အခန်းတစ်ဆယ်
ဖန်ဆင်းရှင် ဂရုစိုက်စောင့်ရှောက်ရိုးမှန်လျှင် အဘယ်ကြောင့် ဆင်းရဲဒုက္ခ ဤမျှများပြားရသနည်း
သင့်နာရီ တချက်ချက်နှင့် စက္ကန့် ၆၀ မြည်ပြီးတိုင်း လူပေါင်း ၃၀ ကျော်သည် ကူးစက်ရောဂါကြောင့်သေဆုံး၍၊ ၁၁ ဦးသည် ကင်ဆာရောဂါနှင့်စစ်ခင်းရင်း ကျဆုံးပြီး ၉ ဦးသည် နှလုံးရောဂါကြောင့် ဇီဝိန်ကြွေလျက်ရှိကြ၏။ ၎င်းတို့မှာ လူတို့ကိုနှိပ်စက်လျက်ရှိသည့် ရောဂါအချို့မျှသာဖြစ်ကြောင်း သင်သိပါသည်။ အခြားအကြောင်းများကြောင့် ဆင်းရဲဝေဒနာခံပြီး သေဆုံးကြသူ အများအပြားရှိသည်။
၁၉၉၆ ခုနှစ်တွင်၊ နယူးယောက်မြို့၊ ကုလသမဂ္ဂအဆောက်အအုံ၏ ဧည့်ခန်းမအတွင်းရှိ နာရီတစ်လုံးသည် ဆင်းရဲသောမိသားစုအတွင်း မွေးဖွားလာသည့် ကလေးတစ်ဦးစီအတွက် သင်္ကေတအဖြစ် တစ်မိနစ်လျှင် ၄၇ ကြိမ်နှုန်းဖြင့် တချက်ချက်မြည်လျက်ရှိ၏။ အခြားရှုထောင့်အရဆိုလျှင် ကမ္ဘာမြေကြီး တစ်ပတ်လည်ပြီးတိုင်း လည်ပြီးတိုင်း ကမ္ဘာ့လူဦးရေ ၂၀ ရာခိုင်နှုန်းသည် ဆာလောင်မွတ်သိပ်စွာနှင့် အိပ်ရာဝင်ကြရ၏။ သင်နေထိုင်ရာဒေသအတွင်း ကျူးလွန်သည့်ပြစ်မှုများကိုပါ ကြိုးစားရေတွက်လိုက်မည်ဆိုလျှင် မည်သို့တွေ့ရမည်နည်း။
ယနေ့ ကျွန်ုပ်တို့၏ပတ်ဝန်းကျင် ကမ္ဘာလောကတွင် ဆင်းရဲဒုက္ခ အလွန်များပြားနေသည်ဟူသော အဖြစ်မှန်ကို ကျွန်ုပ်တို့လက်ခံကြရပေမည်။
“ဒါတောင်မှ လူတော်တော်များများဟာ ကျွန်တော်တို့ပတ်ဝန်းကျင် နေရာတကာမှာဖြစ်ပျက်နေတဲ့ မတရားမှုတွေကြောင့် စိတ်ထိခိုက်မှု လုံးဝမရှိကြဘူး” ဟူ၍ ရဲအရာရှိဟောင်းတစ်ဦးကဆို၏။ သို့ရာတွင် ဤသို့ရှုဆိတ်သည့်သဘောထားသည် ကျွန်ုပ်တို့၏အသက်၊ သို့မဟုတ် ကျွန်ုပ်တို့ချစ်ရသူတစ်ဦး၏အသက် ပတ်သက်လာသည့်အချိန် မတိုင်မီအထိသာ ခံကောင်းခံမည်။ သာဓကအနေဖြင့် ကင်ဆာဝေဒနာ ခံစားနေရသည့် မိဘနှစ်ပါးကို ပြုစုစောင့်ရှောက်ရသည့် မာဆာကို၏နေရာတွင် ဝင်ကြည့်ပါ။ မိဘနှစ်ပါး ကိုယ်အလေးချိန်ကျ၍ နာကျင်မှုကြောင့် ညည်းညူသည့်အခါ၌ မာဆာကိုခမျာမှာ အားကိုးရာမဲ့ ဖြစ်ခဲ့ရရှာသည်။ သို့တည်းမဟုတ် ကိုးနှစ်သမီးအရွယ်တွင် ဖခင်ဖြစ်သူက အမေရိကန်ဒေါ်လာ ၁၄ နှင့်ရောင်းစားခြင်းခံရသော အာရှမိန်းကလေး ရှာရာဒါ၏ စိတ်ပျက်အားငယ်မှုကို စဉ်းစားကြည့်ပါ။ သူ့ရွာမှ နိုင်ငံခြားမြို့တစ်မြို့သို့ ခေါ်ဆောင်သွားခြင်းခံရပြီးနောက် တစ်နေ့လျှင် ယောက်ျားခြောက်ယောက်ကို လိင်ဖျော်ဖြေရန် အတင်းခိုင်းစေခံရရှာသည်။
ဤသို့သောဆင်းရဲဒုက္ခခြင်းများ အဘယ်ကြောင့်များပြားရသနည်း။ ဖန်ဆင်းရှင်က အဘယ်ကြောင့် မရပ်တန့်စေသနည်း။ ဤသို့သောဆင်းရဲဒုက္ခခြင်းများကြောင့် လူအများက ဘုရားသခင်ကို ကျောခိုင်းသွားကြသည်။ အထက်တွင်ဖော်ပြခဲ့သည့် ရဲအရာရှိဟောင်း၏မိခင်သည် စိတ်ရောဂါဝေဒနာရှင်တစ်ဦး၏ မတော်မတရားပြုမူခြင်းကို ခံခဲ့ရသည်။ ရဲအရာရှိဟောင်းက သူ့ရင်ထဲဖြစ်ပေါ်သည့်တုံ့ပြန်မှုကို ဤသို့ရှင်းပြသည်– “စကြဝဠာကြီးကို ထိန်းချုပ်တဲ့ မေတ္တာရှင်ဘုရားသခင်၊ အကြွင်းမဲ့ပိုင်သအုပ်စိုးရှင်နဲ့ပတ်သက်တဲ့ စိတ်ကူးအတွေးဟာ အဝေးကြီးကိုရောက်သွားသလိုပါပဲ။” သင်လည်း ‘ဘာကြောင့်လဲ’ ဟူ၍မေးမိပေမည်။ မှန်ပါသည်၊ ဤသို့သောဆင်းရဲဒုက္ခခြင်းများ အဘယ်ကြောင့်ရှိရသနည်း။ အကြောင်းတရားကား အဘယ်နည်း။ ဖန်ဆင်းရှင်သည် ဤအတွက် ပူပန်ကြောင့်ကြတော်မူသလော။
အတိတ်ဘဝကြောင့် ဆင်းရဲခြင်းဝေဒနာ ခံရခြင်းလော
ကမ္ဘာတစ်ဝန်းလုံးတွင် လူသန်းပေါင်းများစွာက ဆင်းရဲဒုက္ခ၏ အကြောင်းတရားမှာ လူတစ်ဦး၏အတိတ်ဘဝဖြစ်ကြောင်း၊ မျက်မှောက်ကာလ၌ခံစားရသည့် ဆင်းရဲဒုက္ခများမှာ အတိတ်ဘဝက ပြုလုပ်ခဲ့ရာများအတွက် အပြစ်ဒဏ်ခံရခြင်းဖြစ်ကြောင်း ယုံကြည်ကြ၏။ “လူ့ဆင်းရဲဒုက္ခဆိုသည်မှာ ကံစီမံရာမှ မလွတ်ကင်းကြ၍ဖြစ်ရသည်။ အကြောင်းမှာ ကျွန်ုပ်တို့ရှိရှိသမျှသည် မွေးဖွားသည်နှင့် အတိတ်ကံ၏ လေးလံသည့်ဝန်ထုပ်ကို ထမ်းလျက်ရှိကြ၏။”a ဤယူဆချက်ကို အနောက်နိုင်ငံ လူ့အဖွဲ့အစည်းတွင် ဇင်ဘာသာပြန့်ပွားစေခဲ့သူ တွေးခေါ်ရှင် ဒေဆက်ဇ် တီ. ဆူဇူကီးက တင်ပြခဲ့၏။ ဟိန္ဒူပညာရှိများက လူ့ဆင်းရဲခြင်းဝေဒနာအကြောင်း စမ်းတဝါးဝါးဖြင့် ရှင်းပြရာတွင် “ကံတရား” ကိုတီထွင်ခဲ့ကြသည်။ သို့ရာတွင် သူတို့ရှင်းပြသည့် ဆင်းရဲဒုက္ခအကြောင်းသည် အကျိုးသင့်အကြောင်းသင့် ရှိသလော၊ အမှန်ပင် ကျေနပ်စရာကောင်းသလော။
“ကိုယ် ဘာဆိုဘာမှ မသိရတဲ့ မွေးရာပါတစ်ခုခုအတွက် ဆင်းရဲဒုက္ခ ခံရတယ်ဆိုတာဟာ အဓိပ္ပာယ်မရှိဘူးလို့ ကျွန်မထင်မိတယ်။ အဲဒါကို ကံကြမ္မာအဖြစ် လက်ခံရတယ်” ဟူ၍ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတစ်ဦးကဆို၏။ ဆင်းရဲဒုက္ခ ခံရခြင်းနှင့်ပတ်သက်သည့် ဤရှင်းပြချက်ကို ထိုအမျိုးသမီး မကျေနပ်ခဲ့ပါ။ သင်လည်း အလားတူဖြစ်ပေလိမ့်မည်။ သင့်ဒေသတွင် ဘဝကူးပြောင်းခြင်းအယူကို လူအများ လက်ခံကြမည်မဟုတ်သည့်တိုင် ယင်း၏အခြေခံ သဘောတရားသွန်သင်ချက်—လူတို့တွင် ခန္ဓာသေဆုံးသည့်အခါ၌ ဆက်လက်အသက်ရှင်သော မသေမပျောက်နိုင်သည့် ဝိညာဉ်စိုးလ်ရှိ၏ဟူသော သွန်သင်ချက်—ကို ခရစ်ယာန်ဘောင်နှင့်တကွ အခြားနေရာဒေသအသီးသီးတွင် တွေ့ရှိနိုင်ပေသည်။ ယခုဘဝတွင်ဖြစ်စေ၊ နောင်ဘဝတွင်ဖြစ်စေ ဆင်းရဲဒုက္ခခံစားရာတွင် ဤ “ဝိညာဉ်စိုးလ်” အကျုံးဝင်ပတ်သက်သည်ဟု ဆိုကြ၏။
ဤသို့သော အယူအဆများကို နေရာအနှံ့တွင်တွေ့ရသော်လည်း ခိုင်လုံခြေမြစ်ကြောင်း အဘယ်သက်သေအထောက်အထား ရှိသနည်း။ ဤကဲ့သို့သော အရေးကြီးသည့်ကိစ္စများ၌ ဖန်ဆင်းရှင်၏ လမ်းညွှန်မှုကိုခံယူလျှင် ပို၍အမြော်အမြင်ရှိရာ မကျပေလော။ လူ့အယူအဆများနှင့် ပြင်းထန်သောခံယူချက်များသည် မှားယွင်းတတ်သော်လည်း ဘုရားသခင့် မိန့်ဆိုချက်များသည် စိတ်ချယုံကြည်ရကြောင်း ကျွန်ုပ်တို့တွေ့ရှိခဲ့ပြီးဖြစ်သည်။
ရှေ့အခန်းတွင် သတိပြုမိခဲ့သည့်အတိုင်း ကျွန်ုပ်တို့၏ကနဦး လူသားမိဘတို့၏အပြစ်ကြောင့် အဆုံးစွန်ဖြစ်သည့် လူ့ကြေကွဲဖွယ်ဖြစ်ရပ်တည်းဟူသော သေခြင်းပေါ်လာခဲ့သည်။ ဖန်ဆင်းရှင်က “[သင်နာမခံ၊ သို့မဟုတ် အပြစ်ပြု] သောနေ့တွင် ဧကန်အမှန် သေရမည်” ဟု အာဒံအား သတိပေးတော်မူ၏။ (ကမ္ဘာဦး ၂:၁၇; ၃:၁၉) ဘုရားသခင်သည် အာဒံ၌ မသေမပျောက်နိုင်သော ဝိညာဉ်စိုးလ်ရှိသည်ဟု တစ်ခွန်းတစ်ပါဒမျှ မိန့်တော်မမူ။ အာဒံသည် လူသားတစ်ဦးဖြစ်၏။ သမ္မာကျမ်းစာ အသုံးအနှုန်းအရ သူသည် ဝိညာဉ်စိုးလ်ဖြစ်သည်ဟုဆိုလို၏။ သို့ဖြစ်သောကြောင့် သူသေဆုံးသည့်အခါ၌ အာဒံအမည်ရှိသော ဝိညာဉ်စိုးလ်သည် သေဆုံး၏။ ၎င်းနောက် သူသည် သတိမရှိတော့၊ ဝေဒနာလည်း မခံစားရတော့ချေ။
ကျွန်ုပ်တို့၏ဖန်ဆင်းရှင်သည် ကံတရား၊ ဘဝကူးပြောင်းခြင်းသံသရာ၊ သို့မဟုတ် နောင်ဘဝတွင် ဝေဒနာခံစားနိုင်သည့် မသေမပျောက်နိုင်သော ဝိညာဉ်စိုးလ်အစရှိသည့် သွန်သင်ချက်များကို အားပေးခြင်း၊ သဘောတူခြင်း ရှိတော်မမူ။ သို့သော်လည်း အာဒံအပြစ်၏ အကျိုးဆက်များအကြောင်းကို သိထားမည်ဆိုလျှင် ယနေ့ ဆင်းရဲဒုက္ခ အဘယ်ကြောင့်ရှိရခြင်းအကြောင်းကို ပိုမိုနားလည်နိုင်ပေမည်။
ဆင်းရဲဒုက္ခ ဘယ်ကစ
လူ့ဆင်းရဲဒုက္ခ၏ မြင်ကွင်းအပြည့်ကို ကောင်းစွာနားလည်သဘောပေါက်ရန် မလွယ်ကူသော်လည်း မှန်ကန်သောကိရိယာကို အသုံးပြုလျှင် အထောက်အကူရနိုင်၏။ စုံကြည့်မှန်ပြောင်းကို အသုံးပြုခြင်းအားဖြင့် အဝေးမှအရာဝတ္ထုများကို ပိုမိုရှင်းလင်းစွာမြင်နိုင်သကဲ့သို့ သမ္မာကျမ်းစာကို အသုံးပြုခြင်းအားဖြင့် ဆင်းရဲဒုက္ခ၏ အကြောင်းတရားကို သိမြင်နိုင်သည်။
တစ်ချက်အနေနှင့်၊ လူသားအပေါင်းတို့သည် “အချိန်စေ့ခြင်း၊ တင်ကြိုမမြင်နိုင်သော အဖြစ်အပျက်များ ဖြစ်ပျက်ခြင်း” ကို တွေ့ကြုံတတ်ကြောင်း သမ္မာကျမ်းစာက သတိပေးထား၏။ (ဒေသနာ ၉:၁၁၊ ကဘ) သာဓကအနေနှင့် ယေရှုသည် မိမိလက်ထက်တွင် ရဲတိုက်တစ်ခုပြိုကျသဖြင့် လူ ၁၈ ယောက်သေဆုံးရသည့် သတင်းတစ်ပုဒ်ကို ရည်ညွှန်းတော်မူခဲ့၏။ ထိုသေဆုံးသူတို့သည် အခြားသူတို့ထက် ပိုအပြစ်ကြီး၍မဟုတ်ကြောင်း ကိုယ်တော်နားလည်စေခဲ့သည်။ (လုကာ ၁၃:၁-၅) သူတို့သည် မရှိသင့်သည့်နေရာတွင် မရှိသင့်သည့်အချိန်၌ ရောက်ရှိနေခြင်းကြောင့် သေဆုံးရခြင်းဖြစ်သည်။ သို့ရာတွင် သမ္မာကျမ်းစာက ထိုထက်မက ဆင်းရဲဒုက္ခများ၏ အဓိကအကြောင်းတရားများနှင့်ပတ်သက်၍ ကျေနပ်ဖွယ်ကောင်းသော သတင်းအချက်အလက်များကိုပါ ဖော်ပြ၏။ အဘယ် သတင်းအချက်အလက်များနည်း။
ကနဦးလူသားများ အပြစ်လုပ်ပြီးနောက် သူတို့သည် ဆက်လက်အသက်ရှင်ခွင့် လက်လွှတ်ဆုံးရှုံးသွားကြောင်း တရားသူကြီးမင်း ယေဟောဝါက ပြဋ္ဌာန်းတော်မူ၏။ တကယ်သေဆုံးသည့်အချိန်အထိ ကြားကာလအတွင်း အာဒံနှင့်ဧဝတို့သည် ဆင်းရဲဒုက္ခ အတော်အတန် ကြုံခဲ့ကြရ၏။ သူတို့ကိုယ်တိုင်ဖန်တီးသည့် ဆင်းရဲဒုက္ခ—အိုခြင်းနာခြင်း၏ အကျိုးဆက်များ၊ အသက်ဆက်ရန် ခက်ခက်ခဲခဲ ရုန်းကန်ရခြင်း၊ မနာလိုမှုနှင့် အကြမ်းဖက်မှုကြောင့် ၎င်းတို့၏မိသားစု ဖရိုဖရဲဖြစ်ရသည့် ပူဆွေးသောက—များဖြစ်ပေသည်။ (ကမ္ဘာဦး ၃:၁၆-၁၉; ၄:၁-၁၂) ဆင်းရဲဒုက္ခအားလုံးအတွက် မည်သူ၌တာဝန်ရှိကြောင်း မမေ့ရန် အရေးကြီးသည်။ သူတို့ကိုယ်တိုင် ဖန်တီးယူခဲ့ခြင်းဖြစ်သည်။ သို့ဖြစ်လင့်ကစား၊ ကျွန်ုပ်တို့လက်ထက်တိုင်အောင် ဆင်းရဲဒုက္ခ အဘယ်ကြောင့်ရှိရသည်ကို မည်သို့နားလည်ရမည်နည်း။
လူအများက မိမိတို့ အပြစ်သားများဖြစ်သည်ကို လက်ခံလိုကြမည်မဟုတ်သော်လည်း သမ္မာကျမ်းစာက ဤအဖြစ်မှန်ကို အရှိအတိုင်း ရှုမြင်နိုင်အောင် ဤသို့တင်ပြထားသည်– “အပြစ်တရားသည် တစ်ယောက်သောသူအားဖြင့် ဤလောကသို့ဝင်၍ အပြစ်တရားအားဖြင့် သေခြင်းတရားဝင်သည်နှင့်အညီ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းသို့ရောက်ရကြ၏။” (ရောမ ၅:၁၂) ကနဦးလူသားမောင်နှံတို့သည် ၎င်းတို့ကိုယ်တိုင်ရွေးချယ်သည့် ထိခိုက်နစ်နာစေသောလမ်းစဉ်၏ နောက်ဆက်တွဲအကျိုးကို ရိတ်သိမ်းကြရသော်လည်း ၎င်းတို့၏ နောင်လာနောက်သားများလည်း ထိခိုက်နစ်နာကြရ၏။ (ဂလာတိ ၆:၇) သူတို့၏သားမြေးများသည် မစုံလင်မှုကို အမွေခံရသဖြင့် သေဆုံးကြရ၏။ ယခုအချိန်၌ပင် သားသမီးများသည် မိဘတို့ထံမှ ရောဂါများ သို့မဟုတ် အပြစ်အနာအဆာများကို အမွေဆက်ခံနိုင်သည်ဟူသော သိပ္ပံဆိုင်ရာအဖြစ်မှန်ကို သုံးသပ်ခြင်းအားဖြင့် ဤအကြောင်းကို ပို၍နားလည်သဘောပေါက်နိုင်ကြောင်း တွေ့မြင်ကြသည်။ သွေးမတိတ်ရောဂါ၊ စက်ဝိုင်းဆဲလ် သွေးအားနည်းရောဂါ (မြေထဲပင်လယ် သွေးအားနည်းရောဂါ)၊ နှလုံးပတ်သွေးကြောရောဂါ၊ ဆီးချိုရောဂါတစ်မျိုးနှင့် ရင်သားကင်ဆာတို့သည် ထိုသို့ပင် မျိုးရိုးလိုက်တတ်ကြ၏။ သားသမီးတို့သည် သူတို့ကိုယ်တိုင် မှားယွင်းခြင်းမရှိသော်လည်း မျိုးရိုးလိုက်ခြင်း၏ အကျိုးရလဒ်အနေနှင့် ဆင်းရဲဝေဒနာ ခံစားရတတ်သည်။
ကျွန်ုပ်တို့၏ ကနဦးဘိုးဘေး၊ အာဒံနှင့်ဧဝတို့သည် လူသားများကို အုပ်ချုပ်ခြင်းဆိုင်ရာ ယေဟောဝါ၏ နည်းလမ်းတော်ကို ပယ်ချခဲ့ကြ၏။b လူသားများသည် ကမ္ဘာကိုအုပ်ချုပ်ရန် ကြိုးပမ်းအားထုတ်ရာတွင် အစိုးရပုံစံအမျိုးမျိုးကို စမ်းသပ်ခဲ့ကြပြီဖြစ်ကြောင်း သမိုင်းမှ သင်သိရှိရပေမည်။ ဤသို့ ကြိုးပမ်းအားထုတ်ရာတွင် ပါဝင်ခဲ့ကြသည့် ယောက်ျားမိန်းမအချို့တို့သည် စိတ်ရင်းစေတနာမှန် ရှိခဲ့ကြသည်။ သို့တစေ၊ လူသားများ မိမိဘာသာအုပ်ချုပ်ခြင်း၏ အကျိုးရလဒ်များကို သင်မည်သို့ တန်ဖိုးဖြတ်မည်နည်း။ လူ့ဆင်းရဲဒုက္ခ အတော်များများမှ သက်သာရာရခဲ့ပြီလော။ ဝေးလေစွ။ ဆန့်ကျင်ဘက်အနေနှင့် မူဝါဒနှင့် အမျိုးသားရေးစစ်ပွဲ အများအပြားက ဆင်းရဲဒုက္ခကို သာ၍တိုးပွားစေခဲ့ပြီ။ လွန်ခဲ့သောနှစ်ပေါင်း ၃,၀၀၀ ခန့်၊ ပညာရှိသောမင်းတစ်ပါးက လူသည် “မိမိအကျိုးပျက်အောင် တစ်ယောက်ကိုတစ်ယောက်အုပ်စိုး” ခဲ့ကြပြီဟု ထုတ်ဖော်ပြောဆိုခဲ့သည်။—ဒေသနာ ၈:၉။
ယခုအခါ အခြေအနေသည် များစွာပြောင်းလဲလာသည်၊ သို့မဟုတ် ပို၍တိုးတက်ကောင်းမွန်လာသည်ကို သင်တွေ့မြင်ရသလော။ အများက မတွေ့ရပါဟု ဖြေကြပေမည်။ ယောက်ျား၊ မိန်းမနှင့် ကလေးသူငယ်အများတို့သည် အမွေခံရသည့်အပြစ်နှင့် မစုံလင်မှုတို့ကြောင့်သာမက၊ သူတို့ကိုယ်တိုင်၊ သို့မဟုတ် အခြားသူများ ပြုလုပ်သည့်အရာများကြောင့် ဆင်းရဲဒုက္ခခံနေကြရ၏။ များသောအားဖြင့် လောဘကြောင့် ကမ္ဘာမြေကြီးကို လူသားတို့ လွဲမှားစွာစီမံကွပ်ကဲခြင်းအကြောင်း စဉ်းစားကြည့်ပါ။ ပတ်ဝန်းကျင် ညစ်ညမ်းအောင်ပြုခြင်း၊ ဆင်းရဲမွဲတေမှုဖန်တီးခြင်း၊ ငတ်မွတ်ခြင်း သို့မဟုတ် ကပ်ရောဂါများ တိုးပွားအောင်ပြုလုပ်ခြင်းအားဖြင့်လည်း လူသည် အပြစ်မကင်းချေ။ အများက ဘုရားသခင့်လုပ်ရပ်များဟူ၍ ခေါ်ဆိုကြသည့် သဘာဝကပ်ဘေးအချို့ပင် လူတို့ဖန်တီးရာများဖြစ်ကြသည်။ အများအားဖြင့် လျစ်လျူရှုခံရသည့် ဆင်းရဲဒုက္ခဆိုင်ရာ အဓိကအကြောင်းတရား နောက်တစ်ခုရှိပါသည်။
ဆင်းရဲဒုက္ခနောက်ကွယ်ရှိပုဂ္ဂိုလ်
ဆင်းရဲဒုက္ခဖြစ်ရခြင်း၏ အဓိကအကြောင်းတရားကား အဘယ်အရာဖြစ်ကြောင်း၊ ဂရုစိုက်စောင့်ရှောက်သည့် ဖန်ဆင်းရှင်က ယင်းကို အဘယ်ကြောင့် ခွင့်ပြုခဲ့ရခြင်းအကြောင်းကို သမ္မာကျမ်းစာမှ ကျမ်းတစ်ကျမ်းက အထူးပြုဖော်ပြထား၏။ ယောဘဝတ္ထုဖြစ်သည့်၎င်းကျမ်းသည် ဆင်းရဲဒုက္ခ ခံရခြင်းကိစ္စနှင့်ပတ်သက်၍ မှုန်ဝါးသည့်အမြင် မှန်သမျှကို ကြည်လင်စေနိုင်သည်။ အဓိကသော့ချက်ကျသည့်ဖြစ်ရပ်များ ဖြစ်ပွားခဲ့ရာ မျက်မြင်မရသောဘုံအကြောင်း ထိုးထွင်းသိမြင်စေခြင်းအားဖြင့် ထိုသို့ပြုလုပ်ပေးသည်။
လွန်ခဲ့သည့်နှစ်ပေါင်း ၃,၅၀၀ ခန့်၊ သမ္မာကျမ်းစာ၏ ကနဦးကျမ်းများကို မောရှေ မရေးသားမီကလေးတွင် ယခုခေတ် အာရေဗျဒေသ၌ ယောဘအမည်ရှိ အမျိုးသားတစ်ဦး နေထိုင်ခဲ့၏။ ယောဘသည် ဖြောင့်မတ်၍ သဒ္ဓါတရားထက်သန်ပြီး ရိုသေလေးစားခံရသူဖြစ်ကြောင်း မှတ်တမ်းကဆို၏။ သူသည် မွေးမြူရေးတိရစ္ဆာန်များဖြင့် ကျိကျိတက် ချမ်းသာကြွယ်ဝသူဖြစ်သည့်အပြင် “အရှေ့ပြည်သားတို့တွင် အကြီးအမြတ်ဆုံးသောသူ” ဟူ၍ပင် အမည်တွင်လေ၏။ ပုဂ္ဂိုလ်ရေးအဆင့်အတန်းအရ ယောဘ၌ ပျော်ရွှင်ချမ်းမြေ့သည့်မိသားစု—မယားတစ်ယောက်၊ သားခုနစ်ယောက်နှင့် သမီးသုံးယောက်—ရှိ၏။ (ယောဘ ၁:၁-၃၊ သမ; ၂၉:၇-၉၊ ၁၂-၁၆) တစ်နေ့သ၌၊ စေတမန်တစ်ဦး ရေးကြီးသုတ်ပျာရောက်လာပြီးလျှင် ယောဘ၏ အဖိုးတန်သော တိရစ္ဆာန်အုပ်အချို့ကို စီးနင်းတိုက်ခိုက်သူတို့ တိုက်ခိုက်လုယူသွားကြောင်း သတင်းပို့၏။ များမကြာမီ ယောဘ၏သိုးအုပ်များ ဆုံးရှုံးသွားကြောင်း နောက်တစ်ဦးက သတင်းပို့ပြန်၏။ ထိုနောက် ခါလဒဲလူတို့သည် သူ၏ကုလားအုတ် ၃,၀၀၀ ကိုတိုက်ယူသွားပြီး ငယ်သားတစ်ယောက်မှအပ အားလုံးကိုသတ်သွားလေ၏။ နောက်ဆုံးတွင် အဆိုးဆုံးသတင်း ရောက်လာ၏။ ထူးဆန်းသည့်လေသည် ယောဘသားဦး၏အိမ်ကို တိုက်လေရာ အိမ်ပြိုကျသဖြင့် ထိုအိမ်တွင်စုဝေးနေသည့် သူ့သားသမီးအားလုံး သေဆုံးကုန်၏။ ဤကဲ့သို့သော ဆင်းရဲဒုက္ခ ကြုံတွေ့ရသဖြင့် ယောဘသည် ဘုရားသခင်ကို အပြစ်တင်သလော။ သူ့နေရာ၌ရှိလျှင် သင်မည်သို့ခံစားရမည်နည်း။—ယောဘ ၁:၁၃-၁၉။
သို့ရာတွင် နောက်ထပ်ဘေးဆိုးများ သင့်စရာရှိသေးသည်။ ယောဘသည် တစ်ကိုယ်လုံးတွင် ဆိုးဝါးသောအနာစိမ်းများပေါက်သည့် ကြောက်စရာကောင်းသော ရောဂါတစ်မျိုးရ၏။c သူ၏ရောဂါသည် အလွန်ဆိုးရွား၍ ရွံစရာကောင်းလှသဖြင့် သူ့မယားက ဘုရားသခင်ကို အပြစ်တင်၏။ “ဘုရားသခင်ကိုကျိန်ဆဲ၍ သေလော့!” ဟုဆို၏။ ယောဘခမျာမှာ အဘယ်ကြောင့် ဆင်းရဲဒုက္ခခံရကြောင်း မသိရသော်လည်း ဘုရားသခင်ကို အပြစ်မဆိုပါ။ “ယောဘသည် ဤအမှုရှိသမျှနှင့် တွေ့ကြုံသော်လည်း၊ နှုတ်ဖြင့်မျှမပြစ်မှားချေ” ဟူ၍ ကျွန်ုပ်တို့ဖတ်ရ၏။—ယောဘ ၂:၆-၁၀၊ သမ္မာ။
ယောဘခံရသည့် စိတ်သောကအကြောင်း ကြားသိရသဖြင့် အဆွေခင်ပွန်းသုံးဦး ယောဘထံရောက်လာကြ၏။ ယောဘ အပြစ်ပြုမိသည်ဟု အထင်ရှိသည့် ဧလိဖတ်က “မည်သည့်အရပ်၌ ဖြောင့်မှန်သူတို့ [သည်] ပယ်ရှားခံရဖူးသနည်း” ဟုမေးခွန်းထုတ်၏။ (ယောဘ အခန်းကြီး ၄၊ ၅) ယောဘသည် လျှို့ဝှက်စွာအပြစ်ကျူးလွန်ရုံမက ဆင်းရဲသားများကို အစာမကျွေး၊ မုဆိုးမများနှင့် မိဘမဲ့များကိုလည်း ဖိစီးနှိပ်စက်သည်ဟု သူကစွပ်စွဲ၏။ (ယောဘ အခန်းကြီး ၁၅၊ ၂၂) ကျန်သည့် အရေခြုံနှစ်သိမ့်သူနှစ်ဦးကလည်း ယောဘခံရသည့် ဆင်းရဲဒုက္ခအတွက် ယောဘ၌တာဝန်ရှိသယောင် ပြစ်တင်ပြောဆိုကြ၏။ သူတို့ မှန်ကြသလော။ လုံးဝမမှန်ပါ။
ယောဘခံစားရသည့် ဆင်းရဲဒုက္ခ၏ အကြောင်းတရားရင်းမြစ်ကို ခွဲခြားသိရှိနိုင်ရန်နှင့် ဆင်းရဲဒုက္ခကို ဘုရားသခင် အဘယ်ကြောင့် ခွင့်ပြုရသည်ကိုသိရှိရန် ယောဘကျမ်းက အထောက်အကူပြု၏။ ယောဘ အခန်းကြီး ၁ နှင့် ၂ တို့က မျက်မြင်မရသည့် ကောင်းကင်ဘုံ၊ နာမ်ဝိညာဉ်ဘုံ၌ လောလောလတ်လတ်ဖြစ်ပွားခဲ့သည့် အခြင်းအရာများအကြောင်း ဖော်ပြထား၏။ စာတန်d ခေါ် ပုန်ကန်သည့်နာမ်ဝိညာဉ်သည် အခြားနာမ်ဝိညာဉ်များနှင့်အတူ ဘုရားသခင့်ရှေ့တော်မှောက်တွင် ခစားစည်းဝေးလျက်ရှိကြ၏။ ယောဘ၏ အပြစ်ကင်းစင်သောလမ်းစဉ်အကြောင်း မြွက်ဟလိုက်သည်နှင့် စာတန်က “ယောဘသည် အကျိုးမဲ့ ဘုရားသခင်ကို ကြောက်ရွံ့ပါသလော။ . . . လက်တော်ကိုဆန့်၍ သူ၏ဥစ္စာရှိသမျှကို ထိခိုက်တော်မူလျှင်၊ သူသည် မျက်မှောက်တော်၌ ကိုယ်တော်ကို မုချကျိန်ဆဲပါလိမ့်မည်” ဟုစိန်ခေါ်လေ၏။—ယောဘ ၁:၉-၁၂။
တစ်နည်းအားဖြင့် စာတန်က ဘုရားသခင်သည် ယောဘကို လာဘ်ထိုးသည်ဟု စွပ်စွဲရာရောက်၏။ ယောဘ၏ဥစ္စာဓနနှင့် ကျန်းမာရေးကို ရုပ်သိမ်းလိုက်မည်ဆိုလျှင် သူသည် ယေဟောဝါကို ကျိန်ဆဲလိမ့်မည်ဟု အာခံသော ဤနာမ်ဝိညာဉ်သတ္တဝါကဆို၏။ ကျယ်ဝန်းသည့်အဓိပ္ပာယ်ဖြင့်ဆိုရလျှင် စာတန်က ဆင်းရဲဒုက္ခခံရလျှင် မည်သည့်လူသားကမျှ ဘုရားသခင်ကိုချစ်နိုင်မည်၊ သစ္စာစောင့်သိနိုင်မည်မဟုတ်ဟု အခိုင်အမာဆိုနေ၏။ ၎င်းစိန်ခေါ်ချက်သည် ကမ္ဘာနှင့်အဝန်း တည်မြဲသော အကျိုးသက်ရောက်မှုရှိခဲ့၏။ စာတန်ပေါ်ပေါက်စေသည့် ငြင်းခုံမှုကို ဖြေရှင်းပြီးပြတ်ရန်လို၏။ သို့နှင့် စာတန်အား ယောဘကိုလွတ်လပ်စွာစမ်းသပ်ရန် ဘုရားသခင် အခွင့်ပေးလိုက်သည်နှင့် စာတန်က ယောဘအပေါ် အသွင်သဏ္ဌာန်အမျိုးမျိုးဖြင့် ဆင်းရဲဒုက္ခများ သက်ရောက်စေခဲ့၏။
ကောင်းကင်ဘုံ၌ပေါ်ပေါက်ခဲ့သည့် စကြဝဠာဆိုင်ရာ ငြင်းခုံမှုအကြောင်းကို ယောဘခမျာ သိလည်းမသိခဲ့၊ သိလည်းမသိနိုင်သည်ကို သဘောပေါက်နိုင်ပါသည်။ စာတန်ကလည်း ယောဘခံရသည့် ဘေးဆိုးရှိသမျှသည် ဘုရားသခင်ကြောင့် ဖြစ်ပွားသယောင်ဖြစ်အောင် စီမံဖန်တီးခဲ့၏။ သာဓကအနေဖြင့် ယောဘ၏သိုးအုပ်များကို မိုးကြိုးပစ်ခြင်းကို “ဘုရားသခင်၏မီး” ဟုအသက်ရှင်ကျန်ကြွင်းသောငယ်သားက ကောက်ချက်ချ၏။ ဤအခြင်းအရာများ အဘယ်ကြောင့်ဖြစ်ရသည်ကို ယောဘခမျာ မသိရရှာသော်လည်း ယေဟောဝါဘုရားသခင်ကို ကျိန်ဆဲခြင်း၊ ငြင်းပယ်ခြင်း မပြုခဲ့ချေ။—ယောဘ ၁:၁၆၊ ၁၉၊ ၂၁။
ယောဘ၏ အတွေ့အကြုံနောက်ကွယ်မှ အခြေအနေများကို ဆန်းစစ်ကြည့်မည်ဆိုလျှင် ဖြစ်ပေါ်သည့်ငြင်းခုံမှုမှာ လူသားများသည် ဆင်းရဲဒုက္ခများကြားမှ ယေဟောဝါအား မေတ္တာစိတ်ဖြင့် ဆက်၍ဝတ်ပြုပါမည်လော ဟူ၍ဖြစ်ကြောင်း တွေ့ရှိရပေမည်။ ယောဘက ဤပြဿနာကို ဖြေရှင်းပေး၏။ ဘုရားသခင်အပေါ် စစ်မှန်သောမေတ္တာရှိမှသာလျှင် ယေဟောဝါကို သစ္စာရှိနိုင်မည်ဖြစ်သည်။ ယောဘသည် ထိုအတိုင်းပင် ပြုခဲ့၏။ စာတန်၏ မဟုတ်မမှန်သော စွပ်စွဲချက်များကိုချေပသည့် သက်သေခံချက်တစ်ရပ်ပါတကား! ဤအမှုသည် ထိုခေတ်ကာလတွင် ယောဘနှင့်အစပြု၍ ယောဘနှင့်ပင် အဆုံးသတ်ခဲ့သည်မဟုတ်။ ရာစုနှစ်ပေါင်းများစွာ ဆက်လက်တည်ရှိခဲ့ရာ ကျွန်ုပ်တို့နှင့်ပင် သက်ဆိုင်နေ၏။
မည်သည့်အကြောင်းကြောင့်မဆို ဖြစ်ပေါ်သည့်ဆင်းရဲဒုက္ခကို တွေ့မြင်ရင်ဆိုင်ရသည့်အခါ လူအများ မည်သို့တုံ့ပြန်တတ်ကြသနည်း။ သူတို့သည် ယောဘလက်ထက်၌ ပေါ်ပေါက်ခဲ့သည့်ငြင်းခုံမှုကို သိချင်မှသိမည်။ သို့မဟုတ် စာတန်တည်ရှိသည်ကိုပင် ယုံချင်မှယုံမည်။ ထို့ကြောင့်၊ ဖန်ဆင်းရှင်တစ်ပါးရှိသည်ကို သူတို့မကြာမကြာ သံသယဖြစ်ကြ၏။ သို့မဟုတ် ဆင်းရဲဒုက္ခအတွက် ကိုယ်တော်ကို အပြစ်တင်ကြ၏။ ဤအကြောင်းကို သင်မည်သို့ယူဆသနည်း။ ဖန်ဆင်းရှင်အကြောင်း သိရှိရသမျှမှ ကျမ်းရေးသူယာကုပ်နှင့် သင်သဘောချင်း တိုက်ဆိုင်မည်မဟုတ်လော။ ဆင်းရဲဒုက္ခခံရသော်လည်း သူ ဤသို့ခံယူ၏– “အပြစ်သွေးဆောင်ခြင်းကို ခံရသောသူမည်သည်ကား၊ ဘုရားသခင်သည် ငါ့ကိုသွေးဆောင်တော်မူသည်ဟု မပြောစေနှင့်။ မကောင်းသောအရာသည် ဘုရားသခင်ကို မသွေးဆောင်နိုင်ရာ။ ကိုယ်တော်သည်လည်း အဘယ်သူကိုမျှ အပြစ်သို့သွေးဆောင်တော်မမူ။”—ယာကုပ် ၁:၁၃။
အမြော်အမြင်ရှိသည့် အမြင်သဘောထား ရရှိနိုင်ရန် ကျွန်ုပ်တို့၌ တန်ဖိုးမဖြတ်နိုင်သည့် အထောက်အကူတစ်ရပ်ရှိ၏။ ၎င်းမှာ ယေရှု၏စံနမူနာတော်ကို ဆင်ခြင်သုံးသပ်ခြင်းပင်ဖြစ်သည်။ ယေရှုသည် ထိုးထွင်းသိမြင်မှု၊ အသိပညာ ဆရာသမားစွမ်းရည်တို့နှင့် ပြည့်ဝမှုကြောင့် အထင်ကြီးလေးစားခံရကြောင်း ကျွန်ုပ်တို့သိ၏။ စာတန်နှင့် ဆင်းရဲဒုက္ခတို့နှင့်ပတ်သက်၍ ကိုယ်တော့်ရပ်တည်ချက်ကား အဘယ်နည်း။ စာတန်တည်ရှိသည့်အပြင် ဆင်းရဲဒုက္ခကို ဖန်တီးဖြစ်ပေါ်စေနိုင်ကြောင်း ယေရှု အသေအချာသိတော်မူ၏။ ယောဘ၏ သမာဓိကိုချိုးဖျက်ရန် ကြိုးပမ်းခဲ့သောစာတန်သည် ယေရှုကိုလည်း အလားတူပြုရန် ပေါ်ပေါ်ထင်ထင် ကြိုးပမ်းခဲ့၏။ ဤအချက်က စာတန် အမှန်တကယ်ရှိကြောင်း ပြဆိုသည့်အပြင် ယောဘလက်ထက်က ပေါ်ပေါက်ခဲ့သည့် စိန်ခေါ်ချက်မှာလည်း ဆက်လက်တည်ရှိလျက်ပင်ရှိကြောင်း ပြသသည်။ ယောဘနည်းတူ ယေရှုသည်လည်း စည်းစိမ်ဥစ္စာနှင့် တန်ခိုးအာဏာတို့ကို စွန့်လွှတ်၍ ညှဉ်းဆဲရာနှက်တိုင်ပေါ်တွင် ကာယဒုက္ခဝေဒနာခံရသော်လည်း သေသည့်တိုင်အောင် ဖန်ဆင်းရှင်အပေါ် သစ္စာရှိကြောင်း သက်သေထူတော်မူခဲ့၏။ လူသားများသည် အခက်အခဲပြဿနာများကြားမှ ဘုရားသခင်အပေါ် သစ္စာစောင့်သိကြမည်ဖြစ်ကြောင်း သက်သေပြခွင့် ပေးထားသေးကြောင်း ယေရှု၏အဖြစ်အပျက်က ထင်ရှားစေ၏။—လုကာ ၄:၁-၁၃; ၈:၂၇-၃၄; ၁၁:၁၄-၂၂; ယောဟန် ၁၉:၁-၃၀။
ခိုင်လုံသည့်အကြောင်းရှိ၍ ဆင်းရဲဒုက္ခကို ခွင့်ပြုခဲ့
ကျွန်ုပ်တို့အနေဖြင့် ဆင်းရဲဒုက္ခကို ကောင်းစွာနားလည်ရန် မတော်တဆဖြစ်မှုများ၊ အပြစ်ရှိသော လူ့စိတ်တိမ်းညွတ်မှုများ၊ ကမ္ဘာမြေကြီးကို လူတို့အလွဲစီမံခန့်ခွဲမှုနှင့် စာတန်တို့သည် ဆင်းရဲဒုက္ခ၏ အကြောင်းတရားများဖြစ်ကြောင်း အသိအမှတ်ပြုရပေမည်။ သို့သော်၊ ဆင်းရဲဒုက္ခနောက်ကွယ်ရှိ အရာကို သိရုံမျှနှင့် မလုံလောက်သေးပါ။ လူတစ်ဦး ဆင်းရဲဒုက္ခခံရသည့်အခါ ရှေးပရောဖက် ဟဗက္ကုတ် အောက်ပါအတိုင်း ပြောခဲ့စဉ်က ခံစားခဲ့ရသကဲ့သို့ ခံစားမိရန် လွယ်ကူပေမည်– ‘အိုထာဝရဘုရားသခင်၊ ကိုယ်တော်သည် ကြားတော်မမူဘဲ အဘယ်မျှကာလပတ်လုံး အကျွန်ုပ် အော်ဟစ်ရပါမည်နည်း။ ကယ်တင်တော်မမူဘဲ အကျွန်ုပ်သည် အဓမ္မအမှုကိုခံ၍ ရှေ့တော်၌ အဘယ်မျှကာလပတ်လုံး အော်ဟစ်ရပါမည်နည်း။ မတရားသောအမှုကို အကျွန်ုပ်အား အဘယ်ကြောင့် ပြတော်မူသနည်း။ အဓမ္မအမှုကို အဘယ်ကြောင့် မြင်စေတော်မူသနည်း။ လုယူခြင်း၊ အနိုင်အထက်ပြုခြင်းအမှုသည် အကျွန်ုပ်ရှေ့မှာ အဘယ်ကြောင့် ရှိရပါသနည်း။ ငြင်းခုံခြင်း၊ ရန်တွေ့ခြင်းကိုလည်း အဘယ်ကြောင့် လူချင်းပြုရပါသနည်း။’ (ဟဗက္ကုတ် ၁:၂၊ ၃) မှန်ပါ၏၊ ယေဟောဝါသည် အရေးယူဆောင်ရွက်ခြင်း မရှိသည့်နှယ် ‘ဆင်းရဲမှုကို ကြည့်၍သာ’ အဘယ်ကြောင့် နေတော်မူသနည်း။ အနန္တတန်ခိုးရှင်အနေနှင့် ကိုယ်တော်သည် ဆင်းရဲခြင်းဝေဒနာကို အဆုံးသတ်ရန်လိုအပ်သည့် တန်ခိုးတော်နှင့် တရားမျှတမှုကိုမြတ်နိုးစိတ် ရှိတော်မူ၏။ ထို့ကြောင့် မည်သည့်အချိန်၌ ထိုသို့ပြုတော်မူမည်နည်း။
အစောပိုင်းတွင် ဖော်ပြခဲ့သည့်အတိုင်း ကနဦးလူသားမောင်နှံတို့က အကြွင်းမဲ့လွတ်လပ်မှုကို ရွေးချယ်လိုက်သည့်အခါ သူတို့၏သားမြေးထဲမှအချို့သည် သူတို့နှင့်ခြားနားစွာ ပြုမူကြမည်ဖြစ်ကြောင်း ဖန်ဆင်းရှင် အသေအချာသိတော်မူ၏။ ထို့ကြောင့် ယေဟောဝါသည် အမြော်အမြင်ရှိစွာ အချိန်များကို ကုန်လွန်စေတော်မူ၏။ အဘယ်ကြောင့်နည်း။ ဖန်ဆင်းရှင်နှင့်ကင်းကွာသည့် အုပ်ချုပ်မှုသည် စိတ်မချမ်းမြေ့မှုကိုသာ ဖြစ်ပေါ်စေကြောင်း၊ ဆန့်ကျင်ဘက်အားဖြင့် ဖန်ဆင်းရှင်နှင့် သဟဇာတဖြစ်အောင်နေထိုင်ခြင်းသည် သင့်လျော်မှန်ကန်၍ ပျော်ရွှင်မှုဖြစ်စေကြောင်း သက်သေထူရန်အတွက်ဖြစ်၏။
ဤအတောအတွင်း ဘုရားသခင်သည် ကမ္ဘာမြေကြီးကို အတော်အသင့်သာယာသော ပတ်ဝန်းကျင်မျိုးဖြစ်အောင် ထိန်းသိမ်းထားတော်မူ၏။ တမန်တော်ပေါလုက ဤသို့ ကျိုးကြောင်းဆင်ခြင်ပြ၏– “ရှေးလွန်လေပြီးသောကာလတို့၌၊ လူအမျိုးမျိုးတို့သည် မိမိတို့ အလိုအလျောက် ကျင့်ကြမည်အကြောင်း ဘုရားသခင်သည် အလွတ်ထားတော်မူ၏။ သို့သော်လည်း၊ သင်တို့အား ကျေးဇူးပြုလျက်၊ အစာအာဟာရနှင့်ဝပြော၍ ဝမ်းမြောက်စေခြင်းငှာ၊ မိုးကောင်းကင်မှ မိုးရွာစေတော်မူ၍၊ အသီးအနှံတို့ကို သီးစေတတ်သောဥတုကို ပေးတော်မူသောအားဖြင့်၊ ကိုယ်တော်ရှိတော်မူသည်ကို သက်သေမခံဘဲ နေတော်မမူ။” (တမန်တော် ၁၄:၁၆၊ ၁၇) ရှင်းနေသည်မှာ၊ ဖန်ဆင်းရှင်သည် ဆင်းရဲဒုက္ခကို ဖြစ်ပေါ်စေသောအရှင်မဟုတ်ဘဲ၊ အရေးတကာ့ အရေးအကြီးဆုံးသော ငြင်းခုံမှုများကို ပြီးပြတ်ဖြေရှင်းရန်အတွက် ခွင့်ပြုထားခြင်းမျှသာဖြစ်၏။
မည်သည့်အခါ သက်သာရာရမည်နည်း
အမှန်ဆိုလျှင် လူ့ဆင်းရဲဒုက္ခ တိုးပွားလျက်ရှိခြင်းက ဆင်းရဲဒုက္ခ ကုန်ဆုံးလုပြီဖြစ်ကြောင်း ပြဆိုသည်။ အဘယ်ကြောင့် ဤသို့ဆိုနိုင်သနည်း။ သမ္မာကျမ်းစာက ယောဘလက်ထက်၌ မျက်မြင်မရသောဘုံတွင် ဖြစ်ပျက်ခဲ့ရာများကို ဖွင့်ပြသကဲ့သို့ ကျွန်ုပ်တို့လက်ထက်နှင့်ပတ်သက်၍လည်း တစ်ဖန်ဖွင့်ပြ၏။ နောက်ဆုံးကျမ်းဖြစ်သည့် ဗျာဒိတ်ကျမ်းက ကောင်းကင်ဘုံတွင်ဖြစ်ပွားသည့် တိုက်ပွဲတစ်ခုအကြောင်းကို ဂရုပြုစေ၏။ ရလဒ်ကား အဘယ်နည်း။ စာတန်သည် သူ၏နတ်ဆိုးအုပ်စုနှင့်အတူ “မြေကြီးသို့ချ” ပစ်ခြင်းခံရ၏။ “ထို့ကြောင့်၊ ကောင်းကင်နှင့်ကောင်းကင်သားတို့ ရွှင်လန်းကြလော့။ မြေကြီးနှင့်ပင်လယ်သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ မာရ်နတ်သည် မိမိကာလ တစ်ခဏသာရှိသည်ကိုသိ၍ ပြင်းစွာသော ဒေါသအမျက်နှင့်တကွ သင်တို့ရှိရာသို့ ဆင်းလေပြီ” ဟူ၍ ထိုကျမ်းက ဆက်၍ဆို၏။—ဗျာဒိတ် ၁၂:၇-၁၂။
သမ္မာကျမ်းစာ ပရောဖက်ပြုချက်ကို အသေးစိတ် သုံးသပ်ကြည့်လျှင် အဆိုပါအခြင်းအရာဖြစ်ပျက်သည့် အချိန်ကာလမှာ ဤရာစုနှစ်ပင်ဖြစ်ကြောင်း ပြညွှန်သည်။ သင်သိသည့်အတိုင်း လေးစားခံရသော သမိုင်းပညာရှင်များက ပထမကမ္ဘာစစ်ဖြစ်ပွားသည့် ၁၉၁၄ ခုနှစ်၌ သမိုင်းတွင် ကြီးမားသည့် အလှည့်အပြောင်းတစ်ရပ် ဖြစ်ပွားခဲ့ကြောင်း အသိအမှတ်ပြုကြ၏။e ထိုအချိန်မှစ၍ ဆင်းရဲဒုက္ခနှင့် အမင်္ဂလာများ တိုးပွားလျက်ရှိ၏။ ယေရှုအား ရင်းနှီးသောတပည့်တော်များက ‘ကိုယ်တော် ရောက်ရှိတော်မူခြင်းနှင့် ဤအစီအစဉ်စနစ် ကုန်ဆုံးခြင်းဆိုင်ရာ နိမိတ်’ အကြောင်း မေးမြန်းသည့်အခါ၌ ကိုယ်တော်က ဤအချိန်ကာလကိုပင် ညွှန်ပြတော်မူ၏။ ယေရှုက ‘လူတစ်မျိုးနှင့်တစ်မျိုး၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ရန်ဘက်ပြုကြလိမ့်မည်။ အရပ်ရပ်တို့၌ ကြီးစွာသောမြေလှုပ်ခြင်း၊ အစာခေါင်းပါးခြင်း၊ ကာလနာများပြားခြင်းတို့သည် ဖြစ်ကြလိမ့်မည်။ မိုးကောင်းကင်၌လည်း ကြောက်မက်ဖွယ်သောအရာနှင့် ကြီးစွာသောပုဗ္ဗရှေ့ပြေးနိမိတ်တို့သည် ပေါ်ထွန်းကြလိမ့်မည်’ ဟုမိန့်တော်မူ၏။ (မဿဲ ၂၄:၃-၁၄; လုကာ ၂၁:၅-၁၉) ကြီးစွာသော ဆင်းရဲခြင်းဝေဒနာကို ဖော်ညွှန်းသည့် ဤစကားများသည် သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် အပြည့်အဝ ပြည့်စုံလျက်ရှိ၏။
ဤအခြင်းအရာများမှာ ‘ကမ္ဘာဦးမှစ၍ ယခုတိုင်အောင် မဖြစ်စဖူး၊ နောက်၌လည်း မဖြစ်လတ္တံ့သော ကြီးစွာသောဆင်းရဲဒုက္ခ’ ၏ပဏာမဖြစ်သည်ဟု သမ္မာကျမ်းစာကဖော်ပြ၏။ (မဿဲ ၂၄:၂၁) ဤကား လူ့ရေးလူ့ရာတွင် ဘုရားသခင် ပြတ်ပြတ်သားသား ဝင်ရောက်စွက်ဖက်ခြင်း ဖြစ်ပေလိမ့်မည်။ ခေတ်ကာလတစ်လျှောက် ဆင်းရဲခြင်းဖြစ်စေသည့် ဆိုးယုတ်သော ဤအစီအစဉ်စနစ်ကို အဆုံးသတ်ရန် ကိုယ်တော် လုပ်ဆောင်တော်မူမည်။ သို့သော်၊ လူသားများကိုဖျက်ဆီးပစ်မည့် နျူကလီးယား မီးလောင်တိုက်သွင်းခြင်းအားဖြင့် ‘ကမ္ဘာကုန်ခြင်း’ ကိုမဆိုလိုပါ။ ဘုရားသခင့် နှုတ်ကပါဌ်ထွက်စကားတော်က ကပ်ကျော်ကျန်ရစ်မည့်သူများရှိမည်ဟု အသေအချာဆို၏။ “တိုင်းနိုင်ငံ၊ အမျိုးအနွယ်၊ လူမျိုးနှင့် ဘာသာစကား ခပ်သိမ်းတို့မှထွက်လာသည့် . . . လူအုပ်ကြီးသည်” ထိုဆင်းရဲဒုက္ခကို အရှင်လတ်လတ် ကပ်ကျော်ကြလိမ့်မည်။—ဗျာဒိတ် ၇:၉-၁၅၊ ကဘ။
ရုပ်ပုံလွှာကို အပြည့်အစုံမြင်နိုင်အောင် ရှေ့ဆက်ဖြစ်ပျက်မည်ဟု သမ္မာကျမ်းစာဆိုသော အကြောင်းအရာများကို သုံးသပ်ပါလေ။ လူသားများအတွက် နေအိမ်အဖြစ် မူလကရည်ရွယ်ခဲ့သည့် ဥယျာဉ်ကဲ့သို့သောစံအိမ် ပြန်လည်တည်ထောင်လာမည်။ (လုကာ ၂၃:၄၃) အိုးမဲ့အိမ်မဲ့ဖြစ်သူများကို သင်တွေ့ရတော့မည်မဟုတ်။ ဟေရှာယက ဤသို့ရေးသားထား၏– ‘“ထိုသူတို့သည် ကိုယ်ဆောက်သောအိမ်၌ နေကြလိမ့်မည်။ ကိုယ်စိုက်သော စပျစ်ဥယျာဉ်အသီးကို စားကြလိမ့်မည်။ . . . ငါ၏လူတို့အသက်သည် သစ်ပင်၏အသက်ကဲ့သို့ဖြစ်၍၊ သူတို့သည် ကိုယ်ပြုစုသောအရာကို ကြာမြင့်စွာ သုံးဆောင်ရကြလိမ့်မည်။ ငါရွေးကောက်သောသူတို့သည် အချည်းနှီး မလုပ်မဆောင်ရကြ။ အသက်တိုသောသားကို မဖွားမမြင်ရကြ။ ကိုယ်တိုင်မှစ၍ အမျိုးအနွယ်တို့သည်၊ ထာဝရဘုရားသခင် ပေးတော်မူသော ကောင်းချီးမင်္ဂလာကိုခံရသောသူ ဖြစ်ကြလိမ့်မည်။ . . . တောခွေးနှင့် သိုးသငယ်တို့သည် အတူကျက်စားကြလိမ့်မည်။ ခြင်္သေ့သည် နွားကဲ့သို့ မြက်ကိုစားလိမ့်မည်။ . . . ငါ၏သန့်ရှင်းသောတောင်တစ်ပြင်လုံး၌ အချင်းချင်းညှဉ်းဆဲခြင်း၊ ဖျက်ဆီးခြင်းကို မပြုရကြ” ဟု ထာဝရဘုရားသခင် မိန့်တော်မူ၏။’—ဟေရှာယ ၆၅:၂၁-၂၅။
တစ်ဦးချင်းခံစားရသည့် ဆင်းရဲဒုက္ခကော မည်သို့ဖြစ်မည်နည်း။ စစ်ပွဲ၊ မကောင်းမှု၊ သို့မဟုတ် ရာဇဝတ်မှုရှိတော့မည်မဟုတ်။ (ဆာလံ ၄၆:၈၊ ၉; သုတ္တံ ၂:၂၂; ဟေရှာယ ၂:၄) လူ့ဖန်ဆင်းရှင် အသက်သခင်သည် နာခံမှုရှိသောလူသားများကို ကျန်းမာရေး ပြည့်ပြည့်ဝဝ ရယူခံစားနိုင်အောင် ဆောင်မတော်မူမည်။ (ဟေရှာယ ၂၅:၈; ၃၃:၂၄) ကမ္ဘာမြေကြီးသည် ဂေဟသဘောအရ ပြန်လည်ညီညာမျှတပြီး သီးနှံအလျှံပယ်ထွက်ရှိမည်ဖြစ်သဖြင့် ဆာလောင်မွတ်သိပ်ခြင်းလည်း ရှိတော့မည်မဟုတ်။ (ဆာလံ ၇၂:၁၆) မှန်ပေသည်၊ ယခု ကျွန်ုပ်တို့တွေ့မြင်နေရသည့် ဆင်းရဲဒုက္ခ၏ဇာစ်မြစ်များသည် အတိတ်တွင်ကျန်ရစ်သည့်အရာများ ဖြစ်သွားကြလတ္တံ့။—ဟေရှာယ ၁၄:၇။
ဤကား အကောင်းတကာ့ အကောင်းဆုံးသတင်း မုချဖြစ်ပေသည်။ သို့သော်လည်း အချို့က တင်စားချက်သဘောအရ မှောင်မည်းသည့်တိမ်တိုက်နှစ်ခု ကျန်ရှိနေသေးသည်ဟု ခံစားမိပေမည်။ လူတစ်ဦးသည် အသက် ၇၀၊ ၈၀ ကျော်ရုံဖြင့် သေရတော့မည်ဆိုလျှင် ထိုကောင်းချီးမင်္ဂလာများကို အကန့်အသတ်ဖြင့်သာ ခံစားရပေမည်။ ၎င်းပြင် ထိုသူသည် လူ့ဆင်းရဲဒုက္ခကို ဖန်ဆင်းရှင် အဆုံးမသတ်မီ သေလွန်ခဲ့ကြသည့် ချစ်ရသူများအတွက် စိတ်မကောင်းဖြစ်မိမည် မဟုတ်ပေလော။ အဖြေ မည်သို့ရှိသနည်း။
အဆိုးဆုံးဆင်းရဲဒုက္ခကို ချေဖျက်ခြင်း
ဖန်ဆင်းရှင်၌ ဖြေရှင်းနည်းရှိ၏။ ကိုယ်တော်သည် စကြဝဠာနှင့်တကွ ဤကမ္ဘာပေါ်တွင် သက်ရှိလူသားတို့ကို ဖန်ဆင်းတော်မူသောအရှင်ဖြစ်၏။ လူ့စွမ်းပကားထက် ကျော်လွန်သည့်အရာ၊ သို့မဟုတ် ဖြစ်နိုင်ခြေရှိသည်ဟု လူတို့စ၍ သဘောပေါက်လာသည့်အရာများကို ကိုယ်တော်ပြုလုပ်နိုင်စွမ်းရှိ၏။ ယင်းနှင့်စပ်လျဉ်း၍ သာဓကနှစ်ရပ်ကိုသာ သုံးသပ်ကြည့်ပါ။
ကျွန်ုပ်တို့၌ အဆုံးမရှိ အသက်ရှင်နိုင်စွမ်းရှိ၏။
သမ္မာကျမ်းစာက ဘုရားသခင်ထံမှ ထာဝရအသက် ရနိုင်သည့်မျှော်လင့်ချက်ကို ရှင်းလင်းစွာကမ်းလှမ်းထား၏။ (ယောဟန် ၃:၁၆; ၁၇:၃) လူ့ဆဲလ်ထဲမှဗီဇများကို လေ့လာပြီးနောက် ဒေါက်တာ မိုက်ကယ် ဖော်ဆဲလ်က ယောက်ျားမျိုးပွားအင်္ဂါဆဲလ်များ၏ အရည်အသွေးသည် အသက်ကြီးလာသည်နှင့်အမျှ ယိုယွင်းယုတ်လျော့ခြင်းမရှိကြောင်း တင်ပြခဲ့၏။ “ကျွန်ုပ်တို့၌ရှိပြီးသား ဗီဇများသည် မှန်မှန်ကန်ကန် လုပ်ဆောင်မည်ဆိုလျှင် ကျွန်ုပ်တို့၏ဆဲလ်များကို အိုမင်းခြင်းမဖြစ်ရအောင် ထိန်းထားနိုင်သည်။” ဤအချက်သည် ကျွန်ုပ်တို့၏ဦးနှောက်တွင် လက်ရှိဘဝသက်တမ်းအတွင်း မဖြစ်စလောက်သာ အသုံးပြုလိုက်ရသည့် ဧရာမစွမ်းပကားရှိသည်ဟူ၍ အခန်း ၄ တွင် တွေ့ရှိခဲ့သည့်အချက်နှင့် ကိုက်ညီပေသည်။ ဦးနှောက်ကို အဆုံးအစမရှိ အလုပ်လုပ်ရန် ပုံစံပြုထားပုံရ၏။ ဤအချက်တို့မှာ ကျွန်ုပ်တို့ကို ဆင်းရဲဒုက္ခကင်းစွာ ထာဝစဉ်အသက်ရှင်စေမည်ဟု သမ္မာကျမ်းစာက တိုက်ရိုက်ဆိုထားသည့်အချက်ကို ထပ်မံဖြည့်စွက်သည့်အချက်များသာ ဖြစ်ပေသည်။ သမ္မာကျမ်းစာ၏ နောက်ဆုံးကျမ်းတွင် ကိုယ်တော် မည်သို့ကတိပေးထားသည်ကို ဂရုပြုပါ– “ဘုရားသခင်သည် သူတို့၏မျက်နှာ၌ မျက်ရည်ရှိသမျှကို သုတ်တော်မူမည်။ နောက်တစ်ဖန် သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းလည်း မရှိရ။”—ဗျာဒိတ် ၂၁:၄၊ သမ္မာ။
ဖန်ဆင်းရှင်သည် ဆင်းရဲဒုက္ခခံရပြီး သေဆုံးသူတစ်ဦးကို အသက်ပြန်ရှင်စေရန် ထမြောက်စေခြင်းအားဖြင့် ကယ်မနိုင်စွမ်းရှိတော်မူ၏။
လာဇရုသည် ရှင်ပြန်ထမြောက်ခံရသူတစ်ဦးဖြစ်၏။ (ယောဟန် ၁၁:၁၇-၄၅; စာမျက်နှာ ၁၅၈-၆၀ ရှု။) ပါမောက္ခ ဒေါ်နယ် မက်ကေးက ကွန်ပျူတာဖိုင်တစ်ခု၏ သာဓကကို အသုံးပြုခဲ့သည်။ သူက ကွန်ပျူတာတစ်လုံး ပျက်စီးခြင်းသည် ကွန်ပျူတာအတွင်းရှိ ညီမျှခြင်းတစ်ခု၊ သို့မဟုတ် လုပ်ဆောင်မှုအစီအစဉ်တစ်ခု ထာဝစဉ် အဆုံးတိုင်သွားသည်ဟူ၍ အဓိပ္ပာယ်မသက်ရောက်ကြောင်း ရေးသားခဲ့သည်။ “သင်္ချာပညာရှင်က အလိုဆန္ဒရှိလျှင်” ထပ်တူညီမျှခြင်း၊ သို့မဟုတ် လုပ်ဆောင်မှုအစီအစဉ်ကို ကွန်ပျူတာအသစ်တစ်လုံးတွင် ထည့်သွင်း၍အလုပ်လုပ်စေနိုင်သည်။ “ယန္တရားဦးနှောက်ဆိုင်ရာ သိပ္ပံပညာသည် ‘ရှင်ပြန်ထမြောက်ခြင်း’ အကြောင်းကို အထူးဝိသေသပြုသည့် သမ္မာကျမ်းစာဖော်ပြသော ထာဝရအသက်မျှော်လင့်ချက်ကို ထိုနည်းထပ်တူပင် ကန့်ကွက်စရာရှိမည်မဟုတ်” ဟူ၍ ပါမောက္ခ မက်ကေးက ဆက်လက်ရေးသားထားသည်။ ဖန်ဆင်းရှင်သည် ယေရှုကို အသက်ပြန်ရှင်စေသကဲ့သို့၊ ယေရှုသည် လာဇရုကို အသက်ပြန်ရှင်စေသကဲ့သို့ လူသားတစ်ဦးသေလျှင် ဖန်ရှင်းရှင်သည် ထိုသူကို အသက်ပြန်ရှင်စေနိုင်တော်မူ၏။ “ကျွန်ုပ်တို့၏ဖန်ဆင်းရှင် အလိုတော်ရှိလျှင်” လူတစ်ဦး၏သေခြင်းသည် ထိုသူအား အသစ်သောခန္ဓာကိုယ်ဖြင့် အသက်ပြန်ရှင်စေရာတွင် ဟန့်တားနိုင်မည်မဟုတ်ကြောင်း မက်ကေးက ကောက်ချက်ချ၏။
မှန်ပါ၏၊ အပြီးသတ်ဖြေရှင်းချက်မှာ ကျွန်ုပ်တို့၏ဖန်ဆင်းရှင်ပေါ်တွင် မူတည်နေပါသည်။ ကိုယ်တော်တစ်ပါးတည်းသာ ဆင်းရဲဒုက္ခကိုဖယ်ရှား၍၊ အပြစ်တရား၏အကျိုးဆက်ကို ပျက်ပြေစေပြီး သေခြင်းတရားကို လုံးဝပပျောက်စေနိုင်တော်မူ၏။ ကျွန်ုပ်တို့၏ လက်တစ်ကမ်းအနာဂတ်တွင် ဖြစ်ပျက်လာမည့် ထူးခြားသည့် ဖြစ်ပေါ်တိုးတက်မှုတစ်ခုအကြောင်း တပည့်တော်များအား ယေရှု ဤသို့မိန့်တော်မူခဲ့၏– “[အောက်မေ့ရာ] သင်္ချိုင်းများမှာ ရှိသောသူအပေါင်းတို့သည် သားတော်၏စကားသံကိုကြား၍ ထွက်ရမည့်အချိန်ကာလ ရောက်လတ္တံ့။”—ယောဟန် ၅:၂၈၊ ၂၉။
စဉ်းစားကြည့်လိုက်ပါ။ စကြဝဠာကို အကြွင်းမဲ့ပိုင်သအုပ်ချုပ်သည့်အရှင်သည် မိမိမှတ်ဉာဏ်ထဲ၌ရှိသောသူတို့အား အသက်ပြန်ရှင်စေရန် အဆင်သင့်ရှိရုံမက တတ်လည်းတတ်နိုင်တော်မူ၏။ ဤသူတို့သည် “မှန်သောအသက်” ကိုရယူထိုက်ကြောင်း သက်သေထူခွင့် ရရှိကြပေလိမ့်မည်။—၁ တိမောသေ ၆:၁၉; တမန်တော် ၂၄:၁၅။
သို့သော်၊ လူ့ဆင်းရဲဒုက္ခမှ အပြည့်အဝ လွတ်ငြိမ်းမည့်အချိန်ကို စောင့်မျှော်နေရင်း ယခု ကျွန်ုပ်တို့ တစ်စုံတစ်ရာလုပ်ဆောင်ရန် လိုအပ်ပါသလော။ လိုအပ်ပါက ထိုအမှုသည် ကျွန်ုပ်တို့၏ဘဝကို ယနေ့ အဓိပ္ပာယ်ပို၍ ပြည့်ဝစေမည်လော။ ကြည့်ကြပါစို့။
[အောက်ခြေမှတ်ချက်များ]
a ကံကြမ္မာဆိုသည်မှာ “လူတစ်ဦး၏ နောင်ဘဝအဆက်ဆက်၊ သို့မဟုတ် ပြန်ဝင်စားခြင်းအဆက်ဆက်အပေါ် အကျိုးသက်ရောက်သည့် ထိုသူ၏ အတိတ်ဘဝကလုပ်ရပ်များ၏ အရှိန်အစော်” ဖြစ်သည်ဟုဆိုကြ၏။
b ကမ္ဘာဦး ၂:၁၇ ၌ ကောင်းမကောင်းသိကျွမ်းရာအပင်မှ အသီးကိုမစားရဟူသော အာဒံအားပေးခဲ့သည့် ဘုရားသခင့်အမိန့်တော်ကို ဖော်ပြထား၏။ ဤကျမ်းချက်၏ အောက်ခြေမှတ်ချက်တွင် ဂျေရုဆလင် သမ္မာကျမ်းစာသစ် (၁၉၈၅) က ဤသိကျွမ်းခြင်းပညာ ကိုယ်စားပြုရာကို ဤသို့မှတ်ချက်ပေးထား၏– “၎င်းကား အကောင်းနှင့်အဆိုးကို ကိုယ့်ဘာသာကိုယ်ဆုံးဖြတ်ခြင်း၊ ထိုအတိုင်းပြုမူခြင်းဆိုင်ရာ တန်ခိုးအာဏာဖြစ်ပြီးလျှင် အမှားအမှန်ကို မိမိတို့ဘာသာ လွတ်လပ်စွာ ဆုံးဖြတ်ပိုင်သည်ဟု ဆိုခြင်းဖြစ်၏။ ဤသို့ဖြင့် မိမိသည် ဖန်ဆင်းခံသတ္တဝါတစ်ဦးဖြစ်ကြောင်း အသိအမှတ်မပြုငြင်းပယ်၏။ ဟေရှာယ ၅:၂၀ ရှု။ ပထမအပြစ်သည် ဘုရားသခင့် စကြဝဠာအကြွင်းမဲ့အာဏာကို တိုက်ခိုက်ခြင်းပင်ဖြစ်၏။”
c အခြားကျမ်းပိုဒ်များက ယောဘ၏ ဆင်းရဲဒုက္ခအကြောင်း ပြည့်စုံအောင် ရှင်းလင်းဖော်ပြ၏။ သူ့အသားတွင် လောက်များတွယ်လျက်ရှိ၏၊ သူ့အရေသည် ကွဲ၍ရိလျက်ရှိ၏၊ သူ၏ထွက်သက်ဝင်သက်သည် ရွံစရာကောင်း၏။ ယောဘသည် ကိုက်ခဲနာကျင်ခြင်းဝေဒနာကို မချိမဆံ့ခံရပြီး မည်းလျက်ရှိသောအသားအရေ ကွာကျလျက်ရှိ၏။—ယောဘ ၇:၅; ၁၉:၁၇; ၃၀:၁၇၊ ၃၀။
d ရှေ့ပိုင်း “စာအုပ်တစ်အုပ်မှ ဖန်ဆင်းရှင်အကြောင်း အဘယ်အရာ သင်သိရှိနိုင်သနည်း” အခန်းတွင် အာဒံနှင့်ဧဝတို့ပြစ်မှားရာ၌ စာတန်ပါဝင်သည့် အခန်းကဏ္ဍကို ကျွန်ုပ်တို့ သုံးသပ်ခဲ့သည်။
e ဤပရောဖက်ပြုချက်အကြောင်း ဆွေးနွေးခန်းကို ကင်းမျှော်စင် သမ္မာကျမ်းစာနှင့် ဝေစာအသင်းမှ ထုတ်ဝေသည့် သမ္မာင်ကျမ်းစာ အမှန်တကယ် သွန်သင်ရာမှာ အဘယ်နည်း စာအုပ်၊ အခန်း ၉ ရှု။
[စာမျက်နှာ ၁၆၈ ပါ လေးထောင့်ကွက်]
မသေနိုင်သည့် ဝိညာဉ်စိုးလ်မရှိ
လူတစ်ဦးစီသည် လူ့ဝိညာဉ်စိုးလ်ပင်ဖြစ်ကြောင်း သမ္မာကျမ်းစာကသွန်သင်၏။ ထိုသူသေဆုံးသည့်အခါ ဝိညာဉ်စိုးလ်သေ၏။ ယေဇကျေလ ၁၈:၄ ၌ “ပြစ်မှားသောဝိညာဉ် [စိုးလ်] သည် အသက်သေရမည်” ဟုဆို၏။ သေလွန်သူတို့သည် သိစိတ်မရှိတော့၊ တစ်နေရာရာ၌လည်း အသက်ရှင်နေခြင်းမရှိတော့။ “သေသောသူမူကား၊ အဘယ်အရာကိုမျှမသိ” ဟူ၍ ရှောလမုန် ရေးသားခဲ့၏။ (ဒေ. ၉:၅၊ ၁၀) ဝိညာဉ်စိုးလ်သည် မသေမပျောက်နိုင်ဟု မူလအစက ဂျူးများ မသွန်သင်ခဲ့သကဲ့သို့ ကနဦးခရစ်ယာန်များလည်း မသွန်သင်ခဲ့ကြချေ။
“ဓမ္မဟောင်းကျမ်းတွင် ဝိညာဉ်စိုးလ်ဆိုသည်မှာ လူ၏တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု မဆိုလိုဘဲ—သက်ရှိတစ်ဦးဖြစ်သည့်လူ—လူတစ်ကိုယ်လုံးကိုဆိုလို၏။ ထို့အတူ ဓမ္မသစ်ကျမ်းတွင်လည်း လူ့အသက်ကိုပင် ရည်ညွှန်း၏။ . . . သမ္မာကျမ်းစာတွင် ရုပ်ဒြပ်မရှိသည့် ဝိညာဉ်စိုးလ် မသေမပျောက် ကြွင်းကျန်ခြင်းအကြောင်း မဆိုထားချေ။”—ကက်သလစ် စွယ်စုံကျမ်းသစ်။
“ဝိညာဉ်စိုးလ် မသေမပျောက်ခြင်းအယူအဆနှင့် သေလွန်သူများ ရှင်ပြန်ထမြောက်ခြင်း ယုံကြည်ချက်တို့သည် . . . ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်၏။”—ဓမ္မပညာရှင် ဖိလစ် အိတ်ချ်. မနူး ရေးသားသည့် ဒိုပို လာ မော်တယ်– အင်မော်တယ်လီတဲ အော ရီစုရက်ဇီအိုးနီ။
“လူသည် တစ်ကိုယ်လုံး အပြစ်သားဖြစ်သောကြောင့် သူသေဆုံးသည့်အခါ၌ ကိုယ်ခန္ဓာနှင့် ဝိညာဉ်စိုးလ်ပါ အကုန်အစင်သေဆုံး (လုံးလုံးသေ) လေ၏။ . . . သေခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းစပ်ကြားတွင် ချောက်ကြီးတစ်ခုခြားနေသည်။”—လူသာရင် အမေးအဖြေကျမ်း အီဗန်ဂေလစ်ရှာ အာဗာ့စင်နွန်ကာတာကစ်မွတ်စ်။
[စာမျက်နှာ ၁၇၅ ပါ လေးထောင့်ကွက်]
အမှန်ပင်ကြာညောင်းခဲ့ပြီလော
ယောဘလက်ထက်မှ ယေရှုလက်ထက်အထိ—နှစ်ပေါင်း ၁,၆၀၀ ခန့်—ဆင်းရဲဒုက္ခ ဆက်လက်တည်ရှိခဲ့သည့်အချိန်သည် ကြာညောင်းလှပုံပေါက်သည်။ လူသားတစ်ဦးအဖို့ ဆင်းရဲဒုက္ခ အဆုံးသတ်ရန် စောင့်ရသည့်အနှစ် ၁၀၀ သည် အလွန်ကြာညောင်းပုံပေါက်သည်။ သို့ရာတွင် စာတန်ပေါ်ပေါက်စေသည့် ငြင်းခုံချက်များက ဖန်ဆင်းရှင်အပေါ် မကောင်းသည့်သဘော ထင်ဟပ်စေသည်ကို ကျွန်ုပ်တို့ အသိအမှတ်ပြုရပေမည်။ ဘုရားသခင့်အမြင်တွင် ဆင်းရဲဒုက္ခနှင့် ဆိုးယုတ်မှုတို့ကို ခွင့်ပြုခဲ့ရသည့်အချိန်မှာ ခဏတစ်ဖြုတ်မျှသာဖြစ်၏။ ကိုယ်တော်သည် “ထာဝရဘုရင်” ဖြစ်တော်မူသဖြင့် ကိုယ်တော့်အဖို့ဆိုလျှင် ‘အနှစ်တစ်ထောင်သည် လွန်ပြီးသောမနေ့ကဲ့သို့ဖြစ်၏။’ (၁ တိမောသေ ၁:၁၇၊ သမ; ဆာလံ ၉၀:၄) အစဉ်တည်မြဲသည့်အသက် ဆုချခံရသည့် လူသားများအဖို့မှာလည်း ဆင်းရဲဒုက္ခပြည့်နေသည့် ဤသမိုင်းကာလသည် အတော်အတန် တိုတောင်းပုံပေါက်ပေမည်။
[စာမျက်နှာ ၁၇၈ ပါ လေးထောင့်ကွက်]
သမိုင်း၏အလှည့်အပြောင်း
“မျက်မှောက်ကာလ၏ အထက်စီးနေရာမှ နောက်ကြောင်းကို ပြန်ကြည့်လိုက်သော် ပထမကမ္ဘာစစ်ဖြစ်ပွားခြင်းသည် ဗြိတိသျှ သမိုင်းပညာရှင် အာရ်နောလ် တွိုင်ဘီ၏ ဝေါဟာရအသုံးအနှုန်းအရ နှစ်ဆယ်ရာစု ‘ဒုက္ခကာလ’ ကိုဆောင်သွင်းလာခဲ့ကြောင်း ယနေ့ ကျွန်ုပ်တို့အထင်အရှား တွေ့မြင်လာရသည်။ ထိုကာလမှလွတ်မြောက်ရန် ကျွန်ုပ်တို့၏ လူ့ယဉ်ကျေးမှုကြီး ရုန်းမထွက်နိုင်သေးချေ။”—မင်းဆက်များ ကျဆုံးခြင်း၊ အက်ဒမန်ဒ် တေလာ။
“ကျွန်ုပ်တို့ခေတ်ကာလ၏ အလှည့်အပြောင်းကို မှတ်သားသည့်အရာမှာ ဟီရိုရှီးမားဖြစ်ရပ်မဟုတ်ဘဲ ၁၉၁၄ ခုနှစ်သာ စင်စစ်ဖြစ်ပေ၏။ အကြောင်းမှာ ယက်ကန်ယက်ကန်နှင့် ကျွန်ုပ်တို့ ရုန်းကန်နေရသည့် ဤကမောက်ကမ စပ်ကူးမပ်ကူးကာလကို ဆောင်သွင်းခဲ့သည့်အရာမှာ ပထမကမ္ဘာစစ်ပင်ဖြစ်ကြောင်း . . . ယခုအခါ ကျွန်ုပ်တို့ တွေ့မြင်နိုင်ပြီ။”—ဒေါက်တာ ရာနေး အဲဘရက်ချ်ထ် ကာရ်ယေး၊ ဘားနဒ် ကောလိပ်။
“၁၉၁၄ ခုနှစ်တွင် ကမ္ဘာကြီးသည် စည်းလုံးညီညွတ်ခြင်း ဆုံးရှုံးခဲ့သည်။ ထိုအချိန်မှစ၍ စည်းလုံးညီညွတ်ခြင်း ပြန်လည်ရရှိအောင် စွမ်းဆောင်နိုင်ခြင်း မရှိသေးချေ။ . . . ယခုခေတ်သည် နိုင်ငံတကာနယ်နိမိတ်များကို ကျော်လွန်၍လည်းကောင်း၊ တစ်နိုင်ငံချင်းအတွင်း၌လည်းကောင်း ထူးခြားစွာကစဉ့်ကရဲဖြစ်သည့် အကြမ်းဖက်ကာလဖြစ်၏။ ”—သည်အီကိုနောမစ္စထ်။
[စာမျက်နှာ ၁၈၁ ပါ လေးထောင့်ကွက်]
လူသေပြီးနောက် ရှင်ပြန်ထမြောက်နိုင်သလော
နဗ်ကြောပညာရှင် ရစ်ချတ် အမ်. ရက်စ်တက္ခက လူ့ဦးနှောက်နှင့် ဦးနှောက်နဗ်ကြောဆဲလ်များအကြောင်း မှတ်ချက်ချခဲ့သည်။ “ဘီလီယံ ၅၀ ရှိသော ကျွန်ုပ်တို့၏ နဗ်ကြောဆဲလ်များအတွင်း အခြေတကျတည်ရှိသည့် ကြားဆက်များ (နဗ်ကြောဆုံများ) နှင့် ပတ်လမ်းများကို အဓိပ္ပာယ်ဖော်နိုင်စွမ်းရှိသည့် လေ့လာအကဲခတ်သူတစ်ဦးသည် ကျွန်ုပ်တို့နှင့်ဆိုင်သမျှ အကြောင်းအရာအားလုံးနှင့် ကျွန်ုပ်တို့လုပ်ဆောင်ခဲ့သမျှတို့ကို သိရှိနိုင်၏။” သို့ဖြစ်ရိုးမှန်လျှင်၊ မေတ္တာပြည့်ဝသည့် ဖန်ဆင်းရှင်သည် မိမိ၌ရှိသည့် တစ်ဦးချင်းနှင့်ဆိုင်သော သတင်းအချက်အလက်တို့ဖြင့် လူတစ်ဦးကို ပြန်လည်တည်ဆောက်နိုင်စွမ်း ရှိသည်မဟုတ်ပေလော။
[စာမျက်နှာ ၁၈၂ ပါ လေးထောင့်ကွက်]
သင့်ကြားဆက်များကို ရေတွက်ထား၏
ယေရှုက “သင်တို့ဆံပင်သည်လည်း အကုန်အစင် ရေတွက်လျက်ရှိ၏” ဟုမိန့်တော်မူ၏။ (မဿဲ ၁၀:၂၉-၃၁) သင့်ဦးခေါင်းအတွင်းရှိ နဗ်ကြောတစ်ရှူးကော မည်သို့ဆိုမည်နည်း။ ဦးနှောက်ဆဲလ်များ (နဗ်ကြောဆဲလ်များဟုခေါ်သည်) မှာ အလွန်တရာ သေးငယ်လှသဖြင့် အားကောင်းသော အဏုကြည့်ကိရိယာဖြင့်သာ တွေ့ မြင်နိုင်သည်။ နဗ်ကြောဆဲလ်များကိုသာမက ထိုထက်သေးငယ်သည့် ကြားဆက်များ (နဗ်ကြောဆုံများ) ကိုရေတွက်ရန် ကြိုးပမ်းသည်ဟု စိတ်ကူးကြည့်လိုက်ပါ။ အချို့သော နဗ်ကြောဆဲလ်များ၌ ကြားဆက်များ ၂၅၀,၀၀၀ အထိပင်ရှိနိုင်သည်။
ဒေါက်တာ ပီတာ ဟုတန်လောချားက အားကောင်းသော အီလက်ထရွန် အဏုကြည့်ကိရိယာကို အသုံးပြုလျက် သန္ဓေသားများ၊ သေဆုံးသည့်ကလေးများနှင့် အသက်ကြီးသူများ၏ အသေကောင်များမှ နဗ်ကြောဆုံကြားဆက်များကို စတင်ရေတွက်သည်။ အံ့ဩစရာမှာ၊ အပ်ဖျားအရွယ်မျှရှိသည့် နမူနာအားလုံး၌ အကြမ်းဖျင်းအားဖြင့် တူညီသည့် နဗ်ကြောဆဲလ်အရေအတွက် ၇၀,၀၀၀ ခန့်ရှိခြင်းပင်ဖြစ်သည်။
၎င်းနောက်၊ ဒေါက်တာ ဟုတန်လောချားက ထိုမျှသေးငယ်လှသည့် နမူနာများအတွင်း နဗ်ကြောဆုံ၊ သို့မဟုတ် ဦးနှောက်ဆဲလ်ကြားဆက်များကို စတင်ရေတွက်ပြန်သည်။ သန္ဓေသား၏ နဗ်ကြောဆဲလ်များတွင် ကြားဆက် ၁၂၄ သန်း၊ မွေးကင်းစကလေး၏ နဗ်ကြောဆဲလ်များတွင် ၂၅၃ သန်း၊ ရှစ်လသားအရွယ်ကလေးတွင် ၅၇၂ သန်း အသီးသီးရှိကြသည်။ ၎င်းနောက်ပိုင်းတွင် ကလေးကြီးပြင်းလာသည်နှင့်အမျှ ထိုအရေအတွက်သည် တဖြည်းဖြည်းလျော့နည်းသွားသည်ကို ဒေါက်တာ ဟုတန်လောချားက တွေ့ ရှိရ၏။
ရှင်ပြန်ထမြောက်ခြင်းအကြောင်း သမ္မာကျမ်းစာပြောဆိုချက်ကို ထောက်ရှုလျှင် ဤတွေ့ ရှိချက်များသည် စိတ်ဝင်စားဖွယ်ကောင်း၏။ (ယောဟန် ၅:၂၈၊ ၂၉) လူကြီးတစ်ဦး၌ ဦးနှောက်တစ်ခုလုံးတွင် နဗ်ကြောဆဲလ်ကြားဆက်ပေါင်း ဘီလီယံတစ်သန်းခန့်ရှိ၏။ ဆိုလိုသည်မှာ ၁ နောက်တွင် သုည ၁၅ လုံးရှိသည်။ ဖန်ဆင်းရှင်အနေဖြင့် ၎င်းကြားဆက်များကို ရေတွက်ရုံမျှမက ၎င်းတို့ကို ပြန်လည်တည်ဆောက်နိုင်စွမ်း ရှိသည်မဟုတ်ပေလော။
ကမ္ဘာ့စာအုပ် စွယ်စုံကျမ်း က စကြဝဠာအတွင်းရှိ ကြယ်များ၏အရေအတွက်ကို ဘီလီယံ ဘီလီယံပေါင်း ၂၀၀၊ သို့မဟုတ် ၂ နောက်တွင် သုညအလုံး ၂၀ ရှိသည်ဟုဖော်ပြသည်။ ဖန်ဆင်းရှင်သည် ထိုကြယ်အားလုံးကို နာမည်ဖြင့်သိတော်မူ၏။ (ဟေရှာယ ၄၀:၂၆) ထို့ကြောင့်၊ ရှင်ပြန်ထမြောက်စေလိုသူတို့၏ မှတ်ဉာဏ်နှင့်ခံစားချက်များကို ဖွဲ့စည်းဖြစ်ပေါ်စေသည့် နဗ်ကြောဆဲလ်ကြားဆက်များကို မှတ်မိပြီး ပြန်လည်တည်ဆောက်နိုင်ရန် ကိုယ်တော်၌ စွမ်းပကားအပြည့်ရှိပေသည်။
[စာမျက်နှာ ၁၆၆ ပါ ရုပ်ပုံ]
မွေးခြင်းမှသေခြင်း ကံကြမ္မာသံသရာကို လူအများ ယုံကြည်ကြ
[စာမျက်နှာ ၁၇၁ ပါ ရုပ်ပုံ]
ဇာဘုရင် ဒုတိယမြောက် နီကိုလပ်စ်နှင့် အလက်ဇန္ဒရားတို့၏ သားတော် အလက်ဇေသည် သွေးမတိတ်ရောဂါကို မျိုးရိုးလိုက်အမွေဆက်ခံခဲ့ရ၏။ ကျွန်ုပ်တို့သည် ဘိုးဘေးအာဒံထံမှ မစုံလင်မှုကို အမွေဆက်ခံခဲ့ရကြ၏
[စာမျက်နှာ ၁၇၉ ပါ ရုပ်ပုံ]
ဖန်ဆင်းရှင်သည် ဆင်းရဲခြင်းဝေဒနာကို ခွင့်ပြုထားသည့်ကြားမှပင် လူသားများအတွက် သာယာကြည်နူးဖွယ်ရာ အမြောက်အမြားကို ဖန်တီးပေးထားတော်မူ၏