ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ဖတ်ရှုကာ သမ္မာတရားဖြင့် ကိုယ်တော့်အမှုဆောင်လေ
“အိုထာဝရဘုရား၊ ကိုယ်တော်၏လမ်းကို အကျွန်ုပ်အားပြညွှန်တော်မူပါ။ ကိုယ်တော်၏သမ္မာတရားလမ်းသို့ လိုက်သွားပါမည်။” —ဆာလံ ၈၆:၁၁။
၁။ အခြေခံအားဖြင့် ဤမဂ္ဂဇင်း၏ ဦးဆုံးစာစောင်က သမ္မာတရားနှင့်ပတ်သက်၍ မည်သို့ဖော်ပြခဲ့သနည်း။
ယဟောဝါသည် အလင်းနှင့် သမ္မာတရားကို ထုတ်လွှတ်တော်မူသည်။ (ဆာလံ ၄၃:၃) ကိုယ်တော့်နှုတ်ကပါဌ်တော်သမ္မာကျမ်းစာကို ဖတ်ရှုနိုင်သည့်အစွမ်းနှင့် သမ္မာတရားကို လေ့လာနိုင်သည့်အစွမ်းတို့ကိုလည်း ကျွန်ုပ်တို့အား ကိုယ်တော်ပေးသနားထားတော်မူသည်။ ဤဂျာနယ်၏ဦးဆုံးထုတ်—၁၈၇၉ ဇူလိုင်—က ဤသို့ဆိုသည်– “သမ္မာတရားသည် တောကန္တာရတွင်ရှိ ကျိုးနွံသောပန်းလေးတစ်ပွင့်နှယ် ထူထပ်စွာပေါက်ရောက်နေသည့် မှားယွင်းမှုပေါင်းပင်များ၏ လွှမ်းခြုံထားခြင်းကိုခံရပြီး ဖုံးကွယ်ခံရလုမတတ်ဖြစ်နေသည်။ ယင်းကိုသင်တွေ့လိုပါက တောနင်းရှာရမည်။ ယင်း၏အလှအပကို မြင်လိုပါက မှားယွင်းမှုပေါင်းပင်များနှင့် အယူသီးမှုဆူးခြုံများကို ဖယ်ရှားပေးရမည်။ ယင်းကို လက်ဝယ်ပိုင်ဆိုင်လိုလျှင် ကိုယ်ကိုညွှတ်၍ခူးရမည်။ သမ္မာတရားပန်း တစ်ပွင့်တည်းနှင့် ကျေနပ်တင်းတိမ်မနေပါနှင့်။ တစ်ပွင့်တည်းနှင့်သာလုံလောက်ပါမူ ယင်းထက်ပို၍ရှိနေစရာမလိုတော့ပါ။ ဆက်၍စုပါ၊ ဆက်၍ရှာပါလေ။” ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ဖတ်ရှုလေ့လာခြင်းသည် ကျွန်ုပ်တို့အား တိကျမှန်ကန်သောအသိပညာကို ရရှိစေနိုင်ပြီး သမ္မာတရားအတိုင်း ကြိုးစားလျှောက်လှမ်းနိုင်စေသည်။—ဆာလံ ၈၆:၁၁။
၂။ ဧဇရနှင့် အခြားသူများသည် ရှေးယေရုရှလင်မြို့၌ ဂျူးများရှေ့ ဘုရားသခင့်ပညတ်တော်ကို ဖတ်ရှုသောအခါ အဘယ်အကျိုးဖြစ်ထွန်းခဲ့သနည်း။
၂ ဘီ.စီ.အီး. ၄၅၅ ခုနှစ်တွင် ယေရုရှလင်မြို့တံတိုင်းများကို ပြန်ဆောက်ပြီးနောက်ပိုင်း ယဇ်ပုရောဟိတ် ဧဇရနှင့် အခြားသူများသည် ဂျူးများရှေ့တွင် ဘုရားသခင့်ပညတ်တော်ကို ဖတ်ကြသည်။ ရွှင်လန်းဖွယ်ကောင်းသော သကေနေပွဲများနှင့် အပြစ်ဝန်ချခြင်းက ဆက်တိုက်လိုက်ပါလာပြီး “မြဲမြံသောပဋိညာဉ်စာချုပ်” နှင့် နိဂုံးချုပ်လိုက်သည်။ (နေဟမိ ၈:၁–၉:၃၈၊ သမ္မာ) ကျွန်ုပ်တို့ဤသို့ဖတ်ရသည်– “ထိုသို့ဘုရားသခင်၏ ပညတ္တိကျမ်းစာကို သေချာစွာ [“အသံကျယ်ကျယ်နှင့်၊” ကဘ] ဖတ်ရွတ်၍ အနက်ကိုပြန်သဖြင့် လူများနားလည်စေခြင်းငှာပြုကြ၏။” (နေဟမိ ၈:၈) ဂျူးများသည် ဟေဗြဲစကားကို ကောင်းကောင်းနားမလည်တော့ဘဲဖြစ်ရာ နားလည်လွယ်ရန် အာရမိတ်စကားဖြင့် ပြောဆိုခဲ့ကြောင်း အချို့က ဆိုသည်။ သို့သော် ဘာသာစကားအသုံးအနှုန်း ရှင်းပြချက်မျှသာဖြစ်ကြောင်း ကျမ်းပိုဒ်ကဖော်ပြခြင်းမဟုတ်ပါ။ ဧဇရနှင့် အခြားသူများက ပညတ်တော်ကို လူများသည် ယင်း၏မူများကို ခြုံငုံနားလည်နိုင်ပြီး ကျင့်သုံးနိုင်စေရန် အဓိပ္ပာယ်ရှင်းပြခဲ့ကြသည်။ ခရစ်ယာန်စာပေများနှင့် အစည်းအဝေးများသည်လည်း ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ‘အနက်ပြန်’ ပေးပါသည်။ “သင်ကြားတတ်” သော ခန့်အပ်ခံအကြီးအကဲများလည်း အလားတူဖြစ်သည်။—၁ တိမောသေ ၃:၁၊ ၂၊ သမ; ၂ တိမောသေ ၂:၂၄။
တည်တံ့သောအကျိုးကျေးဇူးများ
၃။ ကျမ်းစာဖတ်ရှုခြင်းမှ ရလာသည့် အကျိုးကျေးဇူးတချို့ကား အဘယ်နည်း။
၃ ခရစ်ယာန်မိသားစုများသည် ကျမ်းစာကို အတူတကွဖတ်ရှုကြသည့်အခါ တည်တံ့သောအကျိုးကျေးဇူးများကို သူတို့ခံစားရဖွယ်ရှိသည်။ သူတို့သည် ဘုရားသခင့်ပညတ်တော်များနှင့် အကျွမ်းတဝင်ရှိလာပြီး အယူဝါဒများ၊ ပရောဖက်ပြုချက်များနှင့် အခြားသောအကြောင်းအရာများနှင့်ပတ်သက်သည့် သမ္မာတရားကို တတ်သိနားလည်လာသည်။ ကျမ်းပိုဒ်တစ်ပိုဒ်ကို ဖတ်ပြီးနောက် အိမ်ထောင်ဦးစီးဖြစ်သူသည် ဤသို့မေးပေမည်– ယင်းသည် ကျွန်ုပ်တို့ကို မည်သို့အကျိုးပြုစေသင့်သနည်း။ ယင်းသည် ကျမ်းစာပါအခြားသွန်သင်ချက်များနှင့် မည်သည့်နည်းဖြင့် ဆက်နွှယ်မှုရှိသနည်း။ သတင်းကောင်းဟောပြောရာတွင် ဤအချက်များကို မည်သို့အသုံးပြုနိုင်သနည်း။ သူတို့သည် ကင်းမျှော်စင်စာပေအညွှန်းနှင့် အခြားသောအညွှန်းများကို အသုံးပြုကာ သုတေသနပြုကြပါက ကျမ်းစာကိုဖတ်သောအခါတွင် မိသားစုသည် ထိုးထွင်းသိမြင်မှု သာ၍ရှိလာသည်။ အတွဲနှစ်တွဲပါ ကျမ်းစာစောင်များအပေါ်ထိုးထွင်းသိမြင်ခြင်း စာအုပ်ကို အကျိုးရှိရှိ ဆွေးနွေးနိုင်သည်။
၄။ ယောရှု ၁:၈ တွင်မှတ်တမ်းတင်ထားသည့်ညွှန်ကြားချက်ကို ယောရှုမည်သို့ ကျင့်သုံးခဲ့ရန်ဖြစ်သနည်း။
၄ ကျမ်းစောင်များမှ ကောက်နုတ်ထားသည့် မူများသည် ကျွန်ုပ်တို့၏အသက်တာကို လမ်းပြညွှန်ကြားနိုင်သည်။ ထို့အပြင် “ဓမ္မကျမ်းစာကို” ဖတ်ရှုလေ့လာခြင်းသည် “ကယ်တင်ခြင်းအလို့ငှာ ပညာကိုပေးနိုင်” သည်။ (၂ တိမောသေ ၃:၁၅) ကျွန်ုပ်တို့ကို ဘုရားသခင့်နှုတ်ကပါဌ်တော် လမ်းပြညွှန်ကြားခွင့်ပြုလျှင် ကျွန်ုပ်တို့သည် သမ္မာတရားအတိုင်း ဆက်၍လျှောက်နေမည်ဖြစ်ပြီး ကျွန်ုပ်တို့၏ဖြောင့်မှန်သောဆန္ဒများသည် အကောင်အထည်ပေါ်လာပါလိမ့်မည်။ (ဆာလံ ၂၆:၃; ၁၁၉:၁၃၀) သို့ရာတွင် မောရှေကို ဆက်ခံသည့် ယောရှုကဲ့သို့ သိနားလည်မှုရှိရန်ကြိုးစားဖို့ လိုသည်။ “ပညတ္တိကျမ်း” ကို သူ၏နှုတ်မှမကွာစေရဘဲ ယင်းကို နေ့ရောညပါဖတ်ရှုရသည်။ (ယောရှု ၁:၈) “ပညတ္တိကျမ်း” ကို သူ၏နှုတ်မှမကွာစေခြင်းဟူသည် ဖော်ပြထားသည့် ထွန်းလင်းလာသည့်အရာများကို ယောရှုသည် အခြားသူများအား မပြောဘဲမနေခြင်းဟူသည့် အဓိပ္ပာယ်ဖြစ်သည်။ ပညတ်တော်ကို နေ့ရောညပါဖတ်ခြင်းဟူသည် ယောရှုသည် ယင်းကို စဉ်းစားဆင်ခြင်ရမည်၊ လေ့လာရမည်ဟူသည့် အဓိပ္ပာယ်ပင်ဖြစ်သည်။ မိမိ၏ အကျင့်အကြံ၊ ဓမ္မအမှုနှင့် သွန်သင်ချက်တို့ကို “စိတ်စွဲလမ်း”—ဆင်ခြင်သုံးသပ်—ရန် တမန်တော်ပေါလုက တိမောသေကို အလားတူတိုက်တွန်းခဲ့သည်။ ခရစ်ယာန်အကြီးအကဲတစ်ဦးအနေနှင့် တိမောသေသည် မိမိ၏အသက်တာကို စံနမူနာယူစရာဖြစ်စေရန်နှင့် ကျမ်းစာပါသမ္မာတရားကို သွန်သင်ရန် အထူးဂရုစိုက်ဖို့ လိုအပ်သည်။—၁ တိမောသေ ၄:၁၅။
၅။ ဘုရားသခင့်သမ္မာတရားကို ရှာတွေ့ဖို့ဆိုလျှင် မည်သည့်အရာလိုအပ်သနည်း။
၅ ဘုရားသခင်၏သမ္မာတရားသည် တန်ဖိုးမဖြတ်နိုင်သော ဘဏ္ဍာဖြစ်သည်။ ယင်းကိုရှာဖွေတွေ့ရှိရန် တူးဖော်ခြင်း၊ ကျမ်းစောင်များကို မဆုတ်မနစ်ဇွဲနှင့်စူးစမ်းရှာဖွေဖို့လိုသည်။ မဟာသွန်သင်ရှင်၏ကလေးကဲ့သို့သော တပည့်များအဖြစ်သာ ကျွန်ုပ်တို့သည် ဉာဏ်ပညာရရှိပြီး ယေဟောဝါကို ရိုသေကိုင်းရှိုင်းသောကြောက်ရွံ့ခြင်းကို နားလည်လာသည်။ (သု. ၁:၇; ဟေရှာယ ၃၀:၂၀၊ ၂၁) မှန်ပါသည်၊ ကျွန်ုပ်တို့သည် ကိစ္စရပ်များကို ကျမ်းစာဖြင့် သက်သေထူသင့်သည်။ (၁ ပေတရု ၂:၁၊ ၂) ဗေရိမြို့သားဂျူးများသည် “သက်သာလောနိတ်မြို့သားတို့ထက် ထူးမြတ်သဖြင့်၊ အလွန်ကြည်ညိုသောစေတနာစိတ်နှင့် နှုတ်ကပါဌ်တရားတော်ကို ခံယူ၍ [ပေါလုပြောသည့်အရာများ] မှန်သည်မမှန်သည်ကို သိခြင်းငှာ၊ ကျမ်းစာကို နေ့တိုင်းအစဉ်စေ့စေ့ကြည့်ရှုကြ၏။” ဤသို့လုပ်သည့်အတွက် ဗေရိမြို့သားများကို အပြစ်တင်မနေဘဲ ချီးမွမ်းခဲ့သည်။—တမန်တော် ၁၇:၁၀၊ ၁၁။
၆။ ကျမ်းစောင်များကို စူးစမ်းရှာဖွေခြင်းသည် ဂျူးတချို့အတွက် ကောင်းကျိုးမဖြစ်ခဲ့ကြောင်း ယေရှုအဘယ်ကြောင့် ထောက်ပြနိုင်တော်မူခဲ့သနည်း။
၆ ယေရှုက ဂျူးတချို့ကို ဤသို့မိန့်တော်မူခဲ့သည်– “ကျမ်းစာအားဖြင့် ထာဝရအသက်ကို ရမည်ဟုစိတ်ထင်နှင့် သင်တို့သည် ကျမ်းစာကို စေ့စေ့ကြည့်ရှုကြ၏။ ထိုကျမ်းစာပင် ငါ၏သက်သေဖြစ်၏။ သင်တို့သည် အသက်ကိုရအောင် ငါ့ထံသို့ လာခြင်းငှာအလိုမရှိကြ။” (ယောဟန် ၅:၃၉၊ ၄၀) သူတို့သည် မှန်ကန်သောသဘောထား— ကျမ်းစာသည် သူတို့အားထာဝရအသက်ရဖို့ လမ်းညွှန်နိုင်ကြောင်း မှန်သောသဘောထားဖြင့် ယင်းကို သူတို့စူးစမ်းရှာဖွေကြသည်။ မှန်ပါသည်။ ကျမ်းစောင်များ၌ ထာဝရအသက်ပေးနိုင်စွမ်းသူမှာ ယေရှုဖြစ်ကြောင်း ညွှန်ပြသည့် မေရှိယနှင့်ပတ်သက်သော ပရောဖက်ပြုချက်များပါဝင်သည်။ သို့သော် ဂျူးများသည် ကိုယ်တော်ကို ငြင်းပယ်ကြသည်။ ထို့ကြောင့် ကျမ်းစောင်များကို စူးစမ်းရှာဖွေခြင်းသည် သူတို့အတွက် ကောင်းကျိုးမပြုပါ။
၇။ ကျမ်းစာကို သိနားလည်မှုတိုးပွားရန် အဘယ်အရာလိုအပ်သနည်း၊ အဘယ်ကြောင့်နည်း။
၇ ကျမ်းစာနှင့်ပတ်သက်၍ ကျွန်ုပ်တို့၏သိနားလည်မှု တိုးပွားလာရန် တက်ကြွလှုပ်ရှားသော စွမ်းအား သို့မဟုတ် ဘုရားသခင့်ဝိညာဉ်တော်၏ လမ်းပြညွှန်ကြားမှု လိုအပ်သည်။ ယင်းတို့၏အနက်အဓိပ္ပာယ်များကို နားလည်လာနိုင်စေရန် “ဝိညာဉ်တော်သည် ဘုရားသခင်၏နက်နဲသောအရာတိုင်အောင် ခပ်သိမ်းသောအရာတို့ကို စစ်တော်မူ၏။” (၁ ကောရိန္သု ၂:၁၀) သက်သာလောနိတ်မြို့သား ခရစ်ယာန်များသည် သူတို့ကြားနာခဲ့ရသည့် မည်သည့်ပရောဖက်ပြုချက်ကိုမဆို “အရာခပ်သိမ်းကို စစ်ဆေး” ကြရန်ဖြစ်သည်။ (၁ သက်သာလောနိတ် ၅:၂၀၊ ၂၁၊ သတင်းကောင်း) ပေါလုသည် သက်သာလောနိတ်မြို့သားများထံ (စီ.အီး. ၅၀ ခန့်တွင်) စာရေးသောအခါ ရေးသားနှင့်ပြီးသော ဂရိကျမ်းစောင်အစိတ်အပိုင်းမှာ မဿဲခရစ်ဝင်ကျမ်းတစ်ကျမ်းတည်းသာဖြစ်သည်။ ထို့ကြောင့် သက်သာလောနိတ်မြို့သားများနှင့် ဗေရိမြို့သားတို့သည် အရာခပ်သိမ်းကို သေချာစေနိုင်ရန် ဟေဗြဲကျမ်းစောင်များ၏ ဂရိ စက်ပ်တွားဂျင့် ဘာသာပြန်ကျမ်းနှင့် မှန်မမှန်စစ်ဆေးခဲ့ဖွယ်ရှိသည်။ သူတို့သည် ကျမ်းစောင်များကို ဖတ်ရှုလေ့လာဖို့လိုခဲ့သည်။ ကျွန်ုပ်တို့လည်း ထပ်တူပင်ဖြစ်သည်။
အားလုံးအတွက် အရေးကြီး
၈။ ခန့်အပ်ခံအကြီးအကဲများသည် ကျမ်းစာအသိပညာတွင် အဘယ်ကြောင့် သာလွန်ထူးကဲသင့်သနည်း။
၈ ခန့်အပ်ခံအကြီးအကဲများသည် ကျမ်းစာအသိပညာတွင် သာလွန်ထူးကဲသင့်သည်။ သူတို့သည် “သင်ကြားတတ်” ရမည်၊ စွဲမြဲစွာ ‘သစ္စာတရားတည်ရာ ဒေသနာတရားကို လက်ကိုင်ပြုသူ’ ဖြစ်ရမည်။ ကြီးကြပ်မှူးဖြစ်သူ တိမောသေသည် “သမ္မာတရားကို မှန်ကန်စွာပိုင်းခြားတတ်သော ဆရာသမား . . . ဖြစ်ခြင်းငှာ ကြိုးစားအားထုတ်” ခဲ့ရမည်။ (၁ တိမောသေ ၃:၂၊ သမ; တိတု ၁:၉၊ သမ; ၂ တိမောသေ ၂:၁၅) သူ၏မိခင်ဖြစ်သူ ဥနိတ်နှင့် အဖွားဖြစ်သူ လောဣတို့သည် နို့စို့အရွယ်မှစ၍ သမ္မာကျမ်းစာကို သူ့အားသွန်သင်ပေးခဲ့ကြပြီး ဖခင်ဖြစ်သူမှာ မယုံကြည်သူဖြစ်သော်လည်း ‘အယောင်မဆောင်သော ယုံကြည်ခြင်း’ ကို သူ့အားသွတ်သွင်းပေးခဲ့ကြသည်။ (၂ တိမောသေ ၁:၅၊ သမ; ၃:၁၅၊ သမ) ယုံကြည်သူဖခင်များသည် မိမိတို့၏ရင်သွေးများကို “ယေဟောဝါ၏ ပဲ့ပြင်ဆုံးမခြင်းနှင့် စိတ်သဘောတော်ဆိုင်ရာ စည်းမျဉ်းဥပဒေအရ” ပြုစုပျိုးထောင်ပေးရမည်။ အထူးသဖြင့် ဖခင်ဖြစ်သော အကြီးအကဲများတွင် ‘ကာမဂုဏ်၌ လွန်ကျူးသည်ဟု အပြစ်တင်ခြင်း၊ နားမထောင်ခြင်းနှင့်လွတ်သည့် ယုံကြည်သောသားသမီးများ’ ရှိသူဖြစ်ရကြမည်။ (ဧဖက် ၆:၄၊ ကဘ; တိတု ၁:၆) ကျွန်ုပ်တို့၏အခြေအနေ မည်သို့ပင်ရှိစေကာမူ ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ဖတ်ရှုလေ့လာပြီး ကျင့်သုံးရန်လိုအပ်ချက်ကို အလွန်အလေးအနက်ထားသင့်သည်။
၉။ ကျမ်းစာကို ခရစ်ယာန်ချင်းများနှင့်အတူပေါင်း၍ အဘယ်ကြောင့်လေ့လာသင့်သနည်း။
၉ ကျွန်ုပ်တို့သည် ကျမ်းစာကို ယုံကြည်သူချင်းတို့နှင့်လည်း အတူတကွပူးပေါင်းကာ လေ့လာသင့်သည်။ ပေါလုသည် မိမိပေးသည့်သြဝါဒကို သက်သာလောနိတ်မြို့သားခရစ်ယာန်များအား အချင်းချင်းဆွေးနွေးနှီးနှောစေချင်သည်။ (၁ သက်သာလောနိတ် ၄:၁၈) သမ္မာတရားနှင့်ပတ်သက်သော ကျွန်ုပ်တို့သိနားလည်မှုကို ထက်မြက်လာစေရန် ဆည်းကပ်ဝတ်ပြုသည့် အခြားသင်တန်းသားများနှင့်အတူ ကျမ်းစောင်များကို စိစစ်လေ့လာခြင်းထက် သာ၍ကောင်းသောနည်းမရှိပါလေ။ ဤပညာရှိစကားသည် မှန်ကန်ပါသည်– “သံကို သံဖြင့်ထက်စေသကဲ့သို့ လူသည် အဆွေခင်ပွန်း၏မျက်နှာကို ထက်စေ၏။” (သု. ၂၇:၁၇) သံကိရိယာတစ်ခုသည် အသုံးမပြုဘဲ၊ မသွေးဘဲထားလျှင် သံချေးတက်လာနိုင်သည်။ အလားတူစွာ ကျွန်ုပ်တို့သည် စည်းဝေးမှန်မှန်တက်ရန်နှင့် ဘုရားသခင့်နှုတ်ကပါဌ်တော်မှ သမ္မာတရားကို ဖတ်ရှုလေ့လာကာ တွေးတောဆင်ခြင်ခြင်းမှ ရရှိလာသည့် အသိပညာကို အချင်းချင်း ဝေမျှပေးကာ သွေးပေးဖို့လိုသည်။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) ထို့အပြင် ယင်းသည် ဝိညာဏအလင်းလက်ခြင်းမှ ကျွန်ုပ်တို့အကျိုးရရှိဖို့ သေချာသည့်နည်းတစ်ခုဖြစ်သည်။—ဆာလံ ၉၇:၁၁; သု. ၄:၁၈။
၁၀။ သမ္မာတရားအတိုင်းလိုက်လျှောက်ခြင်းမည်သည် အဘယ်နည်း။
၁၀ ကျမ်းစောင်များကို ကျွန်ုပ်တို့လေ့လာရာတွင် ဆာလံဆရာကဲ့သို့ ဘုရားသခင်ကို ဤသို့ သင့်လျော်စွာဆုတောင်းနိုင်သည်– “အလင်းတော်နှင့် သမ္မာတရားတော်ကို စေလွှတ်၍ ကိန်းဝပ်တော်မူရာ သန့်ရှင်းသောတောင်သို့ လမ်းပြပို့ရောက်စေတော်မူပါ။” (ဆာလံ ၄၃:၃၊ သမ) ဘုရားသခင့်နှစ်သက်လက်ခံမှုကို ကျွန်ုပ်တို့ရလိုလျှင် ကိုယ်တော်၏သမ္မာတရားအတိုင်း လျှောက်လှမ်းရမည်။ (၃ ယောဟန် ၃၊ ၄) ယင်းတွင် ကိုယ်တော်၏တောင်းဆိုချက်များကို လိုက်နာခြင်းနှင့် ကိုယ်တော်၏အမှုတော်ကို သစ္စာရှိရှိမှန်မှန်ကန်ကန် ထမ်းဆောင်ခြင်း ပါဝင်သည်။ (ဆာလံ ၂၅:၄၊ ၅; ယောဟန် ၄:၂၃၊ ၂၄) ကျွန်ုပ်တို့သည် ယေဟောဝါ၏နှုတ်ကပါဌ်တော်နှင့် “သစ္စာနှင့် သတိပညာရှိသောကျွန်” ၏ စာပေများတွင် ရှင်းလင်းဖော်ပြထားသည့် သမ္မာတရားနှင့်အညီ ကိုယ်တော်ကို ဝတ်ပြုရမည်။ (မဿဲ ၂၄:၄၅-၄၇၊ သမ) ကျမ်းစောင်များမှ တိကျမှန်ကန်သောအသိပညာ ရရှိထားဖို့လိုသည်။ သို့ဆိုလျှင် ကျွန်ုပ်တို့သည် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို မည်သို့ဖတ်ရှုလေ့လာသင့်သနည်း။ ကျမ်းစာ ၆၆ စောင်စလုံးအစဉ်လိုက် ကမ္ဘာဦး အခန်းကြီး ၁၊ အခန်းငယ် ၁ မှ စဖတ်သင့်သလော။ ဖတ်သင့်သည်။ မိမိတို့၏ဘာသာစကားဖြင့် ကျမ်းစာတစ်အုပ်လုံးရှိထားသည့် ခရစ်ယာန်တိုင်းသည် ကမ္ဘာဦးမှ ဗျာဒိတ်အထိ ဖတ်သင့်သည်။ ထို့အပြင် ကျမ်းစာနှင့် ခရစ်ယာန်စာပေများကို ဖတ်ရှုရာတွင် ကျွန်ုပ်တို့၏ရည်သန်ချက်မှာ ‘သစ္စာရှိသောကျွန်’ မှတစ်ဆင့် ဘုရားသခင် အရန်သင့်ပြင်ဆင်ပေးတော်မူသည့် ကျမ်းစာပါသမ္မာတရားအမြောက်အမြားကို နားလည်သဘောပေါက်မှု တိုးပွားစေရန် ဖြစ်သင့်သည်။
ဘုရားသခင့်နှုတ်ကပါဌ်တော်ကို အသံကျယ်ကျယ်နှင့်ဖတ်ပါ
၁၁၊ ၁၂။ အစည်းအဝေးများ၌ ကျမ်းစာကို အသံကျယ်ကျယ်နှင့်ဖတ်ခြင်းသည် အဘယ်ကြောင့်အကျိုးရှိသနည်း။
၁၁ ကျွန်ုပ်တို့ တစ်ယောက်တည်းရှိသောအချိန်တွင် အသံတိတ်ဖတ်ပေမည်။ သို့သော် ရှေးခေတ်တွင် တစ်ယောက်တည်း အသံကျယ်ကျယ်နှင့် ဖတ်ခဲ့သည်။ အဲသယောပိအမတ်သည် သူ၏မြင်းရထားစီးနေစဉ် ဟေရှာယပရောဖက်ပြုချက်ကို သူဖတ်နေသောကြောင့်သာ ဧဝံဂေလိဟောသူ ဖိလိပ္ပု ကြားခဲ့ခြင်းဖြစ်သည်။ (တမန်တော် ၈:၂၇-၃၀) “ဖတ်ရှု” ဟူ၍ပြန်ဆိုထားသည့် ဟေဗြဲစကာလုံး၏ မူလအဓိပ္ပာယ်မှာ “ခေါ်” ဟူသည့်အဓိပ္ပာယ်ဖြစ်သည်။ ထို့ကြောင့် အစပိုင်းတွင် အသံတိတ်ဖတ်လျှင် သဘောမပေါက်နိုင်သူများသည် စကားလုံးတစ်လုံးစီကို အသံထွက်ဖတ်ရခြင်းကြောင့် စိတ်ဓာတ်မကျသင့်ပါ။ ရေးသားထားသော ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ဖတ်ရှုခြင်းအားဖြင့် သမ္မာတရားကို သင်ယူခြင်းသည်သာ အခရာဖြစ်သည်။
၁၂ ခရစ်ယာန်အစည်းအဝေးများတွင် ကျမ်းစာကို အသံကျယ်ကျယ်နှင့်ဖတ်ခြင်းသည် အကျိုးရှိသည်။ တမန်တော်ပေါလုက သူ၏လုပ်ဖော်ဆောင်ဖက် တိမောသေကို “လူပရိသတ်ရှေ့ ကျမ်းစာတော်ကို ဖတ်ခြင်း၊ တရားဟောခြင်း၊ သွန်သင်ဆုံးမခြင်းတို့ကို အာရုံစိုက်၍ဆောင်ရွက်လော့” ဟု တိုက်တွန်းခဲ့သည်။ (၁ တိမောသေ ၄:၁၃၊ သတင်းကောင်း) ပေါလုက ကောလောသဲမြို့သားများအား “ဤစာကို သင်တို့သည် ဖတ်ပြီးမှ လောဒိကိမြို့အသင်းတော်ကို ဖတ်စေကြလော့။ ထိုမြို့မှရသောစာကိုလည်း သင်တို့ဖတ်ကြလော့” ဟု ပြောခဲ့သည်။ (ကောလောသဲ ၄:၁၆) ထို့အပြင် ဗျာဒိတ် ၁:၃ ၌ “ကာလအချိန်ရောက်လုနီးပြီဖြစ်၍ ဤအနာဂတ္တိကျမ်းစကားကို ကြည့်ရှုဖတ်ရွတ်နားထောင်၍၊ ရေးထားသမျှတို့ကို စောင့်ရှောက်သောသူတို့သည် မင်္ဂလာရှိ၏” ဟု ဆိုထားသည်။ ထို့ကြောင့် လူထုဟောပြောချက်ပေးသူသည် အသင်းတော်အားမိမိပြောသည့်အရာအတွက် အထောက်အထားအဖြစ် ကျမ်းစာမှ ကျမ်းချက်များကို ဖတ်သင့်သည်။
အကြောင်းအရာအလိုက် လေ့လာနည်းစနစ်
၁၃။ ကျမ်းစာသမ္မာတရားကို လေ့လာရာတွင် တိုးတက်မှုအကောင်းဆုံးနည်းစနစ်ကား အဘယ်နည်း၊ ကျမ်းချက်များကို ရှာတွေ့ရန် ကျွန်ုပ်တို့ကို အဘယ်အရာက ထောက်ကူနိုင်သနည်း။
၁၃ အကြောင်းအရာအလိုက် လေ့လာခြင်းသည် ကျမ်းစာပါသမ္မာတရားများကို လေ့လာရာတွင် တိုးတက်မှုအကောင်းဆုံးနည်းစနစ်ဖြစ်သည်။ စာအုပ်၊ အခန်းကြီး၊ အခန်းငယ်အလိုက် ရှေ့နောက်အစီအစဉ်အရ ကျမ်းစာစကားလုံးများကို အက္ခရာစဉ်အလိုက် စီထားသည့် မှန်ပြမာတိကာများသည် အကြောင်းအရာတစ်ခုနှင့် ဆက်စပ်နေသည့် ကျမ်းချက်များကို အလွယ်တကူရှာတွေ့စေသည်။ သို့နှင့် ယင်းကျမ်းစောင်များကို တစ်ခုနှင့်တစ်ခု တိုက်ညှိကြည့်နိုင်သည်၊ အကြောင်းမှာ ကျမ်းစာအာဘော်ရှင်သည် မိမိကိုယ်နှိုက်ကို ဖီလာမှုမရှိသောကြောင့်တည်း။ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကျမ်းစာကို ရာစု ၁၆ ခုကျော်ကြာ ရေးသားရန် အမျိုးသား ၄၀ ခန့်ကို မှုတ်သွင်းတော်မူခဲ့သည်။ ယင်းကို အကြောင်းအရာအလိုက် လေ့လာခြင်းသည် သမ္မာတရားလေ့လာရာတွင် ရေရှည်အကျိုးရှိသောနည်းဖြစ်သည်။
၁၄။ ဟေဗြဲနှင့် ဂရိကျမ်းစောင်များကို အဘယ်ကြောင့် အတူတကွလေ့လာသင့်သနည်း။
၁၄ ကျမ်းစာပါသမ္မာတရားကို ကျွန်ုပ်တို့တန်ဖိုးထားခြင်းက ခရစ်ယာန်ဂရိကျမ်းစောင်များကို ဟေဗြဲကျမ်းစောင်များနှင့်အတူ ဖတ်ရှုလေ့လာရန် ကျွန်ုပ်တို့အား လှုံ့ဆော်ပေးသင့်သည်။ ယင်းသို့ပြုခြင်းက ဂရိကျမ်းစောင်များနှင့် ဘုရားသခင့်ရည်ရွယ်တော်မူချက် ဆက်စပ်ပုံနှင့် ဟေဗြဲကျမ်းစောင်များပါ ပရောဖက်ပြုချက်များအပေါ် အလင်းဖြာပေးပါလိမ့်မည်။ (ရောမ ၁၆:၂၅-၂၇; ဧဖက် ၃:၄-၆; ကောလောသဲ ၁:၂၆) ယင်းနှင့်ပတ်သက်၍ အသုံးဝင်သောအရာမှာ သန့်ရှင်းသောကျမ်းစောင်များ၏ကမ္ဘာသစ်ဘာသာပြန်ကျမ်းဖြစ်သည်။ ဘုရားသခင်၏ ဆက်ကပ်အပ်နှံကျေးကျွန်များသည် မူရင်းကျမ်းစာအပြင် ယင်း၏နောက်ခံနှင့်ဓလေ့အသုံးအနှုန်းများနှင့်စပ်လျဉ်းသည့် ရရှိနိုင်သော တိုးတက်လာသည့်အသိပညာကို အသုံးပြုကာ အရန်သင့်ပြင်ဆင်ပေးထားသည်။ “သစ္စာနှင့် သတိပညာရှိသောကျွန်” အားဖြင့် ယေဟောဝါပြင်ဆင်ပေးတော်မူသည့် ကျမ်းစာလေ့လာမှုအထောက်အကူများသည်လည်း အရေးပါလှသည်။
၁၅။ ကျမ်းစာတွင် ဟိုမှ၊ ဤမှကိုးကားခြင်းသည် သင့်လျော်ကြောင်း သင်မည်သို့ သက်သေပြမည်နည်း။
၁၅ တချို့သူများက ‘ခင်ဗျားတို့စာပေတွေဟာ ကျမ်းစာကနေ ထောင်နဲ့ချီပြီး ကိုးကားထားတယ်၊ ဒါပေမဲ့ ဟိုတစ်ချက် ဒီတစ်ချက် ဘာကြောင့်လျှောက်ယူထားတာလဲ’ ဟု ဆိုပေမည်။ စာပေများသည် ကျမ်း ၆၆ စောင်ရှိ ဤမှ၊ ထိုမှလိုက်ကိုးကားကာ သွန်သင်ချက်တစ်ခုမှန်ကန်ကြောင်း ပြသဖို့ သက်သေအမြောက်အမြားကို ထုတ်နုတ်တင်ပြခြင်းဖြစ်သည်။ ယေရှုကိုယ်တော်တိုင် ဤသွန်သင်နည်းစနစ်ကို အသုံးပြုတော်မူခဲ့သည်။ ကိုယ်တော်သည် မိမိ၏တောင်ပေါ်ဒေသနာ ဟောပြောသောအခါ ဟေဗြဲကျမ်းစောင်များမှ ၂၁ ကြိမ်ကိုးကားခဲ့သည်။ ထိုဟောပြောချက်တွင် ထွက်မြောက်ရာကျမ်းမှ ကိုးကားချက်သုံးကြိမ်၊ ဝတ်ပြုရာကျမ်းမှ နှစ်ကြိမ်၊ တောလည်ရာကျမ်းမှ တစ်ကြိမ်၊ တရားဟောရာကျမ်းမှာ ခြောက်ကြိမ်၊ ဓမ္မရာဇဝင်စတုတ္ထစောင်မှ တစ်ကြိမ်၊ ဆာလံကျမ်းမှ လေးကြိမ်၊ ဟေရှာယကျမ်းမှ သုံးကြိမ်၊ ယေရမိကျမ်းမှ တစ်ကြိမ် ပါဝင်သည်။ ဤသို့ကိုးကားခြင်းဖြင့် ယေရှုသည် ‘မည်သည့်အရာတစ်ခုခုကိုမဆို သက်သေပြရန် ကြိုးစားခြင်းမျှ’ ဖြစ်သလော။ မဟုတ်ပါ၊ ကိုယ်တော်သည် ‘ကျမ်းတတ်ဆရာနည်းတူမဟုတ်ဘဲ အခွင့်အာဏာရှိသူကဲ့သို့ သွန်သင်’ ခဲ့သောကြောင့်ဖြစ်သည်။ ယင်းသို့ဖြစ်ခြင်းမှာ ယေရှုသည် မိမိ၏သွန်သင်ခြင်းကို ရေးသားထားသော ဘုရားသခင့်နှုတ်ကပါဌ်တော်၏ အခွင့်အာဏာဖြင့် ကျောရိုးနောက်ခံပြုထားတော်မူသောကြောင့်တည်း။ (မဿဲ ၇:၂၉) ပေါလုလည်း ထိုနည်းလည်းကောင်းပင်ပြုခဲ့သည်။
၁၆။ ပေါလုသည် ရောမ ၁၅:၇-၁၃ တွင် အဘယ်ကျမ်းစာအကိုးအကားများကို ကိုးကားခဲ့သနည်း။
၁၆ ရောမ ၁၅:၇-၁၃ တွင်တွေ့ရသည့် ကျမ်းပိုဒ်တွင် ပေါလုသည် ဟေဗြဲကျမ်းစောင်ပါ ကဏ္ဍသုံးခု—ပညတ်တော်၊ ပရောဖက်ပြုချက်များနှင့် ဆာလံကျမ်းတို့မှ ကိုးကားခဲ့သည်။ ဂျူးများနှင့် တစ်ပါးအမျိုးသားများသည် ဘုရားသခင့်ဂုဏ်တော်ကို ချီးမြှောက်ကြမည်ဖြစ်ရာ ခရစ်ယာန်များသည် လူမျိုးအားလုံးမှ လူများကို လက်ကမ်းကြိုဆိုသင့်ကြောင်း သူဖော်ပြထားသည်။ ပေါလုဤသို့ဆိုသည်– “ခရစ်တော်သည် ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေလျက်၊ သင်တို့ကိုလက်ခံတော်မူသည်နည်းတူ၊ သင်တို့သည် တစ်ယောက်ကို တစ်ယောက်လက်ခံကြလော့။ တစ်ဖန်ငါဆိုသည်ကား၊ ယေရှုခရစ်သည် ဘုရားသခင်၏သစ္စာတော်ကိုထောက်၍၊ ဘိုးဘေးများခံရသော ကတိတော်တို့ကို တည်စေခြင်းငှာ၊ အရေဖျားလှီးခြင်းကို ခံသောသူတို့၏အမှုကို ဆောင်ရွက်တော်မူ၏။။ တစ်ပါးအမျိုးသားတို့သည်လည်း ဘုရားသခင်၏ကရုဏာတော်ကိုအံ့သြချီးမွမ်းကြလိမ့်မည်။ ထိုသို့နှင့်အညီ ကျမ်းစာ [ဆာလံ ၁၈:၄၉] လာသည်ကား ‘ထို့ကြောင့် တစ်ပါးအမျိုးသားတို့တွင် ကျေးဇူးတော်ကိုအကျွန်ုပ်ချီးမွမ်း၍ နာမတော်ကို ထောမနာသီချင်းဆိုပါမည်’ ဟု လာသတည်း။ တစ်ဖန်လာသည်ကား [တရားဟောရာ ၃၂:၄၃] ‘တစ်ပါးအမျိုးသားတို့၊ သင်တို့သည် ဘုရားသခင်၏လူမျိုးနှင့်အတူ ဝမ်းမြောက်ခြင်းရှိကြလော့’ ဟုလာ၏။ တစ်ဖန်ကား [ဆာလံ ၁၁၇:၁] ‘လူမျိုးအပေါင်းတို့၊ ထာဝရဘုရားကို ချီးမွမ်းကြလော့။ လူအနွယ်အပေါင်းတို့၊ အလွန်ချီးမွမ်းကြလော့’ ဟုလာ၏။ တစ်ဖန်ဟေရှာယ [၁၁:၁၊ ၁၀] ၌ဆိုသည်ကား ‘ယေရှဲ၏အမြစ်ပေါက်၍ တစ်ပါးအမျိုးသားတို့ကို အုပ်စိုးစေခြင်းငှာ ပေါ်ထွန်းသောသူဖြစ်လိမ့်မည်။ ထိုသူကို တစ်ပါးအမျိုးသားတို့သည် ကိုးစားကြလိမ့်မည် ဟု ဆိုသတည်း။’ သင်တို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ တန်ခိုးအားဖြင့် မျှော်လင့်ခြင်းပါရမီနှင့် ကြွယ်ဝစေခြင်းငှာ၊ ယုံကြည်သောစိတ်ရှိ၍ ဝမ်းမြောက်သက်သာခြင်းအမျိုးမျိုးတို့နှင့်ပြည့်စုံမည်အကြောင်း မျှော်လင့်ခြင်း၏အရှင်၊ ဘုရားသခင်သည် ကယ်မသနားတော်မူပါစေသော။” ပေါလုသည် ဤသို့သောအကြောင်းအရာအလိုက် နည်းစနစ်အားဖြင့် ကျမ်းစာသမ္မာတရားကို သက်သေထူရန် ကျမ်းစောင်များကိုးကားနည်းကို ဖော်ပြခဲ့သည်။
၁၇။ မည်သည့်အစဉ်အလာအတိုင်း ခရစ်ယာန်များသည် ကျမ်းစာတစ်အုပ်လုံးကို ဟိုမှ၊ ဤမှ ကိုးကားသင့်သနည်း။
၁၇ တမန်တော်ပေတရု၏ မှုတ်သွင်းခံပထမစာစောင်တွင် ပညတ်ချက်၊ ပရောဖက်ပြုချက်များနှင့် ဆာလံကျမ်းတို့ပါသည့် ကျမ်းဆယ်စောင်မှ ကိုးကားချက် ၃၄ ချက်ပါဝင်သည်။ ပေတရု၏ဒုတိယစာစောင်တွင် ကျမ်းသုံးစောင်မှ ခြောက်ကြိမ် သူကိုးကားသည်။ မဿဲခရစ်ဝင်ကျမ်းတွင် ကမ္ဘာဦးကျမ်းမှ မာလခိကျမ်းအထိ ကိုးကားချက် ၁၂၂ ချက်ပါဝင်သည်။ ဂရိကျမ်း ၂၇ စောင်တွင် ကမ္ဘာဦးကျမ်းမှ မာလခိကျမ်းအထိ တိုက်ရိုက်ကိုးကားချက် ၃၂၀ အပြင် ဟေဗြဲကျမ်းစောင်များသို့ အခြားရည်ညွှန်းချက်ပေါင်း ရာနှင့်ချီ၍ရှိသည်။ ထိုယေရှုချမှတ်ခဲ့သည့် အစဉ်အလာကို ကိုယ်တော့်တမန်တော်များ လိုက်နာခဲ့ကြသည့်အတိုင်း မျက်မှောက်ခေတ်ခရစ်ယာန်များသည် ကျမ်းစာပါအကြောင်းအရာတစ်ခုကို အကြောင်းအရာအလိုက်လေ့လာသောအခါ ကျမ်းစာတစ်အုပ်လုံးတွင် ဟိုမှ၊ သည်မှကိုးကားကြသည်။ ဟေဗြဲနှင့် ဂရိကျမ်းစောင်အများစု ပြည့်စုံနေသည့် ဤ ‘နောက်ဆုံးကာလ’ တွင် ယင်းသို့ပြုခြင်းသည် အထူးအံဝင်သည်။ (၂ တိမောသေ ၃:၁) ‘သစ္စာရှိသောကျွန်’ သည် ယင်း၏စာပေများတွင် ကျမ်းစာကို ဤသို့ပင်အသုံးပြုသော်လည်း ဘုရားသခင့်နှုတ်ကပါဌ်တော်တွင် ထပ်ထည့်ခြင်းသော်လည်းကောင်း၊ ထုတ်ပစ်ခြင်းသော်လည်းကောင်း မည်သည့်အခါမျှ မလုပ်ပါလေ။—သု. ၃၀:၅၊ ၆; ဗျာဒိတ် ၂၂:၁၈၊ ၁၉။
သမ္မာတရားအတိုင်း အမြဲလျှောက်လှမ်း
၁၈။ အဘယ်ကြောင့် ‘သမ္မာတရားအတိုင်း လျှောက်လှမ်း’ သင့်သနည်း။
၁၈ ဘုရားသခင့်နှုတ်ကပါဌ်တော်ပါ ခရစ်ယာန်သွန်သင်ချက်တစ်ခုလုံးသည် “သမ္မာတရား”၊ သို့မဟုတ် “မှန်သောဧဝံဂေလိတရား” ဖြစ်သောကြောင့် တစ်စုံတစ်ရာကို ကျမ်းစာမှ ကျွန်ုပ်တို့ထုတ်မပစ်ရပါ။ ဤသမ္မာတရားအတိုင်း လိုက်နာခြင်း—ယင်းကို “လျှောက်လိုက်” ခြင်း—သည် ကယ်တင်ခြင်းအတွက် အရေးကြီးသည်။ (ဂလာတိ ၂:၅; ၂ ယောဟန် ၄၊ သမ; ၁ တိမောသေ ၂:၃၊ ၄) ခရစ်ယာန်ဘာသာသည် “သမ္မာတရားလမ်း” ဖြစ်သောကြောင့် ယင်း၏အကျိုးစီးပွားတိုးပွားရေးတွင် အခြားသူများအား ထောက်မပေးခြင်းအားဖြင့် ကျွန်ုပ်တို့သည် “သမ္မာတရားအဖို့ လုပ်ဖော်ဆောင်ဖက်” များဖြစ်လာကြသည်။—၂ ပေတရု ၂:၂; ၃ ယောဟန် ၈၊ သမ။
၁၉။ ကျွန်ုပ်တို့သည် မည်သို့ “သမ္မာတရားအတိုင်း . . . လျှောက်လိုက်” နိုင်သနည်း။
၁၉ ကျွန်ုပ်တို့သည် “သမ္မာတရားအတိုင်း . . . လျှောက်လိုက်” ဖို့ဆိုလျှင် ကျမ်းစာကို ဖတ်ရမည်၊ ‘သစ္စာရှိသောကျွန်’ မှတစ်ဆင့် ဘုရားသခင်ပြင်ဆင်ပေးသည့် ဝိညာဉ်ရေးအထောက်အမကို ကျွန်ုပ်တို့ကိုယ်တိုင် ခံယူအသုံးပြုရမည်။ (၃ ယောဟန် ၄၊ သမ) ကျွန်ုပ်တို့၏အကျိုးအတွက်နှင့် အခြားသူများအား ယေဟောဝါဘုရားသခင်၊ ယေရှုခရစ်နှင့် ဘုရားသခင့်ရည်ရွယ်တော်မူချက်တို့ကို သင်ကြားပေးနိုင်သည့် အနေအထားရောက်ရှိစေရန်အလို့ငှာ ယင်းကို ကျွန်ုပ်တို့လုပ်ဆောင်နိုင်ပါစေ။ ယေဟောဝါ၏နှုတ်ကပါဌ်တော်ကို နားလည်ရန်နှင့် သမ္မာတရားအတိုင်း ကိုယ်တော်ထံအမှုတော်ဆောင်ရာတွင် အောင်မြင်ရန် ကျွန်ုပ်တို့အား ထောက်မပေးသည့် ကိုယ်တော့်ဝိညာဉ်တော်ကို ကျေးဇူးတင်ကြပါစို့။
သင့်အဖြေများကားအဘယ်နည်း
◻ ကျမ်းစာဖတ်ရှုခြင်း၏ တည်တံ့သောအကျိုးအချို့ကား အဘယ်နည်း။
◻ ယုံကြည်သူချင်းများနှင့်အတူပေါင်း၍ အဘယ်ကြောင့်ကျမ်းစာလေ့လာသင့်သနည်း။
◻ ကျမ်းစာတစ်အုပ်လုံးရှိ နေရာအသီးသီးမှ ကိုးကားခြင်းသည် အဘယ်ကြောင့်သင့်လျော်သနည်း။
◻ ‘သမ္မာတရားအတိုင်း လျှောက်လှမ်း’ ခြင်းမည်သည် အဘယ်နည်း၊ ယင်းကို မည်သို့လုပ်ဆောင်နိုင်သနည်း။
[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]
မိဘတို့၊ သင်တို့၏သားသမီးများကို ကျမ်းစာသင်ပေးလေ
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
ယေရှုသည် မိမိ၏တောင်ပေါ်ဒေသနာ၌ ဟေဗြဲကျမ်းစောင်များပါ အပိုင်းများစွာမှ ကိုးကားတော်မူခဲ့