ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၉၈ ၉/၈ စာ. ၁၂-၁၄
  • ငွေရှာခြင်းသည်ဘာမှားသနည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ငွေရှာခြင်းသည်ဘာမှားသနည်း
  • နိုးလော့!—၁၉၉၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • “ရုပ်ပစ္စည်းပဓာနဝါဒဒီလှိုင်း”
  • “ငွေရတတ်ခြင်းငှာအလိုရှိ”
  • ‘ပျက်စီးခြင်း၌နစ်မွန်း’
  • မျှတမှုရှာခြင်း
  • ငွေဟာ မကောင်းမှု အမျိုးမျိုးရဲ့ ဇာစ်မြစ်လား
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ငွေနဲ့ပတ်သက်ပြီး မျှတတဲ့အမြင်
    နိုးလော့!—၂၀၁၅
  • ငွေကြေး
    နိုးလော့!—၂၀၁၄
  • ငွေနှင့်ပတ်သက်သည့် ပညာရှိအမြင်ကား အဘယ်နည်း
    နိုးလော့!—၂၀၀၇
နောက်ထပ် ကြည့်ပါ
နိုးလော့!—၁၉၉၈
န၉၈ ၉/၈ စာ. ၁၂-၁၄

လူငယ်များ အမေး . . .

ငွေရှာခြင်းသည်ဘာမှားသနည်း

“လောက၌ ငွေသည် အမှန်တကယ်အရေးအကြီးဆုံးအရာဖြစ်သည်။” ဗြိတိသျှပြဇာတ်ရေးဆရာ ဂျော့ဘားနပ်ရှောက ထိုသို့ဆိုခဲ့သည်။ သူ့အဆိုကို သင်သဘောတူပါသလော။ သင်သည် “ကျွန်မ မချမ်းသာချင်ပါဘူး၊ ငွေကြေးဖူဖူလုံလုံရှိရင် တော်ပါပြီ” ဟုပြောသော အသက် ၁၇ နှစ်အရွယ် တန်ရာ၏အဆိုကို ပို၍သဘောကျကောင်းကျပေမည်။ အလားတူ လူငယ် အေဗီရမ်သည်လည်း ငွေကို လောက၌အရေးအကြီးဆုံးအရာအဖြစ်မဟုတ်ဘဲ အရာတစ်ခုပြီးမြောက်ရန်အတွက် အသုံးခံတစ်ခုအဖြစ် ရှုမြင်သည်။ သူကဤသို့ဆိုသည်– “အဝတ်အစားနဲ့ သွားရေးလာရေးတွေလိုမျိုး ကျွန်တော့်လိုအပ်ရာတွေအတွက် ငွေလိုအပ်တယ်”

သမ္မာကျမ်းစာက ထပ်တူအချက်ကိုတင်ပြထားကြောင်း သင်သိပါသလော။ ဒေသနာ ၇:၁၂ ၌ “ငွေသည်လည်းကွယ်ကာတတ်၏” ဟုဆိုထားသည်။ ဆင်းရဲခြင်းကို “လူ့ပျော်ရွှင်မှု၏ မဟာရန်သူ” အဖြစ်ဖော်ပြထားသည်။ လုံလောက်သောငွေရှိခြင်းဖြင့် ဆင်းရဲခြင်းကဖြစ်စေလေ့ရှိသော ပြဿနာများမှ—အနည်းဆုံးအတိုင်းအတာတစ်ခုအထိ—သင့်အား ကာကွယ်ပေးနိုင်သည်။ ငွေသည်မျှော်လင့်မထားသော ဘေးဒုက္ခများမှလည်း သင့်ကိုသက်သာမှုရစေနိုင်သည်။ “ကျမ်းစာက ‘ကျွန်ုပ်တို့အားလုံး အချိန်နှင့်ကြိုတင်မမြင်ရသောဖြစ်ပျက်မှုကို ကြုံရ’ တယ်လို့ပြောထားတယ်” ဟုလူငယ်ဖိလစ္စကဆိုသည်။ “ဘယ်အချိန်မှာ ကျွန်တော်အပေါ် ဒုက္ခဆင်းရဲကျရောက်နိုင်တယ်ဆိုတာ ကျွန်တော်တို့ဘယ်တော့မှမသိနိုင်ဘူး၊ ဒါကြောင့် ကျွန်တော်တို့ကိုကာကွယ်ဖို့ ငွေလိုတယ်။” (ဒေသနာ ၉:၁၁) ငွေသည် ယခုအချိန်၌ သင့်အတွက်အရေးကြီးပုံပေါက်သော်လည်း ယင်းသည် သင့်အနာဂတ်တွင် သာ၍အရေးကြီးသည့်ကဏ္ဍမှပါဝင်နိုင်သည်။

“ရုပ်ပစ္စည်းပဓာနဝါဒဒီလှိုင်း”

သို့သော် အချို့သူများအတွက် လုံလောက်သောငွေရှိခြင်းနှင့်ပတ်သက်ပြီး စိုးရိမ်မကင်းဖြစ်ကြခြင်းသည် သာမန်ဖြစ်ပြီးအကျိုးပြုရာဖြစ်သော်လည်း အချို့သောလူငယ်များအတွက်မူ ငွေသည်တမ်းတမ်းစွဲဖြစ်လာသည်။ လူငယ် ၁၆၀,၀၀၀ ကို “ဘဝတွင် အဘယ်အရာကိုအလိုချင်ဆုံးနည်း” ဟုမေးသည့်အခါ ၂၂ ရာခိုင်နှုန်းက “ချမ်းသာကြွယ်ဝဖို့” ဟုဖြေဆိုခဲ့ကြသည်။

ငွေကိုအာသာငမ်းငမ်းတပ်မက်ခြင်းသည် ကမ္ဘာတစ်ခွင်လွှမ်းမိုးသည့် “ရုပ်ပစ္စည်းပဓာနဝါဒဒီလှိုင်း” ဟုနယူးစ်ဝိခ်မဂ္ဂဇင်းကခေါ်ဆိုသည့်အရာအားဖြင့် မြေတောင်မြှောက်ပေးခြင်းခံရသည်မှာ အမှန်ပင်။ ၁၈ နှစ်အရွယ် မာတင်က “ကျွန်တော်ဟာ အလွန်ရုပ်ဝါဒဆန်သူတစ်ဦးဖြစ်ပြီး ကုန်အမှတ်တံဆိပ်ကိုအလွန်အာရုံစိုက်သူဖြစ်တယ်။ ပေးနိုင်တဲ့ပိုက်ဆံနဲ့တန်တာကိုပဲရမယ်လို့ ကျွန်တော်အခိုင်အမာယုံကြည်တယ်။ ဒါကြောင့် ကျွန်တော်လိုချင်တဲ့အရာတွေအတွက် ငွေအများကြီးကိုကျွန်တော်သုံးတယ်” ဟုဆိုသည်။ မာတင်သည် ‘ငွေအများအပြားသုံး’ သည့်တစ်ဦးတည်းသောလူငယ်မဟုတ်ပါ။ ယူအက်စ်သတင်းနှင့် ကမ္ဘာ့မှတ်တမ်းက ဤသို့အစီရင်ခံသည်– “လွန်ခဲ့သည့်နှစ်တွင် [အမေရိကန်နိုင်ငံ၌] အသက် ၁၂ မှ ၁၉ နှစ်အရွယ်ရှိသူများသည် ဝယ်ခဲ့ဖူးသမျှထဲတွင် အကြီးမားဆုံးအတိုင်းအတာဖြင့်ဝယ်ယူခဲ့ကြပြီး ၁၉၉၀ ပြည့်နှစ်ထက် ၃၈ ရာခိုင်နှုန်းပိုများသည့် စုစုပေါင်းဒေါ်လာ ၁၀၉ ဘီလီယံဖိုးဝယ်ယူခဲ့ကြသည်။”

သို့သော် လူငယ်များသည် အဝတ်အစားသစ်များ၊ လေဆာဓာတ်ပြားငယ်များနှင့် ကွန်ပျူတာကိရိယာများအတွက် ငွေကိုအဘယ်မှရရှိကြသနည်း။ ယူအက်စ်သတင်းနှင့် ကမ္ဘာ့မှတ်တမ်းအရ “အသက် ၁၆ နှစ်မှ ၁၉ နှစ်အရွယ်အားလုံးတို့၏ ထက်ဝက်ခန့်သည် အချိန်ပိုင်းအလုပ်ရှိကြသည်။” မျှမျှတတလုပ်ဆောင်မည်ဆိုပါက ကျောင်းပြင်ပအလုပ်သည် လူငယ်တစ်ဦး၏တာဝန်ကိုသင်ကြားခြင်းကဲ့သို့သော အကျိုးကျေးဇူးကိုရရှိနိုင်ပါသည်။ သို့သော် ဤကိစ္စနှင့်ပတ်သက်၍ လူငယ်အချို့သည် အလွန်အစွန်းရောက်ကြသည်။ နယူးစ်ဝိခ် မဂ္ဂဇင်းက ဤသို့သတိပြုမိသည်– “စိတ်ပညာရှင်များနှင့် ကျောင်းဆရာများသည် [အလုပ်လုပ်သော] ကျောင်းသားများအပေါ် ဖိစီးမှုသက်ရောက်ကြောင်းကို တွေ့ရှိကြရသည်။ သူတို့၌ အိမ်စာအတွက် အချိန်အနည်းငယ်သာရှိပြီး အိပ်မငိုက်ရန်ကြိုးစားနေရသည့် အလွန်ပင်ပန်းနွမ်းနယ်သောကျောင်းသားများကို အမြဲစောင့်ကြည့်နေသောဆရာများသည် သူတို့ကိုအဆင့်နှိမ့်လိုက်ကြလေ့ရှိသည်။”

သို့သော်လည်း သူတို့၏ဝင်ငွေရင်းမြစ်ကို လိုလိုလားလားစွန့်လွှတ်လိုသော အလုပ်လုပ်သည့်လူငယ်များ မရှိသလောက်ရှားသည်။ လူငယ် ဗဲန်နက်စာက “ကျောင်းဟာအရေးကြီးတယ်။ ဒါပေမဲ့ ငွေလည်းအလားတူအရေးကြီးတယ်။ အိမ်စာက ငွေမပေးဘူး” ဟုဆိုသည်။ ငွေရှာခြင်းသည် သင့်အတွက်မည်မျှအရေးကြီးသနည်း။ သင့်အသက်တာ၌ ယင်းကိုအမြောက်အမြားရှာဖွေခြင်းသည် အဓိကပန်းတိုင်လော။

“ငွေရတတ်ခြင်းငှာအလိုရှိ”

ကျမ်းစာက ဤမေးခွန်းများကို ဖြေရှင်းပေးသည်။ တမန်တော်ပေါလုက ဤသို့ရေးသားခဲ့သည်– “ငွေရတတ်ခြင်းငှာအလိုရှိသောသူတို့သည် အပြစ်သွေးဆောင်ခြင်း၊ ဖမ်းမိခြင်း၊ မိုက်မဲဖျက်ဆီးတတ်သော တပ်မက်ခြင်းများထဲသို့ ကျရောက်တတ်ကြ၏။ ထိုသို့သောအားဖြင့် လူတို့သည် အကျိုးနည်းခြင်း၊ ပျက်စီးခြင်း၌နစ်မွန်းတတ်ကြ၏။ အကြောင်းမူကား၊ ငွေကိုတပ်မက်ခြင်းသည် မကောင်းသောအမှုတို့တွင် မူလအမြစ်ဖြစ်သတည်း။ လူအချို့တို့သည် ငွေကိုတပ်မက်သောကြောင့် ယုံကြည်ခြင်းတရားလမ်းမှလွဲသွား၍၊ ပူပန်ခြင်းဝေဒနာများနှင့် ကိုယ်ကိုကိုယ်ထုတ်ခြင်းခပ်အောင်ထိုးကြပြီ။”—၁ တိမောသေ ၆:၉၊ ၁၀။

ပေါလုသည် မိမိပြောဆိုသည့်အကြောင်းကို အမှန်တကယ်သိရှိပါသည်။ ခရစ်ယာန်တစ်ဦးဖြစ်မလာမီက သူသည် “ငွေကိုတပ်မက်” သောသူများအဖြစ် ကျမ်းစာဖော်ပြထားသော “ဖာရိရှဲ” ဟုသိကြသည့် ဘာသာရေးခေါင်းဆောင်များမှတစ်ဦးဖြစ်သည်။ (လုကာ ၁၆:၁၄) သို့ဖြစ်သည့်တိုင် တမန်တော်သည် ငွေရှာခြင်းကိုယ်နှိုက်ကို ပြစ်တင်ရှုတ်ချနေခြင်းမဟုတ်ပါ။ ယင်းအစား “ငွေရတတ်ခြင်းငှာအလိုရှိ” သူများ သို့မဟုတ် အခြားဘာသာပြန်တစ်ခုအရ “အလွန်အမင်းကြွယ်ဝချမ်းသာလို” သူများအား သတိပေးနေခြင်းဖြစ်သည်။ (ဖိလစ်) သို့သော် ယင်းကိုပြုရာ၌ အဘယ်အရာက ဘေးဖြစ်စေသနည်း။

ပေါလုရှင်းပြသည့်အတိုင်း ထိုသို့သောသူများသည် “အပြစ်သွေးဆောင်ခြင်း၊ ဖမ်းမိခြင်း၊ မိုက်မဲဖျက်ဆီးတတ်သော တပ်မက်ခြင်းများထဲသို့ ကျရောက်တတ်ကြ၏။” နယပုံပြင် ၂၈:၂၀ က “ငွေရတတ်ခြင်းငှာ အလျင်အမြန်ပြုသောသူမူကား၊ အပြစ်နှင့်မလွတ်ရ” ဟုဆိုသောအခါ၌ ထပ်တူအချက်ကိုတင်ပြထားသည်။ မိမိတို့၌ ဖူလုံမှုမရှိဟုယူမှတ်ကာ အချို့လူငယ်များခိုးကြတော့သည်။ လူငယ်အများစုက ခိုးဖို့စဉ်းစားမည်မဟုတ်သည်မှာ မှန်ပါသည်။ သို့သော် အချို့သည် ထပ်တူပင်အန္တရာယ်ရှိသောအပြုအမူကို လုပ်ဆောင်နေကောင်းလုပ်ဆောင်နေပေမည်။ ယနေ့ခရစ်ယာန်ဘာသာမှတ်တမ်းက– “လောင်းကစားခြင်းသည် အလျင်အမြန်တိုးများလာသည့် ဆယ်ကျော်သက်များ စွဲသောအရာအဖြစ် ကျွမ်းကျင်သူအချို့ကယူမှတ်ကြသည်။” ယူ.အက်စ်. ဒေသတစ်ခု၌ “ဆက်ကျော်သက် ၉၀ ရာခိုင်နှုန်းနီးပါးသည် အထက်တန်းကျောင်းရှိ သူတို့ထက်နှစ်ကြီးသူများထံမှ ထီလက်မှတ်များကို တရားမဝင်ဝယ်ယူခဲ့ကြသည်။” လူငယ်အချို့သည် ပို၍ဆိုးရွားသည့်အတိုင်းအတာသို့ ရောက်သွားကြသည်။ ၁၆ နှစ်အရွယ် မက်သရူးက “စိတ်တိုင်းကျတဲ့အလုပ်ကို ရဖို့ခက်တယ်။ ဒါကြောင့် ကျွန်တော့်ရဲ့ငွေအများစုကို အရောင်းအဝယ်လုပ်ရာကနေရတယ်။ . . . အခါအားလျော်စွာ [မူးယစ်ဆေးဝါး] အရောင်းအဝယ် [လုပ်လေ့] ရှိတယ်” ဟုဆိုသည်။

‘ပျက်စီးခြင်း၌နစ်မွန်း’

ငွေရှိခြင်းသည် လူတစ်ဦးအား လွတ်လပ်သည့်ခံစားမှုပေးနိုင်သည်မှာမှန်ပါသည်။ သို့သော် ပေါလုရှင်းပြသည့်အတိုင်း နောက်ဆုံးတွင် ငွေနောက်လိုက်ခြင်းသည် လူတစ်ဦးအား “အကျိုးနည်းခြင်း၊ ပျက်စီးခြင်း၌ နစ်မွန်း” စေနိုင်သည့် “မိုက်မဲဖျက်ဆီးတတ်သောတပ်မက်ခြင်းများ” ၏ကျွန်ဖြစ်စေနိုင်သည်။ မှန်ပါသည်၊ ငွေကိုတပ်မက်ခြင်းအောက် ကျွန်ုပ်တို့ရောက်သွားသည်နှင့်တစ်ပြိုင်နက် ရုပ်ပစ္စည်းအလွန်အကျွံ တပ်မက်ခြင်း၊ လူသတ်လိုသည့်မနာလိုခြင်းနှင့် အခြားသော မိုက်မဲဖျက်ဆီးတတ်သည့်တပ်မက်ခြင်းများ ကြီးစိုးနိုင်သည်။ (ကောလောသဲ ၃:၅ နှိုင်းယှဉ်။) ဆယ်ကျော်သက် မဂ္ဂဇင်းမှ ဆောင်းပါးတစ်ပုဒ်က ဆယ်ကျော်သက်အချို့သည် အခြားလူငယ်များပိုင်ဆိုင်သည့် ကားများနှင့် အဝတ်အစားများကြောင့် “လွှမ်းမိုးဖိစီးမှုခံရသည်အထိ” ငြူစူစိတ်ပြင်းပြလာနိုင်ကြောင်း သတိပြုမိသည်။ ယင်းသို့သောငြူစူမှုသည် တစ်ခါတစ်ရံ “မိမိကိုယ်ကိုမနှစ်သက်မှု နက်ရှိုင်းလာ” စေသည်၊ ဆောင်းပါးကဆက်၍ “ဆယ်ကျော်သက်တစ်ဦးသည် [သူ သို့မဟုတ်] သူ၌မရှိသည့်အရာမှလွဲ၍ မည်သည့်အရာကိုမျှ မစဉ်းစားနိုင်ပါ” ဟုဆိုသည်။

ချမ်းသာကြွယ်ဝလိုသည့်ဆန္ဒသည် လူတစ်ဦးအား “အပြစ်သွေးဆောင်ခြင်း . . . သို့ကျရောက်” စေရုံသာမကပဲ “ပျက်စီးခြင်း၌နစ်မွန်း” ခြင်းကိုလည်း ဖြစ်စေနိုင်ကြောင်းကို သတိပြုပါ။ ကျမ်းစာဆရာ အဲလ်ဘတ်ဘန်းဇ်က ဤသို့သတိပြုမိသည်– “သင်္ဘောတစ်စင်းနှင့် ယင်း၌ရှိသည့်အရာအားလုံး အတူတကွနစ်မြုပ်သွားသကဲ့သို့ဖြစ်သည်။ လုံးလုံးပျက်စီးခြင်းဖြစ်သည်။ ပျော်ရွှင်မှု၊ မွန်မြတ်သောအကျင့်၊ နာမည်ကောင်းနှင့်စိုးလ်တို့အားလုံးပျက်စီးသွားခြင်းဖြစ်သည်။—၁ တိမောသေ ၁:၁၉ နှိုင်းယှဉ်။

ပေါလုက “ငွေကိုတပ်မက်ခြင်းသည် မကောင်းသောအမှုအပေါင်းတို့တွင် မူလအမြစ်ဖြစ်” သည်ဟု မှန်ကန်စွာဆိုခဲ့သည်။ ရလဒ်အနေနှင့် အများသောသူတို့သည် “ယုံကြည်ခြင်းတရားလမ်းမှလွှဲသွား၍၊ ပူပန်ခြင်းဝေဒနာများနှင့် ကိုယ်ကိုကိုယ်ထုတ်ချင်းခတ်အောင်ထိုးကြပြီ။” ရော်ရီဟု ကျွန်ုပ်တို့ခေါ်မည့် လူငယ်တစ်ဦး၏ ဥပမာကိုကြည့်ပါ။ သူသည် အသက် ၁၂ နှစ်အရွယ်၌ စတင်လောင်းကစားခဲ့သည်။ “အဲဒါဟာ ဘာမှမလုပ်ရဘဲ ငွေရတဲ့နည်းတစ်ခုဖြစ်တယ်” ဟုသူပြန်လည်အမှတ်ရသည်။ မကြာမီ သူသည် ဒေါ်လာရာချီကြွေးတင်ပြီး မိတ်ဆွေများ၊ မိသားစုနှင့်ကျောင်းစာကို ဂရုမစိုက်တော့ချေ။ “စွန့်လွှတ်ဖို့ ကျွန်တော်ကြိုးစားပါတယ်” ဟုသူဝန်ခံခဲ့သော်လည်း ကြိမ်ဖန်များစွာကျရှုံးခဲ့သည်။ သူသည် အကူအညီရှာဖွေသည့် ၁၉ နှစ်အရွယ်အထိ ဆက်၍ ‘ပူပန်ခြင်းဝေဒနာများနှင့် ကိုယ်ကိုကိုယ်ထုတ်ခြင်းခတ်အောင်ထိုး’ ခဲ့သည်။ ထို့ကြောင့် စာရေးဆရာ ဒေါက်ကလပ်စ် ကနေဒီက သူ၏ စည်းစိမ်ဥစ္စာနောက်လိုက်ခြင်းစာအုပ်တွင် ငွေနောက်လိုက်ခြင်းကို “စိတ်ထိခိုက်နာကျင်သောအတွေ့အကြုံတစ်ခု” ဟုခေါ်ဆိုထားခြင်းသည် ချဲ့ကားပြောဆိုနေခြင်းမဟုတ်ပါ။

မျှတမှုရှာခြင်း

ထို့ကြောင့် ရှောလမုန်၏အကြံပေးချက်သည် လွန်ခဲ့သည့် ရာစုများစွာကကဲ့သို့ ယခုအချိန်နှင့်လည်းသက်ဆိုင်လျက်ရှိသည်။ “ငွေရတတ်ခြင်းငှာမကြိုးစားနှင့်၊ ကိုယ်ဉာဏ်ကိုအမှီမပြုနှင့်။ ပျောက်တတ်သောအရာကို စေ့စေ့မျက်မှောက်ပြုသင့်သလော။ အကယ်စင်စစ် ရွှေလင်းတသည် မိုးကောင်းကင်သို့ပျံတတ်သကဲ့သို့၊ ထိုအရာသည်အတောင်တို့ကိုလုပ်၍ ပျံသွားတတ်၏။” (သု. ၂၃:၄၊ ၅) ရုပ်ပစ္စည်းကြွယ်ဝမှုသည် ခေတ္တသာဖြစ်သောကြောင့် အသက်တာ၌ ကြွယ်ဝမှုနောက်လိုက်ခြင်းကို ဘဝ၏အဓိကပန်းတိုင်အဖြစ်ထားရှိခြင်းသည် ပညာမဲ့ရာကျသည်။ “ရုပ်ပစ္စည်းပဓာနဝါဒဆန်တဲ့ပန်းတိုင်တွေနဲ့ ကျွန်မအရစ်ပတ်မခံချင်ဘူး” ဟုမော်ရဲန်းဟုခေါ်သည့် ခရစ်ယာန်လူငယ်တစ်ဦးကဆိုသည်။ “ငွေရှာခြင်းသက်သက်မှာပဲနစ်မြုပ်နေမယ်ဆိုရင် ကျွန်မရဲ့ဝိညာဉ်ရေး ဆုံးရှုံးသွားမယ်ဆိုတာကို ကျွန်မသိတယ်” ဟုသူဆိုသည်။

ငွေသည် လိုအပ်ချက်တစ်ခုဖြစ်သည်မှာ မှန်ပါသည်။ လုံလောက်သောဝင်ငွေရှိခြင်းက သင့်လိုအပ်ရာများကို ဖြည့်ဆည်းပေးမည်ဖြစ်ပြီး—အခါအားလျော်စွာ အခြားသူများအား ရုပ်ပစ္စည်းအကူအညီပေးနိုင်စေမည်ဖြစ်သည်။ (ဧဖက် ၄:၂၈) ငွေကိုရိုးရိုးသားသားရှာနိုင်ရန် အလုပ်ကြိုးစားလုပ်ဖို့သင်ယူပါ။ ငွေကို ပညာရှိစွာ စုဆောင်းနိုင်ရန်၊ စီမံနိုင်ရန်နှင့် သုံးစွဲနိုင်ရန် သင်ယူပါ။ သို့သော် အသက်တာ၌ မည်သည့်အခါမျှ ငွေကိုအရေးအကြီးဆုံးအရာ မဖြစ်စေပါနှင့်။ “ဆင်းရဲခြင်းနှင့် ငွေရတတ်ခြင်းကိုပေးတော်မမူပါနှင့်” ဟုဆုတောင်းခဲ့သည့် နယပုံပြင် ၃၀:၈ ကိုရေးသားသူဖော်ပြသည့် မျှတသောအမြင်ရှိဖို့ကြိုးစားပါ။ ဝိညာဉ်ရေးအကျိုးစီးပွားကို ရှေ့တန်းတင်ခြင်းဖြင့် အကောင်းဆုံးသောချမ်းသာကြွယ်ဝမှုမျိုးကို သင်ရရှိပါလိမ့်မည်။ “ထာဝရဘုရား၏ကောင်းချီးမင်္ဂလာသည် စည်းစိမ်ကိုဖြစ်စေတတ်၏။ ထိုစည်းစိမ်နှင့်လည်း ဝမ်းနည်းခြင်းအကြောင်းကို ရောနှောတော်မမူ” ဟု နယပုံပြင် ၁၀:၂၂ ဆိုသည့်အတိုင်းဖြစ်သည်။

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

လူငယ်များစွာသည် သူတို့၏ရွယ်တူများနှင့် ရင်ပေါင်တန်းနိုင်ရန် ငွေကိုအလိုရှိကြသည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ