“လူ့ရှိသမျှတာဝန်”
“လူ့ရှိသမျှတာဝန်ဖြစ်သည်နှင့်အညီ ပညတ်တော်များကိုစောင့်ရှောက်၍ ဘုရားသခင်ကိုခန့်ညားကြောက်ရွံ့လော့။”—ဒေသနာ ၁၂:၁၃၊ ကဘ။
၁၊ ၂။ ဘုရားသခင့်အပေါ် ကျွန်ုပ်တို့၏တာဝန်ကို သုံးသပ်ရန် အဘယ်ကြောင့်သင့်တော်သနည်း။
“အဘယ်အရာကို ယေဟောဝါတောင်းဆိုတော်မူသနည်း။” ရှေးပရောဖက်တစ်ပါးသည် ၎င်းမေးခွန်းကိုထုတ်ခဲ့သည်။ ထို့နောက် ယေဟောဝါတောင်းဆိုသည့် တရားသဖြင့်ပြုခြင်း၊ ကရုဏာကိုနှစ်သက်ခြင်း၊ ဘုရားသခင်နှင့်အတူ သွားလာရာ၌ ကျိုးနွံလျက်နေခြင်းတို့ကို အတိအလင်းဖော်ပြခဲ့၏။—မိက္ခာ ၆:၈၊ ကဘ။
၂ သီးခြားရပ်တည်မှုနှင့်လွတ်လပ်မှုလိုလားသော ဤခေတ်သမယတွင် မိမိတို့ထံမှ ဘုရားသခင်တောင်းဆိုထားသည့် အရာတစ်ခုရှိသည်ဟူသောအချက်က လူများစွာတို့အတွက် ကသိကအောက်ဖြစ်စေ၏။ သူတို့သည် ကျေးဇူးခံကျေးဇူးစား မဖြစ်လိုကြပါ။ သို့သော် ဒေသနာကျမ်းတွင် ရှောလမုန် သဘောပိုင်းဖြတ်ထားသည့် အဆုံးစကားကကော၊ အသို့နည်း။ “အဆုံးစကားဟူမူကား၊ အရာခပ်သိမ်းကိုကြိုသိခဲ့ပြီဖြစ်၍ လူ့ရှိသမျှတာဝန်ဖြစ်သည်။”—ဒေသနာ ၁၂:၁၃၊ ကဘ။
၃။ ဒေသနာကျမ်းကို အဘယ်ကြောင့် အလေးအနက်စဉ်းစားသင့်သနည်း။
၃ ကျွန်ုပ်တို့၏အခြေအနေနှင့် ဘဝအပေါ်ကြည့်မြင်ပုံသည် မည်သို့ပင်ရှိစေကာမူ ထိုအဆုံးစကား၏နောက်ခံကို သုံးသပ်ကြည့်ကြလျှင် အကျိုးများစွာ ရရှိနိုင်ပါသည်။ ဤမှုတ်သွင်းခံကျမ်းစောင်ကို ရေးသားသူ ရှောလမုန်မင်းကြီးသည် ကျွန်ုပ်တို့၏နေ့စဉ်ဘဝအသက်တာတွင် တွေ့ကြုံရသောအမှုအချို့ကို သုံးသပ်ခဲ့သည်။ သူ၏လေ့လာချက်သည် များသောအားဖြင့် အပျက်သဘောပါသည်ဟု အချို့က အလျင်စလိုကောက်ချက်ချပေမည်။ သို့သော် ၎င်းသည် ဘုရားသခင့်မှုတ်သွင်းခြင်းအားဖြင့်ဖြစ်၍ ကျွန်ုပ်တို့၏လုပ်ငန်းဆောင်တာများနှင့် ဦးစားထားသင့်ရာများကို အကဲဖြတ်ရန် အကူအညီပေးနိုင်၍ ရလဒ်အနေနှင့် ရွှင်လန်းခြင်းတိုးများလာပေမည်။
သင်နှင့် သင့်ကလေးများအတွက် ငွေ
၄။ ရှောလမုန်သည် ဒေသနာကျမ်းတွင် အဘယ်အရာကိုစိစစ်ဆွေးနွေးထားသနည်း။
၄ ရှောလမုန်သည် ‘လူသားတို့၏လုပ်ငန်း’ ကိုနှိုက်နှိုက်ချွတ်ချွတ်လေ့လာခဲ့သည်။“မိုးကောင်းကင်အောက်၌ပြုသမျှကို ဉာဏ်ပညာအားဖြင့်၊ ရှာဖွေစစ်ဆေးခြင်းငှာ စိတ်ထား၏။” “လုပ်ငန်း” ဟုဆိုရာတွင် ရှောလမုန်သည် အလုပ်အကိုင်တစ်ခုကို ဆိုလိုနေခြင်းမဟုတ်ဘဲ ယောက်ျားမိန်းမများ၏ အသက်တာတစ်လျှောက် လုပ်ကိုင်လေသမျှအမှုတို့ကို ဆိုလိုနေခြင်းဖြစ်သည်။ (ဒေသနာ ၁:၁၃၊ သမ္မာ) အဓိကကိစ္စများ၊ သို့မဟုတ် လုပ်ငန်းများအနက် အချို့ကို ဆင်ခြင်သုံးသပ်၍ ကိုယ်တိုင်၏လုပ်ငန်းဆောင်တာများ၊ ဦးစားထားသင့်ရာများနှင့် နှိုင်းယှဉ်ကြည့်ကြစို့။
၅။ လူသားတို့၏ အဓိကလုပ်ငန်းများအနက် တစ်ခုကားအဘယ်နည်း။
၅ ငွေသည် လူ့ကိစ္စများနှင့် လုပ်ငန်းဆောင်တာများတွင် အဓိကနေရာယူထားသည်မှာ အမှန်။ လူကုံထံအချို့ ငွေအပေါ် အမှုမဲ့အမှတ်မဲ့သဘောထားတတ်ကြသကဲ့သို့ ရှောလမုန် သဘောထားသည်ဟု မည်သူမျှ တော်မှန်စွာမပြောဆိုနိုင်ပါ။ ငွေအတော်အသင့်ရှိဖို့လိုကြောင်း၊ ငွေအင်အား အလုံအလောက်ရှိခြင်းသည် ခြိုးခြံနေရခြင်း သို့မဟုတ် ဆင်းရဲခြင်းထက် သာ၍ကောင်းကြောင်း သူအသာတကြည် အသိအမှတ်ပြုခဲ့သည်။ (ဒေသနာ ၇:၁၁၊ ၁၂) သို့သော် ပစ္စည်းများကို ငွေဖြင့်ဝယ်ယူနိုင်သဖြင့် ယင်းသည် သူဆင်းရဲကော သူဌေးသူကြွယ်အတွက်ပါ အဓိကဘဝပန်းတိုင် ဖြစ်သွားနိုင်ကြောင်း သင်သတိပြုမိပေမည်။
၆။ ယေရှု၏ပုံဥပမာများအနက် တစ်ခုမှလည်းကောင်း၊ ရှောလမုန်၏ကိုယ်တွေ့အဖြစ်မှလည်းကောင်း ငွေအကြောင်း ဘာသိရှိရသနည်း။
၆ မရောင့်ရဲနိုင်ဘဲ ဥစ္စာပိုရှိရန် ကြိုးစားခဲ့သောသူဌေးအကြောင်း ယေရှု၏ ပုံဥပမာကို ပြန်စဉ်းစားကြည့်ပါ။ ဘုရားသခင်က သူ့ကို အဆင်အခြင်မရှိသူဟု သတ်မှတ်သည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ကျွန်ုပ်တို့၏ ‘အသက်သည် စည်းစိမ်၌မတည်’ သောကြောင့်ဖြစ်သည်။ (လုကာ ၁၂:၁၅-၂၁) ကျွန်ုပ်တို့ထက် အတွေ့အကြုံများသူ ရှောလမုန်က ယေရှု၏စကားကိုထောက်ခံခဲ့သည်။ ဒေသနာ ၂:၄-၉ ပါသရုပ်ဖော်ပြချက်ကို ဖတ်ကြည့်ပါ။ ရှောလမုန်သည် စည်းစိမ်ဥစ္စာတိုးပွားရန် အတန်ကြာကြိုးစားခဲ့သည်။ သူသည် ခမ်းနားထည်ဝါလှပသော အိမ်များနှင့် ဥယျာဉ်ခြံတို့ကို ဆောက်လုပ်ခဲ့သည်။ ချောမောလှပသောဇနီးကြင်ယာ၊ မောင်းမမိဿံတို့ကို သူသိမ်းယူထားနိုင်ခဲ့သည်။ စည်းစိမ်ဥစ္စာနှင့် ၎င်းဖြင့်သူပြုလုပ်နိုင်ခဲ့သမျှသည် သူ၏ဘဝတွင် ကျေနပ်ရောင့်ရဲမှု၊ စစ်မှန်သောအောင်မြင်မှု၊ အသက်ရှင်ရကျိုးနပ်သောသဘောကို ရရှိစေခဲ့သလော။ သူက ပွင့်လင်းစွာ ဤသို့ဖြေဆိုသည်– “ထိုအခါ ငါစီရင်ပြုပြင်သမျှ၊ ငါကြိုးစားအားထုတ်သမျှတို့ကို ငါကြည့်ရှု၍၊ အလုံးစုံတို့သည် အနတ္တအမှု၊ လေကိုကျက်စားသောအမှုဖြစ်ကြ၏။ နေအောက်မှာ ကောင်းသောအကျိုးတစ်စုံတစ်ခုမျှမရှိ။”—ဒေသနာ ၂:၁၁; ၄:၈။
၇။ (က) ငွေ၏တန်ဖိုးနှင့်ပတ်သက်၍ အတွေ့အကြုံက ဘာကိုသက်သေထူသနည်း။ (ခ) ရှောလမုန်၏ကောက်ချက်ကို ထောက်ခံသည့် အဘယ်အမှုကို သင်ကိုယ်တိုင်တွေ့ရှိခဲ့ပြီနည်း။
၇ ယင်းသည် အရှိအတိုင်းဖြစ်သည်၊ များစွာသောသူတို့၏အသက်တာတွင် ထင်ရှားသည့်အမှန်တရားဖြစ်ပေသည်။ ငွေများစွာရှိခြင်းက ပြဿနာအားလုံးကို မဖြေရှင်းပေးနိုင်ကြောင်း ကျွန်ုပ်တို့ဝန်ခံကြရမည်။ ယင်းသည် စားဝတ်နေရေးပြေလည်စေနိုင်သည်။ သို့သော် လူတစ်ဦးသည် တစ်ကြိမ်လျှင် ဝတ်စုံတစ်စုံကိုသာ ဝတ်ဆင်နိုင်ပြီး အစားအသောက်အနည်းငယ်ကိုသာ စားသုံးနိုင်ပါသည်။ ထို့ပြင် ကွာရှင်းမှု၊ အရက်နှင့် မူးယစ်ဆေးဝါးအလွဲသုံးစွဲမှု၊ ဆွေမျိုးများနှင့် ရန်မီးပွားမှုတို့ကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေကြရသည့် သူဌေးသူကြွယ်များအကြောင်း သင်ဖတ်ဖူးပေမည်။ သန်းကြွယ်သူဌေး ဂျေ၊ ပီ၊ ဂဲတီက ဤသို့ဆိုသည်– “ငွေကြေးသည် ပျော်ရွှင်မှုနှင့် အမြဲဆက်စပ်ခြင်းမရှိချေ။ ဝမ်းနည်းခြင်းနှင့်သာ ဆက်စပ်စရာအကြောင်း ရှိနိုင်သည်။” ရှောလမုန်က ငွေမက်ခြင်းကို အနတ္တအမှုနှင့် တန်းတူထားခြင်းမှာ ခိုင်လုံသည့်အကြောင်းရှိပါသည်။ ၎င်းအချက်နှင့် ရှောလမုန်၏ဤဝေဖန်ချက်ကို နှိုင်းယှဉ်ကြည့်ပါ– “အလုပ်လုပ်သောသူသည် များစွာစားသည်ဖြစ်စေ၊ အနည်းငယ်စားသည်ဖြစ်စေ၊ အအိပ်မြိန်တတ်၏။ ရတတ်သောသူ၏စည်းစိမ်မူကား၊ စည်းစိမ်ရှင်ကို အအိပ်ပျက်စေတတ်၏။”—ဒေသနာ ၅:၁၀-၁၂။
၈။ ငွေ၏အရေးကြီးမှုကို အဘယ်ကြောင့်လွန်ကဲစွာ တန်ဖိုးမဖြတ်သင့်သနည်း။
၈ ငွေနှင့်ပစ္စည်းဥစ္စာသည် အနာဂတ်အတွက် ရောင့်ရဲတင်းတိမ်သည့်ခံစားမှုကိုလည်း မဖြစ်စေပါ။ ငွေနှင့် ပစ္စည်းဥစ္စာမြောက်မြားစွာရှိသည့်အတွက် ၎င်းတို့ကိုထိန်းသိမ်းရခြင်းကြောင့် ပူပင်မှုသာ၍များပြီး နက်ဖြန်နေ့တွင် ဘာဖြစ်မည်ကိုလည်း ကြိုတင်သိထားနိုင်မည်မဟုတ်ပါ။ ၎င်းတို့အားလုံးနှင့်အတူ သင့်အသက်ပါ ဆုံးရှုံးသွားလိမ့်မည်လော။ (ဒေသနာ ၅:၁၃-၁၇; ၉:၁၁၊ ၁၂) ယင်းသို့ဖြစ်သောကြောင့် ကျွန်ုပ်တို့၏အသက်တာ၊ သို့မဟုတ် လုပ်ငန်းသည် ငွေနှင့်ပစ္စည်းဥစ္စာထက် ပိုတန်ဖိုးရှိရုံမက ပိုအဓိပ္ပာယ်ရှိသင့်သည်။
မိသားစု၊ ကျော်ကြားမှုနှင့် လုပ်ပိုင်ခွင့်
၉။ ရှောလမုန်၏ စိစစ်ချက်တွင် မိသားစုဘဝအကြောင်း အဘယ်ကြောင့်ထိုက်သင့်စွာ ပေါ်လာသနည်း။
၉ ဘဝကို ရှောလမုန်လေ့လာသုံးသပ်ရာတွင် မိသားစုရေး၌ နစ်မြုပ်နေခြင်းကိစ္စပါဝင်သည်။ ကျမ်းစာက သားသမီးမွေးမြူပြုစုခြင်းမှရသော ပျော်ရွှင်မှုအပါအဝင် မိသားစုဘဝကို အထူးပေါ်လွင်စေခဲ့သည်။ (ကမ္ဘာဦး ၂:၂၂-၂၄; ဆာလံ ၁၂၇:၃-၅; သု. ၅:၁၅၊ ၁၈-၂၀; ၆:၂၀; မာကု ၁၀:၆-၉; ဧဖက် ၅:၂၂-၃၃)သို့သော် ယင်းသည် ဘဝ၏ အဓိကကဏ္ဍဖြစ်သလော။ အချို့သောယဉ်ကျေးမှုများက အိမ်ထောင်ရေး၊ သားသမီးများနှင့် မိသားစုနှောင်ကြိုးတို့အပေါ်ထားတတ်ကြသည့် အရေးပေးမှုကို ထောက်ရှုလျှင် လူအများသည် ထိုသို့ယူမှတ်ကြပုံရှိသည်။ သို့တိုင် သားသမီးတစ်ရာရှိခြင်းပင် ဘဝကျေနပ်မှု၏သော့ချက် မဖြစ်နိုင်ကြောင်း ဒေသနာ ၆:၃ ကဆိုသည်။ သားသမီးတို့၏ဘဝအစကောင်းဖို့၊ သူတို့၏ဘဝခရီးစဉ် လွယ်ကူစေဖို့ ကိုယ်ကျိုးစွန့်ခဲ့သော မိဘပေါင်း မည်မျှရှိခဲ့မည်ကို စဉ်းစားကြည့်ပါ။ ယင်းသည် အမှန်မွန်မြတ်သည်မှန်သော်လည်း ဖန်ဆင်းတော်မူရှင်က ကျွန်ုပ်တို့အသက်ရှင်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ တိရစ္ဆာန်များကဲ့သို့ အလိုလိုမျိုးဆက်ရန်အတွက်သာ ရည်ရွယ်ထားတော်မူသည်မဟုတ်ပါ။
၁၀။ မိသားစုကို ဂရုစိုက်သင့်သည်ထက်ပို၍ဂရုစိုက်ခြင်းသည် အဘယ်ကြောင့်အနတ္တဖြစ်နိုင်သနည်း။
၁၀ ရှောလမုန်သည် မိသားစုဘဝ၏ အဖြစ်မှန်အချို့ကို သိမြင်နားလည်မှုရှိရှိ ဖော်ပြခဲ့ပါသည်။ ဥပမာ၊ လူတစ်ဦးသည် သူ၏သားမြေးတို့အတွက် အာရုံစူးစိုက်ကာ ပြင်ဆင်စုဆောင်းမှုများပြုခဲ့ပေမည်။ သို့သော် ယင်းသည် ဉာဏ်ပညာရှိရာကျပါမည်လော။ သို့မဟုတ် သူတို့အတွက် ကြိုးစားပမ်းစားစုဆောင်းထားလေသမျှတို့ကို မိုက်မိုက်မဲမဲ သုံးဖြုန်းပစ်မည်လော။ နောက်ဖော်ပြချက်အတိုင်းဖြစ်ခဲ့မည်ဆိုလျှင် “အနတ္တအမှု၊ အလွန်ဆိုးသောအမှု” ဖြစ်လိမ့်မည်တကား!—ဒေသနာ ၂:၁၈-၂၁; ၃ ဓမ္မရာဇဝင် ၁၂:၈; ၂ ရာဇဝင်ချုပ် ၁၂:၁-၄၊ ၉။
၁၁၊ ၁၂။ (က) အချို့က သူတို့၏ဘဝတွင် အဘယ်အရာများကို အာရုံစူးစိုက် လိုက်စားခဲ့ပြီနည်း။ (ခ) ကျော်ကြားလိုခြင်းသည် “လေကိုကျက်စားသောအမှု” ဖြစ်သည်ဟု အဘယ်ကြောင့်ဆိုနိုင်သနည်း။
၁၁ အခြားတစ်ဖက်စွန်းတွင် လူများစွာတို့က သာမန်မိသားစုဘဝသည် နာမည်ကျော်ကြားရေး၊ သူတစ်ပါးအပေါ် ဩဇာလွှမ်းမိုးရေးတို့လောက် အရေးမပါဟုယူမှတ်ခဲ့ကြပြီ။ ယင်းစိတ်ထားကို ယောက်ျားများတွင် တွေ့ရလေ့ရှိသည်။ ယင်းသို့သောလူမျိုးကို သင့်ကျောင်းနေဖက်၊ လုပ်ဖော်ကိုင်ဖက်၊ သို့မဟုတ် အိမ်နီးနားချင်းတို့၌ တွေ့ရှိခဲ့ဖူးသလော။ လူအများသည် သတိပြုခံရဖို့၊ အထင်ကရပုဂ္ဂိုလ်တစ်ဦးဖြစ်ဖို့၊ သူတစ်ပါးအပေါ်သြဇာလွှမ်းမိုးဖို့ အင်တိုက်အားတိုက်ကြိုးစားကြပါသည်။ သို့သော် ယင်းသို့ပြုခြင်းသည် မည်မျှအကျိုးရှိသနည်း။
၁၂ အချို့သူများသည် အနည်းအကျဉ်း သို့မဟုတ် အတော်အတန် နာမည်ကျော်ကြားရန် မည်မျှရုန်းကန်ခဲ့ကြသည်ကို စဉ်းစားကြည့်ပါ။ ယင်းကို ကျောင်းတွင်၊ ရပ်ကွက်တွင်၊ လူမှုရေးအုပ်စုအသီးသီးတွင် တွေ့နေရသည်။ ယင်းစိတ်ဓာတ်သည် အနုပညာ၊ ဖျော်ဖြေမှုနှင့် နိုင်ငံရေးလောကများတွင် ကျော်ကြားလိုသူတို့အတွက် တွန်းအားဖြစ်သည်။ သို့ရာတွင် ၎င်းသည် များသောအားဖြင့် အချည်းနှီးအားထုတ်မှုမျှသာမဟုတ်ပေလော။ ယင်းသည် “လေကိုကျက်စားသောအမှု” ဖြစ်သည်ဟု ရှောလမုန်က မှန်ကန်စွာဆိုပါသည်။ (ဒေသနာ ၄:၄) လူငယ်လူရွယ်တစ်ဦးသည် အသင်းအဖွဲ့တစ်ခု၊ အားကစားအသင်းတစ်ခု၊ သို့မဟုတ် တေးဂီတအဖွဲ့တစ်ခုတွင် ထင်ရှားလာမည်၊ သို့မဟုတ် ယောက်ျား၊ မိန်းမတစ်ယောက်သည် ကုမ္ပဏီတစ်ခု၊ ရပ်ကွက်တစ်ခုတွင် ကျော်ကြားလာမည်ဆိုဦးတော့ ယင်းကိစ္စကိုသိရှိသူ မည်မျှရှိသနည်း။ ကမ္ဘာလုံးခြမ်း၏ တစ်ဖက်ရှိသူအများစု (သို့မဟုတ် တစ်နိုင်ငံတည်းတွင်ပင်ရှိသူများ) ကထိုသူ၏သတင်းကို ကြားသိပါသလော။ သို့မဟုတ် ထိုသူ သို့မဟုတ် သူမသည် မည်မျှပင်ကျော်ကြားစေကာမူ သူတို့သည် အမှုမဲ့အမှတ်မဲ့သာ ဘဝခရီးစဉ်ကိုဆက်နေပါသလော။ အလုပ်ခွင်တစ်ခု၊ မြို့တစ်မြို့ သို့မဟုတ် အုပ်စုတစ်စုတွင် တစ်ဦးတစ်ယောက်သည် မည်မျှပင်လုပ်ပိုင်ခွင့် သို့မဟုတ် ဩဇာရှိစေကာမူ ထိုနည်းတူဖြစ်နေပါသည်။
၁၃။ (က) အထင်ကရဖြစ်ရန်၊ ဩဇာအာဏာရှိရန် ကြိုးစားခြင်းအပေါ် အမြင်မှန်ရှိဖို့ ဒေသနာ ၉:၄၊ ၅ ကမည်သို့ကူညီပေးသနည်း။ (ခ) ဘဝသည် ဤမျှသာဖြစ်မည်ဆိုလျှင် အဘယ်ဖြစ်ရပ်မှန်များကို အသိအမှတ်ပြုရမည်နည်း။ (အောက်ခြေမှတ်ချက်ရှု။)
၁၃ ထိုသို့အထင်ကရဖြစ်ခြင်း၊ ဩဇာအာဏာရှိခြင်းတို့သည် ရေရှည်တွင် အဘယ်အကျိုးပေးသနည်း။ လူတစ်ဆက်လွန်သွား၍ တစ်ဆက်ပေါ်လာသည်နှင့်အမျှ အထင်ကရပုဂ္ဂိုလ်များ သို့မဟုတ် ဩဇာအာဏာရှိသူများသည် ကွယ်ပျောက်သွားပြီး မေ့လျော့ခံရတတ်ကြသည်။ နိုင်ငံရေးသမားများ၊ စစ်ခေါင်းဆောင်များ၊ ဆောက်လုပ်ရေးပညာရှင်များ၊ ဂီတပညာရှင်များနှင့် အခြားသောအနုပညာသည်များ၊ လူမှုရေးပြုပြင်ပြောင်းလဲသူများ၊ အစရှိသူတို့လည်း ထပ်တူပင်ဖြစ်ကြသည်။ ထိုလုပ်ငန်းဆောင်တာများနှင့်စပ်လျဉ်း၍ ၁၇၀၀ နှင့် ၁၈၀၀ ပြည့်နှစ်များအတွင်းအသက်ရှင်ခဲ့သူ မည်မျှကို သင်သိရှိသနည်း။ ရှောလမုန်သည် မှန်ကန်စွာ ဤသို့အကဲဖြတ်ခဲ့၏– “အသက်ရှင်သောလူစုအပေါင်းနှင့်ဆိုင်သေးသောသူသည် မျှော်လင့်စရာရှိ၏။ အသက်ရှင်သောခွေးသည် သေသောခြင်္သေ့ထက်သာ၍ကောင်းမြတ်၏။ အသက်ရှင်သောသူသည် မိမိသေရမည်ကိုသိ၏။ သေသောသူမူကား၊ အဘယ်အရာကိုမျှမသိ။ . . . သူ့ကိုလည်းမေ့လျော့တတ်ကြ၏။” (ဒေသနာ ၉:၄၊ ၅) ထို့ပြင် ဘဝသည် ဤမျှသာဖြစ်မည်ဆိုလျှင် ထင်ရှားကျော်ကြားဖို့၊ အခွင့်အာဏာရှိဖို့ ကြိုးစားခြင်းသည် အမှန်ပင်အနတ္တသာဖြစ်သည်။a
ကျွန်ုပ်တို့၏အာရုံစူးစိုက်မှုနှင့် တာဝန်
၁၄။ ဒေသနာကျမ်းသည် ကျွန်ုပ်တို့တစ်ဦးစီကို အဘယ်ကြောင့်အကူအညီပေးသင့်သနည်း။
၁၄ ရှောလမုန်သည် လူသားတို့ အာရုံစူးစိုက်တတ်သော လုပ်ငန်းများ၊ ပန်းတိုင်များနှင့် အပျော်အပါးများကို မဖော်ပြခဲ့ပါ။ သို့တိုင် သူရေးခဲ့သမျှသည် လုံလောက်ပေသည်။ ဤကျမ်းစောင်ကို ကျွန်ုပ်တို့သုံးသပ်ခြင်းကြောင့် သုန်မှုန်စရာ သို့မဟုတ် အပျက်သဘော သက်ရောက်စရာမလိုပါ။ အကြောင်းမှာ ကျွန်ုပ်တို့အကျိုးအတွက် ယေဟောဝါဘုရားသခင် တမင်မှုတ်သွင်းရေးသားစေသော ကျမ်းစာစောင်ကို အရှိအတိုင်းရှုမြင်၍ ကျွန်ုပ်တို့ပြန်စိစစ်ခဲ့ကြပြီဖြစ်သည်။ ကျွန်ုပ်တို့၏ဘဝကိုရှုမြင်ပုံနှင့် အာရုံစူးစိုက်ရာကို တည့်မတ်စေရန် တစ်ဦးစီအတွက် အကူအညီဖြစ်စေနိုင်သည်။ (ဒေသနာ ၇:၂; ၂ တိမောသေ ၃:၁၆၊ ၁၇) အထူးသဖြင့် ယေဟောဝါအကူအညီဖြင့် ရှောလမုန်ကောက်ချက်ချသည့် စကားများက ယင်းသို့ဖြစ်ကြောင်း ထင်ရှားပါသည်။
၁၅၊ ၁၆။ (က) ဘဝကိုပျော်မွေ့ခြင်းနှင့်ပတ်သက်၍ ရှောလမုန်၏အမြင်ကား အဘယ်နည်း။ (ခ) ရှောလမုန်သည် ဘဝကိုပျော်မွေ့ခြင်းငှာ အဘယ်သင့်တော်သောစည်းကမ်းချက်ကို ဖော်ပြသနည်း။
၁၅ ရှောလမုန် ထပ်ခါတလဲ ဖော်ပြသည့်အချက်တစ်ခုမှာ စစ်မှန်သောဘုရားသခင်၏ကျေးကျွန်များသည် ကိုယ်တော့်ရှေ့မှောက်တွင်ပြုသောအမှုတို့မှ ပျော်ရွှင်မှုရရှိသင့်သည်ဟူ၍ဖြစ်သည်။ “ရွှင်လန်းခြင်းအမှုနှင့်အသက်ရှင်စဉ်တွင် ကျေးဇူးပြုခြင်းအမှုမှတစ်ပါး အခြားသောအမှုအရာတို့၌၊ အကျိုးကျေးဇူးမရှိသည်ကိုငါသိ၏။ လူတိုင်း စားသောက်ခြင်းငှာလည်းကောင်း၊ မိမိကြိုးစားအားထုတ်သမျှသောအမှု၌ပျော်မွေ့ခြင်းငှာလည်းကောင်း ဘုရားသခင်၏ကျေးဇူးတော်ကြောင့်သာ အခွင့်ရှိ၏။” (ဒေသနာ ၂:၂၄; ၃:၁၂၊ ၁၃; ၅:၁၈; ၈:၁၅) ရှောလမုန်သည် ပွဲခံခြင်းကို အားပေးနေခြင်းမဟုတ်၊ “စားကြကုန်အံ့၊ သောက်ကြကုန်အံ့၊ နက်ဖြန်သေရကြမည်” ဟူသောစိတ်ထားကို ထောက်ခံနေခြင်းလည်းမဟုတ်ကြောင်းကို သတိပြုပါ။ (၁ ကောရိန္သု ၁၅:၁၄၊ ၃၂-၃၄) ကျွန်ုပ်တို့ ‘အသက်ရှင်စဉ် ကောင်းမှုပြုခြင်း’ အပြင်စားသောက်ခြင်းအစရှိသည့် သာမန်ပျော်ရွှင်မှုများ၌ ပျော်မွေ့နေသင့်သည်ဟု သူဆိုနေခြင်းဖြစ်သည်။ ယင်းကား အမှန်တကယ်ကောင်းမွန်ရာကို ဆုံးဖြတ်တော်မူသော ဖန်ဆင်းရှင်၏အလိုတော်အတိုင်းအသက်ရှင်ဖို့ ကျွန်ုပ်တို့ကို အာရုံစူးစိုက်စေကြောင်း မငြင်းဆိုနိုင်ပါ။—ဆာလံ ၂၅:၈; ဒေသနာ ၉:၁; မာကု ၁၀:၁၇၊ ၁၈; ရောမ ၁၂:၂။
၁၆ ရှောလမုန်က ဤသို့ရေးသားခဲ့သည်– “သွားလော့။ ဝမ်းမြောက်သောစိတ်နှင့် အစာစားလော့။ ဝမ်းမြောက်သောစိတ်နှင့် စပျစ်ရည်ကိုသောက်လော့။ သင်ပြုသောအမှုတို့ကို ဘုရားသခင်ဝန်ခံတော်မူ၏။” (ဒေသနာ ၉:၇-၉) မှန်ပါသည်၊ တကယ်ပြည့်ဝသောဘဝရှိသည့် ယောက်ျား သို့မဟုတ် မိန်းမတစ်ဦးသည် ယေဟောဝါနှစ်သက်တော်မူသောလုပ်ငန်းများ၌ အလုပ်များနေပါသည်။ ယင်းကား ကိုယ်တော်ကို ကျွန်ုပ်တို့အမြဲထည့်စဉ်းစားနေရန် လိုအပ်ကြောင်းဖော်ပြသည်။ ဤရှုမြင်ပုံသည် လူ့ဆင်ခြင်တုံတရားအတိုင်း အသက်ရှင်ကြသည့် လူအများစု၏အမြင်နှင့် ကွာခြားလှလေခြင်း!
၁၇၊ ၁၈။ (က) ဘဝဖြစ်ရပ်မှန်များကို လူအများ မည်သို့တုံ့ပြန်ကြသနည်း။ (ခ) အဘယ်အကျိုးရလဒ်ကို အမြဲမှတ်ထားသင့်သနည်း။
၁၇ ဘာသာတရားအချို့က တမလွန်ဘဝအကြောင်း သွန်သင်ပေးကြသော်လည်း မိမိတို့စိတ်ချနိုင်သည့်ဘဝမှာ ဤဘဝသာဖြစ်သည်ဟု လူအများ ခံယူထားကြပါသည်။ ရှောလမုန်ဖော်ပြသကဲ့သို့ သူတို့တုံ့ပြန်ကြသည်ကို သင်တွေ့ဖူးပေမည်– “အဓမ္မအမှုကိုအလျင်အမြန်စစ်ကြော၍၊ ဒဏ်မပေးသောကြောင့်၊ လူသားတို့သည် အဓမ္မအမှုကိုပြုခြင်းငှာ၊ ခိုင်မာစွာသဘောထားကြ၏။” (ဒေသနာ ၈:၁၁) ဆိုးညစ်မှုများတွင် စုံးစုံးမြုပ်မနေသူများပင်လျှင် လက်ရှိအဖြစ်အနေကို အဓိကထားကြောင်း တင်ပြကြသည်။ ယင်းကြောင့် ငွေ၊ စည်းစိမ်ဥစ္စာ၊ ဂုဏ်ဒြပ်၊ သူတစ်ပါးအပေါ် ဩဇာလွှမ်းမိုးနိုင်ခြင်း၊ မိသားစု သို့မဟုတ် ထိုကဲ့သို့သောအမှုကိစ္စများသည် သူတို့အတွက် အလွန်အလေးထားစရာဖြစ်သွားသည်။ သို့ရာတွင် ထိုသို့နှင့် ရှောလမုန်အပြီးမသတ်ခဲ့ပါ။ သူကဤသို့ထပ်ဆင့်ခဲ့သည်– “အဓမ္မလူသည် အကြိမ်တစ်ရာတိုင်အောင် အဓမ္မအမှုကိုပြု၍၊ အသက်တာရှည်သော်လည်း၊ ဘုရားသခင်ကိုကြောက်ရွံ့သောသူတို့သည် ရှေ့တော်၌ကြောက်ရွံ့သောကြောင့်၊ ကောင်းသောအကျိုးကိုခံရကြမည်ဟု ငါအမှန်သိ၏။ အဓမ္မလူမူကား၊ ဘုရားသခင့်ရှေ့တော်၌မကြောက်ရွံ့သောကြောင့်၊ ကောင်းသောအကျိုးကိုမခံရကြ။ အရိပ်နှင့်တူသောမိမိအသက်သည်လည်း မရှည်ရ။” (ဒေသနာ ၈:၁၂၊ ၁၃) ကျွန်ုပ်တို့သည် ‘စစ်မှန်သောဘုရားသခင်ကို ကြောက်ရွံ့’ ကြမည်ဆိုလျှင် အကျိုးကိုခံရလိမ့်မည်ဟု ရှောလမုန်အခိုင်အမာယုံကြည်ကြောင်း ထင်ရှားပါသည်။ မည်သို့အကျိုးခံစားရမည်နည်း။ သူ၏အပြိုင်ဖော်ပြချက်တွင် အဖြေရရှိနိုင်ပါသည်။ ယေဟောဝါသည် ‘ကျွန်ုပ်တို့၏အသက်တာကိုရှည်’ စေနိုင်တော်မူ၏။
၁၈ အသက်ငယ်ရွယ်သေးသူများသည် ဘုရားသခင်ကိုကြောက်ရွံ့သောကြောင့်၊ ကောင်းသောအကျိုးကိုခံရကြမည်ဟူသည့် လုံးဝယုံကြည်စိတ်ချနိုင်သောအချက်ကိုအထူးသဖြင့် ဆင်ခြင်သုံးသပ်သင့်သည်။ အသင်ကိုယ်တိုင် တွေ့မြင်ခဲ့မည့်အတိုင်းပင် အလျင်မြန်ဆုံးပြေးနိုင်သူသည် ခလုတ်တိုက်ပြီး ရှုံးသွားနိုင်သည်။ အင်အားကြီးမားသောစစ်တပ်သည် စစ်ရှုံးနိုင်သည်။ စီးပွားရေးကျွမ်းကျင်သူလည်း မွဲပြာကျသွားနိုင်သည်။ အခြားအခြားသော မရေရာမသေချာမှုများကြောင့် ဘဝကို ကြိုတင်မခန့်မှန်းထားနိုင်ပါ။ သို့သော် ပညာအရှိဆုံး၊ အသေချာဆုံးလမ်းစဉ်မှာ ဘုရားသခင်၏ စာရိတ္တဆိုင်ရာပညတ်ချက်များနှင့် အလိုတော်အတိုင်း ကောင်းမှုကိုပြုမူကြစဉ် ဘဝကိုပျော်မွေ့ရန်ဖြစ်ကြောင်း လုံးဝယုံကြည်စိတ်ချနိုင်ပါသည်။ (ဒေသနာ ၉:၁၁) ဤတွင် ကျမ်းစာလေ့လာရာမှ ဘုရားသခင့်အလိုတော်ကိုသိကျွမ်းခြင်း၊ ကိုယ်တော်ထံ မိမိအသက်ကိုအပ်နှံခြင်းနှင့် နှစ်ခြင်းခံပြီးသောခရစ်ယာန်တစ်ဦးဖြစ်လာခြင်းတို့ ပါဝင်ပါသည်။—မဿဲ ၂၈:၁၉၊ ၂၀။
၁၉။ လူငယ်လူရွယ်များသည် သူတို့၏ဘဝကို မည်သို့အသုံးပြုနိုင်သနည်း။ သို့သော် ပညာရှိလမ်းစဉ်ကား အဘယ်နည်း။
၁၉ ဖန်ဆင်းရှင်သည် လူငယ်လူရွယ်များနှင့် အခြားသူတို့ကို မိမိ၏လမ်းပြမှုခံယူရန် အဓမ္မတိုက်တွန်းမည်မဟုတ်ပါ။ သူတို့သည် မကုန်မခန်းနိုင်သည့် လူ့ပညာရပ်စာပေများကို တစ်သက်တာပတ်လုံး လေ့လာသည်အထိ မိမိတို့ကိုယ်ကိုပညာရေး၌ စုံးစုံးမြုပ်ထားနိုင်သည်။ ၎င်းသည် တဖြည်းဖြည်း ငြီးငွေ့စရာဖြစ်လာနိုင်ပါသည်။ သို့မဟုတ် မစုံလင်သောလူ့နှလုံး အလိုရှိရာလမ်း၊ သို့မဟုတ် မျက်စိကျရာနောက် ကောက်ကောက်ပါအောင် လိုက်သွားနိုင်ပါသည်။ ၎င်းသည် အမှန်ပင် စိတ်ဒုက္ခရောက်စေပြီး ဤသို့အသက်ရှင်မည်ဆိုလျှင် အတန်ကြာလေသော် အနတ္တသာဖြစ်လာရလိမ့်မည်။ (ဒေသနာ ၁၁:၉–၁၂:၁၂; ၁ ယောဟန် ၂:၁၅-၁၇) ထို့ကြောင့် ရှောလမုန်သည် လူငယ်လူရွယ်များအတွက်သာမက အဘယ်အသက်အရွယ်ရှိသူမဆို ကျွန်ုပ်တို့အားလုံး အလေးအနက်စဉ်းစားသင့်သည့် ဤပန်ကြားချက်ကို ပြုထားသည်– “ငါနေ၍မပြောနိုင်ဟုဆိုရသောချိန်ကာလသည် မနီး၊ ဆိုးသောကာလမရောက်မီ၊ ယခုအသက်ပျိုစဉ်အခါပင်၊ သင့်ကိုဖန်ဆင်းတော်မူသောအရှင်ကို အောက်မေ့လော့။”—ဒေသနာ ၁၂:၁။
၂၀။ ဒေသနာကျမ်းပါ အမှာစကားအပေါ် အဘယ်မျှတသောအမြင် ထားရှိသင့်သနည်း။
၂၀ သို့ဖြစ်လျှင် မည်သို့ကောက်ချက်ချရမည်နည်း။ ရှောလမုန်၏အပြီးသတ်ကောက်ချက်ကို မည်သို့ဆိုမည်နည်း။ သူသည် “နေအောက်မှာပြုလေသမျှသော အမှုအရာတို့ကို . . . မြင် (သို့မဟုတ် စိစစ်) ပြီ။ အလုံးစုံတို့သည် အနတ္တအမှု၊ လေကိုကျက်စားသောအမှုဖြစ်ကြ၏။” (ဒေသနာ ၁:၁၄) ဒေသနာကျမ်းတွင် အပြစ်ချည်းရှာသူ သို့မဟုတ် မကျေမချမ်းဖြစ်နေသူတစ်ဦး၏စကားများကို ကျွန်ုပ်တို့မဖတ်ရပါ။ ယင်းတို့သည် ဘုရားသခင့်မှုတ်သွင်းခံနှုတ်ကပါဌ်တော်တွင် ပါဝင်နေ၍ ကျွန်ုပ်တို့ဆင်ခြင်သုံးသပ်သင့်သောစကားများဖြစ်ပါသည်။
၂၁၊ ၂၂။ (က) ရှောလမုန်သည် ဘဝ၏အဘယ်ရှုထောင့်များကို ထည့်စဉ်းစားသနည်း။ (ခ) သူသည် ပညာရှိသော အဘယ်ဆုံးဖြတ်ချက်ကိုချခဲ့သနည်း။ (ဂ) ဒေသနာကျမ်းပါ အကြောင်းအရာများကို စစ်ဆေးကြည့်ခြင်းက သင့်အားအဘယ်အကျိုးပြုခဲ့သနည်း။
၂၁ ရှောလမုန်သည် လူသားတို့၏ တပင်တပန်းကြိုးစားမှုများ၊ ရုန်းကန်မှုများနှင့် မြင့်မားသည့်ရည်မှန်းချက်များကို ဆင်ခြင်သုံးသပ်ခဲ့သည်။ သာမန်အတိုင်း ဖြစ်လေ့ဖြစ်ထရှိသည့်ကိစ္စများ၊ လူများစွာ ကြုံတွေ့ရသည့် စိတ်ပျက်ဖွယ်ကောင်း၍ အချည်းနှီးသက်သက်ဖြစ်သောရလဒ်ကို တွေးတောစဉ်းစားခဲ့ပါသည်။ လူ့မစုံလင်မှုနှင့် ၎င်းကြောင့်သေရခြင်းအကြောင်းကို သူထည့်စဉ်းစားခဲ့ပါသည်။ ထို့ပြင် ဘုရားသခင်ပေးသည့် အသိပညာအရ လူသေတို့၏အခြေအနေနှင့် အနာဂတ်တွင် အသက်ရှင်ခွင့်တစ်စုံတစ်ရာကို ထည့်သွင်းစဉ်းစားခဲ့သေးသည်။ ယင်းတို့အားလုံးကို ဘုရားသခင်ပေးထားသော အသိဉာဏ်ပညာများပြားသူ၊ အသက်ရှင်ခဲ့သမျှ ပညာအရှိဆုံးသူများတွင် အပါအဝင်ဖြစ်သူက အကဲဖြတ်ဝေဖန်ခဲ့သည်။ ထို့နောက် ဘဝ၏အဓိပ္ပာယ်မှန်ကို သိလိုသူအပေါင်း၏အကျိုးအတွက် သူသဘောပိုင်းဖြတ်ခဲ့သည့် အဆုံးစကားကို သမ္မာကျမ်းစာတွင် ထည့်သွင်းရေးသားခဲ့ပါသည်။ ယင်းနှင့်ကျွန်ုပ်တို့ သဘောမတူသင့်ပေလော။
၂၂ “အဆုံးစကားဟူမူကား၊ အရာခပ်သိမ်းကိုကြိုသိခဲ့ပြီဖြစ်၍ လူ့ရှိသမျှတာဝန်ဖြစ်သည်နှင့်အညီ ပညတ်တော်များကိုစောင့်ရှောက်၍ ဘုရားသခင်ကိုခန့်ညားကြောက်ရွံ့လော့။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်ကိုယ်တော်တိုင်သည် ကွယ်ဝှက်သမျှအမှုနှင့်စပ်ဆိုင်သောအရာရာကို ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ထုတ်ဖော်စီရင်တော်မူမည်ဖြစ်သောကြောင့်တည်း။”—ဒေသနာ ၁၂:၁၃၊ ၁၄၊ ကဘ။
[အောက်ခြေမှတ်ချက်များ]
a တစ်ခါက ကင်းမျှော်စင်သည် ထိုးထွင်းသိမြင်မှုဖြင့် ဤသို့မှတ်ချက်ချခဲ့သည်– “မျက်မှောက်ဘဝကို အနတ္တအရာများကြောင့် အချည်းနှီးမဖြစ်စေသင့်ပါ။ . . . ဘဝသည် ဤမျှသာဆိုလျှင် အဘယ်အရာမျှ အရေးမကြီးချေ။ ယခုဘဝသည် လေထဲပစ်လွှင့်ခံရ၍ မြေမှုန့်သို့တစ်ဖန်ပြန်ကျသော ဘောလုံးနှင့်တူပါသည်။ ယင်းသည် တဒင်္ဂအရိပ်၊ ညှိုးနွမ်းတတ်သောပန်းပွင့်၊ ရိတ်ခြင်းခံရ၍ မကြာမီညှိုးနွမ်းတော့မည့်မြက်ပင်တစ်ပင်သာဖြစ်သည်။ . . . ကျွန်ုပ်တို့၏သက်တမ်းသည် အစဉ်ထာဝရချိန်ခွင်ထဲမှ မဖြစ်စလောက်သောဖုန်မှုန့်တစ်ခုသာဖြစ်သည်။ ကာလရေစီးကြောင်းတွင် ရေစက်ရေပေါက်ကြီးတစ်စက်ပင်မဟုတ်ချေ။ လူတို့၏စိုးရိမ်ပူပန်မှုများနှင့် လုပ်ငန်းဆောင်တာများကို [ရှောလမုန်] ပြန်သုံးသပ်လိုက်၍ ၎င်းတို့ကို အနတ္တမျှသာဖြစ်သည်ဟု ကြေညာခြင်းသည် တကယ်မှန်ကန်လှလေခြင်း။ ကျွန်ုပ်တို့သည် သံသရာခရီးသည် သန်းကုဋေပေါင်းများစွာတို့အနက်တစ်ဦး၊ လူအဖြစ် ရှိခဲ့ဖူးမှန်း လူသိနည်းသော၊ အသေအပျောက်မြန်ဆန်လွန်း၍ မမွေးဖွားခဲ့လျှင်ပင် ကောင်းသူတစ်ဦးမျှသာဖြစ်သည်။ ဤအမြင်သည် အပြစ်ချည်းမြင်ခြင်း၊ စိတ်ပျက်ဖွယ်ကောင်း၍ စိတ်ညှိုးငယ်သုန်မှုန်ခြင်း မဟုတ်ပါ။ ဘဝသည် ဤမျှသာဖြစ်လျှင် ယင်းသည် အမှန်တရား၊ အဖြစ်မှန်၊ လက်တွေ့ကျအမြင် ဖြစ်သတည်း။”—ဩဂုတ် ၁၊ ၁၉၅၇၊ စာမျက်နှာ ၄၇၂။
သင်မှတ်မိသလော
◻ သင့်ဘဝတွင် ငွေ၏ကဏ္ဍနှင့်စပ်လျဉ်း၍ ပညာရှိစွာတန်ဖိုးဖြတ်ခြင်းကား အဘယ်နည်း။
◻ မိသားစုအပေါ်၊ ကျော်ကြားခြင်းအပေါ်၊ သူတစ်ပါးကို ဩဇာလွှမ်းမိုးခြင်းအပေါ် အဘယ်ကြောင့် မတော်မလျော် အလေးအနက်သဘောထားခြင်းမပြုသင့်သနည်း။
◻ ပျော်ရွှင်မှုခံစားခြင်းအပေါ် အဘယ်ဘုရားရေးရာစိတ်ထားရှိရန် ရှောလမုန်အားပေးခဲ့သနည်း။
◻ ဒေသနာကျမ်းကို ဆင်ခြင်သုံးသပ်ခြင်းမှ အဘယ်အကျိုးခံစားရသနည်း။
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
ငွေနှင့်ပစ္စည်းဥစ္စာတို့ကကျေနပ်မှုကိုအာမမခံပါ
[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]
လူငယ်လူရွယ်များသည် ဘုရားသခင်ကိုကြောက်ရွံ့မည်ဆိုလျှင်ကောင်းသောအကျိုးကိုခံရကြမည်ဟုစိတ်ချနိုင်၏