွေတွေရဲ့အကူအညီနဲ့ ကျွန်တော့်ဘဝကို ပြန်တည်ဆောက်နိုင်ခဲ့တယ်” ဟုသူပြောသည်။
အခြားသူများသည် တစ်နည်းနည်းအားဖြင့် ကူညီရန်တာဝန်ရှိကြသည်ဟု မယူမှတ်ပါနှင့်။ အလွန်အမင်းတောင်းဆိုသူဖြစ်ရန် မကြိုးစားပါနှင့်။ တင်ပြခံရသည့် မည်သည့်ကြင်နာမှုမျိုးကိုမဆို လက်ခံပြီး ကျေးဇူးတင်လေးမြတ်ကြောင်း ဖော်ပြပါ။ သို့သော် သု. ၂၅:၁၇ တွင်ပေးထားသော ဤအကြံပြုချက်ကောင်းများကိုလည်း သတိရပါ– “သင်၏အိမ်နီးချင်းအိမ်၌ ကြာမြင့်စွာမနေနှင့်။ နေလျှင် သူသည် သင့်ကိုငြီးငွေ့၍မုန်းလိမ့်မည်။” အိမ်ထောင်ပြုပြီး ၃၅ နှစ်ကြာသောအခါ ခင်ပွန်းသေဆုံးသွားသောကြောင့် အလွန်အထီးကျန်ဆန်နေသော ဖရဲ့န်စ္စက ထိုသို့သောသတိပေးချက်သည် အရေးကြီးသည်ဟု မှတ်ယူသည်။ “မျှော်လင့်တဲ့နေရာမှာ အကျိုးသင့်အကြောင်းသင့်ရှိပါ။ တခြားသူတွေကို အလွန်အကျွံမတောင်းဆိုပါနဲ့။ အကူအညီအတွက် တစ်ဦးတစ်ယောက်ရဲ့အိမ်ကို ချောင်းပေါက်အောင်မသွားပါနဲ့” ဟု သူမပြောသည်။
ယေဟောဝါဂရုစိုက်တော်မူ
တစ်ခါတစ်ရံ လူသားမိတ်ဆွေများက သင့်ကိုစိတ်ပျက်စေကာမူ ယေဟောဝါဘုရားသခင်နှင့် သင်မိတ်ဖွဲ့နိုင်ပါသေးသည်။ ကိုယ်တော်သင့်ကို အမှန်ဂရုစိုက်တော်မူကြောင်း စိတ်ချပါ။ ကိုယ်တော်အားယုံကြည်စိတ်ချမှုကို ခိုင်ခံ့စေပြီး ကိုယ်တော့်ကာကွယ်စောင့်ရှောက်မှုအောက်တွင် အစဉ်အမြဲခိုလှုံနိုင်ရန် ကြိုးစားပါ။ (ဆာလံ ၂၇:၁၀; ၉၁:၁၊ ၂; သု. ၃:၅၊ ၆) မောဘအမျိုးသမီးရုသသည် ယင်းသို့ပြုခဲ့ပြီး ကောင်းချီးများစွာခံစားခဲ့ရသည်။ သူမသည် ယေရှုခရစ်၏ဘိုးဘေးတစ်ဦးပင် ဖြစ်လာသည်။—ရုသ ၂:၁၂; ၄:၁၇; မဿဲ ၁:၅၊ ၁၆။
ယေဟောဝါအား အမြဲဆုတောင်းပါ။ (ဆာလံ ၃၄:၄; ၆၂:၇၊ ၈) ဆုတောင်းခြင်းသည် အထီးကျန်ခြင်းကိုကျော်လွှားရာတွင် ကြီးမားသည့်ခွန်အား၏ အရင်းအမြစ်ဖြစ်ကြောင်း မာဂရက်ဆိုသူက သိရှိခဲ့သည်။ အသက်ငယ်သေးသည့်ခင်ပွန်းဖြစ်သူ သေဆုံးသွားသောအချိန်ထိ သူမသည် ခင်ပွန်းနှင့်အတူ အချိန်ပြည့်ဓမ္မအမှုတွင် ပါဝင်ခဲ့သည်။ “အသံထွက်ဆုတောင်းပြီး ကျွန်မရဲ့ကြောက်ရွံ့မှုတွေ၊ စိုးရိမ်မှုတွေ ဘယ်အရာမဆို ယေဟောဝါကိုပြောပြဖို့ကောင်းတယ်ဆိုတာ ကျွန်မအမြဲသိမြင်ရတယ်။ အဲဒီလိုလုပ်တာက အထီးကျန်ဆန်တဲ့ခံစားချက်ဝင်လာတဲ့အခါ အရာရာကိုအမြင်မှန်ရှိဖို့ အကူအညီဖြစ်စေတယ်။ ဆုတောင်းချက်တွေကို ယေဟောဝါပြည့်စုံစေတာတွေ့ရတော့ ကျွန်မယုံကြည်စိတ်ချမှုရလာတယ်” ဟု သူမပြောသည်။ “ကာလအချိန်တန်လျှင် ဘုရားသခင်သည် သင်တို့ကိုချီးမြှောက်တော်မူမည်အကြောင်း တန်ခိုးကြီးသောလက်တော်အောက်၌ ကိုယ်ကိုကိုယ်နှိမ့်ချကြလော့။ သင်တို့ကို သတိနှင့်ကြည့်ရှုတော်မူသောကြောင့် သင်တို့၏စိုးရိမ်ခြင်းအမှုရှိသမျှတို့ကို ကိုယ်တော်၌အပ်နှံကြလော့” ဟူသော တမန်တော်ပေတရု၏အကြံဉာဏ်ကို လိုက်လျှောက်ခြင်းမှ သူမကြီးစွာသောအကျိုးခံစားရသည်။—၁ ပေတရု ၅:၆၊ ၇; ဆာလံ ၅၅:၂၂။
ယေဟောဝါနှင့်ကောင်းသောဆက်ဆံရေးက အထီးကျန်များဆုံးရှုံးလေ့ရှိသည့်အရာ—ကိုယ့်သိက္ခာကိုယ်လေးစားခြင်းကို ပြန်လည်ရရှိစေသည်။ ဂျာနယ်စာရေးဆရာမ ဂျနက်ကု (ပ်) ဖရ်မဲန်၏ခင်ပွန်းသည် ကင်ဆာရောဂါနှင့်သေဆုံးသောအခါ သူမက “ကိုယ့်သိက္ခာကိုယ်လေးစားမှုကျဆင်းခြင်းနှင့် မိမိအသုံးမကျဟူသော ခံစားချက်များ” အကြောင်း ရေးသားခဲ့သည်။ သူမဤသို့ပြောသည်– “မုဆိုးမများစွာတို့သည် မိမိအသုံးမကျဟူသော ဤခံစားချက်ကြောင့်ပင် ကိုယ့်ကိုယ်ကိုသတ်သေချင်လောက်အောင် စိတ်ဓာတ်ကျဆင်းမှုဖြစ်ကြရသည်။”
ယေဟောဝါသင့်အား များစွာတန်ဖိုးထားကြောင်း သတိရပါ။ သင်တန်ဖိုးမရှိကြောင်း ကိုယ်တော်မထင်ပါ။ (ယောဟန် ၃:၁၆) ရှေးအချိန်က မိမိလူမျိုးဖြစ်သည့် ဣသရေလတို့အား ကိုယ်တော်ကူညီထောက်ပံ့သည့်နည်းတူ သင့်အားလည်း ကူညီထောက်ပံ့တော်မူမည်။ သူတို့ကို ကိုယ်တော်ဤသို့မိန့်တော်မူသည်– “သင့်ကိုမပစ်မပယ်ဟူ၍လည်းကောင်း၊ ကတိကိုခံရသောသူ၊ မစိုးရိမ်နှင့်။ ငါသည် သင့်ဘက်မှာရှိ၏။ မကြောက်နှင့် သင်၏ဘုရားသခင်ငါသည် သင့်ကိုခိုင်ခံ့စေမည်။ သင့်ကိုစောင့်မမည်။ ငါ့သစ္စာလက်ယာလက်ဖြင့် သင့်ကိုထောက်ပင့်မည်။”—ဟေရှာယ ၄၁:၉၊ ၁၀။
ဘုရားသခင်ကိုအပြစ်မတင်နှင့်
အရေးအကြီးဆုံးကား သင့်အထီးကျန်မှုကြောင့် ဘုရားသခင်ကိုအပြစ်မတင်ပါနှင့်။ ယေဟောဝါ၌တာဝန်မရှိပါ။ ကိုယ်တော့်ရည်ရွယ်ချက်မှာ ကောင်းမြတ်သော၊ ကျေနပ်ဖွယ်ကောင်းသော ပေါင်းဖော်မှုကို သင်နှင့်လူသားအားလုံးမွေ့လျော်ရန် အစဉ်အမြဲဖြစ်ခဲ့သည်။ အာဒံကို ဘုရားသခင်ဖန်ဆင်းခဲ့စဉ်က ကိုယ်တော်ဤသို့မိန့်တော်မူသည်– “ယောက်ျားသည် တစ်ယောက်တည်းမနေကောင်း၊ သူနှင့်တော်သောအထောက်အမကို သူ့အဖို့ငါလုပ်ဦးမည်ဟု အကြံရှိတော်မူ၏။” (ကမ္ဘာဦး ၂:၁၈) ပထမဦးဆုံးလူမိန်းမကို ကိုယ်တော်ဖန်ဆင်းတော်မူသောအခါ ထိုသို့ပြုတော်မူသည်။ စာတန်၏ပုန်ကန်မှုကြောင့်သာမဟုတ်ခဲ့လျှင် လူယောက်ျား၊ လူမိန်းမနှင့် သူတို့မှပေါက်ဖွားလာသည့်မိသားစုများသည် အထီးကျန်ခြင်းကို မည်သည့်အခါမျှခံစားရမည်မဟုတ်ပါ။
ယေဟောဝါသည် ဆိုးသွမ်းမှုကို ယာယီခွင့်ပြုထားခြင်းက အထီးကျန်မှုများတိုးပွားပြီး အခြားဘေးဒုက္ခများကို ဖြစ်ပေါ်စေသည်တော့မှန်ပါသည်။ သို့တစေ ယင်းတို့သည် ခေတ္တခဏမျှသာဖြစ်ကြောင်း သံသယမဖြစ်ပါနှင့်။ ဘုရားသခင့်ကမ္ဘာသစ်တွင် သင့်အတွက် ကိုယ်တော်လုပ်ပေးမည့်အရာများကိုထောက်လျှင် အထီးကျန်ခြင်းနှင့်ဆိုင်သည့်ဒုက္ခများကို ရင်ဆိုင်ရန် အနည်းငယ်လွယ်ကူလာဖွယ်ရှိသည်။ တစ်ချိန်တည်းတွင် ကိုယ်တော် သင့်အား ထောက်မပြီးနှစ်သိမ့်တော်မူမည်။—ဆာလံ ၁၈:၂; ဖိလိပ္ပိ ၄:၆၊ ၇။
ယင်းကိုသိထားခြင်းက သင့်ကိုအားရှိစေနိုင်သည်။ ဖရဲ့န်စ္စသည် မုဆိုးမဖြစ်ခဲ့ရသော်လည်း ဆာလံ ၄:၈ ပါစကားများအားဖြင့် နှစ်သိမ့်မှုရသည်။ အထူးသဖြင့် ညအချိန်တွင်ဖြစ်သည်– “ငြိမ်ဝပ်စွာအိပ်၍ပျော်ပါမည်။ အကြောင်းမူကား အကျွန်ုပ်သည် လုံခြုံစွာနေရသောအခွင့်ကို ကိုယ်တော်အရှင်ထာဝရဘုရားသခင်သာလျှင် အခွင့်ပေးတော်မူ၏။” ဆာလံကျမ်းတွင်တွေ့ရသော ထိုသဘောထားမျိုးတို့ကို တွေးတောဆင်ခြင်ပါ။ ဆာလံ ၂၃:၁-၃ ကဲ့သို့သောကျမ်းချက်များတွင် ဖော်ပြထားသကဲ့သို့ ဘုရားသခင် သင့်အားမည်သို့ဂရုစိုက်ကြောင်းတို့ကို ပြန်စဉ်းစားကြည့်ပါ။
အထီးကျန်များအား မည်သို့ကူညီနိုင်သနည်း
အထီးကျန်များအား ကူညီရန်အဓိကနည်းမှာ သူတို့အားမေတ္တာပြခြင်းဖြစ်သည်။ သမ္မာကျမ်းစာက ဘုရားသခင့်လူများအား အချင်းချင်းမေတ္တာပြရန်၊ အထူးသဖြင့် စုံစမ်းခြင်းခံရသည့်အချိန်တွင် ထိုသို့ပြုရန် ထပ်ခါထပ်ခါတိုက်တွန်းထားသည်။ “ညီအစ်ကိုချစ်ခြင်းအရာမှာ ပကတိပေါက်ဖော်ကဲ့သို့ တစ်ယောက်ကိုတစ်ယောက်စုံမက်ကြလော့” ဟု တမန်တော်ပေါလုရေးသားခဲ့သည်။ (ရောမ ၁၂:၁၀) အမှန်အားဖြင့် ဘုရားသခင့်မှုတ်သွင်းခံနှုတ်ကပါဌ်တော် ဤသို့ပြောသည်– “မေတ္တာသည် ဖောက်ပြန်ခြင်းသဘောနှင့် အစဉ်ကင်းလွတ်၏။” (၁ ကောရိန္သု ၁၃:၈) အထီးကျန်များအား သင်မည်သို့မေတ္တာပြနိုင်သနည်း။
စဉ်းစားထောက်စာတတ်သူတို့သည် အထီးကျန်များကို ပယ်ထား သို့မဟုတ် လျစ်လျူရှုထားမည့်အစား ဖြစ်နိုင်သည့်အခါတိုင်း သူတို့အားစိတ်ရှည်စွာကူညီပေးခြင်းအားဖြင့် ချစ်ခင်တွယ်တာမှုကို တင်ပြနိုင်ကြသည်။ “ငါသည် ဆင်းရဲသောသူ၊ မိဘမရှိသောသူ၊ ကိုးကွယ်ရာမရသောသူ အော်ဟစ်သောအခါ ကယ်တင်တတ်၏။ . . . မုဆိုးမစိတ်နှလုံးကို ရွှင်လန်းစေ၏” ဟုပြောသော ယောဘနည်းတူ သူတို့ဖြစ်နိုင်သည်။ (ယောဘ ၂၉:၁၂၊ ၁၃) ခရစ်ယာန်အသင်းတော်ရှိ ခန့်အပ်ခံအကြီးအကဲများနှင့် ကြင်နာတတ်သောမိတ်ဆွေများက လူသား၏အခြေခံလိုအပ်ရာများဖြစ်သည့် နားလည်မှု၊ ဖော်ရွေမှုနှင့် နှစ်သိမ့်မှုတို့ကိုပေးခြင်းအားဖြင့် အလားတူကြင်နာမှုပြနိုင်ကြသည်။ ကိုယ်ချင်းစာနာမှုတင်ပြနိုင်ပြီး တစ်ခါတစ်ရံ အတွင်းရေးစကားပြောဆိုခြင်းကို နားထောင်ပေးနိုင်သည်။—၁ ပေတရု ၃:၈။
မိတ်ဆွေများက အထီးကျန်များအတွက်လုပ်ပေးသော အသေးအမွှားကိစ္စများသည် အရေးတကြီးလိုအပ်ရာများဖြစ်နေတတ်သည်။ ဥပမာ၊ ယုံကြည်ခြင်းအဖော်တစ်ဦးသည် မြတ်နိုးရသူတစ်ဦးကို သေခြင်းအားဖြင့်ဆုံးရှုံးရသောအခါ မိတ်ဆွေစစ်တို့၏ကြင်နာသည့်လုပ်ရပ်များက ကောင်းကျိုးများစွာဖြစ်ထွန်းစေနိုင်သည်။ ထမင်းစားခေါ်ဖိတ်ခြင်း၊ စာနာစွာနားထောင်ပေးခြင်း၊ အားပေးသည့်စကားပြောဆိုခြင်းတို့ကဲ့သို့သော ကြင်နာမှုတင်ပြသည့် အသေးအမွှားကိစ္စများ၏တန်ဖိုးကို လျှော့မတွက်ပါနှင့်။ ယင်းအရာများသည် အထီးကျန်ခြင်းနှင့်တိုက်လှန်ရန် လူတစ်ဦးအား အလွန်ထိရောက်စွာအကူအညီပေးနိုင်သည်။—ဟေဗြဲ ၁၃:၁၆။
ကျွန်ုပ်တို့ယောက်စီသည် တစ်ချိန်မဟုတ်တစ်ချိန်တွင် အထီးကျန်ဝေဒနာကို ခံစားကြရပေမည်။ သို့သော် အထီးကျန်ခြင်းသည် သင့်အား ဒုက္ခရောက်စေသည့်အကြောင်းတစ်ခု မဖြစ်သင့်ပါ။ သင့်အသက်တာကို အဓိပ္ပာယ်ရှိသော တည်ဆောက်မှုဖြစ်စေသည့်လုပ်ရပ်များက နေရာယူစေပါ။ မိတ်ဆွေများကကူညီနိုင်လျှင် ကူညီစေပါ။ ယေဟောဝါဘုရားသခင်ကို ယုံကြည်စိတ်ချပါ။ ဆာလံ ၃၄:၁၉ တွင်မှတ်တမ်းတင်ထားသော အားရှိစရာကတိတော်များကို စွဲစွဲမြဲမြဲနှလုံးသွင်းထားပါ– “ဖြောင့်မတ်သောသူသည် များစွာသောဒုက္ခဆင်းရဲကို ခံရသော်လည်း ထာဝရဘုရားသည် ခပ်သိမ်းသောဒုက္ခဆင်းရဲထဲက ကယ်လွှတ်တော်မူ၏။” ဘုရားသခင်ထံမှ အကူအညီရယူပြီး အထီးကျန်ခြင်းက သင့်ဘဝကို အဖျက်သြဇာမသက်ရောက်ပါစေနှင့်။
[စာမျက်နှာ ၂၄ ပါ လေးထောင့်ကွက်]
အထီးကျန်ခြင်းကိုတိုက်လှန်နည်းအချို့
▪ ယေဟောဝါ၊ ကိုယ်တော့်နှုတ်ကပါဌ်တော်တို့နှင့် အနီးကပ်နေပါ
▪ သမ္မာကျမ်းစာဖတ်ခြင်းဖြင့် နှစ်သိမ့်မှုရယူပါ
▪ ခရစ်ယာန်အမြင်မှန်ကို ထိန်းသိမ်းပါ
▪ အဓိပ္ပာယ်ရှိသောလုပ်ရပ်တွင် အလုပ်များနေပါ
▪ သင့်မိတ်ဆွေအသိုင်းအဝိုင်းကို တိုးချဲ့ပါ
▪ မိတ်ဆွေများက သင့်အားကူညီရန်လွယ်ကူစေပါ
▪ တစ်သီးပုဂ္ဂလမနေဘဲ တုံ့ပြန်လွယ်သည့်မေတ္တာကို တည်ဆောက်ပါ
▪ သင့်အား ယေဟောဝါဂရုစိုက်တော်မူကြောင်း ယုံကြည်စိတ်ချပါ
[စာမျက်နှာ ၂၄ ပါ လေးထောင့်ကွက်]
အထီးကျန်များကို သင်ကူညီနိုင်ဖွယ်နည်းအချို့
▪ နားလည်မှု၊ ဖော်ရွေမှုနှင့် နှစ်သိမ့်မှုပေးပါ
▪ အတွင်းရေးစကားကို နားထောင်ပေးပါ
▪ အကူအညီဖြစ်စေသော အသေးအမွှားကိစ္စများကို အမြဲလုပ်သွားပေးပါ
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
ရုသသည် ခက်ခဲသည့်အခြေအနေများကြားမှပင် အထီးကျန်ခြင်းက သူမ၏အသက်တာကို အဖျက်သြဇာသက်ရောက်ကြောင်း တင်ပြခြင်းမရှိပေ