တည်တံ့သောခင်မင်ရင်းနှီးမှုများကို သင်ခံစားနိုင်သည်
ခင်မင်ရင်းနှီးဖို့အတွက် အတားအဆီးများရှိသည်။ အမှန်မှာ ဤ ‘နောက်ဆုံးသောနေ့ရက်များ’ တွင် မေတ္တာတရား၊ ပကတိကြင်နာစုံမက်မှုနှင့် သစ္စာရှိမှုတို့ကင်းမဲ့မည်ဖြစ်ကြောင်း ကျမ်းစာက တင်ကူးပြောထားသည်။ (၂ တိမောသေ ၃:၁-၅; မဿဲ ၂၄:၁၂) ဤအခြေအနေများက သူတို့ကို မကြုံစဖူးသော အထီးကျန်ကပ်ဆိုက်စေပါသည်။ ပုဂ္ဂိုလ်တစ်ဦးက ဤသို့ဆိုခဲ့သည်– “ကျွန်မရဲ့အသိုင်းအဝိုင်းကတော့ နောဧသင်္ဘောလိုပါပဲ။ ရှင်ဟာ စုံတွဲမဟုတ်ရင်တော့ အပယ်ခံလိုပါပဲ။” ဖြစ်ပျက်သမျှကို တစ်သီးပုဂ္ဂလနေသူအပေါ် အပြစ်ပုံချ၍မဖြစ်နိုင်ပါ။ ကမ္ဘာ့ဒေသအချို့၌ တည်တံ့သောခင်မင်ရင်းနှီးမှုများရဖို့ခက်ခဲမှုများတွင် လူများမကြာခဏ ပြောင်းရွှေ့သွားခြင်း၊ မိသားစုများ ဖရိုဖရဲပြိုကွဲခြင်း၊ အေးတိအေးစက်နိုင်လာခြင်း၊ အန္တရာယ်များသောမြို့များနှင့် အားလပ်ချိန် သိသိသာသာလျော့နည်းလာခြင်းကဲ့သို့သောအရာများ ပါဝင်သည်။
ခေတ်သစ်မြို့ကြီးသားတစ်ဦး တစ်ပတ်အတွင်း တွေ့ဆုံကြုံကြိုက်မိသည့် လူအရေအတွက်သည် ၁၈ ရာစုက ကျေးတောသားတစ်ဦး တစ်နှစ်အတွင်း သို့မဟုတ် တစ်သက်တာအတွင်းတွင်ပင် တွေ့ကြုံရသည့်လူအရေအတွက်ထက် ပို၍များသည်တကား! သို့တိုင် ယနေ့အချိန်၌ ခင်မင်ရင်းနှီးမှုများသည် အပေါ်ယံမျှသာဖြစ်လေ့ရှိသည်။ လူအများသည် မိမိတို့ကိုယ်ကို အတောမသတ်ပေါင်းသင်းပျော်ပါးမှုများတွင် နှစ်မြှုပ်ထားကြသည်။ သို့သော် မကောင်းသော အပေါင်းအသင်းများနှင့်အတူ အဓိပ္ပာယ်မဲ့ပျော်ပွဲရွှင်ပွဲကျင်းပခြင်းသည် မီးဆိုက်ဖို့ ဆူးပင်များကို အသုံးပြုခြင်းနှယ်ဖြစ်သည်ဟု ကျွန်ုပ်တို့ဝန်ခံရပါမည်။ ဒေသနာ ၇:၅၊ ၆ တွင် ဤသို့ဆိုသည်– “လူမိုက်သီချင်းဆိုသောစကားကို နားထောင်သည်ထက်၊ ပညာရှိဆုံးမသောစကားကို နားထောင်သော်သာ၍ကောင်း၏။ အကြောင်းမူကား၊ မိုက်သောသူ၏ရယ်ခြင်းသည် အိုးအောက်၌ ဆူးပင်ကို လောင်သောအသံနှင့်တူ၏။ ထိုအမှုအရာသည်လည်း အနတ္တဖြစ်၏။” ဆူးပင်များသည် တစ်ခဏတာ တောက်ပစေပြီး မီးပေါက်သံများ ထွက်စေသော်လည်း ကျွန်ုပ်တို့အား အနွေးဓာတ်အလုံအလောက်မပေးပါ။ အလားတူစွာ ဆူဆူညံညံရယ်မောကြသော အပေါင်းအသင်းများက ကျွန်ုပ်တို့အား ခေတ္တအာရုံလွဲစေနိုင်သော်လည်း ယင်းတို့သည် အထီးကျန်မှုရှိရှိသမျှကို ဖယ်ရှားပေးမည်မဟုတ်သည့်အပြင် မိတ်ဆွေစစ်များလိုအပ်နေသည့် ကျွန်ုပ်တို့၏လိုအင်ကို ဖြည့်ဆည်းပေးမည်မဟုတ်ပါ။
တစ်ကိုယ်တည်းနေခြင်းသည် အထီးကျန်ခြင်းနှင့် ကွာခြားသည်။ ကျွန်ုပ်တို့သည် မိမိတို့ကိုယ်ကို အားသစ်လောင်းစေရန် ရံဖန်ရံခါ တစ်ကိုယ်တည်းနေဖို့လိုသည်၊ သို့မှသာ မိတ်ဆွေပို၍ပီသလာစေသည်။ အထီးကျန်သည်ဟုခံစားရသောအခါ လူအများသည် အီလက်ထရွန်နစ် ဖျော်ဖြေမှုတစ်မျိုးမျိုးဘက်သို့ ချက်ချင်း ခြေဦးလှည့်ကြသည်။ အထီးကျန်မှုကို အများဆုံးတန်ပြန်ဖြေသိမ့်သည့် နည်းများထဲမှတစ်ခုမှာ ရုပ်မြင်သံကြားကြည့်ခြင်းဖြစ်ကြောင်း လေ့လာမှုတစ်ခုတွင် တွေ့ရှိခဲ့သည်။ သို့သော် ရုပ်မြင်သံကြားကို အချိန်ကြာကြာကြည့်ခြင်းသည် ကျွန်ုပ်တို့တစ်ကိုယ်တည်းရှိနေသောအချိန်တွင် အဆိုးရွားဆုံးလုပ်မိနိုင်သည့် အရာများထဲမှ တစ်ခုဖြစ်ဟု သုတေသီများက ကောက်ချက်ချသည်။ ယင်းသည် ထီးတည်းနေလိုခြင်း၊ ငြီးငွေ့ခြင်း၊ စိတ်ကူးယဉ်ခြင်းတို့ကို တွန်းအားပေးလှုံ့ဆော်ရာ အခြားသူများနှင့် အပြန်အလှန် ပေါင်းသင်းဆက်ဆံရမည့်နေရာတွင် သိမ်ဖျင်းသောအရာကို အစားထိုးလိုက်စေသည်။
အမှန်မှာ၊ ကျွန်ုပ်တို့ထီးတည်းရှိသည့် အချိန်ကို တည်ဆောက်မှုရှိရှိအသုံးပြုပါက တစ်ကိုယ်တည်းနေခြင်းသည် အလွန်တန်ဖိုးရှိနိုင်သည်။ ကျွန်ုပ်တို့သည် စာဖတ်ခြင်း၊ စာရေးခြင်း၊ အသုံးအဆောင်များပြုလုပ်ခြင်း၊ အနားယူခြင်းအားဖြင့် ဤအချိန်ကို အသုံးပြုနိုင်သည်။ တည်ဆောက်မှုရှိသော တစ်ကိုယ်တည်းနေခြင်းတွင် ဘုရားသခင်ထံဆုတောင်းခြင်း၊ ကျမ်းစာလေ့လာခြင်းနှင့် ယင်းကို တွေးတောဆင်ခြင်ခြင်းတို့ပါဝင်သည်။ (ဆာလံ ၆၃:၆) ယင်းတို့သည် ကျွန်ုပ်၏အကြီးမြတ်ဆုံးမိတ်ဆွေဖြစ်မည့်ပုဂ္ဂိုလ်ဖြစ်သော ယေဟောဝါဘုရားသခင်နှင့် သာ၍နီးကပ်စေသည့်နည်းများဖြစ်သည်။
ကျမ်းစာပါ ခင်မင်ရင်းနှီးမှုပုံနမူနာများ
လူများစွာနှင့် ခင်မင်ရင်းနှီးခြင်းသည် ကောင်းသော်လည်း “ညီအစ်ကိုရင်းချာထက် ခင်တွယ်တတ်သောမိတ်ဆွေရှိသေး၏” ဟု ကျမ်းစာက ကျွန်ုပ်တို့ကိုသတိပေးထားသည်။ (သု. ၁၈:၂၄၊ သမ) ကျွန်ုပ်တို့အားလုံးသည် မိမိတို့ကို အမှန်တကယ်ဂရုစိုက်ပြီး သူတို့၏ခင်မင်ရင်းနှီးမှုက ကျွန်ုပ်တို့ကို ရွှင်လန်းမှု၊ ခွန်အားနှင့် ငြိမ်သက်မှုဖြစ်စေသည့် ရင်းနှီးသောမိတ်ဆွေအချို့လိုအပ်သည်။ ယနေ့အချိန်၌ အဆိုပါစစ်မှန်သောခင်မင်ရင်းနှီးမှုမျိုး ရှားပါးကောင်းရှားပါးနေသော်လည်း ရှေးခေတ်ကပုံနမူနာတချို့ကို ကျမ်းစာတွင် အထူးမှတ်တမ်းတင်ထားသည်။ ဥပမာ၊ ဒါဝိဒ်နှင့် ယောနသန်တို့ကြားတွင် ထူးခြားထင်ရှားသော ခင်မင်ရင်းနှီးမှုရှိသည်။ ယင်းမှ ကျွန်ုပ်တို့ အဘယ်အရာကို သင်ယူနိုင်သနည်း။ သူတို့၏ခင်မင်ရင်းနှီးမှုသည် အဘယ့်ကြောင့် တည်မြဲရသနည်း။
တစ်ခုအနေနှင့်၊ ဒါဝိဒ်နှင့်ယောနသန်တို့သည် အရေးပါသောအရာကို စိတ်ဝင်စားခြင်း၌ တူညီကြသည်။ အရေးကြီးဆုံးကား၊ သူတို့သည် ယေဟောဝါဘုရားသခင်ထံ စွဲမြဲစွာဆည်းကပ်ဝတ်ပြုထားကြသည်။ ဘုရားသခင်အပေါ် ဒါဝိဒ်၏ယုံကြည်ခြင်းနှင့် ယေဟောဝါ၏လူမျိုးတော်ဘက်မှ ခုခံတိုက်ခိုက်ပေးသည့် သူ၏အပြုအမူတို့ကို သတိပြုမိသည့်အချိန်တွင် “ယောနသန်စိတ်နှလုံးသည် ဒါဝိဒ်စိတ်နှလုံးနှင့်စွဲကပ်လျက်ရှိ၍ ဒါဝိဒ်ကို ကိုယ်နှင့်အမျှချစ်လေ၏။” (၁ ဓမ္မရာဇဝင် ၁၈:၁) သို့နှင့် ဘုရားသခင်ကို နှစ်ဦးစလုံးချစ်ခြင်းက တစ်ဦးကိုတစ်ဦး မိတ်ဆွေများအဖြစ် သံယောဇဉ်တွယ်စေရန် အကူအညီဖြစ်သည်။
ယောနသန်နှင့် ဒါဝိဒ်တို့သည် ဘုရားရေးရာမူများအတိုင်းနေထိုင်သည့် တည်ကြည်သူများဖြစ်ကြသည်။ ထို့ကြောင့်ပင် သူတို့သည် တစ်ဦးကိုတစ်ဦး လေးစားနိုင်ကြသည်။ (၁ ဓမ္မရာဇဝင် ၁၉:၁-၇; ၂၀:၉-၁၄; ၂၄:၆) ကျွန်ုပ်တို့တွင် ကျမ်းစာမူများစိုးမိုးနေသည့် ဘုရားတရားကြည်ညိုသောမိတ်ဆွေများရှိထားလျှင် အမှန်ပင်စိတ်ချမ်းမြေ့ကြသည်။
အခြားအကြောင်းများက ဒါဝိဒ်နှင့်ယောနသန်တို့ကို ခင်မင်ရင်းနှီးမှုရှိစေခဲ့သည်။ သူတို့၏ဆက်ဆံရေးသည် ရိုးသားပွင့်လင်းပြီး တစ်ဦးကိုတစ်ဦး ယုံကြည်စိတ်ချသည်။ ယောနသန်သည် မိမိ၏အရေးထက် ဒါဝိဒ်၏စိတ်ဝင်စားရာများကို သစ္စာရှိရှိဦးစားပေးသည်။ ဒါဝိဒ်သည် ဘုရင်အရာကိုရမည်ဟု ကတိတော်ရှိထားခြင်းကြောင့် မနာလိုမဖြစ်ခဲ့ပါ; ယင်းသို့ဖြစ်မည့်အစား ယောနသန်သည် သူ့ကို စိတ်ပိုင်းအရကော၊ ဝိညာဉ်ရေးအရပါ ထောက်မပေးခဲ့သည်။ ဒါဝိဒ်က သူ၏အကူအညီကို လက်ခံခဲ့သည်။ (၁ ဓမ္မရာဇဝင် ၂၃:၁၆-၁၈) ကျမ်းစာအတိုင်း သင့်လျော်သည့်နည်းများဖြင့် ဒါဝိဒ်နှင့်ယောနသန်တို့သည် မိမိတို့၏ခံစားချက်များကို တစ်ဦးကိုတစ်ဦး ရင်ဖွင့်ကြသည်။ သူတို့၏ဘုရားရေးရာခင်မင်ရင်းနှီးမှုသည် မှန်ကန်သော တန်ဖိုးထားလေးမြတ်မှုနှင့် တွယ်တာမှုတို့အပေါ်တွင် အခြေပြုသည်။ (၁ ဓမ္မရာဇဝင် ၂၀:၄၁; ၂ ဓမ္မရာဇဝင် ၁:၂၆) ဤအမျိုးသားနှစ်ဦးစလုံးသည် ဘုရားသခင်ကို ဆက်၍သစ္စာရှိကြသောကြောင့် ခင်မင်ရင်းနှီးမှုမပျက်သွားခဲ့ပါ။ ဤကဲ့သို့သောမူများကို လက်တွေ့ကျင့်သုံးခြင်းက ကျွန်ုပ်တို့အား တည်ဆောက်မှုဖြစ်စေရန်နှင့် စစ်မှန်သောခင်မင်ရင်းနှီးမှုကို ဆက်ထိန်းပေးရန် ထောက်ကူနိုင်သည်။
ခင်မင်ရင်းနှီးမှုကို မွေးမြူနိုင်ပုံ
သင်သည် မိတ်ဆွေစစ်များကို ရှာနေသလော။ ဝေးဝေးရှာစရာ လိုချင်မှလိုမည်။ သင်မှန်မှန်ပေါင်းသင်းထိတွေ့နေသူများမှ တချို့သည် သင့်မိတ်ဆွေများဖြစ်နိုင်ပြီး သူတို့သည် သင်၏ခင်မင်ရင်းနှီးမှု လိုအပ်ပေမည်။ ခရစ်ယာန်ချင်းတို့နှင့် အထူးသဖြင့်သက်ဆိုင်သည်ဖြစ်ရာ “ကျယ်ဝန်းသောစိတ်ရှိကြလော့” ဟူသည့် တမန်တော်ပေါလု၏ အကြံပေးစကားကို လက်တွေ့ကျင့်သုံးခြင်းသည် ပညာရှိရာရောက်သည်။ (၂ ကောရိန္သု ၆:၁၁-၁၃) သို့သော် မိတ်ဆွေဖွဲ့ဖို့ အပြင်းအထန်ကြိုးစားမှုတိုင်းသည် နက်ရှိုင်းသောသံယောဇဉ်ဖြစ်မလာလျှင် စိတ်မပျက်ပါနှင့်။ ခင်မင်ရင်းနှီးမှုတိုးပွားလာရန် အချိန်ယူရလေ့ရှိသည့်အပြင် ခင်မင်ရင်းနှီးမှုတိုင်း နက်ရှိုင်းမှုတူညီမည်မဟုတ်ပါ။ (ဒေသနာ ၁၁:၁၊ ၂၊ ၆) အမှန်မှာ စစ်မှန်သောခင်မင်ရင်းနှီးမှုကို ရရှိရန် ကျွန်ုပ်တို့ဘက်မှ တစ်ကိုယ်ကောင်းမဆန်ရပါ၊ ထို့အပြင် ယေရှု၏ဤသြဝါဒကို လိုက်လျှောက်ဖို့လိုသည်– “သင်တို့သည် ကိုယ်၌သူတစ်ပါးပြုစေလိုသမျှအတိုင်း သူတစ်ပါး၌ပြုကြလော့။”—မဿဲ ၇:၁၂။
မည်သူများသည် သင်၏ခင်မင်ရင်းနှီးမှုကို လိုအပ်ပါသနည်း။ သင့်ရွယ်တူတန်းများအပြင် သင့်ထက်ငယ်ရွယ်သူ သို့မဟုတ် အသက်ကြီးသူများနှင့်ပတ်သက်၍ကော မည်သို့နည်း။ ဒါဝိဒ်နှင့် ယောနသန်၊ ရုသနှင့်နောမိ၊ ပေါလုနှင့်တိမောသေတို့၏ ခင်မင်ရင်းနှီးမှုအားလုံးတွင် အသက်အရွယ်အမျိုးမျိုးပါဝင်သည်။ (ရုသ ၁:၁၆၊ ၁၇; ၁ ကောရိန္သု ၄:၁၇) သင်၏ခင်မင်ရင်းနှီးမှုကို မုဆိုးမများနှင့် အိမ်ထောင်သည်မဟုတ်သော အခြားသူများအား တိုးချဲ့ပေးနိုင်သလော။ သင့်ဒေသရှိ လူသစ်များနှင့်ပတ်သက်၍လည်း စဉ်းစားကြည့်ပါ။ သူတို့သည် ပြောင်းရွှေ့ခြင်းကြောင့်ဖြစ်စေ၊ သူတို့၏ဘဝအခြေအနေပြောင်းလဲသွားခြင်းကြောင့်ဖြစ်စေ၊ သူတို့၏ မိတ်ဆွေအများစု သို့မဟုတ် အားလုံး ဆုံးရှုံးသွားပေမည်။ အခြားသူများက သင့်ကို လိုက်ရှာဖို့အတွက် စောင့်မနေပါနှင့်။ သင်သည် ခရစ်ယာန်တစ်ယောက်ဖြစ်လျှင် ပေါလု၏ဤသြဝါဒကို လက်တွေ့ကျင့်သုံးခြင်းဖြင့် တည်တံ့သောခင်မင်ရင်းနှီးမှုကို ဖန်တီးပါလေ– “သင်တို့သည် တစ်ဦးကိုတစ်ဦး ညီအစ်ကိုရင်းချာကဲ့သို့ ချစ်ကြလော့။ တစ်ဦးကိုတစ်ဦး ချီးမွမ်းရန် လျင်မြန်စေ။”—ရောမ ၁၂:၁၀၊ သတင်းကောင်း။
ခင်မင်ရင်းနှီးမှုကို ပေးကမ်းမှုပုံစံအနေဖြင့် သင်စဉ်းစားကြည့်နိုင်သည်။ ကျွန်ုပ်တို့သည် ပေးကမ်းသည့်အကျင့်ရှိနေပါက လူများသည် ကျွန်ုပ်တို့ကို ပြန်ပေးမည်ဖြစ်ကြောင်း ယေရှုမိန့်တော်မူခဲ့သည်။ ကိုယ်တော်က ခံယူခြင်းထက် ပေးကမ်းခြင်းက သာ၍ပျော်ရွှင်ကြောင်းကိုလည်း ထောက်ပြတော်မူခဲ့သည်။ (လုကာ ၆:၃၈; တမန်တော် ၂၀:၃၅) နောက်ခံချင်းမတူသည့် လူများနှင့် သင်တွေ့ဆုံကြုံကြိုက်ဖူးသလော။ ယဉ်ကျေးမှုအဖုံဖုံရှိသောသူတို့သည် ဘုရားသခင်ကို အတူတကွဝတ်ပြုကြသောအခါ စစ်မှန်ပြီး တည်တံ့သောခင်မင်ရင်းနှီးမှုရရှိနိုင်ကြောင်း ယေဟောဝါသက်သေများ၏ အပြည်ပြည်ဆိုင်ရာစည်းဝေးကြီးများက ဖော်ပြခဲ့သည်။
ခင်မင်ရင်းနှီးမှုမပျက်ရလေအောင် ထိန်းသိမ်းခြင်း
ဝမ်းနည်းစရာကား မိတ်ဆွေအဖြစ်ယူမှတ်ထားသူများသည် တစ်ခါတစ်ရံ တစ်ဦးကိုတစ်ဦး ထိခိုက်နာကြည်းမှု ဖြစ်စေကြသည်။ ထိခိုက်နစ်နာစေသော အတင်းအဖျင်းပြောခြင်း၊ အတွင်းရေးကို ဖော်ကောင်လုပ်ခြင်း၊ ရိုသေလေးစားမှုကင်းမဲ့ခြင်း—ယင်းတို့သည် မိတ်ဆွေစစ်ပါဟု မိမိယူမှတ်ခဲ့သူတစ်ဦးထံမှ စလာလျှင် အလွန်ပင်ထိခိုက်နာကြည်းစရာဖြစ်သည်။ အဆိုပါအခြေအနေများတွင် ကျွန်ုပ်တို့ မည်သည့်အရာလုပ်ဆောင်နိုင်သနည်း။
ပုံသက်သေကောင်း ပြပါ။ မလိုအပ်သောထိခိုက်နာကြည်းစရာများကို မဖြစ်စေဖို့ လုပ်နိုင်သမျှလုပ်ပါ။ အချို့ဒေသများတွင် တစ်ဦးနှင့်တစ်ဦး၏အပြစ်အနာအဆာလေးများကို ဟာသလုပ်ခြင်းသည် မိတ်ဆွေဖြစ်သူများအတွက် ရေပန်းစားသည်။ သို့သော် ထိုးနှက်သောအသုံးအနှုန်း သို့မဟုတ် ထိုးနှက်သောကျီစယ်မှုတို့သည် “ကျီစားရုံသာပြုမည်” ဟုစိတ်ကူးထားလျှင်ပင် မိတ်ဆွေများအဖြစ် သာ၍ရင်းနှီးလာစေမည် မဟုတ်ပါ။—သု. ၂၆:၁၈၊ ၁၉။
ခင်မင်ရင်းနှီးမှု တည်မြဲစေရန် အပြင်းအထန်ကြိုးစားပါ။ မိတ်ဆွေဖြစ်သူများက တစ်ဦးကိုတစ်ဦး အလွန့်အလွန်မျှော်လင့်သောအခါတွင် နားလည်မှုလွဲမှားခြင်းများ တစ်ခါတစ်ရံပေါ်လာတတ်သည်။ နာမကျန်းဖြစ်နေသော သို့မဟုတ် ကြီးလေးသောပြဿနာများကြောင့် တွေဝေနေသော မိတ်ဆွေဖြစ်သူသည် ယခင်ကလောက်လှိုက်လှဲမှု မပြနိုင်ဘဲဖြစ်ကောင်းဖြစ်မည်။ သို့ဖြစ်သော် ဤသို့သောအချိန်အခါများတွင် နားလည်မှုရှိပြီး အကူအညီပေးရန် ကြိုးစားပါ။
ပြဿနာများကို မြန်မြန်ဆန်ဆန်နှင့် ကြင်ကြင်နာနာ ဖြေရှင်းပါ။ ဖြစ်နိုင်လျှင် ယင်းကို နှစ်ဦးချင်းလုပ်ဆောင်ပါ။ (မဿဲ ၅:၂၃၊ ၂၄; ၁၈:၁၅) သင်သည် ဆက်၍ဆက်ဆံရေးကောင်းရှိစေလိုကြောင်း သင့်မိတ်ဆွေကို အသေအချာသိရှိစေပါ။ စိတ်ရိုးမှန်သောမိတ်ဆွေများသည် တစ်ဦးကိုတစ်ဦး ခွင့်လွှတ်တတ်သည်။ (ကောလောသဲ ၃:၁၃) သင်သည် ညီအစ်ကိုရင်းချာတစ်ယောက်ထက် သာ၍စွဲကပ်သော မိတ်ဆွေမျိုးဖြစ်မည်လော။
ခင်မင်ရင်းနှီးမှုအကြောင်း ဖတ်ရှုခြင်းနှင့် စဉ်းစားခြင်းသည် အစမျှသာဖြစ်သည်။ အထီးကျန်သည်ဟု ကျွန်ုပ်တို့ခံစားနေရပါက သင့်လျော်သောလုပ်ဆောင်မှုကို ပြုလုပ်ပါလေ၊ သို့နှင့် ကျွန်ုပ်တို့သည် နှစ်ရှည်လများအထီးကျန်တော့မည်မဟုတ်ပါ။ ကျွန်ုပ်တို့ကိုယ်တိုင် အားထုတ်ပါက မိတ်ဆွေစစ်များကို မိတ်ဖွဲ့နိုင်ပါသည်။ သူတို့ထဲမှ အချို့သူများနှင့် ကျွန်ုပ်တို့အထူးတလည် သံယောဇဉ်တွယ်နေပေလိမ့်မည်။ သို့ရာတွင် အကြီးမြတ်ဆုံး မိတ်ဆွေဖြစ်သော ဘုရားသခင့်နေရာတွင် မည်သူကိုမျှ အစားမသွင်းနိုင်ပါ။ ယေဟောဝါတစ်ပါးတည်းသာလျှင် ကျွန်ုပ်တို့ကို လုံးလုံးလျားလျား သိကျွမ်း၊ နားလည်ပြီး ထောက်ပံ့နိုင်ပါသည်။ (ဆာလံ ၁၃၉:၁-၄၊ ၂၃၊ ၂၄) ထို့အပြင် ကိုယ်တော့်နှုတ်ကပါဌ်တော်က အနာဂတ်အတွက် အံ့ချီးဖွယ်မျှော်လင့်ချက်—ထာဝရမိတ်ဆွေစစ်များ ရရှိနိုင်မည့်ကမ္ဘာသစ်တစ်ခု—ကို ကမ်းလှမ်းထားပါသည်။—၂ ပေတရု ၃:၁၃။
[စာမျက်နှာ ၅ ပါ ရုပ်ပုံ]
ဒါဝိဒ်နှင့် ယောနသန်တို့သည် စစ်မှန်သောခင်မင်ရင်းနှီးမှုကို ခံစားခဲ့ကြရာ ကျွန်ုပ်တို့လည်း အလားတူရရှိနိုင်သည်