လေ့လာရန် ဆောင်းပါး ၄၉
ကျွန်တော်တို့ ထာဝစဉ် အသက်ရှင်နိုင်
‘ဘုရားသခင်ပေးတဲ့ ဆုကျေးဇူးကတော့ ထာဝရအသက်ပဲ။’—ရော. ၆:၂၃။
သီချင်း ၁၄၇ ထာဝရအသက် ကတိတော်
အကြိုသုံးသပ်ချက်a
၁။ ထာဝရအသက် ပေးမယ်ဆိုတဲ့ ယေဟောဝါရဲ့ ကတိအကြောင်း စဉ်းစားတာက ကျွန်တော်တို့အပေါ် ဘယ်လို အကျိုးသက်ရောက်သလဲ။
မိမိကို နာခံသူတွေ “ထာဝရအသက်” ရမယ်လို့ ယေဟောဝါ ကတိပေးထားတယ်။ (ရော. ၆:၂၃) အဲဒီကတိအကြောင်း စဉ်းစားတိုင်း ဘုရားကို ချစ်တဲ့ မေတ္တာ တိုးများလာတယ်။ ကျွန်တော်တို့ကို ကောင်းကင်ဘုံစံ အဖ သိပ်ချစ်လို့ မိမိနဲ့ ဘယ်တော့မှ ဝေးကွာမသွားရအောင် ဒီလက်ဆောင် ပြင်ဆင်ပေးထားတာ။
၂။ ထာဝရအသက် ကတိက ကျွန်တော်တို့ကို ဘယ်လို ကူညီပေးသလဲ။
၂ ဘုရားပေး ထာဝရအသက် ကတိဟာ လက်ရှိ အခက်အခဲတွေကို ခံရပ်နိုင်ဖို့ ကူညီပေးတယ်။ သတ်ပစ်မယ်လို့ ရန်သူတွေ ခြိမ်းခြောက်ချိန်မှာတောင် ကျွန်တော်တို့ အလျှော့မပေးကြဘူး။ ဘာကြောင့်လဲ။ အကြောင်းရင်းတစ်ခုကတော့ သစ္စာရှိရှိ သေဆုံးသွားရင် ဘယ်တော့မှ မသေတော့မယ့် အလားအလာနဲ့ ကျွန်တော်တို့ကို ဘုရား ပြန်ထမြောက်ပေးမယ်ဆိုတာ သိထားကြလို့ပဲ။ (ယော. ၅:၂၈၊ ၂၉။ ၁ ကော. ၁၅:၅၅-၅၈။ ဟီ. ၂:၁၅) ထာဝစဉ် အသက်ရှင်ဖို့ ဖြစ်နိုင်တယ်ဆိုတာ ဘာကြောင့် စိတ်ချနိုင်သလဲ။ အကြောင်းရင်း တချို့ကို စဉ်းစားကြည့်ပါ။
ယေဟောဝါ ထာဝစဉ် အသက်ရှင်
၃။ ကျွန်တော်တို့ ထာဝစဉ် အသက်ရှင်အောင် ယေဟောဝါ လုပ်ပေးနိုင်စွမ်း ရှိကြောင်း ဘာကြောင့် စိတ်ချနိုင်သလဲ။ (ဆာလံ ၁၀၂:၁၂၊ ၂၄၊ ၂၇)
၃ ယေဟောဝါဟာ အသက်ရဲ့ ပင်ရင်း ဖြစ်ပြီး ထာဝစဉ် အသက်ရှင်လို့ ကျွန်တော်တို့ကို ထာဝရအသက် ပေးနိုင်တယ်။ (ဆာ. ၃၆:၉) ယေဟောဝါ အမြဲ တည်ရှိခဲ့ပြီး အမြဲ တည်ရှိမယ်ဆိုတာ ဖော်ပြတဲ့ ကျမ်းချက်တချို့ကို သတိပြုကြည့်ပါ။ ယေဟောဝါဟာ “ထာဝစဉ်ထာဝရ ဘုရားသခင်” ဖြစ်တယ်လို့ ဆာလံ ၉၀:၂ မှာ ပြောတယ်။ ဆာလံ ၁၀၂ မှာလည်း အလားတူ ဖော်ပြတယ်။ (ဆာလံ ၁၀၂:၁၂၊ ၂၄၊ ၂၇ ကို ဖတ်ပါ။) ပရောဖက် ဟဗက္ကုတ်ကလည်း “ယေဟောဝါဘုရား၊ ကိုယ်တော်ဟာ ထာဝရကာလကတည်းက တည်ရှိခဲ့တယ် မဟုတ်လား။ ကျွန်တော့်ဘုရားသခင်၊ သန့်ရှင်းတဲ့အရှင်၊ ကိုယ်တော်ဟာ သေခြင်းနဲ့ ကင်းလွတ်တယ်” လို့ ပြောတယ်။—ဟဗ. ၁:၁၂။
၄။ ယေဟောဝါ အမြဲ တည်ရှိတယ်ဆိုတဲ့ အချက်ကို နားလည်ရခက်နေရင် စိုးရိမ်သင့်သလား။ ရှင်းပြပါ။
၄ ယေဟောဝါ “ထာဝစဉ်” တည်တယ်ဆိုတဲ့ အချက်ကို နားလည်ဖို့ ခက်နေသလား။ (ဟေရှာ. ၄၀:၂၈) လူများစွာအတွက် ခက်တယ်။ “ဘုရားရဲ့ နှစ်ပေါင်းအရေအတွက်တွေကို ဉာဏ်မမီနိုင်ဘူး” လို့ ဧလိဟု ပြောတယ်။ (ယောဘ ၃၆:၂၆) ဒါပေမဲ့ တစ်ခုခုကို ကိုယ်နားမလည်တာနဲ့ပဲ အဲဒါ မမှန်ဘူးလို့ သတ်မှတ်လို့ မရဘူး။ ဥပမာ၊ လျှပ်စစ်စွမ်းအား အလုပ်လုပ်ပုံကို ကောင်းကောင်း နားမလည်တာနဲ့ပဲ တကယ် မရှိဘူးလို့ သတ်မှတ်လို့ ရမလား။ မရဘူး။ အဲဒီလိုပဲ ဘယ်လိုလုပ်ပြီး ယေဟောဝါ အမြဲ ရှိခဲ့သလဲ၊ ရှိနေဦးမလဲဆိုတာ အပြည့်အဝ နားမလည်နိုင်တာနဲ့ပဲ ဘုရား ထာဝစဉ် မတည်ရှိဘူးလို့ ယူဆလို့ မရဘူး။ ဖန်ဆင်းရှင်ရဲ့ တည်ရှိမှုဟာ ကျွန်တော်တို့ နားလည်နိုင်တာ၊ နားမလည်နိုင်တာအပေါ် မမူတည်ဘူး။ (ရော. ၁၁:၃၃-၃၆) နေ၊ လ၊ ကြယ်တွေ အပါအဝင် စကြဝဠာ မတည်ရှိခင်ကတည်းက ဘုရား တည်ရှိနေတယ်။ ယေဟောဝါဘုရားဟာ “ကမ္ဘာမြေကို တန်ခိုးနဲ့ ဖန်ဆင်းတဲ့အရှင်” ဖြစ်ကြောင်း၊ ‘မိုးကောင်းကင်ကို သိနားလည်နိုင်စွမ်းနဲ့ မဖြန့်မိုး’ ခင်ကတည်းက တည်ရှိခဲ့ကြောင်း စိတ်ချနိုင်တယ်။ (ယေ. ၅၁:၁၅။ တ. ၁၇:၂၄) ကျွန်တော်တို့ ထာဝစဉ် အသက်ရှင်နိုင်တယ်ဆိုတာ စိတ်ချနိုင်တဲ့ နောက်ထပ် အကြောင်းရင်းက ဘာလဲ။
ထာဝစဉ် အသက်ရှင်ဖို့ ကျွန်တော်တို့ ဖန်ဆင်းခံရ
၅။ အာဒံနဲ့ ဧဝမှာ ဘယ်အလားအလာ ရှိသလဲ။
၅ ကမ္ဘာပေါ် ယေဟောဝါ ဖန်ဆင်းခဲ့တာတွေထဲမှာ လူသားတွေကလွဲလို့ ကျန်သက်ရှိတွေရဲ့ သက်တမ်း အကန့်အသတ်ပဲ ရှိတယ်။ လူသားတွေကိုတော့ ဘယ်တော့မှ မသေမယ့် ထူးခြားတဲ့ အလားအလာ ပေးခဲ့တယ်။ ဒါပေမဲ့ “အကောင်းအဆိုး သိကျွမ်းရာအပင်ရဲ့ အသီးကိုတော့ မစားနဲ့။ စားတဲ့နေ့မှာ မင်း သေကိုသေရမယ်” လို့ အာဒံကို ယေဟောဝါ ပြောတယ်။ (က. ၂:၁၇) အာဒံနဲ့ ဧဝသာ ယေဟောဝါကို နာခံရင် သေရမှာ မဟုတ်ဘူး။ တစ်ချိန်ချိန်မှာတော့ သူတို့ကို “အသက်ပင်” ရဲ့ အသီး ဘုရား စားခွင့်ပြုမယ်လို့ ယူဆနိုင်စရာအကြောင်း ရှိတယ်။ “ထာဝစဉ် အသက်ရှင်” မယ်ဆိုတဲ့ အာမခံချက် ရလိုက်တဲ့ သဘော ဖြစ်ပါလိမ့်မယ်။b—က. ၃:၂၂။
၆-၇။ (က) လူသားတွေကို သေဖို့ ရည်ရွယ်ချက်နဲ့ ဘုရား မဖန်ဆင်းထားကြောင်း ဘယ်အချက်က ဖော်ပြသေးသလဲ။ (ခ) ကမ္ဘာသစ်မှာ ဘာတွေ လုပ်ဖို့ စိတ်ကူးထားသလဲ။ (ရုပ်ပုံတွေကို ကြည့်ပါ။)
၆ လူ့ဦးနှောက်ဟာ လက်ရှိ သက်တမ်းတစ်လျှောက် မှတ်သားနိုင်တာထက် အဆပေါင်းများစွာ ပိုမှတ်သားနိုင်ကြောင်း သိပ္ပံပညာရှင်တချို့ တွေ့ရှိကြတယ်။ အဲဒါ စိတ်ဝင်စားစရာပဲ။ ၂၀၁၀ ထုတ် ဂျာနယ် (Scientific American Mind) ဆောင်းပါးတစ်ပုဒ်မှာ လူ့ဦးနှောက်ဟာ ခန့်မှန်းခြေအားဖြင့် ၂.၅ သန်း ဂီဂါဘိုက်လောက် ရှိတဲ့ အချက်အလက်တွေကို မှတ်သားနိုင်တယ်လို့ ဖော်ပြတယ်။ အဲဒါက နာရီသုံးသန်း (နှစ်ပေါင်း ၃၀၀ ကျော်) လောက် ရှိတဲ့ တီဗီအစီအစဉ်နဲ့ ညီမျှတယ်။ ဒါတောင် အကြမ်းဖျင်း သတ်မှတ်ချက်ပဲ ဖြစ်တယ်။ ဒါက ကျွန်တော်တို့ရဲ့ ဦးနှောက်ကို နှစ် ၇၀၊ ၈၀ စာလောက်ပဲ မှတ်သားနိုင်ဖို့ ယေဟောဝါ ဒီဇိုင်းပြုလုပ်ထားတာ မဟုတ်ကြောင်း ဖော်ပြတယ်။—ဆာ. ၉၀:၁၀။
၇ အသက်ဆက်ရှင်ချင်တဲ့ ပြင်းပြတဲ့ ဆန္ဒကိုလည်း ယေဟောဝါ ထည့်သွင်းဖန်ဆင်းထားတယ်။ လူသားတွေရဲ့ “စိတ်ထဲမှာ ထာဝရကာလကို ထည့်ပေးထားတယ်” လို့ ကျမ်းစာ ပြောတယ်။ (ဒေ. ၃:၁၁) အဲဒါ သေခြင်းကို ရန်သူအဖြစ် ကျွန်တော်တို့ သတ်မှတ်ရတဲ့ အကြောင်းရင်းတစ်ခု ဖြစ်တယ်။ (၁ ကော. ၁၅:၂၆) ကျွန်တော်တို့ အသည်းအသန် ဖျားနာတဲ့အခါ ဘာမှ မလုပ်ဘဲ သေမယ့်အချိန်ကို စောင့်နေသလား။ မစောင့်ပါဘူး။ ဆရာဝန် သွားပြတယ်။ ရောဂါကို ပြန်ခုခံနိုင်ဖို့ ဆေးတွေ သောက်ကြတယ်။ တကယ်တော့ မသေချင်လို့ တတ်နိုင်သလောက် ကြိုးစားနေတာပါ။ ကိုယ်ချစ်ရသူ တစ်ယောက် အသက်ကြီးကြီး၊ ငယ်ငယ် သေဆုံးသွားတဲ့အခါ အချိန်အတော်ကြာ ဝမ်းနည်းကြေကွဲကြရတယ်။ (ယော. ၁၁:၃၂၊ ၃၃) မေတ္တာရှိတဲ့ ဖန်ဆင်းရှင်သာ လူသားတွေကို ထာဝစဉ် အသက်ရှင်ဖို့ ရည်ရွယ်ချက်နဲ့ ဖန်ဆင်းထားတာ မဟုတ်ဘူးဆိုရင် ထာဝစဉ် အသက်ရှင်ချင်စိတ်ရော၊ ရှင်နိုင်စွမ်းပါ ပေးထားမှာ မဟုတ်ဘူး။ ကျွန်တော်တို့ ထာဝစဉ် အသက်ရှင်နိုင်တယ်ဆိုတာ ယုံကြည်ဖို့ တခြားအကြောင်းရင်းတွေ ရှိသေးတယ်။ မူလရည်ရွယ်ချက် မပြောင်းလဲဘူးဆိုတာ သက်သေထူတဲ့ ဘုရားရဲ့ ရှေးခေတ်နဲ့ လက်ရှိ လုပ်ဆောင်မှုတချို့အကြောင်း ဆွေးနွေးကြည့်ကြစို့။
ထာဝရအသက် ရချိန်မှာ လုပ်ဆောင်နိုင်မယ့်အရာတွေအကြောင်း စဉ်းစားရတာကို ကျွန်တော်တို့ နှစ်သက်ကြ (စာပိုဒ် ၇ ကို ကြည့်ပါ)c
ယေဟောဝါ ရည်ရွယ်ချက် မပြောင်းလဲ
၈။ ဟေရှာယ ၅၅:၁၁ က ကျွန်တော်တို့နဲ့ပတ်သက်တဲ့ ယေဟောဝါရဲ့ ရည်ရွယ်ချက်အကြောင်း ဘာသိစေသလဲ။
၈ အာဒံနဲ့ ဧဝ အပြစ်လုပ်ပြီး သားသမီးတွေကို သေခြင်း အမွေပေးခဲ့ပေမဲ့ ယေဟောဝါကတော့ ရည်ရွယ်ချက် မပြောင်းဘူး။ (ဟေရှာယ ၅၅:၁၁ ကို ဖတ်ပါ။) သစ္စာရှိတဲ့ လူသားတွေကို ထာဝရအသက် ပေးဖို့ ရည်ရွယ်တုန်းပဲ။ ယေဟောဝါ ပြောတာ၊ လုပ်တာတွေကို ကြည့်ရင် အဲဒီအချက်ကို သိနိုင်တယ်။
၉။ ဘုရား ဘာကတိ ပေးသလဲ။ (ဒံယေလ ၁၂:၂၊ ၁၃)
၉ သေလွန်သူတွေကို ပြန်ထမြောက်ပေးမယ်၊ ထာဝစဉ် အသက်ရှင်ခွင့် ပေးမယ်လို့ ယေဟောဝါ ကတိပေးတယ်။ (တ. ၂၄:၁၅။ တိ. ၁:၁၊ ၂) ယေဟောဝါ တကယ် ထမြောက်ပေးချင်စိတ် ပြင်းပြနေကြောင်း သစ္စာရှိသူ ယောဘ စိတ်ချတယ်။ (ယောဘ ၁၄:၁၄၊ ၁၅) သေလွန်သူတွေ ပြန်ထမြောက်ပြီး ထာဝစဉ် အသက်ရှင်ဖို့ အခွင့်အရေး ရမယ်ဆိုတာ ပရောဖက် ဒံယေလ သိတယ်။ (ဆာ. ၃၇:၂၉။ ဒံယေလ ၁၂:၂၊ ၁၃ ကို ဖတ်ပါ။) သစ္စာရှိ ကျေးကျွန်တွေကို ယေဟောဝါ “ထာဝရအသက်” ပေးနိုင်ကြောင်း ယေရှုခေတ်က ဂျူးတွေ သိတယ်။ (လု. ၁၀:၂၅။ ၁၈:၁၈) ယေရှုကိုယ်တိုင်လည်း အဲဒီကတိအကြောင်း အကြိမ်ကြိမ် ပြောတယ်။ သူ သေဆုံးသွားတော့ ဘုရား ထမြောက်ပေးတယ်။—မ. ၁၉:၂၉။ ၂၂:၃၁၊ ၃၂။ လု. ၁၈:၃၀။ ယော. ၁၁:၂၅။
ဧလိယ ထမြောက်ပေးခဲ့တဲ့ မှတ်တမ်းက ဘာကို စိတ်ချစေသလဲ (စာပိုဒ် ၁၀ ကို ကြည့်ပါ)
၁၀။ ရှေးခေတ် ရှင်ပြန်ထမြောက်ခြင်း မှတ်တမ်းတွေက ဘာကို သက်သေထူသလဲ။ (ရုပ်ပုံကို ကြည့်ပါ။)
၁၀ ယေဟောဝါဟာ အသက်ပေးရှင် ဖြစ်ပြီး သေလွန်သူတွေကို အသက်ပြန်ပေးနိုင်စွမ်း ရှိတယ်။ ဇရတ္တမြို့က မုဆိုးမရဲ့ သားကို ထမြောက်ပေးဖို့ ပရောဖက် ဧလိယကို တန်ခိုးပေးတယ်။ (၁ ဘု. ၁၇:၂၁-၂၃) နောက်ပိုင်း၊ ပရောဖက် ဧလိရှဲက ရှုနင်မြို့သူရဲ့ သားကို ဘုရားအကူအညီနဲ့ ထမြောက်ပေးတယ်။ (၂ ဘု. ၄:၁၈-၂၀၊ ၃၄-၃၇) အဲဒီမှတ်တမ်းတွေနဲ့ တခြား ထမြောက်ခြင်း မှတ်တမ်းတွေက ယေဟောဝါမှာ ထမြောက်ပေးနိုင်တဲ့ တန်ခိုး ရှိကြောင်း သက်သေထူတယ်။ ယေရှု မြေကြီးပေါ် ရှိတုန်း မိမိကို အဲဒီတန်ခိုး အဖဘုရား ပေးထားကြောင်း သက်သေပြခဲ့တယ်။ (ယော. ၁၁:၂၃-၂၅၊ ၄၃၊ ၄၄) အခု၊ ယေရှု ကောင်းကင်မှာ။ “ကောင်းကင်မှာရော မြေကြီးမှာပါ အခွင့်အာဏာရှိသမျှ” အပ်နှင်းခံထားရတယ်။ ဒါကြောင့် “သင်္ချိုင်းဂူတွေမှာ ရှိနေသူအားလုံး” ကို ထာဝရအသက် အလားအလာနဲ့ ထမြောက်ပေးမယ်ဆိုတဲ့ ကတိ ပြည့်စုံစေနိုင်တဲ့ အနေအထားမှာ ရှိနေတယ်။—မ. ၂၈:၁၈။ ယော. ၅:၂၅-၂၉။
၁၁။ ကျွန်တော်တို့ ထာဝစဉ် အသက်ရှင်ဖို့ ရွေးဖိုးက ဘယ်လို လမ်းဖွင့်ပေးသလဲ။
၁၁ ချစ်သား ဝေဒနာခံပြီး သေဆုံးဖို့ ယေဟောဝါ ဘာကြောင့် ခွင့်ပြုခဲ့သလဲ။ “ဘုရားသခင်က လူ့လောကကို အလွန်ချစ်တယ်။ ဒါကြောင့် မိမိရဲ့သားကို ယုံကြည်သက်ဝင်သူတိုင်း ဖျက်ဆီးမခံရဘဲ ထာဝရအသက်ရနိုင်ဖို့ အဲဒီတစ်ဦးတည်းသော သားကိုတောင် ပေးအပ်ခဲ့တယ်” လို့ ယေရှု ပြောတယ်။ (ယော. ၃:၁၆) ကျွန်တော်တို့ရဲ့ အပြစ်တွေကို ခွင့်လွှတ်ဖို့ သားတော်ကို ရွေးဖိုးအဖြစ် ဘုရား ပေးခြင်းအားဖြင့် ထာဝရအသက်လမ်း ဖွင့်ပေးတယ်။ (မ. ၂၀:၂၈) ဘုရား ရည်ရွယ်ချက်မှာ အရေးပါတဲ့ အဲဒီအပိုင်းအကြောင်း တမန်တော် ပေါလု ဒီလိုပြောတယ်– “လူတစ်ယောက်ကြောင့် လူတွေ သေဆုံးရသလို လူတစ်ယောက်ကြောင့် လူသေတွေ ရှင်ပြန်ထမြောက်ရပြီ။ အာဒံကြောင့် လူအားလုံး သေဆုံးရသလို ခရစ်တော်ကြောင့် လူအားလုံး အသက်ရှင်ရလိမ့်မယ်။”—၁ ကော. ၁၅:၂၁၊ ၂၂။
၁၂။ မိမိရည်ရွယ်ချက်ကို ယေဟောဝါ ဘယ်လို ပြည့်စုံစေသလဲ။
၁၂ ဘုရား နိုင်ငံတော် လာဖို့၊ ကမ္ဘာမြေမှာ အလိုတော် ပြည့်စုံဖို့ ဆုတောင်းပါဆိုပြီး နောက်လိုက်တွေကို ယေရှု သင်ပေးတယ်။ (မ. ၆:၉၊ ၁၀) လူသားတွေအတွက် ဘုရားရည်ရွယ်ချက်ထဲမှာ မြေကြီးပေါ် သူတို့ ထာဝစဉ် အသက်ရှင်ခြင်းလည်း ပါတယ်။ အဲဒီလို ဖြစ်နိုင်ဖို့ သားတော်ကို မေရှိယနိုင်ငံရဲ့ ဘုရင်အဖြစ် ယေဟောဝါ ခန့်အပ်တယ်။ အလိုတော် ပြည့်စုံရေးမှာ ယေရှုနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ မြေကြီးပေါ်က ၁၄၄,၀၀၀ ကို စုသိမ်းနေတယ်။—ဗျာ. ၅:၉၊ ၁၀။
၁၃။ အခု ယေဟောဝါဘုရား ဘာလုပ်နေသလဲ။ သင် ဘယ်လို ပါဝင်ပတ်သက်သလဲ။
၁၃ အခု “လူအုပ်ကြီး” ကို ယေဟောဝါ စုသိမ်းနေတယ်။ နိုင်ငံတော်မှာ နေထိုင်နိုင်ဖို့ လေ့ကျင့်ပေးနေတယ်။ (ဗျာ. ၇:၉၊ ၁၀။ ယာ. ၂:၈) မုန်းတီးမှုနဲ့ စစ်ပွဲတွေကြောင့် ဒီလောက ကွဲပြားနေပေမဲ့ လူအုပ်ကြီးကတော့ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး မုန်းတီးမှုတွေကို ကျော်ဖြတ်နိုင်ဖို့ ကြိုးစားနေကြတယ်။ ဓားကို ထယ်သွားဖြစ်အောင် ထုလုပ်နေကြောင်း လုပ်ရပ်နဲ့ ပြနေကြတယ်။ (မိ. ၄:၃) လူပေါင်းများစွာကို သေစေတဲ့ စစ်ပွဲတွေမှာ ပါဝင်မယ့်အစား စစ်မှန်တဲ့ ဘုရားအကြောင်း၊ ဘုရားရဲ့ ရည်ရွယ်ချက်တွေအကြောင်း လူတွေကို သင်ပေးခြင်းအားဖြင့် “စစ်မှန်တဲ့ အသက်” ရအောင် ကူညီပေးနေကြတယ်။ (၁ တိ. ၆:၁၉) ဘုရားနိုင်ငံတော်ကို ထောက်ခံလို့ မိသားစု ဆန့်ကျင်မှု၊ ငွေကြေး ခက်ခဲမှုတွေ ကြုံရနိုင်ပေမဲ့ လိုအပ်တာ ရဖို့ ယေဟောဝါ ကူညီပေးတယ်။ (မ. ၆:၂၅၊ ၃၀-၃၃။ လု. ၁၈:၂၉၊ ၃၀) ဒီအချက်တွေက ဘုရားနိုင်ငံတော် တကယ် တည်ရှိကြောင်း၊ ဘုရား ရည်ရွယ်ချက်ကို ဆက်ပြည့်စုံစေမှာ ဖြစ်ကြောင်း စိတ်ချစေတယ်။
လှပတဲ့ အနာဂတ်
၁၄-၁၅။ သေခြင်းကို ထာဝစဉ် ဖယ်ရှားမယ်ဆိုတဲ့ ယေဟောဝါရဲ့ ကတိ နောက်ဆုံးမှာ ဘယ်လို ပြည့်စုံလာမလဲ။
၁၄ အခု၊ ယေရှု ကောင်းကင်မှာ နိုင်ငံတော် ဘုရင် ဖြစ်နေပြီ။ ယေဟောဝါရဲ့ ကတိအားလုံးကို ပြည့်စုံစေမယ်။ (၂ ကော. ၁:၂၀) ၁၉၁၄ ကစပြီး ရန်သူတွေအလယ်မှာ အုပ်စိုးနေပြီ။ (ဆာ. ၁၁၀:၁၊ ၂) မကြာခင် ယေရှုနဲ့ တွဲဖက်အုပ်ချုပ်သူတွေ အပြီးသတ် အောင်ပွဲခံပြီး လူဆိုးအားလုံးကို ဖျက်ဆီးတော့မယ်။—ဗျာ. ၆:၂။
၁၅ ယေရှုရဲ့ အနှစ်တစ်ထောင် အုပ်ချုပ်မှုအတွင်း လူသေတွေ ရှင်ပြန်ထမြောက်လာမယ်။ နာခံမှု ရှိတဲ့ လူသားတွေ ပြည့်ဝစုံလင်လာမယ်။ နောက်ဆုံးစမ်းသပ်မှု ပြီးနောက် ဖြောင့်မတ်သူအဖြစ် ယေဟောဝါ စီရင်သူတွေ “ကမ္ဘာမြေကို ပိုင်ဆိုင်ပြီး ထာဝစဉ် နေထိုင်ရလိမ့်မယ်။” (ဆာ. ၃၇:၁၀၊ ၁၁၊ ၂၉) “နောက်ဆုံးရန်သူဖြစ်တဲ့ သေခြင်း” ‘ဖျက်ဆီးခံရမယ်။’—၁ ကော. ၁၅:၂၆။
၁၆။ ယေဟောဝါကို ဝတ်ပြုရတဲ့ အဓိက အကြောင်းရင်းက ဘာဖြစ်သင့်သလဲ။
၁၆ လေ့လာခဲ့တဲ့အတိုင်း ထာဝရအသက် မျှော်လင့်ချက်ဟာ ကျမ်းစာအပေါ် အခိုင်အမာ အခြေပြုတယ်။ ခက်ခဲတဲ့ ဒီနောက်ဆုံးကာလအတွင်း ဆက်သစ္စာရှိနေဖို့ ကူညီပေးနိုင်တယ်။ ဒါပေမဲ့ ယေဟောဝါရဲ့ နှစ်သက်မှု ရဖို့ဆိုရင် ထာဝစဉ် အသက်ရှင်ချင်စိတ် ရှိရုံနဲ့ မလုံလောက်ဘူး။ ဆက်သစ္စာရှိနေတဲ့ အဓိက အကြောင်းရင်းက ယေဟောဝါနဲ့ ယေရှုကို နှစ်နှစ်ကာကာ ချစ်လို့ ဖြစ်ရမယ်။ (၂ ကော. ၅:၁၄၊ ၁၅) အဲဒီ မေတ္တာက သူတို့ကို အတုယူဖို့၊ ကိုယ့်မျှော်လင့်ချက်အကြောင်း တခြားသူတွေကို ပြောပြဖို့ လှုံ့ဆော်ပေးတယ်။ (ရော. ၁၀:၁၃-၁၅) တစ်ကိုယ်ကောင်း မဆန်သူ၊ ရက်ရောသူ ဖြစ်ဖို့ ကြိုးစားမယ်ဆိုရင် ယေဟောဝါက ကျွန်တော်တို့နဲ့ ထာဝစဉ် မိတ်ဆွေ ဖြစ်ချင်ပါလိမ့်မယ်။—ဟီ. ၁၃:၁၆။
၁၇။ ကျွန်တော်တို့ တစ်ယောက်စီမှာ ဘာတာဝန် ရှိသလဲ။ (မဿဲ ၇:၁၃၊ ၁၄)
၁၇ ထာဝရအသက် ရသူတွေထဲမှာ ကျွန်တော်တို့ ပါမလား။ ပါဝင်နိုင်ဖို့ ယေဟောဝါ လမ်းဖွင့်ပေးထားတယ်။ အသက်ရစေတဲ့ အဲဒီလမ်းပေါ် ဆက်ရှိနေမလားဆိုတာကတော့ ကိုယ့်သဘောပဲ။ (မဿဲ ၇:၁၃၊ ၁၄ ကို ဖတ်ပါ။) ထာဝစဉ် အသက်ရှင်ရတဲ့အခါ ဘဝက ဘယ်လို ရှိမလဲ။ နောက်ဆောင်းပါးမှာ ဆွေးနွေးကြပါမယ်။
သီချင်း ၁၄၁ အံ့ဖွယ်အသက်
a ထာဝစဉ် အသက်ရှင်ဖို့ စောင့်မျှော်နေသလား။ တစ်နေ့ကျရင် သေရမှာ ကြောက်စရာ မလိုဘဲ အသက်ရှင်နိုင်မယ်လို့ ယေဟောဝါဘုရား ကတိပေးထားတယ်။ အဲဒီကတိ ပြည့်စုံမယ်ဆိုတာ အကြွင်းမဲ့ စိတ်ချနိုင်တဲ့ အကြောင်းရင်းတချို့ကို ဒီဆောင်းပါးမှာ လေ့လာကြပါမယ်။
b “ကျမ်းစာမှာ သုံးထားတဲ့ ‘ထာဝစဉ်’” လေးထောင့်ကွက်ကို ကြည့်ပါ။
c ပုံအညွှန်း– သက်ကြီးညီအစ်ကိုတစ်ယောက် ထာဝရအသက် ရချိန်မှာ ကြုံရမယ့်အရာတချို့အကြောင်း စဉ်းစားနေ။