ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၁၂/၀၇ စာ. ၅-၈
  • သေခြင်းသည် အမှန်ပင် ဘဝနိဂုံးလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သေခြင်းသည် အမှန်ပင် ဘဝနိဂုံးလော
  • နိုးလော့!—၂၀၀၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သင်မဖြစ်လာမီက သင့်အခြေအနေ
  • အသက်ရှင်လိုသော မွေးရာပါဆန္ဒ
  • လူသားတို့သည် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်စွမ်းရှိ
  • အသက်၏ပင်ရင်းဖြစ်သော ဘုရားသခင်ပေးသည့် မျှော်လင့်ချက်
  • စိုးရိမ်စရာမလို
  • ‘သေခြင်းသည် ထာဝစဉ်နစ်မြုပ်ပြီ’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • သေလွန်ပြီးသော ကျွန်ုပ်တို့ချစ်ရသူများ ဘာဖြစ်သွားကြသနည်း
    ထာဝရအသက်ရစေသော အသိပညာအသိပညာ
  • သေဆုံးသွားတဲ့သူတွေ ဘယ်နေရာမှာ ရှိနေကြသလဲ
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
  • သေခြင်းနှင့် ပတ်သက်သော ဒဏ္ဍာရီစကား အချို့ကို အနီးကပ်သုံးသပ်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၀၇
န ၁၂/၀၇ စာ. ၅-၈

သေခြင်းသည် အမှန်ပင် ဘဝနိဂုံးလော

လူသေပြီးနောက် ဘာဖြစ်သွားသနည်းဟူသောမေးခွန်းလောက် စိတ်ရှုပ်ထွေးစရာကောင်းပြီး ယနေ့တိုင် အဖြေမရသေးသည့် အခြားမေးခွန်းရှိနိုင်ဖွယ်မထင်။ ယဉ်ကျေးမှုအသီးသီးမှ အထက်မြက်ဆုံးပုဂ္ဂိုလ်များသည် ယင်းမေးခွန်းကို နှစ်ပေါင်းထောင်နှင့်ချီ၍ စေ့စေ့ဆင်ခြင်သုံးသပ်ခဲ့ကြပြီးဖြစ်သည်။ သို့သော် လူ့အတွေးအခေါ်ပညာနှင့် သိပ္ပံဆိုင်ရာသုတေသနပြုချက်တို့သည် များပြားရှုပ်ထွေးလှသည့် သီအိုရီများနှင့် ဒဏ္ဍာရီများကိုသာ ပေါ်ပေါက်စေခဲ့ကြ၏။

သမ္မာကျမ်းစာတွင်တွေ့ရှိရသော သွန်သင်ချက်များနှင့်ပတ်သက်၍ကော အသို့နည်း။ တချို့က သေခြင်းနှင့် တမလွန်ဘဝဟူသော အကြောင်းအရာများနှင့်ပတ်သက်လာလျှင် သမ္မာကျမ်းစာတွင်လည်း ထပ်တူပင်ရှုပ်ထွေးနေသည်ဟု ဆင်ခြေတက်ပေမည်။ သို့သော် မျှတမှုရှိရန် ဘာသာတရားများစွာသည် ရှင်းလင်းသောကျမ်းစာသွန်သင်ချက်များကို မုသားများနှင့် ယုံတမ်းစကားများဖြင့် ရောစပ်လိုက်ခြင်းကြောင့် ယင်းသို့ ရှုပ်ထွေးခဲ့ရသည်ဟူသောအဖြစ်မှန်ကို ကျွန်ုပ်တို့ရင်ဆိုင်ကြရမည်ဖြစ်သည်။ သင်သည် ဓလေ့ထုံးတမ်းများနှင့် ဒဏ္ဍာရီများကို ငြင်းပယ်ပြီး သမ္မာကျမ်းစာအမှန်တကယ်ပြောဆိုရာကို ဆန်းစစ်လေ့လာမည်ဆိုလျှင် ကျိုးကြောင်းဆီလျော်ပြီး မျှော်လင့်ချက်ပေးသော သွန်သင်ချက်တစ်ခုကို တွေ့ရှိရပေမည်။

သင်မဖြစ်လာမီက သင့်အခြေအနေ

ရှေ့ဆောင်းပါးတွင် တွေ့ရှိရသည့် ဘုရင်ရှောလမုန်၏ဖော်ပြချက်နှစ်ခုကို ဥပမာအနေနှင့် သုံးသပ်ကြည့်ပါ။ လူနှင့်တိရစ္ဆာန်တို့ သေဆုံးသောအခါ အဘယ်အရာကိုမျှမသိကြောင်း အဆိုပါကျမ်းချက်များက ရှင်းလင်းစွာဖော်ပြသည်။ ထို့ကြောင့် သမ္မာကျမ်းစာအရ သေခြင်းတွင် လုပ်ဆောင်မှု၊ ခံစားမှု၊ စိတ်လှုပ်ရှားမှုမရှိသည့်အပြင် တွေးတောနိုင်စွမ်းလည်းမရှိပေ။​—ဒေ. ၉:​၅၊ ၆၊ ၁၀။

ယင်းကို ယုံရခက်ပါသလော။ ဤမေးခွန်းများကို သုံးသပ်ကြည့်ပါ။ လူတစ်ဦးသည် အသက်မရှင်မီက ၎င်း၏အခြေအနေကား မည်သို့နည်း။ သင်ဟူသော သက်ရှိပုဂ္ဂိုလ်တစ်ဦးဖြစ်လာစေရန် သင့်မိဘများ၏ အလွန့်အလွန်သေးငယ်သောဆဲလ်များ မပေါင်းစပ်မီ သင် အဘယ်နေရာတွင် ရှိနေသနည်း။ သေပြီးနောက် အသက်ဆက်ရှင်သည့် မမြင်နိုင်သောအရာတစ်ခုကို လူသားတို့ ပိုင်ဆိုင်ထားသည်ဆိုလျှင် အဆိုပါမမြင်နိုင်သောအရာသည် ကိုယ်ဝန်မဆောင်မီက အဘယ်နေရာတွင် တည်ရှိနေသနည်း။ အမှန်တရားမှာ သင်မှတ်မိဖို့ရန် လူသားမတိုင်မီဘဝဟူသည် မရှိခဲ့ပါ။ သင့်ကို ကိုယ်ဝန်မဆောင်မီ သင် မတည်ရှိခဲ့ချေ။ ယင်းသည် ရိုးရိုးလေးဖြစ်၏။

ထို့ကြောင့် ကျွန်ုပ်တို့သေဆုံးသွားသောအခါ ကျွန်ုပ်တို့အသက်မရှင်စဉ်က အခြေအနေအတိုင်း သိစိတ်ကင်းမဲ့လျက်ရှိသည်ဟု ကောက်ချက်ချခြင်းက ကျိုးကြောင်းဆီလျော်ပါသည်။ အာဒံ ပုန်ကန်ပြီးနောက် ဘုရားသခင်က “သင်သည် မြေမှုန့်ဖြစ်၍ မြေမှုန့်သို့ ပြန်ရမည်” ဟုမိန့်ဆိုခဲ့သည့်အတိုင်းပင်ဖြစ်၏။ (ကမ္ဘာဦး ၃:​၁၉) ထိုသဘောဖြင့် လူသားတို့သည် တိရစ္ဆာန်တို့နှင့် ဘာမျှထူးမခြားနားပေ။ လူသေ၏အခြေအနေနှင့်စပ်လျဉ်း၍ သမ္မာကျမ်းစာက “လူသည် တိရစ္ဆာန်ထက် ထူးမြတ်သောအကြောင်းမရှိ” ဟုဆိုသကဲ့သို့ပင်ဖြစ်၏။​—ဒေ. ၃:​၁၉၊ ၂၀။

လူ့ဘဝသည် ဆယ်စုနှစ်အနည်းငယ်သာ အသက်ရှင်ပြီး ထာဝစဉ်မတည်ရှိတော့သည့်အဖြစ်သို့ ရောက်သွားသည်ဟု ယင်းကဆိုလိုပါသလော။ သို့မဟုတ် သေလွန်သူများအတွက် မျှော်လင့်ချက်တစ်စုံတစ်ရာရှိပါသလော။ အောက်တွင်ဖော်ပြထားရာများကို သုံးသပ်ကြည့်ပါ။

အသက်ရှင်လိုသော မွေးရာပါဆန္ဒ

လူတိုင်းလိုလိုသည် သေခြင်းကို မနှစ်မြို့ဖွယ်ကိစ္စအဖြစ် ယူမှတ်ကြ၏။ အထူးသဖြင့် လူအများစုသည် မိမိတို့သေမည့်အကြောင်းကို မဆွေးနွေးလို၊ စဉ်းပင်မစဉ်းစားလိုကြချေ။ အခြားတစ်ဖက်တွင် သူတို့သည် နည်းအမျိုးမျိုးဖြင့် သေဆုံးနေကြသူတို့၏မြင်ကွင်းများကို ရုပ်မြင်သံကြားနှင့် ရုပ်ရှင်များတွင်လည်းကောင်း၊ သတင်းမီဒီယာများတွင်လည်းကောင်း တွေ့နေမြင်နေကြရသည်။

သို့နှင့် သူစိမ်းများ၏သေခြင်းကို သာမန်ဘဝပုံစံတစ်ခုဟု ယူမှတ်နိုင်သော်လည်း မိမိချစ်မြတ်နိုးရသူတစ်ဦး သေဆုံးသောအခါ သို့မဟုတ် မိမိကိုယ်တိုင် သေခြင်းကို ရင်ဆိုင်ရသောအခါတွင်မူ သာမန်ကိစ္စအဖြစ် မယူမှတ်နိုင်တော့ချေ။ အကြောင်းမှာ လူသားတို့တွင် အသက်ရှင်လိုသည့် ပင်ကိုဆန္ဒက အမြစ်တွယ်နေသောကြောင့်ဖြစ်၏။ ထို့ ပြင် ကျွန်ုပ်တို့သည် အချိန်နှင့် ထာဝရကာလကို သိရှိခံစားနိုင်စွမ်းကိုလည်း ပိုင်ဆိုင်ထားကြသည်။ ဘုရားသခင်သည် ‘လူ့စိတ်နှလုံးကို အဆုံးမဲ့ကာလ၌ စွဲလမ်းစေတော်မူပြီ’ ဟု ဘုရင်ရှောလမုန်ရေးသားခဲ့၏။ (ဒေ. ၃:​၁၁) ပုံမှန်အခြေအနေတွင် ကျွန်ုပ်တို့သည် အကန့်အသတ်မရှိ ထာဝစဉ်အသက်ရှင်လိုကြသည်။ တိရစ္ဆာန်များတွင် ယင်းသို့သော ပြင်းပြသည့်ဆန္ဒရှိသည်ဟူသော ဖော်ပြချက်မရှိချေ။ တိရစ္ဆာန်များသည် အနာဂတ်အကြောင်းမသိရှိဘဲ အသက်ရှင်ကြ၏။

လူသားတို့သည် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်စွမ်းရှိ

လူသားတို့သည် အဆုံးမဲ့အသက်ရှင်နေထိုင်လိုသော ဆန္ဒရှိသည့်အပြင် ထာဝစဉ် အလုပ်များနေကာ အစဉ်ဖြစ်ထွန်းအောင်မြင်စေနိုင်သော အစွမ်းလည်းရှိ၏။ လူတစ်ဦး၏ သင်ယူနိုင်စွမ်းသည် အကန့်အသတ်မဲ့ပုံရ၏။ ရှုပ်ထွေးမှု၊ အလိုက်သင့် တွန်းလှန်လွန်မြောက်နိုင်မှုနှင့်ပတ်သက်လာလျှင် လူ့ ဦးနှောက်နှင့်နှိုင်းယှဉ်နိုင်သည့်အရာ သဘာဝတရားတွင်မရှိကြောင်း ပြောဆိုခဲ့ကြပြီဖြစ်သည်။ တိရစ္ဆာန်များနှင့်မတူဘဲ ကျွန်ုပ်တို့တွင် အကောင်အထည်မရှိသော အယူအဆများကို ကျိုးကြောင်းဆင်ခြင်၊ နားလည်နိုင်စွမ်းရှိသည့် တီထွင်ဖန်တီးနိုင်သော ဦးနှောက်များရှိကြသည်။ သိပ္ပံပညာရှင်များသည် လူ့ ဦးနှောက်၏စွမ်းရည်ကို အပေါ်ယံမျှသာ သိရှိထားကြသည်။

လူ့ ဦးနှောက်၏စွမ်းရည်အများစုသည် ကျွန်ုပ်တို့အသက်ကြီးလာသည်နှင့်အမျှ ဆက်လက်တည်ရှိနေ၏။ အိုမင်းခြင်းဖြစ်စဉ်သည် ဦးနှောက်၏လုပ်ဆောင်မှုအများစုကို ထိခိုက်ခြင်းမရှိကြောင်း မကြာသေးမီက နဗ်ကြောသိပ္ပံပညာရှင်များ လေ့လာသိရှိခဲ့ကြပြီ။ သိပ္ပံပညာလေ့လာမှုကို ဆန်းသစ်တီထွင်သည့် ဖရန်ကလင်သုတေသနအဖွဲ့တွင် အလုပ်လုပ်နေကြသော သုတေသီများက ဤသို့ရှင်းပြကြသည်– “လူ့ ဦးနှောက်သည် နဗ်ကြောကြားဆက်အသစ်များကို အလိုအလျောက် ဆက်၍ဖြစ်ပေါ်နေစေနိုင်သည်။ အသက်အရွယ်အိုမင်းလာလျှင်ပင် နဗ်ကြောဆဲလ်များ အသစ်ပြန်ဖြစ်ပေါ်လာနိုင်သည်။ ပြင်းထန်သော ဉာဏ်ရည်ကျဆင်းမှုသည် အများအားဖြင့် ရောဂါကြောင့်ဖြစ်သော်လည်း အိုမင်းခြင်းနှင့်ဆက်စပ်သည့် မှတ်ဉာဏ် သို့မဟုတ် လှုပ်ရှားမှုစွမ်းရည်များ ကျဆင်းခြင်းသည် တက်ကြွလှုပ်ရှားမှုမရှိခြင်း၊ စိတ်လေ့ကျင့်ခန်းနှင့် လှုံ့ဆော်ပေးမှုမရှိခြင်းတို့ကြောင့် ဖြစ်ရသည်။”

တစ်နည်းအားဖြင့် ကျွန်ုပ်တို့သည် ဦးနှောက်ကို ထက်မြက်နေစေပြီး ရောဂါမှကင်းဝေးစေနိုင်မည်ဆိုလျှင် ယင်း၏လုပ်ဆောင်နိုင်စွမ်းမှာ အကန့်အသတ်မရှိပေ။ “ စကြဝဠာ၌ ယနေ့အထိ ကျွန်ုပ်တို့ရှာဖွေတွေ့ရှိခဲ့သမျှတွင် ‘ဦးနှောက်’ သည် အရှုပ်ထွေးဆုံးအရာဖြစ်၏” ဟု ဒီအဲန်အေ၏ရုပ်ပိုင်းဖွဲ့စည်းမှုကို ပူးတွဲရှာဖွေတွေ့ရှိခဲ့သူ ဂျိမ်းစ်ဝတ်ဆန်က အလေးအနက်ပြောဆိုသည်။ နဗ်ကြောသိပ္ပံပညာရှင် ဂျရယ်လ်အီဒမဲန် ရေးသားခဲ့သည့် စာအုပ်တစ်အုပ်က မီးခြစ်ဆံခေါင်းအရွယ်ရှိ ဦးနှောက်၏အစိတ်အပိုင်းတစ်ခုတွင် “မရေမတွက်နိုင်သော သန်းကုဋေချီရှိသည့်နည်းများဖြင့် ပေါင်းစပ်နိုင်သော နဗ်ကြောကြားဆက်များ သန်းတစ်ထောင်ခန့်ရှိသည်။”

လူသားတို့သည် ယင်းသို့သောစွမ်းပကားကို ပိုင်ဆိုင်ထားကြသော်လည်း ဆယ်စုနှစ်အနည်းငယ်သာ အသက်ရှင်သင့်သည်ဟုဆိုခြင်းက ကျိုးကြောင်းဆီလျော်ပုံပေါက်သလော။ ယင်းသည် လက်မအနည်းငယ်သာ ကွာဝေးသည့် ခရီးတိုလေးတစ်ခုကိုဖြတ်ပြီး သဲပွင့်လေးတစ်ပွင့်ကို သယ်ယူပို့ဆောင်ရန် စွမ်းအားမြှင့်စက်ခေါင်းတပ် ကုန်ရထားတစ်စီးကို အသုံးပြုသည့်အလားပင် ကျိုးကြောင်းဆီလျော်ခြင်းမရှိချေ။ သို့ဆိုလျှင် လူသားတို့တွင် တီထွင်ကြံဆနိုင်စွမ်း၊ လေ့လာသင်ယူနိုင်စွမ်း ဤမျှများပြားစွာရှိထားခြင်းက အဘယ်ကြောင့်နည်း။ လူသားတို့သည် တိရစ္ဆာန်များကဲ့သို့ သေဆုံးရန်မဟုတ်ဘဲ ထာဝစဉ်အသက်ရှင်ရန် ဖန်ဆင်းခံထားရသည်ဟုဆိုခြင်းက ဖြစ်နိုင်သည်မဟုတ်လော။

အသက်၏ပင်ရင်းဖြစ်သော ဘုရားသခင်ပေးသည့် မျှော်လင့်ချက်

ကျွန်ုပ်တို့တွင် အသက်ရှင်လိုသည့် မွေးရာပါဆန္ဒနှင့် လေ့လာသင်ယူနိုင်သည့် ဧရာမစွမ်းပကား ရှိထားခြင်းက ကျိုးကြောင်းဆီလျော်စွာ ကောက်ချက်ချစေသည်မှာ လူသားတို့သည် အသက် ၇၀၊ ၈၀ ထက်မက ကြာမြင့်စွာအသက်ရှင်စေရန် ပုံစံပြုထားခြင်းခံရသည်ဟူ၍ဖြစ်၏။ တစ်ဖန် ယင်းက နောက်ကောက်ချက်တစ်ခုကိုလည်း ချစေ၏။ ယင်းမှာ ပုံစံပြုရှင်တစ်ပါး၊ ဖန်ဆင်းရှင်တစ်ပါး၊ ဘုရားသခင်တစ်ပါး ရှိကိုရှိရမည်ဟူ၍ဖြစ်သည်။ ရူပစကြဝဠာ၏ မပြောင်းလဲနိုင်သောနိယာမတရားများနှင့် မြေကြီးပေါ်ရှိ အသက်၏ အလွန်တရာဆန်းကြယ်ရှုပ်ထွေးမှုတို့က ဖန်ဆင်းရှင်တစ်ပါးတည်ရှိသည်ဟူသော ယုံကြည်ချက်ကို အပြည့်အဝထောက်ခံသည်။

အမှန်မှာ ဘုရားသခင်သည် ကျွန်ုပ်တို့အား ထာဝစဉ်အသက်ရှင်နိုင်စွမ်းဖြင့် ဖန်ဆင်းထားသည်ဆိုလျှင် ကျွန်ုပ်တို့ အဘယ်ကြောင့် သေကြရသနည်း။ သေပြီးနောက် အဘယ်အရာဖြစ်သွားသနည်း။ သေလွန်သူတို့ကို အသက်ပြန်ရှင်စေရန် ဘုရားသခင်ရည်ရွယ်ထားသလော။ ဉာဏ်ပညာနှင့်တန်ခိုးရှင် ဘုရားသခင်သည် ယင်းမေးခွန်းများကို ဖြေဆိုပေးတော်မူမည်ဟု ကောက်ချက်ချခြင်းက ကျိုးကြောင်းဆီလျော်ဟန်ရှိသည်။ ကိုယ်တော်၌ အဖြေများရှိတော်မူ၏။ အောက်ပါအချက်များကို သုံးသပ်ကြည့်ပါလေ–

◼ လူသားများအတွက် ဘုရားသခင့် မူလရည်ရွယ်ချက်တွင် သေခြင်းမပါ။ သမ္မာကျမ်းစာတွင် သေခြင်းနှင့်ပတ်သက်၍ ဦးဆုံးဖော်ပြချက်မှာ သေခြင်းသည် လူသားများအတွက် ဘုရားသခင့်မူလရည်ရွယ်ချက်မဟုတ်ဟူ၍ ဖြစ်သည်။ ကနဦးလူသားမောင်နှံဖြစ်သော အာဒံနှင့်ဧဝသည် မိမိတို့၏မေတ္တာနှင့်သစ္စာရှိမှုကို တင်ပြနိုင်ရန် ဘုရားသခင်သည် သူတို့အပေါ် ရိုးရှင်းသောစမ်းသပ်မှုတစ်ခုပြုခဲ့ကြောင်း ကမ္ဘာဦးကျမ်းမှတ်တမ်းက ရှင်းပြသည်။ ယင်းတွင် သတ်မှတ်ထားသော အပင်တစ်ပင်၏အသီးကို မစားရန် တားမြစ်ထား၏။ ဘုရားသခင်က “စားသောနေ့တွင် ဧကန်အမှန်သေရမည်” ဟုမိန့်ဆိုခဲ့သည်။ (ကမ္ဘာဦး ၂:​၁၇) အာဒံနှင့်ဧဝတို့သာ ပုန်ကန်ပြီး စမ်းသပ်မှုကို ရှုံးနိမ့်ခဲ့မည်ဆိုလျှင် သေဆုံးရမည်ဖြစ်သည်။ သူတို့သည် ဘုရားသခင်အပေါ် သစ္စာမဲ့ခဲ့ခြင်းကြောင့် သေဆုံးခဲ့ကြရသည်ဟု ကျမ်းစာမှတ်တမ်းကဖော်ပြ၏။ ဤနည်းဖြင့် မစုံလင်မှုနှင့် သေခြင်းသည် လူ့မိသားစုအတွင်းသို့ ဝင်ရောက်လာခဲ့သည်။

◼ သမ္မာကျမ်းစာက သေခြင်းကို အိပ်ပျော်ခြင်းနှင့်နှိုင်းယှဉ်ထား။ သမ္မာကျမ်းစာတွင် ‘သေခြင်း၌အိပ်ပျော်နေခြင်း’ အကြောင်းဆိုထားသည်။ (ဆာလံ ၁၃:​၃၊ သမ္မာ) ယေရှုသည် မိမိ၏မိတ်ဆွေလာဇရုအား ရှင်ပြန်ထမြောက်ပေးခြင်းမပြုမီ တမန်တော်များကို ဤသို့ရှင်းပြ၏– “ငါတို့အဆွေလာဇရုသည် အိပ်ပျော်၏။ သူ့ကိုနှိုးခြင်းအလို့ငှာ ငါသွားမည်။” အမှန်တကယ်လည်း ယေရှု ထိုအတိုင်းပြုခဲ့သည်။ ကိုယ်တော်ဟစ်ခေါ်သောအခါ “သေလွန်သောသူ [လာဇရု] သည်” တစ်ဖန်ပြန်အသက်ရှင်လျက် “သင်္ချိုင်းတွင်း” မှထွက်လာသည်ဟု သမ္မာကျမ်းစာကဆို၏။​—ယောဟန် ၁၁:​၁၁၊ ၃၈-၄၄။

ယေရှုသည် သေခြင်းကို အိပ်ပျော်ခြင်းဟူ၍ အဘယ်ကြောင့် ပြောဆိုခဲ့သနည်း။ အကြောင်းမှာ အိပ်ပျော်နေသူတစ်ဦးသည် လှုပ်ရှားမှုမရှိသောကြောင့်ဖြစ်သည်။ လူတစ်ဦး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေစဉ်အတွင်း ပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေသောအရာ သို့မဟုတ် ကုန်လွန်သွားသောအချိန်ကို မသိရှိတော့ချေ။ နာကျင်ခြင်းဝေဒနာလည်း မခံစားရချေ။ အလားတူ သေခြင်းတွင်လည်း လှုပ်ရှားမှုမရှိသကဲ့သို့ အသိစိတ်လည်းမရှိချေ။ သို့သော် ထပ်ဆင့်နှိုင်းယှဉ်စရာရှိပါသေးသည်။ အိပ်ပျော်နေသူသည် အိပ်ရာမှနိုးထရန် မျှော်လင့်ချက်ရှိ၏။ သေလွန်သူများအတွက် သမ္မာကျမ်းစာ ကမ်းလှမ်းထားသည့် မျှော်လင့်ချက်လည်း ထပ်တူပင်ဖြစ်သည်။

ဖန်ဆင်းရှင်ကိုယ်တော်တိုင် ဤသို့ကတိပြုထားပါသည်– “သူတို့ကို မရဏာနိုင်ငံတန်ခိုး [သာမန်သင်္ချိုင်း] မှ ငါကယ်လွှတ်ရမည်လော။ သေမင်းလက်မှ ရွေးနုတ်ရမည်လော။ အိုသေမင်း၊ သင်၏ကပ်ရောဂါဘေးသည် အဘယ်မှာရှိသနည်း။ အိုမရဏာနိုင်ငံ၊ သင်၏ဥပဒ်အန္တရာယ်သည် အဘယ်မှာရှိသနည်း။” (ဟောရှေ ၁၃:​၁၄၊ သမ္မာ) ကျမ်းစာပရောဖက်ပြုချက်နောက်တစ်ခုက ယေဟောဝါဘုရားသခင်သည် ‘သေခြင်းကိုလည်း နစ်မွန်းဆုံးရှုံးစေတော်မူလိမ့်မည်။ ခပ်သိမ်းသောမျက်နှာတို့မှမျက်ရည်ကို သုတ်တော်မူလိမ့်မည်’ ဖြစ်ကြောင်း ဖော်ပြသည်။ (ဟေရှာယ ၂၅:​၈) သေလွန်သူများအား အသက်ပြန်ရှင်စေသည့် ယင်းဖြစ်စဉ်ကို ရှင်ပြန်ထမြောက်ခြင်းဟုခေါ်သည်။

◼ ရှင်ပြန်ထမြောက်လာသူများသည် မည်သည့်နေရာတွင် နေထိုင်ကြမည်နည်း။ အစပိုင်းတွင်ဆွေးနွေးခဲ့သည့်အတိုင်း လူသားတို့သည် အစဉ်အမြဲအသက်ရှင်လိုသည့် ပင်ကိုဆန္ဒရှိထားကြသည်။ အသင်ကော မည်သည့်အရပ်တွင် ထာဝစဉ်အသက်ရှင်လိုပါသနည်း။ ဘာသာတရားအချို့ သွန်သင်သည့်အတိုင်း သင်သေလွန်ပြီးနောက် စကြဝဠာတစ်ခွင် သွားလာလှုပ်ရှားနေသည့် အကောင်အထည်မရှိသော အသက်စွမ်းအားတစ်ခုအဖြစ် ဆက်အသက်ရှင်နေသည်ဟု သိရှိထားမည်ဆိုလျှင် ယင်းကို သင် ကျေနပ်ပါမည်လော။ သင်မသေဆုံးမီက သင်၌ရှိခဲ့သည့်မှတ်ဉာဏ်များ မပါရှိသော သင်နှင့်မတူသည့် နောက်ပုဂ္ဂိုလ်တစ်ဦးအဖြစ် ဆက်လက်အသက်ရှင်လိုပါသလော။ တိရစ္ဆာန်တစ်ကောင် သို့မဟုတ် သစ်ပင်တစ်ပင်အဖြစ် ပြန်အသက်ရှင်ခြင်းက သင့်အတွက် နှစ်သက်စရာ ဖြစ်မည်လော။ သင်၌ ရွေးချယ်စရာရှိမည်ဆိုလျှင် လူသားတစ်ဦးအနေနှင့် တွေ့ ကြုံခံစားရမည့် နှစ်သက်ပျော်မွေ့ ဖွယ်ကောင်းသောအရာ မှန်သမျှနှင့်ကင်းလွတ်သည့် လောကတစ်ခုတွင် သင် အမှန်တကယ် အသက်ရှင်လိုမည်လော။

အကောင်းဆုံးအခြေအနေများဖြင့် ပရဒိသုမြေကြီးပေါ်တွင် သင် အသက်ရှင်နေထိုင်လိုသည် မဟုတ်ပေလော။ သမ္မာကျမ်းစာတွင် ကမ်းလှမ်းထားသည့် မျှော်လင့်ချက်မှာ ဤကမ္ဘာမြေကြီးပေါ် ထာဝစဉ်အသက်ရှင်နေထိုင်ရန်ဖြစ်သည်။ ဘုရားသခင်သည် မိမိအားချစ်မြတ်နိုးပြီး မိမိ၏အမှုတော်ကို ပျော်ရွှင်စွာ ထာဝစဉ်ထမ်းဆောင်ကြမည့်သူတို့ နေထိုင်ကြရန်ဟူသော ရည်ရွယ်ချက်ဖြင့် ကမ္ဘာမြေကြီးကို ဖန်ဆင်းတော်မူခဲ့၏။ ထို့ကြောင့် သမ္မာကျမ်းစာက ဤသို့ဆိုလေသည်– “ဖြောင့်မတ်သောသူတို့သည် ပြည်တော်ကိုအမွေခံ၍ အစဉ်အမြဲနေရကြလိမ့်မည်။”​—ဆာလံ ၃၇:​၂၉; ဟေရှာယ ၄၅:​၁၈; ၆၅:​၂၁-​၂၄။

◼ ရှင်ပြန်ထမြောက်ခြင်းသည် မည်သည့်အချိန်တွင် ဖြစ်လာမည်နည်း။ သေခြင်းကို အိပ်ပျော်ခြင်းနှင့်နှိုင်းယှဉ်ထားသည့်အချက်က ရှင်ပြန်ထမြောက်ခြင်းသည် အများအားဖြင့် သေပြီးနောက် ချက်ချင်းဖြစ်လာမည်မဟုတ်ကြောင်း ဖော်ပြပါသည်။ “အိပ်ပျော်နေ” သောကာလသည် သေခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းစပ်ကြားကာလတွင်ဖြစ်၏။ သမ္မာကျမ်းစာတွင် ယောဘအမည်ရှိသောသူတစ်ဦးက “လူသည် သေလျှင် အသက်ရှင်ပြန်ပါလိမ့်မည်လော” ဟူ၍မေးခွန်းထုတ်ခဲ့၏။ ထို့နောက် သူကပင် ဤသို့ဖြေဆိုလေသည်– ‘အကျွန်ုပ်ပြောင်းလဲချိန်မရောက်မီတိုင်အောင် [သင်္ချိုင်း၌] စောင့်နေပါမည်။ [ဘုရားသခင်] အကျွန်ုပ်ကို ခေါ်တော်မူပါ။ အကျွန်ုပ် ပြန်လျှောက်ပါမည်။’ (ယောဘ ၁၄:​၁၄၊ ၁၅) သေလွန်သူတို့သည် ရှင်ပြန်ထမြောက်လာပြီး မိမိတို့ချစ်မြတ်နိုးရသူများနှင့် ပြန်လည်ပေါင်းစည်းမည့်အချိန် ရောက်လာသောအခါ အမှန်ပင် ရွှင်လန်းစရာဖြစ်ပေလိမ့်မည်။

စိုးရိမ်စရာမလို

သမ္မာကျမ်းစာ ကမ်းလှမ်းထားသည့် မျှော်လင့်ချက်သည် သေခြင်းနှင့်ပတ်သက်သော စိုးရိမ်မှုမှန်သမျှကို သေချာပေါက်ဖယ်ရှားပေးမည်မဟုတ်သည်မှာ မှန်ပါသည်။ တစ်ခါတစ်ရံ သေဆုံးခြင်းမတိုင်မီ နာကျင်မှုနှင့် ပူပင်သောကခံစားရမည်မှာ သဘာဝပင်။ သင်သည် ချစ်မြတ်နိုးရသူတစ်ဦးအား ဆုံးရှုံးလိုက်ရမှာကို စိုးရိမ်နေပေမည်။ သင်ကိုယ်တိုင်၏ သေခြင်းကြောင့် သင်ချစ်မြတ်နိုးရသူများ ဝမ်းနည်းမည်ကို စိုးရိမ်နေခြင်းသည်လည်း သဘာဝပင်ဖြစ်၏။

သို့သော် သမ္မာကျမ်းစာသည် သေလွန်သူတို့၏ အခြေအနေမှန်ကို ဖော်ပြပေးခြင်းဖြင့် သေခြင်းနှင့်ပတ်သက်၍ ကျွန်ုပ်တို့၌ရှိနေသည့် မည်သည့်စိုးရိမ်စိတ်ကိုမဆို ပြေပျောက်စေသည်။ မီးတောက်လောင်နေသောငရဲတွင် နတ်ဆိုးများ၏ နှိပ်စက်ညှဉ်းပန်းမှုကို ခံနေရသည့် တမလွန်ဘဝကို ထိတ်လန့်စရာမလိုပါ။ ဝိညာဉ်စိုးလ်များ ထာဝစဉ် လှည့်လည်သွားလာနေသည့် ဝိညာဉ်လောကကိုလည်း ထိတ်လန့်စရာမလိုပါ။ လူသားတို့၏ တစ်ခုတည်းသောအနာဂတ်ဟုဆိုသည့် ထာဝစဉ်မတည်ရှိတော့သော အခြေအနေကိုလည်း ကြောက်စရာမလိုပေ။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ဘုရားသခင်တွင် အတိုင်းအဆမဲ့ မှတ်ဉာဏ်ရှိထားပြီး ကိုယ်တော်၏မှတ်ဉာဏ်၌ရှိနေသည့် လူသေအားလုံးကို ဤကမ္ဘာမြေကြီးပေါ် ပြန်လည်အသက်ရှင်နေထိုင်စေမည်ဟု ကတိပြုထား၍တည်း။ ယင်းကို သမ္မာကျမ်းစာက ဤစကားများဖြင့် အာမခံထား၏– ‘ဘုရားသခင်သည် ငါတို့အဖို့ ကယ်တင်တော်မူခြင်းအမှုများကို ပြုတတ်သော ဘုရားသခင်ဖြစ်တော်မူ၏။ [အကြွင်းမဲ့ပိုင်သအုပ်စိုးရှင် ယေဟောဝါ] သည် သေခြင်းမှထွက်မြောက်ရာလမ်းကို ပိုင်တော်မူ၏။’​—ဆာလံ ၆၈:​၂၀၊ သမ္မာ။

[စာမျက်နှာ ၅ ပါ အကျဉ်းဖော်ပြချက်]

“သင်သည် မြေမှုန့်ဖြစ်၍ မြေမှုန့်သို့ ပြန်ရမည်။”—ကမ္ဘာဦး ၃:​၁၉

[စာမျက်နှာ ၆ ပါ အကျဉ်းဖော်ပြချက်]

‘[ဘုရားသခင်သည်] လူ့စိတ်နှလုံးကို အဆုံးမဲ့ ကာလ၌ စွဲလမ်းစေတော်မူပြီ။’​— ဒေ. ၃:​၁၁။

[စာမျက်နှာ ၈ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

သေခြင်းနှင့် ပတ်သက်သော သင်၏မေးခွန်းများ ဖြေကြားခံရ

သေခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းတို့နှင့်ပတ်သက်၍ ဤဆောင်းပါးများတွင် မဖော်ပြထားသည့်မေးခွန်းများ ရှိနေသည်မှာ မှန်ပါသည်။ လူများစွာသည် ယေဟောဝါသက်သေများနှင့် ကျမ်းစာသေသေချာချာလေ့လာခြင်းဖြင့် ယင်းသို့သောမေးခွန်းများအတွက် စိတ်ကျေနပ်ဖွယ်ကောင်းသည့်အဖြေများ ရရှိခဲ့ကြပြီ။ အသင်လည်း ထိုအတိုင်းလုပ်ဆောင်ရန် ကျွန်ုပ်တို့အားပေးပါသည်။ အောက်တွင်ဖော်ပြထားသော မေးခွန်းတချို့အတွက် အဖြေများကို သင်ရရှိပါလိမ့်မည်။

◼ “ငရဲ” နှင့် “မီးအိုင်” ဟူသော ကျမ်းစာအသုံးအနှုန်းများက ဘာကို ဆိုလိုသနည်း။

◼ မီးတောက်လောင်နေသောငရဲ မရှိ ပါက လူဆိုးများကို မည်သို့ ဒဏ်ပေး သနည်း။

◼ သမ္မာကျမ်းစာအရ လူသေသောအခါ ဝိညာဉ်စပီးရစ်ထွက်သွားသည်။ ထိုဝိညာဉ်စပီးရစ်ကား အဘယ်နည်း။

◼ လူသေနှင့်အဆက်အသွယ်ပြုသည် ဟူသော မှတ်တမ်းများ အဘယ်ကြောင့် ဤမျှများပြားရသနည်း။

◼ သမ္မာကျမ်းစာတွင်ပါရှိသည့် ဝိညာဉ် “စိုးလ်” ဟူသောစကားလုံး၏ အဓိပ္ပာယ်ကား အဘယ်နည်း။

◼ မြေကြီးပရဒိသုပေါ် ရှင်ပြန်ထမြောက်ခြင်းသည် မည်သည့်အချိန်တွင် အမှန် တကယ် ဖြစ်လာမည်နည်း။

◼ သေဆုံးသွားသူအားလုံးသည် အသက်ရှင်စဉ်က မည်သို့ပင် ကျင့်ကြံနေထိုင်ခဲ့ပါစေ ရှင်ပြန်ထမြောက်လာကြမည်လော။

အဆိုပါမေးခွန်းတစ်ခုစီအတွက် ရှင်းလင်းသော ကျမ်းစာအခြေပြုအဖြေတစ်ခု သင်မည်သို့ရရှိနိုင်ပုံကို သိရှိရန် ကျေးဇူးပြု၍ ဤမဂ္ဂဇင်း၏နောက်ကျောဖုံးကိုကြည့်ပါ။

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ယေရှုက “[လာဇရု] ကို နှိုးခြင်းအလို့ငှာသွားမည်” ဟုမိန့်ဆိုခဲ့

[စာမျက်နှာ ၈၊ ၉ ပါ ရုပ်ပုံ]

သေဆုံးသွားသော ချစ်မြတ်နိုးရသူများ ရှင်ပြန်ထမြောက်လာသည့်အခါ ခံစားရမည့် ပျော်ရွှင်မှုကို မြင်ယောင်ကြည့်လိုက်ပါ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ