သင့်စိတ်ဓာတ်ကိုထိန်းချုပ်လော့
“ဒေါသကြီးပြီးအပြစ်ချည်းမြင်သူများသည် တည်ငြိမ်မှုရှိ၍ယုံလွယ်သူတို့ထက် အသက် ၅၀ အောက်အရွယ်တွင်သေဖို့ ငါးဆပိုများကြောင်း စိတ်ပညာရှင်တစ်ဦးတွေ့ရှိခဲ့သည်” ဟု ၁၉၈၉၊ ဇန်နဝါရီ ၁၇ ရက်ထုတ် The New York Times သတင်းစာကဆိုသည်။ မြောက်ကယ်ရိုလိုင်နာပြည်နယ်၊ ဒါရ်ဟမ်မြို့၊ ဒယုခ်တက္ကသိုလ်ဆေးဘက်ဆိုင်ရာဌာနမှ ပါမောက္ခဒေါက်တာရက်ဖော့ဒ်ဘီဝီလ်လျံသည် “သုတေသနပြုမှုများစွာပေါ်အခြေပြု” ၍ထိုသို့မှတ်ချက်ချသည်။ “ယုံလွယ်သောသူများသည် စာနာမှုနာဗ်ကြောအဖွဲ့၏အပျက်အစီးဒဏ်မှအကာအကွယ်ရရှိသဖြင့် ပိုအသက်ရှည်သည်” ဟု Times သတင်းစာကတင်ပြသည်။
အမျက်ဒေါသသည် သွေးတိုးစေသည်၊ အသက်ရှူပြဿနာများပေါ်စေ၍အခြားဆိုးကျိုးများဖြစ်ပွားစေသည်။ အမျက်သည် စဉ်းစားဉာဏ်ကိုပျက်ပြားစေ၍ နောက်ဆက်တွဲအကျိုးကား အလွန်အမင်းစိတ်ကျဝေဒနာခံရခြင်းဖြစ်သည်။ လူတစ်ဦး၏ဝိညာဏကျန်းမာရေးအပေါ်လည်း ဆိုးကျိုးများသက်ရောက်သည်။ ထိုကြောင့်ကျမ်းစာကဤသို့ဆိုရခြင်းဖြစ်သည်။ “ကျန်းမာ [တည်ငြိမ်၊ ကဘ] သောနှလုံးသည် ကိုယ်အသက်ရှင်စေသောအကြောင်း” ဖြစ်၏။ (သု၊ ၁၄:၃၀) မှန်ပေသည်၊ သင့်စိတ်ကိုထိန်းခြင်းသည် ကျန်းမာရေးကောင်းစေ၏။ သို့သော်ထိုသို့ပြုရန် အခြားအကြောင်းများကိုလည်းသတိပြုပါ။
ဉာဏ်ပညာရှိလမ်းစဉ်ကိုမီအောင်လိုက်လော့
ဦးနှောက်မှန်သူမည်သူမဆို ပညာရှိစွာပြုမူကျင့်ကြံလိုသည်။ ယင်းသို့ပြုရန်နည်းတစ်နည်းကား စိတ်ချုပ်တည်းခြင်းဖြစ်သည်။ ယင်းနှင့်ပတ်သက်၍ သု၊ ၂၉:၁၁ ကဤသို့ဆိုသည်။ “မိုက်သောသူသည် မိမိကြံစည်သမျှကိုဖော်ပြတတ်၏။ ပညာရှိသောသူမူကား အဆင်မသင့်မီ ထိမ်ဝှက်တတ်၏။”
သမ္မာကျမ်းစာတွင် ‘စိတ်ဓာတ်’ ဟုဆိုသည့်အခါ လမ်းစဉ်တစ်ခုကိုမီအောင်လိုက်ရန် တိုက်တွန်းပေးသည့်လွှမ်းမိုးစိတ်ကိုအများအားဖြင့်ညွှန်းသည်။ “မိုက်သောသူ” သည်မိမိစိတ်ကိုမထိန်းနိုင်သဖြင့် အကုန်အစင်လှစ်ဟဖော်ပြတတ်သည်။ အကျိုးသက်ရောက်မှုများကို ထည့်မစဉ်းစားဘဲ အမျက်ထောင်းထောင်းထွက်တတ်သည်။ မိုက်သောသူ၏စိတ်ဓာတ်သည် ဦးဆုံးမျက်နှာပေါ်အမျက်ဒေါသထင်ရှားစေသည်။ ထိုနောက်ခက်ထန်သောစကား၊ မိုက်မဲသောအပြုအမူများကို သူ၏စိတ်ဓာတ်ကနှိုးဆွပေးသည်။
သို့ရာတွင်ပညာရှိသောသူသည် သူ၏စိတ်ကို ‘အဆုံးတိုင်တည်ငြိမ်စေသည်။’ သူ့စိတ်ကိုသူထိန်း၍၊ အမျက်နှိုးဆွခံလျှင် မည်သို့အကျိုးသက်ရောက်လိမ့်မည်ကို ချင့်ချိန်တွက်ချက်ပါသည်။ ဒေါသထွက်စရာအကြောင်းရှိဦးတော့ ထိုသို့စိတ်ဆိုးနေသည့်အခါမျိုးတွင် ချက်ချင်းတုံ့ပြန်မည်ဆိုလျှင် အန္တရာယ်ကြီးစွာဖြစ်စေနိုင်သည်။ ထိုကြောင့်သူ့ကိုယ်သူချုပ်တည်းပြီး၊ ဒေါသအမျက်ကိုမထိန်းဘဲလွှတ်ထားမည်မဟုတ်ပါ။ ယေဟောဝါထံအကူအညီတောင်းဆို၍ အဆောတလျင်တိတ်ဆိတ်စွာဆုတောင်းလိုက်ပါမည်။ နောက်ဆုံး အားလုံး၏အကျိုးကိုထောက်ကာ ပညာရှိသည်အမျက်ကိုငြိမ်းစေနိုင်ပြီး ကျမ်းစာအတိုင်း ဘုရားသခင်၏အလိုတော်နှင့်အညီ စိတ်ရှင်းလင်းတည်ငြိမ်စွာဆုံးဖြတ်နိုင်သည်။ ထို့ပြင်အမျက်ကိုသိုမထားသင့်ကြောင်း၊ ထိုသို့ပြုခြင်းကား ပညာမဲ့စွာပြုမူ၍အပြစ်ပြုမိစေနိုင်ကြောင်း ပညာရှိသူကောင်းစွာသိသည်။
ပညာရှိသည် တမန်တော်ပေါလု၏သြဝါဒကိုလည်းကျင့်သုံးတတ်သည်။ “အမျက်ထွက်ရာတွင် အပြစ်မရှိစေနှင့်။ အမျက်မပြေဘဲနေမဝင်စေနှင့်။ မာရ်နတ်ကိုအခွင့်မပေးကြနှင့်။” (ဧဖက် ၄:၂၆၊ ၂၇) အမျက်ထွက်သင့်သည်တိုင် အမျက်မပြေနိုင်ဘဲနေမဝင်စေပါနှင့်။ ထိုသို့ဖြစ်နေမည်ဆိုလျှင် စာတန်မာရ်နတ်သည်သင့်အားအခွင့်အရေးယူပြီးအဆိုးပြုစေလျက် ဘုရားသခင်၏အမျက်တော်ကိုခံစေလိမ့်မည်။ (ဆာလံ ၃၇:၈၊ ၉) ယင်းအစားသင့်စိတ်ကိုထိန်းပါ။ သင့်အမျက်ကိုနှိုးဆွစေသည့် မပြေပြစ်မှုတို့ကို ချက်ချင်းပြေလည်စေပါ။—မဿဲ ၁၈:၁၅-၁၇။
စိတ်အေးအေးနေလော့
အခြားပညာရှိစကားတစ်ခွန်းကား ‘စကားကိုချုပ်တည်းသောသူသည် အသိပညာရှိသူ၊ ဉာဏ်ကောင်းသောသူသည်လည်း ဧသောစိတ်ရှိတတ်၏’ ဖြစ်သည်။ (သု၊ ၁၇:၂၇) ဘုရားသခင့်နှုတ်ကပါဌ်တော်အသိပညာရှိသူသည် ‘စကားကိုချုပ်တည်း’ ပြီး အထူးသဖြင့်စိတ်အနှောင့်အယှက်ဖြစ်သည့်အခါ ရေသွန်သကဲ့သို့ဒလဟောဖွင့်အံပြောဆိုမည်မဟုတ်။ ယေဟောဝါနှင့်မိမိ၏ဆက်ဆံရေး၊ ဘုရားသခင့်အဖွဲ့အစည်းတွင် မိမိ၏နေရာကိုသိထားကာ ဒေါသမီးဟုန်းဟုန်းထွက်ခြင်းကိုအနိုင်ပေးမည်မဟုတ်ပါ။ ယင်းအစား “ဉာဏ်ကောင်းသောသူ” သည်အေးအေးလူလူစဉ်းစားပြီး လွန်ကျွံသည့်အဘယ်အမှုကိုမျှပြုမည်မဟုတ်ပါ။ ဤကဲ့သို့သောစိတ်ထားမျိုးဖြင့် မိုက်သောသဘောရှိသူအားပြစ်မှားစေနိုင်သည့်အခြေအနေများကို အသင်လည်းထိန်းချုပ်ပေးနိုင်ပါလိမ့်မည်။
ယင်းအကြောင်းနှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့ဖတ်ရသည်ကားဤသို့။ ‘စိတ်ရှည်သောသူသည် ပညာကြီး၏။ စိတ်တိုသောသူမူကား အမိုက်တရားကိုချီးမြှင့်၏။’ (သု၊ ၁၄:၂၉) စိတ်လှုပ်ရှားသည့်အခါစိတ်မရှည်နိုင်လျှင် မိုက်မဲသောအပြုအမူများကိုဖြစ်ပွားစေနိုင်သည်။ နှုတ်ကိုမစောင့်စည်း၊ အကျင့်ကိုမထိန်းသိမ်းသည့်အတွက် မည်သို့ဖြစ်ပျက်နိုင်သည်ကိုသုံးသပ်ခြင်းကား သာ၍ကောင်းမြတ်လှသည်တကား။ ထိုသို့မဟုတ်လျှင် စိတ်တိုစွာဖြင့်ပြုမူလိုက်ရာ ပညာမဲ့သောအမှုကိုပြုလိုက်၍ “အမိုက်တရားကိုချီးမြှင့်” မိပေလိမ့်မည်။ ထိုကြောင့် ဘုရားသခင်ကဲ့သို့ပင် ‘အမျက်ထွက်နှေး” ကြလော့။ ထိုသို့ဆိုလျှင် စိတ်တို၍ပြုသည့်ပညာမဲ့အကျင့်များကို ရှောင်ကြဉ်နိုင်ပါလိမ့်မည်။
မာန်မာနကိုရှောင်ကြဉ်လော့
မာန်မာနကြောင့်သူတစ်ပါးကိုစာနာစိတ်ကင်းမဲ့ပြီး ဒေါသကြီးသူပင်ဖြစ်နိုင်သည်။ ထိုကြောင့် ကျွန်ုပ်တို့ဖတ်ရသည်ကား “စိတ်တိုသောသူသည် ရန်တွေ့ခြင်းကိုနှိုးဆော်တတ်၏။ ဒေါသကြီးသူလည်း များစွာလွန်ကျူးတတ်၏။” (သု၊ ၂၉:၂၂၊ သမ ) မိမိစိတ်ကိုမချုပ်တည်းဘဲ “စိတ်တိုသောသူ” သည်မိတ်ဆွေအချင်းချင်းတွင်ပင် “ရန်တွေ့ခြင်းကိုနှိုးဆော်တတ်၏။” “ဒေါသကြီးသူလည်း များစွာလွန်ကျူးတတ်၏။” ထိုသူသည် ပညာရှိပြီးဘုရားတရားကြည်ညိုသူအမှန်ရှောင်ကြဉ်မည့်အပြစ်ကျူးလွန်ခြင်းကို အမှန်ပြုမူမိမည်။
ယေဟောဝါရှင်သည် မာန်မာနစိတ်နှင့်မောက်မာစွာအမျက်ထွက်ပြခြင်းကို မနှစ်သက်တော်မူကြောင်း အမြဲသတိရပါ။ (သု၊ ၁၆:၁၈) စုံစမ်းနှောင့်ယှက်ခြင်းကိုခံရပ်ပြီး နှိမ့်ချစွာကျင့်နိုင်ရန် ဘုရားသခင်၏အကူအညီကိုတောင်းဆိုခြင်းသည် မာန်မာနစိတ်ဖြင့်ဒေါသအမျက်ကြီးခြင်းထက် သာလွန်ကောင်းပေသည်။—သု၊ ၂၉:၂၃။
နူးညံ့သိမ်မွေ့စွာပြုမူ
အခွင့်အာဏာရှိသူတစ်ဦး၏ဆုံးမမှုကိုခံရသည့်အခါ နှိမ့်ချမှုလိုပါသည်။ ထိုအချိန်အခါမျိုးတွင် ဦးဆုံးပေါ်လာတတ်သည့်စိတ်ထားကားအဘယ်နည်း။ အဆောတလျင်မသင့်တော်သောစကားဖြင့်တုံ့ပြန်ခြင်းပင်ဖြစ်မည်။ သို့သော်ကျမ်းစာဤသို့ဆုံးမသည်။ “မင်းသည်သင့်ကိုစိတ်ဆိုးလျှင် ကိုယ်နေသင့်ရာအရပ်မှမရွှေ့နှင့်။ သည်းခံခြင်းသည် ကြီးသောအပြစ်ကိုဖြေတတ်၏။” (ဒေသနာ ၁၀:၄) နူးညံ့သိမ်မွေ့စွာပြန်ဖြေဆိုခြင်းကား ပို၍ပညာရှိသည်အမှန်။ “ဖြည်းညင်းသောစကားသည် စိတ်ကိုဖြေတတ်၏။” (သု၊ ၁၅:၁) နူးညံ့သိမ်မွေ့စွာပြန်ဆက်ဆံနိုင်ခြင်းငှာ ချုပ်တည်းမှုရှိရန်လိုသည်။ သို့သော်ဤပညာရှိလမ်းစဉ်သည် ပြဿနာများကိုပြေလည်စေပြီးသင့်တင့်စေသည်။
ဆိုဆုံးမမခံထိုက်ဘဲ သင်အပြောခံခဲ့ရလျှင် အခွင့်အာဏာရှိသူသည် ကျိုးကြောင်းတင်ပြခွင့် သင့်အားပေးမည်ဟုမျှော်လင့်နိုင်၏။ ဤသို့တင်ပြပြောဆိုခွင့်ရခြင်းဖြင့် အထင်လွဲမှားမှုကိုဖြေရှင်းနိုင်မည့်မျှော်လင့်ချက်ဖြင့် နူးညံ့သိမ်မွေ့စွာဖြေရှင်းပေးနိုင်ပါသည်။ အခွင့်အာဏာရှိသူသည်လည်း ဖြေရှင်းခွင့်ပြုရန် စိတ်ထိန်းထားရမည်။ ယင်းသို့ပြုခြင်းဖြင့် သူ၌ဉာဏ်ပညာနှင့်ခွန်အားရှိကြောင်းထင်ရှားပေမည်။
ခရစ်ယာန်တစ်ဦးသည် အခွင့်အာဏာရရှိထားသူဖြစ်စေ၊ မရရှိသူဖြစ်စေ၊ “ကိုယ်စိတ်ကိုမချုပ်တည်းနိုင်သောသူသည် မြို့ရိုးပြိုပျက်၍ဟင်းလင်းရှိသောမြို့နှင့်တူ” ကြောင်းသတိရထားသင့်သည်။ (သု၊ ၂၅:၂၈) နူးညံ့သိမ်မွေ့သောသဘောမရှိ၍ မိမိစိတ်ကိုမထိန်းသောသူသည် မှားယွင်းစွာပြုမူစေနိုင်သည့် မသင့်တော်သောအကြံအစည်များ၏လွှမ်းမိုးမှုကို လွယ်ကူစွာခံရလိမ့်မည်။ စုံလင်သောပုံသက်သေကိုတင်ပြခဲ့သူ ယေရှုခရစ်သည် “နူးညံ့သိမ်မွေ့နှိမ့်ချသောစိတ်သဘောရှိ၏။” (မဿဲ ၁၁:၂၉) ထို့ပြင်နူးညံ့သိမ်မွေ့ခြင်းသည် ဘုရားသခင့်ဝိညာဉ်တော်အသီးဖြစ်၍ ယင်းအတွက်ခရစ်ယာန်များဆုတောင်းကြရမည်။—လုကာ ၁၁:၁၃။ ဂလာတိ ၅:၂၂၊ ၂၃။
သင့်စိတ်ကိုအဘယ်ကြောင့်ထိန်းချုပ်ရမည်နည်း
နူးညံ့သိမ်မွေ့သောစကားများကို ကျွန်ုပ်တို့ကြားလိုကြ၏။ သို့သော် အမျက်ဒေါသဖြင့်ပြောဆိုခြင်းကို အဘယ်အရာကတိုက်တွန်းလိုက်ကြောင်း ကျွန်ုပ်တို့မသိလိုက်ပါ။ ကောက်ကျစ်သောသူသည် အမျက်ကိုသိုဝှက်ထားပြီး မိမိအားပြုခဲ့သော၊ သို့မဟုတ် ပြုခဲ့သည်ဟုအထင်ရှိသောအမှားတစ်ခုခုကို တစ်နေ့နေ့ကလဲ့စားချေမည်ဟုတေးထားလိမ့်မည်။ သူအမုန်းပွားနေသူအား အခွင့်ကောင်းရသည်နှင့်စကားနာထိုးရန် စောင့်ဆိုင်းနေပေမည်။ ဤစိတ်ထားမျိုးကိုခရစ်ယာန်တစ်ဦး မမွေးမြူသင့်ကြောင်းတမန်တော်ယောဟန်ဤသို့ရေးသားခဲ့သည်။ “မိမိညီအစ်ကိုကိုမုန်းသောသူသည် မှောင်မိုက်၌ရှိ၏။ မှောင်မိုက်၌လည်းကျင်လည်သွားလာ၏။ မှောင်မိုက်ကြောင့် သူ၏မျက်စိမမြင်နိုင်သဖြင့် အဘယ်အရပ်သို့ကိုယ်သွားသည်ကိုကိုယ်မသိ။” ယောဟန်ဤသို့လည်းဆိုသည်။ “မိမိညီအစ်ကိုကိုမုန်းသောသူမည်သည်ကား လူအသက်ကိုသတ်သောသူဖြစ်၏။ လူအသက်ကိုသတ်သောသူ တစ်တစ်ယောက်၌မျှ ထာဝရအသက်မတည်သည်ကို သင်တို့သိကြ၏။”—၁ ယောဟန် ၂:၁၁။ ၃:၁၅။
မာန်မာန၊ ဟန်ဆောင်မှု၊ သို့မဟုတ် ဘုရားတရားနှင့်မစပ်ဆိုင်သော အကျင့်တစ်မျိုးမျိုးကိုဖုံးဝှက်ထားမည်ဆိုသော်လည်း ယင်းတို့ကိုဘုရားသခင်မမြင်ဘဲမနေပါ။ အော်ကြီးဟစ်ကျယ် ကိုယ်ကိုအမွမ်းတင်ခြင်း၊ ကိုယ်ကိုယ်ကိုဖြောင့်မတ်ဟန်ပြခြင်းတို့သည် နှလုံးတွင်းရှိရာကို ဘုရားသခင်ထံမှဖုံးကွယ်မထားနိုင်ပါ။ သု၊ ၁၆:၂ ကဤသို့ဆိုသည်။ “လူသည် မိမိကျင့်သမျှသောအကျင့်တို့ကိုနှစ်သက်တတ်၏။ ထာဝရဘုရား [ယေဟောဝါ၊ ကဘ ] မူကား စိတ်သဘောတို့ကိုချိန်တော်မူ၏။” ဘုရားသခင်ကိုမည်သည့်အခါမျှမလှည့်ဖြားနိုင်ပါ။
ထိုကြောင့် သင့်အကျိုးအလိုငှာလည်းကောင်း၊ ဆွေးနွေးတင်ပြခဲ့သောကျမ်းဆိုင်ရာအကြောင်းများကြောင့်လည်းကောင်း မာန်မာကိုရှောင်ကြဉ်ခဲ့ပြီး နူးညံ့သိမ်မွေ့စွာကျင့်ကြံခဲ့သောအခြားပညာရှိများနှင့်ယေရှုနည်းတူ ပြုမူကျင့်ကြံပါ။ သင့်စိတ်ဓာတ်ကိုအစွမ်းကုန်ထိန်းချုပ်ပါ။