ဝိညာဉ်ရေးတိုးတက်မှု သင်ပြုလုပ်နိုင်
တန်ဖိုးအမှန်ကို သိရှိရန် ခက်ခဲနိုင်သည်။ စိန်ကဲ့သို့မျိုးဖြစ်သည်။ သွေးပြီးသားစိန်တစ်ပွင့်သည် အရောင်လက်နေမည်ဖြစ်သော်လည်း စိန်ရိုင်းပွင့်မှာမူ အရောင်မှေးမှိန်နေသည်။ ထိုသို့ဖြစ်လင့်ကစား ထိုစိန်ရိုင်းသည် အလွန်လှပသောကျောက်မျက်ရတနာ ဖြစ်လာနိုင်စရာ အလားအလာအမှန်ရှိသည်။
ခရစ်ယာန်များသည် နည်းလမ်းများစွာတွင် စိန်ရိုင်းများနှင့်တူကြသည်။ ကျွန်ုပ်တို့သည် စုံလင်ခြင်းမှ အလွန်အလှမ်းဝေးနေကြသေးသော်လည်း ကျွန်ုပ်တို့တွင် ယေဟောဝါတန်ဖိုးထားသည့် ဖုံးကွယ်နေသော အဖိုးထိုက်ရာရှိပါသည်။ စိန်ကဲ့သို့ပင် ကျွန်ုပ်တို့အားလုံး၌ ခြားနားသည့် ကိုယ်ပိုင်အရည်အသွေးများရှိကြသည်။ ကျွန်ုပ်တို့သာ ဝိညာဉ်ရေးဘက်တိုးတက်လိုစိတ် ရှိမည်ဆိုလျှင် ကျွန်ုပ်တို့တစ်ဦးစီသည် ရှေ့ဆက်တိုးတက်နိုင်ကြ၏။ ယေဟောဝါ၏ဘုန်းတော် သာ၍ထွန်းတောက်စေဖို့အတွက် ကျွန်ုပ်တို့၏ပင်ကိုအရည်အသွေးများကို သွေးပေးနိုင်ပါသည်။—၁ ကောရိန္သု ၁၀:၃၁။
စိန်ကို ဖြတ်၍သွေးပြီးနောက် ယင်း၏ ရောင်ပြန်ဟပ်သည့်အရည်အသွေးကိုတိုးမြှင့်ပေးစေသည့်နည်းဖြင့် စီခြယ်ထားလေ့ရှိသည်။ အလားတူပင် ကျွန်ုပ်တို့သည် “မှန်သောဖြောင့်မတ်ခြင်းနှင့် သစ္စာတည်ကြည်ခြင်းဖြင့် ဘုရားသခင်၏အလိုတော်နှင့်အတူအမျှ ဖန်ဆင်းသောလူသစ်ကို ယူတင်ဝတ်ဆောင်ကြ” မည်ဆိုလျှင် ယေဟောဝါသည် ကျွန်ုပ်တို့အား ခြားနားသည့်အခြေအနေများ သို့မဟုတ် တာဝန်များ၌ အသုံးပြုနိုင်တော်မူသည်။—ဧဖက် ၄:၂၀-၂၄။
စိန်တစ်လုံးသည် ယင်း၏ ပင်ကိုသဘာဝအခြေအနေ၌ ကျောက်မျက်ရတနာတစ်ခုကဲ့သို့ အရောင်လက်ခဲသကဲ့သို့ ယင်းသို့သောဝိညာဉ်ရေးတိုးတက်မှုသည် အလိုအလျောက်ဖြစ်မလာနိုင်ပေ။ ကျွန်ုပ်တို့သည် ဖျောက်ဖျက်၍မရနိုင်သေးသော အားနည်းချက်တစ်ခုခုကို ဖယ်ရှားရန်၊ တာဝန်ယူထမ်းဆောင်ခြင်းအပေါ် ကျွန်ုပ်တို့၏ သဘောထားကိုပြုပြင်ရန် သို့မဟုတ် ဝိညာဉ်ရေးပျင်းရိဖွယ်လုပ်ရိုးလုပ်စဉ်မှအလွတ်ရုန်းထွက်ရန် ကြိုးစားဖို့ပင်လိုအပ်နေပေမည်။ သို့သော် ယေဟောဝါဘုရားသခင်သည် “သာမန်ထက်ထူးကဲသောတန်ခိုး” ကိုပေးနိုင်တော်မူသောကြောင့် ကျွန်ုပ်တို့အမှန်တကယ်ဆန္ဒရှိလျှင် တိုးတက်နိုင်ကြပါသည်။—၂ ကောရိန္သု ၄:၇၊ ကဘ; ဖိလိပ္ပိ ၄:၁၃။
မိမိကျေးကျွန်များကို ယေဟောဝါခွန်အားပေး
စိန်ရိုင်းတုံး၏ အပိုင်းတစ်ပိုင်းကိုဖြတ်လိုက်သည့်အခါ အများအားဖြင့် ယင်းကို ဆုံးရှုံးလေ့ရှိသောကြောင့် စိန်ကိုသွေးရာတွင် အတိအကျသိရှိခြင်းမှဖြစ်ပေါ်သည့် မိမိကိုယ်ကိုစိတ်ချဖို့လိုသည်။ လိုချင်သည့်ပုံစံကိုဖော်ရန် တန်ဖိုးကြီးသောပစ္စည်း—တစ်ခါတစ်ရံ မဖြတ်ရသေးသောကျောက်၏ ၅၀ ရာခိုင်နှုန်းမျှ—ကိုပင်ဖြတ်ထုတ်ပစ်ရပါသည်။ ကျွန်ုပ်တို့သည်လည်း ကျွန်ုပ်တို့၏ ဥပဓိရုပ်ကိုပုံဖော်ရန်နှင့် ဝိညာဉ်ရေးဘက်တိုးတက်ရန် တိကျမှန်ကန်သောအသိပညာမှဖြစ်ပေါ်သည့် ယုံကြည်စိတ်ချမှုလိုသည်။ အထူးသဖြင့် ယေဟောဝါသည် ကျွန်ုပ်တို့ကို အစွမ်းခွန်အားပေးတော်မူမည်ဖြစ်ကြောင်း ယုံကြည်စိတ်ချရမည်။
သို့သော် ကျွန်ုပ်တို့သည် မစွမ်းဆောင်နိုင်ပါဟုခံစားမိမည်၊ သို့မဟုတ် ပို၍လုပ်ဆောင်နိုင်မည်မဟုတ်ဟု ထင်မှတ်ပေမည်။ ရှေးအချိန်က ဘုရားသခင်၏သစ္စာရှိကျေးကျွန်များသည် တစ်ခါတစ်ရံ ထိုသို့ခံစားခဲ့ကြရသည်။ (ထွက်မြောက်ရာ ၃:၁၁၊ ၁၂; ၃ ဓမ္မရာဇဝင် ၁၉:၁-၄) ဘုရားသခင်သည် သူ့ကို “လူအမျိုးမျိုးတို့အဖို့၊ ပရောဖက်အရာ၌” ခန့်အပ်သောအခါ ယေရမိက “အကျွန်ုပ်သည် မဟောမပြောတတ်ပါ။ သူငယ်ဖြစ်ပါ၏” ဟုပြန်ပြောခဲ့သည်။ (ယေရမိ ၁:၅၊ ၆) သို့သော် မဟောဝံ့သည့်ကြားတွင်ပင် ယေရမိသည် ရန်လိုသူများအား ရှင်းလင်းပြတ်သားသည့်သတင်းများကို ကြေညာသည့် ရဲရင့်သောပရောဖက်တစ်ဦးဖြစ်လာခဲ့သည်။ ယင်းသည် မည်သို့ဖြစ်နိုင်သနည်း။ သူသည် ယေဟောဝါအပေါ် မှီခိုအားထားရန် တတ်သိလာခဲ့သည်။ နောက်ပိုင်းတွင် ယေရမိဤသို့ရေးသားခဲ့သည်– “ထာဝရဘုရားကိုကိုးစားသောသူ၊ ထာဝရဘုရားကို မိမိကိုးစားရာအကြောင်းဖြစ်စေသောသူသည် ကောင်းချီးမင်္ဂလာကိုခံအပ်သောသူဖြစ်၏။”—ယေရမိ ၁၇:၇; ၂၀:၁၁။
ယနေ့လည်း ယေဟောဝါသည် မိမိအားကိုးစားသောသူများကို ခွန်အားပေးတော်မူသည်။ ယင်းအချက်မှန်ကန်ကြောင်း ဝိညာဉ်ရေးတိုးတက်မှုနှေးကွေးသည့် ကလေးလေးယောက်၏ဖခင် အက်ဝက်ဒ်aတွေ့ရှိခဲ့သည်။ သူဤသို့ရှင်းပြသည်– “ကျွန်တော်ယေဟောဝါသက်သေတစ်ယောက်ဖြစ်တာ ကိုးနှစ်ရှိပြီ၊ ဒါပေမဲ့ ဝိညာဉ်ရေးမှာ ရပ်တန့်နေပုံရှိတယ်။ ပြဿနာကတော့ ကျွန်တော့်မှာ လှုံ့ဆော်မှုနည်းပြီး ကိုယ့်ကိုယ်ကိုယုံကြည်စိတ်ချမှုမရှိဘူး။ စပိန်ကိုပြောင်းရွှေ့ပြီးနောက်မှာ အကြီးအကဲတစ်ယောက်နဲ့ ဓမ္မအမှုထမ်းတစ်ယောက်တည်းပဲရှိတဲ့ အသင်းတော်ငယ်လေးတစ်ခုနဲ့ ကျွန်တော်ပေါင်းသင်းခဲ့တယ်။ အကူအညီလိုတဲ့အတွက် အကြီးအကဲက ကျွန်တော့်ကို တာဝန်အတော်များများပေးခဲ့တယ်။ ကျွန်တော်ဟာဦးဆုံးဟောပြောချက်တွေနဲ့ စည်းဝေးကဏ္ဍတွေလုပ်ဆောင်တဲ့အခါ ကြောက်ဒူးတုန်ခဲ့တယ်။ သို့တိုင် ယေဟောဝါကို အားကိုးတတ်လာတယ်။ အကြီးအကဲက ကျွန်တော့်ကိုအမြဲချီးမွမ်းပြီး တိုးတက်ဖို့အတွက် လိမ္မာပါးနပ်စွာနဲ့ အကြံပြုချက်တွေပေးခဲ့တယ်။
“တစ်ချိန်တည်းမှာ လယ်ကွင်းလုပ်ငန်းကို ကျွန်တော်ပိုလုပ်ကိုင်လာပြီး ကျွန်တော့်မိသားစုကိုလည်း ဝိညာဉ်ရေးဘက်မှာ ပိုဦးဆောင်လာခဲ့တယ်။ ရလဒ်ကတော့ မိသားစုအားလုံးအတွက် သမ္မာတရားဟာပိုအဓိပ္ပာယ်ရှိလာပြီး ကျွန်တော်ကိုယ်တိုင်လည်း ပိုကျေနပ်မှုရှိလာတယ်။ အခုကျွန်တော်ဟာ ဓမ္မအမှုထမ်းတစ်ယောက်ဖြစ်နေပြီး ခရစ်ယာန်ကြီးကြပ်မှူးတစ်ယောက်ရဲ့ အရည်အချင်းရှိဖို့ ကြိုးစားနေပါတယ်။”
“ဥပဓိရုပ်ဟောင်းကိုချွတ်ပယ်”
အက်ဝက်ဒ် အသိအမှတ်ပြုသကဲ့သို့ ဝိညာဉ်ရေးဘက်တိုးတက်မှုရှိဖို့ ယေဟောဝါအား ယုံကြည်ကိုးစားရန်လိုသည်။ ခရစ်တော်ကဲ့သို့သော “ဥပဓိရုပ်သစ်” ကိုမွေးမြူပေးရန်လည်း အရေးကြီးသည်။ ယင်းကို မည်သို့ပြုလုပ်နိုင်မည်နည်း။ ပထမခြေလှမ်းမှာ ဥပဓိရုပ်ဟောင်းနှင့်ဆိုင်သောစရိုက်များကို “ချွတ်ပယ်” ခြင်းဖြစ်သည်။ (ကောလောသဲ ၃:၉၊ ၁၀) စိန်ရိုင်းကို အရောင်တောက်သည့်ရတနာတစ်ခုဖြစ်စေရန် မဆိုင်သောသတ္တုများကဲ့သို့သော အနာအဆာများကိုဖယ်ရှားပစ်ရသကဲ့သို့ ကျွန်ုပ်တို့၏ ဥပဓိရုပ်သစ်ကိုတောက်ပစေရန် ‘လောကနှင့်ဆိုင်သည့်’ သဘောထားများကို စွန့်ပစ်ရန်လိုပါသည်။—ဂလာတိ ၄:၃။
ယင်းသဘောထားတစ်ခုမှာ ကျွန်ုပ်တို့ထံမှ များစွာတောင်းဆိုမည်ကို စိုးရိမ်နေ၍ တာဝန်ကိုလက်မခံလိုခြင်းဖြစ်သည်။ တာဝန်ဟုဆိုသည့်အခါ အလုပ်ကိုဆိုလိုသည်မှာမှန်သည်၊ သို့သော် ယင်းသည် စိတ်ကျေနပ်ဖွယ်အလုပ်ဖြစ်သည်။ (တမန်တော် ၂၀:၃၅ နှိုင်းယှဉ်။) ဘုရား [သခင်] ရေးရာဆက်ကပ်အပ်နှံခြင်းက ကျွန်ုပ်တို့ထံမှ ‘ပင်ပန်းစွာအမှုဆောင်ရန်’ တောင်းဆိုကြောင်း ပေါလုဝန်ခံခဲ့ပါသည်။ ကျွန်ုပ်တို့သည် ထိုသို့ဝမ်းမြောက်စွာဖြင့် ပြုလုပ်ကြသည်မှာ ခရစ်ယာန်ချင်းတို့နှင့် အခြားသူများ၏အကျိုးအတွက် ကျွန်ုပ်တို့ပြုသမျှကို မည်သည့်အခါမျှ မေ့တော်မမူသည့် “အသက်ရှင်တော်မူထသော . . . ဘုရားသခင်၌ ငါတို့သည်ကိုးစား” ခဲ့သောကြောင့်ဖြစ်သည်ဟု သူကဆိုသည်။—၁ တိမောသေ ၄:၉၊ ၁၀; ဟေဗြဲ ၆:၁၀။
စိန်အချို့သည် ၎င်းတို့ဖြစ်ပေါ်ချိန်တွင် “အနာအဆာ” ပါလာရာ ဂရုတစိုက်ကိုင်တွယ်ပေးရန်လိုသည်။ သို့သော် ပိုလာရီစကုပ်ခေါ်ကိရိယာတစ်ခု၏အကူအညီဖြင့် အနာအဆာကိုတွေ့နိုင်ပြီး ကျောက်ကိုအောင်မြင်စွာ သွေးနိုင်ပါသည်။ ကျွန်ုပ်တို့၏နောက်ခံ သို့မဟုတ် စိတ်ထိခိုက်ဖွယ်အတွေ့အကြုံတစ်ခုကြောင့် ကျွန်ုပ်တို့သည် အတွင်းတင်းမာမှု သို့မဟုတ် ပင်ကိုအားနည်းချက်ရှိနေပေမည်။ ကျွန်ုပ်တို့ အဘယ်အရာပြုနိုင်သနည်း။ ဦးဆုံး၊ မိမိကိုယ်နှိုက်အား ပြဿနာကိုဝန်ခံပြီး အတတ်နိုင်ဆုံး အနိုင်ယူကျော်လွှားရန် စိတ်ဆုံးဖြတ်ဖို့လိုသည်။ ယေဟောဝါထံဆုတောင်းခြင်းဖြင့် ကျွန်ုပ်တို့၏ဝန်ထုပ်ဝန်ပိုးကိုပေါ့စေသင့်ကာ ခရစ်ယာန်အကြီးအကဲတစ်ဦးထံမှ ဝိညာဉ်ရေးအကူအညီကိုလည်း တောင်းဆိုသင့်သည်။—ဆာလံ ၅၅:၂၂; ယာကုပ် ၅:၁၄၊ ၁၅။
ယင်းသို့သော အတွင်းတင်းမာမှုသည် နစ်ကိုလပ်စ်ကိုထိခိုက်ခဲ့သည်။ “ကျွန်တော့်အဖေဟာ အရက်အိုးဖြစ်ပြီး ကျွန်တော်နဲ့ကျွန်တော့်ညီမကို အရမ်းစိတ်ဆင်းရဲစေခဲ့တယ်” ဟုသူရှင်းပြသည်။ “ကျွန်တော်ကျောင်းထွက်ပြီး စစ်ထဲဝင်တဲ့အခါ ကျွန်တော်ရဲ့ပုန်ကန်တတ်တဲ့ဉာဉ်က မကြာခင်မှာပဲ ကျွန်တော့်ကိုဒုက္ခရောက်စေခဲ့တယ်။ မူးယစ်ဆေးဝါးရောင်းချတဲ့အတွက် စစ်တပ်အာဏာပိုင်တွေက ကျွန်တော့်ကိုထောင်ချခဲ့တယ်၊ နောက်တစ်ခါကျတော့ ကျွန်တော်တပ်ကပြေးခဲ့တယ်။ နောက်ဆုံးမှာ စစ်တပ်ကနေကျွန်တော်ထွက်လိုက်ပေမဲ့ ဒုက္ခတွေ့နေရတုန်းပဲ။ မူးယစ်ဆေးအလွဲသုံးပြီး သောက်ကြူးတဲ့အတွက် ကျွန်တော့်ဘဝပျက်နေပေမဲ့ ကျမ်းစာကိုစိတ်ဝင်စားပြီး ဘဝမှာရည်ရွယ်ချက်တစ်ခုရှိလိုတယ်။ နောက်ဆုံးမှာ ယေဟောဝါသက်သေတွေနဲ့ အဆက်အသွယ်ရပြီး ကျွန်တော့်ဘဝပုံစံကိုပြောင်းပြီးတော့ သမ္မာတရားကို လက်ခံခဲ့ပါတယ်။
“ဒါပေမဲ့ ကျွန်တော့်အားနည်းချက်ကို အသိအမှတ်ပြုပြီး ပြင်ဖို့တော့ နှစ်နဲ့ချီကြာခဲ့ပါတယ်။ အခွင့်အာဏာကို ကျွန်တော်လုံးဝမကြိုက်တဲ့အပြင် ဆုံးမခံရရင် ဒေါသထွက်တယ်။ ယေဟောဝါရဲ့အသုံးတော်ခံ အပြည့်အဝဖြစ်ချင်ပေမဲ့ ဒီအားနည်းချက်က ကျွန်တော့်ကို တားဆီးနေပါတယ်။ နောက်ဆုံးကျတော့ နားလည်မှုရှိတဲ့အကြီးအကဲနှစ်ယောက်ရဲ့အကူအညီနဲ့ ကျွန်တော့်အားနည်းချက်ကိုဝန်ခံခဲ့ပြီး သူတို့ မေတ္တာနဲ့ဆုံးမပေးတဲ့စကားကို စပြီးနားထောင်ကျင့်သုံးတော့တယ်။ တစ်ခါတလေမကျေနပ်စရာတွေပေါ်လာတတ်ပေမဲ့ အခုဆိုရင် ကျွန်တော့်ရဲ့ပုန်ကန်တတ်တဲ့သဘောကို ထိန်းချုပ်နိုင်ပါပြီ။ ကျွန်တော့်အပေါ် ယေဟောဝါရဲ့စိတ်ရှည်စွာဆက်ဆံမှုနဲ့ အကြီးအကဲတွေ မေတ္တာနဲ့ကူညီပေးခဲ့မှုကို ကျွန်တော်အရမ်းကျေးဇူးတင်ပါတယ်။ ဝိညာဉ်ရေးမှာ ကျွန်တော်တိုးတက်ခဲ့တဲ့အတွက် မကြာခင်က ဓမ္မအမှုထမ်းအဖြစ်ခန့်အပ်ခံခဲ့ရတယ်။”
နစ်ကိုလပ်စ်တွေ့ရှိခဲ့သည့်အတိုင်း အမြစ်စွဲနေသောသဘောထားများကို ပြုပြင်ပြောင်းလဲရခြင်းသည် မလွယ်ကူပါ။ ကျွန်ုပ်တို့သည်လည်း အလားတူစိန်ခေါ်ချက်မျိုးကို ရင်ဆိုင်ရကောင်းရင်ဆိုင်ရပေမည်။ ကျွန်ုပ်တို့သည် အလွန်အကဲဆတ်ပေမည်။ မကျေနပ်မှုတစ်ခုကို မွေးမြူထားခြင်း သို့မဟုတ် လွတ်လပ်မှုကိုအရေးပေးလွန်းခြင်း ပြုနေပေမည်။ သို့ဖြင့် ကျွန်ုပ်တို့၏ ခရစ်ယာန်တိုးတက်မှုသည် ကန့်သတ်ခံနေရပေမည်။ စိန်သွေးသူများသည် နေ့တ်စ်များဟုသူတို့ခေါ်သော ကျောက်များတွင် အလားတူအဖြစ်မျိုးကို တွေ့ကြုံကြရသည်။ အမှန်မှာ ယင်းတို့သည် စိန်ဖြစ်ပေါ်နေစဉ်တွင် ကျောက်နှစ်တုံးမှ တစ်တုံးအဖြစ်သို့ ပျော်ဝင်ပေါင်းစပ်ခဲ့ခြင်းဖြစ်သည်။ ရလဒ်အနေနှင့် နေ့တ်စ်များတွင် ကွဲလွဲသောကြီးထွားသည့်ပုံစံနှစ်မျိုးရှိကာ အကြောအတိုင်းဖြတ်ရန် အလွန်ခက်ခဲစေပါသည်။ ကျွန်ုပ်တို့အဖြစ်တွင် မစုံလင်သည့်သွေးသား၏ “ပင်ကိုသဘော” ကို တလိုတလားပြုလိုသော “ပင်ကိုသဘော” ကတိုက်ခိုက်နေသည်ကိုတွေ့ရသည်။ (မဿဲ ၂၆:၄၁; ဂလာတိ ၅:၁၇) တစ်ခါတစ်ရံ လုံးဝမကြိုးစားချင်တော့သည့်စိတ်ရှိပေမည်၊ ကျွန်ုပ်တို့၏ဥပဓိရုပ်ရှိမစုံလင်မှုများသည်လည်း အရေးမကြီးပါဟု စဉ်းစားမိပေမည်။ ‘ဘာပဲဖြစ်ဖြစ် ငါ့မိသားစုနဲ့မိတ်ဆွေတွေဟာ ငါ့ကိုချစ်နေတုန်းပါပဲ’ ဟုကျွန်ုပ်တို့ဆိုပေမည်။
သို့သော် ကျွန်ုပ်တို့၏ ညီအစ်ကိုများကိုကူညီထောက်ပံ့ပြီး ကောင်းကင်ခမည်းတော်အား ဂုဏ်တင်လိုပါက ဥပဓိရုပ်သစ်ကိုယူတင်ဝတ်ဆောင်ခြင်းဖြင့် ‘ကျွန်ုပ်တို့၏စိတ်ကို စေ့ဆော်သည့်စွမ်းအားဖြင့် အသစ်ပြုမှုခံ’ ဖို့လိုသည်။ နစ်ကိုလပ်စ်နှင့် အခြားသောမရေတွက်နိုင်သည့်သူများ ထောက်ခံပြောဆိုနိုင်သကဲ့သို့ ထိုကြိုးစားအားထုတ်မှုသည် လုပ်သင့်လုပ်ထိုက်ရာဖြစ်သည်။ အနာလေးတစ်ခုက စိန်တစ်ပွင့်လုံးကိုထိခိုက်စေကြောင်း စိန်သွေးသူတစ်ဦးသိထားပါသည်။ အလားတူပင် ကျွန်ုပ်တို့ဥပဓိရုပ်မှအားနည်းချက်တစ်ခုကို လျစ်လျူရှုခြင်းအားဖြင့် ကျွန်ုပ်တို့၏ ဝိညာဉ်ရေးရုပ်သွင်ကို ပျက်စီးစေနိုင်သည်။ ပို၍ဆိုးသည်မှာ ကြီးလေးသောအားနည်းချက်တစ်ခုသည် ကျွန်ုပ်တို့၏ဝိညာဉ်ရေး ကျရှုံးမှုကိုဖြစ်စေနိုင်သည်။—သု. ၈:၃၃။
ကျွန်ုပ်တို့အတွင်းရှိ ‘မီးအရှိန်’ ကဲ့သို့
စိန်သွေးသူသည် စိန်အတွင်းရှိပြောင်လက်သောအရှိန်ကိုရယူရန် ကြိုးစားအားထုတ်လေ့ရှိသည်။ ရောင်ခြည်ဖြာသက်တန့်ဟုခေါ်သောအသွင်ကိုဖြစ်ပေါ်စေရန် မှန်ကူကွက်များကိုစီစဉ်ခြင်းဖြင့် ယင်းသို့ပြုလုပ်ကြသည်။ စိန်အတွင်း၌ ရောင်စုံအလင်းသည် လူးလာခေါက်ပြန်ရောင်ပြန်ဟပ်နေရာ ၎င်းကိုပြောင်လက်စေသည့် မီးအရှိန်ကို ဖြစ်စေသည်။ အလားတူပင် ဘုရားသခင့်ဝိညာဉ်တော်သည် ကျွန်ုပ်တို့အထဲတွင် ‘မီးအရှိန်’ ကဲ့သို့ဖြစ်နိုင်ပါသည်။—၁ သက်သာလောနိတ် ၅:၁၉; တမန်တော် ၁၈:၂၅; ရောမ ၁၂:၁၁။
သို့သော် ကျွန်ုပ်တို့သည် ဝိညာဉ်ရေးဘက် လှုံ့ဆော်ခံရရန်လိုနေသည်ဟု ခံစားရမည်ဆိုလျှင်ကော။ ယင်းကို မည်သို့လုပ်ဆောင်နိုင်သနည်း။ ‘ကျွန်ုပ်တို့၏လမ်းကိုဆင်ခြင်’ ရန်လိုနေသည်။ (ဆာလံ ၁၁၉:၅၉၊ ၆၀) ထိုသို့ပြုရန် ကျွန်ုပ်တို့၏ဝိညာဉ်ရေးကို အရှိန်လျော့စေသည့်အရာများကို ခွဲခြားသိမြင်ပြီးနောက် ကျွန်ုပ်တို့ပို၍ အားတက်သရောလုပ်ဆောင်ရန်လိုအပ်သည့် သီအိုကရက်တစ်လုပ်ဆောင်မှုများကို သတ်မှတ်ထားဖို့လိုပါသည်။ ကိုယ်ပိုင်လေ့လာမှုနှင့် စိတ်အားထက်သန်စွာဆုတောင်းခြင်းတို့ကို မှန်မှန်ပြုလုပ်ခြင်းဖြင့် ဝိညာဉ်ရေးဆိုင်ရာ လေးမြတ်မှုကို တိုးပွားစေနိုင်သည်။ (ဆာလံ ၁၁၉:၁၈၊ ၃၂; ၁၄၃:၁၊ ၅၊ ၈၊ ၁၀) ထို့အပြင် ယုံကြည်ခြင်း၌ ကြိုးစားအားထုတ်သူများနှင့် ပေါင်းသင်းခြင်းဖြင့် ယေဟောဝါ၏အမှုတော်ကို ဇွဲလုံ့လရှိရှိဆောင်ရွက်ရန် ကျွန်ုပ်တို့၏စိတ်ဆုံးဖြတ်ချက်ကို သာ၍ခိုင်မာစေမည်ဖြစ်သည်။—တိတု ၂:၁၄။
ခရစ်ယာန်မိန်းမငယ်တစ်ဦးဖြစ်သူ လူအိစ်က ဤသို့ဝန်ခံခဲ့သည်– “ရှေ့ဆောင် ဒါမှမဟုတ် အချိန်ပြည့်နိုင်ငံတော်ကြွေးကြော်သူတစ်ယောက်အဖြစ် ကျွန်မစာရင်းမသွင်းခင် မှန်မှန်ရှေ့ဆောင်ဖို့ နှစ်နှစ်လောက်စဉ်းစားခဲ့ရတယ်။ ကျွန်မကို ဘာကမှမတားဆီးပေမဲ့ သက်သက်သာသာနဲ့ ကျွန်မလုပ်ကိုင်နေကျဖြစ်တဲ့အခြေအနေကနေ အခြားတစ်မျိုးပြောင်းလုပ်ဖို့ ကျွန်မလုံးဝမကြိုးစားခဲ့ဘူး။ ဒါနဲ့ပဲ အဖေလည်း ရုတ်တရက် သေသွားခဲ့တယ်။ အသက်ဟာဘယ်လောက် ပျောက်ပျက်လွယ်တယ်ဆိုတာကိုရယ် ကိုယ့်ဘဝကိုကိုယ်အကောင်းဆုံးနည်းနဲ့ အသုံးမချနေဘူးဆိုတာကိုပါ ကျွန်မသဘောပေါက်လာတယ်။ ဒါနဲ့ကျွန်မရဲ့ဝိညာဉ်ရေးအမြင်ကို ပြောင်းလဲလိုက်တယ်၊ အရင်ကထက်အမှုဆောင်ပိုထွက်ပြီး မှန်မှန်ရှေ့ဆောင်တစ်ယောက်ဖြစ်လာခဲ့တယ်။ ဒီနေရာမှာ အထူးအကူအညီဖြစ်တာကတော့ လယ်ကွင်းလုပ်ငန်းအစီအစဉ်တွေကို အမြဲအားပေးလုပ်ကိုင်ပြီး ကျွန်မနဲ့အတူမှန်မှန်အမှုဆောင်ထွက်တဲ့ ကျွန်မရဲ့ဝိညာဉ်ရေး ညီအစ်ကိုညီအစ်မတွေပဲဖြစ်တယ်။ အကောင်းအတွက်ပဲဖြစ်စေ၊ အဆိုးအတွက်ပဲဖြစ်စေ ကျွန်မတို့အပေါင်းအသင်းတွေရဲ့ တန်ဖိုးထားရာတွေနဲ့ ပန်းတိုင်တွေဟာ ကျွန်မတို့ရဲ့တန်ဖိုးထားရာနဲ့ ပန်းတိုင်တွေ ဖြစ်လာတတ်တယ်ဆိုတာ ကျွန်မသိရှိလာခဲ့ရတယ်။
သံဖြင့်ထက်မြက်လာဘိသကဲ့သို့
စိန်သည် မြေကြီးပေါ်တွင် အမာကြောဆုံး သဘာဝသယံဇာတပစ္စည်းဖြစ်သည်။ ထို့ကြောင့် စိန်ကိုစိန်ဖြင့်ဖြတ်ဖို့လိုပါသည်။ ယင်းက “သံကိုသံဖြင့်ထက်စေသကဲ့သို့၊ လူသည် အဆွေခင်ပွန်း၏မျက်နှာကို ထက်စေတတ်၏” ဟူသော ကျမ်းစကားကို ကျမ်းစာကျောင်းသားအား သတိရစေပေမည်။ (သု. ၂၇:၁၇) လူတစ်ဦး၏မျက်နှာကို မည်သို့ ‘ထက်စေ’ မည်နည်း။ ထပ်တူသတ္တုမျိုးဖြင့်ပြုလုပ်ထားသော ဓားသွားကိုထက်အောင် သံတုံးတစ်တုံးကိုအသုံးပြုနိုင်သကဲ့သို့ လူတစ်ဦးသည် အခြားသူတစ်ဦး၏ ဆင်ခြင်ဉာဏ်နှင့် ဝိညာဉ်ရေးအခြေအနေကိုထက်စေနိုင်ပါသည်။ ဥပမာ၊ စိတ်ပျက်စရာတစ်ခုခုကြောင့် စိတ်ဓာတ်ကျနေရပါက အခြားသူတစ်ဦး၏အားပေးမှုသည် အလွန်တည်ဆောက်မှုဖြစ်စေနိုင်သည်။ သို့ဖြင့် ကျွန်ုပ်တို့၏ ဝမ်းနည်းသည့်မျက်နှာထားသည် သာ၍ကောင်းရာသို့ပြောင်းလဲနိုင်ပြီး ဇွဲရှိရှိပြန်အမှုဆောင်ရန် သက်ဝင်လှုပ်ရှားလာနိုင်သည်။ (သု. ၁၃:၁၂) တိုးတက်ရန်အတွက်အထူးသဖြင့် အသင်းတော်အကြီးအကဲများသည် ကျမ်းစာဆိုင်ရာအားပေးချက်နှင့် ဆုံးမစကားကိုပေးခြင်းဖြင့် ကျွန်ုပ်တို့ကိုထက်စေရန် ကူညီပေးနိုင်ပါသည်။ သူတို့သည် ရှောလမုန်ဖော်ပြသည့်မူကို လိုက်လျှောက်ကြသည်– “ပညာရှိသောသူကိုဆုံးမလျှင်၊ သူသည်သာ၍ပညာရှိလိမ့်မည်။ ဖြောင့်မတ်သောသူကိုသွန်သင်လျှင်၊ သူသည်သိပ္ပံအတတ်တိုးပွားလိမ့်မည်။”—သု. ၉:၉။
ဝိညာဉ်ရေးရာ လေ့ကျင့်မှုသည် အချိန်လိုသည်မှာမှန်သည်။ တမန်တော်ပေါလုသည် သူ၏အတွေ့အကြုံနှင့် သွန်သင်နည်းများကို တိမောသေအား ဆယ်နှစ်ထက်မကဝေမျှခဲ့သည်။ (၁ ကောရိန္သု ၄:၁၇; ၁ တိမောသေ ၄:၆၊ ၁၆) အနှစ် ၄၀ ကျော်ကာလအတွင်း ယောရှုအားမောရှေပေးခဲ့သည့် ကြာရှည်သည့်လေ့ကျင့်မှုက ဣသရေလလူမျိုးအတွက် ကြာမြင့်စွာအကျိုးပြုခဲ့သည်။ (ယောရှု ၁:၁၊ ၂; ၂၄:၂၉၊ ၃၁) ဧလိရှဲသည် ဧလိယနှင့် ၆ နှစ်ခန့်တွဲဖက်ခဲ့ရာ အနှစ် ၆၀ ခန့်ကြာသော သူ၏ဓမ္မအမှုဆောင်ခြင်းအတွက် ကောင်းစွာလေ့ကျင့်သင်ကြားမှုကို ရရှိခဲ့သည်။ (၃ ဓမ္မရာဇဝင် ၁၉:၂၁; ၄ ဓမ္မရာဇဝင် ၃:၁၁) စိတ်ရှည်စွာ ဆက်၍လေ့ကျင့်ပေးခြင်းအားဖြင့် အကြီးအကဲများသည် ပေါလု၊ မောရှေနှင့် ဧလိယတို့၏ပုံသက်သေကို တုပကြသည်။
ချီးမွမ်းပေးခြင်းသည် လေ့ကျင့်သင်ကြားမှု၏ အရေးကြီးကဏ္ဍတစ်ခုဖြစ်သည်။ တာဝန်များကိုကောင်းမွန်စွာကိုင်တွယ်ခြင်း သို့မဟုတ် ချီးကျူးထိုက်သောလုပ်ဆောင်မှုများကို ပြုခဲ့ခြင်းအတွက် တန်ဖိုးထားလေးမြတ်ကြောင်း စိတ်ရင်းမှန်ဖြင့်ထုတ်ဖော်ပြောဆိုခြင်းသည် ဘုရားသခင်အတွက် ပိုမိုအပြည့်အဝ အမှုဆောင်လိုစိတ်ရှိရန် အခြားသူများကိုစေ့ဆော်ပေးပေမည်။ ချီးမွမ်းခြင်းက ကိုယ့်ကိုယ်ကိုယုံကြည်စိတ်ချမှုရှိစေပြီး ယင်းကတစ်ဖန် အားနည်းချက်များကို ဖျောက်ဖျက်ချင်စိတ်ရှိစေသည်။ (၁ ကောရိန္သု ၁၁:၂ နှိုင်းယှဉ်။) သမ္မာတရား၌တိုးတက်ရန်အားပေးမှုသည်လည်း ဘုရားသခင့်နိုင်ငံတော်ဟောပြောခြင်းလုပ်ငန်းနှင့် အသင်းတော်ဆိုင်ရာအခြားလုပ်ငန်းများတွင် ပြင်းပြစွာပါဝင်ခြင်းမှလည်း ရရှိသည်။ (တမန်တော် ၁၈:၅) အကြီးအကဲများသည် ညီအစ်ကိုများအား သူတို့၏ဝိညာဉ်ရေးတိုးတက်မှုနှင့်အညီ တာဝန်ပေးသောအခါ ဤသူတို့ကို တန်ဖိုးရှိအတွေ့အကြုံရရှိစေပြီး ဝိညာဉ်ရေးဘက်ဆက်လက်တိုးတက်လိုသည့် သူတို့၏စိတ်ဆန္ဒကို တိုးပွားစေနိုင်ဖွယ်ရှိသည်။—ဖိလိပ္ပိ ၁:၈၊ ၉။
ဝိညာဉ်ရေးဘက်တိုးတက်ရန် အကြောင်းကောင်း
စိန်ကို အဖိုးတန်ပစ္စည်းအဖြစ် ယူမှတ်ခဲ့ကြသည်။ ယေဟောဝါအားဝတ်ပြုသူ ကမ္ဘာချီမိသားစုနှင့် ယခုပေါင်းသင်းလာသူများသည်လည်း ထပ်တူပင်ဖြစ်သည်။ အမှန်မှာ ဘုရားသခင်ကိုယ်တော်တိုင်က သူတို့ကို လူမျိုးအပေါင်းတို့မှ ‘နှစ်သက်ဖွယ်ရာများ’ သို့မဟုတ် ‘အဖိုးတန်ရာများ’ ဟုခေါ်ဆိုထားတော်မူသည်။ (ဟဂ္ဂဲ ၂:၇၊ အောက်ခြေမှတ်ချက်) လွန်ခဲ့သောနှစ်တွင် ၃၇၅,၉၂၃ ယောက်သည် နှစ်ခြင်းခံပြီးသော ယေဟောဝါ၏သက်သေများဖြစ်လာကြပါသည်။ ဤတိုးတက်ကြီးထွားမှုအတွက် နေရာချထားပေးရန် ‘တဲရာကိုကျယ်စေဖို့’ လိုအပ်ပါသည်။ ဝိညာဉ်ရေးဘက်တိုးတက်ခြင်းနှင့်—ခရစ်ယာန်လုပ်ငန်းတော်အခွင့်ထူးများကိုလက်လှမ်းယူခြင်းအားဖြင့်—ဤတိုးတက်မှုကို ထိန်းသိမ်းကြည့်ရှုပေးရာတွင် ပါဝင်နိုင်ပါသည်။—ဟေရှာယ ၅၄:၂; ၆၀:၂၂။
ဘဏ်တိုက်မြေအောက်ခန်းများ၌ သိမ်းဆည်းထားပြီး တွေ့ရခဲသော အဖိုးတန်စိန်များစွာနှင့်မတူဘဲ ကျွန်ုပ်တို့၏ဝိညာဉ်ရေးတန်ဖိုးသည် တောက်ပထွန်းလင်းနိုင်၏။ ခရစ်ယာန်အရည်အသွေးများကို မှန်မှန်သွေးပြီးထင်ရှားပြသသည်နှင့်အမျှ ကျွန်ုပ်တို့သည် ယေဟောဝါအားဂုဏ်တင်ကြပါသည်။ ယေရှုခရစ်က နောက်တော်လိုက်များကို ဤသို့တိုက်တွန်းနှိုးဆော်ခဲ့သည်– “သူတစ်ပါးတို့သည် သင်တို့၏ကောင်းသောအကျင့်ကိုမြင်၍၊ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘ၏ဂုဏ်တော်ကို ချီးမွမ်းစေခြင်းငှာ၊ သူတစ်ပါးရှေ့၌ သင်တို့၏အလင်းကို လင်းစေကြလော့။” (မဿဲ ၅:၁၆) အမှန်ပင်၊ ယင်းက ဝိညာဉ်ရေးဘက်တိုးတက်ရန် အကြောင်းကောင်းဖြစ်သည်။
[အောက်ခြေမှတ်ချက်များ]
a ဤဆောင်းပါး၌ အစားထိုးနာမည်များကို အသုံးပြုထားသည်။