-
ခပ်သိမ်းသောအမှုအရာအတွက် အချိန်ရှိ၏ကင်းမျှော်စင်—၂၀၀၉ | မတ် ၁
-
-
ထိုကျမ်းရေးသူသည် လူတစ်ဦးတစ်ယောက်၏ ကံကြမ္မာ သို့မဟုတ် လူတစ်ဦးဘဝ၏ နောက်ဆုံးအခြေအနေအကြောင်း ပြောဆိုနေခြင်းမဟုတ်ဘဲ ဘုရားသခင်၏ရည်ရွယ်ချက်နှင့် ယင်းက လူသားထုအပေါ် မည်သို့အကျိုးသက်ရောက်မည့်အကြောင်း ပြောဆိုနေခြင်းဖြစ်သည်။ ယင်းကို ကျွန်ုပ်တို့မည်သို့သိရသနည်း။ ထိုကျမ်းချက်၏စကားစပ်အရ သိနိုင်သည်။ “မိမိတို့အချိန်” ရှိပုံရသည့်အရာများစွာအကြောင်း ဖော်ပြပြီးနောက် ရှောလမုန် ဤသို့ရေးခဲ့သည်– “လူသားတို့ကျင်လည်ရာဖို့ ဘုရားသခင်ပေးတော်မူသော ပင်ပန်းခြင်းအမှုကို ငါကြည့်မြင်ပြီ။ ခပ်သိမ်းသောအရာတို့ကို မိမိတို့အချိန်တန်မှ လျောက်ပတ်စွာဖန်ဆင်းတော်မူပြီ။”—ဒေ. ၃:၁၀၊ ၁၁။
ဘုရားသခင်သည် လူသားတို့ကို လုပ်ကိုင်စရာလုပ်ငန်းများစွာ ပေးခဲ့သည်၊ ယင်းတို့မှအချို့၏စာရင်းကို ရှောလမုန် ဖော်ပြထားသည်။ ဘုရားသခင်သည် လူသားတို့အား မိမိတို့လုပ်ဆောင်လိုရာကို လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်လည်း ပေးအပ်ထားသည်။ သို့သော် လုပ်ငန်းတိုင်းတွင် အကောင်းဆုံးရလဒ်ရရှိလိုပါက ယင်းတို့ကိုလုပ်ဆောင်ရမည့် အသင့်တော်ဆုံးအချိန်ရှိသည်။ ဥပမာ၊ “စိုက်ပျိုးရသောအချိန်နှင့် စိုက်ပျိုးသောအရာကို နုတ်ရသောအချိန်လည်းရှိ၏” ဟုရှောလမုန်ဖော်ပြသည်။ (ဒေ. ၃:၂) ကောက်ပဲသီးနှံတိုင်းကို သူ့အချိန်နှင့်သူ စိုက်ပျိုးရကြောင်း လယ်သမားများ သိကြသည်။ လယ်သမားများသည် ထိုအချက်လေးကို လျစ်လျူရှုပြီး ကောက်ပဲသီးနှံတစ်မျိုးအား သူ့ရာသီမဟုတ်သည့်အချိန်တွင် စိုက်ပျိုးလိုက်ပါက မည်သို့ဖြစ်မည်နည်း။ မိမိကြိုးစားလုပ်ဆောင်သည့်တိုင် သီးထွက်အားမကောင်းသည့်အတွက် ကံကြမ္မာကို အပြစ်တင်သင့်ပါသလော။ လုံးဝမတင်သင့်ပေ။ သူသည် သီးနှံကို သင့်တော်သည့်အချိန်တွင် မစိုက်ပျိုးခဲ့သောကြောင့်ဖြစ်သည်။ ထိုသို့မဟုတ်ဘဲ လယ်သမားသည် ဖန်ဆင်းရှင်ချမှတ်ထားသည့် သဘာဝ၏နိယာမတရားများကို လိုက်လျှောက်ရုံဖြင့် အကျိုးရလဒ်များစွာရရှိနိုင်မည်ဖြစ်သည်။
ထို့ကြောင့် ဘုရားသခင် ကြိုတင်သတ်မှတ်ထားသည်မှာ လူတစ်ဦးစီ၏ကံကြမ္မာ သို့မဟုတ် ဖြစ်ရပ်တိုင်း၏ နောက်ဆုံးရလဒ်မဟုတ်ပါ။ ယင်းအစား လူ့လုပ်ဆောင်မှုများကို ဘုရားသခင့်ရည်ရွယ်ချက်နှင့်အညီဖြစ်စေမည့် မူအချို့ကိုသာ ပြဋ္ဌာန်းထားခြင်းဖြစ်သည်။ လူတို့သည် မိမိတို့ကြိုးစားအားထုတ်မှုများကို အောင်မြင်စေလိုပါက ဘုရားသခင့်ရည်ရွယ်ချက်အပြင် ဘုရားသခင်သတ်မှတ်ထားသည့်အချိန်တို့ကို ပိုင်းခြားသိမြင်ပြီး ယင်းတို့နှင့်အညီ လုပ်ဆောင်ရမည်ဖြစ်သည်။ ထို့ကြောင့် လူသားတို့မပြောင်းလဲနိုင်သည့်အရာ၊ ကြိုတင်သတ်မှတ်ပြဋ္ဌာန်းထားသည့်အရာမှာ လူတစ်ဦးစီ၏ကံကြမ္မာမဟုတ်ဘဲ လုပ်ဆောင်ရန် ဘုရားသခင် ရည်ရွယ်ထားသည့်အရာများကိုသာဖြစ်သည်။ ပရောဖက်ဟေရှာယမှတစ်ဆင့် ယေဟောဝါ ဤသို့မိန့်ဆိုသည်– ‘ငါ၏နှုတ်မြွက်စကားသည် . . . အကျိုးမရှိဘဲ ငါ့ထံသို့မပြန်ရ။ ငါ့အလိုကို ပြည့်စုံစေမည်။ ငါစေခိုင်းသောအမှု၌ အောင်လိမ့်မည်။’—ဟေရှာယ ၅၅:၁၁။
-
-
ခပ်သိမ်းသောအမှုအရာအတွက် အချိန်ရှိ၏ကင်းမျှော်စင်—၂၀၀၉ | မတ် ၁
-
-
ဘုရားသခင့်အချိန်ဇယားကို နားလည်သဘောပေါက်ခြင်း
သဲလွန်စကို ရှောလမုန်ဖော်ပြ၏။ “[ဘုရားသခင်သည်] ခပ်သိမ်းသောအရာတို့ကို မိမိတို့အချိန်တန်မှ လျောက်ပတ်စွာဖန်ဆင်းတော်မူပြီ” ဟုဆိုပြီးနောက် သူ ဤသို့ဆက်ဆို၏– “လူစိတ်နှလုံးကိုလည်း [ထာဝရ] ကာလ၌ စွဲလမ်းစေတော်မူပြီ။ သို့ရာတွင် ဘုရားသခင်စီရင်တော်မူသောအမှုကို အစမှအဆုံးတိုင်အောင် လူသည် စစ်၍မကုန်နိုင်။”—ဒေ. ၃:၁၁။
ထိုကျမ်းချက်နှင့်ပတ်သက်၍ များစွာရေးသားခဲ့ကြပြီ။ သို့သော် ရိုးရှင်းသောအချက်မှာ ကျွန်ုပ်တို့အားလုံး တစ်ချိန်မဟုတ်တစ်ချိန်တွင် ဘဝ၏ရည်ရွယ်ချက်နှင့် ကျွန်ုပ်တို့ဘဝ၏ နောက်ဆုံးကြမ္မာအကြောင်း လေးလေးနက်နက်စဉ်းစားဖူးကြခြင်းပင်ဖြစ်သည်။ လုပ်ဆောင်ရမည့်အရာများကို ပင်ပန်းစွာကြိုးစားလုပ်ဆောင်ပြီးနောက် နောက်ဆုံးသေပွဲဝင်ကြရသည်ဟူသောအချက်ကို သမိုင်းတစ်လျှောက်မှလူတို့ လက်ခံရခက်ကြသည်။ လူသားတို့သည် သက်ရှိသတ္တဝါအားလုံးတွင် ထူးခြားရခြင်းမှာ လက်ရှိဘဝအတွက်သာ မစဉ်းစားကြဘဲ ဘဝ၏နောက်ဆုံးအခြေအနေနှင့် ယင်း၏အနာဂတ်အကြောင်းကိုပါ စဉ်းစားခြင်းကြောင့်ဖြစ်သည်။ ထာဝရအသက်ရှင်နိုင်ရန်ပင် ကျွန်ုပ်တို့တောင့်တကြသည်။ အဘယ်ကြောင့်နည်း။ ကျမ်းစာတွင်ရှင်းပြထားသည့်အတိုင်း ဘုရားသခင်သည် “လူစိတ်နှလုံးကိုလည်း [ထာဝရ] ကာလ၌စွဲလမ်းစေတော်မူ” သောကြောင့်ဖြစ်သည်။
ထိုတောင့်တချက် ပြည့်ဝနိုင်ရန် လူတို့သည် တမလွန်ဘဝရှိသည်ဟူသောအယူအဆကို စဉ်းစားတွေးခေါ်လာကြသည်။ ကျွန်ုပ်တို့သေပြီးနောက် ကျွန်ုပ်တို့အတွင်းရှိ တစ်စုံတစ်ရာသည် ဆက်အသက်ရှင်နေသည်ဟု အချို့ဆိုလာကြသည်။ အချို့သူတို့ကမူ ကျွန်ုပ်တို့သည် မဆုံးနိုင်သောသံသရာတွင် အဖန်တလဲလဲ ပြန်မွေးဖွားလာကြမည်ဟု ယုံကြည်ကြသည်။ ဘဝဖြစ်ရပ်တိုင်းကို ကံကြမ္မာ သို့မဟုတ် ဘုရားသခင်က ကြိုတင်သတ်မှတ်ပြဋ္ဌာန်းထားပြီး ယင်းကို ကျွန်ုပ်တို့မည်သို့မျှပြောင်းလဲ၍မရနိုင်ဟု အချို့က ယူဆကြသည်။ ဝမ်းနည်းစရာမှာ ထိုရှင်းပြချက်တစ်ခုကမျှ လူတို့ကို အပြည့်အဝမကျေနပ်စေပေ။ အကြောင်းမှာ “ဘုရားသခင်စီရင်တော်မူသောအမှုကို” လူတို့သည် မိမိတို့၏ကြိုးပမ်းမှုများဖြင့် “အစမှအဆုံးတိုင်အောင် . . . စစ်၍မကုန်နိုင်” သောကြောင့်ပင်ဖြစ်သည်ဟု ကျမ်းစာကဆိုသည်။
ထိုအချက်ကို သိလိုစိတ်နှင့် ယင်း၏အဖြေကို ရှာတွေ့နိုင်စွမ်းမရှိခြင်း၏ လွန်ဆွဲပွဲက ခေတ်အဆက်ဆက်ရှိ အတွေးအခေါ်ပညာရှင်များကို အလွန်စိတ်သောကရောက်စေခဲ့ပြီ။ သို့သော် ကျွန်ုပ်တို့၏နှလုံးထဲတွင် ထိုတောင့်တစိတ် သို့မဟုတ် အလိုဆန္ဒကို ဘုရားသခင်ထည့်သွင်းပေးခဲ့ခြင်းဖြစ်ရာ ထိုဆန္ဒပြည့်ဝနိုင်ဖို့ လိုအပ်သည့်အရာကိုရရှိရန် ဘုရားသခင်ထံဦးလှည့်ခြင်းက ယုတ္တိရှိသည်မဟုတ်လော။ အကြောင်းမှာ “ကိုယ်တော်သည် လက်တော်ကိုဖွင့်၍ သက်ရှိသတ္တဝါတိုင်း၏လိုအင်ဆန္ဒကို ဖြည့်ဆည်းပေးတော်မူ၏” ဟုကျမ်းစာကဆိုထားသောကြောင့်ဖြစ်သည်။ (ဆာလံ ၁၄၅:၁၆၊ ကက်သလစ်ကျမ်းစာတော်မြတ်) ကျွန်ုပ်တို့သည် ဘုရားသခင့်နှုတ်မြွက်တော်သမ္မာကျမ်းစာတွင် အဖြေရှာခြင်းဖြင့် အသက်ရှင်ခြင်းနှင့် သေခြင်းအပြင် ကမ္ဘာမြေ၊ လူ့မိသားစုနှင့်ပတ်သက်သော ဘုရားသခင်၏ ထာဝရရည်ရွယ်တော်မူချက်များအကြောင်း ကျေနပ်ဖွယ်ဖြေရှင်းချက်များကို ရှာတွေ့နိုင်ပါလိမ့်မည်။—ဧဖက် ၃:၁၁။
-
-
ရွေးချယ်ရမည့်အချိန်ကင်းမျှော်စင်—၂၀၀၉ | မတ် ၁
-
-
“ဘုရားသခင်သည် မိမိပုံသဏ္ဌာန်နှင့်အညီ လူကိုဖန်ဆင်းတော်မူ၏။ ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်အညီ လူယောက်ျား၊ လူမိန်းမကိုဖန်ဆင်း . . . တော်မူ၏။”—ကမ္ဘာဦး ၁:၂၇။
ကျမ်းစာ၏နိဒါန်းပိုင်းမှ ထိုစကားများသည် “အချိန်တန်မှ” ဘုရားသခင် “လျောက်ပတ်စွာဖန်ဆင်းတော်မူ” သော အကြီးကျယ်ဆုံးအရာများမှတစ်ခုဖြစ်သည့် စုံလင်သည့်လူသားမောင်နှံ၊ အာဒံနှင့်ဧဝကို ဖန်ဆင်းခြင်းအကြောင်း ဖော်ပြသည်။ (ဒေ. ၃:၁၁) ယေဟောဝါဘုရားသခင်သည် သူတို့၏ဖန်ဆင်းရှင်ဖြစ်သောကြောင့် သူတို့ကို ဤသို့ဆို၏– “များပြားစွာမွေးဖွားကြလော့။ မြေကြီးကိုပြည့်စေ၍ နိုင်ကြလော့။ ပင်လယ်ငါးတို့ကိုလည်းကောင်း၊ မိုးကောင်းကင်ငှက်တို့ကိုလည်းကောင်း၊ အသက်ရှင်၍မြေပေါ်မှာလှုပ်ရှားတတ်သော တိရစ္ဆာန်အပေါင်းတို့ကိုလည်းကောင်း အုပ်စိုးကြလော့။”—ကမ္ဘာဦး ၁:၂၈။
-