အန္တရာယ်ပြုသော အတင်း အဖျင်းပြောဆိုခြင်းကို ရှောင်ကြဉ်
“စကားများသောအားဖြင့် အပြစ်ပါတတ်၏။ မိမိနှုတ်ကိုချုပ်တည်းသောသူမူကား ပညာရှိ၏။”—သု၊ ၁၀:၁၉။
၁။ ရန်ငြိုးထားအတင်းပြောခြင်း သို့မဟုတ် အသရေဖျက်ခြင်းသည် မည်မျှဖျက်ဆီးနိုင်သနည်း။
သေစေနိုင်သောအဆိပ်ရည်ကို ကျန်းမာရေးအတွက်သောက်သုံးနိုင်သည့်ယမကာအဖြစ်သို့ အဘယ်အရာမျှပြောင်းလဲမပေးနိုင်ပါ။ ရန်ငြိုးထား အတင်းပြောခြင်း သို့မဟုတ် အသရေဖျက်ခြင်းကို အဆိပ်အတောက်နှင့် လျော်ကန်စွာနှိုင်းယှဉ်ထားသည်။ နှစ်ခုစလုံးသည် လူကောင်းတစ်ဦး၏နာမည်ကိုပျက်စေနိုင်သည်။ ရောမကဗျာဆရာ ဂျူဗီနာလ်က အသရေဖျက်ခြင်းကို “အဆိပ်တကာ့အဆိပ်” ဟုသမုတ်ခဲ့သည်။ အင်္ဂလိပ်ပြဇာတ်ရေးဆရာ ဝေလျံရှိတ်စပီးယားကလည်း သူ၏ဇာတ်ကောင်တစ်ဦးအား ဤသို့ဆိုစေသည်။ “ငါ့နာမည်ကောင်းကို ငါ့ထံမှခိုးဝှက်သူသည် သူ့အားစည်းစိမ်မပေး၊ ငါ့ကိုသာဆင်းရဲစေသည့်အရာကို ခိုးယူပြီ။”
၂။ အဘယ်မေးခွန်းများကို သုံးသပ်ဆင်ခြင်သင့်သနည်း။
၂ သို့သော် အတင်းပြောခြင်းကား အဘယ်နည်း။ အသရေဖျက်ခြင်းနှင့် မည်သို့ကွာခြားနိုင်သနည်း။ အန္တရာယ်ပြုသော အတင်းပြောခြင်းကို အဘယ်ကြောင့် ရှောင်ကြဉ်သင့်သနည်း။ ယင်းကို မည်သို့ပြုလုပ်နိုင်သနည်း။
ယင်းတို့မည်သို့ကွာခြား
၃။ အတင်းပြောခြင်းနှင့် အသရေဖျက်ခြင်းသည် မည်သို့ကွာခြားသနည်း။
၃ အတင်းပြောခြင်းသည် “သူတစ်ပါးအကြောင်း ဟုတ်မှန်ချင်မှဟုတ်မှန်မည့် အကျိုးမဲ့စကား” ဖြစ်သည်။ ယင်းကား “အတွင်းရေးကိုပေါ့တန်တန်ပြောခြင်း သို့မဟုတ် ရေးသားခြင်း” ဖြစ်သည်။ ကျွန်ုပ်တို့အားလုံး လူကိုစိတ်ဝင်စားသူချည်းသာဖြစ်ကြရာ သူတစ်ပါးအကြောင်း အကောင်းသတင်း၊ တည်ဆောက်မှုဖြစ်စေသည့်စကားများ ပြောဆိုတတ်ကြသည်။ သို့သော် အသရေဖျက်စကားမူ ၄င်းနှင့်မတူ ခြားနားပါသည်။ “သူတစ်ပါး၏နာမည်ကောင်းကို ဖျက်လိုဖျက်ဆီး မဟုတ်မမှန်ရာများပြောဆိုခြင်းဖြစ်သည်။” ဤကဲ့သို့သောစကားမျိုးသည် မနာလိုစိတ်မှအရင်းခံ၍ ခရစ်ယာန်မဆန်ပါ။
၄။ စာရေးဆရာတစ်ဦးအဆိုအရ အသရေဖျက်ခြင်းသည် မည်သို့စတင်နိုင်သနည်း။ အဘယ်အရာမှ ဖြစ်ပေါ်လာသနည်း။
၄ အာဃာတမပါအတင်းပြောဆိုရာမှ ယုတ်မာသောအသရေဖျက်စကားများဖြစ်သွားနိုင်သည်။ စာရေးဆရာ အာသာမီးဤသို့ဆိုသည်။ “လူတစ်ဦးကို နစ်နာဆုံးရှုံး ပျက်စီးစေနိုင်သည့် အသရေဖျက်စကားများသည် အစတွင် ပျင်းပျင်းရှိ ပေါ့ပျက်ပျက်သာပြောဆိုလိုက်သော အတင်းအဖျင်းစကားမှ စတင်ခဲ့ပေမည်။ ၄င်းသည် ကမ္ဘာပေါ်အဆိုးရွားဆုံးယုတ်မာမှုအဝင်ဖြစ်သော်လည်း အများအားဖြင့် အသိဉာဏ်ကင်းမဲ့မှုမှစတင်ပါသည်။ လုပ်ကိုင်စရာမရှိ၊ ဘဝတွင်ရည်ရွယ်ချက်ကင်းမဲ့သူတို့ ဤအကျင့်ရှိတတ်သည်။”
၅။ ၁ တိမောသေ ၅:၁၁-၁၅ ပါ ပေါလုဆုံးမစကား၏လိုရင်းကားအဘယ်နည်း။
၅ အကျိုးမဲ့စကားသည် အသရေဖျက်သည့်စကားဖြစ်သွားနိုင်သဖြင့် အတင်းအဖျင်းပြောသူအချို့အကြောင်း တမန်တော်ပေါလုပြစ်တင်ပြောဆိုထားသည်။ အသင်းတော်အကူအညီခံယူထိုက်သော မုဆိုးမများအကြောင်းပြောဆိုပြီးနောက် သူဤသို့ရေးသားသည်။ “အသက်အရွယ်နုပျိုသောမုဆိုးမတို့ကိုပယ်လော့။ အကြောင်းမူကား၊ ထိုသူတို့သည် ခရစ်တော်၏ဆုံးမခြင်းကိုမခံ . . . သစ္စာကိုဖျက်သောကြောင့် အပြစ်သင့်ခြင်းသို့ရောက်ကြလိမ့်မည်။ ထိုမှတစ်ပါး တစ်အိမ်မှတစ်အိမ်သို့လည်၍ ပျင်းရိတတ်ကြ၏။ ပျင်းရိသည်သာမက၊ စကားများ၍ မပြောအပ်သောအရာကိုပြောသဖြင့် ကိုယ်နှင့်မဆိုင်သောအမှု၌ ရောနှောသောသူဖြစ်တတ်ကြ၏။ ထိုကြောင့် အသက်အရွယ်နုပျိုသောမုဆိုးမတို့သည် အိမ်သင့်ခြင်း၊ သားဖွားခြင်း၊ အိမ်မှုကိုကြည့်ရှုပြုစုခြင်း၊ ကဲ့ရဲ့စရာအခွင့်ကို ရန်သူအားမပေးဘဲနေခြင်းအမှုများကို ပြုစုစေခြင်းငှာ ငါအလိုရှိ၏။ အကြောင်းမူကား၊ ယခုပင် အချို့တို့သည် လမ်းလွဲ၍ စာတန်နောက်သို့လိုက်သွားကြပြီ။”—၁ တိမောသေ ၅:၁၁-၁၅။
၆။ အသရေဖျက်ရာရောက်သွားစေနိုင်သည့် အတင်းပြောဆိုပုံအတွက် မိမိ၌အားနည်းချက်ရှိပါက အနိုင်ယူချုပ်တည်းနိုင်ရန် ဘာလုပ်သင့်သနည်း။
၆ ဝိညာဉ်တော်မှုတ်သွင်းခြင်းအားဖြင့် ပေါလုရေးသားခဲ့ရာ အမျိုးသမီးများအကြောင်း မတော်မတရားပြောဆိုခြင်းမဟုတ်ပါ။ သူ့စကားကို အသေအချာစဉ်းစားသင့်သည်။ မည်သည့်ဘုရားတရားကြည်ညိုသူ အမျိုးသမီးမဆို ‘လမ်းလွဲ၍ စာတန်နောက်သို့မလိုက်လို’ ပါ။ သို့သော် ဂုဏ်အသရေဖျက်သောစကားပြောဆိုသူတစ်ဦးဖြစ်စေနိုင်သည့် စကားမျိုးပြောတတ်သောအားနည်းချက်ရှိသူဖြစ်ကြောင်း ခရစ်ယာန်အမျိုးသမီးတစ်ဦး မိမိကိုယ်ကိုရိပ်မိလျှင်ကော။ ထိုသို့ဖြစ်လျှင် ပေါလု၏သြဝါဒကို နှိမ့်ချသောသဘောမျိုးဖြင့် လိုက်နာသင့်သည်။ “မိန်းမတို့သည် တည်ကြည်သောသူဖြစ်ရကြမည်။ ချောစားတတ်သောသူမဟုတ်။” “အသက်ကြီးရင့်သောမိန်းမတို့သည် ကျင့်ကြံပြုမူရာမှာ ဓမ္မအမှုနှင့်ထိုက်တန်သောသူ၊ မချောစားတတ်သောသူ” ဖြစ်ရမည်ဟု သူမှာကြားသေးသည်။ (၁ တိမောသေ ၃:၁၁။ တိတု ၂:၃) ညီအစ်ကိုများလည်း ထိုပညာရှိသြဝါဒကို စိတ်ထားမှန်ကန်စွာလိုက်နာကျင့်သုံးသင့်သည်။
၇။ ကျမ်းစာအရ ကျွန်ုပ်တို့အားလုံး ကိုယ့်စကားကိုယ် ချုပ်တည်းသင့်သည်ဟု အဘယ်ကြောင့်ဆိုမည်နည်း။
၇ ကျွန်ုပ်တို့အားလုံး တစ်ခါတစ်ရံ သူတစ်ပါးအကြောင်းပြောတတ်ကြသည်။ ဓမ္မအမှုတွင် သူတို့၏တွေ့ကြုံမှုများ အစရှိသည်တို့ပြောဆိုကြသည်။ သို့ရာတွင် ‘ထိုင်လျက် ကိုယ့်ညီအစ်ကိုကိုဆန့်ကျင်ဘက်ပြု၍’ မည်သည့်အခါမျှ မပြောကြနှင့်။ (ဆာလံ ၅၀:၁၉၊ ၂၀) အမှန်ဆိုလျှင် စကားမများလျှင် ပညာရှိသည်။ အကြောင်းမူကား၊ “စကားများသောအားဖြင့် အပြစ်ပါတတ်၏။ မိမိနှုတ်ကိုချုပ်တည်းသောသူမူကား ပညာရှိ၏။” (သု၊ ၁၀:၁၉) ထိုကြောင့် အန္တရာယ်ရှိမည့်ပုံစံမရှိဦးတော့ အတင်းပြောခြင်းကိုရှောင်ကြဉ်သင့်သည်။ ဖြောင့်မတ်၊ စင်ကြယ်၊ ချစ်စဖွယ်၊ မွန်မြတ်၍ ချီးမွမ်းဖွယ်ရာများကိုစဉ်းစားနေပါက ပြောဆိုစရာအကြောင်းကောင်းများစွာရှိသည့်အတွက် လူတို့အကြောင်းတစ်ချိန်လုံးပြောဆိုနေစရာမလိုပါ။—ဖိလိပ္ပိ ၄:၈။
အတင်းအဖျင်းသည် အသရေဖျက်စကား မည်သို့ဖြစ်လာ
၈။ ယုံကြည်သူခရစ်ယာန်ချင်းများအကြောင်းပြောဆိုခြင်းသည် အမြဲမှားသည်ဟုအဘယ်ကြောင့်မဆိုနိုင်သနည်း။
၈ ယုံကြည်ခြင်းတူသူတို့၏ လယ်ကွင်းဓမ္မအမှုအကြောင်းနှင့် အခြားဘုရားရေးရာလုပ်ငန်းများအကြောင်း တိကျမှန်ကန်စွာသိရှိပြီး ကျွန်ုပ်တို့ပြောဆိုသည့်စကားအားဖြင့် သူတစ်ပါးကိုမထိခိုက်ပါက မမှားပါ။ အမှန်မှာ ဤကဲ့သို့သော အပြုသဘောပါစကားမျိုးကြောင့် သူတစ်ထူးအတွက် အားပေးမှုပင်ဖြစ်နိုင်သည်။ (တမန်တော် ၁၅:၃၀-၃၃ နှင့်နှိုင်းယှဉ်ပါ။) “အချင်းချစ်သူ၊ သင်သည်ညီအစ်ကိုတို့အားလည်းကောင်း၊ အာဂန္တုတို့အားလည်းကောင်း ပြုသမျှသောဝတ်တို့ကို သစ္စာနှင့်အညီပြုတတ်၏” ဟုတမန်တော်ယောဟန် ချီးမွမ်းခဲ့သော သစ္စာရှိအသက်ကြီးသူဂါယုအကြောင်း ခရစ်ယာန်အချို့ပြောဆိုခဲ့ကြသည်။ (၃ ယောဟန် ၅၊ ၆) ထိုကြောင့် ခရစ်ယာန်ချင်းတို့အကြောင်းပြောဆိုခြင်းသည် အစဉ်မှားယွင်းသည်ဟုမဆိုနိုင်ပါ။
၉။ (က) ရိုးရိုးသားသားစကားစမြည်ပြောဆိုရာမှ ဖြောင့်မတ်သူကိုအသရေဖျက်ရာသို့ မည်သို့ဦးတည်သွားနိုင်သနည်း။ (ခ) ကိုယ့်ကိုယ်ကို အဘယ်မေးခွန်းများ လျော်ကန်စွာမေးမြန်းနိုင်သနည်း။
၉ သို့ရာတွင် သူတစ်ပါး၏ကိုယ်ရေးကိုယ်တာကိုစစ်ဆေးမည်၊ သူတို့ရည်ရွယ်ချက်များကို မသင်္ကာဖြစ်မည်၊ သူတို့အပြုအမူကို သံသယဝင်စေမည်ဆိုလျှင် စကားစမြည်ပြောဆိုရာမှ ဖြောင့်မတ်သူ၏အသရေကိုဖျက်ဆီးရာရောက်သွားနိုင်သည်။ ထိုကြောင့် ကိုယ့်ကိုယ်ကိုဤသို့အမြဲမေးမြန်းသည့်အလေ့အထရှိသင့်သည်။ အကျွန်ုပ်စကားသည် သူတစ်ထူး၏နာမည်ကောင်းကို ပျက်စီးစေမည်လော။ အကျွန်ုပ်ပြောဆိုသည့်စကားမှန်ကန်ပါသလော။ (ဗျာဒိတ် ၂၁:၈) ထိုသူအရှေ့တွင် ယင်းစကားကိုပြောရဲသလော။ အသင်းတော်၌ စိတ်ဝမ်းကွဲမှုဖြစ်သွားစေနိုင်မည်လော။ အကျွန်ုပ်ပြောဆိုလိုက်သည့်စကားကြောင့် လုပ်ငန်းတော်အခွင့်အရေးများကို သူဆုံးရှုံးသွားနိုင်ပါသလော။ သဝန်တိုစိတ် ကျွန်ုပ်တွင်ရှိနေ၍လော။ (ဂလာတိ ၅:၂၅၊ ၂၆။ တိတု ၃:၃) ကျွန်ုပ်စကားများမှဖြစ်ပွားလာနိုင်သောအကျိုးသည် အဆိုးသို့မဟုတ်အကောင်းဖြစ်နိုင်မည်လော။ (မဿဲ ၇:၁၇-၂၀) တမန်တော်များအကြောင်း ထပ်တူပင်ပြောဆိုပါမည်လော။ (၂ ကောရိန္သု ၁၀:၁၀-၁၂။ ၃ ယောဟန် ၉၊ ၁၀) ဤသို့သောစကားမျိုးသည် ယေဟောဝါကိုကြည်ညိုလေးစားသူနှင့် စပ်အပ်ပါသလော။
၁၀၊ ၁၁။ ဆာလံ ၁၅:၁၊ ၃ အရ ဘုရားသခင်၏ဧည့်သည်ဖြစ်လိုလျှင် ဘာမလုပ်ဘဲနေရမည်နည်း။
၁၀ ဘုရားကိုကြည်ညိုသူတို့နှင့်စပ်လျဉ်း၍ ဆာလံ ၁၅:၁ ကဤသို့မေးမြန်းထားသည်။ “အိုယေဟောဝါ၊ တဲတော်၌ အဘယ်သူသည် တည်းရပါမည်နည်း။ သန့်ရှင်းသောတောင်တော်ပေါ်မှာ အဘယ်သူသည် နေရပါမည်နည်း။” ထိုသူအကြောင်း ဆာလံဆရာဒါဝိဒ်ဤသို့ဖြေဆိုသည်။ “သူတစ်ပါး၏အသရေကိုပျက်စေခြင်းငှာ ပြောဆိုခြင်း၊ ကိုယ်နှင့်စပ်ဆိုင်သောသူ၏အကျိုးကို ပြစ်မှားခြင်း၊ ကိုယ်နှင့်စပ်ဆိုင်သောသူကိုလည်း ကဲ့ရဲ့ခြင်းကိုရှောင်ထသော” သူဖြစ်သည်။ (ဆာလံ ၁၅:၃) ဤတွင်ပါသည့် “အသရေကိုပျက်စေခြင်း” စကားသည် “ခြေချသည်၊” သို့ဖြင့် “လှည့်လည်ရန်” အနက်ရှိသော ဟေဗြဲကြိယာမှပြန်ဆိုထားပါသည်။ “သူ့အသရေပျက်သောသတင်းကို ကြားပြောခြင်းငှာ ကိုယ်အမျိုးသားချင်းတို့တွင် မလှည့်လည်ရ” ဟုဣသရေလလူမျိုး အမိန့်ရရှိထားသည်။ (ဝတ်ပြုရာ ၁၉:၁၆) ‘သူ့အသရေပျက်သောသတင်းကိုလှည့်လည်ကြားပြော’ သူသည် ဘုရားသခင်၏ဧည့်သည်တည်းဟူသောအဆွေမဖြစ်နိုင်။
၁၁ ဘုရားသခင့်အဆွေများသည် သူတို့၏အပေါင်းအသင်းအား အကျိုးယုတ်စေမည်မဟုတ်။ ဖြောင့်မတ်သောအပေါင်းအသင်းတို့၏ အသရေပျက်စေသောစကားများကိုလည်း အမှန်တရားအဖြစ် လက်ခံယုံကြည်မည်မဟုတ်ပါ။ မတရားသောသူတို့၏ အသရေဖျက်ခြင်းကို ယုံကြည်သူချင်းတို့ခံနေရပြီးဖြစ်ရာ သူတို့အကြောင်းမမှန်ကန်သောသတင်းများလွှင့်မည့်အစား သူတို့ကိုချီးမွမ်းပြောဆိုသင့်သည်။ ကျွန်ုပ်တို့၏သစ္စာရှိညီအစ်ကိုညီအစ်မများကို ရှုတ်ချပြောဆိုခြင်းအားဖြင့် သူတို့၏ဝန်ထုပ်ဝန်ပိုးများကို မည်သည့်အခါမျှထပ်တိုးလာစေလိုမည်မဟုတ်ပါ။
အခက်အခဲများပေါ်လာသည့်အခါ
၁၂။ စိတ်ဝမ်းကွဲသူတစ်ဦးအကြောင်း အတင်းပြောဆိုချင်စိတ်ပေါ်လာလျှင် တမန်တော် ၁၅:၃၆-၄၁ သည်မည်သို့အကူအညီဖြစ်မည်နည်း။
၁၂ မစုံလင်သည့်အတွက် စိတ်ဝမ်းကွဲခဲ့သူတစ်ဦးအကြောင်း ဆန့်ကျင်ပြောဆိုရန် သွေးဆောင်ခံရပေမည်။ သို့သော် တမန်တော်ပေါလုသည် ဒုတိယအကြိမ်ဒေသစာရီလှည့်လည်ရန် ပြင်ဆင်နေချိန်တွင် ဖြစ်ပျက်ခဲ့သောကိစ္စတစ်ခုကိုသုံးသပ်ပါ။ ဗာနဗက သူတို့နှင့်အတူ မာကုကိုခေါ်ဆောင်သွားလိုသော်လည်း “ပံဖုလိပြည်၌ သူတို့နှင့်ခွါ၍ အမှုထမ်းရာသို့မလိုက်မသွားခဲ့” သည့်အတွက် ပေါလုသဘောမတူနိုင်ခဲ့ပါ။ ထိုအခါ “အချင်းချင်းမသင့်သဖြင့်” တစ်ခြားစီသွားကြသည်။ ဗာနဗသည် မာကုကိုခေါ်ပြီး ကုပရုကျွန်းသို့သွားပြီး ပေါလုသည်သိလနှင့်အတူ ရှုရိပြည်၊ ကိလိကိပြည်သို့သွားခဲ့သည်။ (တမန်တော် ၁၅:၃၆-၄၁) နောင်တွင် ပေါလု၊ ဗာနဗနှင့်မာကုတို့ အချင်းချင်းသင့်တင့်ခဲ့ပေသည်။ အကြောင်းမူကား၊ တမန်တော်နှင့်အတူ ရောမမြို့တွင် မာကုရှိခဲ့ရုံမက သူ့ကိုပေါလုချီးမွမ်းခဲ့သည်။ (ကောလောသဲ ၄:၁၀) သူတို့အချင်းချင်း စိတ်ဝမ်းကွဲခဲ့သော်လည်း ယုံကြည်သူချင်းအလယ် ထိုခရစ်ယာန်များသည် အချင်းချင်းအကြောင်း အတင်းအဖျင်းပြောဆိုခဲ့ကြောင်း သာဓကလုံးဝမရှိပါ။
၁၃။ ပေတရုနှင့်စပ်လျဉ်းသည့် အဘယ်အခြေအနေမျိုးတွင် ခရစ်ယာန်ချင်းတစ်ဦးအကြောင်းတစ်ဦး အတင်းပြောဆိုရန်ဆန္ဒကို ပေါလုမည်သို့ငြင်းပယ်ကောင်းငြင်းပယ်ခဲ့မည်နည်း။
၁၃ ယေရုရှလင်မြို့မှရောက်လာသော ဂျူးခရစ်ယာန်အချို့ရှေ့ ယုံကြည်သူတစ်ပါးအမျိုးသားများနှင့် ပေါင်းသင်းစားသုံးခြင်းကို မပြုဝံ့သောကြောင့် ကေဖ (ပေတရု) ကိုဆုံးမခဲ့သောအခါ အသရေပျက်စေသော အတင်းအဖျင်းပြောချင်စိတ်ကို ပေါလုငြင်းဆန်ခဲ့သည်။ ပေတရုနောက်ကွယ်တွင် သူ့အကြောင်းပြောမည့်အစား “ထိုသူအပေါင်းတို့ရှေ့မှာ” ‘သူ့ကိုယ်တိုင်ကို ငြင်း၍ပေါလုဆီးတား’ ခဲ့သည်။ (ဂလာတိ ၂:၁၁-၁၄) မိမိကိုဆုံးမခဲ့သူအကြောင်း ပေတရုလည်း အတင်းမပြောခဲ့ပါ။ ၄င်းအစား နောင်တစ်ချိန်တွင် “ငါတို့ချစ်သောညီပေါလု” ဟူ၍ပင် ခေါ်ဆိုခဲ့ဖူးသည်။ (၂ ပေတရု ၃:၁၅) ထိုကြောင့် ယုံကြည်သူချင်းတစ်ဦးသည် ဆုံးမစရာလိုအပ်နေပါက သူ့အကြောင်းအတင်းပြောဆိုစရာခွင့်ပြုချက်ရှိစေသည်မဟုတ်။ ဤကဲ့သို့ပြောဆိုခြင်းကို ရှောင်ကြဉ်သင့်သည့်အကြောင်းများစွာရှိသည်။ အန္တရာယ်ပြုသော အတင်းစကားများကို လှည့်လည်ပြောဆိုရန်၊ သွေးဆောင်ခံခြင်းကိုငြင်းဆန်ရန်ကောင်းသည့်အကြောင်းများစွာလည်းရှိသည်။
အဘယ်ကြောင့် သတိချပ်နေသင့်
၁၄။ အန္တရာယ်ပြုသော အတင်းပြောသည့်စကားများကို နားမထောင်သင့်၊ သို့မဟုတ် တစ်ဆင့်ပြန်မပြောသင့်သည့် အဓိကအကြောင်းကားအဘယ်နည်း။
၁၄ အန္တရာယ်ပြုသောအတင်းပြောခြင်းကို နားမထောင်သင့်ကြောင်း၊ သို့မဟုတ် ယင်းကိုတစ်ဆင့်ကြား၍ မပြောသင့်သောအကြောင်းရင်းကား အသရေဖျက်ခြင်းကိုရွံမုန်းသော ယေဟောဝါအလိုတော်နှင့်တွေ့လို၍ဖြစ်သည်။ တင်ပြခဲ့သည်အတိုင်း ဤကဲ့သို့သောစကားမျိုးကို ဘုရားသခင်မည်သို့ယူမှတ်ကြောင်း ဣသရေလလူမျိုးအားပေးသည့်အမိန့်တော်တွင် ပြတ်သားထင်ရှားပါသည်။ “သူ့အသရေပျက်သောသတင်းကိုကြားပြောခြင်းငှာ ကိုယ်အမျိုးသားချင်းတို့တွင် မလှည့်လည်ရ။ ကိုယ်နှင့်စပ်ဆိုင်သောသူကို သေစေခြင်းငှာ မကြံစည်ရ။ ငါသည် ယေဟောဝါဖြစ်၏။” (ဝတ်ပြုရာ ၁၉:၁၆) ထိုကြောင့် ဘုရားသခင့်မျက်နှာသာတော်ရလိုလျှင် စကားစမြည်ပြောဆိုစဉ်တွင် တစ်ဦးတစ်ယောက်အကြောင်းပြောဆိုရာ၌ မည်သူကိုမျှ အသရေမပျက်စေရချေ။
၁၅။ ပထမဦးဆုံး အသရေဖျက်သူကား မည်သူနည်း။ အန္တရာယ်ပြုသော အတင်းပြောဆိုခြင်းတွင် ပါဝင်ခြင်းကား ဘုရားသခင်နှင့်ကျွန်ုပ်တို့၏ဆက်ဆံရေးကို မည်သို့ဖြစ်စေနိုင်သနည်း။
၁၅ အန္တရာယ်ပြုသောအတင်းပြောဆိုခြင်း၌ မပါဝင်ရသည့် အခြားအကြောင်းတစ်ခုမှာ ယင်းသို့ပြောဆိုခြင်းဖြင့် ပထမဦးဆုံးအသရေဖျက်သူ စာတန်ကိုအတုယူမိလျက်သားဖြစ်နိုင်သည်။ သူသည် ယေဟောဝါကိုပင် အသရေဖျက်ခဲ့လေသည်။ ဘုရားသခင်၏ ဤမဟာရန်သူသည် လျော်ကန်စွာ “အသရေဖျက်သူ” အဓိပ္ပာယ်ရှိ “မာရ်နတ်” (ဂရိ၊ ဒိုင်အာဘိုလော့စ်) အမည်တွင်ခဲ့သည်။ ဘုရားသခင်ကိုအသရေပျက်စေသော စာတန်၏စကားများကို ဧဝနားထောင်ခဲ့ပြီး စေခိုင်းသည်အတိုင်းပြုမူခဲ့သောအခါ ပထမလူမောင်နှံစုံသည် သူတို့၏အချစ်ဆုံးမိတ်ဆွေနှင့် အဆက်ပြတ်ကွဲကွာခဲ့ရသည်။ (ကမ္ဘာဦး ၃:၁-၂၄) ထိုကြောင့် ကျွန်ုပ်တို့၏အကောင်းဆုံးမိတ်ဆွေ ယေဟောဝါဘုရားသခင်၏ မျက်နှာသာတော်မရရှိစေရန် အဆက်အသွယ်ပြတ်တောက်စေနိုင်သည့် အန္တရာယ်ပြုသောစကားမျိုးတွင်ပါဝင်နေခြင်းဖြင့် စာတန်၏ပရိယာယ်များတွင် မည်သည့်အခါမျှကျော့မမိစေရန်ကြိုးစားကြစို့။
၁၆။ အသရေဖျက်သူသည် ‘မိတ်ဆွေတို့ကို မည်သို့ကွဲပြားစေနိုင်သနည်း။’
၁၆ မနာလိုသောစိတ်ထားနှင့် အတင်းပြောဆိုသူ၏စကားသည် မိတ်ဆွေများကို စိတ်ဝမ်းကွဲစေသည့်အတွက် လုံးဝနားမထောင်သင့်ပါ။ အသရေဖျက်သူများသည် အများအားဖြင့် ချဲ့ထွင်ပြောဆိုတတ်သည်၊ အထင်လွဲစေသည်၊ လိမ်လည်သည်၊ မီးစစကားများကို တောင်ပုံယာပုံ အဆင့်ဆင့်ပြောတတ်သည်။ မျက်နှာချင်းဆိုင်ပြောဆိုမည့်အစား နောက်ကွယ်တွင် တီးတိုးပြောဆိုတတ်သည်။ သို့ဖြင့် အခြေမခိုင်လုံသော သံသယစိတ်များ၊ အများအားဖြင့်ပေါ်လာတတ်သည်။ ဤနည်းဖြင့် အသရေဖျက်တတ်သည့် “ကုန်းတိုက်သောသူသည် မိတ်ဆွေတို့ကို ကွဲပြားစေတတ်၏။”—သု၊ ၁၆:၂၈။
၁၇။ ရိုးရိုးသားသားအတင်းပြောခြင်း၌ ပါဝင်ပတ်သက်မှုကို မည်သို့ရှောင်ကြဉ်နိုင်သနည်း။
၁၇ စကားပေါ့ပြောဆိုခြင်းကိုပင် ကျွန်ုပ်တို့ရှောင်ကြဉ်သင့်သည်။ အဘယ်ကြောင့်နည်း။ အကြောင်းမူကား သူတစ်ထူးကိုထိခိုက်နစ်နာရန်မရည်ရွယ်ဘဲ ပြောဆိုသည့်တိုင် ယင်းစကားကို တစ်ဆင့်ပြောဆိုရာတွင် စိတ်နာစရာဖြစ်စေနိုင်သည်။ ယင်းကိုပြုပြင်ပြောခြင်း သို့မဟုတ် လိမ်လည်လှည့်ဖျား၍ပြောခြင်းဖြင့် ဘုရားတရားကြည်ညိုသူ၏ နာမည်ကောင်းကိုပျက်စေနိုင်သည်။ ထိုသို့သာဖြစ်ခဲ့လျှင် သင့်ကြောင့်ဤစကားများစတင်ဖြစ်ပေါ်လာသည်၊ သို့မဟုတ် တစ်ဆင့်စကားပြောဆိုခြင်း၌ သင်လည်းပါဝင်ခဲ့သည်ဆိုလျှင် မည်သို့ဖြစ်မည်နည်း။ သူတစ်ထူးကို နစ်နာစွာပြုစေတတ်သူအဖြစ် သင့်ကိုယူမှတ်လာကြပေမည်။ ထို့နောက် သင်နှင့်မပေါင်းဖေါ်တော့ဘဲ ရှောင်ကြမည်။—သု၊ ၂၀:၁၉ နှင့်နှိုင်းယှဉ်ပါ။
၁၈။ အတင်းပြောဆိုခြင်းဖြင့် မုသားသုံးသူ မည်သို့ဖြစ်သွားနိုင်သနည်း။
၁၈ သတိချပ်သင့်သည့် နောက်အကြောင်းတစ်ခုမှာ အသရေပျက်စေသည့်အတင်းပြောဆိုမှုသည် သင့်အားမုသားပြောသူတစ်ဦးဖြစ်စေနိုင်သည်။ “ကုန်းတိုက်သောသူ၏စကားသည်မြိန်သောခဲဖွယ်စားဖွယ်ကဲ့သို့ဖြစ်၍ ဝမ်းအတွင်းသို့ဝင်တတ်၏။” (သု၊ ၂၆:၂၂) မုသားစကားကိုသင်ယုံရုံမက တစ်ဆင့်ပြန်ပြောလျှင်ကော။ ထိုမုသားစကားများကို အမှန်တရားအဖြစ်သင်လက်ခံပြီး တစ်ဆင့်ပြန်ပြောပါက သင်လည်းမုသားပြောသူဖြစ်သည်။ မှားကြောင်း ပေါ်လွင်ထင်ရှားလာသည့်အခါ သင့်အားမုသားသုံးသူဟုသတ်မှတ်ကြတော့မည်။ ထိုသို့ဖြစ်စေလိုသလော။ ဘာသာရေးဆိုင်ရာမုသားစကားများအတွက်သွန်သင်သည့်ဆရာများကိုပင် ဘုရားသခင်စီရင်မည်မဟုတ်လော။ ထိုနည်းတူ မုသားသုံးပြီး အသရေဖျက်သူများကို ဘုရားသခင်တရားစီရင်တော်မူမည်။ ယေရှုဤသို့သတိပေးတော်မူသည်။ “လူတို့သည် အကျိုးမဲ့သောစကားကိုပြောသမျှအတွက် တရားဆုံးဖြတ်သောနေ့၌ စစ်ကြောခြင်းကိုခံရကြလတံ့။ သင့်စကားများအားဖြင့် သင်သည် အပြစ်လွတ်လိမ့်မည်။ သို့မဟုတ် သင့်စကားများအားဖြင့် အပြစ်စီရင်ခြင်းကို ခံရလိမ့်မည်။” (မဿဲ ၁၂:၃၆၊ ၃၇) ထိုကြောင့် “ငါတို့ရှိသမျှသည် ဘုရားသခင်စစ်ကြောတော်မူခြင်းကို ခံရကြမည်” ဖြစ်ရာ သင့်အားမုသားသုံးသည့် အသရေဖျက်သူအဖြစ် ဘုရားသခင်အပြစ်စီရင်ခံလိုပါမည်လော။—ရောမ ၁၄:၁၂။
၁၉။ အန္တရာယ်ပြုသောအတင်းပြောဆိုမှုသည် လူ့အသက်သေစေနိုင်သည်ဟု အဘယ်ကြောင့်ဆိုနိုင်သနည်း။
၁၉ အန္တရာယ်ပြုသောအတင်းပြောခြင်းကို မပျံ့နှံ့စေရန် နောက်အကြောင်းတစ်ခုမှာ သေစေနိုင်သောကြောင့်ဖြစ်သည်။ မှန်ပေသည်။ အလွန်အဆိပ်ပြင်းသည်။ အပြစ်မရှိသူတစ်ဦး၏ နာမည်ကောင်းကိုပျက်စီးစေနိုင်သည်။ အချို့သူတို့၏လျှာသည် ‘ထက်မြက်သောဓားများ’ ဖြစ်ပြီး၊ ခါးသီးသောစကားများသည် အပြစ်မဲ့သူကိုချောင်း၍ပစ်ခတ်သောမြားနှင့်တူသည်။ ဒါဝိဒ်ဤသို့ဆုတောင်းခဲ့သည်။ “လူဆိုးတို့၏ တိုင်ပင်ရာမှလည်းကောင်း၊ ဒုစရိုက်ကိုပြုလေ့ရှိသောသူတို့၏ စုဝေးရာမှလည်းကောင်း အကျွန်ုပ်ကို [ယေဟောဝါ] ကာကွယ်တော်မူပါ။ ထိုသူတို့သည် မိမိတို့လျှာကို ဓားကဲ့သို့ သွေးတတ်ကြ၏။ စုံလင်သောသူကို မထင်မရှားပစ်မည်အကြံနှင့် ခါးသောစကားတည်းဟူသော မိမိတို့မြားကိုရွယ်တတ်ကြ၏။” (ဆာလံ ၆၄:၂-၄) ဆာလံဆရာနည်းတူ သက်သာရာရရန် ဘုရားသခင်ထံဆုတောင်းအကူအညီယူရသည်အထိ လူလူချင်းတစ်ဦးအကြောင်းတစ်ဦး မကောင်းသတင်းပြောဆိုသူဖြစ်လိုပါသလော။ လူသတ်မှုတမျှ ကြီးလေးသောအပြစ်ရှိသူ ဖြစ်လိုသလော။
၂၀။ (က) ဘုရားသခင့်အသင်းတော်တွင် နောင်တမယူ၊ ဝမ်းမနည်းသော အသရေဖျက်သူတစ်ဦး ဘာဖြစ်သွားနိုင်သနည်း။ (ခ) အတင်းပြောဆိုခြင်း၊ အသရေဖျက်ခြင်းနှင့်ပတ်သက်၍ အကြီးအကဲများ အဘယ်အရာကိုသတိပြုသင့်သနည်း။
၂၀ အသရေဖျက်ခြင်းကြောင့် ဘုရားသခင့်အဖွဲ့အစည်းမှ နှင်ထုတ်ခံနိုင်သည်။ အသရေဖျက်သူများမက နောင်တမရ၊ ဝမ်းမနည်းသော မုသားသုံးသူကို အသင်းမှနှင်ထုတ်ပေမည်။ သို့ရာတွင် စကားပေါ့ပြောဆိုသောကြောင့် အတင်းပြောခြင်းအပြစ်ရှိသူများကိုမူ ဤသို့ပြုစရာမလိုပါ။ အကြီးအကဲများသည် ဆုတောင်းကာ အသေအချာဝေဖန်သုံးသပ်ပြီး အတင်းပြောခြင်းမျှနှင့် ယုတ်မာသောသဘောဖြင့် အသရေဖျက်ခြင်းတို့ကို ပြတ်ပြတ်သားသား ခွဲခြားသိမြင်သင့်သည်။ အသင်းမှနှင်ထုတ်ခံရသည်အထိဖြစ်ရန် ပြစ်မှားသူသည် မနာလိုအငြိုးထားစိတ်နှင့် နောင်တမယူဝမ်းမနည်းသော အသရေဖျက်သူဖြစ်ရမည်။ မုသားမပါ၊ မနာလိုစိတ်မရှိဘဲ လူလူချင်းကို စိတ်ဝင်စားတတ်သည့်သဘောမျိုးဖြင့် အသေးအဖွဲကိစ္စများအကြောင်း ပြောဆိုကြခြင်းအတွက် အသင်းတော်မှနှင်ထုတ်ပစ်ရန် အကြီးအကဲများ၌ အခွင့်အာဏာမရှိပါ။ ကျိုးကြောင်းကိစ္စများကို ပုံကြီးမချဲ့သင့်။ အမှန်ပင် အသရေဖျက်ခြင်းကိစ္စ ဖြစ်မဖြစ် ခိုင်လုံသောသက်သေအထောက်အထားများရှိရမည်။ (၁ တိမောသေ ၅:၁၉) ရန်ငြိုးထားစိတ်နှင့် အတင်းပြောဆိုခြင်းမီးရှိန်ကို ငြိမ်းသတ်ခြင်းငှာ နောင်တမယူသော အသရေဖျက်သူတို့ကို အသင်းမှနှင်ထုတ်ပစ်ရသည်။ သို့ပြုမှသာ အသင်းတော်သည် အပြစ်တဆေးကြောင့် ဖောင်းကြွမည်မဟုတ်ပါ။ (၁ ကောရိန္သု ၅:၆-၈၊ ၁၃) သို့သော် ကျမ်းစာနှင့်မကိုက်ညီသောအကြောင်းပြချက်များကိုအခြေခံပြီး တစ်ဦးတစ်ယောက်ကိုနှင်ထုတ်ရန် အကြီးအကဲများ မည်သည့်အခါမျှ စိတ်စောလွန်းခြင်းမဖြစ်သင့်ပါ။ ဆုတောင်းခြင်းနှင့်ဆုံးမပဲ့ပြင်ခြင်းအားဖြင့် ထိုသူအားနောင်တယူတောင်းပန်လာရန်၊ သို့မဟုတ် သူ့အမှားကိုပြုပြင်ကောင်းမွန်လာစေရန်၊ ထိုနောက် သူ့လျှာကိုသူထိန်းတတ်လာရန် ကူညီပေးနိုင်ပေမည်။
အသရေဖျက်ခြင်းလော
၂၁။ ပြစ်မှားသူတစ်ဦးအကြောင်း အတင်းပြောဆိုမည့်အစား ဘာလုပ်သင့်သနည်း။
၂၁ ပညာရှိစကားတစ်ရပ်က ဤသို့ဆိုသည်။ “လည်၍စကားများစွာပြောတတ်သောသူသည် လျှို့ဝှက်အပ်သောအရာကို ဖေါ်ပြတတ်၏။ သစ္စာစောင့်သောသူမူကား ဝှက်ထားတတ်၏။” (သု၊ ၁၁:၁၃) ဤသို့ဆိုသဖြင့် ကြီးလေးသောအပြစ်ကို သူတစ်ဦးတိတ်တဆိတ်ပြုထားကြောင်း သင်သိရှိလျှင် ယင်းကိုဖေါ်ထုတ်ခြင်းသည် အသရေဖျက်ခြင်းဖြစ်မည်လော။ မဟုတ်ပါ။ သို့သော် ယင်းကိစ္စကိုအတင်းပြောမည်မဟုတ်။ ပြစ်မှားသူအား နှစ်ကိုယ်ကြားပြောဆိုကာ အကြီးအကဲများအကူအညီကိုတောင်းခံရန် သူ့အားတိုက်တွန်းပေမည်။ (ယာကုပ် ၅:၁၃-၁၈) အတန်ကြာ၍ပင် သူဆက်ပြီးနှုတ်ငုံနေမည်ဆိုလျှင် အသင်းတော်၏သန့်ရှင်းရေးအတွက် ယင်းကိစ္စကိုအကြီးအကဲများအားသင်တိုင်ကြားသင့်သည်။—ဝတ်ပြုရာ ၅:၁။
၂၂။ ၁ ကောရိန္သု ၁:၁၁ သည် အတင်းပြောဆိုခြင်းကို ခွင့်ပြုသည်ဟု အဘယ်ကြောင့်မဆိုနိုင်သနည်း။
၂၂ ဤသို့တိုင်ကြားခြင်းကြောင့် ပြစ်မှားသူ ပဲ့ပြင်ဆုံးမခံရပေမည်။ ယင်းကြောင့် ဝမ်းမြောက်စရာထင်မည်မဟုတ်သည်ကား အမှန်။ သို့သော် ပဲ့ပြင်မှုကြောင့် လေ့ကျင့်ခံရသူသည် ဖြောင့်မတ်ခြင်းအသီးကို ရိတ်သိမ်းရမည်။ (ဟေဗြဲ ၁၂:၁၁) အပြစ်ကို လှည့်လည်ဖေါ်ထုတ်ပြောဆိုတတ်သည့် အတင်းပြောသူများအားမဟုတ်ဘဲ ယင်းကိုဆုံးဖြတ်စီရင်၊ ကိုင်တွယ်ရန် ခန့်အပ်ခံရသူတို့အား ဖေါ်ပြပြောဆိုသင့်သည်။ ကောရိန္သုမြို့ရှိ ခရစ်ယာန်များအား ပေါလုဤသို့ဆိုသည်။ “ငါ့ညီအစ်ကိုတို့၊ သင်တို့သည် အချင်းချင်းမသင့်၊ ရန်တွေ့ခြင်းရှိသည်ကို ခလောဣအိမ်သားအချို့တို့သည် ပြောကြ၏။” (၁ ကောရိန္သု ၁:၁၁) ထိုအိမ်ထောင်ရှိသူများ ယုံကြည်သူချင်းများအကြောင်း အတင်းပြောဆိုနေကြပါသလော။ ထိုသို့မပြုကြဘဲ အသက်လမ်းခရီးပေါ် ခြေပြန်ချနိုင်ရန် အကူအညီလိုနေသူများအား ကူညီပေးနိုင်သူ၊ တာဝန်ရှိအကြီးအကဲတစ်ဦးအားသာ အကြောင်းကြားခဲ့ပုံရှိသည်။
၂၃။ ဆင်ခြင်သုံးသပ်စရာ အဘယ်မေးခွန်းကျန်ရှိသေးသနည်း။
၂၃ အန္တရာယ်ပြုစေတတ်သော အတင်းပြောဆိုမှု၌မပါဝင်ရန် တစ်ဦးတစ်ယောက်ကိုကူညီပေးမည်ဆိုလျှင် သူ့အားအကျိုးပြုနေပါသည်။ ပညာရှိစကားတစ်ခွန်းကား ဤသို့။ “မိမိနှုတ်ကိုစောင့်သောသူသည် မိမိအသက်ကိုစောင့်၏။ မိမိနှုတ်ကို ကျယ်ကျယ်ဖွင့်သောသူမူကား ပျက်စီးခြင်းသို့ရောက်တတ်၏။” (သု၊ ၁၃:၃) ထိုကြောင့် အန္တရာယ်ပြုတတ်သော အတင်းပြောခြင်း၊ ဆိုးယုတ်သည့် အသရေဖျက်ပြောဆိုခြင်းကို ရှောင်ကြဉ်သင့်သည့် အကြောင်းကောင်းများစွာရှိသည်။ သို့နှင့်ပင် အန္တရာယ်ပြုတတ်သောအတင်းစကားများကို မည်သို့ချေဖျက်နိုင်မည်နည်း။ နောက်ဆက်တွဲဆောင်းပါးက ဖေါ်ပြပါလိမ့်မည်။
သင့်အဖြေများကားအဘယ်နည်း
▫ ရိုးရိုးသားသားအတင်းပြောခြင်းနှင့် အသရေဖျက်ခြင်း မည်သို့ကွာခြားသနည်း။
▫ အတင်းပြောဆိုခြင်းမှ အသရေဖျက်မှု မည်သို့ဖြစ်သွားနိုင်သနည်း။
▫ အန္တရာယ်ပြုသော အတင်းပြောခြင်းကိုရှောင်ကြဉ်ရန် အကြောင်းကောင်းအချို့ကားအဘယ်နည်း။
▫ အခြားသူ၏ ကြီးလေးသောအပြစ်ကို တိုင်ကြားသောအခါ အသရေဖျက်မှုဟု အဘယ်ကြောင့်မဆိုနိုင်သနည်း။
[စာမျက်နှာ ၁၄ ပါ ရုပ်ပုံ]
လူတစ်ဦးအကြောင်းအတင်းပြောခြင်းအားဖြင့် သူ့အနောက်မှချောင်းပစ်ခတ်သူမဖြစ်စေရန် အမြဲသတိပြုပါ