ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၇ ၈/၁၅ စာ. ၁၇-၂၂
  • ဆုံးခန်းနီးပြီဖြစ်ရာ “သမ္မာသတိရှိခြင်း”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဆုံးခန်းနီးပြီဖြစ်ရာ “သမ္မာသတိရှိခြင်း”
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အချင်းချင်းဆက်ဆံရေးတွင် “သမ္မာသတိရှိ” ခြင်း
  • “သမ္မာသတိရှိ” ခြင်းနှင့်မိသားစုတာဝန်များ
  • ပညာရေးအပေါ် ကျွန်ုပ်တို့၏ရှုမြင်ပုံ၌ “သမ္မာသတိရှိခြင်း”
  • ‘ကြီးစွာသောအရာတို့ကို မရှာနှင့်’
  • ကျန်ကြွင်းသောအချိန်ကို အကောင်းဆုံးနည်းဖြင့်အသုံးပြုခြင်း
  • “သမ္မာသတိရှိ” စွာဆက်လက်အသက်ရှင်ခြင်း
  • သူ ကရုဏာပြတတ်လာ
    သူတို့ရဲ့ယုံကြည်ခြင်းကို တုပပါ
  • ကရုဏာပြတတ်ရန် သူသင်ယူခဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • အခြားသူတို့ကို ယေဟောဝါရှုမြင်တော်မူ သကဲ့သို့ ကြိုးစားရှုမြင်လော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • ယောနသိရှိခဲ့ရသော ယေဟောဝါ၏ကရုဏာတော်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
က၉၇ ၈/၁၅ စာ. ၁၇-၂၂

ဆုံးခန်းနီးပြီဖြစ်ရာ “သမ္မာသတိရှိခြင်း”

“ခပ်သိမ်းသောအမှုအရာတို့သည် အဆုံးသို့ရောက်လုသည်ဖြစ်သောကြောင့် သမ္မာသတိရှိကြလော့။” —၁ ပေတရု ၄:၇။

၁။ “သမ္မာသတိရှိ” ခြင်းတွင် အဘယ်အရာပါဝင်သနည်း။

တမန်တော်ပေတရု၏ အထက်ပါစကားများသည် ခရစ်ယာန်များ အသက်ရှင်နေထိုင်ပုံအပေါ် အကျိုးများစွာသက်ရောက်သင့်သည်။ သို့ရာတွင် ပေတရုသည် စာရှုသူများအား သာမန်ဝတ္တရားများနှင့် အသက်တာ၏လိုအပ်ရာများကို စွန့်လွှတ်ရန် မမှာကြားပါ; နီးကပ်နေသော ပျက်စီးခြင်းဘေးကြောင့် စိတ်ချောက်ချားနေရန်လည်း အားမပေးပါ။ ယင်းအစား သူက ‘သမ္မာသတိရှိလော့’ ဟုတိုက်တွန်းခဲ့သည်။ “သမ္မာသတိရှိ” သည်ဟုဆိုရာတွင် ချင့်ချင့်ချိန်ချိန်ဆုံးဖြတ်နိုင်ခြင်း၊ ပညာသတိရှိခြင်း၊ ပါးနပ်လိမ္မာခြင်း၊ ဆင်ဆင်ခြင်ခြင်ပြုမူပြောဆိုတတ်ခြင်းတို့ ပါဝင်သည်။ ကျွန်ုပ်တို့၏ စဉ်းစားပြုမူပုံအပေါ် ဘုရားသခင့်နှုတ်ကပါဌ်တော်က ဩဇာလွှမ်းရန် ခွင့်ပြုခြင်းကိုဆိုလိုသည်။ (ရောမ ၁၂:၂) ကျွန်ုပ်တို့သည် “မဖြောင့်မမှန် ဖောက်ပြန်သောလူမျိုးအထဲ၌” အသက်ရှင်နေထိုင်ကြရသဖြင့် ပြဿနာများနှင့် အခက်အခဲများကိုရှောင်ကြဉ်နိုင်ရန် သမ္မာသတိရှိဖို့လိုပါသည်။—ဖိလိပ္ပိ ၂:၁၅။

၂။ ယေဟောဝါ၏သည်းခံတော်မူခြင်းသည် ယနေ့ ခရစ်ယာန်များအတွက် အဘယ်အကျိုးရှိသနည်း။

၂ “သမ္မာသတိရှိ” ခြင်းဖြင့်လည်း မိမိကိုယ်ကို အရှိအတိုင်းရိုးသားမှန်ကန်စွာ ကြည့်မြင်တတ်ရန် အထောက်အကူရသည်။ (တိတု ၂:၁၂; ရောမ ၁၂:၃) ၂ ပေတရု ၃:၉ တွင်မှတ်တမ်းတင်ထားသည့်စကားများကိုထောက်ရှု၍ ယင်းသို့ပြုရန် အရေးကြီးသည်– “လူအချို့တို့သည်၊ နှေးခြင်းကိုမှတ်သည်အတိုင်း၊ ထာဝရဘုရားသည် ကတိတော်အရာမှာ နှေးတော်မမူ။ ငါတို့တွင် အဘယ်သူမျှမပျက်စီးဘဲ၊ ရှိသမျှတို့သည် နောင်တရစေခြင်းငှာ အလိုတော်ရှိ၍၊ ငါတို့ကိုသည်းခံတော်မူ၏။” ယေဟောဝါသည် မယုံကြည်သူများကိုသာမက ခရစ်ယာန်အသင်းသားများဖြစ်သော ‘သင်တို့’ ကိုလည်းသည်းခံနေတော်မူသည်ကို သတိပြုပါ။ အဘယ်ကြောင့်နည်း။ အကြောင်းမူကား ‘အဘယ်သူကိုမျှ မပျက်စီးစေလိုတော်’ မူသောကြောင့်ဖြစ်သည်။ အချို့သူတို့သည် ထာဝရအသက်ဆုကျေးဇူးအတွက် အရည်အချင်းပြည့်မီသူများဖြစ်ဖို့ ပြုပြင်ပြောင်းလဲစရာများ လိုကောင်းလိုနေပေမည်။ ထို့ကြောင့် ပြုပြင်စရာ အနည်းငယ်လိုကောင်းလိုမည့် နေရာအချို့ကို သုံးသပ်ကြည့်ကြစို့။

အချင်းချင်းဆက်ဆံရေးတွင် “သမ္မာသတိရှိ” ခြင်း

၃။ မိမိတို့၏သားသမီးများနှင့်ပတ်သက်၍ မိဘများသည် အဘယ်မေးခွန်းများ မေးသင့်သနည်း။

၃ မိမိ၏နေအိမ်သည် စံရိပ်ငြိမ်ဖြစ်သင့်သည်။ သို့သော် အချို့အိမ်တွင် “တစ်အိမ်လုံးပြည့် . . . ရန်တွေ့သောစိတ်” ရှိတတ်သည်။ (သု. ၁၇:၁) သင့်မိသားစုကော အသို့နည်း။ သင့်အိမ်တွင် “အမျက်ထွက်ခြင်း၊ အော်ဟစ်ငေါက်ငေါ်ခြင်း၊ သူ့အသရေပျက်အောင်ပြောဆိုခြင်းတို့” ကင်းပါသလော။ (ဧဖက် ၄:၃၁) သင့်သားသမီးများကော။ နှစ်သက်မြတ်နိုးခံရသည်ဟု သူတို့ခံစားနေကြရပါသလော။ (လုကာ ၃:၂၂ နှိုင်းယှဉ်။) အချိန်ယူပြီး သူတို့ကို လေ့ကျင့်သွန်သင်ပေးနေပါသလော။ အမျက်ဒေါသနှင့်မဟုတ်ဘဲ ‘ဖြောင့်မတ်စွာပဲ့ပြင်’ ပေးပါသလော။ (၂ တိမောသေ ၃:၁၇) သားသမီးတို့သည် “ထာဝရဘုရားဆုချ၍ ပေးသနားတော်မူသော အမွေဥစ္စာဖြစ်ကြ” သောကြောင့် သူတို့ မည်သို့ဆက်ဆံခံရကြသည်ကို ကိုယ်တော်အလွန်စိတ်ဝင်စားတော်မူသည်။—ဆာလံ ၁၂၇:၃။

၄။ (က) လင်ယောက်ျားသည် သူ၏ဇနီးနှင့် ခက်ထန်စွာဆက်ဆံမည်ဆိုလျှင် မည်သို့ဖြစ်နိုင်သနည်း။ (ခ) ဇနီးသည်များသည် မည်သို့အားဖြင့် ဘုရားသခင်နှင့် ငြိမ်သက်ခြင်းရှိပြီး အိမ်ထောင်သာယာရေးကို ထောက်မပြုစုပေးနိုင်မည်နည်း။

၄ ကျွန်ုပ်တို့၏အိမ်ထောင်ဖက်ကော အသို့နည်း။ “ယောက်ျားတို့သည် မိမိကိုယ်ကိုချစ်သကဲ့သို့ မိမိခင်ပွန်းတို့ကိုချစ်ရကြမည်။ ခင်ပွန်းကိုချစ်သောသူသည် ကိုယ်ကိုချစ်သောသူဖြစ်၏။ ကိုယ်အသားကိုမုန်းသောသူ တစ်ယောက်မျှမရှိ။ ခရစ်တော်သည် အသင်းတော်ကို ကျွေးမွေးပြုစုတော်မူသကဲ့သို့၊ ခပ်သိမ်းသောသူတို့သည် မိမိအသားကို ကျွေးမွေးပြုစုတတ်ကြ၏။” (ဧဖက် ၅:၂၈၊ ၂၉) ဆဲရေးတိုင်းထွာ၊ အနိုင်ကျင့်ပြီး အကျိုးသင့်အကြောင်းသင့် မစဉ်းစားမပြုမူတတ်သူ၏ အိမ်ထောင်တွင် ငြိမ်သက်မှုရှိမည်မဟုတ်သည်သာမက ဘုရားသခင်နှင့်သူ၏ဆက်ဆံရေးသည်လည်း ပျက်ပြားနေပေလိမ့်မည်။ (၁ ပေတရု ၃:၇) ဇနီးသည်မိန်းမများကော အသို့နည်း။ သူတို့သည်လည်း “သခင်ဘုရား၏အုပ်စိုးတော်မူခြင်းကို ဝန်ခံသကဲ့သို့၊ ကိုယ်ခင်ပွန်း၏အုပ်စိုးခြင်းကို ဝန်ခံကြ” ရမည်။ (ဧဖက် ၅:၂၂) ဘုရားသခင်၏အလိုတော်နှင့်တွေ့ဖို့ စဉ်းစားနေခြင်းကား ဇနီးသည်အား သူမခင်ပွန်း၏အားနည်းချက်များကို လျစ်လျူရှုရန် အထောက်အကူပြုနိုင်ပြီး နာကြည်းစိတ်ကင်းမဲ့စွာ သူ၏လက်အောက်ခံဖြစ်စေနိုင်မည်။ တစ်ခါတစ်ရံ ဇနီးသည်သည် စိတ်ထဲရှိရာကို မပြောမဖြစ်သည့်အခါများရှိပေမည်။ အရည်အချင်းပြည့်သောဇနီးသည်သည် ‘ပညာစကားကိုပြောတတ်၍ ကရုဏာတရားသည် သူမ၏လျှာတွင်တည်၏’ ဟုနယပုံပြင် ၃၁:၂၆ (ကဘ) ကဆိုသည်။ သူမသည် လင်ယောက်ျားကို လေးစားစွာ၊ ကြင်နာစွာဆက်ဆံခြင်းအားဖြင့် ဘုရားသခင်နှင့် ငြိမ်သက်ခြင်းရှိပြီး အိမ်ထောင်သာယာရေးကိုလည်း ထောက်မပြုစုပေးရာရောက်ပါလိမ့်မည်။—သု. ၁၄:၁။

၅။ လူငယ်များသည် မိဘများနှင့်ဆက်ဆံခြင်းကိစ္စတွင် သမ္မာကျမ်းစာ၏ဆုံးမစကားကို အဘယ်ကြောင့်လိုက်နာသင့်သနည်း။

၅ အသင်လူငယ်များ သင့်မိဘများနှင့် သင်မည်သို့ဆက်ဆံသနည်း။ လောကကခွင့်ပြုထားသည့် မခန့်လေးစား ငေါ့တော့တော့ အပြောအဆိုမျိုးကို သင်အသုံးပြုပါသလော။ သို့မဟုတ် “သားသမီးတို့၊ သခင်ဘုရား၏အလိုတော်နှင့်အညီ မိဘစကားကိုနားထောင်ကြလော့။ မိဘစကားကိုနားထောင်ခြင်းအမှုသည် တရားသောအမှုဖြစ်၏။ ‘မိဘကိုရိုသေစွာပြုလော့။’ ဤပညတ်တော်ကား၊ ‘သင်သည် ပြည်တော်၌ကောင်းစား၍ အသက်တာရှည်မည်အကြောင်း’ ဟူ၍ကတိတော်နှင့်ဆိုင်သော ပထမပညတ်ဖြစ်၏” ဟူသောကျမ်းစာ၏မိန့်မှာချက်ကို သင်နာခံနေပါသလော။—ဧဖက် ၆:၁-၃။

၆။ ဝတ်ပြုသူချင်းတို့နှင့် မည်သို့အသင့်အတင့်ရှိနိုင်မည်နည်း။

၆ ဝတ်ပြုသူချင်းတို့နှင့် “အသင့်အတင့်နေခြင်းကိုရှာ၍ မီအောင်လိုက်” ခြင်းအားဖြင့်လည်း “. . . သတိရှိ” ကြောင်းတင်ပြရာရောက်ပါသည်။ (၁ ပေတရု ၃:၁၁) စိတ်သဘောကွဲလွဲမှုများ၊ အထင်လွဲမှားမှုများ တစ်ခါတစ်ရံဖြစ်ပေါ်တတ်သည်။ (ယာကုပ် ၃:၂) အချင်းချင်းအမုန်းပွားနေကြမည်ဆိုလျှင် အသင်းတော်တစ်ခုလုံး၏ငြိမ်သက်မှုသည် စိုးရိမ်စရာရှိနိုင်၏။ (ဂလာတိ ၅:၁၅) ထို့ကြောင့် အငြင်းပွားမှုများကို အမြန်ပြေလည်စေပါ; စိတ်ပြေ၍သင့်တင့်ဖို့ရန် ကြိုးစားပါ။—မဿဲ ၅:၂၃-၂၅; ဧဖက် ၄:၂၆; ကောလောသဲ ၃:၁၃၊ ၁၄။

“သမ္မာသတိရှိ” ခြင်းနှင့်မိသားစုတာဝန်များ

၇။ (က) သာမန်ကိစ္စများတွင် “သမ္မာသတိရှိ” ကြောင်း မည်သို့တင်ပြရန် ပေါလုအားပေးသနည်း။ (ခ) အိမ်တွင်းရေးတာဝန်များအပေါ် ခရစ်ယာန်ယောက်ျားမိန်းမများသည် အဘယ်သဘောထားရှိသင့်သနည်း။

၇ တမန်တော်ပေါလုသည် “သမ္မာသတိရှိခြင်း . . . ဖြင့်နေထိုင်ရန်” ခရစ်ယာန်များကို အကြံပေးသည်။ (တိတု ၂:၁၂၊ ကဘ) စကားစပ်တွင် ပေါလုက မိန်းမများသည် “ကိုယ်ခင်ပွန်းကိုချစ်သောသူ၊ သားသမီးကိုချစ်သောသူ၊ ဣန္ဒြေစောင့် [“သမ္မာသတိရှိ၊” ကဘ] သောသူ၊ စင်ကြယ်သောသူ၊ မိမိအိမ်ကိုပြုစုသောသူ” ဖြစ်ရမည်ဟု မှာကြားထားခြင်းသည် စိတ်ဝင်စားစရာပင်ဖြစ်သည်။ (တိတု ၂:၄၊ ၅) ဂျူးအစီအစဉ်စနစ်မကုန်မီ နှစ်အနည်းငယ်ကဖြစ်သည့် စီ.အီး. ၆၁-၆၄ အတွင်း ယင်းကိုပေါလုရေးသားခဲ့သည်။ သို့တိုင် အိမ်အလုပ်အစရှိသည့် သာမန်ကိစ္စများသည် အရေးကြီးနေဆဲပင်ဖြစ်သည်။ ထို့ကြောင့် ယောက်ျားနှင့်မိန်းမများပါ “ဘုရားသခင်၏နှုတ်ကပါဌ်တရားတော်ကို ကဲ့ရဲ့ခြင်းနှင့်ကင်းလွတ်စိမ့်သောငှာ” အိမ်တွင်းရေးတာဝန်များအပေါ် ကျန်းခံ့သည့်အပြုသဘောထားကို ဆက်ထိန်းသိမ်းထားသင့်သည်။ အိမ်ထောင်ဦးစီးတစ်ဦးက သူ၏အိမ်ဖရိုဖရဲဖြစ်နေရခြင်းကို ခွင့်လွှတ်ပါဟု ဧည့်သည်တစ်ဦးအားတောင်းပန်ပြောဆိုခဲ့သည်။ “မိမိသည် ရှေ့ဆောင်နေခြင်းကြောင့်” ဤသို့ပရမ်းပတာဖြစ်နေသည်ဟု သူကရှင်းပြသည်။ ဘုရားသခင့်နိုင်ငံတော်အကျိုးအတွက် အနစ်နာခံခြင်းသည် ချီးမွမ်းစရာပင်ဖြစ်သည်။ သို့သော် ကျွန်ုပ်တို့၏မိသားစုအရေးကို မထိခိုက်စေရန် သတိပြုရသည်။

၈။ အိမ်ထောင်ဦးစီးများသည် မိသားစုလိုအပ်ရာများကို ဟန်ချက်ညီစွာ မည်သို့ပြုစုနိုင်မည်နည်း။

၈ မိမိအိမ်သူအိမ်သားတို့ကို မပြုစုသောသူသည် “ယုံကြည်ခြင်းတရားကိုငြင်းပယ်၏။ မယုံကြည်ဖူးသောသူထက် သာ၍ယုတ်မာ၏” ဟုဆိုလျက် မိမိတို့၏အိမ်ထောင်ကို ဦးစားပေးရမည်ဟု ဖခင်များကို သမ္မာကျမ်းစာက မှာကြားထားသည်။ (၁ တိမောသေ ၅:၈) ကမ္ဘာတစ်ဝန်းတွင် နေမှုထိုင်မှုစံနှုန်းများသည် တစ်နေရာနှင့်တစ်နေရာမတူပါ။ ပစ္စည်းဥစ္စာများကို တော်ရုံသင့်ရုံသာ စုဆောင်းသင့်သည်။ “ဆင်းရဲခြင်းနှင့် ငွေရတတ်ခြင်းကို ပေးတော်မမူပါနှင့်” ဟုနယပုံပြင် ၃၀:၈ ကိုရေးသားသူက ဆုတောင်း၍ပြောဆိုခဲ့သည်။ သို့ရာတွင် မိဘများသည် သားသမီးများ၏ ကာယရေးလိုအပ်ရာများကို လျစ်လျူမရှုသင့်ပါ။ ဥပမာ၊ သီအိုကရက်တစ်အခွင့်အရေးများကိုရရန်အလို့ငှာ အသက်ရှင်ရေးအတွက် အခြေခံလိုအပ်ရာများကို တမင်မပေးဘဲနေခြင်းသည် ပညာရှိပါမည်လော။ ယင်းသို့ပြုခြင်းက သားသမီးများကို စိတ်နာကြည်းစေမည်မဟုတ်ပေလော။ တစ်ဖက်မှကြည့်ပြန်လျှင် “ပြင်အရပ်မှာ သင်၏အလုပ်ကိုပြင်လော့။ လယ်တော၌ ကိုယ်အဖို့ပြင်ဆင်လော့။ နောက်မှ သင်၏နေရာအိမ်ကိုဆောက်လော့” ဟုနယပုံပြင် ၂၄:၂၇ ကဆိုသည်။ မှန်ပါ၏၊ ဥစ္စာအတွက် စိုးရိမ်သင့်သလောက် စိုးရိမ်ရမည်ဖြစ်သော်လည်း ဝိညာဉ်ရေးနှင့် စိတ်လှုပ်ရှားမှုဘက်တွင် ‘သင်၏အိမ်ထောင်ကို တည်ဆောက်ပေးခြင်း’ သည်အလွန်အရေးကြီးပါသည်။

၉။ အိမ်ထောင်ဦးစီးများသည် မိမိတို့သေဆုံးခဲ့မည်၊ ဖျားနာခဲ့မည်ရှိသော် ယင်းအတွက် စီစဉ်ထားခြင်းသည် အဘယ်ကြောင့်ပညာရှိရာကျသနည်း။

၉ သင်သည် အချိန်မတန်ဘဲ သေဆုံးခဲ့မည်ရှိသော် သင့်မိသားစုအတွက် ကြိုတင်အစီအစဉ်များပြုလုပ်ထားပြီးပြီလော။ “သူတော်ကောင်းသည် သားမြေးတို့အဖို့ အမွေဥစ္စာကိုချန်ထားတတ်၏” ဟုနယပုံပြင် ၁၃:၂၂ ကဆိုသည်။ ယေဟောဝါအားသိကျွမ်းခြင်းပညာအပြင် ကိုယ်တော်နှင့်ဆက်ဆံရေးရှိခြင်းအမွေကိုပေးရုံမက သားသမီးများအတွက် ရုပ်ပစ္စည်းပြုစုစီမံပေးခြင်းကိုပါ စိတ်ဝင်စားကြရမည်။ နိုင်ငံများစွာတွင် တာဝန်သိတတ်သောအိမ်ထောင်ဦးစီးများသည် စုဆောင်းမှုအချို့ပြုလုပ်ထား၏၊ သေတမ်းစာရေးထားပြီး အသက်အာမခံပြုလုပ်ထားတတ်ကြသည်။ စဉ်းစားကြည့်လျှင် ဘုရားသခင်၏လူများ၌လည်း “ကာလအချိန်စေ့ခြင်း၊ အဆင်သင့်ခြင်း [“ကြိုမမြင်နိုင်သောအဖြစ်၊” ကဘ] ရှိသည်အတိုင်းဖြစ်တတ်သည်။” (ဒေသနာ ၉:၁၁) “ငွေသည်လည်း ကွယ်ကာတတ်၏။” ထို့ကြောင့် ဂရုတစိုက်အစီအစဉ်ရေးဆွဲခြင်းက အခက်အခဲဒုက္ခကို လွှဲဖယ်စေနိုင်သည်။ (ဒေသနာ ၇:၁၂) ဆေးကုသမှုကို အစိုးရတာဝန်မယူသောနိုင်ငံများတွင် အချို့သူများသည် ကျန်းမာရေးလိုအပ်မှုအတွက်အသုံးပြုရန် ငွေစုထားလိုပေမည်။ သို့မဟုတ် ကျန်းမာရေး အာမခံတစ်မျိုးမျိုးကို လုပ်ထားလိုပေမည်။a

၁၀။ ခရစ်ယာန်မိဘများသည် သားသမီးတို့အတွက် မည်သို့ ‘ဥစ္စာဆည်းပူး’ နိုင်မည်နည်း။

၁၀ ကျမ်းစာက “သားသမီးတို့သည် မိဘအတွက် ဥစ္စာကိုဆည်းပူးရသည်မဟုတ်။ မိဘတို့သည် သားသမီးတို့အတွက်ဆည်းပူးရ၏” ဟူ၍လည်းဆိုသည်။ (၂ ကောရိန္သု ၁၂:၁၄) ကလေးများ၏ဘဝ အစကောင်းဖို့ရန် လောကသားမိဘများသည် သားသမီးတို့၏ အနာဂတ်ပညာရေးနှင့် အိမ်ထောင်စတင်ရေးတို့အတွက် ငွေစုဆောင်းပေးထားတတ်ကြ၏။ သင့်ကလေး၏ အနာဂတ်ဝိညာဉ်ရေးအတွက် စုဆောင်းပေးထားခြင်းကိုကော စဉ်းစားဖူးသလော။ ဥပမာ၊ လူကြီးဘဝရောက်နေသော သင့်ကလေးသည် အချိန်ပြည့်ဓမ္မအမှုဆောင်တစ်ဦးဖြစ်နေသည်ဆိုပါစို့။ အချိန်ပြည့်အမှုထမ်းများသည် မိမိတို့အား ဝေငှပေးကမ်းကြရန်တောင်းဆိုခြင်း သို့မဟုတ် မျှော်လင့်ခြင်း မရှိသင့်သည်မှာမှန်သော်လည်း ကရုဏာရှိသောမိဘများသည် အချိန်ပြည့်လုပ်ငန်းတွင် သူဆက်ပါဝင်နိုင်စေရန် အထောက်အကူပြုဖို့ “လိုအပ်သောအရာများကို ဝေငှပေးကမ်း” လိုပေမည်။—ရောမ ၁၂:၁၃၊ သမ္မာ; ၁ ဓမ္မရာဇဝင် ၂:၁၈၊ ၁၉; ဖိလိပ္ပိ ၄:၁၄-၁၈။

၁၁။ ငွေအပေါ် အမြင်မှန်ရှိခြင်းသည် ယုံကြည်ခြင်းကင်းမဲ့ရာကျသလော။ ရှင်းပြပါ။

၁၁ ငွေအပေါ် အမြင်မှန်ရှိခြင်းသည် စာတန်၏စနစ်ဆိုး ဆုံးခန်းတိုင်လုပြီဟု ယုံကြည်ခြင်းကင်းမဲ့ရာမကျပါ။ “လက်တွေ့ဉာဏ်ပညာ” နှင့် ချင့်ချင့်ချိန်ချိန်ဆုံးဖြတ်ပြုမူခြင်းမျှဖြစ်သည်။ (သု. ၂:၇၊ ကဘ; ၃:၂၁) “လောကီသားတို့သည် မိမိတို့အမှုကိုဆောင်ရွက်ရာတွင်၊ အလင်းသို့ရောက်သောသူတို့ထက် သာ၍လိမ္မာကြ၏” ဟုတစ်ခါက ယေရှုမိန့်တော်မူခဲ့သည်။ (လုကာ ၁၆:၈) ထို့ကြောင့် အချို့သူတို့သည် အိမ်ထောင်ဖူလုံရေးအတွက် မိမိတို့၏ပိုင်ဆိုင်ရာပစ္စည်းများအသုံးပြုပုံကို ပြုပြင်ပေးရန်လိုကြောင်း တွေ့ရှိခဲ့ကြခြင်းမှာ အံ့ဩစရာမဟုတ်ပါ။

ပညာရေးအပေါ် ကျွန်ုပ်တို့၏ရှုမြင်ပုံ၌ “သမ္မာသတိရှိခြင်း”

၁၂။ တပည့်တော်များသည် အခြေအနေအသစ်များတွင် ပြောင်းသာလွှဲသာရှိတတ်ကြရန် ယေရှု မည်သို့သွန်သင်ပေးတော်မူသနည်း။

၁၂ “ဤလောက၏အဆင်းသဏ္ဌာန်သည် ရွေ့သွားကွယ်ပျောက် [“ပြောင်းလဲ၊” ကဘ]” တတ်၍ နေရာအနှံ့အပြားတွင် စီးပွားရေးပြောင်းလဲမှုများနှင့် စက်မှုပညာထွန်းကားမှုများ အလျင်အမြန်တိုးပွားနေပါသည်။ (၁ ကောရိန္သု ၇:၃၁) သို့ရာတွင် ယေရှုက တပည့်တော်များကို ပြောင်းသာလွှဲသာရှိတတ်ကြရန် သွန်သင်ပေးတော်မူခဲ့သည်။ ပထမအကြိမ် ဟောပြောခြင်းလုပ်ဆောင်ရန်အတွက် သူတို့ကိုစေလွှတ်တော်မူချိန်တွင် ကိုယ်တော်က “ရွှေ၊ ငွေ၊ ကြေးတို့ကို ခါးပန်း၌မသိုမှီးကြနှင့်။ လမ်းခရီးဖို့ လွယ်အိတ်၊ အင်္ကျီနှစ်ထည်၊ ခြေနင်း၊ တောင်ဝှေးတို့ကို မသိုမှီးကြနှင့်။ အကြောင်းမူကား၊ လုပ်ဆောင်သောသူသည် ကျွေးမွေးခြင်းကိုခံထိုက်ပေ၏” ဟုမိန့်မှာတော်မူ၏။ (မဿဲ ၁၀:၉၊ ၁၀) သို့သော် နောက်တစ်ကြိမ်တွင် ယေရှုက “ယခုမူကား၊ ငွေအိတ်ရှိသောသူသည်ယူစေ။ လွယ်အိတ်ရှိသောသူသည် ယူစေ” ဟုမိန့်တော်မူပြန်သည်။ (လုကာ ၂၂:၃၆) အဘယ်ပြောင်းလဲမှုကြောင့်နည်း။ အခြေအနေများ မတူတော့ပေ။ ဘာသာရေးဝန်းကျင်က ရန်လိုမုန်းထားမှုများ ပိုမိုတိုးပွားလာနေပြီဖြစ်ရာ ယခုသူတို့လိုအပ်ရာကို သူတို့ဘာသာထောက်ပံ့ရန်လိုနေပါသည်။

၁၃။ ပညာပေးခြင်း၏ အဓိကရည်ရွယ်ချက်ကားအဘယ်နည်း။ ယင်းနှင့်ပတ်သက်၍ မိဘများသည် သူတို့၏သားသမီးများကို မည်သို့ထောက်ပံ့ကူညီပေးနိုင်မည်နည်း။

၁၃ ယနေ့လည်း မိဘများသည် မျက်မှောက်ခေတ်စီးပွားရေး အဖြစ်မှန်များကို ထည့်စဉ်းစားရန် လိုအပ်ပေမည်။ ဥပမာ၊ သင့်သားသမီးများသည် ကျောင်းပညာအလုံအလောက်ရှိမရှိ ကြပ်မတ်ပေးနေပါသလော။ ပညာသင်ပေးခြင်း၏ အဓိကရည်ရွယ်ချက်မှာ လူငယ်တစ်ဦးကို ယေဟောဝါ၏ ဓမ္မအမှုဆောင်ကောင်းတစ်ဦး ဖြစ်စေဖို့အတွက် ဖြစ်သင့်သည်။ အရေးတကာ့အရေးအကြီးဆုံးပညာရေးမှာ ဝိညာဉ်ရေးပညာဖြစ်သည်။ (ဟေရှာယ ၅၄:၁၃) မိမိတို့၏သားသမီးများသည် ငွေကြေးအရ ကိုယ်ကိုကိုယ်ထောက်ပံ့နိုင်သည့်စွမ်းရည်ရှိဖို့အတွက်လည်း မိဘများသတိပြုသင့်သည်။ ထို့ကြောင့် သင့်သားသမီးများကို လမ်းပြညွှန်ကြားပေးပါ၊ ကျောင်းတွင် သင့်တော်သောဘာသာရပ်များကိုရွေးချယ်ကြရန် ကူညီပေးပါ၊ ထပ်ဆင့်ပညာရပ်တစ်မျိုးမျိုးကို သင်ယူလေ့လာသင့်မသင့် သူတို့နှင့်ဆွေးနွေးပါ။ ယင်းသို့သောဆုံးဖြတ်ချက်များသည် မိသားစုတာဝန်ဖြစ်ပြီး သူတို့လိုက်လျှောက်သည့်လမ်းစဉ်ကို အခြားသူများက အပြစ်မဆိုသင့်ပါ။ (သု. ၂၂:၆) မိမိသားသမီးကို အိမ်တွင် ပညာသင်ပေးရန် ဆုံးဖြတ်ခဲ့ကြသူများကော အသို့နည်း။b အတော်များများ အောင်မြင်ခဲ့သည်မှန်သော်လည်း အချို့သူများက ထင်သည်ထက်ခဲယဉ်းကြောင်း တွေ့ရှိခဲ့ကြရာ သူတို့၏ကလေးများသည် နစ်နာဆုံးရှုံးခဲ့ကြပြီ။ ထို့ကြောင့် အိမ်တွင်း ကျောင်းပညာသင်ပေးရန် သင်စဉ်းစားနေမည်ဆိုလျှင် အသေအချာချင့်ချိန်တွက်ချက်ပါ၊ အဆုံးတိုင်အောင် သွန်သင်ပေးရန် သင့်မှာ လိုအပ်သောအရည်အချင်းများသော်လည်းကောင်း၊ မိမိကိုယ်ကိုကြပ်မတ်ပဲ့ပြင်မှုသော်လည်းကောင်း ရှိမရှိ အမှန်အတိုင်းအကဲဖြတ်ပါ။—လုကာ ၁၄:၂၈။

‘ကြီးစွာသောအရာတို့ကို မရှာနှင့်’

၁၄၊ ၁၅။ (က) ဗာရုတ်၏ဝိညာဉ်ရေးဟန်ချက် မည်သို့ပျက်သွားသနည်း။ (ခ) ‘ကြီးစွာသောအရာတို့ကိုရှာ’ ရန်သူကြိုးစားခဲ့ခြင်းက အဘယ်ကြောင့်မိုက်မဲရာကျသနည်း။

၁၄ ဤစနစ်၏အဆုံး မတိုင်သေးသဖြင့် အချို့သူများသည် လောကကမ်းလှမ်းသည့် ဂုဏ်တက်စရာလုပ်ငန်းကိုင်ငန်းများ၊ ဝင်ငွေကောင်းသောအလုပ်နှင့် စည်းစိမ်ချမ်းသာ ရှိကောင်းရှိလိုကြပေမည်။ ယေရမိ၏စာရေး ဗာရုတ်အကြောင်းကို စဉ်းစားကြည့်ပါ။ သူက “ထာဝရဘုရားသည် ငါဝမ်းနည်းစရာအကြောင်း တစ်ပါးပေါ်မှာတစ်ပါး ထပ်ဆင့်တော်မူသောကြောင့်၊ ငါသည် သက်သာမရ” ဟုငိုချင်းချခဲ့သည်။ (ယေရမိ ၄၅:၃) ဗာရုတ်သည် ပင်ပန်းနေသည်။ ယေရမိ၏စာရေးအဖြစ် အမှုထမ်းရခြင်းမှာ သူ့အတွက်အလွန်ခဲယဉ်းပြီး စိတ်ဖိစီးမှုလည်းဖြစ်နေသည်။ (ယေရမိ ၃၆:၁၄-၂၆) သူ့အတွက် ဆက်၍စိတ်ဖိစီးခံရဖို့အကြောင်းသာ ရှိနေသည်။ ယေရုရှလင်မြို့ မပျက်စီးမီ ၁၈ နှစ်အလိုကဖြစ်သည်။

၁၅ ဗာရုတ်ကို ယေဟောဝါက ဤသို့မိန့်တော်မူသည်– “ငါဆောက်သောအရာကို ငါဖြိုဖျက်မည်။ ငါစိုက်သောအရာတည်းဟူသော ဤပြည်ကို အကြွင်းမဲ့ငါနုတ်ပစ်မည်။ သင်သည် ကြီးစွာသောအရာတို့ကို ကိုယ်အဖို့ရှာသလော။ မရှာနှင့်။” ဗာရုတ်သည် ဟန်ချက်ပျက်သွားသည်။ စည်းစိမ်ရှိဖို့လည်းကောင်း၊ ထင်ပေါ်ကျော်ကြားဖို့လည်းကောင်း၊ ဖူဖူလုံလုံရှိဖို့လည်းကောင်း ‘ကြီးစွာသောအရာတို့ကို သူရှာကြံ’ နေသည်။ ယေဟောဝါသည် ‘ဤပြည်ကို အကြွင်းမဲ့ဖြိုဖျက်’ မည်ဖြစ်ရာ ယင်းတို့ကိုရှာဖွေနေခြင်းသည် အဓိပ္ပာယ်မရှိပါ။ ထို့ကြောင့် ယေဟောဝါသည် အလေးအနက်စဉ်းစားစရာ ဤသတိပေးချက်ကို ဗာရုတ်အား ပေးတော်မူခဲ့သည်– “ငါသည် ခပ်သိမ်းသောသတ္တဝါတို့အပေါ်သို့ ဘေးရောက်စေမည်။ . . . သင်ရောက်လေရာရာအရပ်တို့၌၊ သင်၏အသက်ကို လက်ရဥစ္စာကဲ့သို့ သင့်အားငါပေးမည်။” ယေရုရှလင်မြို့ ပျက်စီးသည့်အခါ ပစ္စည်းဥစ္စာပိုင်ဆိုင်မှုများသည် ကျန်ကြွင်းမည်မဟုတ်ပါ! သူ၏ ‘အသက်ကိုသာ လက်ရဥစ္စာကဲ့သို့’ သူ့အားပေးမည်ဟု ယေဟောဝါအာမခံတော်မူသည်။—ယေရမိ ၄၅:၄၊ ၅။

၁၆။ ဗာရုတ်၏တွေ့ကြုံမှုမှ ယေဟောဝါ၏လူများသည် အဘယ်သင်ခန်းစာရနိုင်သနည်း။

၁၆ ဗာရုတ်သည် ယေဟောဝါ၏ပဲ့ပြင်မှုကို ခံယူခဲ့ရာ ယေဟောဝါကတိရှိတော်မူသည့်အတိုင်း သူအသက်ချမ်းသာရခဲ့သည်။ (ယေရမိ ၄၃:၆၊ ၇) ယနေ့ ယေဟောဝါ၏လူများအတွက် အလွန်ထိရောက်သောသင်ခန်းစာပါတကား! ဤအချိန်အခါတွင် ‘ကျွန်ုပ်တို့အတွက် ကြီးစွာသောအရာတို့ကိုရှာ’ နေရန်မဟုတ်ပါ။ အဘယ်ကြောင့်နည်း။ အကြောင်းမူကား “လောကနှင့်လောကီတပ်မက်ခြင်းသည် ရွေ့သွားကွယ်ပျောက်” တော့မည်ဖြစ်သည်။—၁ ယောဟန် ၂:၁၇။

ကျန်ကြွင်းသောအချိန်ကို အကောင်းဆုံးနည်းဖြင့်အသုံးပြုခြင်း

၁၇၊ ၁၈။ (က) နိနေဝေမြို့သားတို့သည် နောင်တယူကြသောအခါ ယောနမည်သို့တုံ့ပြန်ခဲ့သနည်း။ (ခ) ယေဟောဝါသည် ယောနကို အဘယ်သင်ခန်းစာပေးခဲ့သနည်း။

၁၇ သို့ဖြစ်လျှင် ကျန်ကြွင်းသောအချိန်ကို အဘယ်အကောင်းဆုံးနည်းဖြင့် အသုံးပြုမည်နည်း။ ပရောဖက်ယောန၏တွေ့ကြုံမှုမှ သင်ခန်းစာယူပါ။ သူသည် “ထ၍ နိနေဝေမြို့သို့သွား၏။ . . . အရက်လေးဆယ်လွန်သော်၊ နိနေဝေမြို့သည် ပျက်စီးခြင်းသို့ရောက်လိမ့်မည်ဟု ကြွေးကြော်လေ၏။” ယောနမထင်မမှတ်ဘဲ နိနေဝေမြို့သားတို့သည် သူ၏သတင်းကိုလက်ခံပြီး နောင်တယူကြသည်! သို့နှင့် ယေဟောဝါသည် ထိုမြို့ကိုမဖျက်ဆီးတော့ပါ။ ယောနမည်သို့တုံ့ပြန်သနည်း။ “အိုထာဝရဘုရား၊ အကျွန်ုပ်အသက်ကိုနုတ်ယူတော်မူပါ။ အကျွန်ုပ်အသက်ရှင်ခြင်းထက် သေခြင်းသည် သာ၍ကောင်းပါသည်ဟု တောင်းလျှောက်လေ၏။”—ယောန ၃:၃၊ ၄; ၄:၃။

၁၈ ထိုအခါ ယေဟောဝါသည် ယောနကို အရေးကြီးသောသင်ခန်းစာတစ်ခု သင်ပေးတော်မူခဲ့သည်။ ကိုယ်တော်သည် “ကြက်ဆူပင်ကိုပြင်ဆင်ပြီးလျှင်၊ ယောန၏စိတ်ကိုပြေစေခြင်းငှာ သူ့ခေါင်းပေါ်မှာလွှမ်းမိုးစေတော်မူ၏။ ထိုအပင်ကြောင့် ယောနသည် အလွန်အားရဝမ်းမြောက်၏။” သို့သော် ထိုအပင်သည် အချိန်တိုကလေးအတွင်း သေသွားသောကြောင့် ယောနသည် တစ်ခဏသာ စိတ်ရွှင်လန်းရ၏။ အရိပ်မရတော့သဖြင့် သူ “အမျက်ထွက်” လေသည်။ ထိုအခါ ယေဟောဝါက “သင်သည် . . . ကြက်ဆူပင်ကို နှမြောသည်တကား။ ငါသည် များစွာသောတိရစ္ဆာန်တို့ကိုမဆို၊ ကိုယ်လက်ယာလက်နှင့်လက်ဝဲလက်ကိုမျှ ပိုင်းခြား၍မသိသောသူ တစ်သိန်းနှစ်သောင်းမက၊ လူများသောနိနေဝေမြို့ကြီးကို ငါနှမြောသင့်သည်မဟုတ်လောဟု မိန့်တော်မူ” ကာသူ့အားသဘောပေါက်နားလည်စေတော်မူခဲ့သည်။—ယောန ၄:၆၊ ၇၊ ၉-၁၁။

၁၉။ အဘယ်တစ်ကိုယ်ကောင်းဆန်သောအတွေးအခေါ်ကို ကျွန်ုပ်တို့ရှောင်လိုကြမည်နည်း။

၁၉ ယောန၏အတွေးအခေါ်သည် အလွန်တစ်ကိုယ်ကောင်းဆန်လှသည်တကား! အပင်တစ်ပင်ကို သူနှမြောနေ၏။ ဝိညာဉ်ရေးသဘောအရ ‘ကိုယ်လက်ယာလက်နှင့် လက်ဝဲလက်ကိုမျှ ပိုင်းခြား၍မသိသော နိနေဝေမြို့သားများအပေါ်မူကား သနားသောစိတ် တစိုးတစိမျှ သူ၌မရှိချေ။ ကျွန်ုပ်တို့လည်း ဤဆိုးသွမ်းသောလောက ပျက်စီးသွားဖို့ရန် တမ်းတနေမည်ဖြစ်ရာ ထိုသို့တမ်းတထိုက်ပေ၏! (၂ သက်သာလောနိတ် ၁:၈) သို့ရာတွင် ထိုသို့ဖြစ်ပျက်မည့်အချိန်ကို ကျွန်ုပ်တို့စောင့်ဆိုင်းနေစဉ် ဝိညာဉ်ရေးသဘောအရ ‘ကိုယ်လက်ယာလက်နှင့် လက်ဝဲလက်ကိုမျှ ပိုင်းခြား၍မသိသော’ စိတ်နှလုံးရိုးဖြောင့်သူများအား ကူညီပေးရန်တာဝန်ရှိသည်။ (မဿဲ ၉:၃၆; ရောမ ၁၀:၁၃-၁၅) လူများနိုင်သမျှ များစွာတို့အား ယေဟောဝါ၏တန်ဖိုးဖြတ်မရသော အသိပညာရရှိစေရန် ကျန်ကြွင်းသောအချိန်တိုကလေးကို အသင်အသုံးပြုမည်လော။ တစ်ဦးတစ်ယောက်အား အသက်ရရန် ကူညီပေးခြင်းပျော်ရွှင်မှုနှင့် အဘယ်လုပ်ငန်းကို နှိုင်းယှဉ်နိုင်မည်နည်း။

“သမ္မာသတိရှိ” စွာဆက်လက်အသက်ရှင်ခြင်း

၂၀၊ ၂၁။ (က) “သမ္မာသတိရှိ” ကြောင်း လာမည့်နေ့ရက်များတွင် ကျွန်ုပ်တို့အဘယ်နည်းများဖြင့်တင်ပြနိုင်မည်နည်း။ (ခ) “သမ္မာသတိရှိ” စွာအသက်ရှင်နေထိုင်ခြင်းဖြင့် အဘယ်ကောင်းချီးများခံစားရမည်နည်း။

၂၀ စာတန်၏စနစ်သည် ဖျက်ဆီးခံရခြင်းသို့ ဆက်ကျဆင်းနေစဉ် စိန်ခေါ်ချက်အသစ်များကို ကျွန်ုပ်တို့အမှန်ရင်ဆိုင်နေကြရမည်။ တိမောသေဒုတိယစောင် ၃:၁၃ က “ဆိုးညစ်သောသူ၊ လှည့်ဖြားသောသူတို့မူကား၊ . . . ဆိုးညစ်ခြင်း၌ တရွေ့ရွေ့တိုးပွားကြလိမ့်မည်” ဟုကြိုတင်ဟောထားသည်။ သို့သော် “အားလျော့စိတ်ပျက်ခြင်း” မရှိပါနှင့်။ (ဟေဗြဲ ၁၂:၃) ခွန်အားရှိရန် ယေဟောဝါအား မှီခိုနေပါ။ (ဖိလိပ္ပိ ၄:၁၃) ရှေးကာလကိုတမ်းတနေမည့်အစား တရွေ့ရွေ့ဆိုးညစ်နေသောအခြေအနေတွင် အလိုက်သင့်နေထိုင်တတ်ရန် ပြောင်းသာလွှဲသာရှိပါ။ (ဒေသနာ ၇:၁၀) လက်တွေ့ကျဉာဏ်ပညာကိုအသုံးပြုပြီး “သစ္စာနှင့်သတိပညာရှိသောကျွန်” ၏လမ်းပြမှုကိုခံယူပါ။—မဿဲ ၂၄:၄၅-၄၇၊ သမ။

၂၁ အချိန်မည်မျှကျန်ကြွင်းသေးကြောင်း ကျွန်ုပ်တို့မသိကြပါ။ သို့တိုင် “ခပ်သိမ်းသောအမှုအရာတို့သည် အဆုံးသို့ရောက်လုသည်ဖြစ်” ကြောင်း ကျွန်ုပ်တို့ပြောဆိုနိုင်ပါသည်။ ထိုအဆုံးမတိုင်မချင်း အချင်းချင်းဆက်ဆံရေး၊ ကိုယ့်မိသားစုများကို ပြုစုပေးရေးနှင့် လောကနှင့်ဆိုင်သောတာဝန်စသည့်ကိစ္စတို့တွင် “သမ္မာသတိရှိ” စွာအသက်ရှင်နေထိုင်ကြပါစို့။ ဤသို့ပြုခြင်းအားဖြင့် ကျွန်ုပ်တို့အားလုံးသည် “အညစ်အကြေးနှင့်ကင်းစင်၍ အဘယ်အပြစ်မျှမပါဘဲ” ရှေ့တော်သို့ရောက်ကြလိမ့်မည်ဟု စိတ်ချနိုင်မည်တကား!—၂ ပေတရု ၃:၁၄။

[အောက်ခြေမှတ်ချက်များ]

a ဥပမာ၊ အမေရိကန်နိုင်ငံတွင် စရိတ်စကကြီးသော်လည်း လူအများသည် ကျန်းမာရေးအာမခံအတွက် ငွေသွင်းထားကြသည်။ မိသားစုတွင် ဆေးဝါးအာမခံရှိထားလျှင် ဆရာဝန်အချို့သည် သွေးအစားအခြားကုနည်းကို အလွယ်တကူအသုံးပြုလိုကြောင်း သက်သေခံမိသားစုအချို့ သတိပြုမိကြသည်။ ဆရာဝန်အများသည် အာမခံလီမိတက်များ၏အစီအစဉ် သို့မဟုတ် အစိုးရထောက်ပံ့သည့် ကျန်းမာရေးအာမခံအစီအစဉ်အတိုင်း ငွေပေးချေခြင်းကို လက်ခံကြ၏။

b အိမ်တွင်း ကျောင်းပညာသင်ယူမည်ဟု ဆုံးဖြတ်ခြင်းသည် ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြစ်သည်။ ၁၉၉၃၊ ဧပြီ ၈၊ နိုးလော့! (လိပ်) တွင်ပါသော “အိမ်တွင်း ကျောင်းပညာသင်ယူခြင်း—သင့်အတွက်လော” ဆောင်းပါးရှု။

ပြန်လည်စစ်ဆေးရန်အချက်များ

◻ အချင်းချင်းဆက်ဆံရေးတွင် “သမ္မာသတိရှိ” ခြင်းကိုမည်သို့တင်ပြနိုင်မည်နည်း။

◻ မိသားစုတာဝန်များကိုကျေပွန်ရာတွင် ဟန်ချက်ညီမှုကို မည်သို့တင်ပြနိုင်မည်နည်း။

◻ မိဘများသည် သားသမီးများ၏ပညာရေး၌ အဘယ်ကြောင့်စိတ်ဝင်စားရမည်နည်း။

◻ ဗာရုတ်နှင့်ယောနတို့မှ အဘယ်သင်ခန်းစာများရသနည်း။

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

လင်နှင့်မယားတို့သည် တစ်ဦးအပေါ်တစ်ဦး ဆက်ဆံရေးမကောင်းလျှင် ယေဟောဝါနှင့်သူတို့၏ဆက်ဆံရေးကို ပျက်ပြားစေသည်

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]

မိဘများသည် သူတို့သားသမီးများ၏ပညာရေးကို စိတ်ဝင်စားသင့်သည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ