ပူဆွေးသောကရောက်သော်လည်း ကျွန်ုပ်တို့သည်မျှော်လင့်ချက်မဲ့မနေ
“မျှော်လင့်ခြင်းမရှိသော အခြားသူတို့သည် ဝမ်းနည်းသကဲ့သို့ သင်တို့သည် ဝမ်းမနည်းမည်အကြောင်း အိပ်ပျော်သောသူတို့၏ အမှုအရာကိုမသိဘဲ နေစေခြင်းငှာ ငါတို့အလိုမရှိ။”—၁ သက်သာလောနိတ် ၄:၁၃။
၁ လူသားသည် အဘယ်အမှုကို အမြဲတွေ့ကြုံလေ့ရှိသနည်း။
သင်ချစ်မြတ်နိုးရသူတစ်ဦးကို သေခြင်း၌ ဆုံးရှုံးခဲ့ဖူးသလော။ အသက်အရွယ်မရွေး ကျွန်ုပ်တို့အများစုသည် ဆွေမျိုး သို့မဟုတ် မိတ်ဆွေတစ်ဦးဦး ကွယ်လွန်သဖြင့် ပူဆွေးသောကရောက်ခဲ့ဖူးပြီ။ ဘိုးဘွား၊ မိဘ၊ အိမ်ထောင်ဖက်၊ သို့မဟုတ် ကလေးတစ်ဦးဦးသေဆုံး၍ ဖြစ်ကောင်းဖြစ်မည်။ အိုမင်းခြင်း၊ ဖျားနာခြင်းနှင့် မတော်တဆမှုများဖြစ်ခြင်းတို့က အသေအပျောက်မှန်မှန်ရှိစေသည်။ ရာဇဝတ်မှု၊ အဓမ္မမှုနှင့်စစ်မှုကလည်း ပူဆွေးသောကကိုတိုးပွားစေသည်။ ကမ္ဘာတစ်ဝန်းတွင် ပျမ်းမျှအားဖြင့် လူသန်းပေါင်း ၅၀ ကျော် နှစ်စဉ်သေဆုံးနေပါသည်။ ၁၉၉၃ ခုနှစ်တွင် နေ့စဉ်ပျမ်းမျှကွယ်လွန်သူအရေအတွက်မှာ ၁၄၀,၂၅၀ ဦးဖြစ်သည်။ သေခြင်းကြောင့်ဆုံးရှုံးမှုသည် ဆွေမျိုးသားချင်းနှင့် သူငယ်ချင်းမိတ်ဆွေများကို ပူဆွေးသောကရောက်စေသည်။
၂။ သားသမီးများသေဆုံးခြင်းနှင့် စပ်လျဉ်း၍ အဘယ်အရာသည် သာမန်ဖြစ်ပုံမရသနည်း။
၂ ယူ.အက်စ်.အေ. ကာလီဖိုးနီးယားပြည်နယ်တွင် ကိုယ်ဝန်ဆောင်သမီးဖြစ်သူတစ်ဦးအား ထူးခြားစွာကားတိုက်မှုဖြစ်ချိန်တွင် ဝမ်းနည်းကြေကွဲစွာ ဆုံးရှုံးခဲ့ရသော မိဘနှစ်ပါးကို ကျွန်ုပ်တို့ကိုယ်ချင်းစာနာနိုင်သည် မဟုတ်လော။ သူတို့ခမျာ တစ်ကြိမ်တည်းတွင် တစ်ဦးတည်းသောသမီးနှင့် မြေးဦးသန္ဓေသားကလေးကိုပါ ဆုံးရှုံးခဲ့ရရှာသည်။ သေဆုံးသွားသူ၏ခင်ပွန်းသည်လည်း ဇနီးဖြစ်သူနှင့် သားဦး သို့မဟုတ် သမီးဦးကလေးကို ဆုံးရှုံးခဲ့ရသည်။ မိဘများအနေနှင့် မိမိတို့ကလေး ငယ်ရွယ်စဉ် သို့မဟုတ် ကြီးလာပြီးနောက်တွင်ပင် သေခြင်း၌ဆုံးရှုံးရခြင်းသည် မဖြစ်သင့်ရာဟုယူမှတ်ပေမည်။ မိဘများအရင် သားသမီးများသေဆုံးခြင်းသည် ဖြစ်ရိုးဖြစ်စဉ်မဟုတ်။ ကျွန်ုပ်တို့အားလုံး အသက်ကိုချစ်မြတ်နိုးကြသည်။ ထို့ကြောင့် သေခြင်းသည် အမှန်တကယ်ပင် ရန်သူကြီးတစ်ပါးဖြစ်သည်။—၁ ကောရိန္သု ၁၅:၂၆။
လူ့မိသားစုအတွင်း သေခြင်းတရားဝင်လာ
၃။ အာဗေလသေဆုံးသွားခြင်းသည် အာဒံနှင့်ဧဝကို မည်သို့ဖြစ်စေခဲ့လိမ့်မည်နည်း။
၃ ကျွန်ုပ်တို့၏ကနဦးမိဘများဖြစ်သူ အာဒံနှင့်ဧဝတို့ ပုန်ကန်ခဲ့ချိန်ကတည်းက အပြစ်နှင့်သေခြင်းသည် လူ့သမိုင်းအနှစ်ခြောက်ထောင်ခန့်ကာလအတွင်း မင်းမူခဲ့ပြီ။ (ရောမ ၅:၁၄; ၆:၁၂၊ ၂၃) သူတို့၏ သားအာဗေလကို အစ်ကိုဖြစ်သူကာဣနလုပ်ကြံခဲ့ခြင်းအပေါ် မည်သို့တုံ့ပြန်ခဲ့ကြောင်း သမ္မာကျမ်းစာက လုံးဝမဖော်ပြပါ။ သို့သော် သားသေဆုံးခဲ့ခြင်းသည် အကြောင်းတစ်ကြောင်းထက်မက သူတို့အတွက် အလွန်စိတ်ထိခိုက်စရာဖြစ်ခဲ့ပေမည်။ ဤတွင် သူတို့၏သားမျက်နှာပေါ်၌ လူသားတစ်ဦးကွယ်လွန်သည့်အဖြစ်ကို ပထမဦးဆုံးအကြိမ် သူတို့ထိပ်တိုက်တွေ့ခဲ့ကြရသည်။ သူတို့၏ပုန်ကန်မှုနှင့် သူတို့ရရှိထားသည့် လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်အပေါ် တလွဲအသုံးပြုခြင်း၏အခကို တွေ့မြင်ကြလေသည်။ ဘုရားသခင်သတိပေးလျက်နှင့် ကာဣနသည် ပထမဦးဆုံးအကြိမ် ညီအစ်ကိုမောင်နှမချင်းသတ်ဖြတ်မှုကိုပြုရန် ရွေးချယ်ခဲ့သည်။ အာဗေလသေဆုံးသည့်အတွက် ဧဝသည် အမှန်ပင်ဝမ်းနည်းကြေကွဲခဲ့ကြောင်း ရှေသအားမွေးဖွားချိန်တွင် သူမပြောဆိုခဲ့သော ဤစကားများက ထင်ရှားစေသည်– “ကာဣနသတ်သောအာဗေလကိုယ်စား တစ်ပါးသောအနွယ်ကို အကျွန်ုပ်အဖို့ ဘုရားသခင်ခန့်ထားတော်မူပြီ။”—ကမ္ဘာဦး ၄:၃-၈၊ ၂၅။
၄။ အာဗေလသေဆုံးပြီးနောက် ဝိညာဉ်စိုးလ်မသေနိုင်ဟူသော ဒဏ္ဍာရီပုံပြင်သည် အဘယ်ကြောင့်စိတ်သက်သာမှုရှိစေခဲ့မည်မဟုတ်သနည်း။
၄ ကျွန်ုပ်တို့၏ပထမမိဘများသည် ပုန်ကန်ပြီးနာခံမှုမရှိလျှင် “ဧကန်အမှန်သေရမည်” ဟူသော ဘုရားသခင်၏အပြစ်ဒဏ်စီရင်ချက်အတိုင်း ဖြစ်ပျက်ခဲ့ကြောင်းကိုလည်း တွေ့မြင်ခဲ့ကြသည်။ စာတန်၏လိမ်လည်မှုကိုခံလိုက်ရသော်လည်း ဝိညာဉ်စိုးလ်မသေနိုင်ဟူသော ဒဏ္ဍာရီပုံပြင်မပေါ်လာသေးပုံရှိရာ သူတို့သည် ယင်းမှလွဲမှားသည့်စိတ်သက်သာမှုကို ရနိုင်စရာအကြောင်းမရှိပေ။ ဘုရားသခင်က အာဒံအား ဤသို့မိန့်တော်မူခဲ့သည်– “သင်ထွက်ရာမြေသို့ပြန် . . . ရမည်။ အကြောင်းမူကား သင်သည် မြေမှုန့်ဖြစ်၍ မြေမှုန့်သို့ပြန်ရမည်။” ကောင်းကင်၊ ငရဲ၊ လင်ဘို၊ ငရဲကလေး၊ သို့မဟုတ် နေရာတစ်ခုခုတွင် မသေနိုင်သောဝိညာဉ်စိုးလ်အဖြစ် သူတို့ဆက်အသက်ရှင်လိမ့်မည်ဟူ၍ ကိုယ်တော်မိန့်တော်မမူခဲ့ချေ။ (ကမ္ဘာဦး ၂:၁၇; ၃:၄၊ ၅၊ ၁၉၊ သမ္မာ) ပြစ်မှားသောသက်ရှိစိုးလ်များအနေနှင့် အာဒံနှင့်ဧဝတို့သည် နောက်ဆုံးကွယ်လွန်ကြပြီး တည်ရှိကြတော့မည်မဟုတ်ချေ။ ရှောလမုန်မင်းကြီးသည် ဤသို့ရေးသားရန် မှုတ်သွင်းခံခဲ့ရ၏– “အသက်ရှင်သောသူသည် မိမိသေရမည်ကိုသိ၏။ သေသောသူမူကား၊ အဘယ်အရာကိုမျှမသိ။ အကျိုးအပြစ်ကိုလည်း မခံရ။ သူ့ကိုလည်း မေ့လျော့တတ်ကြ၏။ သူ၏ချစ်ခြင်း၊ မုန်းခြင်း၊ ငြူစူခြင်းလည်း ပျောက်ပျက်၏။ နေအောက်မှာပြုသမျှသောအမှု၌ သူတစ်ပါးနှင့်ရောနှော၍မဆိုင်ရ။”—ဒေသနာ ၉:၅၊ ၆။
၅။ လူသေများအတွက် စစ်မှန်သောမျှော်လင့်ချက်ကား အဘယ်နည်း။
၅ ယင်းစကားများသည် မှန်လှလေခြင်း! လွန်လေပြီးသော အနှစ်နှစ်ရာ၊ သုံးရာခန့်က ဘိုးဘေးများကို အဘယ်သူ မှတ်မိသေးသနည်း။ များသောအားဖြင့် သူတို့၏သင်္ချိုင်းများကိုပင်မသိ၊ သို့မဟုတ် ကြာမြင့်စွာကပင်လျစ်လျူရှုခဲ့ကြသည်။ ယင်းကြောင့် ကျွန်ုပ်တို့ချစ်မြတ်နိုးရသော သေလွန်သူများအတွက် အဘယ်မျှော်လင့်ချက်မျှမရှိတော့ဟု ဆိုလိုပါသလော။ လုံးဝမဟုတ်ပါ။ သေသွားသောမောင်ဖြစ်သူ လာဇရုနှင့်ပတ်သက်၍ မာသသည် ယေရှုအား ဤသို့ဆိုသည်– “နောက်ဆုံးသောနေ့တည်းဟူသော ထမြောက်ရာကာလ၌ သူသည် ထမြောက်လိမ့်မည်ကို ကျွန်မသိပါသည်။” (ယောဟန် ၁၁:၂၄) နောင်တစ်ချိန်ချိန်တွင် သေလွန်သူများကို ဘုရားသခင်ထမြောက်စေတော်မူလိမ့်မည်ဟု ဟေဗြဲလူမျိုးတို့ ယုံကြည်ကြသည်။ သို့တိုင် ချစ်မြတ်နိုးရသူတစ်ဦး ကွယ်လွန်သွားသည့်အခါ ဝမ်းနည်းပူဆွေးခြင်းမရှိဘဲမနေကြပါ။—ယောဘ ၁၄:၁၃။
ပူဆွေးသောကရောက်ခဲ့သောသစ္စာရှိသူများ
၆၊ ၇။ အာဗြဟံနှင့်ယာကုပ်တို့သည် သေခြင်းတရားကို မည်သို့တုံ့ပြန်ခဲ့ကြသနည်း။
၆ လွန်ခဲ့သောနှစ်ပေါင်းလေးထောင်နီးပါးကာလက အာဗြဟံ၏ဇနီး စာရာသေဆုံးခဲ့သောအခါ “အာဗြဟံသည်လည်း စာရာကြောင့် ညည်းတွားငိုကြွေးခြင်းငှာလာ၏။” ဘုရားသခင်၏ ထိုသစ္စာရှိကျေးကျွန်သည် သူချစ်မြတ်နိုးရသောသစ္စာရှိဇနီး သေဆုံးချိန်တွင် ဝမ်းနည်းကြေကွဲကြောင်းဖော်ပြခဲ့သည်။ သူသည် သူရဲကောင်းတစ်ဦးဖြစ်သော်လည်း မိမိ၏ဝမ်းနည်းခြင်းကို မျက်ရည်ကျခြင်းအားဖြင့်ထင်ရှားပြရန် မရှက်မကြောက်ပါ။—ကမ္ဘာဦး ၁၄:၁၁-၁၆; ၂၃:၁၊ ၂။
၇ ယာကုပ်သည်လည်း ထပ်တူပင်ဖြစ်သည်။ သားယောသပ်အား ဆိုးသောသားရဲကိုက်စားပြီဟု ထင်မြင်ရန် လှည့်ဖြားခံရချိန်တွင် သူမည်သို့တုံ့ပြန်ခဲ့သနည်း။ ကမ္ဘာဦး ၃၇:၃၄၊ ၃၅ တွင် ဤသို့ဖတ်ရသည်– “မိမိအဝတ်ကိုဆွဲဆုတ်၍ လျှော်တေအဝတ်ကိုပတ်စည်းသဖြင့် အင်တန်ကာလပတ်လုံး သားကြောင့် စိတ်မသာညည်းတွားလျက်နေလေ၏။ သားသမီးအပေါင်းတို့သည် အဘကိုနှစ်သိမ့်စေခြင်းငှာ ကြိုးစားသော်လည်း သူသည် နှစ်သိမ့်စေသောစကားကို နားမထောင်ဘဲ ‘ငါ့သားရှိရာမရဏာနိုင်ငံသို့ စိတ်မသာညည်းတွားလျက် ဆင်းသက်တော့မည်’ ဟုဆိုလေ၏။ ထိုသို့ယောသပ်အဘသည် သားကြောင့် ငိုကြွေးမြည်တမ်းလျက်နေလေ၏။” မှန်ပါ၏၊ မိမိချစ်မြတ်နိုးရသူတစ်ဦး သေဆုံးသည့်အခါ ဝမ်းနည်းပူဆွေးခြင်းသည် ဓမ္မတာပင်ဖြစ်သည်။
၈။ ဟေဗြဲလူမျိုးသည် ပူဆွေးသောကကို မည်သို့ဖော်ပြလေ့ရှိသနည်း။
၈ မျက်မှောက်ခေတ်၊ သို့မဟုတ် ဒေသစံထားရာအရ ယာကုပ်တုံ့ပြန်ပုံသည် လွန်ကဲပြီး ဇာတ်ဆန်ဆန်အမူပိုလွန်းသည်ဟု အချို့ကယူဆပေမည်။ သို့သော်သူသည် အချိန်ကာလပိုင်းနှင့် ယဉ်ကျေးမှုအရ ယခုခေတ်နှင့်မတူ တစ်မူထူးခြားသောအချိန်တွင် ပေါက်ဖွားခဲ့သူဖြစ်သည်။ သူ၏ စိတ်မသာညည်းတွားခြင်းထင်ရှားပြပုံ—လျှော်တေအဝတ်ကိုပတ်စည်းခြင်း—သည်ဤအကျင့်ကို ကျမ်းစာတွင် ပထမဦးဆုံးအကြိမ် ဖော်ပြခြင်းဖြစ်သည်။ သို့ရာတွင် ဟေဗြဲကျမ်းတွင်ဖော်ပြထားသည့်အတိုင်း စိတ်မသာညည်းတွားကြောင်းကို ငိုကြွေးမြည်တမ်းခြင်း၊ ငိုချင်းများဖွဲ့ နွဲ့ ခြင်းနှင့် ပြာပုံတွင်ထိုင်ခြင်းအားဖြင့်လည်း ဖော်ပြတတ်ကြသည်။ ဟေဗြဲလူမျိုးသည် မိမိတို့၏ဝမ်းနည်းခြင်းကို မချုပ်မတည်း မရှက်မကြောက်ဖော်ပြလေ့ရှိကြောင်း ထင်ရှားပါသည်။a—ယေဇကျေလ ၂၇:၃၀-၃၂; အာမုတ် ၈:၁၀။
ယေရှုခေတ်တွင် ပူဆွေးသောကရောက်ခြင်း
၉၊ ၁၀။ (က) လာဇရုသေဆုံးခြင်းကို ယေရှုမည်သို့တုံ့ပြန်ခဲ့သနည်း။ (ခ) ယေရှုတုံ့ပြန်ပုံက ကိုယ်တော့်အကြောင်း အဘယ်အရာကို သိနားလည်စေသနည်း။
၉ ယေရှု၏ အစောပိုင်းတပည့်တော်များအကြောင်း ဘာပြောဆိုနိုင်သနည်း။ ဥပမာ၊ လာဇရုသေဆုံးချိန်တွင် သူ၏အစ်မများဖြစ်သူ မာသနှင့်မာရိတို့သည် သူတို့၏ပူဆွေးသောကကို မျက်ရည်ကျ၍ငိုကြွေးခြင်းအားဖြင့် တင်ပြခဲ့ကြသည်။ ထိုအရပ်သို့ စုံလင်သူယေရှုရောက်လာသောအခါ ကိုယ်တော်မည်သို့တုံ့ပြန်ခဲ့သနည်း။ ယောဟန်၏မှတ်တမ်းက ဤသို့ဆိုသည်– “မာရိသည် ယေရှုရှိတော်မူရာအရပ်သို့ရောက်၍ ကိုယ်တော်ကိုမြင်လျှင် ခြေတော်ရင်း၌ပျပ်ဝပ်လျက် ‘သခင်၊ ကိုယ်တော်ရှိတော်မူလျှင် ကျွန်မ၏မောင်မသေပါ’ ဟုလျှောက်၏။ မာရိမှစ၍ လိုက်လာသောယုဒလူတို့သည် ငိုကြွေးကြသည်ကို ယေရှုသည်မြင်တော်မူသောအခါ အလွန်ညှိုးငယ်ခြင်း၊ စိတ်ပူပန်ခြင်းရှိ၍ ‘အလောင်းကို အဘယ်မှာထားကြသနည်း’ ဟုမေးတော်မူလျှင် ‘သခင်ကြွ၍ကြည့်တော်မူပါ’ ဟုလျှောက်ကြ၏။ ယေရှုသည် မျက်ရည်ကျတော်မူ၏။”—ယောဟန် ၁၁:၃၂-၃၅။
၁၀ “ယေရှုသည် မျက်ရည်ကျတော်မူ၏။” ထိုစကားလုံးအနည်းငယ်က ယေရှု၏အလွန်သနားကြင်နာတတ်မှု၊ ထောက်ထားစာနာမှုနှင့် ကိုယ်တော့်ခံစားချက်တို့ကို များစွာဖော်ပြသည်။ ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်ကို ကိုယ်တော်ကောင်းစွာသိရှိထားလျက်ပင် “ယေရှုသည် မျက်ရည်ကျတော်မူ၏။” (ယောဟန် ၁၁:၃၅) တွေ့မြင်သူတို့က ဤသို့ဆိုကြောင်း မှတ်တမ်းတွင်ဆက်ဖော်ပြသည်– “ကြည့်ပါ! လာဇရုကို အလွန်ချစ်တော်မူပါသည်တကား!” မိတ်ဆွေတစ်ဦး သေဆုံးသွားသဖြင့် စုံလင်သောသူယေရှု မျက်ရည်ကျတော်မူလျှင် ယနေ့ အမျိုးသမီး၊ အမျိုးသားတစ်ဦးသည် ငိုကြွေးမြည်တမ်းပါက ရှက်စရာမဟုတ်ပါ။—ယောဟန် ၁၁:၃၆။
ကွယ်လွန်သူများအတွက် အဘယ်မျှော်လင့်ချက်ရှိသနည်း
၁၁။ (က) ဝမ်းနည်းပူဆွေးခြင်းနှင့်ပတ်သက်၍ ကျမ်းစာဥပမာများမှ ကျွန်ုပ်တို့အဘယ်အရာကို သင်ယူနိုင်သနည်း။ (ခ) မျှော်လင့်ချက်မရှိသူများနည်းတူ ကျွန်ုပ်တို့အဘယ်ကြောင့် ပူဆွေးသောကမရောက်ကြသနည်း။
၁၁ ဤကျမ်းစာဥပမာများမှ ကျွန်ုပ်တို့ဘာသင်ယူနိုင်သနည်း။ ပူဆွေးသောကရောက်ခြင်းသည် ဓမ္မတာပင်ဖြစ်ပြီး ကိုယ်ချင်းစာနာမှုရှိကြောင်းနှင့် ဝမ်းနည်းခြင်းကို ဖော်ပြရန် မရှက်မကြောက်သင့်ကြောင်း သိရှိရသည်။ ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်ကြောင့် စိတ်သက်သာမှုရှိသည့်တိုင် မိမိချစ်မြတ်နိုးရသူတစ်ဦးသေဆုံးသွားခြင်းသည် အမှန်တကယ်ပင် ဝမ်းနည်းကြေကွဲဖွယ်ရာဖြစ်ပြီး ပူဆွေးသောကရောက်စရာပင်ဖြစ်သည်။ ဆယ်စုနှစ်ပေါင်းများစွာတိုင် နှစ်ချီ၍ ရင်းနှီးခင်မင်စွာပေါင်းသင်းနေရင်း ရုတ်တရက်ဝမ်းနည်းကြေကွဲဖွယ် ခွဲခွာသွားရ၏။ မှန်ပါသည်၊ မျှော်လင့်ချက်မရှိသူများ သို့မဟုတ် တလွဲမျှော်ကိုးသူများနည်းတူ ကျွန်ုပ်တို့ဝမ်းနည်းပူဆွေးကြမည်ကားမဟုတ်ပါ။ (၁ သက်သာလောနိတ် ၄:၁၃) ထို့ပြင် ဒဏ္ဍာရီမျှဖြစ်သည့် မသေနိုင်သောဝိညာဉ်ရှိသည်၊ သို့မဟုတ် ဘဝကူးပြောင်းခြင်းအားဖြင့် ဆက်အသက်ရှင်သည်ဟူသောအယူများကြောင့် ကျွန်ုပ်တို့လှည့်စားခြင်းမခံကြပါ။ ‘ဖြောင့်မတ်ခြင်းတရားတည်ရှိရာ မိုးကောင်းကင်အသစ်နှင့်မြေကြီးအသစ်’ ကိုယေဟောဝါကတိထားတော်မူကြောင်း ကျွန်ုပ်တို့သိရှိထားသည်။ (၂ ပေတရု ၃:၁၃) “ဘုရားသခင်သည် သူတို့၏မျက်စိ၌ မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တစ်ဖန် သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ။ အကြောင်းမူကား၊ ရှေးဖြစ်ဖူးသောအရာတို့သည် ရွေ့သွားကြပြီ။”—ဗျာဒိတ် ၂၁:၄။
၁၂။ ရှင်ပြန်ထမြောက်ခြင်းကို ပေါလုယုံကြည်ကြောင်း မည်သို့ဖော်ပြသနည်း။
၁၂ ကွယ်လွန်သူများအတွက် အဘယ်မျှော်လင့်ချက်ရှိသနည်း။b ခရစ်ယာန်စာရေးဆရာပေါလုသည် ကျွန်ုပ်တို့အား စိတ်သက်သာမှုနှင့်မျှော်လင့်ချက်ရှိစေရန် ဤသို့ရေးသားဖို့ မှုတ်သွင်းခံရသည်– “နောက်ဆုံးသောရန်သူတည်းဟူသောသေမင်းသည် ဆုံးရှုံးခြင်းသို့ရောက်ရလတ္တံ့။” (၁ ကောရိန္သု ၁၅:၂၆) သတင်းကောင်းကျမ်းက ဤသို့ဆိုသည်– “နောက်ဆုံးနှိမ်နင်းရမည့်ရန်သူကား သေမင်းပင်ဖြစ်၏။” ယင်းကို ပေါလုအဘယ်ကြောင့် စိတ်ချနိုင်သနည်း။ အကြောင်းမူကား သေခြင်းမှထမြောက်ခဲ့သူ ယေရှုခရစ်၏သွန်သင်ခြင်းကိုခံခဲ့ရ၍ ဘာသာဝင်တစ်ဦးဖြစ်လာခဲ့သောကြောင့်ဖြစ်သည်။ (တမန်တော် ၉:၃-၁၉) ယင်းကြောင့်လည်း ပေါလု ဤသို့ပြောဆိုနိုင်ခြင်းဖြစ်သည်– “သို့ဖြစ်၍ လူ [အာဒံ] အားဖြင့်သေခြင်းတရားသည်တည်သကဲ့သို့ သေသောသူတို့၏ထမြောက်ခြင်းတရားသည် လူ [ယေရှု] အားဖြင့်တည်လျက်ရှိ၏။ လူအပေါင်းတို့သည် အာဒံအားဖြင့် သေခြင်းသို့ရောက်သည်နည်းတူ လူအပေါင်းတို့သည် ခရစ်တော်အားဖြင့် အသက်ရှင်ခြင်းသို့ရောက်ရကြလတ္တံ့။”—၁ ကောရိန္သု ၁၅:၂၁၊ ၂၂။
၁၃။ မျက်မြင်သက်သေများစွာတို့သည် လာဇရုရှင်ပြန်ထမြောက်လာသည့်အတွက် မည်သို့တုံ့ပြန်ကြသနည်း။
၁၃ ယေရှု၏သွန်သင်ချက်သည် စိတ်သက်သာမှုကြီးစွာရှိစေ၍ အနာဂတ်အတွက် မျှော်လင့်ချက်ရှိစေသည်။ ဥပမာ၊ လာဇရုအဖြစ်အပျက်တွင် ကိုယ်တော်ဘာလုပ်တော်မူသနည်း။ လေးရက်တိုင်ရှိနေသော လာဇရုခန္ဓာကိုယ်ရှိရာသင်္ချိုင်းအရပ်သို့ ကိုယ်တော်သွားခဲ့သည်။ ဆုတောင်းတော်မူပြီးနောက် “ဤသို့ . . . မိန့်မြွက်တော်မူပြီးမှ ‘လာဇရုထွက်၍လာလော့’ ဟုကြီးသောအသံနှင့်ဟစ်ခေါ်တော်မူ၏။ ထိုအခါ သေလွန်သောသူသည် မိမိခြေလက်၌ပုဆိုးနံငယ်နှင့်ရစ်ပတ်လျက် မျက်နှာကိုလည်း ပဝါနှင့်စည်းလျက် ထွက်လာ၏။ ယေရှုကလည်း ‘သူ့ကိုဖြေ၍လွှတ်ကြလော့’ ဟုမိန့်တော်မူ၏။ မာသနှင့်မာရိတို့၏ အံ့သြရွှင်လန်းသောမျက်နှာကို သင်မြင်ယောင်နိုင်သလော။ ဤအံ့သြဖွယ်ရာကို အိမ်နီးနားချင်းတို့ တွေ့မြင်ကြသောအခါ မည်မျှအံ့အားသင့်လိုက်ကြမည်ဖြစ်ခြင်း! ယင်းကိုတွေ့မြင်သူမြောက်မြားစွာတို့သည် ယေရှုကို ယုံကြည်လာကြခြင်းသည် အံ့ဩစရာမဟုတ်ပါ။ သို့ရာတွင် ကိုယ်တော်၏ဘာသာရေးရန်သူများမူကား “ကိုယ်တော်၏အသက်ကိုသတ်ခြင်းငှာ တိုင်ပင်ကြံစည်ကြ၏။”—ယောဟန် ၁၁:၄၁-၅၃။
၁၄။ လာဇရု၏ရှင်ပြန်ထမြောက်ခြင်းသည် အဘယ်အရာ၏ တိုကင်ဖြစ်သနည်း။
၁၄ မျက်မြင်သက်သေမြောက်မြားစွာတို့၏ရှေ့တွင် ထိုမမေ့နိုင်သော ရှင်ပြန်ထမြောက်ခြင်းအမှုကို ယေရှုပြုတော်မူခဲ့သည်။ ၎င်းသည် ယင်းအချိန်မတိုင်မီက ကိုယ်တော်တင်ကြိုဟောပြောတော်မူခဲ့သော အနာဂတ်ထမြောက်ခြင်း၏ တိုကင်ဖြစ်သည်။ ထိုစဉ်က ကိုယ်တော်သည် ဤသို့မိန့်တော်မူခဲ့၏– “ဤအမှုအရာကို အံ့သြခြင်းမရှိကြနှင့်။ သင်္ချိုင်းများမှာရှိသောသူအပေါင်းတို့သည် [ဘုရားသခင့်] သားတော်၏စကားသံကိုကြား၍ ထွက်ရမည့်အချိန်ကာလရောက်လတ္တံ့။ ကောင်းသောအကျင့်ကိုကျင့်သောသူတို့သည် အသက်ရှင်ရာထမြောက်ခြင်းသို့လည်းကောင်း၊ ဆိုးယုတ်သောအကျင့်ကိုကျင့်သောသူတို့သည် အပြစ်စီရင်ရာထမြောက်ခြင်းသို့လည်းကောင်း ထွက်ရကြလတ္တံ့။”—ယောဟန် ၅:၂၈၊ ၂၉။
၁၅။ ယေရှု ရှင်ပြန်ထမြောက်ပြီဖြစ်ကြောင်းကို ပေါလုနှင့်အာနနိတို့သည် အဘယ်သာဓကရရှိကြသနည်း။
၁၅ ရှေ့တွင်ဖော်ပြခဲ့သည့်အတိုင်း တမန်တော်ပေါလုသည် ရှင်ပြန်ထမြောက်ခြင်းကို ယုံကြည်သည်။ အဘယ်အခြေခံပေါ်တွင်နည်း။ တစ်ချိန်က သူသည် ခရစ်ယာန်များကိုညှဉ်းဆဲသူအဖြစ် နာမည်ကြီးခဲ့သော ရှောလုဖြစ်သည်။ ယုံကြည်သူများသည် သူ့အားထိတ်လန့်ကြောက်ရွံ့နေကြသည်။ အမှန်ဆိုလျှင်သူသည် ခရစ်ယာန်အာဇာနည်သူရဲကောင်း သတေဖန်ကို ကျောက်ခဲနှင့်ပစ်သတ်ရန် သဘောတူညီခဲ့သူတစ်ဦး မဟုတ်ပေလော။ (တမန်တော် ၈:၁; ၉:၁၊ ၂၊ ၂၆) သို့တိုင် ဒမာသက်မြို့သို့သွားစဉ် ရှင်ပြန်ထမြောက်ခဲ့သောခရစ်တော်သည် ရှောလုအား အသိတရားရရန် ခေတ္တမျက်စိကွယ်စေတော်မူခဲ့သည်။ ဤအသံကို ရှောလုကြားခဲ့သည်– “ရှောလု၊ ရှောလု၊ အဘယ်ကြောင့်ငါ့ကိုညှဉ်းဆဲသနည်း။” သူက ဤသို့ဆိုသည်– ‘သခင်၊ ကိုယ်တော်သည် အဘယ်သူနည်း။’ ကိုယ်တော်က ဤသို့ဖြေသည်– ‘ငါကား သင်ညှဉ်းဆဲနေသောယေရှုဖြစ်သည်။’ ထိုရှင်ပြန်ထမြောက်ခဲ့သောခရစ်တော်ကိုယ်တိုင်ပင် ဒမာသက်မြို့တွင်နေထိုင်သောအာနနိအား ရှောလုဆုတောင်းနေသည့်အိမ်သို့သွား၍ မျက်စိပြန်မြင်စေရန် ညွှန်ကြားတော်မူသည်။ ယင်းကြောင့် ရှောလုနှင့်အာနနိတို့သည် သူတို့၏ကိုယ်တိုင်တွေ့ကြုံမှု ရှင်ပြန်ထမြောက်ခြင်းကို ယုံကြည်နိုင်ကြသည်။—တမန်တော် ၉:၄၊ ၅၊ ၁၀-၁၂။
၁၆၊ ၁၇။ (က) ပင်ကိုရှိရင်းစွဲ လူ့မသေနိုင်သော ဝိညာဉ်စိုးလ်ရှိသည်ဟူသည့် ဂရိအယူကို ပေါလုမယုံကြည်ကြောင်း ကျွန်ုပ်တို့မည်သို့သိရှိနိုင်သနည်း။ (ခ) သမ္မာကျမ်းစာက အဘယ်ခိုင်လုံသောမျှော်လင့်ချက်ပေးသနည်း။ (ဟေဗြဲ ၆:၁၇-၂၀)
၁၆ တမန်တော်ပေါလုဟုခေါ်သောရှောလုသည် ကိုယ်ကိုယ်တိုင်ညှဉ်းဆဲခံရသောခရစ်ယာန်တစ်ဦးဖြစ်လာလေသောအခါ မြို့ဝန်မင်းဖေလဇ်ရှေ့တွင် မည်သို့ဖြေဆိုခဲ့သည်ကို သတိပြုပါ။ တမန်တော် ၂၄:၁၅ တွင် ဤသို့ဖတ်ရှုရသည်– “ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူရှိသမျှတို့သည် သေခြင်းမှထမြောက်ကြလိမ့်မည်ဟူ၍ . . . အကျွန်ုပ်လည်း ဘုရားသခင်ကိုအမှီပြု၍ မျှော်လင့်ပါ၏။” ပေါလုသည် ဒဏ္ဍာရီဆိုင်ရာ တမလွန်ဘဝ သို့မဟုတ် နာမ်လောကသို့ကူးပြောင်းသွားသည်ဟုယူမှတ်သော ပင်ကိုရှိရင်းစွဲ လူ့မသေနိုင်သော ဝိညာဉ်စိုးလ်ရှိသည်ဟူသည့် တိတ္ထိဂရိအယူကိုမယုံကြည်ကြောင်း ထင်ရှားသည်။ ရှင်ပြန်ထမြောက်ခြင်းကို သူယုံကြည်သည့်အလျောက် ယင်းကိုယုံကြည်ကိုးစားရန် သွန်သင်ပေးခဲ့သည်။ ယင်းကြောင့် အချို့သူတို့သည် ခရစ်တော်နှင့်အတူ ကောင်းကင်တွင် နာမ်ဝိညာဉ်အဖြစ် မသေနိုင်သောအသက်တာဆုကျေးဇူးကိုရပြီး အများစုမှာမူ စုံလင်သောကမ္ဘာမြေကြီးပေါ်သို့ ပြန်အသက်ရှင်လာကြမည်။—လုကာ ၂၃:၄၃; ၁ ကောရိန္သု ၁၅:၂၀-၂၂၊ ၅၃၊ ၅၄; ဗျာဒိတ် ၇:၄၊ ၉၊ ၁၇; ၁၄:၁၊ ၃။
၁၇ ယင်းကြောင့် သမ္မာကျမ်းစာက ရှင်ပြန်ထမြောက်ခြင်းအားဖြင့် မြောက်မြားစွာသောသူတို့သည် အလွန်ထူးခြားသောအခြေအနေမျိုးအောက်ရှိ ဤကမ္ဘာမြေကြီးပေါ်တွင် မိမိတို့ချစ်မြတ်နိုးရသူများနှင့် တစ်ဖန်ပြန်တွေ့ဆုံကြမည်ဟု ရှင်းလင်းပြတ်သားသောကတိတော်နှင့် ခိုင်လုံသောမျှော်လင့်ချက်ကိုပေးသည်။ —၂ ပေတရု ၃:၁၃; ဗျာဒိတ် ၂၁:၁-၄။
ပူဆွေးသောကရောက်သူများအတွက် လက်တွေ့ကျအကူအညီ
၁၈။ (က) “ဘုရားရေးရာကြောက်ရွံ့ခြင်း” စည်းဝေးပွဲကြီးများတွင် အဘယ်အထောက်အကူပြုသော လက်နက်ကိရိယာတစ်ခုကို ထုတ်ဝေခဲ့သနည်း။ (အကွက်ကို ရှု။) (ခ) အဘယ်မေးခွန်းများကို ယခုဖြေဆိုရန်လိုသနည်း။
၁၈ ယခု ကျွန်ုပ်တို့သတိရလွမ်းဆွတ်စရာများနှင့် ဝမ်းနည်းကြေကွဲစရာများ ရှိနေပါသည်။ ဤခဲယဉ်းသောပူဆွေးသောကကာလကို ကျော်လွှားနိုင်ရန် ဘာလုပ်ကိုင်နိုင်သနည်း။ ဝမ်းနည်းပူဆွေးသူများအား အခြားသူတို့သည် မည်သို့ကူညီပေးနိုင်သနည်း။ ထို့ပြင် လယ်ကွင်းဓမ္မအမှုတွင် ကျွန်ုပ်တို့တွေ့ဆုံသော မျှော်လင့်ချက်အစစ်အမှန်မရှိ၍ ပူဆွေးရသူ၊ စိတ်ရင်းမှန်သူများကို မည်သို့ကူညီပေးနိုင်မည်နည်း။ သေခြင်း၌အိပ်ပျော်ခဲ့သော ကျွန်ုပ်တို့ချစ်မြတ်နိုးရသူများနှင့်စပ်လျဉ်း၍ သမ္မာကျမ်းစာမှ အဘယ်ထပ်ဆင့်စိတ်သက်သာမှုကို ရရှိနိုင်ဦးမည်နည်း။ နောက်ဆက်တွဲဆောင်းပါးက အကြံပြုချက်အချို့ကို ဖော်ပြပါလိမ့်မည်။
[အောက်ခြေမှတ်ချက်များ]
a ကျမ်းစာခေတ်က ငိုကြွေးမြည်တမ်းခြင်းအကြောင်းကို ပိုမိုသိရှိရန် ကင်းမျှော်စင် သမ္မာကျမ်းစာနှင့်ဝေစာအသင်း ထုတ်ဝေသော ကျမ်းစာစောင်များအပေါ်ထိုးထွင်းသိမြင်ခြင်း [လိပ်] အတွဲ ၂၊ စာမျက်နှာ ၄၄၆-၇ ကိုရှု။
b သမ္မာကျမ်းစာတွင်တွေ့ရသော ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်အကြောင်း ပိုမိုသိရှိရန် ကင်းမျှော်စင် သမ္မာကျမ်းစာနှင့်ဝေစာအသင်း ထုတ်ဝေသော ကျမ်းစာစောင်များအပေါ်ထိုးထွင်းသိမြင်ခြင်း [လိပ်] အတွဲ ၂၊ စာမျက်နှာ ၇၈၃-၉၃ ကိုရှု။
သင်ဖြေဆိုနိုင်သလော
◻ သေခြင်းသည် ရန်သူကြီးတစ်ပါးဖြစ်ကြောင်း အဘယ်ကြောင့်ပြောဆိုနိုင်သနည်း။
◻ ကျမ်းစာခေတ်က ဘုရားသခင်၏ကျေးကျွန်များသည် သူတို့၏ပူဆွေးသောကကို မည်သို့ဖော်ပြခဲ့ကြသနည်း။
◻ ချစ်မြတ်နိုးရသောကွယ်လွန်သူများအတွက် အဘယ်မျှော်လင့်ချက်ရှိသနည်း။
◻ ရှင်ပြန်ထမြောက်ခြင်းကိုယုံကြည်ရန် ပေါလုအတွက် အဘယ်အခြေခံသောအကြောင်းရှိသနည်း။
[စာမျက်နှာ ၈၊ ၉ ပါ လေးထောင့်ကွက်]
ပူဆွေးသောကရောက်သူများအတွက် လက်တွေ့ကျအကူအညီ
၁၉၉၄-၉၅ ခုနှစ်အတွင်းကျင်းပခဲ့သော “ဘုရားရေးရာကြောက်ရွံ့ ခြင်း” စည်းဝေးပွဲကြီးများတွင် သင်ချစ်မြတ်နိုးရသူတစ်ဦး သေဆုံးသည့်အခါ [လိပ်] ဘရိုရှာအသစ်တစ်ခုကို ထုတ်ဝေလိုက်ကြောင်း ကင်းမျှော်စင်အသင်းက ကြေညာခဲ့သည်။ ဘာသာစကားအသီးသီးပြောဆိုသော လူမျိုးအပေါင်းအတွက် စိတ်သက်သာမှုရှိစေရန် ဤအားပေးစာစောင်ကို ပုံနှိပ်ထုတ်ဝေထားခြင်းဖြစ်သည်။ သင်တွေ့ ရှိခဲ့မည်ဖြစ်သည့်အတိုင်းပင် သေခြင်းနှင့် လူသေများ၏အခြေအနေအကြောင်း ကျမ်းစာ၏ရှင်းလင်းချက်ရိုးရိုးကလေးကို ဤစာစောင်က တင်ဆက်ထားသည်။ ထိုထက်အရေးကြီးသည်ကား ခရစ်တော်ယေရှုမှတစ်ဆင့် ဘုရားသခင်ကတိထားတော်မူသည့် သန့်ရှင်းစင်ကြယ်သောပရဒိသုကမ္ဘာမြေကြီးထဲသို့ အသက်ရှင်ရာထမြောက်ခြင်းအကြောင်းကို ပေါ်လွင်ထင်ရှားစွာဖော်ပြထားခြင်းဖြစ်သည်။ ဝမ်းနည်းကြေကွဲသူများအတွက် အမှန်တကယ်စိတ်သက်သာမှုရရှိစေပါသည်။ ထို့ကြောင့် ခရစ်ယာန်ဓမ္မအမှုတွင် အထောက်အကူပြုသောလက်နက်ကိရိယာတစ်ခုဖြစ်သင့်သည်။ စိတ်ဝင်စားမှုကိုလည်း နှိုးဆွပေးနိုင်မည်ဖြစ်၍ အိမ်တွင်းကျမ်းစာသင်အံမှုမြောက်မြားစွာ ရရှိနိုင်စရာအကြောင်းရှိသင့်သည်။ လေ့လာရန်အတွက်မေးခွန်းများကို အပိုင်းတစ်ပိုင်းစီ၏အဆုံးတွင် အကွက်ကလေးများ၌ ဖော်ပြထားရာ စိတ်ရင်းမှန်သော ဝမ်းနည်းကြေကွဲသူမည်သူမဆိုနှင့် ဆွေးနွေးတင်ပြချက်တို့ကို လွယ်ကူစွာပြန်သုံးသပ်စေနိုင်ပါမည်။
[စာမျက်နှာ ၈ ပါ ရုပ်ပုံ]
လာဇရုသေဆုံးသောအခါ ယေရှုသည် မျက်ရည်ကျတော်မူ၏
[စာမျက်နှာ ၉ ပါ ရုပ်ပုံ]
ယေရှုသည် လာဇရုအား သေရာမှ ထမြောက်စေတော်မူ၏
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
First Mourning, by W. Bouguereau, from original glass plate in Photo-Drama of Creation, 1914