လူကောင်းများ အဘယ်ကြောင့်ဒုက္ခဆင်းရဲခံရသနည်း
ခုနှစ်သက္ကရာဇ်မှာ ၁၉၁၄ ဖြစ်၍ကမ္ဘာစစ်ဖြစ်နေသည်။ ရုတ်တရက်ပင် ဆားဘီးယားရှိ စစ်သုံ့ပန်းများတပ်စခန်းတွင် တိုက်ဖတ်ရောဂါဖြစ်ပွားလာသည်။ သို့သော် ယင်းသည်အစသာဖြစ်သည်။ ထိုထိတ်လန့်ဖွယ်ရောဂါသည် ပြည်သူလူထုထံ ပြန့်ပွားသွား၍ ခြောက်လအတွင်းပင် ရောဂါသည် ၁၅၀,၀၀၀ သေဆုံးခဲ့သည်။ စစ်အတွင်းအခြေအနေနှင့် ယင်းနောက်ရုရှားနိုင်ငံတွင်ဖြစ်ပျက်ခဲ့သော တော်လှန်မှုအတွင်း လူသုံးသန်းတိုက်ဖတ်ဖြစ်၍သေလွန်ခဲ့ကြပါသည်။ ထိုတွင် လူကောင်းများစွာနှင့် သူတို့၏ပူဆွေးကျန်ရစ်သူမိသားစုများလည်း ပါဝင်မည်ဖြစ်သည်။
ဤကား ကြေကွဲဖွယ်အဖြစ်ဆိုးတစ်ခုသာဖြစ်သည်။ မိမိမြတ်နိုးရသူတစ်ဦး ရောဂါ၊ မတော်တဆမှုတစ်ခုခု၊ ဘေးဒဏ်တစ်မျိုးမျိုးခံရခြင်းကြောင့် သင်ကိုယ်တိုင်စိတ်ဝေဒနာခံစားခဲ့ဖူးပေမည်။ ဖြောင့်မတ်သူတစ်ဦးသည် ကုသ၍မရနိုင်သောရောဂါဆိုး၏ဝေဒနာခံနေရသည်ကိုတွေ့ရှိရ၍ သင်စိတ်မကောင်းဖြစ်နေမည်။ ကြိုးစားပမ်းစားအလုပ်လုပ်ကိုင်သည့် အိမ်ထောင်သည်တစ်ဦးအစရှိသည့် လူကောင်းတစ်ဦးတစ်ယောက်သည် မတော်တဆဖြစ်မှုတွင် သေကျေပျက်စီးသွားသည့်အခါ သင်အလွန်ဝမ်းနည်းပေလိမ့်မည်။ ပူဆွေးကျန်ရစ်သူ၏ ဝမ်းနည်းခြင်းသည် သင့်အားအလွန်စိတ်ထိခိုက်စေပေမည်။
ကောင်းမှုပြုသူသည် ဒုက္ခဝေဒနာမခံသင့်ဟု အများယူမှတ်ပါသည်။ အချို့ဆိုလျှင် ဒုက္ခဆင်းရဲရောက်သူသည် အပြစ်ပြုခဲ့သူဖြစ်လိမ့်မည်ဟူ၍ပင် ယူမှတ်ကြ၏။ လွန်ခဲ့သောနှစ်ပေါင်း ၃,၆၀၀ ခန့်ကအသက်ရှင်ခဲ့သူသုံးဦး ဤအတိုင်းပင်ယူမှတ်ဖူးသည်။ သူတို့သည် လူကောင်းတစ်ဦးဖြစ်သူယောဘနှင့် တစ်ခေတ်တည်းသားများဖြစ်ကြသည်။ လူကောင်းများ အဘယ်ကြောင့်ဒုက္ခဆင်းရဲခံရသနည်း ဟူသောမေးခွန်း၏အဖြေအတွက် ရှာပုံတော်စဖွင့်ကြစဉ် အဆိုပါသူများခေတ်သို့ ပြန်သွားကြည့်ကြစို့။
ယောဘ၏ဒုက္ခဆင်းရဲများ
ယောဘ၏မိတ်ဆွေများဟုထင်မှတ်ရသူသုံးဦးသည် သူ့ထံရောက်ရှိလာစဉ်အခါ သူသည်ရောဂါဝေဒနာကို အပြင်းအထန်ခံစားနေရရှာသည်။ သားသမီးဆယ်ယောက် သေကျေပျက်စီးခဲ့ရုံမက စည်းစိမ်ဥစ္စာအားလုံးကိုလည်း ဆုံးရှုံးခဲ့ပေပြီ။ တစ်ချိန်က ယောဘကိုလေးစားကြည်ညိုခဲ့သူများသည် ယခုသူ့အား ရွံရှာနေကြသည်။ ဇနီးဖြစ်သူပင် သူ့ကိုအားမပေးတော့ဘဲ ဘုရားသခင်ကိုကျိန်ဆဲပြီးသေဖို့ တိုက်တွန်းပါသည်။—ယောဘ ၁:၁—၂:၁၃။ ၁၉:၁၃-၁၉။
တစ်ပတ်လုံးလုံး နေ့ညမပြတ်ဘဲ ယောဘ၏ဧည့်သည်တို့သည် စကားတစ်ခွန်းမျှမပြောမဆို သူ၏ဝေဒနာကိုရှုစားနေကြသည်။ ထိုနောက်တစ်ဦးက မတရားမှုပြုမူခဲ့ခြင်းကြောင့် ဤသို့ဒဏ်သင့်နေဟန်တူသည်ဟုစွပ်စွဲလေသည်။ “အပြစ်နှင့်ကင်းလွတ်လျက်ပင် ပျက်စီးခြင်းသို့အဘယ်သူရောက်သနည်း။ ဖြောင့်မတ်သောသူသည် အဘယ်အရပ်၌ ဆုံးသနည်းဟုဆင်ခြင်ပါလော့။ ငါသိမြင်သည်အတိုင်း မတရားသောလယ်ထွန်ခြင်းကိုပြုသောသူနှင့် အဓမ္မမျိုးစေ့ကိုကြဲသောသူတို့သည် ထိုသို့နှင့်အညီ စပါးရိတ်တတ်ကြ၏။ ဘုရားသခင်မှုတ်တော်မူသဖြင့် ထိုသူတို့သည် ပျက်စီး၍ ရှူတော်မူသောအသက်ဖြင့်လည်း ဆုံးရှုံးရကြ၏” ဟူ၍ဧလိဖတ်ပြောလေသည်။—ယောဘ ၄:၇-၉။
ဘုရားသခင်သည် ယောဘ၏အပြစ်များကြောင့် သူ့အားဒဏ်စီရင်နေသည်ဟု ဧလိဖတ်အခိုင်အမာပြောဆိုခဲ့သည်။ ယနေ့လည်း အချို့သူများက ဘေးသင့်ရခြင်းသည် အပြစ်ပြုသူတို့အတွက် ဘုရားသခင်စီရင်ခြင်းဖြစ်သည်ဟုဆိုကြသည်။ သို့သော် မတရားမှုများပြုခဲ့သောကြောင့် ယောဘကိုယေဟောဝါအပြစ်ပေးနေခြင်းမဟုတ်ကြောင်း နောင်တွင် ဧလိဖတ်အားဘုရားသခင်မိန့်တော်မူသည့် ဤစကားများမှသိရှိရသည်။ “သင်နှင့်သင်၏အဆွေခင်ပွန်းနှစ်ယောက်ကို ငါအမျက်ထွက်၏။ အကြောင်းမူကား၊ ငါ့ကျွန်ယောဘသည် ငါ့အကြောင်းအရာတို့ကိုဟုတ်မှန်စွာပြောသကဲ့သို့ သင်တို့သည် မပြော။”—ယောဘ ၄၂:၇။
ဘုရားသခင်အားအပြစ်ဆိုစရာမရှိ
ယနေ့လူကောင်းများပါအပါအဝင် သန်းပေါင်းများစွာသောသူတို့သည် ဆင်းရဲနွမ်းပါးလျက် ငတ်မွတ်ခြင်းဘေးရောက်လုဆဲဆဲရှိနေကြသည်။ အချို့ဝေဒနာသည်များသည် စိတ်နာကြည်းပြီး ဘုရားသခင်ကိုအပြစ်ဖို့ကြသည်။ သို့သော်ငတ်မွတ်ခြင်းဘေးအတွက် ကိုယ်တော်ကိုအပြစ်တင်စရာမဟုတ်။ အမှန်မှာ၊ ကိုယ်တော်သည် လူသားတို့အတွက် အစားအစာစီမံပေးသူဖြစ်သည်။—ဆာလံ ၆၅:၉။
အတ္တသဘောနှင့်အခြားလူ့ကြန်အင်လက္ခဏာများကြောင့် ငတ်ပြတ်နေသူတို့ထံ ရိက္ခာမရောက်ရှိခြင်းဖြစ်နိုင်သည်။ ငတ်မွတ်ခေါင်းပါးခြင်း တရားခံတစ်ခုမှာ စစ်မက်လည်းဖြစ်သည်။ ဥပမာ The World Book Encyclopedia ကဤသို့ဆိုသည်။ “လယ်သမားတို့သည် မိမိတို့လယ်ယာကိုစွန့်၍ စစ်တိုက်ကြမည်ဆိုလျှင် စစ်မှုကြောင့် ငတ်မွတ်ခေါင်းပါးမှုဖြစ်လာပေမည်။ အချို့သောအခါများတွင် ရန်သူအား လက်မြှောက်အရှုံးပေးစေခြင်းငှာ ငတ်မွတ်ခေါင်းပါးခြင်းကို စစ်ဗျူဟာအဖြစ် တမင်ဖန်တီးပေးခဲ့သည်။ စစ်တပ်တို့သည် သိုလှောင်ထားသောစားနပ်ရိက္ခာနှင့် ကောက်ပဲသီးနှံတို့ကို ဖျက်ဆီးပစ်ကာ ရန်သူ၏ရိက္ခာခမ်းသွားစေရန် ဝန်းရံပိတ်ဆို့ထားတတ်သည်။ ဤသို့သောဝန်းရံပိတ်ဆို့မှုများကြောင့် နိုင်ဂျီးရီးယားပြည်တွင်းစစ် (၁၉၆၇-၁၉၇၀) အတွင်းဘီအာဖရာနယ်သို့ အစာရေစာမရောက်နိုင်ခဲ့ပါ။ သို့နှင့်ငတ်မွတ်ခေါင်းပါးခဲ့ရာ ဘီအာဖရာနယ်သားတစ်သန်းကျော် ငတ်ပြတ်ခဲ့ရပေမည်။”
အထူးသဖြင့်ဒုတိယကမ္ဘာစစ်အတွင်းတွင် လူကောင်းများစွာဒုက္ခဆင်းရဲခံရပြီး သေကျေပျက်စီးခဲ့ရသည့်အတွက် ဘုရားသခင်ကိုမှားယွင်းစွာ ပြစ်တင်ရှုတ်ချခဲ့ကြသည်။ အမှန်သော်ကား ဘုရားသခင့်ပညတ်များကို လူတို့ချိုးဖောက်ကာ အချင်းချင်းအမုန်းထားအငြင်းပွား၍ တိုက်ခိုက်သတ်ဖြတ်ကြခြင်းဖြစ်သည်။ အဘယ်ပညတ်သည် “သာ၍မြတ်သနည်း” ဟုမေးမြန်းခံရသောအခါ ယေရှုခရစ်ဤသို့မိန့်တော်မူခဲ့သည်။ “ပညတ်တကာတို့တွင် အမြတ်ဆုံးသောပညတ်ဟူမူကား ‘အိုဣသရေလအမျိုး၊ နားထောင်လော့။ ငါတို့၏ဘုရားသခင်ထာဝရဘုရား [ယေဟောဝါ၊ ကဘ] သည်တစ်ဆူတည်းသောထာဝရဘုရား [ယေဟောဝါ၊ ကဘ] ဖြစ်တော်မူ၏။ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] သည်တစ်ပါးတည်းဖြစ်တော်မူ၏။ သင်၏ဘုရားသခင် ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှနှင့်ချစ်လော့။’ ဤပညတ်သည် ပထမပညတ်ဖြစ်၏။ ထိုမှတစ်ပါး ‘ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့’ ဟူသောဒုတိယပညတ်သည် ပထမပညတ်နှင့်သဘောတူ၏။ ဤပညတ်တို့ထက် သာ၍ကြီးမြတ်သောပညတ်မရှိ။—မာကု ၁၂:၂၈-၃၁။
ဘုရားသခင့်ပညတ်ကိုချိုးဖောက်၍ အချင်းချင်းသတ်ဖြတ်ကြသည့်အတွက် ဝေဒနာခံရမည်ဆိုလျှင် ဘုရားသခင်ကိုအပြစ်တင်သင့်ပါသလော။ မိဘဖြစ်သူက သားသမီးများအား အချင်းချင်းရန်မဖြစ်ကြရန်မှာကြားလျက်ပင် သူ့စကားကိုနားမထောင်သည့်အတွက် ထိခိုက်ဒဏ်ရာရကြမည်ဆိုလျှင် ဖခင်အပြစ်ဖြစ်မည်လော။ လူတို့သည် ဘုရားပေးပညတ်တို့ကိုဥပေက္ခာပြုသည့်အတွက် ဒုက္ခဆင်းရဲရောက်ကြရခြင်းသည် ဘုရားသခင့်အပြစ်မဟုတ်သည်နည်းတူ ဖခင်ကိုအပြစ်ဖို့၍မရေချေ။
ယေဟောဝါ၏ပညတ်တော်များကိုလျစ်လျူရှုသည့်အခါ ဒုက္ခဆင်းရဲရောက်သော်လည်း၊ ဖြစ်တတ်သည့်ဘေးဥပဒ်တို့သည် လူဆိုးအားအပြစ်စီရင်ခြင်းငှာ ဘုရားသခင်ဖန်တီးပြုစုသည်ဟု သမ္မာကျမ်းစာမတင်ပြပါ။ ပထမလူမောင်နှံပြစ်မှားခဲ့သောအခါ ကိုယ်တော်ထံမှရရှိသောအထူးကောင်းချီးနှင့် ကာကွယ်မစမှုကို သူတို့ဆုံးရှုံးခဲ့ကြသည်။ ယေဟောဝါ၏ရည်ရွယ်ချက်များဖြစ်မြောက်အောင်မြင်စေရန် ဘုရားသခင်အရေးယူပြုမူတော်မူသည့်အမှုများမှအပ နေ့စဉ်နှင့်အမျှ လူသားတို့ကြုံတွေ့နေရသည့် အဖြစ်အပျက်တို့သည် ဤကျမ်းစာမူအတိုင်းဖြစ်ရကြသည်။ “လျင်မြန်သောသူသည် ပြိုင်၍ပြေးသော်လည်းမနိုင်တတ်။ ခွန်အားကြီးသောသူသည် စစ်တိုက်၍မအောင်တတ်။ ပညာရှိသောသူသည် ဝစွာမစားတတ်။ ဉာဏ်ကောင်းသောသူသည် စည်းစိမ်ကိုမရတတ်။ လိမ္မာသောသူသည် သူတစ်ပါးရှေ့၌ မျက်နှာမရတတ်။ ခပ်သိမ်းသောသူတို့၌ ကာလအချိန်စေ့ခြင်း၊ အဆင်သင့်ခြင်းရှိသည်အတိုင်းဖြစ်တတ်သည်ကို ငါမြင်၏။”—ဒေသနာ ၉:၁၁။
လူကောင်းရော၊ လူဆိုးပါ ဒုက္ခဆင်းရဲခံရ
အမှန်မှာ အပြစ်နှင့်မစုံလင်မှုကြောင့် လူကောင်းနှင့်လူဆိုးပါ ဒုက္ခဆင်းရဲရောက်တတ်ကြသည်။ (ရောမ ၅:၁၂) ဥပမာ၊ ဖြောင့်မတ်သူနှင့်လူဆိုးများပါ နာကျင်စေသောရောဂါများရတတ်ကြသည်။ “မကြာမကြာခံရသောရောဂါ” သည်တစ်ဦးမှာ သစ္စာရှိခရစ်ယာန် တိမောသေဖြစ်သည်။ (၁ တိမောသေ ၅:၂၃) တမန်တော်ပေါလုက “ကိုယ်၌စူးသောဆူး” အကြောင်းပြောခဲ့စဉ် သူခံစားရသည့် ကာယဒုက္ခတစ်ခုခုကို ဆိုလိုနေခြင်းဖြစ်မည်။ (၂ ကောရိန္သု ၁၂:၇-၉) ကိုယ်တော်၏သစ္စာရှိကျေးကျွန်များအတွက်ပင် မွေးရာပါအားနည်းချို့ယွင်းမှုများ၊ သို့မဟုတ် ရောဂါရလွယ်သည့်အဖြစ်မျိုးတို့ကို ဘုရားသခင်သည် ယခုဖယ်ရှားမပေးပါ။
တစ်ခါတစ်ရံ အမြော်အမြင်နည်းသွားခြင်း၊ သို့မဟုတ် ကျမ်းစာသြဝါဒကိုမကျင့်သုံးခြင်းကြောင့် ဘုရားတရားကြည်ညိုသူတို့ပင် ဒုက္ခဆင်းရဲခံရပေမည်။ ဥပမာတင်ပြရလျှင် ဘုရားသခင့်စကားကိုနားမထောင်ဘဲ မယုံကြည်သူကိုထိမ်းမြားသူသည် ရှောင်ကွင်းနိုင်သည့် အိမ်ထောင်ရေးပြဿနာများကိုရင်ဆိုင်ရပေမည်။ (တရားဟောရာ ၇:၃၊ ၄။ ၁ ကောရိန္သု ၇:၃၉) ခရစ်ယာန်တစ်ဦးသည် အစာကောင်းစွာမစား၊ လုံလောက်စွာအနားမယူလျှင် မိမိကျန်းမာရေးကိုဂရုမစိုက်သည့်အတွက် ဖျားနာကောင်းဖျားနာလိမ့်မည်။
စိတ်ပျော့အညံ့ခံပြီးအပြစ်ပြုမည်ဆိုလျှင် စိတ်ဒုက္ခရောက်နိုင်သည်။ ဗေသရှေဘနှင့် ဒါဝိဒ်မင်းကြီး မတရားမေထုန်ပြုခဲ့သည့်အတွက် ကြီးစွာဒုက္ခရောက်ခဲ့ရ၏။ (ဆာလံ ၅၁) မိမိအပြစ်ကိုဖုံးအုပ်ထားရန်ကြိုးစားနေစဉ်ပင် စိတ်ဝေဒနာရောက်ခဲ့သည်။ “ငါသည် အပြစ်ကိုမဖော်ပြဘဲနေစဉ်အခါ တစ်နေ့လုံးညည်းတွားသောအားဖြင့် ငါ့အရိုးတို့သည် ဆွေးမြေ့ခြင်းသို့ရောက်ကြ၏။ . . . အကျွန်ုပ်၏ချွေးရည်သည် နွေကာလ၌သွေ့ခြောက်ခြင်းကဲ့သို့ဖြစ်ပါ၏” ဟုသူဆိုသည်။ (ဆာလံ ၃၂:၃၊ ၄) မိုးခေါင်ခြင်း၊ သို့မဟုတ် နွေကာလ၏အပူချိန်ကြီးမားခြင်းကြောင့် အပင်သည်ခြောက်သွေ့နိုင်သကဲ့သို့ မိမိ၏ပြစ်မှားမှုကြောင့် ဒါဝိဒ်၏စွမ်းအင်လျော့နည်းခဲ့သည်။ စိတ်ဓာတ်ရေးရာသာမက ကာယရေးဘက်တွင်ပင် သူဝေဒနာခံခဲ့ရမည်။ သို့သော် နောင်တယူပြီးအပြစ်ကိုဝန်ခံလျက် ဘုရားသခင့်ခွင့်လွှတ်ခြင်းကိုခံရခြင်းအားဖြင့် ဤသို့သောစိတ်ဒုက္ခမျိုးသက်သာနိုင်ကြောင်း ဆာလံ ၃၂ ကတင်ပြပါသည်။—သု၊ ၂၈:၁၃။
မကောင်းသောသူတို့သည် အပျော်ကြူးခြင်းကြောင့်ဒုက္ခရောက်တတ်ခြင်းသည် သူတို့အား ဘုရားဒဏ်စီရင်နေခြင်းမဟုတ်ပါ။ ဟေရုဒ်မင်းသည် အကျင့်ဆိုးများကျင့်သည့်အတွက် ရောဂါနှိပ်စက်ခံခဲ့ရ၏။ ဟေရုဒ်မသေမီအချိန်ပိုင်းတွင် “ပြင်းထန်စွာဝေဒနာခံခဲ့ရ၏” ဟုဂျူးသမိုင်းဆရာဂျိုစီးဖပ်စ်ပြောသည်။ “သူ့ကိုယ်သူမနားမနေကုတ်ခြစ်လိုခဲ့သည်။ သူ၏အူမကြီးများသည် အနာဖြစ်နေ၏။ သူ၏အင်္ဂါလည်း ပျက်စီးပြီး လောက်တက်နေသည်။ ကာလီရိုအာအရပ်ရှိရေပူစမ်းတွင် သူ၏အမောဖောက်၊ တက်သည့်ရောဂါ သက်သာမှုရရန်ကြိုးစားခဲ့သော်လည်း အချည်းနှီးပင်ဖြစ်သည်။ . . . ဝေဒနာပြင်းပြလွန်းသဖြင့် မိမိကိုယ်ကိုချွန်ထက်သည့်လက်နက်ဖြင့် ထိုးသတ်ရန်ကြံစည်သည်။ . . . နန်းတွင်း၌ သူ၏အော်ဟစ်သံများကို ကြားနေရကြသည်။”—ပေါလ် အဲလ်၊ မေအာပြန်ဆိုတည်းဖြတ်သည့် Josephus: The Essential Writings.
ဘုရားသခင့်ပညတ်တော်ကိုလိုက်နာခြင်းအားဖြင့် လိင်ဆက်ဆံခြင်းဖြင့်ရရှိသောရောဂါများမှ အကာအကွယ်အချို့ရရှိပါသည်။ သို့တိုင် ဘုရားသခင့်မျက်နှာသာတွေ့လိုသူ၊ လူကောင်းများသည် ဒုက္ခဆင်းရဲများကို ခံသင့်သည်ထက် အဘယ်ကြောင့်ခံနေရကြသနည်း။
ဘုရားတရားကြည်ညိုသူများအဘယ်ကြောင့်ဒုက္ခဆင်းရဲခံရ
ဘုရားတရားကြည်ညိုသူများဒုက္ခခံရသည့် အဓိကအကြောင်းမှာ သူတို့သည် ဖြောင့်မတ်သောကြောင့်ဖြစ်သည်။ ဤစကားမှန်ကန်ကြောင်း ဘိုးဘေးယာကုပ်၏သား ယောသပ်အဖြစ်ကဖော်ပြပါသည်။ ပေါတိဖာ၏ဇနီးသည် သူမနှင့်သံဝါသပြုရန် ယောသပ်အားအမြဲတိုက်တွန်းခဲ့သော်လည်း “အပြစ်ကြီးသောဤအမှုကိုကျွန်တော်ပြု၍ ဘုရားသခင်ကို အဘယ်သို့ပြစ်မှားနိုင်သနည်း” ဟုသူမေးခဲ့သည်။ (ကမ္ဘာဦး ၃၉:၉) ယင်းကြောင့် မတရားသဖြင့်ထောင်ဒဏ်သင့်ခဲ့သည်။ ယောသပ်သည် ဖြောင့်မတ်သည့်အတွက် ဒုက္ခခံခဲ့ရရှာသည်။
သို့သော် ဘုရားသခင်၏သစ္စာရှိကျေးကျွန်များကို ကိုယ်တော်အဘယ်ကြောင့် ဒုက္ခခံစေသနည်း။ ပုန်ကန်သူကောင်းကင်တမန်၊ စာတန်မာရ်နတ်ပြုလုပ်ခဲ့သောပြဿနာတွင် အဖြေပေါ်ပါသည်။ သူပြုလုပ်ခဲ့သည့်ပြဿနာသည် ဘုရားသခင်အပေါ်သမာဓိစောင့်သိခြင်းနှင့် ပတ်သက်နေသည်။ မည်သို့သိရှိနိုင်သနည်း။ ရှေ့တွင်တင်ပြခဲ့သော ဖြောင့်မတ်သူယောဘအဖြစ်တွင် ယင်းအကြောင်းပေါ်လွင်ပါသည်။
ကောင်းကင်တွင် ဘုရားသခင်၏ကောင်းကင်သားတော်များအစည်းအဝေးတစ်ခုတွင် စာတန်အား ယေဟောဝါက “ငါ့ကျွန်ယောဘကို ဆင်ခြင်ပြီလော။ မြေကြီးပေါ်မှာ သူနှင့်တူသောသူတစ်ယောက်မျှမရှိ။ စုံလင်ဖြောင့်မတ်ပေ၏။ ဘုရားသခင်ကိုကြောက်ရွံ့သောသူ၊ မကောင်းသောအကျင့်ကိုရှောင်သောသူဖြစ်သည်” ဟုမေးတော်မူသည်။ လူသားသည် စုံစမ်းခြင်းခံရသည့်အခါ ယေဟောဝါကိုသမာဓိရှိနိုင်၊ မရှိနိုင်မည့်အကြောင်း အငြင်းပွားမှုဖြစ်ခဲ့သည်ကို မာရ်နတ်၏ဖြေဆိုချက်က ထင်ရှားစေသည်။ ယောဘသည် ဘုရားသခင်ကိုချစ်မြတ်နိုး၍မဟုတ် ကောင်းချီးများခံစားနေရသောကြောင့် ဝတ်ပြုနေရခြင်းဖြစ်သည်ဟု စာတန်အခိုင်အမာပြောပြီးနောက် သူက “ယခုမူကား၊ လက်တော်ကိုဆန့်၍ သူ၏ဥစ္စာရှိသမျှကိုထိခိုက်တော်မူလျှင် သူသည် မျက်မှောက်တော်၌ ကိုယ်တော်ကိုစွန့်ပယ်ပါလိမ့်မည်” ဟုဆိုသည်။ ယေဟောဝါဖြေဆိုတော်မူသည်ကား “သူ၏ဥစ္စာရှိသမျှသည် သင့်လက်၌ရှိ၏။ သူ့ကိုယ်တစ်ခုကိုသာမထိမခိုက်နှင့်” ဖြစ်သည်။—ယောဘ ၁:၆-၁၂။
စာတန်ပြုနိုင်သမျှပြုခဲ့သော်လည်း ယောဘသည် ဖြောင့်မတ်သောလမ်းစဉ်ပေါ်တည်တံ့၍ ယေဟောဝါကိုချစ်မြတ်နိုးကြောင်း သက်သေထူခဲ့သည်။ မိမိအားစွပ်စွဲသူတို့ကို ယောဘက “သင်တို့သဘောဖြောင့်သည်ဟု ဝန်ခံသောစကားသည် ငါနှင့်ဝေးပါစေသော။ ငါသည် ကိုယ်သဘောဖြောင့်သည်ကို သေသည်တိုင်အောင်မငြင်း” ဟုချေပပြောဆိုသည်။ (ယောဘ ၂၇:၅) မှန်ပါသည်။ ဤကဲ့သို့သော သမာဓိစောင့်သိသူများသည် ဖြောင့်မတ်ခြင်းတရားအတွက်ဆင်းရဲခံရန် အစဉ်အသင့်ရှိခဲ့ပါသည်။ (၁ ပေတရု ၄:၁၄-၁၆) ဘုရားသခင်အပေါ်မေတ္တာမပျက်၊ စွဲစွဲမြဲမြဲချစ်မြတ်နိုးသူ အမြောက်အမြားအကြောင်း သမ္မာကျမ်းစာဖော်ပြထားပါသည်။ သူတို့သည် ဖြောင့်မတ်စွာနေထိုင်ခြင်းအားဖြင့် ဂုဏ်တော်ကိုချီးမွမ်းခဲ့ပြီ။ ဤနည်းဖြင့် လူသားအပေါင်းကို ယေဟောဝါထံတော်မှ သွေဖည်သွားစေနိုင်မည်ဟူသော စာတန်၏အဆိုပြုချက်မှားယွင်းကြောင်း သက်သေထူခဲ့ကြပြီ။ ဘုရားသခင်ကိုသမာဓိစောင့်သိလျက်ရှိသည့်အတွက် ဒုက္ခဆင်းရဲအမျိုးမျိုးကိုခံရသောသူတိုင်းသည် မာရ်နတ်အား မုသာကောင်အဖြစ်တင်ပြနေသောကြောင့် ယေဟောဝါ၏နှလုံးကိုရွှင်လန်းစေနိုင်သဖြင့် ကိုယ်တိုင်လည်း အားရဝမ်းသာနိုင်ပါသည်။—သု၊ ၂၇:၁၁။
ဘုရားသခင်သည် မိမိ၏သစ္စာရှိကျေးကျွန်များ၏ဒုက္ခဆင်းရဲကို မမြင်ဘဲမနေပါ။ ဆာလံဆရာဒါဝိဒ် ဤသို့ဆိုသည်။ “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] သည်လဲသောသူရှိသမျှတို့ကို ထောက်မတော်မူ၏။ နှိမ့်ချသောသူအပေါင်းတို့ကို ကြွပင့်တော်မူ၏။” (ဆာလံ ၁၄၅:၁၄) ယေဟောဝါထံဆက်ကပ်အပ်နှံထားသူများသည် ဘဝအခက်အခဲဒုက္ခများနှင့် ကိုယ်တော့်လူများအဖြစ်ခံရသောညှဉ်းပန်းနှိပ်စက်မှုများကို ခံရပ်နိုင်ရန် အစွမ်းခွန်အားအလုံအလောက်မရှိနိုင်ကြပါ။ သို့သော် ဘုရားသခင်သူတို့အားခွန်အားပေး၍မစတော်မူသည်။ စုံစမ်းခြင်းရှိရှိသမျှတို့ကို ခံနိုင်မည်အကြောင်း ဉာဏ်ပညာလည်း ပေးသနားတော်မူ၏။ (ဆာလံ ၁၂၁:၁-၃။ ယာကုပ် ၁:၅၊ ၆) နှိပ်စက်ကလူပြုသူများသည် ယေဟောဝါ၏သစ္စာရှိကျေးကျွန်အချို့ကို သတ်ပစ်နိုင်မည်ဖြစ်ဦးတော့ သူတို့တွင် ဘုရားပေးရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်ရှိပါသည်။ (ယောဟန် ၅:၂၈၊ ၂၉။ တမန်တော် ၂၄:၁၅) ထိုမျှလောက်ပင် ကိုယ်တော်အားချစ်မြတ်နိုးသူများခံရသည့်ဒုက္ခဆင်းရဲခြင်းများကို ဘုရားသခင်ပြောင်းလဲပေးနိုင်တော်မူသည်။ ယောဘ၏ဝေဒနာများကိုငြိမ်းစေတော်မူလျက် ထိုဖြောင့်မတ်သူအား များစွာကောင်းချီးပေးတော်မူခဲ့သည်။ ကျွန်ုပ်တို့ခေတ်တွင်လည်း ယေဟောဝါ၏လူမျိုးကို ကိုယ်တော်မည်သည့်အခါမျှ စွန့်ပစ်ထားတော်မူမည်မဟုတ်ကြောင်း ယုံကြည်စိတ်ချနိုင်ပါသည်။—ယောဘ ၄၂:၁၂-၁၆။ ဆာလံ ၉၄:၁၄။
များမကြာမီ—ဒုက္ခဆင်းရဲမရှိတော့
ထိုကြောင့်မွေးရာပါမစုံလင်မှုနှင့်အသက်ကြောင့် ဤအစီအစဉ်စနစ်ဆိုးတွင် လူတိုင်းဒုက္ခဆင်းရဲခံရခြင်းဖြစ်သည်။ ဘုရားတရားကြည်ညိုသူများလည်း ယေဟောဝါကိုသမာဓိရှိသည့်အတွက် ဒုက္ခဆင်းရဲခံရမည်ဖြစ်သည်။ (၂ တိမောသေ ၃:၁၂) သို့သော်မကြာမီ မျက်ရည်ကျခြင်း၊ သေခြင်း၊ ငိုကြွေးခြင်း၊ အော်ဟစ်ခြင်းနှင့်နာကျင်ခြင်းကို ဘုရားသခင်ရှိစေတော့မည်မဟုတ်သဖြင့် သူတို့ရွှင်လန်းဝမ်းမြောက်နိုင်ကြပါသည်။ ယင်းနှင့်စပ်လျဉ်း၍ တမန်တော်ယောဟန် ဤသို့ရေးသားထားသည်။
“ကောင်းကင်သစ်နှင့်မြေကြီးသစ်ကိုလည်း ငါမြင်၏။ အဘယ်သို့နည်းဟူမူကား၊ ရှေးကောင်းကင်နှင့်ရှေးမြေကြီးသည် ရွေ့သွားကြပြီ။ ထိုအခါမှစ၍ သမုဒ္ဒရာမရှိ။ သန့်ရှင်းသောမြို့တည်းဟူသော ယေရုရှလင်မြို့သစ်သည် မိမိခင်ပွန်းဖို့တန်ဆာဆင်သော မင်္ဂလာဆောင်သတို့သမီးကဲ့သို့ပြင်ဆင်လျက် ဘုရားသခင့်အထံတော်၊ ကောင်းကင်ဘုံမှဆင်းသက်သည်ကို ငါမြင်၏။ ကောင်းကင်မှကြီးသောအသံကား၊ ဘုရားသခင်၏တဲတော်သည် လူတို့တွင်ရှိ၏။ လူတို့နှင့်အတူကျိန်းဝပ်တော်မူမည်။ သူတို့သည် ကိုယ်တော်၏လူဖြစ်ကြလိမ့်မည်။ ဘုရားသခင်သည် ကိုယ်တော်တိုင် သူတို့နှင့်အတူရှိနေ၍ သူတို့၏ ဘုရားသခင်ဖြစ်တော်မူမည်။ ဘုရားသခင်သည် သူတို့၏မျက်စိ၌ မျက်ရည်ရှိသမျှတို့ကိုသုတ်တော်မူမည်။ နောက်တစ်ဖန်သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ။ အကြောင်းမူကား၊ ရှေးဖြစ်ဖူးသောအရာတို့သည် ရွေ့သွားကြပြီ။ ပလ္လင်တော်ပေါ်မှာထိုင်တော်မူသောသူကလည်း ငါသည် ခပ်သိမ်းသောအရာတို့ကို အသစ်ဖန်ဆင်းသည်ဟုမိန့်တော်မူ၏။ တစ်ဖန်တုံရေးထားလော့၊ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။”—ဗျာဒိတ် ၂၁:၁-၅။
ထပ်တူပင် တမန်တော်ပေတရုက ဤသို့ကြွေးကြော်ပါသည်။ “ယခုရှိသမျှသောအရာတို့သည် ပျက်ရသော်လည်း ဖြောင့်မတ်ခြင်းတရားတည်နေရာမိုးကောင်းကင်သစ်နှင့်မြေကြီးသစ်ကို ငါတို့သည် [ယေဟောဝါဘုရားသခင်၏] ကတိတော်နှင့်အညီ မျှော်လင့်ကြ၏။” (၂ ပေတရု ၃:၁၃) ရှေ့တစ်ကွေ့တွင်ပင် ကြီးမားသောမျှော်လင့်စရာများပါတကား။ ပရဒိသုကမ္ဘာပေါ်အသက်ရှင်ခြင်းသည် သင်၏အားရဝမ်းသာစရာအခွင့်ထူးဖြစ်နိုင်သည်။ (လုကာ ၂၃:၄၃) ထိုကြောင့်မျက်မှောက်ကာလတွင် ခံစားနေရသည့်ဒုက္ခဆင်းရဲကြောင့် စိတ်မနာကြည်းပါနှင့်။ ယင်းအစား အနာဂတ်ကိုအကောင်းမြင်ဝါဒဖြင့်ရှုမျှော်ပါ။ နီးလှပြီဖြစ်သော ဘုရားသခင့်ကမ္ဘာသစ်ကို အားထားမျှော်လင့်လျက်နေပါ။ ယေဟောဝါဘုရားသခင်၏အလိုတော်နှင့်တွေ့သောလမ်းစဉ်ကို သင်မီအောင်လိုက်မည်ဆိုလျှင် ဒုက္ခဆင်းရဲခြင်းကင်းမဲ့သောကမ္ဘာပေါ် ထာဝစဉ်အသက်ရှင်ရပါလိမ့်မည်။
ယောဘသည် ဒုက္ခဆင်းရဲခံခဲ့ရသော်လည်း ဘုရားသခင့်အလိုတော်နှင့်ညီသောလမ်းစဉ်ကို မီအောင်လိုက်ခဲ့သည်
ဒုက္ခဆင်းရဲခြင်းကင်းမဲ့သောကမ္ဘာပေါ်သင်ထာဝစဉ်အသက်ရှင်နိုင်ပါသည်